❝ တစ်ညတုန်းက ❞
⎯⎯⎯⎯⎯⎯⎯
သိန်းဖေမြင့်
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
( ပထမပိုင်း )
လဆန်း ၁၂ ရက်နေ့ ည တွင် ပေါ်ထွက်လာသော လမင်း သည် တပေါင်းလ ၏ မင်းလွင်မြူမှောင် တွင် ငွေရောင်ခြည်များ ဖြန့်ဆင်း နေသည် ။ လရောင် ပက်ဖျန်းအပ်သော မြူမင်းလွင် တို့သည် ထူးထွေသော ပသာဒ တစ်မျိုး ကို ဆောင်လျက် ရှိသည် ။ ထိုလရောင် အောက်တွင် ဆိတ်ငြိမ်စွာ တည်ရှိ နေသော သုသာန်ပြင် သည် လည်း အိပ်မက် ထဲ ၌ မြင်တွေ့ နိုင်သော ရှုမျှော်ခင်းကလေး ကဲ့သို့ တစ်မျိုးအားဖြင့် သာယာ နေလေသည် ။ ဂူကလေးများ လည်း ပြာလဲ့သော အနောက်မျက်နှာ ကောင်းကင်ပြင် ကို ကျောခံကာ ဖြူဖြူဖွေးဖွေး စီတန်းလျက် ရှိကြလေ၏ ။ သင်္ချိုင်း တောင်ဘက် ရှိ ထနောင်းပင်ကြီး သည် ကား ကိုယ်တုံးလုံး နှင့် လူကြီး တစ်ယောက် ဘီလူး က နေသောပုံ နှင့် တူလေ၏ ။ ဇရပ် ၏ သွပ်မိုးသည် ကောင်းကင် နှင့် တစ်သွေးတစ်ရောင် တည်း ရှိနေ၏ ။
သုသာန် ။ ရှေးအခါက ကြောက်မက်ဖွယ် ၊ ငြီးငွေ့ ဖွယ်ကောင်းလှသော အရပ် သည် ယခု ည ၌ သာယာနေသည် မှာ အံ့သြဖွယ်ကောင်း၏ ။
သို့သော် ထိုမျှ သာယာသော သုသာန် သည် တင်မေ ၏ စိတ် ကို မညိုနိုင် ။ တင်မေ ၏ စိတ် သည် ပတ်ဝန်းကျင် လောကဓာတ် တွင် မရှိ ။ ၎င်း ၏ ရှေ့တွင် ရှိသော ဂူကလေး အတွင်း သို့ သာ ဝင်ဆံ့နေ၏ ။ သူ သည် သုသာန် ၏ ကြောက်ဖွယ်သော ဘဝ ကို လည်း မတွေးမိ ။ သာယာသော ရှုမျှော်ခင်း ကို ကြည့်မျှော် ခံစားရန် ကို လည်း သတိ မရ ။ လောကကြီး တွင် အဖိုး အတန်ဆုံးသော ရတနာ တစ်ခု သိုမှီးထားရာ ထို ဂူ သည် သာ တင်မေ ၏ စိတ် ကျက်စားရာ ဖြစ်နေတော့၏ ။
ဂူတွင်း ၌ လျောင်း နေသော ရတနာ ကား မည်သူပါနည်း ။
တင်မေ သည် ဤ မနုဿဘုမ္မိ ဒုက္ခဘုံကြီး တွင် အားကိုးရာမဲ့ ရှာသော မုဆိုးမကလေး ဖြစ်ရှာလေပြီ ။ တင်မေ သည် ၎င်း၏ ရှေ့ဖြစ်များ ကို ကြိုတင်၍ တွေးမိလျှင် သူတို့ လင်မယား သည် ရှေ့က နှစ်ဘီးတပ် လှည်းယဉ် နှင့် တူသည် ဟု သဘောရမိ၏ ။ ယခုမူ တစ်ဘီး ပြုတ်သွားပြီး ပျက်စီး သွားပြီ ဖြစ်ရကား တစ်ဘီးတည်း နှင့် လှည်းယဉ် ကို ကောင်းစွာ သွားရန် မည်သို့ မောင်း ရမည်ကို မတွေးဝံ့အောင် ရှိလေ၏ ။ သို့ကြောင့် တင်မေ သည် ရှေ့ အဖို့ကို မစဉ်းစားသေးဘဲ သွားလေသူ ခင်ပွန်းသည် မောင်စံညွန့် ၏ ဂုဏ်ဂုဏေး နှင့် နာမဝိသေသန အမျိုးမျိုး ကိုသာ ဆင်ခြင် အောက်မေ့နေတော့၏ ။
စံညွန့် သည် အသက် သုံးဆယ့်နှစ်နှစ် မျှ နှင့် လူ့ဘဝ ကို အဆုံးသတ် ရှာရ၏ ။ တင်မေ ကား အသက် ၂၇ နှစ် တွင် မုဆိုးမ ဖြစ်၍ ကျန်ရစ်ခဲ့ရှာ၏ ။
စံညွန့် ၏ အလောင်း သည် ရွာ မှ စွန့်ပစ် လိုက်သဖြင့် ဤ ဂူ သို့ ရောက်ခဲ့ရှာ၏ ။ စံညွန့် ကား မှောင်လှစွာသော ဂူတွင်း ၌ အဖော် ကင်းမဲ့စွာ လဲလျောင်း ရှာချေပြီ ။ လူ အလာ နည်း သော သုသာန် တွင်း ၌ စွန့်ပစ်ခြင်း ခံရလေပြီ ။ ကမ္ဘာ့အလင်းရောင် ကို မခံစား ရရှာတော့ပြီ ။ ထိုသို့လျှင် တင်မေ သည် တွေးတော ပူပန်လေ၏ ။
တင်မေ သည် လက် မှ ပါလာသော အထုပ် ကို ဖြေ၏ ။ ဘန်ကောက် လုံချည် ကို ရှေးဦးစွာ ယူ၍ ဂူ ပေါ်၌ လွှမ်း၏ ။ လွှမ်းသော ခဏ၌ သူ ၏ အဆွေးဓာတ်သည် လျော့ပေါ့ လာ၏ ။ သူ သည် ဘန်ကောက်လုံချည် ကို ဝတ်ထားသော စံညွန့် ကို ကောင်းစွာ မြင်နိုင် ၏ ။ ထို့နောက် မဟာညွန့် ပိုးလုံချည် ကို လွှမ်းပြန်၏ ။ ထို လုံချည် သည် စံညွန် ၏ သွားပုံ လာပုံ ၊ စံညွန့် ၏ ခေါင်းပေါင်း ၊ စံညွန့် ၏ ပြုံးပုံရယ်ပုံများ ကို တင်မေ ၏ ဉာဏ်မျက်စိ တွင်းသို့ ဆောင်ကြဉ်းလာလေ၏ ။ တရွှမ်းရွှမ်း နှင့် ပိုးလုံချည်သံ ကို ကြားယောင်ယောင် ရှိနေ၏ ။ အခြား လုံချည်များ ကို အခေါက်လိုက် ဂူ ခြေရင်းမှာ တင်ထား၏ ။
ဂူ၏ ဝဲဘက်၌ ဒူးတုပ်ကာ ထိုင်လေ၏ ။ ရှင်မီးအင်္ကျီ အိတ် ထဲမှ လက်စွပ် တစ်ခု ကို ထုတ်ယူ၍ သည်နေရာ မှာဖြင့် သူ့ လက် ရှိ ကောင်းရဲ့ဟူသော အမှတ်ဖြင့် လက်စွပ် ကို ချထား လေ၏ ။ သူ လုပ်ရန် ကြံရွယ်ထားသမျှ လုပ်၍ ပြီးလေပြီ ။ ဂူ ပေါ် တွင် လက် တင်ကာ ပြန်ရန် စဉ်းစား၏ ။ မျက်ရည်များ အဖြိုင်ဖြိုင် ကျဆင်း လာလေ၏ ။ “ အမယ်လေး ကိုစံညွန့် ရဲ့ အီး အီး အီး ” ဟု အသံ ထွက်အောင် ငိုကာ ဂူ ကို ဖက်လေ၏ ။ ဂူ ကို ဖက်ရသည် မှာ ကိုစံညွန့် ကို ဖက် ရသည် ဟု အယူ ရှိလေ၏ ။
တင်မေ ၏ စိတ်ကူးဉာဏ် သည် မိမိတို့ လက်ထပ်ပြီး ခါစ အချိန် သို့ ရောက်သွားပြန် လေ၏ ။ ထိုစဉ်က ချစ်စနိုး ဖြင့် ကျီစယ် ကာ ပါး ကို လိမ်ဆွဲ လိုက်သော စံညွန် ၏ လက်ရာကလေး ကို ယခုတိုင် အမှတ်ရ ရှာသေး၏ ။ ထိုစဉ်က အလွန်အကြူး ချစ်လှ သဖြင့် စံညွန့် က “ ဒီဘက် တိုး စမ်းပါကွဲ့ ” ။
တင်မေ က “ ဘာလုပ်မလို့လဲ ” ၊ စံညွန့် က “ ဘာလုပ် လုပ်ကွာ ” ဟု ပြောပြီး အလကား နေရင်း ဖက်ထားသည်များကို တသလွမ်းဆွတ် မိလေ၏ ။ ညားကြသည့် နေ့က စ၍ သေသည့် တိုင် စံညွန့် သည် မိမိ အား အမြဲချစ်သောလင် ၊ မိမိ အား စောင့်ရှောက်သော အစ်ကို ၊ စံညွန့် သည် ပင် မိမိအား ဆုံးမသွန်သင်သော ဆရာ ဖြစ်ခဲ့၏ ။ တင်မေ သည် ဆို၍ ဆို၍ လာလေ၏ ။ “ အမယ်လေး ကိုညွန့် ရဲ့ ၊ အို … ဦးညွန့်ကြီး ရဲ့ ၊ ဘယ်သူ့ ယုံလို့ ပုံအပ်သွားတာလဲ ၊ ကျွန်မ ဘယ်လို နေရစ်ခဲ့ရမလဲ ၊ ကျွန်မ မနေဘူး ၊ လိုက်ခဲ့မယ် ” ဟု အသံ ထွက်၍ ငိုပြန်လေ၏ ။
တင်မေ သည် မယား အဖြစ် ရှစ်နှစ်မျှ ကြာခဲ့သော်လည်း အအိုရုပ် လုံးလုံး မဆောင်ချေ ။ အသားအရေ မှာ စိုပြည်ဝဖြိုး၏ ။ တင်သား ရင်သားတွေ တောင့်တင်း၏ ။ နဖူးရေ ဒူးရေ မတွန် ။ ပါးနှစ်ဖက် လည်း ဖောင်းကြွစိုနီ တုန်း ရှိသေး၏ ။ မျက်နှာ ၏ လှပခြင်းသည် လည်း အမြဲပင် တည် နေလေ၏ ။ ထိုတွင် သမီးသား မရှိ သဖြင့် တစ်ကြောင်း ၊ မိုး လင်းလျှင် သူ့ ကိုယ် သူ ဖြီးလိမ်းဝတ်ဆင်ခြင်း အလုပ် ကို ပထမဆုံး အလုပ်တာဝန် ထားသဖြင့် တစ်ကြောင်း ထို အကြောင်းတို့ ကြောင့် အပျိုဘဝ က တင်မေ ၏ တန်ဖိုး နှင့် အအိုဘဝက တင်မေ ၏ တန်ဖိုး လွန်စွာ မခြားနားလှပေ ။ ထို့ကြောင့် လည်း စံညွန့် သည် မလျော့သော ချစ်ခြင်းဖြင့် တင်မေ အား ချစ်ခဲ့ကြင်နာခဲ့ မြတ်နိုးခဲ့လေသည် ။ ထိုသို့ ချစ်ခင်ကြင်နာ မြတ်နိုးသော လင်မျိုး ကို တင်မေ သည် တစ်သက်တွင် ရတော့မှာ မဟုတ်ပါဘူး ဟု အောက်မေ့လေ၏ ။ မိမိ မှာ အသက်ရှင် နေသော်လည်း ဘဝ ဆုံးပြီ ဟု ယူကျုံးမရ ရှိလေ၏ ။
ဂူ ကို ကျောမှီ၍ ငိုပြန်၏ ။
••••• ••••• •••••
( ဒုတိယပိုင်း )
သင်္ချိုင်းကုန်း အနောက်ဘက် ကပ်လျက် ရှိသော ပြောင်းရိုးစင် အောက် တွင် ဖဲဝိုင်း တစ်ဝိုင်း ရှိလေ၏ ။ သာဒင် သည် ဖဲဝိုင်း ၌ ပြောင်အောင် ရှုံး သဖြင့် နောက်ထပ် ရိုက်ရန် ငွေ ရှာဖို့ စိတ်ကူးသည်မှာ “ ငါ ငွေ ၁၅ ကျပ် လောက် တော့ အဖျင်းဆုံး ရဖို့ လိုတာပဲ ။ ဘယ် သွား ရှာရပါမလဲ ။ အချိန် ကလည်း တော်တော် ညဉ့်နက်ပြီ ။ ဆယ့်တစ်နာရီ လောက် ရှိတော့မယ် ။ ကဲလေ ... ရွာ ထဲ သွားမှပါပဲ ။ ဟိုကျမှ တော်သလို ကြည့် စီမံရမှာပဲ ” ဟု တွေးတောရင်း သုသာန် တွင်း သို့ ရောက်လာလေ၏ ။ သုသာန် ကို ဖြတ်သွားသော လမ်းကလေး သည် လရောင် ၌ ရေစီးချောင်းကလေး နှင့် တူ နေလေ၏ ။ သာဒင် သည် ငွေ ရှာရေး ကို ရပ်ဆိုင်း၍ သင်္ချိုင်း ကို ကြည့်လေ၏ ။ သူ သည် သူ ၏ အသက် ၂၈ နှစ် အတွင်း သင်္ချိုင်း သို့ အခေါက်ပေါင်း များစွာ ရောက်ဖူး၏ ။ ည ည၌ သင်္ချိုင်းကို ကျော်ဖြတ် ဖူးသည် မှာ လည်း အကြိမ် များစွာ ရှိခဲ့လေပြီ ။ ရှေးရှေးအခါများ ၌ သုသာန် သည် သုသာန် သာဖြစ်၏ ။ ယခုအခါ မူကား သုသာန် သည် ပျော်ဖွယ် ကောင်းသော ဥယျာဉ်ကလေး နှင့် တူသလိုလို ထင်မိ၏ ။ သူ ၏ ခြေလှမ်းများသည် စိပ် လာလေ၏ ။ ဖြည်းညင်းစွာ လမ်းလျှောက် ရင်း သုသာန် ၏ ရှုမျှော်ခင်း ကို ကြည့်လေ၏ ။
သာဒင် သည်ကား ကျောင်းဆရာ ဖြစ်၏ ။ ဖဲ ရိုက်ခြင်းသည် ကျောင်းဆရာ ၏ တာဝန် တစ်ခု သဖွယ် သဘောထား ကာ သာဒင် သည် ဖဲ ကို အမြဲကစားလေ့ရှိ၏ ။ ဖဲရိုက် သဖြင့် လခ ကို ပေါင်ရသည် မှာ မကြာခဏ ဖြစ်ပေ၏ ။ သို့သော် ပူဆာမည့် မိန်းမ မရှိ သဖြင့် ဖဲ မည်မျှပင် ရှုံးရှုံး တာဝန် မလေးလှချေ ။ သူ သည် စာ ကိုလည်း အတော် ဖတ်သူ ဖြစ်၏ ။ စာဖတ်ခြင်း နှင့် ဖဲရိုက်ခြင်း သည် သူ ၏ အလုပ် နှစ်ခု ဖြစ်ပေ၏ ။
သာဒင် သည် လူသံ ကို ကြားရသဖြင့် ထိတ်သွား၏ ။ နာနာဘာဝများ ၏ အသံ လေ လောဟု တွေး၏ ။ သို့သော် သူ သည် နာနာဘာဝ ကို ကြောက်သူ မဟုတ် ။ အလွန် ယုံ သူ လည်း မဟုတ် ။ ထပ်မံ၍ နားစွင့်ပြန်၏ ။ လူ ငိုသံ ကြားရ၏ ။ နားထောင်၏ ။ ငိုသံ တွင် မက ရှိုက်သံပါ ရောလျက်ပါလာ၏ ။ မည်သူ့ အသံပေနည်း ။ သေပြီ ထင်၍ အမြှုပ် ခံရသော လူမမာ ၏ အသံလော ။ သေသူ ကို လွမ်းသဖြင့် တမ်းတသော အသံလော ။ သာဒင် သည် အသံ လာရာ သို့ မှန်းကာ ကပ်သွား၏ ။ နား တွင် အလွန်သာယာသော အသံပါတကား ။ ချွဲနွဲ့တီတာ သော ငိုသံပါတကား ။ ဘယ်မိန်းမ ၏ ငိုသံနည်း ။ “ အို… ကိုညွန့် ရဲ့ ။ ဟီး .. အသေစောလှ ချေရဲ့နော် ။ ကျွန်မ ကို ခေါ်လှည့်ပါ ၊ ခေါ်လှည့်ပါ ။ ကိုညွန့် မရှိတဲ့ လောကကြီး မှာ ဘယ်သူ့ အားကိုးပြီး ကျွန်မ နေခဲ့ရမလဲ ။ အိ အိ ” နှင့် ငိုသံ ကြားရသဖြင့် သာဒင် သည် မူမှန်သော အကြောင်း ကို သိရလေ၏ ။
“ မတင်မေ မတင်မေ ၊ သတိထားဦးမှပေါ့ဗျာ ” ဟု အကြီးဆုံးသော ကရုဏာသံ ဖြင့် တောင်းပန်လေလျှင် -
“ လင် တစ်ယောက်လုံး ဆုံး နေတာ ဘယ်လို လုပ်ပြီး သတိထားနိုင်မလဲ ကိုသာဒင် ရဲ့ ” ဟု အကြောင်းပြလေ၏ ။
“ လွမ်း ရင် နေ့ မှာ ဖြစ်ဖြစ် ၊ အဖော် နှင့် ဖြစ်ဖြစ် လာရောပေါ့ ။ ခုတော့ တစ်ယောက် တည်း ညကြီး လာတာကိုး ” ဟု ပြောရင်း တင်မေ ၏ မျက်နှာ ကို သေချာစွာ ကြည့်၏ ။ ဖြာစီးနေသော မျက်ရည်များ သည် လရောင် တွင် တောက်ပနေလေ၏ ။ မျက်ရည် ပြည့်နေ သော ဝိုင်းစက် ကြည်လင်သည့် မျက်လုံးများ နှင့် ကော့နေသော မျက်တောင်များသည် အလွန်တရာ ကြည်လင်သော ရေကန် အနီး တွင် အုန်းပင်ကလေးများ ပေါက် နေရာ၌ လှပ သကဲ့သို့ လှပစွာ ကျက်သရေ ဆောင် နေလေ၏ ။
“ အို … ကျွန်မ နေ့ တိုင်အောင် မစောင့်နိုင်ဘူး ။ အိမ်မှာ နေလို့ အို အို ( ရှိုက်လျက် ) မဖြစ်ဘူးရှင့် ။ ကျွန်မတို့ ဘယ်လောက် ချစ်တယ် ဆိုတာ ရှင် အသိသားပဲ ” ဟုပြောပြီး မျက်ရည် တွေ စီးကျ လာလေ၏ ။ သာဒင် သည် လူတစ်ဦး ၏ မျက်လုံး အောက်ထဲ၌ မျက်ရည် ထိုမျှ များပြားသည်ကို အံ့သြလျက် ရှိလေ၏ ။
“ သိပါတယ် မတင်မေ ရယ် ၊ ဘယ်လောက် ချစ်တယ် ကြင်နာတယ် ဆိုတာ သိပါတယ် ။ သို့ပေမဲ့ တစ်ခု အစီရင်ခံပါရစေနော် ။ မတင်မေ သဘောကျ လျှင် လည်း လိုက်နာတာပေါ့ ။ သဘောမကျ လျှင် လည်း ပြောတဲ့ စကား ပယ်ရုံပေါ့ ။ ကဲ ... မသေခင် က ကြင်နာကြ ချစ်ကြလို့ ၊ သေသွားတော့ ကျန်ရစ်သူ က ပူဆွေးတသတယ် ဟုတ်လား ” ဟု ကိုသာဒင် သည် စကား ကြောင်းလေ၏ ။
“ ပူတာပေါ့ ကိုသာဒင် ရယ် ၊ လွမ်းလိုက်တာလည်း မပြောနဲ့တော့ ”
“ ဒီတော့ ပူလို့ ၊ လွမ်းလို့ ၊ ဆွေးလို့ ငိုတယ်ဟုတ်လား ။ ဟော ... ဟောဒီက မတင်မေ ငိုတာတွေ ကြောင့် ၊ ပူတာတွေ ကြောင့် ကိုစံညွန် ပြန်ပြီး အသက်ရှင် လာမယ် ဆိုရင် ကျွန်တော် လည်း ကူငိုပါ့မယ် ။ တသငိုကြွေး လို့ အသက် လည်း ပြန် ရှင်မလာဘူး ဟုတ်လား ” ဟု စကား ပြောရင်း ဂူ ကို မှီလျက် မတ်တတ်ရပ် နေလေ၏ ။
“ ဟုတ်တော့ ဟုတ်တာပေါ့ ။ သို့ပေမဲ့ ပြန်မလာပေမဲ့ မငိုဘဲ မနေနိုင်ဘူး ” ဟု ပြော ကာ မျက်ရည်များ ကို အင်္ကျီလက် ဖြင့် သုတ်၏ ။
“ မတင်မေ ... ထမင်း စားတာ ဘာလို့ စားသလဲ ။ အသက်ရှင်ချင်လို့ မဟုတ်လား ”
“ ဟုတ်ကဲ့ ”
“ မတင်မေ အိပ်တာ ကျန်းမာရွှင်လန်းအောင် လို့ မဟုတ်လား ”
“ ဟုတ်ကဲ့ ”
“ မတင်မေ ဟာ နဂိုကပဲ ဘယ်လောက် ချောချောလှလှ အဝတ်တန်ဆာ ဆင်တာ ဘာလို့လဲ ။ တင့်တယ် ဖွယ်ရာအောင် မဟုတ်ဘူးလား ။ ဒီတော့ ဘယ်အရာ မဆို အကျိုး ရှိမှ မတင်မေ လုပ်တယ် ။ အခုတော့ ငိုတယ် ၊ ဘာအကျိုး ရှိသလဲ ။ ကိုစံညွန့် လည်း ပြန်မရှင် လာ ။ အကျိုး မရှိဘဲနဲ့ ငိုတယ် ။ မတင်မေ မှာ အရာရာမယ် အကျိုး ရှိ မှ လုပ်ပါလျက် နှင့် ဒီနေရာ မှာ မှ အကျိုး မရှိတာ လုပ်လေခြင်းဗျာ ” ဟု တည်ကြည်သော မျက်နှာနှင့် တင်မေ အား စိုက်ကြည့်ရင်း ပြော၏ ။
တင်မေ ၏ စိတ်သည် ပြောင်းသွား၏ ။ အစက စံညွန့် ကို သာ စိတ်ပုံ၍ ထား၏ ။ မိမိ ကိုယ်ကိုပင် သတိမေ့ခဲ့၏ ။ ယခုမူ သာဒင် ၏ ချီးမွမ်းစကား ကြောင့် မိမိ ကိုယ် ကို မိမိ အမှတ် ရ တော့၏ ။ ငါ သည် လှပသော မိန်းမ တစ်ယောက်ကလား ဟူသော အစွဲ သည် ယခုမှ ပြန်လည်၍ သူ့ စိတ်တွင်းသို့ ဝင်လာလေ၏ ။ ဤကား ပထမဆုံး အကြိမ် စံညွန့် ကို မေ့၍ သွားခြင်းဖြစ်၏ ။ “ ငါ သည် အကျိုးမရှိဘဲ လုပ်တာ ဟုတ်သလား ” ဟု မေးခွန်း ထုတ်၏ ။ ဟုတ်သည် ဟု ကိုယ်တိုင် ဝန်ခံ၏ ။ “ ဒါဖြင့် ငါ မငိုရတော့ဘူးလား ။ အို … မနေနိုင်ဘူး ။ ငါ ညံ့တယ် ” ဟု တွေးမိ၏ ။
“ သို့ပေမဲ့ ရှင် မငိုဘဲ မနေနိုင်ဘူး ။ လင် ကို ချစ်ရင် ၊ သစ္စာ ရှိရင် ငိုရမယ်လို့ ထင်တာ ပဲ ။ ကဲ .. ကျွန်မ မငိုဘဲ နေပါပြီတဲ့ ။ အများက ဒီကောင်မ ဟာ လင် ကို သစ္စာမဲ့လေခြင်းလို ပြောမှာပေါ့ ” ဟု ဂူ ကို လက်သည်း ဖြင့် ခြစ်၍ ပြောပြန်လေ၏ ။
“ ချစ်ရမှာ က ဘယ်သူ့ ကို ချစ်ရမှာလဲ ။ သစ္စာ က ဘယ်သူ့ အပေါ် ရှိရမှာလဲ ။ ကိုစံညွန့် အပေါ် မှာ မဟုတ်ဘူးလား လို့ ”
“ ဟုတ်ကဲ့ ”
“ ကိုစံညွန့် အပေါ် မှာ ဖြင့် ကိုစံညွန့် မှ မရှိတော့ဘဲ ။ ဘယ်လို လုပ်ပြီး ချစ်မလဲ ၊ သစ္စာ တည်မလဲ ။ ပမာဗျာ ။ မတင်မေ က ကျွန်တော့် ပခုံး ပေါ်မှာ လက်ကိုင်ပဝါ တင်ချင် တယ်ဆိုပါ တော့ …” ၊ တင်မေ သည် သူ့ ပခုံး ကို ကြည့်မိ၏ ။ ကြီးမားလှသော ပခုံး ဖြစ်သည် ။ “ ဟောဒီ ပခုံး မရှိရင် ဘယ်မှာ သွားထားမလဲ ။ စားပွဲ ပေါ် မှာ နာရီ တင်ချင်တယ် ။ စားပွဲ မရှိဘဲ နဲ့ သွား တင်ရင် ကျကွဲရုံပေါ့ မတင်မေ ရဲ့ ။ မရှိတဲ့ အရာ ပေါ်မှာ သွားပြီး မေတ္တာ ထားရင် သစ္စာ ဘယ်က လာ တည်မလဲ ။ မေတ္တာ ဘယ်က လာပြီး မြဲမလဲ ။ ဟုတ်တာပေါ့ ၊ ကိုစံညွန့် ရှိတုန်းက သစ္စာ ထား ခဲ့ပြီ ။ မေတ္တာ ညွှတ်ခဲ့ပြီ ။ အဲဒီတုန်းက မြဲတဲ့ မေတ္တာ က မှ အမှန် ။ အဲဒီတုန်းက ထားခဲ့တဲ့ သစ္စာ ကမှ အမှန် ။ နည်းမှန်တယ် ။ အဲဒီတော့ လူများ နားမလည် လို့ ကဲ့ရဲ့မှာ ကြောက်သလား ။ မြတ်စွာဘုရား က ဥပေက္ခာ ပါရမီ ကို ဖြည့်ရမယ်တဲ့ ၊ ကြားလား ။ ကျွန်တော့် ကို ဘုန်းကြီး လူထွက် လည်း မထင်ပါနဲ့ ”
တင်မေ သည် စံညွန့် သေကတည်း က ပထမဆုံး အကြိမ် ပြုံးခြင်းဖြင့် ပြုံးလေ၏ ။ “ ချီးမွမ်း ခုနစ်ရက် ၊ ကဲ့ရဲ့ ခုနစ်ရက်တဲ့ ” ဟု ပြောကာ ပြုံးသော တင်မေ အား စိုက်၍ ကြည့် ပြန်လေ၏ ။
“ အို ... ငိုတော့ ကိုစံညွန် ကြားသွား မှာပေါ့ ။ ကြားတော့ ဟို ဘဝ က နေပြီး ငါ့ မယား ဟာဖြင့် တယ်တော်ပါကလား လို့ သိမှာပဲ ” ဟု ပြောကာ စိုက်ကြည့် နေသော သာဒင် ၏ မျက်လုံးများ ကို မဆိုင်ရဲသည့် အလား မျက်နှာ ကို ငုံ့ထားလေ၏ ။
“ အဲဒါကို ငါးရာ့ငါးဆယ် နိပါတ် ထဲ က ဝတ္ထု တစ်ပုဒ် နဲ့ ယှဉ်ပြီး ပြောရဦးမယ် ။ နာမယ် မဟုတ်ဘူးလား ဒကာမကြီး ”
“ ဟုတ်ကဲ့ ၊ ပြောသာ ပြောပါ ။ အပူ ကုန်ရင်လည်း ကိုသာဒင့် ကျေးဇူးပေါ့ ”
“ ရှေးတုန်းက ဗာရာဏသီပြည် မှာ ဗြဟ္မဒတ်မင်းကြီး မင်းမူ သတဲ့ ။ မင်းကြီး မှာ အလွန် ချစ်မြတ်နိုးတော်မူတဲ့ မိဖုရား တစ်ပါး ရှိတယ်တဲ့ ။ မိဖုရား က သိပ်ချောပြီး သိပ်လှတယ်တဲ့ ။ ချောတယ်လှတယ် ဆိုတဲ့ စကားတော့ သိပ် ရိုးနေပါရော့မယ်လေ ။ မတင်မေ ဟာ ဒီ စကား နှင့် ခဏခဏ အချီးမွမ်း ခံရဖူးမှာကိုး ”
တင်မေ သည် ဒုတိယမ္ပိ ပြုံးလေ၏ ။
“ တစ်ခါတော့ ဒီ မိဖုရားကြီး ကွယ်လွန်ပါရော တဲ့ ။ ဘုရင်မင်းကြီး လည်း အလွန် ချစ်မြတ်နိုးတဲ့ မိဖုရားချော တစ်ပါး ကွယ်လွန်အနိစ္စ ရောက်တဲ့ အတွက် အလွန် ကို ကြေကွဲ ဝမ်းနည်းတော်မူတာပေါ့လေ ။ ဝမ်းနည်း ပြီးတော့ သူ့ မိဖုရားရုပ် ကို အမြဲ ရှုစားတော်မူလိုတာနဲ့ ပျားရည် စိမ်ပြီး မှန်ခေါင်း နှင့် ထည့်ထားတယ်တဲ့ ။ မိဖုရားကြီး နှင့် တူအောင် ရွှေရုပ်ကြီး တစ်ခု လည်း သွန်းလုပ်ထားပြီး ခဏခဏ ရှုစားတော်မူတယ်တဲ့ ။ ဒီအတွင်း မှာ ဘုရားအလောင်း ရသေ့ က မင်းကြီး နဲ့ တွေ့ ရော ၊ မင်းကြီး ကို ဒီလို တမ်းတ လွမ်းဆွတ်ဖို့ မလိုကြောင်း ၊ မထိုက်ကြောင်း ဆုံးမတယ် ။ ဆုံးမ လို့ မရဘူး ။ ဒီတော့ ရသေ့ကြီး က မင်းကြီး တဲ့ ၊ မင်းကြီးမိဖုရား ဘာဖြစ်နေတယ် ဆိုတာ သိချင်သလားတဲ့ ။ မင်းကြီး က သိချင်ပါတယ် ဘုရား ဆိုတော့ ၊ လာလိုက်ခဲ့ ဥယျာဉ် ကို လို့ ဆိုပြီး ခေါ်သွားရော ။ ခေါ်ပြီး ဘုရားလောင်းတန်ခိုး နှင့် မိဖုရားကြီး ဟောင်း ကို ခေါ်ယူတယ် ။ မိဖုရားကြီး ဟာ ဆင်ပိုးကြီး တစ်ကောင် ဖြစ်နေတာကိုး ။ ဘုရား အလောင်း ခေါ် တော့ နောက် က ပိုးဖို နဲ့ အတူ လိုက်လာတယ် ဆိုပဲ ။ ဘုရားအလောင်း က နောက်က ဘယ်သူလဲ လို့ မေးတော့ ပိုးမ က ကျွန်မ အရှင်သခင် လင်ရတနာ ပါတဲ့ ။ ( ဟဲ ဟဲ ခနဲ တင်မေ သည် ရယ်၏ ။ ) ဒီတော့ ရှေးဘဝ က သင် ဟာ ဘယ်သူလဲ တဲ့ ။ ဘုရား ကျွန်မ သည် ဗာရာဏသီမင်းကြီး ရဲ့ မိဖုရား ပါတဲ့ ။ ယခု မင့် လင်ပိုးဖို နဲ့ ဗာရာဏသီမင်းကြီး ကို ဘယ်သူ့ ပို ချစ်သလဲ မေးတော့ ပိုးဖို ကိုသာ ပို ချစ်ပါတယ် တဲ့ ။ ဗာရာဏသီမင်း ရဲ့ လည်ချောင်းသွေး ကို ဖောက်ပြီး သူ့ လင် ကို တိုက်ချင်ပါတယ် တဲ့ ။ ကဲ .. ဘယ့်လောက်များ ကြောက်ဖို့ ကောင်း သလဲ ။ မင်းကြီး ဟာ အလွန် အလွန် ဒေါပွပြီး နန်းတော် က ရွှေရုပ်ပုံ ရော ၊ ပျားရည်စိမ် တဲ့ အလောင်းကောင် ကိုရော အားလုံး ဓား နဲ့ စဉ်းပစ်သတဲ့ ။ ဒီတော့ မတင်မေ ... ”
“ ရှင် ... ၊ ပြောပါဦး ”
“ တစ်ချုံကွယ် တစ်မယ်မေ့ ဆိုတာ ဒီဟာမျိုး ခေါ်တာ ၊ တစ်သက်သေ တော့ နောက် ဘဝ က နေပြီး မေ့တာပဲ ။ ဒီက လူတွေ က သာ လွမ်းရစ်ရတာ ၊ သေသွားသူ က မလွမ်းဘူးဗျ ။ သူ့ ဘာသာ သူ ပျော်နေတာပဲ ။ ဒီတော့ မလွမ်းထိုက်ဖူး မဟုတ်လားလို့ ”
“ ဟုတ်မှာပေါ့လေ ”
“ ကဲ ... ကောင်းတာကို သွန်သင်ပြီးပြီဟာပဲ ။ မငိုနဲ့နော် ” ဟု တရားအဆုံးသတ်၏ ။
••••• ••••• •••••
( တတိယပိုင်း )
ကြက် တွန်သံ ကို ကြားရလေ၏ ။ မြောက်လေပြည်ကလေး တိုက်ခတ် လာလေ၏ ။ တင်မေ သည် သာဒင် ကို မော့ကြည့်၏ ။ သာဒင် အား ယောက်ျား ပီသသော ရုပ်ရည် ရှိသူ ဟု တွေးမိ၏ ။ သာဒင် အား ကြည်ညို လာလေ၏ ။ ၎င်း ၏ အဆွေး ကို ဖျက်နိုင်သော သာဒင် ကျေးဇူး အထူး တင်လာလေ၏ ။ အတော်ကြာအောင် ပင် ၎င်း ၏ မျက်စိများ ကို သာဒင့် ဆီမှ အခြားသို့ လွှဲမရနိုင်ချေ ။ သူ့ စိတ်၌ ဆန္ဒတစ်ခု ဖြစ်လာ၏ ။ ဤအခါကြီး ၌ မပေါ်ထိုက် ဟု သဘောထား ကာ ပယ်လိုက်လေ၏ ။ သာဒင် ကား ချစ်စိတ် ကို မွေးမြူ၏ ။ ကြီးပွားစေ၏ ။
“ ဗုန်း ” ခနဲ အသံကြီး တစ်ခု သည် ပေါ်လာလေ၏ ။ ထို အသံ သည် တင်မေ အား “ အမယ်လေး ” ဟု အော် ကာ သာဒင် ၏ လည်ပင်း ကို ထ ဖက် စေလေ၏ ။ သာဒင် သည် တင်မေ ၏ တစ်ကိုယ်လုံး ကို သိမ်းကျုံး ဖက်ထား လိုက်လေ၏ ။ တင်မေ သည် ယခုမှ ကြောက်တတ်သောသူ ဖြစ်လာလေ၏ ။
“ အို သိပ် မလန့်ပါနဲ့ ။ ဘာမှ မဟုတ်ပါဘူး ” ဟု သာဒင် က နာနာ ဖက်ရင်း ချောမော့လေ၏ ။
“ ဟိုမှာလေ တစ္ဆေကြီး ကိုသာဒင် ရဲ့ ၊ လုပ်ပါဦး ။ အမယ်လေး ကြောက်စရာကြီး ” ဟု အော်ကာ သူ့ ခေါင်း ကို သာဒင် ၏ ရင်ဝ တွင် မြှုပ်ထားလေ၏ ။ သာဒင် သည် သေချာစွာ ကြည့်သော အခါ နွားကြီး ဖြစ်ကြောင်း သိရလေ၏ ။ သို့သော် တင်မေ ကို ကား မပြောပြသေး ။
“ မကြောက်ပါနဲ့ ကွယ် ၊ ဒီက တစ်ယောက်လုံး ရှိသားပဲ ။ လာပစေ ၊ ရိုက်လွှတ်မယ် ” ဟု ပြော ကာ ဖက် မြဲ ဖက် ထားလေ၏ ။ သာဒင် ကား လောကကြီး တွင် ပျော်ဖွယ်အကောင်း ဆုံးသော အခါကြီး ဖြစ်သည် ဟု အောက်မေ့ မိလေ၏ ။ တင်မေ သည် လည်း စံညွန့် နှင့် ညားခါစ ၌ စံညွန့် ဖက်ရာ ၌ တွေ့ လေ့ရှိသော အရသာမျိုး ကို ပြန်လည် ခံစားနေလေ၏ ။
“ ရှိသေးလား ၊ ကိုသာဒင် ”
“ မရှိတော့ပါဘူး ၊ ကြည့်စမ်း ”
“ ဟုတ်သားပဲ ၊ မရှိတော့ဘူး ။ ကဲ …. ဖက်မထားပါနဲ့တော့ ၊ မကြောက်တော့ဘူး ” ဟု ရုန်းထွက်ရန် ကြိုးစား၏ ။
“ အို … နေပါဦး ၊ ကတိ တစ်ခု ပေးမှ လွှတ်မယ် ” ဟု သာဒင် က ပြော၏ ။
“ ဘာလဲ ၊ အဲဒီ ကတိ ကို ပြောပါ ”
“ တရား ဟောခဲ့လို့ ၊ နားဝင်လို့ ၊ သဘောပေါက်လို့ မို့ ကွယ်လွန်သူ ကို မလွမ်းတော့ ပါဘူး ၊ သူ့ အတွက် မငိုတော့ပါဘူး ဆိုတဲ့ ကတိ တစ်ခု ပေးရမယ် ။ ကိုစံညွန့် က ဖြင့် ဘဝ တစ်ပါး မှာ မယားငယ် နှင့် ပျော် နေရော့မယ် ၊ သူ့ မှာ ဖြင့် လွမ်းလိုက်ရတာ ။ ကိုစံညွန့် က ခုနေ ဂူ ထဲ မှာ အသားတွေ ရောင်ပြီး အရေတွေ က တစက်စက် နဲ့ ကျနေတော့မယ် ။ ပုပ်နံလှ ရော့မယ် ။ လောက်တွေ တဖွားဖွား နဲ့ နေတော့မယ် ။ ( တင်မေ သည် ရွံလာ သဖြင့် ကိုယ်တုန် သွားသည် ကို ပင် သာဒင် သတိပြုမိလေ၏ ။ ) ဟောဒီက မတင်မေကလေး က ဖြင့် ငိုလိုက် ရတာ မောလို့ ” ဟု ပြောပြီး မျက်ရည်များ တည်ခဲ့ရာ မျက်ဝန်း ကို လက် တစ်ဖက် ဖြင့် သုတ်ပေး ၏ ။ ဆံစများ ကို လက် ဖြင့် ညင်သာစွာ သပ်ပေးလေ၏ ။ လက် တစ်ဖက် ကား ဖက်မြဲ ဖက် ထား၏ ။ တင်မေ သည် ကလေး ကလေးဘကဲ့သို့ ငြိမ်သက်စွာ နေလေ၏ ။ အတန်ကြာသော် တင်မေ က -
“ ကဲ ... လွှတ်ပါတော့ ၊ ကတိ ပေးပါပြီ ”
“ မလွှတ်နိုင်သေးဘူး ၊ နောက်ထပ် ကတိ တစ်ခု ရှိသေးတယ် ”
“ အို .. နောက်ထပ် ကတိ က ဘာလဲ ”
“ အကျိုး မရှိတဲ့ လွမ်းမှုဆွေးမှု ကို ဖျောက်ပြီး ... ”
“ ပြီးတော့ ဘာလဲ ”
“ လောက်တွေ တဖွားဖွား စားနေတဲ့ ကိုယ်ကြီး ၊ ပုပ်ရောင် ဖူးပွနေတဲ့ ကိုယ်ကြီး အပေါ် မှာ ဟောဒီ စိုပြည်လှပတဲ့ ကိုယ် ကို အလွဲသုံးစား မပြုပါနဲ့ ။ အတူတူချင်း ဖြစ်တဲ့ လတ်ဆတ်တဲ့ အသား ၊ အားရှိတဲ့ လက်ရုံး ၊ သန်မာတဲ့ ကိုယ် ရှိတဲ့ ဟောဒီ လူ့ အပေါ် မှာ ကောင်းသော အသုံးချ ခြင်း ကို ပြုမယ် ဆိုတဲ့ ကတိပါပဲ ”
တင်မေ သည် ငေးပြီး မှိုင် နေလေ၏ ။ သာဒင် သည် တင်မေ ၏ ဆံစ ကို သပ်ပြီး “ ကဲ .. ပေးမှာလား ” ဟု နား နား ကပ်၍ မေး၏ ။
“ ခုနေ အခါကြီး ဘယ် ကောင်းမလဲ ကိုသာဒင် ရယ် ”
“ ဘာလို့ မကောင်းရမလဲ ။ လူများ ပြောမှာ မကောင်းတာလား ။ ပြောပြီး ပြီကော ။ ချီးမွမ်း ခုနစ်ရက် ၊ ကဲ့ရဲ့ ခုနစ်ရက် ပါပဲ ။ လောကကြီး မှာ ကိုယ် စိတ်တိုင်းကျ ဖို့ လိုတာပဲ ။ သူများ စိတ်တိုင်းကျ လိုက် လုပ်နေရင် ပျော်ဖို့ မရှိတော့ဘူး ။ ချစ်စိတ် ရှိရင် ဒီ ကတိ ပေးပါနော် ”
“ ကဲ ... လွှတ်ပါ ၊ အိုက်လှပြီ ။ လူတွေ မြင်ကုန်မှ ဖြင့် ”
“ ဟား ဟား ... သင်္ချိုင်းကုန်း ဘယ်သူ ရှိမှာမို့ လူ မြင်ရမလဲ ။ ကျုပ်တို့ ချည်းပဲဗျာ ။ စိုးရိမ် မနေနဲ့ ။ လွှတ်စေချင် ရင် ကတိပေး ”
“ ကဲ ... ချစ်ပါတယ် ၊ ကြိုက်ပါတယ် ။ လွှတ် ၊ အလျင်လို လိုက်တာ ။ ဒါထက် ရှင် ... ခု ဘယ်က လာတာလဲ ”
“ ဖဲရိုက် က လာတာပဲ ၊ အမှန် ပြောရတာကိုး ”
“ ဖဲသမား မကြိုက်တော့ဘူး ၊ သွားမယ် ”
“ မယ်မင်းကြီးမ ရယ် ၊ မလုပ်ပါနဲ့ ။ ဖဲ နဲ့ မယား ဘယ်ဟာများ စွန့်မယ် ထင်သလဲ ၊ ဖဲ ကို စွန့် မှာပေါ့ ။ ကိုယ် မှားတာပါပဲ ။ ကနေ့ ဖဲ ရိုက်လို့ လက်စွပ် ပေါင် ခဲ့ရတယ် ။ အပေါ် အင်္ကျီ ဆုံးခဲ့တယ် ”
“ မှတ် ၊ ကောင်းတယ် ၊ မိုက်ချင်တာကိုး ” ဟု ပြောကာ အရှိုက် ကို ခေါင်း နှင့် ထိုး လိုက်လေ၏ ။
“ တော်ပြီ .. တော်ပြီ ၊ လက်စွပ်ပြန်ရဖို့လိုတာပဲ ”
“ ကိစ္စ မရှိပါဘူး ။ နောက်သာ ဖဲထပ် မရိုက်နဲ့ ။ ဟောဒီမှာ လက်စွပ် ” ဟု ဆိုကာ စံညွန့် ၏ လက်စွပ် ကို ကောက် ပေးလေ၏ ။ “ ကဲ … ဒါတွေလည်း ယူခဲ့ ” ဟု ပြောကာ လုံချည် တွေ ကို သိမ်းယူကြလေ၏ ။
“ သွားကြစို့ ” ဟု ပြောကာ သာဒင် နှင့် တင်မေ တို့သည် တစ်ယောက် ခါး တစ်ယောက် ဖက်ကာ ရွာ ဆီ သို့ သွားကြလေ၏ ။
လမင်း သည် အနောက်ဘက် သို့ အတော် ယွန်းနေပြီ ။ လမင်းကြီး သည် ထို ‘ တစ်ညတုန်းက ’ အဖြစ်အပျက် ကို ယခုတိုင် အမှတ်ရလျက် ရှိသေး သတည်း ။
⎕ သိန်းနေနွယ်
📖 မြန်မာ့အလင်း
နှစ်သစ် မင်္ဂလာသတင်းစာ
ဧပြီ ၊ ၁၉၃၇
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment