Friday, July 5, 2024

ရန်ကုန်မြို့ ရဲ့ ညတစ်ည


 

❝ ရန်ကုန်မြို့ ရဲ့ ညတစ်ည ❞

( ၁ )

လ မသာ ပေမဲ့လည်း ရန်ကုန် ရဲ့ ည က တော့ ငွေရောင် တောက် နေပါသည် ။

ဝင်းထိန် နေသော လျှပ်စစ်မီးပွင့် မီးခိုင်ပန်းများ အောက် မှာ ဆန်းဆန်းသစ်လွင် နေသော ပိုး ၊ ဖဲ တို့ သည် တလက်လက် လှုပ်ရှား နေကြပေသည် ။ နှုတ်ခမ်းနီ ပါးနီကလေးများ ရဲ့ တီးတိုး ရယ်မောသံ စကားပြောသံ  ...

“ မီ တော့ ဘန်ကောက် တစ်ကွင်း ကို ငါးဆယ့်ငါးကျပ် နဲ့ မှာ လိုက်ပြီ ကွဲ့ မေ ... မင်း ကော နိုင်လွန် ချုပ်ပြီး သွားပလား ”

“ ကနေ့ ညနေ ပြီးဖို့ရာ ကွယ် ခါး က နည်းနည်းကလေး ရှည် သွားလို့ ပြန် ပြင်ခိုင်း နေရတယ် မီ ရယ် ... ဪ ဒါထက် ၊ မင်း စီဇာ နဲ့ ကလီယိုပတ္တရာ ကြည့် ပြီးပြီလား ဟင် ... ”

“ ဘာ နောက်ကျလိမ့် မလဲကွယ် ... ကိုယ် တော့ လေ ကလောက်ဒီရိမ်း ကို သိပ် သဘောကျ တာပဲ ။ ဟင် ... မင်း ကော မေ ”

“ အစစ်ပေါ့ ကို လည်း ကလောက်ဒီရိမ်း ရဲ့ သရုပ်ဖော်ပုံ ကို သိပ် သဘောကျတာပဲ ”

နှစ်ယောက်သား တီးတိုး ရယ်မောလိုက်သံ သည် ည ထဲ သို့ တိုးဝင်၍ သွား လေသည် ။

ခံ့ညားသော ပျော်ပွဲစားရုံကြီး များ အတွင်း မှ နှုတ်ခမ်းနီ ပါးနီ နှင့် အမောက်ရှင်ကလေး များ က တော့ ကိုကို ကို အရက် ငှဲ့ ပေး နေကြပေသည် ။ သည် ဟာ နှင့် မပြီးသေးဘဲ ကိုကို များ အတွက် သူတို့ တောင့်တ သော “ ချစ်သူ ခေါ်သံ ” သီချင်း ကို ဆိုပြ နေရပါသေးသည် ။ တကယ် ဆိုတော့ သီချင်း ဆို နေခြင်း မဟုတ်ဘဲ အနုပညာ တစ်ရပ် ကို အတင်း လုပ် နေရခြင်းပါ ။

အသံဖမ်းစက် မှ အော်ခက် ( စ် ) တြာ သီချင်း တစ်ပုဒ် သည် သာယာစွာ ပျံ့လွင့် လာဆဲ ။

Rose softly blooming နှင်းဆီပန်းကလေး ရယ် ... သက်သောင့်သက်သာ ပွင့်လာ ပါပြီတဲ့  ...

ဒါပေမဲ့ ခပ်ထွေထွေကလေး နှင့် မို့ ဆူဆူကလေး ရယ်မော နေကြသော အသံများ အကြား မှာ ချစ်သူခေါ်သံ ကို လည်း မကြားနိုင် ။ နှင်းဆီပန်းကလေး လည်း ကြွေကျ သွားရှာပါပြီ ။

“ ဟေ့ မူး လို့ ပြောနေတာ မဟုတ်ဘူး ကွဲ့ ၊ ငါ အလုပ် ပြုတ်ချင် လည်း ပြုတ် သွားပစေ ၊ ငါ က ဘယ် ဝန်ကြီး သော ဘာသော ဂရုစိုက်တဲ့ အကောင်စား ထဲ က မဟုတ်ဘူး ကွ ”

“ သိပါတယ် ဝန်မင်း ရာ ၊ တိုးတိုး လုပ်ပါ ၊ လူ ကြား လို့ လည်း မတော်ပါဘူး ”

“ ဟိုကပ် ဒီကပ် နဲ့ တက် လာတဲ့အစား ထဲ က မဟုတ်ဘူး ၊ အောက် ( စ ) ဖို့ ( ဒ် ) က ထွက် လာတဲ့ လူ ကွ ”

“ ကား ပေါ် ရောက် အောင် သာ ကြည့် တင် ပေးလိုက်ကြစမ်းပါဗျာ ”

အသံဖမ်းစက် မှ ဂီတ သည် ပျံ့လွင့် နေတုန်းပင် ဖြစ်ပါသည် ။

“ နှင်းဆီပန်းကလေး ရယ် သက်သောင့်သက်သာ ပွင့်လာပါပြီ ”

လမ်းမကြီးများ ပေါ် မှ ခံ့ညား သစ်လွင်သော စတူဒီဘေကာ ကားကြီး များ သည် ငွေရောင် ညလယ် ထဲ မှာ တငြိမ့်ငြိမ့် စုန်ဆန် နေကြ ပေသည် ။ တောက်ပ သစ်လွင် သော အပြုံးများ နှင့် ကား ထဲ မှ စည်းစိမ်ရှင် သည် ကား တွင် တပ်ဆင် ထားသော အသံဖမ်းစက် မှ ဂီတ ကို ချိုမြိန်စွာ သုံးဆောင် ၍ ယစ်မူးနေပုံ ပင် ထင် ရသည် ။ တကယ် ဆိုတော့ ရန်ကုန် ည ရဲ့ ထည်ဝါမှု ကို သူတို့ သည် မျက်နှာ ပြောင်ပြောင် နှင့် ကြွားဝင့် နေကြသလားပဲ ...

တကယ်ပါ ... ။

လ မသာ ပေမဲ့လည်း ရန်ကုန် ရဲ့ ည က တော့ ငွေရောင် တောက် နေပါသည် ။

( ၂ )

ငွေရောင် တောက်နေသော ရန်ကုန် ရဲ့ ည ပန်းချီကားချပ် ထဲ သို့ အရောင်အဆင်း မရှိဘဲ မှေးမှိန်မွဲခြောက် နေသော လူ တစ်ယောက် သည် ယောင်လည်လည် နှင့် ဝင် လာပေသည် ။

တော်တော် မသိတတ် သော လူ တစ်ယောက်  ...

သူ့ လို အရောင်အဝါ မရှိသော လူ တစ်ယောက် သည် လှပကြွားဝင့်နေသော ရန်ကုန် ရဲ့ ညပန်းချီ ကို ဘယ်လောက် ပျက်စီး သွားမည် ကို နည်းနည်းကလေး မှ ထို သူ သည် မစဉ်းစားမိရော့ သလားဘဲ ထင်ရပေသည် ။

ည ရဲ့ နောက်ခံကား က ငွေရောင် ...  

ပိုး ၊ ဖဲ ၊ နှုတ်ခမ်းနီ ၊ ပါးနီနှင့် အမောက် ... ပြီးတော့ အသံဖမ်းစက် ၊ အောက်( စ ) ဖို့ ( ဒ် ) ကျောင်းထွက် ၊ အပြုံး နှင့် စတူဒီဘေကာ ... သည် ဟာ တွေက ငွေရောင် နောက်ခံ ရှေ့ မှ သရုပ်ကောင် များ ဖြစ်ကြသည် ။

ထို သူ သည် အလိုက် မသိတတ် လွန်းစွာ ရန်ကုန် ရဲ့ ည အလှ ကို ဘာကြောင့် ဖျက်ဆီး ချင်ရပါသနည်း ။ နှင်းဆီပန်းကလေး သူ့ ဘာသာ သူ သက်သောင့်သက်သာ ပွင့် နေတာ အကောင်း သားနှင့် ..

ထို သူ သည် သူ့ တွင် ရ တတ်သော ငွေတစ်ကျပ် ကို သူ့ အိတ်ကပ် ထဲ တွင် မကြာခဏ စမ်း၍ စမ်း၍ ကြည့် နေသည် ။ သူ့တွင် ရ တတ်သော ထို အသပြာ ငွေ တစ်ကျပ် ပျောက်ဆုံးသွား မည် ကို တော့ သူ သည် များစွာ စိုးရိမ် ထိတ်လန့်ပုံ ရပေသည် ။ သူ သည် အိတ်ကပ် ထဲ မှ ငွေ တစ်ကျပ် ကို မကြာခဏ စမ်း ရင်း ရန်ကုန် ရဲ့ ညလယ် ထဲ သို့ ဝင် လာသည် ။ သူ သည် ထို ငွေတစ်ကျပ် ဖြင့် သူ့ အူ ထဲ တွင် ဆူပူသောင်းကျန်း နေသော ပိုးမျိုးရှစ်ဆယ် အား ယနေ့ တစ်ည အဖို့ နှိမ်နင်းရန် အပေါစား ထမင်းဆိုင် တစ်ခု ကို လိုက်လံ ရှာဖွေ နေခြင်း ဖြစ်သည် ။ အပေါစား ထမင်းဆိုင် ဆိုရာ ၌ သူ သည် ပုပ်သိုး ဟောင်းနွမ်း နေသော အစားအစာမျိုး ကို တော့ မရှာချင်ပါ ။ တစ်ခါ က သုံးမူး ငါးမူးလောက် နဲ့ အဝစား ရသော အပေါစား ထမင်းဆိုင် ကို အားကိုး ခဲ့ သဖြင့် ဝမ်းကိုက်ရောဂါ ကို အလူးအလဲ ခံ လိုက် ရပေသည် ။ သူ ကြောက်ပါပြီ ။

ညစာ အတွက် သုံးမတ် လောက် တော့ သူ အကုန် ခံနိုင်သည် ။ ကျန်သော တစ်မတ် သည် သူ မနေနိုင်သော ဆေးပေါ့လိပ် တစ်မူးဖိုး နှင့် အိမ် ပြန်ရန် အတွက် ကားခ တစ်မူး ..

စုစုပေါင်း ငွေ တစ်ကျပ်  ... 

သူ သည် အိပ်ကပ် ကို မကြာခဏ စမ်းရင်း စမ်းရင်း နှင့် ငွေရောင် ထဲ မှာ လှုပ်ရှား နေပေသည် ။ သူ သည် တော်တော်လည်း နွမ်းနယ် ပင်ပန်း၍ ဆာလောင် နေပုံ ရပါသည် ။ ဟုတ်ပါလိမ့်မည် ။ သူ သည် နံနက် အိပ်ရာထ လက်ဖက်ရည် တစ်ခွက် နှင့် နံပြား တစ်ချပ် ကို သူ့ အိမ် ဘေးနား မှ အကြွေး ယူ နေကျ ကု,လားဆိုင် မှ ခဲခဲယဉ်းယဉ်း ပြောဆို ၍ ဆို့သိပ် ခဲ့ရသော အာဟာရ မှ လွဲ ၍ တစ်နေ့တာလုံး သူ့ ဝမ်း ထဲသို့ ဘာမျှ မထည့်ခဲ့ရ ။ သူ သည် ပိုက်ဆံ ရဖို့ တစ်နေ့လုံး လမ်းလျှောက် ခဲ့သည် ။ လမ်းလျှောက် ရ အားကြီး သဖြင့် ပင်ပန်း ၍ လာတော့သည် ။ 

ဆူးလေဘုရားလမ်း နှင့် အနော်ရထာလမ်း ထောင့် ပလက်ဖောင်း ပေါ်  မှာ သူ သည် နွမ်းနယ် စွာ ရပ် လိုက်သည် ။

စတူဒီဘေကာ ကားကြီး တစ်စီး သည် သူ့ ရှေ့နား မှ တငြိမ့်ငြိမ့်လှိမ့် ၍ သွား နေသည် ။ ကား ရဲ့ နောက်ခန်း ထဲ မှာ လှပသော အပျိုမကလေး တစ်ယောက် သည် ကူရှင် ကို မှီရင်း မှိန်း နေပါသည် ။ အသံဖမ်းစက် မှ ဂီတ သည် ခပ်တိုးတိုးကလေး ဖွင့် နေသည် ။

“ လှေကလေး ကို လှော်မည် ... ဘေးမသန်း အေးချမ်းတဲ့ ဆီ ”

သူ သည် စတူဒီဘေကာ ကား တစ်ခုလုံး ကို ငေးမော ၍ ကြည့် နေမိသည် ။

“ ဦးတင်ဦး ... ”

တစ်စုံတစ်ယောက် က သူ့ ပခုံး ကို ပုတ်ရင်း သူ့ နာမည် ကို ခေါ် လိုက်လေ သည် ။ ဘယ်သူများ ပါ လိမ့် ၊ သူ့ လို အရောင်အဆင်း မရှိသော သူ တစ်ယောက် အား ဦး တပ်၍ ခေါ် လိုက်သည် မှာ ယခင် စာရေးဆရာ ဘဝ သို့ သူ မဝင်ရောက် လာမီ အစိုးရအရာရှိ တစ်ယောက် ဘဝ နှင့် တုန်း က သိဟောင်း ကျွမ်းဟောင်း ထဲ က တစ်ယောက် ယောက် များ လား ။

ရုတ်တရက်မို့ သူ သည် အံ့သြ သွားရာမှ

“ ဪ ... ဒေါက်တာ ပါ လား ”

သူ သည် ပြန် ၍ ပြုံး လိုက်သည် ။

“ ခင်ဗျား ကြည့်ရတာ လူမမာ နဲ့ တူတယ် ။ ပိန် လိုက်တာလည်း ဗျာ ”

ဒေါက်တာ ကို သူ သည် ပြုံး၍ သာပဲ ကြည့် နေသည် ။

“ ဪ ...ဒါထက် ခင်ဗျား ရေးလိုက်တဲ့ “ မုန်တိုင်း ထဲ က လူ ” ဆို တဲ့ စာအုပ် အတွက် ချီးမွမ်း ပါရစေဦး ဗျာ ”

“ ကျေးဇူးတင်ပါတယ် ” 

“ ခင်ဗျား စာအုပ် ကိုတော့ တော်တော် ပဲ ချီးမွမ်းသံ ကြားရတယ် ။ တော်တော် လည်း ခင်ဗျား ကျေးဇူး ခံစားရပါလိမ့်မယ် ထင်ပါရဲ့ ”

“ ဟုတ်ကဲ့ ”

သူ သည် အလွယ်တကူ ပဲ လိမ် ပြော လိုက်လေသည် ။ 

“ အစိုးရ အလုပ် နဲ့ တုန်းက ထက် စာရင် ခင်ဗျား ခုတော့ တော်တော်ကလေး စိတ်ချမ်းသာ မှာပဲ နော် ”

အစိုးရ အလုပ် နှင့် အင်မတန် စိတ် ဆင်းရဲ စိတ် မချမ်းသာ ဖြစ်ခဲ့ရ သဖြင့် အလုပ် မှ အနစ်နာ ခံ၍ ထွက် ခဲ့ပေသည် ။ စိတ် လည်း ချမ်းသာမည် ဝါသနာ လည်း ပါသော စာရေးဆရာ ဘဝ သို့ ကူးပြောင်း လာခဲ့သည် မှန်ပါသည် ။ စိတ် တော့ ချမ်းသာပါသည် ။ ပျော်မွေ့ပါသည် ။

“ ဟုတ်ကဲ့ စိတ် တော့ တော်တော်ကို ပဲ ချမ်းသာ လာပါတယ် ”

“ လူ ချမ်းသာ လာ အောင် လည်း စာ များများ ရေးပေါ့ ဗျာ ၊ ခင်ဗျား က တစ်နှစ် ကို တစ်အုပ် လောက် တောင် မှ ပဲ မရေးနိုင်ဘူး ”

သူ သည် ပြုံး ၍ သာပဲ နားထောင် နေပါသည် ။

“ သွားလိုက်ဦးမယ်ဗျာ ဦးတင်ဦး ၊ ကျုပ် ဆီ များ လည်း တစ်ခါတလေ တော့ အလယ် လာပါဦးဗျ ”

ယခင် က မိတ်ဆွေဟောင်း ဆရာဝန် ထွက် သွားသည် ကို ကြည့်ရင်း ကျန်ရစ်ခဲ့ လေသည် ။

သူ သည် သူ့ အား အထင်ကြီး သွားသော မိတ်ဆွေ ကို ငေး ကြည့် ရင်း သူ့ ဘဝ ကို သူ ရယ်မော ပြောင် ပစ်လိုက် ချင်သော စိတ်ဓာတ်များ ဖြစ်ပေါ် လာမိပေသည် ။ သို့ရာတွင် ပြုံး ရုံ သာပဲ ပြုံး လိုက် ပါသည် ။ 

“ စာရေးဆရာ ရွှေဥသြ ပါတဲ့ ... ”  ကိုတင်ဦး သည် သူ့ ကိုယ် ကို ခနဲ့ လိုက်မိ ပေသည် ။ ရွှေဥဩ ဟူသော ကလောင်အမည် ဖြင့် လူပြိန်း ရော ပညာတတ်များ ပါ နှစ်သက်၍ လက်ခံ နိုင်အောင် ရေးသား နိုင်သော စာရေးဆရာ တစ်ယောက် ဖြစ်ပါသည် ။ “ မုန်တိုင်း ထဲ က လူ ” ဝတ္ထု အတွက် ပညာတတ်ပိုင်း က သူ့ ကို လေးစား သလောက် လူပြိန်းများ က လည်း သူ့ ကို ကြိုက်နှစ်သက်ခဲ့ကြ ပေသည် ။

“ မုန်တိုင်းထဲ က လူ ကို တော်တော် ချီးမွမ်းကြတယ် ။ ကျေးဇူး လည်း ခံစားရမှာပဲ ” တဲ့ ။

“ ဟုတ်ကဲ့ ” ဆို၍ သူ လိမ် ခဲ့ရပေသည် ။

အမှန် မှာ သူ့ အိတ်ကပ် ထဲ တွင် ရှိသော ငွေတစ်ကျပ် မှာ မိတ်ဆွေ တစ်ယောက် ထံ မှ တောင်း ယူ လာရသော “ လုပ်အား ” ဖြစ်ပါသည် ။ သူ သည် သူ့ ကိုယ် ကို မှ မပြုံးနိုင် လျှင် ရန်ကုန် ရဲ့ ည သည် သူ့ ကို ဘေး သို့ ကန်ထုတ် ပစ်လိုက် ပေလိမ့်မည် ။ သူ သည် သူ့ ကိုယ် ကို ဟက်ဟက်ပက်ပက် ရယ်မော ပစ်လိုက် နိုင်သော တစ် ည ၌ ရန်ကုန် ညလယ် ထဲ မှ နှုတ်ခမ်းနီ ၊ ပါးနီ နှင့် အမောက်ကလေး တို့ သည် ချစ်သူခေါ်သံ သီချင်း ဖြင့် ဖျော်ဖြေ၍ ဒေါက်တာဘွဲ့ထူး ကို သူ့ အား ပေးအပ်ကြ ပေ လိမ့်မည် ။

သူ သည် ပြုံးရုံ သာ ပဲ ပြုံး လိုက်ပါသည် ။

( ၃ )

“ ဆရာ .. ”

ခပ်စာစာ နှင့် လေအား နည်း သော အသံ ကို သူ ကြားရ သဖြင့် သူ့ အား ဆရာ ဟု ခေါ် တတ်သော ပုံနှိပ်တိုက် မှ စာစီသမားကလေးများ ထဲမှ တစ်ယောက် ယောက် လား ဟု အသာအယာ လှည့် ကြည့် လိုက်မိပေသည် ။

မဟုတ်ပါ ။

သူ မသိသော လူ တစ်ယောက် ဖြစ်ပါသည် ။ သူ မသိသော လူ တစ်ယောက် က သူ့ ကို အဘယ်သို့သော ရည်ရွယ်ချက် ဖြင့် အဘယ့်ကြောင့် ဆရာ ဟု ခေါ် နေရပါ သနည်း ။ ထို သူ ကို ကြည့် ရသည် မှာ လယ်သမား တစ်ယောက် နှင့် တူပါသည် ။ သူ့ ကျောကုန်း ထက် မှာ လည်း ပဲ အင်မတန် ပိန်ကြုံနေသော အသက် ခြောက်နှစ် ခန့် ကလေးမ တစ်ယောက် ကို ပိုး ထားပါသည် ။  ထို သူ ရဲ့ သမီးကလေး ထင်ပါရဲ့ ။ ထို သူ မှာလည်း အင်္ကျီ ပင် မရှိ ။ လုံချည် မှာ လည်း အစုတ်စုတ် အပြတ်ပြတ် နှင့် ချည့်နဲ့ နေပါပြီ ။ 

“ ခင်ဗျာ ... ”

သူ သည် ခပ်တိုးတိုးကလေး ပဲ ပြန် ထူး လိုက်သည် ။

“ ထမင်းဖိုးကလေး အသနား ခံပါရစေ ဆရာ ရယ် ”

ထို သူ့ အသံ မှာ မွတ်သိပ် တုန်ရီ နေရှာသည် ။

“ ထမင်းဖိုး ဟုတ်ကဲ့လား ခင်ဗျာ ”

“ ကျွန်တော်တို့ သားအဖ နှစ်ယောက် စလုံး ထမင်း မစားရတာ ခု ည အထိ ဆို ရင် ငါးနပ် ရှိ သွားပါပြီ ဆရာ ရယ် ။ ကျွန်တော့် အတွက် က တော့ အရေး မကြီးပါဘူး ခင်ဗျာ ၊ သမီးကလေး ကို အင်မတန် ကျွေး ချင်လွန်းလို့ပါ ”

“ ထမင်း မစားရတာ ငါးနပ် ရှိသွားပြီ ”

ကိုတင်ဦး သည် အံ့သြစွာ မေး လိုက်မိပေသည် ။ သူ သည် သူ့ ကိုယ် ကို ငတ်လှပြီ ၊ ဆင်းရဲလှပြီ ဟု အသိ ရှိခဲ့သမျှ ထို သူ နှင့် တွေ့တော့ ကာ မှ အရည် ပျော်ပေပြီ ။ 

“ ကျွန်တော် ညောင်တုန်း ဘက် က ပြေး လာခဲ့ရတဲ့ ဒုက္ခသည် တွေ ပါ ဆရာ ရယ် .. ရန်ကုန် ကို တစ်ခါ မှ လည်း မရောက်ဖူးပါဘူး ။ ရောက် တာ လည်း နှစ်ရက် ပဲ ရှိ ပါသေးတယ် ခင်ဗျာ ”

“ သြ ... ညောင်တုန်း ဘက် က ပြေး လာရတယ်လား ”

“ ကျွန်တော့် မိန်းမ နဲ့ သားအကြီးကလေး လည်း ‌ေ သသလား ရှင်သလား လည်း မသိရ ပါဘူး ဆရာ ရယ် ။ ကျွန်တော် နဲ့ သမီးကလေး သာ ပြေးမိ ပြေးရာ ပြေးရင်း က လွတ်ပြီး မော်တော် ကြုံ နဲ့ ရန်ကုန် ရောက် ရင် တော့ မငတ်နိုင်ဘူး ဆိုပြီး လိုက် လာခဲ့ရပါတယ် ”

“ ဪ .. ခင်ဗျား က ဒုက္ခသည် ပေကိုး ”

“ ကျွန်တော်တို့ သားအဖ လည် ပြီး တောင်း လိုက်တာ နှစ်ရက် ရှိသွားပါပြီ ဆရာ ရယ် ။ မနေ့ က တစ်နေ့လုံး လျှောက် တောင်းတာ မှ လည်း သုံးပဲ ပဲ ရလို့ ကလေး ကို မုန့် ဝယ်ကျွေး ခဲ့ရတယ် ။ ကနေ့ လည်း တစ်နေကုန် လျှောက် တောင်းတာ မနက် ဆယ်နာရီ လောက် က တစ်မူး ပဲ ရ လို့ ကလေး ကို မုန့်ကလေး ပဲ ဝယ် ကျွေးနိုင်ပါတယ် ဆရာ ရယ် ။ သနားပါ ခင်ဗျာ ကျွန်တော် တို့ သားအဖ ဟာ ဒုက္ခသည် တွေ ပါ ”

“ ဒုက္ခသည် တွေ မို့ သနားပါ ခင်ဗျာ ” တဲ့ ။ ဘယ်လောက်များ ဝမ်းနည်းဖို့ ကောင်းလိုက်ပါ သလဲ ။

ဒါပေမဲ့ ရန်ကုန် ရဲ့ ည က တော့ ငွေရောင် တောက် နေပါသည် ။ စတူဒီဘေကာ ကားသစ်ကြီး များ သည် ငွေရောင် ညလယ် ထဲ မှာ တငြိမ့်ငြိမ့် စုန်ဆန် ပြေးလွှား ကာ ပိုး ၊ ဖဲ တို့သည် တလက်လက် တောက်ပြောင် နေကြပါပြီ ။

ကိုတင်ဦး သည် ထို သားအဖ အား မတုန်မလှုပ် ကြည့် နေပေသည် ။

သူ သည် ပင် ငတ် တစ်လှည့် ပြတ် တစ်လှည့် နေရသူ ဖြစ်သည် ။ သူ သည် သူ့ ထက် အဆပေါင်း များစွာ အခြေအနေ ဆိုး နေသော ဒုက္ခသည် သားအဖ နှစ်ဦး ကို ရင်ဆိုင် နေရပေပြီ ။ သည် အငတ်ပြဿနာ ကို သူ သည် ဘယ်သို့ဘယ်ပုံ ဖြေရှင်းရပါလိမ့်မလဲ ...

စုစုပေါင်း လိုက် ပါ မှ ငွေကလေး တစ်ကျပ် ရယ် ... ထမင်းဖိုး သုံးမတ် ၊ လမ်းစရိတ် တစ်မူး ဆေးလိပ် တစ်မူး ၊ ဪ ... ငွေ တစ်ကျပ် ကုန်ပါ ရောလား ...

ပြီးတော့ အကြွေး သောက်စား လာခဲ့ရသော နံနက်ခင်း မှ လက်ဖက်ရည် နှင့် နံပြား တို့ သည် သူ့ ဝမ်း ထဲမှ ထွက်ပြေး သွားသည် မှာ ကြာပြီ ဖြစ် သဖြင့် သူ့ အူ သည် လိမ်လျက် ပူနေသည် ။ သူ သည် အင်မတန် ပဲ ထမင်း ဆာ နေသည် ။ 

ကိုတင်ဦး သည် ဒုက္ခသည် သားအဖ ကို သနား ပါသည် ။ ဒါပေမဲ့ သူ့ ကိုယ် ကို သူ သနား သည်ထက် ပို၍ သနားနိုင်ပါ့မလား ဆိုတာ ကိုပဲ စဉ်းစားရင်း ထို သားအဖ အား မတုန်မလှုပ် ကြည့် နေမိပေသည် ။

ထို သူ သည် မျက်နှာငယ်ကလေး ဖြင့် လေးကန်စွာ ထွက်သွားသည် ကို ပင် သူ သည် မတုန်မလှုပ် ကြည့် နေမိတုန်း ဖြစ်လေသည် ။

ပျော်ပွဲစားရုံ အတွင်းက အသံဖမ်းစက် မှ အော်ခက် ( စ် ) တြာ သီချင်းတစ်ပုဒ် သည် သာယာစွာ ပျံ့လွင့် နေတုန်းပင် ဖြစ်ပါသည် ။ 

Rose softly blooming .

နှင်းဆီပန်းကလေးရယ် သက်သောင့်သက်သာ နဲ့ ပဲ ပွင့်လာပါပြီတဲ့ ... ။

( ၄ )

ကိုတင်ဦး သည် သူ့ နား ကို လက် နှစ်ဖက် ဖြင့် ဒေါသကြီးစွာ ပိတ် လိုက်မိပေသည် ။

“ တောက် ”

သူ သည် အံသွား ကို ကြိတ် လိုက်သည် ။

“ ငတ် နေရတဲ့ အကြား ထဲ နှင်းဆီပန်း က သက်သောင့်သက်သာ နဲ့ ပဲ ပွင့် လာနေရသေး သလား ၊ တောက် ... ”

သူ သည် ငွေရောင် ညလယ် က အနုပညာ ကို ကျိတ် ဆဲ လိုက်ပေသည် ။ သူ သည် တစ်စုံ တစ်ရာ ကို လည်း ဆုံးဖြတ်ပြီး သွားသည် ။

လေးကန်စွာ လျှောက် သွား နေသော သားအဖ နှစ်ယောက် နောက် သို့ အပြေးအလွှား သူ လိုက် သွားသည် ။ 

“ ဘာဘူကြီး ရယ် ထမင်းဖိုးကလေးများ စွန့်ကြဲပါလား ခင်ဗျာ ”

ထို ဒုက္ခသည် သည် ဘာဘူကြီး အား ထမင်းဖိုးကလေး စွန့်ကြဲပါမည့် အကြောင်း အသနား ခံလျက် ရှိနေသည် ။

ဘာဘူကြီး ကား အခြား ဘာဘူ တစ်ယောက် နှင့် စကား ပြော နေမြဲ ပြော နေသည် ။

“ သနားပါ ဘာဘူကြီး ရယ် ”

ထို ဒုက္ခသည် သည် အနီး သို့ ကပ် သွားကာ ဆက်လက်၍ အသနား ခံ နေပါသည် ။

“ ဘာလဲ ခင်ဗျား မြန်မာလူ ... ခင်ဗျား မြန်မာလူ အချင်းချင်း ရန်ဖြစ်တယ် ၊ ဒုက္ခ ဖြစ်တယ် ။ သနားပါ ဘာ သနားပါလဲ ၊ အားလုံး အရူးလူ ရှိတယ် ၊ သွား .. သွား .. မရှိဘူး ”

ဘာဘူကြီး က ငေါက် ပစ် လိုက်သည် ။

ထို သူ သည် မျက်နှာငယ်ကလေး နှင့် ခေါင်းငုံ့ ကာ ထွက်သွားမည် အပြု ကိုတင်ဦး သည် ထို သူ ၏ လက် ကို ဖမ်း၍ ကိုင် ထားလိုက်သည် ။

“ ခင်ဗျားတို့ သားအဖ ကျုပ် နောက် ကို လိုက်ခဲ့ကြဗျာ ”

သူ သည် ရှေ့ မှ လျှောက်၍ ထွက်လာ ခဲ့သည် ။ 

ထို သားအဖ သည် ကိုတင်ဦး အား ထူးဆန်းသလို ကြည့် ပြီးနောက် သူ့ နောက် မှ လိုက်ပါ သွားလေသည် ။

သူ သည် ရှေ့မှ ငိုက်စိုက် ငိုက်စိုက် နှင့် ထွက်သွား ပေသည် ။ သားအဖ နှစ်ယောက် က သူ့ နောက် မှ မျက်ခြည်မပြတ် လိုက် လာ ကြပေသည် ။ သူ သည် ထမင်းဆိုင်များ ရှိရာ သို့ ထို ဒုက္ခသည် သားအဖ အား ရှေ့ဆောင် ခေါ်လာစဉ် တစ်ခု သော လမ်းဘေး ပိုးတိုက်ကြီး အတွင်းမှ နှုတ်ခမ်းနီ ၊ ပါးနီ ကလေးများ ၏ တခစ်ခစ် ရယ်မောသံ ကို ပင် မကြားလိုက်မိပေ ။

“ ထမင်း စားမလား မောင်ရင် ၊ ပူပူနွေးနွေး ရှိပါတယ်ကွယ် ”

သူ သည် အသံ ကြားရာ သို့ ခေါင်း ကို မတ်၍ ကြည့် လိုက်သည် ။

ထမင်းဆိုင် ... 

ဟင်း တွေ ကလည်း ခင်းကျင်း ထားလိုက်သည် မှာ ကြက်သား ၊ ဝက်သား ၊ ငါး ၊ ဘဲဥ ၊ အို ... စုံလို့ပါပဲ ...

သားအဖ နှစ်ယောက် သည် သူ့ အနီး သို့ ရောက် လာလေသည် ။

“ ဘာ ဟင်း နဲ့ ပြင်ရမှာလဲ မောင်ရင် ”

ထမင်းဆိုင်ရှင် အဒေါ်ကြီး သည် အပူတပြင်း မေး နေ ပါသည် ။ 

“ ဒီက သားအဖနှစ်ယောက် ကို ထမင်း ကျွေးစမ်းပါ ခင်ဗျာ ”

သည်ဟာ ပဲ သူ ပြော လိုက်သည် ။

ထမင်းဆိုင်ရှင် အဒေါ်ကြီး သည် သွက်လက်စွာ ထမင်း နှစ်ပွဲ ကို ချလာသည် ။ တို့စရာ ၊ ဟင်းချို နှင့် ငံပြာရည်ချက် တို့ သည် လည်း အဆင်သင့် ရှိ နေပေပြီ ။

“ ဘာ ဟင်း ထည့် ပေးရမှာလဲ ဟင် - မောင်ရင် ”

“ ကြည့်ပြီး ထည့်တာပေါ့ ခင်ဗျာ ”

ဆိုင်ရှင်အဒေါ်ကြီး သည် ကြက်သား နှင့် ငါးဟင်း တစ်ခွက်စီ ကို သွက်လက်စွာ ထည့်၍ ချ ပေး လိုက်လေသည် ။ သားအဖ နှစ်ယောက် သည် လည်း ထမင်းပွဲ များ ရှေ့ တွင် ဆောင့်ကြောင့် ထိုင် ကာ ကိုတင်ဦး ကို မော့၍ ကြည့် လေသည် ။ 

“ စားကြဗျာ ၊ စားကြ ”

သည်ဟာ ပဲ သူ ပြောသည် ။

ငတ်လာကြသည် မှာ လည်း ကြာပြီ ပင် ထင် ရတော့သည် ။ ချပေး ထားသော ထမင်း နှင့် ဟင်းများ ကို ပလုတ်ပလောင်း စား လိုက်ကြသည် မှာ ဆယ်မိနစ် ပင် မကြာမီ တက်တက် ပြောင်ပေတော့သည် ။

ကိုတင်ဦး သည် သူ ၏ ဆာလောင်ခြင်း ကို မျိုသိပ် ၍ ဒုက္ခသည် သားအဖ တို့ ပလုတ်ပလောင်း စား နေသည် ကို အားရ ဝမ်းနည်း ကြည့် နေမိပေသည် ။

ဆိုင်ရှင် အဒေါ်ကြီး သည် စေတနာ သန့်သန့် နှင့် နောက်ထပ် လိုက်ပွဲများ ကို ချ လာသည် ။ ငတ် လာသော သားအဖ နှစ်ယောက် က လည်း မရှက်မကြောက် စား၍ စား၍ ပစ်လိုက်လေရကား မကြာမီ ပင် ပြောင်၍ ပြောင်၍ သာ သွား ပေတော့သည် ။ သည်လို ချ လာလိုက် စားလိုက် နှင့် သားအဖ နှစ်ယောက် လည်း ဝ သွားခဲ့ပေပြီ ။

စောစောက ညှိုးငယ် နွမ်းနယ်သော သားအဖ နှစ်ယောက် ၏ မျက်နှာငယ်ကလေးများ မှာ ပြည့်ဖြိုး ကြည်လင်၍ ရွှင်ပျ လာ သယောင်ယောင်ပင် ထင် ရပေသည် ။

“ ကျေးဇူး ကြီးလိုက်ပါဘိ ဆရာ ရယ် ”

ထို သူ သည် ကျေးဇူးစကား ကို လေးလေးနက်နက်ကြီး ပြော နေ ရှာသည် ။

“ မလိုပါဘူး ခင်ဗျာ ၊ တစ်ယောက် ဒုက္ခ ဖြစ်နေတဲ့ အခါ တစ်ယောက် က တတ်နိုင် သလောက် စောင့်ရှောက် ဖို့ တာဝန် ရှိပါတယ် ”

ထမင်းဆိုင်ရှင် အဒေါ်ကြီး သည် ဒုက္ခသည် မြန်မာ နှစ်ဦး ၏ ကြေကွဲဖွယ်ရာ ဝတ္ထုတို တစ်ပုဒ် ကို စိတ်ဝင်စားပုံ တော့ မရ ..

“ နှစ်ကျပ်တမတ် ကျတယ် ကွဲ့ မောင်ရင်  ”

သူမ အတွက် အရေး ကြီး၍ အကျိုးစီးပွား ကိစ္စ အတွက် သာ ပဲ ပြော လိုက်သည် ။

“ ခင်ဗျာ ... နှစ်ကျပ် တစ်မတ် ... ”

သူ သည် ရုတ်တရက် ကြောင် သွားပုံပင် ရ ပေသည် ။

“ ဟင်း သုံးခွက် က တစ်ကျပ်ခွဲ ၊ ထမင်း က သုံးမတ် အားလုံး နှစ်ကျပ်တစ်မတ် ကျ တယ်လေ ”

ကိုတင်ဦး သည် ခေါင်း ကြီး ၍ သွားမိပေတော့သည် ။

“ နှစ်ကျပ်တစ်မတ် ကျတယ် ဟုတ်လား ခင်ဗျာ ”

“ နှစ်ခါ တွက် မပြနိုင်ဘူးဟေ့ မောင်ရင် ”

သူ သည် မျက်လုံး အပြူးသား နှင့် ဆိုင်ရှင် အဒေါ်ကြီး ကို ကြောက်ရွံ့စွာ ကြည့် လိုက် ရင်း ဘာ ပြော၍ ဘာ လုပ်ရမည်ကို မေ့ သွားပေပြီ ။ 

“ ဟေ့ မောင်ရင် နှစ်ကျပ်တစ်မတ် ကျတယ်ကွဲ့ နားရှင်းပြီလား ”

သူ သည် ကယောင်ကတန်း နှင့် သူ့ အိတ်ကပ် အတွင်း မှ ငွေ တစ်ကျပ် ကို ထုတ်ယူ၍ ဆိုင်ရှင် အဒေါ်ကြီး အား ပေး နေသည် ။ အဒေါ်ကြီး သည် ငွေတစ်ကျပ် ကို ဇတ်ခနဲ လှမ်း ယူလိုက် ပြီးနောက်

“ ဒါက ဘာလဲကွဲ့ မင့် တစ်ကျပ် က ”

အဒေါ်ကြီး သည် ပြူးတူးပြဲတဲ နှင့် မေး လိုက်သည် ။

ဒုက္ခသည် သားအဖ သည် ကိုတင်ဦး နှင့် ဆိုင်ရှင်အဒေါ်ကြီး အကြား မှာ ပါးစပ် အဟောင်း သား နှင့် ကြည့် နေကြလေသည် ။

“ ဒီ ငွေကလေး တစ်ကျပ် ပဲ ပါလို့ပါ ခင်ဗျာ ၊ ကျန်တဲ့ ငါးမတ် ကို မနက်ဖြန်ခါ မှ ကျွန်တော် လာ ပေးပါရစေလား ဒေါ်ဒေါ် ရယ် ”

“ ဘာ ကျန်တဲ့ ငွေ ငါးမတ် မနက်ဖြန်ခါ မှ ပဲ မင်း က ဘာကောင်မို့လို့ ငါ က ယုံ ရမှာလဲ ဟင် - ပြောစမ်းပါဦး ”

“ အကျိုးအကြောင်း ပြောပြ ပါရစေဦး ခင်ဗျာ ”

“ ဘာ အကျိုးအကြောင်း လဲ ငါ နားမလည်ဘူး ။ မင်း ထမင်းဖိုး ပြေအောင် ရှင်းမလား မရှင်းဘူးလား ဒါပဲပြော ၊ ငါ ပုလိပ် ခေါ်လိုက်မယ် ”

ဆိုင်ရှင်အဒေါ်ကြီး သည် အင်္ကျီ လက်မောင်း ကို ပင့် ပေပြီ ။ 

“ တောင်းပန်ပါရစေဦး ဒေါ်ဒေါ် ရယ် ၊ ကျွန်တော့် မှာ လည်း ဒီ ငွေကလေး တစ်ကျပ် ပဲ ပါ ပါတယ် ခင်ဗျာ ”

“ ဟေ့ မောင်ရင် မင်း သိပ် စကား ရှည် မနေနဲ့ ကွယ် ၊ မင်း ထမင်းဖိုး ပြေအောင် ရှင်း နိုင်ရင် ရှင်း ၊ မရှင်းနိုင် ရင်တော့ မင်း အပေါ် အင်္ကျီ ချွတ် ထားခဲ့ပေတော့ ။ ဒီလိုမှ မဟုတ် ရင် ငါ ပုလိပ် ခေါ် တိုင်ရလိမ့်မယ် ”

ကိုတင်ဦး ၏ ခေါင်း သည် ငိုက်စိုက် ကျ၍ သွားပေပြီ ။

သူ သည် ဝမ်းနည်း ကြေကွဲသော မျက်လုံးကြီးများ ဖြင့် ဒုက္ခသည် သားအဖ အား တစ်ချက် မျှ လှမ်း၍ ကြည့် လိုက်ပြီးနောက် သူ့ အပေါ်အင်္ကျီ ကို ချွတ် လိုက်ရပေသည် ။

ထမင်းဆိုင်ကလေး နှင့်တကွ ဒုက္ခသည် သားအဖ တို့အား ကျောခိုင်း၍ သူ ထွက် လာသော အခါ လ မသာ ပေမဲ့ လည်း ရန်ကုန်မြို့ ရဲ့ ည က တော့ ငွေရောင် တောက် နေပါသည် ။

ငွေရောင်ညလယ် ထဲ က နှုတ်ခမ်းနီ ပါးနီကလေးများ ရဲ့ ရယ်မောသံ တီးတိုးစကား ပြောသံ

တငြိမ့်ငြိမ့် ပြေးလွှား နေသော စတူဒီဘေကာ ကားသစ်ကြီးများ ...

အမောက်ကလေးများ ရဲ့ ချစ်သူခေါ်သံ ကို ကြားသည် ။

ပြီးတော့ အသံဖမ်းစက် မှ သက်သောင့်သက်သာ ပွင့်လာ နေသော နှင်းဆီပန်းကလေးရယ် ..... တကယ်ပါပဲ ... 

လ မသာ ပေမဲ့လည်း ရန်ကုန် ရဲ့ ည က တော့ ငွေရောင် တောက် နေပါသည် ။

( ၅ )

ငွေရောင် ညလယ် သည် တဖြည်းဖြည်း ဝေး၍ ဝေး၍ ကျန်ခဲ့ပေပြီ ။

အလံပြဘုရားလမ်း အတိုင်း သူ သည် လျှောက် လာ ခဲ့လေသည် ။ သူ သည် အိမ် သို့ ပြန် နေခြင်း ဖြစ်ပါသည် ။ ရန်ကုန် ညလယ် ထဲ မှာ ခပ်သန့်သန့် အပေါစား ထမင်းဆိုင် သည် လည်း မေ့ပျောက် ကျန်ရစ်နေခဲ့ပြီ ။ 

သူ နေထိုင်ရာ အခန်းကလေး သို့ ရောက်အောင် ပြန် ပြီးသည့် နောက် အိပ်ရာ ထက် မှာ ခွေ အိပ် ဖို့သာပဲ ရှိတော့သည် ။ တစ်နေ့တာ ရဲ့ တိုက်ပွဲ ကား ပြီးဆုံး သွားခဲ့ပေပြီ ။ သို့ရာတွင် သူ သည် သူ့ တစ်ယောက် အနေ ဘဝ ဖြင့် အရှုံး ပေးခဲ့ရ သော်လည်း လူ့သမိုင်း ရဲ့ ထောင့်ကြား ထဲ တွင် လူတွေ ကြည့်ချင် မှ လည်း ကြည့်တတ်မည် ဖြစ်သော ပန်းချီကား တစ်ချပ် ထဲ မှာတော့ သူ သည် ငတ်ပြတ် ပင်ပန်းနေသော ဒုက္ခသည်များ ရဲ့ အကြား မှာ အဘိုး မဖြတ်နိုင်သော ကျောက်မျက်ရွဲ တို့ဖြင့် တန်ဆာဆင် ထား သော သရဖူ ကို ဆောင်း နေရ ပါသည် ။

သူ သည် လေးကန်သော ခြေလှမ်းများ ကို သယ်ယူ လာစဉ် ရန်ကုန် ရဲ့ ည ကို ဝမ်းနည်း ပက်လက် ဖြစ် နေမိပေသည် ။ ဒါပေမဲ့ တော့ ရန်ကုန် ည ထဲ က ပိုး ၊ ဖဲ တို့ သည် သူ ဝမ်းနည်း၍ လဲ ‌ေ သ‌ေ သ အမှတ် ထင်မည် မဟုတ် ။

ငွေ အရင်း ကို ဘုရားသခင် ကဲ့သို့ ကိုးကွယ်သော ယဉ်ကျေးခြင်း ရဲ့ ရန်ကုန် ည သည် စစ်ပြေးဒုက္ခသည် အား သူ ကိုယ်တိုင် အငတ် ခံကာ ကျွေးမွေးသော လူ တစ်ယောက် အား အသိ အမှတ် ပြုလိမ့်မည် မဟုတ် ။

အသံဖမ်းစက် မှ သူတို့ ရဲ့ ယဉ်ကျေးမှု ကို တည်တံ့ခိုင်မြဲနေအောင် သီချင်း ရေးစပ်သော အနုပညာသည် အား မင်းပရိသတ် အလယ် မှာ ရွှေဒင်္ဂါး ကို ပေးအပ်ပေမည် ။ ချီးမြှောက်တာတဲ့ လား ...

မဟုတ်ပါ ၊ ဝယ်ယူခြင်း သာ ဖြစ်ပါသည် ။ 

သူ သည် ကျောက်တိုင်ဘက် သို့ ချိုး၍ ဆင်းလာသည် ။ ခြေလှမ်းများ မှာ လေးကန် သည် ထက် လေးကန် လာသည် ။ အူ ထဲ မှာ လည်းပဲ တဂျုတ်ဂျုတ် နဲ့ ပိုးမျိုးရှစ်ဆယ် တို့ သည် သူ့ အား တော်လှန်ပုန်ကန် နေကြပေသည် ။ 

သူ သည် ဗိုက် ကို အသာအယာ နှိပ်၍ ထောက် ရင်း ကြိုးစား ၍ လျှောက် လာရပေသည် ။

သူ့ အခန်း သို့ တော်တော်ကလေး လျှောက် ရပေဦးမည် ။ ခုလောက် လျှောက် လာရသည် ပင် နွမ်းနယ် ပင်ပန်းလှပါပြီ ။ 

သမာဒေဝါ နတ်ကောင်းနတ်မြတ်များ စာရေးဆရာ ကိုတင်ဦး ကို သည်လိုပဲ ကြည့် နေကြ တော့မလား ... ဇနက္ကမင်းသား အား ပင်လယ်ဗွေ ၊ ငါး ၊ ငါးမန်းများ အကြား မှ မိထိလာ ကျောက်ဖျာ ထက် သို့ မေခလာ အား ပို့ဆောင် စေခဲ့သော် ကိုတင်ဦး တစ်ယောက် ကို တော့ ယုတ်စွအဆုံး လမ်းမ ပေါ် မှ ပိုက်ဆံ တစ်မူး လောက် ကောက် တွေ့ လိုက်ပါစေတော့ လား ... ထို ပိုက်ဆံ တမူး နှင့် ကား စီး၍ အိမ် သို့ ပြန် နိုင်ပေမည် ။

လေးကန်စွာ လျှောက် လာရာ မှ သူ သည် ပိုးမျိုးရှစ်ဆယ် တို့ ၏ တော်လှန်မှု ကို မခံမရပ်နိုင် တော့သည့် အဆုံး မှာ ရပ် နေလိုက်ရပေတော့သည် ။ သူ သည် ဗိုက် ကို ထောက် ထား ရပေသည် ။

“ ကျွတ် - ကျွတ် - ကျွတ် ... ”

ခံရခက်၍ သူ တိုးတိုးကလေး ညည်းညူ နေသည် ။

ထိုစဉ် လမ်းဘေး ခပ်လှမ်းလှမ်း တောင်ကုန်းကလေး တစ်ခု ပေါ် မှ တိုက်အတွင်း က ရေဒီယိုသံ သည် ပြန့်လွင့် လာပေသည် ။ 

“ ရွှေဘုန်းတော် တိုးပါလို့ ငွေမိုးတွေ ရွာ ”

ဗိုက် ကို ထောက်ထားသော လက် ကို ရုပ် ၍ သူ သည် နား နှစ်ဖက် ကို လျင်မြန်စွာ ပိတ် ထားလိုက်ရပေသည် ။

ငွေ အရင်း ရဲ့ ယဉ်ကျေးခြင်း ညလယ် မှ ပဒေသရာဇ် ဘုန်းရှင် ကံရှင်များ ကို လွမ်းဆွတ်တသ နေသေးတုန်းပဲလား ။

ထိုအခိုက် မီးနှစ်ပွင့် သည် ရုတ်တရက် ဝင်းခနဲ လက် ၍ သွားကာ ကျွီခနဲ အသံ တစ်ခု ကို စူးခနဲ ကြား လိုက်ရပြီး နောက် ကိုတင်ဦး သည် နား နှစ်ဖက် ကို ပိတ် ၍ ရပ် နေရာ မှ ခပ်လှမ်းလှမ်း သို့ လွင့်စဉ် ကာ လဲ ကျ သွားလေသည် ။

“ ကျွတ် - ကျွတ် - ကျွတ် ... ”

ဘေး ထဲ က လည်း ခပ်အောင့်အောင့် ။

ကား ရှေ့ခန်း မှ ဒရိုင်ဘာ သည် ဆင်း လာသည် ။ 

“ ဟွန်း ဒါလောက် ပေးတာ ကို မှ မင်း မကြားဘူးလား ”

ဒရိုင်ဘာ သည် သူ့ အား ကြိမ်းဝါး လိုက်ပေသည် ။

သူ သည် ဒရိုင်ဘာ အား ထူးဆန်းစွာပဲ လဲကျ နေရာ မှ မော်၍ ကြည့်နေသည် ။

“ မင်း မကြားဘူးလား ” တဲ့ ။ ဘယ်လောက်များ စော်ကားနှိပ်ကွပ် လိုက်သလဲ ..

“ မင်း ” ဟူသော နာမ်စား ကို ဘာ့ကြောင့်များ သုံး နေရပါလိမ့် ။ “ ခင်ဗျား ” ဆိုရင် ကော ဘာဖြစ် သွားဦးမှာမို့လဲ ...

သူ ရဲ့ မွဲခြောက် မှေးမှိန် နေသော အပေါ်ယံ ကာရန်နှစ်ပိုဒ် မှ တြိချိုး ၏ နိဂုံးအပိုဒ် ကို ဒရိုင်ဘာ သည် မိုက်မဲစွာ အုပ် ထည့်လိုက်ခြင်းနှင့် တူပါသည် ။

“ မင်း တို့ လို လူမျိုး တွေ ကြောင့် တို့ ဒရိုင်ဘာ တွေ နံမည် ပျက်ရတာ ”

ဒါရိုင်ဘာ က ဆက်လက် ကြိမ်းဝါး နေပေသည် ။

သည် အထိ လည်း ကိုတင်ဦး သည် လဲ ရာ မှ မထ ၊ ဘာမှ လည်း ပြန်၍ မပြောသေးပါ ။

ကား နောက်ခန်း တံခါး သည် ပွင့် ၍ လာ ကာ အသက် အစိတ် နှင့် ၃ဝ ခန့် မိန်းမပျို တစ်ယောက် သည် လက် ထဲ မှ ဝတ္ထုစာအုပ် တစ်အုပ် ကို ကိုင် ရင်း ဆင်း လာ လေသည် ။ မိန်းမပျို မှာ တော်တော် ပြေပြစ်ချောမော ၍ ကျက်သရေ ရှိလှသည် ။ ပိုး ၊ ဖဲ ၊ စိန် ၊ ရွှေ တို့ သည် တလက်လက် တဖိတ်ဖိတ် တောက် နေပေသည် ။

“ ဘာတဲ့လဲကွဲ့ မောင်ဝင်း ရယ် ”

မိန်းမပျို က ဒရိုင်ဘာ နောက် မှ နေ၍ မေး လေသည် ။

“ ဘယ်လို ကောင်စားမှန်း လဲ မသိပါဘူး မမလေး ရာ ”

ဒရိုင်ဘာ သည် သူ့ မမလေး အား ကားတိုက် ခံရသူ ကို နှိပ်ကွပ် ပြောဆို၍ သံတော်ဦး တင် လိုက် ပေသည် ။ 

“ ဘယ်မှာ တိုက်မိ သွားသေးသလဲ ကွဲ့ ၊ ဒဏ်ရာ ကော ဘယ်မှာ ရ သွားသလဲ ”

မိန်းမပျို သည် လဲ နေသော ကားတိုက်ခံရ သူ အား တစ်ချက်မျှ လှမ်း ကြည့်ရင်း မေး လိုက်လေသည် ။

သတိရ လာ သကဲ့သို့ လဲကျ နေရာ မှ ကိုတင်ဦး သည် အားယူ ၍ ထ လိုက်သည် ။ သူ သည် ဒရိုင်ဘာ နှင့် မိန်းမပျို ကို တစ်ချက်မျှ စီ ကြည့် ပြီးနောက် စတူဒီဘေကာ ကားသစ်ကြီး ကို လည်း တစ်ချက် မျှ လှမ်း ၍ ကြည့် လိုက်သည် ။ 

“ ရွှေဘုန်းတော် တိုးပါလို့ ငွေမိုးတွေရွာ ”

တောင်ကုန်းပေါ်က တိုက် အတွင်း မှ ရေဒီယို သံ သည် ပဒေသရာဇ် ခေတ်ဟောင်း ကို တစ်ပတ် ကျော့ ၍ နေ လေသည် ။

“ မင်း ဘာပြောချင်သေးလဲ ဟေ့ ”

အလုပ်အကျွေး ဒရိုင်ဘာ က သူ့ အား ငေါက်ဆတ်ဆတ် မေး လိုက်ပေသည် ။

ကိုတင်ဦး သည် တကယ့် ပညာတတ် ပီသစွာ ယဉ်ကျေးမှု ရဲ့ အပြုံးသစ် ကို သူ့ မျက်နှာ တွင် ဖော်ပြ လိုက်သည် ။ 

“ ကျွန်တော် တောင်းပန်ပါတယ် ခင်ဗျာ ”

သည် ဟာ ပဲ သူ က ပြော လေသည် ။

ဒရိုင်ဘာ သည် မျက်စောင်း ထိုး ၍ သူ့ ကို ကြည့် နေသည် ။ ဒါပေမဲ့ တော့ ဘာမျှ မပြော ။

“ ဘယ်မှာများ ထိ သွားပါသေးသလဲ ”

မိန်းမပျို သည် ဒရိုင်ဘာ ရှေ့ သို့ ကျော် တက်လာပြီး နောက် ၊ သူ့ ကို မေး လေသည် ။ မ သတ္တဝါ ဖြစ် သဖြင့် ကြင်နာသော အမူအရာ မှာ စိုးရိမ်မှု ဖြင့် ရောယှက် ပေါ်လွင် နေပါသည် ။ 

“ ကိစ္စ မရှိပါဘူး ခင်ဗျာ ”

မိန်းမပျို ကို အငေးသား ကြည့်ရင်း သူ က ပြော လိုက်ပေသည် ။

မိန်းမပျို သည် ကိုတင်ဦး အား အထူးအဆန်း သဖွယ် ကြည့် နေရင်းက တစ်စုံတစ်ခု ကို သတိ ရလာ သကဲ့သို့ ကား ဆီ သို့ ချာခနဲ လှည့် သွားပြီး ကား ထဲ မှ ပိုက်ဆံအိတ် ကို ဖွင့် ကာ ငွေစက္ကူ တစ်ကျပ်တန် တစ်ချပ် ကို ထုတ် ယူ လိုက်သည် ။ 

မိန်းမပျို သည် ကိုတင်ဦး ဆီ သို့ လျှောက် လာသည် ။

“ ရော့ ရှင် သုံးချင်တာ သုံးဖို့ ”

မိန်းမပျို သည် သူ့ အား ငွေ တစ်ကျပ် ကို ပေး နေ သဖြင့် သူ က လည်း ဘာကြောင့်မှန်း မသိဘဲနှင့် မိန်းမပျို လှမ်း ပေး နေသော ငွေ တစ်ကျပ် ကို အမှတ်တမဲ့ လှမ်း ယူကာ မိန်းမပျို ရဲ့ မျက်နှာ ကို လှမ်း ကြည့် နေမိပါသည် ။ 

“ သွားမယ် ဟေ့ မောင်ဝင်း ”

မိန်းမပျို သည် ဒရိုင်ဘာ အား အမိန့် ပေးပြီး နောက် ကား ဆီ သို့ ချာခနဲ လှည့်ကာ တက် သွား လေသည် ။ ဒရိုင်ဘာ က လည်း သူ့ အား မျက်စောင်း တစ်ချက် ထိုး ကြည့် ကာ ကား ပေါ် သို့ တက် သွား လေသည် ။ 

ကိုတင်ဦး သည် ငွေ တစ်ကျပ် ကို အထူးအဆန်း သဖွယ် ကြည့် နေရာမှ ကား ရဲ့ နောက်ခန်း ထဲ မှ မိန်းမပျို ကို လှမ်း ၍ ကြည့် လိုက်မိ ပေသည် ။ မိန်းမပျို သည် ကား ရဲ့ နောက်ခန်း ထဲ မှာ ဝတ္ထု စာအုပ် ကို စူးစိုက် ဝင်စားစွာ ဖတ် နေပါပြီ ။ 

သူ သည် ကား အနီး သို့ ဖြည်းညင်းစွာ လျှောက် လာပြီး မိန်းမပျို ဖတ် နေသော ဝတ္ထု ရဲ့ အဖုံး ကို အမှတ်မဲ့ ကြည့် လိုက်သည် ။ 

“ ရွှေဥသြ ” ရေး “ မုန်တိုင်း ထဲ က လူ ”

ကိုတင်ဦး သည် သူ့ ဘဝ ကို အသာအယာ ပဲ ပြုံး လိုက်မိ ပေသည် ။

“ မုန်တိုင်းထဲက လူ ... ပါတဲ့ ၊ ရွှေဥဩ ... ရေး ”

တိုးတိုးပင် သူ ပြော နေလေသည် ။

ထိုစဉ် စတူဒီဘေကာ ကားကြီး သည် စက် နှိုး ကာ “ မုန်တိုင်း ထဲ က လူ ” ဝတ္ထု ကို စူးစိုက် ဝင်စားစွာ ဖတ် နေသော မိန်းမပျို ကို ခေါ်ဆောင်၍ သွား ပေသည် ။ ကိုတင်ဦး သည် စတူဒီဘေကာ ကားကြီး ကို မျက်စေ့ တစ်ဆုံး မျှော် ကြည့် ရင်း ကျန်ရစ်ခဲ့ရာ ကားကြီး ကို မမြင်ရတော့ မှ ဦးခေါင်း ကို ဖြည်းညင်းစွာ ခါ လိုက်ရင်း သူ့ လက် ထဲမှ ငွေကလေး တစ်ကျပ် ကို ငုံ့ ကြည့် မိလေသည် ။

ငွေ ကလေး တစ်ကျပ် ကို ဝမ်းနည်းပက်လက် ကြည့် ရင်း သူ ပြုံး လိုက်ပါသည် ။

“ ရှင် သုံးချင်တာ သုံးဖို့ ” ပါ တဲ့ ၊ တိုးတိုးကလေး သူ ပြောနေသည် ။

သူ သည် ငွေကလေး တစ်ကျပ် ကို ဝမ်းနည်းပက်လက် ငုံ့ ကြည့် နေရာ မှ ကြေမွ သွားအောင် ဆုပ်ကိုင် လိုက် ပြီးနောက် တစ်ယောက် တည်း ဟက်ဟက်ပက်ပက် ရယ်မော ပစ် လိုက် လေသည် ။

“ သုံးချင် တာ သုံးဖို့တဲ့ လား ”

သူ သည် ငွေ တစ်ကျပ်တန် ကို လွှင့် ပစ် လိုက်ရင်း ရယ်မော နေတုန်း ပင် ဖြစ်သည် ။

ဘယ်သူ ပဲ ငတ် လို့ ‌ေ သ‌ေ သ ၊ ကားတိုက် လို့ ပဲ ‌ေ သ‌ေ သ ၊ ဘာဖြစ်တာလိုက်လို့  ...

အို ... နောက်ဆုံး လ မသာ လည်း နေပါစေ ...

ရန်ကုန် ရဲ့ ည က တော့ ငွေရောင် တောက် နေပါလိမ့်မည် ။ 

◾ဗန်းမော်တင်အောင် ( ၁၉၄၉ )

📖 ၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment