Saturday, July 6, 2024

ချစ်ခြင်း ထက် အဆိပ် ပြင်းသော


 

❝ ချစ်ခြင်း ထက် အဆိပ် ပြင်းသော ❞

အဖေ နှင့် အစ်ကိုကြီး က လွဲ လျှင် လေးလေး သည် ဟောသည့် ကမ္ဘာ မှာ ကျွန်မ အချစ်ဆုံး ၊ အားအကိုးဆုံး ယောက်ျားတစ်ယောက် ဖြစ်ပါသည် ။ အဖေနှင့် အစ်ကိုကြီး သည် ဤ ဘဝ အတွက် ကျွန်မတို့ သားအမိ ကို နှုတ်ဆက် ကာ သံသရာ ခရီးရှည်ကြီး ကို ထွက်သွားကြ ပြီ မို့ လေးလေး သည် ဟောသည် ကမ္ဘာ မှာ တစ်ဦးတည်း သော သက်ရှိထင်ရှား ကျွန်မ လေးစား သံယောဇဉ် ထား ရသည့် ယောက်ျား တစ်ယောက် သာ ဖြစ်ပါတော့၏ ။

လေးလေး က အဖေ့ အချစ်ဆုံး သူငယ်ချင်း ပါ ။ အဖေ့ ထက် နှစ်နှစ် ခန့် ငယ် သော် လည်း စာ တော် ၍ သွက်လက်သော လေးလေး သည် ကျန်းမာရေး ညံ့၍ ကျောင်း နေ နောက်ကျသော အဖေ နှင့် တစ်တန်းတည်း သား ဖြစ်ခဲ့ သည် ။ ကျောင်း နေသက် တစ်လျှောက် မှာ လေးလေး က အဖေ ၏ သူငယ်ချင်းကောင်း အဖြစ် အမြဲ ရပ်တည်ခဲ့သည် တဲ့ ။ အဖေ က တော့ လေးလေး ကို သူ့ ညီအစ်ကို မောင်နှမ အရင်းအချာတွေ ထက် ပင် ချစ်ခင်ကြောင်း ကျွန်မ ကောင်းကောင်း သိပါသည် ။

အဖေ နှင့် လေးလေး တို့ သည် အလုပ် ဝင် ၊ အိမ်ထောင်ကျ သည် အထိ တပူး တွဲတွဲ ။ လေးလေး က သား သမီး မထွန်းကား တော့ ကျွန်မ နှင့် အစ်ကိုကြီး ကို သူ့ သားသမီး တွေ လို ပင် သဘော ထားသည် ။ ကျွန်မ တို့ မောင်နှမ က လည်း လေးလေး ကို အဖေ တို့ ၊ အမေ တို့ ထက် ပို၍ ဆိုးကြ နွဲ့ကြသည် ။ ကျွန်မ နှင့် အမြဲတမ်း နေရသူ မဟုတ် တော့ လေးလေး က တွေ့ ရသည့် အခိုက် မှာ အဖေ ၊ အမေ တို့ ထက် ပို စိတ်ရှည်သည် ကိုး ။

လေးလေး နှင့် ပတ်သက်ပြီး လေးလေး ၏ ဇနီး ဖြစ်သူ ဒေါ်လေး ဖြူဖြူ နှင့် ပါ ကျွန်မ တို့ ရင်းနှီးကြသည် ။ ဒေါ်လေးသည် နှုတ် နည်းပြီး ရိုးသား အေးဆေးသူ တစ်ယောက် ဖြစ်၍ လေးလေး ကံကောင်းသည် ဟု အဖေ က မကြာခဏ ထုတ်ဖော် ချီးမွမ်း တတ်သည် ။

ကျွန်မ ၁၀ တန်း တက်သည့် နှစ် မှာ အစ်ကိုကြီး ဆုံးသည် ။ အဖေ ခိုင်း လိုက်သည့် ကိစ္စ တစ်ခု နှင့် မြို့ ထဲ အသွား ကားချင်း တိုက်မှု ဖြစ်သည့် အထဲ အစ်ကိုကြီး ပါ သွားခြင်း ဖြစ်သည် ။ သည်တော့ အဖေ့ မှာ ဖြေသိမ့် ၍ မရနိုင်အောင် ကြေကွဲ ရ ရှာသည် ။ နှလုံးသား ဒဏ်ရာ နှင့် အိပ်ရာ ထဲ ပုံလဲ နေသော အဖေ့ လက် ကို ဆုပ်ကိုင် ကာ သောက တွေ ဝေမျှ ခံစား နေ ရသော ကျွန်မ တို့ သားအမိ အတွက် လေးလေး သည် အားပေးဖော် ဖြစ်ခဲ့ပါ၏ ။

ကျွန်မ ၁ဝ တန်း စာမေးပွဲ ဖြေပြီး ချိန် မှာ တော့ အဖေ သည် ပရိဒေဝမီး ကို မငြိမ်းနိုင် ဘဲ ထို မီးပုံ မှာ ပင် ကိုယ်တိုင် လောင်ကျွမ်း ခံ ရကာ မီးပုံ ဘေး တွင် ကျွန်မ တို့ သားအမိ ကို ချန်ရစ်ခဲ့ ပါတော့သည် ။ အိုး .. ပူလိုက်တဲ့ သောကမီး ၊ ပရိဒေဝမီး ၊ ဥပါယာသမီး ။

“ စိတ် ဖြေပါ အစ်မ ရယ် ၊ ဒါဟာ အစ်မ တစ်ယောက် တည်း တွေ့ရတဲ့ အပူ မဟုတ်ပါဘူး ။ လူတိုင်း လူတိုင်း တစ်မျိုး မဟုတ် တစ်မျိုး တွေ့ နေရတဲ့ အပူမီး တွေ ပါ ၊ အစ်မ ပြော လိမ့်မယ် ၊ ဖြူဖြူ က ကိုယ်တိုင် မကြုံရတော့ တရားချ နိုင်တာပေါ့ လို့ ဖြူဖြူ မှာ လည်း အပူမီး တွေ အမြဲ လောင် နေတာပါ အစ်မ ရယ် ။ လူ သိ တာရယ် ၊ မသိ တာရယ် ပဲ ကွာတာပါ ။ ဖြူဖြူ တို့ နေကြတာ ကို က ဒုက္ခဘုံ ထဲ မှာပဲ ။ ဒုက္ခဘုံ ထဲ က နေလို့ ဒုက္ခ နဲ့ ကြုံရတာ ဖြေလို့ ရပါတယ် နော် အစ်မ ”

ဒေါ်လေး ဖြူဖြူ သည် တရားသမား ပီသစွာ အမေ ၏ မျက်ရည် တွေ ကို ကူပြီး သိမ်းပေး သလို ၊ လေးလေး က လည်း အမေ့ ကို အားမာန် တွေ သွင်းပေး ပါသည် ။

“ အစ်ကို က လောကဓံ ကို အရှုံး ပေး သွားပေမယ့် အစ်မ က ကြံ့ကြံ့ခံ ရမယ် ၊ သမီး နှင်း အတွက် အစ်မ တာဝန် တွေ ရှိသေးတယ် နော် ။ ပြီးတော့ အစ်မ မှာ ကျွန်တော် တို့ လို မိတ်ဆွေကောင်း တွေ ရှိပါသေးတယ် ။ လှေခွက်ချည့် ကျန် တာမျိုး မဟုတ်ပါဘူး ။ ကျွန်တော် အသက် ရှင် နေသရွေ့ အစ်ကို့ မိသားစု ကို ကျွန်တော့် မိသားစု လို စောင့်ရှောက် သွားမယ် ဆိုတာ အစ်မ ကို ထပ် ပြောဖို့ မလိုပါဘူးနော် ”

လေးလေး က သည်တောင် ကို မဖြိုနိုင်ခဲ့ သော အဖေ့ ကို အပြစ် ဆိုချင်ဟန် ရှိသည် ။ အဖေ က လေးလေး လောက် မခိုင်မာ တာအမှန် ဆိုတော့ လေးလေး အပြစ် ဆို ရမည် ဆိုလည်း ဆို စရာပါ ။ သို့သော် ကျွန်မ က တော့ အဖေ့ ကို အပြစ် မမြင်ဘဲ အမြဲ လေးစား ပါသည် ။ သား သမီးအပေါ် ချစ်သည့် ဇောစိတ် တွေ က အဖေ ဆောက်တည် ရမည့် တရား တွေ ကို ဝါးမြို လိုက်တာပါပဲ ။ အဖေ ရောက်ရာ ဘဝ မှာ သမုဒယကျော့ကွင်း တွေ ကို ရှောင်ကွင်း နိုင်ပါစေ သတည်း ။ အကယ်၍ မရှောင်ကွင်း နိုင်ခဲ့သည် ရှိသော် လေးလေး လို ကြံ့ခိုင်သည့် စိတ်ဓာတ်မျိုး မွေးမြူ နိုင်ပါစေ သတည်း ။

အဲဒီ နှစ် က ပဲ ကျွန်မ မှာ ၁ဝ တန်း အောင်ပါသည် ။ ဒေါ်လေး ဖြူဖြူ က အမေ နှင့် တိုင်ပင်ပြီး ကျွန်မ ကို ကွန်ပျူတာသင်တန်း တို့ ၊ ငွေစာရင်းသင်တန်း တို့ တက် ခိုင်းသည် ။ ပြီးတော့ လေးလေး ၏ ရှယ်ယာ အများဆုံး ပါပြီး လေးလေး ကိုယ်တိုင် ဦးစီး နေသည့် အကျိုးဆောင် ကုမ္ပဏီ မှာ အလုပ် ဝင် ခိုင်းသည် ။

လေးလေး က တော့ ခါးခါးသီးသီး ။

“ နှင်း က ငယ်ပါသေးတယ် ။ ကျောင်း ဆက် တက် ပါစေဦး ၊ သူ့ ကျောင်းစရိတ် ကို ကျွန်တော် တာဝန် ယူဖို့ ဆုံးဖြတ် ပြီးသားပါ ။ အစ်ကို က ကျွန်တော့် ကို ပုံအပ် ခဲ့တာ အစ်မ လည်း ကြားပြီးသားပဲ ”

အမေ က တော့ ဒေါ်လေး ဖြူဖြူနှင့် တိုင်ပင် ဆုံးဖြတ် ပြီးသားမို့ အေးအေးဆေးဆေး ပင် ။

“ သူ့ ကို အစ်မ ကိုယ်တိုင် လည်း ကျောင်း ဆက် ထား နိုင်ပါတယ် ကိုထွန်းထွန်း ရယ် ၊ ငါ့ မောင် တာဝန် ယူမယ် ဆို လည်း ငြင်းစရာ မဟုတ်ပါဘူး ။ ဒါပေမဲ့ ကိုထွန်းထွန်း ရုံး မှာ သူ့ ကို အလုပ်သင် သဘော ဖြစ်ဖြစ် ခန့်ပေးပါ ။ သူ ကိုယ်တိုင် က လည်း အဝေးသင် တက်ပြီး ဘွဲ့ တစ်ခု ယူပါမယ် တဲ့ ။ တခြား နေရာ မှာ ဆို အစ်မ စိတ် မချလို့ပါ ”

လေးလေး က ကျွန်မ ကို မေးတော့ ကျွန်မ ကိုယ်တိုင် က လည်း လေးလေး ဆီ မှာ တကယ်ပဲ အလုပ် လုပ် ချင်နေ တာ သိသွားပါသည် ။ လေးလေး မျက်နှာ မကောင်း တာ ကတော့ ကျွန်မ ကို အသက်ငယ်ငယ် နဲ့ အလုပ် ခိုင်းရမည့် အတွက် ကြောင့် ဟု ထင် ခဲ့ပါသည် ။

လေးလေး တို့ ရုံးခန်း မှာ လူ သိပ် မများပါ ။ လေးလေး နှင့် အတူ ထိုင်သည့် ဒါရိုက်တာ ဦးကြီးမောင် ။ ရုံးအုပ် ဒေါ်ကေသီ တို့ က အုပ်ချုပ်သူ တွေ ဖြစ်ပြီး ကျန်သည့် ဝန်ထမ်း ၁ဝ ဦး က ဆိုင်ရာ တာဝန် တွေ ကို ခွဲပြီး လုပ်ရသည် ။ ကျွန်မ ကို ဒေါ်ကေသီ ၏ အကူ အဖြစ် နေရာ ချ ပေးထား၏ ။

ဒေါ်ကေသီ က ဖြုန်းခနဲ ကြည့် လျှင် မထူးခြား သော် လည်း အနီးကပ် ကြည့်လေ ချောလေ ပဲ ဟု ကျွန်မ က အမေ့ ကို ပြန် ပြောဖြစ်သည် ။

“ သူ့ လက်ချောင်းကလေး တွေ က ဖောင်းဖောင်း အိအိလေး တွေ အမေ ရဲ့ ၊ အသား မဖြူပေမယ့် သနပ်ခါး လိမ်း ထားရင် ညက်မှုန် နေတာပဲ ”

“ သူ က အပျိုကြီး လား ”

“ ဟုတ်တယ် ၊ အသက် က တော့ မငယ်တော့ပါဘူး ။ သမီး ကို လည်း ခင်ပုံ ရပါတယ် ။ သမီး နဲ့ အတူ ထမင်း စား တာ ဆိုတော့ ဟင်း တွေ ပိုပို ထည့် လာတယ် ။ ဟင်းချက် က လည်း ကောင်းတယ် အမေ ရဲ့ ။ သန့်ရှင်း လိုက်တာ လည်း မပြောနဲ့ တော့ ။ ပြီးတော့ သမီး ကို လည်း သန့် ရှင်းရေး ရော ၊ အလုပ် တွေ ရော သိပ် သင် ပေး တာပဲ ”

“ သမီး ကံကောင်းတာပေါ့ ကွယ် ၊ တစ်ရက် လောက် အိမ် ကို အလည် ခေါ်ပါလား ၊ ထမင်း လေး ဘာ လေး ကျွေး ရအောင် ”

အမေ့ စိတ်ကူး ကြောင့် ကျွန်မ ပျော် သွားပါသည် ။ မမကေသီ လက်ရာ ကို မီအောင် မချက်နိုင် ပေမယ့် ကျွန်မ ကျေနပ်အောင် အမေ စီစဉ် ပေး မှာ သေချာပါ၏ ။ ပြီးတော့ အပျိုကြီး ပီသလှသော မမကေသီ ကို အမေ လည်း ချစ် မှာ မလွဲပါ ။

မမကေသီ ဆီ မှ အိမ် ကို လာ လည်ပါမည် ဟူသော စကား ကို အမေ့ အား ကျွန်မ မပြောနိုင် မီ အခြား စကား တစ်ခု ကို စိတ် မကောင်းစွာ ပြောရပါတော့သည် ။

“ မမကေသီ အလုပ် ထွက် သွားပြီ အမေ ”

“ ဟယ် ... ဘာဖြစ်လို့လဲ ”

“ ဘာမှ မဖြစ်ပါဘူး ၊ သူ့ ဆွေမျိုး တစ်ယောက် ရဲ့ ကုမ္ပဏီ မှာ သွားပြီး ကူရမှာ မို့လို့ တဲ့ ။ မမကေသီ က အုပ်ချုပ်ရေး မှာ သိပ် ကျွမ်းတာပဲ အမေ ရယ် ၊ တစ်ခန်း လုံး စိတ် မကောင်းကြဘူး ”

“ သမီး လေးလေး တို့ က မတားဘူးလား ”

“ တားမှာ ပေါ့ ၊ မမကေသီ က လူဟောင်း ပဲ ဟာ ။ ဒါပေမဲ့ ဟိုမှာ လခ ပို ကောင်း လို့ နေမှာပေါ့ အမေ ရာ ”

အမေ သည် မမကေသီ ကို မမြင်ဖူးဘဲ ကျွန်မ နဲ့ အတူ ရောပြီး လွမ်း နေဟန် ရှိပါသည် ။

မမကေသီ အလုပ် ထွက် သွားပြီးသည့် နောက်ပိုင်း မမကေသီ အလုပ် တွေ ကို ကျွန်မ လုပ် ရသည် ။ လေးလေး က နောက်ထပ် ရုံးအုပ် အသစ် မခန့်တော့ ဘဲ သူ ကိုယ်တိုင် ဝင်၍ စီမံ ခန့်ခွဲ၏ ။ မမကေသီ ၏ တပည့် ဖြစ်ခဲ့သော ကျွန်မ က လေးလေး ကို ကောင်းကောင်း ကူညီ နိုင်ပါသည် ။

ကျွန်မ အလုပ် ဝင်ခဲ့တာ သိပ် မှန်တာပဲ ဟု အမေ က ဝမ်းသာ ကျေနပ်စွာ ပြောသည် ။

ဟောသည့် ကမ္ဘာ မှာ ကျွန်မ အချစ်ဆုံး ၊ အားအကိုးဆုံး ၊ အလေးစားဆုံး ၊ သံယောဇဉ် အကြီးဆုံး သက်ရှိ ထင်ရှား ယောက်ျား တစ်ယောက် ဖြစ်သည့် လေးလေး ကို ဤသို့ အထောက်အကူ ပေး နေရသည် ကို ကျွန်မ အဖေ အား လုပ်ကျွေးခွင့် ရ သလို ပီတိ ဖြစ် နေခဲ့ရပါသည် ။

••••• ••••• •••••

အခု အဲဒီ လေးလေး သည် ခုတင် ညောင်စောင်း ပေါ် တွင် သေငယ်ဇော နှင့် မျော လို့ နေပါပြီ ။ ကျွန်မ သည် ကျွန်မ ကို လောင်မြိုင် တော့မည့် မီးပုံကြီး ကို မြင်ယောင် ပြီး ပုန်းရှောင် မရအောင် ဖြစ်နေခဲ့၏ ။

အထူးကုဆေးရုံကြီး ၏ သီးသန့်ခန်း တစ်ခု တွင် နောက်ဆုံးချိန် ကို စောင့် နေသည့် လေးလေးအနီး မှာ ထိုင် ရင်း ကျွန်မ မျက်ရည် တွေ နေ့တိုင်း တာကျိုး နေလေပြီ ။ သေမင်း ၏ ရက်ချိန်း ကို ဆရာဝန် နှုတ်ဖျား မှ တစ်ဆင့် ကျွန်မ တို့ ကြားနာ ပြီးပါပြီ ။ အယူခံ တင်ခွင့် မရှိသော အပြီးသတ် အမိန့် သည် မီးညွန့်မီးစွယ် တွေ အတွက် အား ကောင်းသော လောင်စာကြီး ပါပဲ ။ ကံကြမ္မာ သည် ကျွန်မ အားကိုး ရသည့် ယောက်ျားသားကြီး များ အပေါ် မျက်ထား ညိုလွန်း ပေစွ ။

ကင်ဆာပိုး တို့ ကြီးစိုး အောင်ပွဲခံ ပြီးသော လေးလေး ၏ အသည်း နေရာ ကို မှန်းပြီး ကြည့် နေ မိသော ကျွန်မ ၏ လက် တစ်ဖက် ကို လေးလေး က ညင်ညင်သာသာ လှမ်း ကိုင် လိုက်သည် ။

“ သမီး နှင်း ”

“ ရှင် လေးလေး ၊ သမီး ဘာလုပ် ပေးရမလဲ ”

“ သမီး ပင်ပန်းလှပြီ ”

“ မပင်ပန်းပါဘူး လေးလေး ရယ် ၊ လေးလေး နေ ကောင်း ရင် သမီး ဘာပဲ လုပ်ရ လုပ်ရ ဝန်မလေး ပါဘူး ”

လေးလေး က ခပ်ယဲ့ယဲ့ ပြုံးသည် ။ လောကဓံ ကို အန် တုသည့် အပြုံး ဟု ကျွန်မ တင်စားချင်ပါ၏ ။

“ ဖြူဖြူ ကော ”

“ ဒေါ်လေး မလာသေးဘူး ၊ ဒီနေ့ သမီး စောစော လာ ခဲ့မယ် ဆိုလို့ ဒေါ်လေး က ခေါင်းလျှော် ပြီး မှ လာမယ် ရယ် ”

“ အင်း ... သူ့ခမျာ လည်း ပင်ပန်းရှာတယ် ၊ ဒါပေမဲ့ မကြာတော့ပါဘူး သမီး ရယ် ”

လေးလေး ၏ ဒုတိယ စကားပိုဒ် ကို ကျွန်မ မကြား ချင် ယောင် ဆောင် လိုက်သည် ။ ပထမ စကားပိုဒ် ကို ပဲ အသိအမှတ် ပြု ပြရ၏ ။

“ ဒေါ်လေး က လည်း လေးလေး အတွက် ဆို ဘယ်တော့ မှ ပင်ပန်းတယ် မထင်ဘူး ။ ဖြစ်နိုင် ရင် အိမ် ကို တောင် ပြန် အိပ်ချင်တာ မဟုတ်ဘူး ”

“ သူ ပါ လဲ သွားမှာ စိုးလို့ပါကွယ် ၊ ဪ .. ဒါနဲ့ သမီးနှင်း ကို အရေးကြီး တဲ့ စကား တစ်ခွန်း ပြောစရာ ရှိတယ် ။ လေးလေး နဲ့ သမီး နှစ်ယောက် တည်း သိရမယ့် စကား နော် ”

ကျွန်မ အံ့သြစွာ လေးလေး ကို ကြည့် မိသည် ။ လေးလေး သတိ ကောင်း နေပါသည် ။

“ သမီးနှင်း ကို လေးလေး အနူးအညွတ် တောင်းပန် ပြီး အကူအညီ တောင်းရမယ့် ကိစ္စ ပဲ ”

လေးလေး မျက်လုံး တွေ က တကယ် အရေးကြီး သော ကိစ္စ တစ်ခု ဆောင်ရွက် နေသည့်ဟန် လေးနက် လာသည် ။ ကျွန်မ နှင့် လေးလေး ကြား မှာ အဲဒီလို ကိစ္စမျိုး ရှိနိုင် သတဲ့လား ။

“ ပြောပါ လေးလေး ရယ် ။ သမီး ကို ဒီလောက် စကားချီး တွေ ပျိုးနေဖို့ မလိုပါဘူး ”

“ လေးလေး ပြောတဲ့ ကိစ္စ ဟာ ဘယ်လိုမျိုး ပဲ ဖြစ်ဖြစ် လေးလေး အကူအညီ တောင်းတဲ့ အတိုင်း သမီး လုပ်ပါမယ် လို့ အရင် ကတိ ပေး ”

အလိုလေး .. ကိစ္စ က တော့ တကယ့် အလေးအနက် ထင် ပါရဲ့ ။ ဘယ်လို ကိစ္စ ဖြစ်ဖြစ် ကျွန်မက တော့ လက်ခံ ခေါင်းညိတ် ဖို့ ဝန် မလေးပါ ။ ချစ်ခင်အားကိုး ရသော  လူ တစ်ယောက် အတွက် နောက်ဆုံး ဆောင်ရွက် ပေးရမည့် ကိစ္စ ကို ကျွန်မ ဘာလို့ လိုလိုလားလား မရှိရ မှာလဲ ။

အခန်း ထဲ ဝင် လာသော အထူးသူနာပြု ဆရာမ ကို လေးလေး က အပြင် ခဏ ပြန် ထွက် ပေးဖို့ လက် နှင့် အမူအရာ ပြ လိုက်သည် ။ ကျွန်မ တို့ နှစ်ယောက်တည်း ကျန်ခဲ့ချိန် မှာ ပင် လေးလေး က တခြား လူ ကြားမည် စိုးရိမ် ဟန် ဖြင့် ကျွန်မ ဦးခေါင်း ကို ဆွဲငုံ့ စေ လိုက်၏ ။ ဘာတွေ ပြော မလို့လဲ လေးလေး ရယ် ။

ဟိုး အဝေးကြီး က လာ သော အသံ တွေ လို ပင် ကျွန်မ သည် ကြား တစ်ချက် မကြား တစ်ချက် နှင့် သတိ တစ်ဝက် လွင့်စင် မတတ်ပါဘဲ ။

“ သမီးနှင်း လေးလေး သေဆုံး သွားပြီ ဆိုရင် ရုံး က လေးလေး သော့တွဲ ထဲ က အဖြူရောင် သော့ အသေးကလေး နဲ့ လေးလေး အိမ် က စာအုပ်ဗီရို ကို ဖွင့်ပါ ။ စာအုပ်ဗီရို မှာ အံဆွဲကလေး လေးခု ပါတာ သမီး သိတယ် မဟုတ်လား ။ ဘယ်ဘက် အပေါ် က အံဆွဲ ကို အဲဒီ သော့ နဲ့ ဖွင့် ၊ လေးလေး ရဲ့ အရေးကြီး စာရွက်စာတမ်း တွေ ထား တာ ။ အဖြူရောင် စာအိတ် တစ်အိတ် တွေ့ လိမ့်မယ် ။ အဲဒီ စာအိတ် ကို ဒေါ်လေး ဖြူဖြူ မသိ အောင် သမီး ယူ ပြီး မကေသီ လက် ထဲ ထည့် လိုက်ပါ ။ အဲဒါ မကေသီ က လေးလေး ဆီ ရေးထားတဲ့ စာတွေ ပဲ ။ တခြား လူတွေ တွေ့ သွား ရင် သူ အရှက်တကွဲ ဖြစ် လိမ့်မယ် ။ ဘာမှ မမေး နဲ့ သမီး ၊ ကေသီ နဲ့ လေးလေး တို့ ချစ် ခဲ့ကြတယ် ။ ကေသီ ဟာ သိပ်ပြီး သနားစရာ ကောင်းတယ် သမီးရယ် ။ သူ့ လက် ထဲ ကို လေးလေး ကိုယ်တိုင် သူ့ စာ တွေ ပြန် မပေး နိုင်တာ တောင်းပန်ကြောင်း သမီး က ပဲ ပြောလိုက်ပါတော့ ။ လေးလေး ကို သမီး ရွံ သွားပြီလား ၊ လေးလေး ကို ကူညီမယ် မဟုတ်လား ဟင် ၊ သမီး ခေါင်း ညိတ်တယ် နော် ။ တော်ပါသေးရဲ့ကွယ် ၊ ကျေးဇူး တင်ပါတယ် သမီး ရာ ။ မငိုပါနဲ့ ၊ သမီး မငိုပါနဲ့ ”

••••• ••••• •••••

မည်သူမျှ မမြင်အောင် ခပ်မြန်မြန် ဖွင့် ချင်ပါသည် ဆိုမှ သော့ ကိုင် ထားသည့် လက် တွေက တုန် နေသေး သည် ။ အသက် ရှူ မိ လေသလား ၊ မရှူ မိ လေသလား မသိ ။ လည်ချောင်းဝ မှာ လေ တွေ စုပြီး မျက်လုံး တွေ ပူလာ တာ ကို သတိ ထား မိသည် ။ သော့တံကလေး တည့်တည့် ဝင်သွား ပြီး ချောက်ခနဲ လှည့် မိသည့် အသံ နှင့် ကျွန်မ ရင် ထဲ က ဒိန်းခနဲ ဖြစ် သွားသော လှုပ်ခတ်မှု က အချိန်ကိုက် ပင် ။

အံဆွဲကလေး ကို အသံ မမြည်အောင် ဆွဲ လိုက်ပြီး စာအိတ်အဖြူ ကို ကမန်းကတန်း မွှေနှောက် ရှာ မိသည် ။ မတွေ့ ၊ အရေး ထဲ ကိုယ့် မျက်လုံး ကိုယ်ဒေါသ ဖြစ်နေရ သဖြင့် ဒုတိယမ္ပိ  ထပ် မွှေ သည့် တိုင်အောင် စာအိတ် အဖြူ  ကို လုံးဝ မတွေ့ ။

“ ဘာ ရှာတာလဲ သမီး ”

“ အမယ်လေး ”

ကျွန်မ သည် အယောင်ယောင် အမှားမှား နှင့် အံဆွဲ ကို ပြန် ပိတ်ရင်း ဒေါ်လေး ဖြူဖြူ ကို ထိတ်လန့်တကြား ကြည့် မိသည် ။ ဒေါ်လေး က တော့ အေးအေးဆေးဆေး ပင် ။

“ သမီး ရှာ နေတာ ဒီ စာအိတ် အဖြူလား ”

“ ဒေါ်လေး …… ဒေါ်လေး သမီး ”

ခိုးထုပ်ခိုးထည် နှင့် အမိ ခံရ မှတော့ ကျွန်မ ဘာမှ လျှောက်လဲချက် ပေးဖို့ မရှိတော့ပါ ။ ဒေါ်လေး ဖြူဖြူ ကို ဖက်ပြီး အားပါးတရ ငို ပစ် လိုက်ခြင်း ဖြင့် အပြစ် ကို ဝန်ခံ ရ ပါတော့သည် ။

ဒေါ်လေး လည်း မျက်ရည် မဆည်နိုင်ပါ ။

“ တိတ်ပါကွယ် ၊ သမီး မှာ အပြစ် မရှိပါဘူး ။ သူ ခိုင်း တဲ့ အတိုင်း လုပ်ရတာပဲ ဟာ ၊ ဒေါ်လေး က လည်း ထင် လို့ မေး လိုက်တာပါ ”

“ သမီး မှာ အပြစ် ရှိပါတယ် ၊ ဒေါ်လေး မသိအောင် တိတ်တိတ်ကလေး ”

“ အိုး .. မဟုတ်ပါဘူး ၊ ဒီ ကိစ္စ ဒေါ်လေး သိတာ ကြာ ပါပြီ ။ ဟောဒီ စာအိတ် ကို တွေ့ တာ သမီး အလုပ် မဝင်ခင် ကတည်း က ပဲ”

“ လေးလေး ကော သိသလား ဟင် ”

ဒေါ်လေး က ပြုံးခြင်း မမည်သော အပြုံး တစ်ခု ကို ကြိုးစားပြုပါ၏ ။ တဆတ်ဆတ် တုန်နေသော နှုတ်ခမ်း တွေ က ဒေါ်လေး ၏ ဟန်ဆောင် ထားမှု တွေ ကို သစ္စာ မဲ့ စွာ ဖော်ထုတ် ပြ နေ ပြန်သည် ။

“ သူ မသိပါဘူး ၊ ဒေါ်လေး သိတယ် ဆိုတာ သူ မသိပါဘူး သမီး ရယ် ”

ကျွန်မ က ဒေါ်လေးဖြူဖြူ ကို အံ့ဩကြီးစွာ ကြည့် မိသည် ။ မိန်းမ ဆိုတာ ဒီလိုပဲလား ၊ ယောက်ျား ဖောက်ပြန် နေတာ ကို မသိချင်ယောင် ဆောင် နေရတာ မိန်းမ ဝတ္တရား လား ၊ ကျွန်မ ကြားဖူးသော မိန်းမ အချို့ နှင့် ဒေါ်လေး မတူတာ က တော့ သေချာပြီ ။

“ မကသီ ဟာ ဘာမှ ပြောစရာ မရှိတဲ့ မိန်းမ ပဲ ၊ သူ ရေးတဲ့ စာ တွေ ဖတ် ရတော့ သူ့ အရည်အချင်း ကို ပို သိရ တယ် ။ အဲဒီ မကေသီ လို မိန်းမမျိုး နဲ့ တွေ့ တာ တောင် သမီး လေးလေး က ဒေါ်လေး ကို စွန့်ပစ် မသွားဘူး ။ တကယ်လို့ ဒေါ်လေး ကို စွန့်ပြီး မကေသီ ကို သူ လက်ထပ် လိုက် ရင် လည်း ဒေါ်လေး ဘာ တတ် နိုင်မှာလဲ ကွယ် .. သူ့ ကို ကျေးဇူး တင်မိပါတယ် ”

“ သမီး အဲဒီ ကိစ္စ ကို တကယ် လုံးဝ မသိခဲ့ပါဘူး ”

ကျွန်မ ကို လေးလေး ဆီ မှာ အလုပ် ဝင် လုပ် ခိုင်းသော ဒေါ်လေး ၏ ပရိယာယ် ကို ကျွန်မ နားလည်စ ပြုလာ ပါပြီ ။ ဒေါ်လေး မှန်ပါသည် လေ ။

“ ဒီ စာတွေ ကို မကေသီ ကို ပြန် ပေးလိုက်ပါ သမီး ၊ ဒါမှ သူ့ ခမျာ စိတ်အေး လက်အေး နေ ရဲမှာ ။ သူ လည်း မရှိတော့ဘူး လေ ။ တစ်ယောက် နဲ့ တစ်ယောက် အမုန်း ပွား နေလို့ ဘာ အကျိုး ရှိမှာလဲ နော် သမီး ”

သည်လို နှင့် ကျွန်မ သည် ကွယ်လွန်သူ လေးလေး ၏ ဆန္ဒ နှင့် တူညီ နေသော ဒေါ်လေး ဖြူဖြူ ၏ စေခိုင်းချက် အတိုင်း စာအိတ် အဖြူကြီး ကို ပိုက် ကာ မမကေသီ အိမ် သို့ ရောက်ခဲ့ရ ပါတော့သည် ။

မမကေသီ သည် ကျွန်မ ကို နွေးထွေးစွာ ကြိုဆိုပါသည် ။ ပြီးတော့ လေးလေး ၏ နာရေးသတင်း ကို မေး သည် ။ အဲဒီမှာ ဟန်ဆောင် ထားသော မိန်းမ တစ်ယောက် ၏ တဆတ်ဆတ် တုန် နေသော နှုတ်ခမ်း တွေ ကို ကျွန်မ ထပ် မြင်ဖူးရ ပြန်ပါ၏ ။

ဟန်ဆောင် ပြီး ပြော နေ ရမည့် စကား တွေ ကို ကျွန်မ က ဦးစွာ ဖယ်ရှား ပစ်ရသည် ။

“ မမကေသီ ဒီမှာ လေးလေး က ပြန် ပေး ခိုင်းခဲ့တာ ”

မမကေသီ ၏ တဖျပ်ဖျပ် ပြောင်း သွားသော မျက်နှာ ကို ကျွန်မ တစ်သက် မေ့ နိုင်မည် မထင်ပါ ။ ပထမ အံ့သြ ရိပ် ၊ ဒုတိယ ရှက်ရွံ့ ရိပ် ၊ တတိယ ကြေကွဲ ရိပ် ၊ စတုတ္ထ ဆွေးမြည့် ရိပ် ၊ နောက်တော့ အားလုံးသော ခံစားချက် များ ကို ကိုယ်စား ပြသည့် မျက်ရည်များ ။

“ နှင်း လည်း သိပြီးသား ဆိုတော့ မထူးတော့ပါဘူး ကွယ် ၊ မမကေသီ လေ သူ့ ကို တကယ် စွဲလမ်း မိပါတယ် ။ ဒါပေမဲ့ လက်ထပ်ဖို့ အထိ တော့ မစွန့်စားချင်ဘူး ။ မမဖြူ ဟာ ဘယ်လောက် အိမ်ရှင်မ ကောင်း ပီသတယ် ဆိုတာ နှင်း သိတဲ့ အတိုင်းပဲ ။ ဒါကြောင့် မမကေသီ နောက် ဆုတ် လိုက်တာ ။ နှင်း အလုပ် ဝင် လာတော့ တစ်နေ့ မဟုတ် တစ်နေ့ သိတော့မှာ ပဲ ဆိုပြီး နှင်း ရဲ့ လေးလေး က မမဖြူ ကို ဖွင့် ပြောပြီး လက်ထပ်ကြ ဖို့ ပြောတယ် ။ မမကေသီ ငြင်း တော့ သူ့ ကို လက်ထပ် အောင် ဒီ စာ တွေ နဲ့ အကျပ် ကိုင်မယ် တဲ့ ။ မမကေသီ ဒါကြောင့် သူ နဲ့ ဝေးအောင် အလုပ် ထွက် လိုက်ရတာ ။ ဒါပေမဲ့ သူ မလုပ်ရှာပါဘူး ၊ မမကေသီ ရဲ့ ဣန္ဒြေ ကို ကာကွယ်ပေး ရှာတယ် နော် ။ သူ့ ကို မမကေသီ မနှုတ်ဆက်ရဘူးကွယ် ”

••••• ••••• •••••

ဟောသည် ကမ္ဘာ မှာ ကျွန်မ အချစ်ဆုံး ၊ အားအကိုးဆုံး လေးလေး တစ်ယောက် ကွယ်လွန် သွားခဲ့ပါပြီ ။

ကျွန်မ သည် မျက်ရည် မကျတော့ သလို ကျွန်မ ကို လောင်မြိုက်အံ့ ဆဲဆဲ မီးပုံကြီး သည် လည်း အံ့သြဖွယ် ကောင်းလောက် အောင် တဖြည်းဖြည်း ချုပ်ငြိမ်း သွားသည် ကို တွေ့ ရပါတော့သည် ။

◾ရွှေသဉ္ဇာ

📖 ရွှေအောင်လံ မဂ္ဂဇင်း
      ၂၀၀၀ ၊ မေလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment