❝ သာသူနိုင်တမ်း ❞
⎯⎯⎯⎯⎯⎯⎯⎯
ရန်ကုန်ဘဆွေ
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
အမှန်တော့ နွယ်သည် အလွန် စည်းကမ်းကြီးသော မိကောင်း ဖကောင်းတို့၏ တစ်ယောက် တည်းသော သမီး ဖြစ်သည် ။ နွယ်၏ဖခင်သည် နွယ် လူလားမမြောက်မီက ဆုံးပါးသွားခဲ့သော် လည်း နွယ်၏ မိခင်သည် နွယ်ကို တစ်ယောက်တည်းသော ဖတဆိုးသမီးကလေး ဟူ၍ ဘယ် အခါမျှ အလိုမလိုက် ။
နွယ်ကို အမြဲလိုလို ကွပ်ညှပ်ပြုပြင်လျက် မျက်နှာသာ ရွေးမျှမပေးဘဲ အစစ ဆိုဆုံးမခဲ့သည် ။
ဆုံးမသည်ဆိုရာ၌ ကိုယ်ထိလက်ရောက်လည်း ရိုက်နှက်ဆုံးမ၏ ။ နှုတ်ဖြင့်လည်း ချိုချို တစ်မျိုး ၊ ဆူဆူပူပူ တစ်လှည့် ဆုံးမ၏ ။ တစ်ခါတစ်ရံ လက်လွန် နှုတ်လွန် ဖြစ်၍ နွယ် စိတ်မချမ်းမြေ့ သည့်တိုင်အောင် နွယ်၏ မိခင်သည် အကြင်နာကင်းသူကဲ့သို့ တင်းတင်းမာမာနေလျက် နွယ် မသိသောနေရာ ၊ သို့မဟုတ် နွယ် အိပ်မောကျသော အချိန်မျိုးမှသာလျှင် နွယ်၏မျက်နှာကို တစိမ့်စိမ့်ကြည့်၍ မျက်ရည်ကျတတ်သည် ။
နွယ်သည် ဖတဆိုးသမီးအဖြစ်နှင့်. စည်းကမ်းကြီးလှသော မိခင်၏လက်ထဲ၌ ဤသို့ သေသေဝပ်ဝပ် ကျဉ်းကျပ်စွာနေရရင်းနှင့် အပျိုကြီးဖားဖား ဖြစ်လာရ၏ ။
သို့သော် နွယ့်အဖို့ အလင်းရောင်လေးတစ်ကွက် ရရှိခဲ့သည် ။ ထိုအလင်းရောင်သည် နွယ်၏အမြင်ဖြင့် အလွန်ရက်စက် တိကျသော မိခင်က ယခုအရွယ်ထိ ကျောင်းထားပေးခြင်းပင် ဖြစ်သည် ။
နွယ်သည် အိမ်သို့ရောက်လျှင် အိမ်မှ ဝေယျာဝစ္စများကို ပြုလုပ်ရ၏ ။ ထမင်းဟင်း ချက် ပြုတ်ခြင်း ၊ အဝတ်လျှော်ခြင်း ၊ မီးပူတိုက်ခြင်း စသော အလုပ်များသည် နွယ်အဖို့ ထမင်းစား ရေသောက်ရသော နေ့စဉ်အလုပ်နှင့် အတူတူ ဖြစ်၏ ။ သို့သော် နွယ်သည် ဘယ်အခါမျှ ဈေး ဝယ်ခြင်းမှ မပြုရရှာလေ ။
နွယ်၏ အဝတ်အဆင်များမှာလည်း အခြားအဖော် မိန်းမပျိုကလေးများကဲ့သို့ ပါးလွှာ သော အင်္ကျီများကို မဝတ်ဆင်ရ ၊ ထူထဲခမ်းနားသော အဖြူထည် အဝတ်များကိုသာလျှင် ပုံရိုး အတိုင်း ခေတ်မီစွာ အနည်းငယ် ပြုပြင်ထားသော ပုံအတိုင်း ဝတ်ဆင်ရရှာသည် ။
နွယ်၏မိခင်သည် နွယ့်အဖို့ အဖိုးတန်သော ဘန်ကောက်လုံချည် ၊ ထားဝယ်လုံချည် စသည်တို့ကို ဝတ်ဆင်ရန် ဝယ်ပေးသော်လည်း နွယ်၏ ကျောင်းနေဖော်များကဲ့သို့ ဆန်းပါသည် ဆိုတိုင်း ပြူးပြူးပြဲပြဲနှင့် ပေါ်လာသော အဆင်များကို ဘယ်အခါမျှ ဝယ်မပေးခဲ့ ။
နွယ်ကိုယ်ပေါ်တွင် ခေတ်မီသည်ဆိုသော အဆင်တန်ဆာ ဟူ၍ အဖိုး သုံးရာ့ငါးဆယ်ကျော် တန်သည့် ရွှေလက်ပတ်နာရီတစ်လုံးသာလျှင် ရှိသည် ။
သို့ပါလျက် နွယ်သည် နွယ်နေသော ကျောင်းထဲတွင် နာမည်အကြီးဆုံး ကျောင်းသားကြီး တို့၏ နှုတ်ဖျား၌ ရေပန်းအစားဆုံး ဖြစ်ရသည် ။
အချို့သော ကျောင်းသားကြီးတို့သည် နွယ်၏ ဣန္ဒြေ သိက္ခာအိုးကို တုတ်ထိုး၍ခွဲရန် ကြံစည်ကြသော်လည်း နွယ်သည် စည်းကမ်းကြီးလှသော မိခင်၏ တစ်ယောက်တည်းသောသမီး ပီပီ ဘယ်အခါမျှ သိက္ခာမပျက်ခဲ့ ။
သို့သော် အဆုံးမကင်းသော မိဘတို့မှ ဆင်းသက် ပေါက်ဖွားလာကြသည့် အများစု ဖြစ်သော မ,တစ်ရာသားတို့သည် ဣန္ဒြေသိက္ခာ ရှိလှသော နွယ်၏အပေါ်တွင် မာနကြီးသည်ဟု အထင်ရောက်လျက် ပို၍ မျက်မုန်းကျိုးကြသည် ။ ပို၍ နောက်ကြ စကြသည် ။
နွယ်သည် ဤသို့သော ပတ်ဝန်းကျင်ကို မျက်နှာကြောမတည့် ၊ မနေလို ။ သို့ပါလျက် သုံးနှစ်နီးပါးမျှ နေလာခဲ့ရရာ မိမိ၏မိခင်သည် ဘာ့ကြောင့် မိမိအား ဤမျှ စာသင်စေလိုပါ သနည်းဟု တွေးတောလာမိသည် ။
နွယ်၏မိခင်သည် နွယ့်ကို နိုင်ငံတော် မြူကျောင်း၌ ခုနစ်တန်း အောင်စေပြီးနောက် အလွတ် ပညာသင်ကျောင်းသို့ ပြောင်းရွှေ့ထားခဲ့ပြီးလျှင် တက္ကသိုလ်ဝင်တန်းကို ကြိုးစားစေ၏ ။
နွယ်သည် အလွတ်ပညာသင် ကျောင်း၌ အစွမ်းကုန် ကြိုးစားရှာပါ၏ ။ သို့ရာတွင် နွယ် မအောင်မြင်ခဲ့ ။
အလွတ်ပညာ ဆရာများကလည်း မြူကျောင်းတွင် ၇ တန်း အောင်ခဲ့သော်လည်း အခြေခံ မခိုင်လုံသောကြောင့် တက္ကသိုလ်ဝင်တန်းတွင် နွယ်၏ အောင်စာရင်းမပါ ဖြစ်ရသည်ဟု ဆို၏ ။
မြူကျောင်းကလည်း ၎င်းတို့ကျောင်းတွင် တစ်ဆင့်စီသွား၍ တက္ကသိုလ်ဝင်တန်းကို နွယ် ဝင်ဖြေလျှင် ယခုလောက်အချိန်၌ နွယ် တက္ကသိုလ်ကျောင်းသို့ပင် ရောက်ရှိနေလေပြီဟု ဆို၏ ။ နောက်ဆုံးတွင် နွယ် စာမေးပွဲမအောင်ရသော တရားခံသည် တက္ကသိုလ်ကျောင်းကို ဖြတ်လမ်းမှ ပို့ချင်သော နွယ်၏ မိခင်ကြီးသာ ဖြစ်ရတော့သည် ။
“ မေမေရယ် … ဘာလို့များ နွယ့်ကို ဒါလောက် စာတွေပါတွေ သင်နေစေချင်ရတာလဲ ၊ ကျောင်းကထွက်ပြီး အလုပ်တစ်ခုခု သင်ပါရစေလား ”
နွယ်၏မေမေသည် နွယ့်ကို မျက်စောင်းထိုးလိုက်သည် ။
“ ဘာလဲ … ညည်းက လမ်းပေါ်က လတ်လျားလတ်လျားမတွေ အားကျပြီး လင်ယူစား မလို့လား … ။
မိန်းကလေးတွေ အရွယ်ရောက်လာရင် ဘာမှမလုပ်ဘဲ လင်ယူစားတယ်ဆိုတဲ့ ခေတ်ဟာ တို့ ငယ်ငယ်တုန်းကမှ ရတာ ၊ အခုခေတ်ဆိုရင် လင်ယူစားလို့ မရဘူး .. ။
ရုပ်ကလေး သနားကမား ဖြစ်လို့များ ကိုယ့်ကိုယ်ကိုယ် သိပ် အထင်မကြီးလိုက်ကြနဲ့ ၊ အင်မတန် အကြောင်းအပေါင်း သင့်ရင် လူကြီးလူကောင်း တစ်ယောက်ယောက်ရဲ့ မယားငယ် လောက် ဖြစ်မှာပဲ ၊ အကြောင်းဆိုးရင်တော့ မစဉ်းစားနဲ့ …. ။
ညည်းက ပြောတော့ လွယ်တယ် ၊ အလုပ်ကလေး တစ်ခုခု သင်ပါရစေတဲ့ ၊ အလုပ် သင်တယ်ဆိုတာ လွယ်တယ် မှတ်လို့ …
အလုပ်တစ်ခုခုကို သင်ရဖို့ တတ်အောင်သင်နိုင်ဖို့ တတ်ပြီးတဲ့အခါကျတော့ ဒီအလုပ်ကို အလုပ်လုပ်ရဖို့ ဘာနဲ့ ရင်းနှီးယူရတယ်ဆိုတာ ညည်း သိရဲ့လား ”
နွယ်၏အမေသည် နွယ်အား မျက်နှာထားဆိုးဆိုးနှင့် နင့်ခနဲ နင့်ခနဲနေအောင် ပြောလိုက်သည် ။
နွယ်သည် မေမေကို ပြန်ပြောချင်၏ ။
“ မေမေ ပြောသလိုဆိုရင် ပညာတတ်တော့လဲ အလုပ်တစ်ခုခု လုပ်နိုင်အောင် ဒီလောက ထဲမှာ ဒီလိုပဲ တိုးရှာရမှာပဲ မဟုတ်လား ၊ ဘာထူးဦးမှာလဲ ၊ စောစောသင်ရင် စောစောတတ်ပြီး မေမေ့ကို စောစော ဝင်ငွေရှာပေးနိုင်မှာပေါ့ ”
နွယ်သည် ဤစကားကို စိတ်တွင်းမှသာ ပြောသည် ။ ငယ်ငယ်ကတည်းက ကွပ်ညှပ်ခြင်း ခံလာခဲ့ရသည့်သမီး ဖြစ်သောကြောင့် ပြန်ပြောဖို့ရန် ဝေးစွ ၊ ပြောလိုသော မျက်နှာနှင့်ပင် မကြည့်ဝံ့ ၊ မေမေ မသိအောင် ခေါင်းငုံ့၍ ဝမ်းထဲမှ တွေးမိခြင်းသာလျှင် ဖြစ်သည် ။
ဤလိုနှင့် နွယ်သည် ကြီးတောင့်ကြီးမား အပျိုကြီးဖားဖား ဖြစ်လုနီး အချိန်၌ပင်လျှင် အလွတ်ပညာသင်ကျောင်းသို့ သွားနေရသည် ။
ဤဝဋ်မှ မြန်မြန်ကျွတ်ပါစေ ဟူသော သဘောဖြင့်လည်း ပေးသမျှ ကျောင်းသင်ခန်းစာ တို့ကို အစွမ်းကုန် ကြိုးစားသည် ။
ဉာဏ်ကောင်းသူ ဖြစ်သည့်အလျောက် ကြိုးစားသမျှ သင်ခန်းစာတို့ကိုလည်း ရသည် ။ သို့ပါလျက် နွယ်သည် စာမေးပွဲကျရရှာသေးသည် ။
နွယ်အဖို့ အလွန် စိတ်ညစ်လာသောအခါ ရောရောဝင်ဝင် မနေခဲ့ဖူးသည့် အဖော်ကျောင်းသူ များနှင့် စာမေးပွဲအကြောင်း ၊ မေးခွန်းများအကြောင်း ၊ ဖြေဆိုရပုံများအကြောင်း ၊ မိမိ မည်သို့ ကြိုးစားရခဲ့သည့် အကြောင်း ၊ စိတ်ညစ်သည့် အကြောင်းတို့ကို ပြောဆိုမိသည် ။ စကားလက်ဆုံ ကျမိသည် ။ စကားလက်ဆုံကျရင်း မျက်ရည်ကျမိသည် ။
ဖက်ရှင်အမျိုးမျိုးကို အပြိုင်အဆိုင် ဝတ်စားဆင်ယင်ကြလျက် ကျောင်းပြေးနေကြပြီဖြစ် သော မ,ဖက်ရှင်တို့သည် စိတ်ပြေလက်ပျောက်ဟု ပြောကာ ကျောင်းပြေးရန် နွယ့်ကိုပါ အပါ ခေါ်ကြသည် ။
ထို့နောက် ကျောင်းအုပ်ကြီးကို အကြောင်းပြလျက် ခွင့်တိုင်ပြီးလျှင် တရားဝင် ကျောင်း ပြေးကြတော့သည် ။
တစ်ခါဖူးမျှ ဤသို့ လွတ်လပ်စွာ မသွားဖူးသော နွယ်အဖို့ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ပေါ့ပေါ့ပါးပါး ဖြစ်လာမိသည် ။
အဖော်တွေနှင့် တိရစ္ဆာန်ရုံအတွင်းသို့ လှည့်ပတ်ကြသည် ။ လှောင်ချိုင့်ထဲတွင် နေရသော ကျေးကျုတ်ကလေးများကို တွေ့ ရသောအခါ မိမိနှင့် ကိုယ်ချင်းစာလျက် သနားရသေးသည် ။ မျောက်ရွာတွင် မျောက်ကလေးများ၏ လွတ်လပ်မှုကို တွေ့ ရသောအခါ မျောက်ကလေးများကို ကြည့်ရင်း ပျော်လာသည် ။ မိမိလည်း သည်မျောက်ကလေးများလို လွတ်လပ်ပျော်ရွှင်စွာနေရလျှင် ကောင်းမှာပဲဟု တွေးသည် ။ ထို့နောက် မျောက်ကလေးများကိုယ်တိုင် ဖမ်းဆီးထားခြင်း ခံနေ ရသည်ကို တွေးမိသောအခါ ဟယ် ... သူတို့လည်း လွတ်မှ မလွတ်လပ်ပါဘဲနဲ့ ဘာလို့ ပျော်နေ ကြပါလိမ့်ဟု တွေးမိလာသည် ။ ထိုနောက် မိမိကိုယ် ခေါ်လာသော ကျောင်းဖော်များကို သတိရလျက် ဒီမျောက်ကလေးတွေဟာ ယခု မိမိအဖော်များလို နေမှာပါပဲ ၊ မိမိအဖော်များသည် ၎င်းတို့၏ မိဘ ၊ ဆရာသမား အုပ်ထိန်းမှုအောက်တွင် နေကြရပါလျက် လွတ်လပ်ပျော်ရွှင်စွာ နေနိုင်ကြသေး သည်ဟု တွေးမိသည် ။
ထိုအတွင်း နွယ်သည် မျောက်ကလေးတွေကို ကြည့်နေရာမှ မျက်နှာတစ်ခုလုံး ရှက်သွေး ဖျန်းသွားလျက် မသိချင် မမြင်ချင်ပြု၍ မိမိအဖော်များဘက်သို့ လှည့်လိုက်သည် ။ မိမိအဖော်များ ကမူ ဘာမျှ မဖြစ်ဘိသို့ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် တွန်းထိုးပြသလျက် ပြုံးကာ ရယ်ကာ ကြည့်နေကြသည် ။
“ လာကြပါအေ ... သွားကြပါစို့ ... ”
အဖော်များသည် နွယ့်ကို လှည့်မကြည့်ကြ ။
“ ဟိုမှာအေ့ .. မျောက်မောင်နှံကို ကြည့်စမ်းပါဦး ၊ မောင်က ဒေါကြီးနေလိုက်တာ ကြည့်ကြည့် ”
နွယ်သည် အဖော်များ ပြောကာမှ နောက်သို့ ဆုတ်လိုက်ကာ အနီးပတ်ဝန်းကျင်သို့ မျက်လုံးကစားလိုက်ပြီး ပိုမိုရှက်သွေးမွှန်သွားသည် ။
ကာလသားတစ်သိုက်သည် သံသေးသံကြောင် အော်မြည်ရင်း အားပေးအားမြှောက် ပြုနေကြသည် ။
လူ့လောကနှင့် များများစားစား မဆက်ဆံဖူးသေးသော နွယ်သည် လူတွေ ယခုလောက် အရှက်တရား ကင်းမဲ့နေကြသည်ကို တွေ့ ရသောအခါ မယုံနိုင်လောက်အောင် ဖြစ်လာသည် ။ ထိုသူတို့၏ မျက်နှာကို ကြည့်ရမည်ပင် ရှက်လာ ကြောက်လာသည် ။ ချက်ချင်းပင် အိမ်သို့ ပြန် ပြေးလျက် မေမေ၏ လှောင်ချိုင့်ထဲသို့ ပြန်ဝင်နေလိုက်ချင်စိတ်များ ပေါက်လာကာ ထူပူနီရဲသော မျက်နှာဖြင့် လှေကားခုံဆီသို့ သွား၍ ရပ်နေလိုက်သည် ။
နွယ်၏ အဖော်များသည် အခြားသူများနှင့်အတူ အချင်းချင်း တစ်ယောက်မျက်နှာကို တစ်ယောက် ပြန်ကြည့်ကြလျက် နှစ်သိမ့်စွာ ပြုံးလိုက်ကြသည် ။ ထို့နောက် ထူပူရှက်အမ်းသော မျက်နှာဖြင့် လှေကားခုံနားသို့ သွား၍စောင့်နေသော နွယ့်ကို လှမ်းကြည့်ကြရင်း နွယ့်ဆီသို့ ခြေလှမ်းလိုက်ကြသည် ။
နွယ်သည် အဖော်များ မျက်နှာကိုမျှ မကြည့်ဝံ့ဘဲ မျက်လွှာချလျက် လှေကားခုံပေါ်သို့ တက်လာသည် ။ အဖော်တစ်ယောက်သည် နွယ့်ကို ဘေးလုံးချင်း တိုက်လျက် …
“ ယူ … ဒါမျိုး ကိုယ်တွေ့ ကြုံဖူးသလား ” ဟု မေးလိုက်သည် ။
အို … ဟူသော အာမေဍိတ်သံနှင့်အတူ နွယ်၏ မျက်နှာတွင် ပို၍ ရှက်သွေးဖျန်းလာသည် ။ ထိုအတွင်း နောက်မှ ယောက်ျားသံများကို ကြားရပြီးနောက် ယောက်ျားသံများသည် ဘယ်မှ မသွားဘဲ မိမိတို့နှင့် နီးကပ်စွာ လိုက်ပါလျက် ရှိနေသည် ။
နွယ်တို့အထဲမှ အဖော်တစ်ယောက်သည် စောစောက ကြည့်ပြီးသားဖြစ်သော ကျေးကျုတ် ကလေးများကိုပင် …
“ ဟယ် … ချစ်စရာကလေးတွေ ၊ ကြည့်ပါဦး ”ဟု ဆိုလျက် အထူးအဆန်းလုပ်ကာ မိမိ အဖော်များနှင့်အတူ ထပ်မံကြည့်ရှုပြန်သည် ။
လိုက်ပါလာသော ကာလသားတို့ကလည်း ...
“ ဟယ် .. ချစ်စရာကြီးတွေ ကြည့်ကြဦးစို့ ” ဟု နွယ်တို့ ကြားအောင် အသံသြကြီးများနှင့် ပြောဆိုလျက် နောက်မှ ရပ်လိုက်ကြသည် ။ ထို့နောက် လူချင်း ထိကပ်သွားအောင် နောက်မှ တိုးလိုက်ကြသည် ။
နွယ်၏ ကိုယ်သည် နွေးခနဲ ကိုယ်ငွေ့ အဟပ်ခံလိုက်ရခြင်းကြောင့် နောက်သို့ လှည့်ကြည့် လိုက်သောအခါ နွယ့်မျက်နှာ၏ရှေ့တွင် ရင်ဘတ်ကြီးတစ်ခုသည် ထိတော့မတတ် ကာဆီး လျက်သား ရှိနေသည် ။
နွယ်သည် လန့်ဖျပ်၍ မော့ကြည့်လိုက်၏ ။ ကြမ်းတမ်းဟန်ရှိသော ဖောင်းပွပွ မျက်နှာအစုံ သည် မိမိ မျက်နှာအပေါ်မှစီးလျက် အလွန် နီးကပ်စွာ မိမိကို ငုံ့ကြည့်လျက်ရှိသည်ကို တွေ့ရသည် ။
တစ်ချိန်တည်းပင်လျှင် ယောက်ျားတို့ကိုယ်မှ ထွက်အပ်သော အတော် စူးစူးဝါးဝါးနံသည့် ချွေးနံ့တစ်မျိုးတို့ကလည်း နှာဝကို တိုးဝင်လာကြသည် ။
နွယ့်တစ်ကိုယ်လုံးရှိ ကြောသေးကြောမွှာတို့သည် ဖျင်းခနဲ လှုပ်ရှားသွားကြလျက် ငေးမော ယောင်ရမ်းကြည့်မိသော မိမိမျက်လုံးကို အတင်း လွှဲဖယ်ပစ်လိုက်ရသည် ။
“ သွားကြစို့ အေ ...”
နွယ်သည် မူမမှန်သော အသံဖြင့် တုန်တုန်ယင်ယင် ပြောပြီးလျှင် အဖော်တစ်ယောက်၏ လက်မောင်းကို အတင်းဆုပ်ကိုင်လျက် လှည့်ထွက်လာခဲ့သည် ။
နွယ် သွားရာနောက်သို့ အဖော်တွေလည်း လိုက်ပါလာကြသည် ။ အဖော်တွေ၏ နောက်မှ ကပ်လျက် အစ်ကိုကာလသားများလည်း လိုက်ပါလာကြသေးသည် ။
နွယ်သည် လှည့်မကြည့်ဘဲနှင့် မိမိတို့နောက်မှ ယောက်ျားတွေ ကပ်လျက် လိုက်ပါလာ နေကြောင်းကို အလိုလို သိနေသည် ။ ရှေ့မှ သွားနေသော နွယ်သည် ဝက်ဝံရုံရှေ့သို့ ရောက်သော အခါ နောက်မှ ယောက်ျားများနှင့် လမ်းခွဲရန် ၎င်းတို့ မည်သည့်ဘက်သို့ သွားမည်လဲဟု ရပ်တန့် အကဲခတ်လိုက်သည် ။
ယောက်ျားတစ်အုပ်သည် နွယ်ကဲ့သို့ပင် ဘယ်မျှမသွားဘဲ အတူရပ်တန့်လျက် နွယ်တို့၏ မျက်နှာကို ကြည့်နေကြသည် ။ ၎င်းတို့၏ မျက်နှာမှာလည်း ပြုံးဖြီးဖြီးအသွင်ရှိလျက် ရဲတင်းပြောင် တောင်သော အမူအရာကို ဖော်ပြနေကြသည် ။
ထိုယောက်ျား အုပ်စုထဲတွင် မြန်မာရော ကု,လားကပြားများပါ ပါဝင်ကြလျက် အင်္ကျီကျား ကို ကော်လာထောင်၍ ဘောင်းဘီကျပ်နှင့် ဝတ်ဆင်ထားကြသူများလည်း ပါရှိကြသေးသည် ။
နွယ်သည် တုန်ယင်သော ကိုယ်လက်တို့ဖြင့် မိမိအဖော်၏ လက်မောင်းကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်မိပြီးလျှင် ဝက်ဝံကြီးများ ရှိရာသို့ ကြည့်ဟန်ပြုလျက် ထွက်သွားနေသော်လည်း နွယ်၏ အဖော်များကား အပြုံးမပျက်ကြပေ ။
နွယ်တို့သည် ဝက်ဝံများကို ကြည့်သည့်နေရာတွင် ကာရံထားသည့် သံလက်ရန်းကို ကပ်လိုက်ကြသည်နှင့် တစ်ပြိုင်နက် နောက်မှ လိုက်ပါလာကြသော ကိုယ်တော်ချောများသည် နွယ်တို့၏ နောက်တည့်တည့်မှနေ၍ ဝက်ဝံများကို ကြည့်ဟန်နှင့် 'နွယ်တို့ကိုယ်ကို ဖိကပ်လိုက် ကြသည် ။
နွယ်သည် တဆတ်ဆတ် တုန်လှုပ်သော ကိုယ်ဖြင့် နောက်သို့ လှည့်မကြည့်ဝံ့တော့ဘဲ ဘေးတစ်ဖက်သို့ ရွေ့လျားပေးလိုက်သည် ။
နွယ့်နောက်မှ မောင်သည် မသိသလို ခဏရပ်ကျန်ရစ်ခဲ့သော်လည်း ချက်ချင်းလိုလိုပင် နွယ်ရှိရာသို့ ရွှေ့ပြောင်းကာ သံလက်ရန်းနှင့် နွယ်၏ ကိုယ်ကို လူအားနှင့် ဖိ၍ညှပ်ထားလိုက်သည် ။
နွယ်သည် ဘာမျှမပြုဝံ့သေးဘဲ မိမိ အဖော်များဆီသို့ မသိမသာ အားကိုးတစ်ခုနှင့် ကြည့်လိုက်သည် ။ နွယ်၏ အဖော်များသည် နွယ်ကဲ့သို့သော အခြေအနေမျိုးသို့ အားလုံး ရောက်ရှိ နေကြရသည် ။ သို့ရာတွင် အချို့မှာ ပြုံးရွှင်ကျေနပ်ဟန်ရှိသော်လည်း အချို့၏ မျက်နှာတို့တွင် မကျေနပ်ဟန် ပေါ်နေသောကြောင့် အဖော်ရပြီ ဟူ၍ အားတစ်မျိုး တက်လိုက်ရသည် ။
ထိုအတွင်း နွယ်သည် တစ်ကိုယ်လုံး ရှိန်းခနဲ ဖြစ်လျက် မိမိကိုယ်တိုင် မသိလိုက်ဘဲ ချာခနဲလှည့်၍ မိမိနောက်မှ ရပ်နေသူနှင့် မျက်နှာချင်းဆိုင်လိုက်မိသည် ။
အလွန် ရှက်ကြောက် ဒေါသဖြစ်စွာနှင့်လည်း ထိုသူ၏ရင်ဘတ်ကို တအား တွန်းလိုက် ပြီးလျှင် ...
“ ရှင် … ရှင် … ဘယ့်နှယ် လုပ်တာလဲ ” ဟု တုန်တုန်ယင်ယင်နှင့်လည်း ရန်တွေ့ လိုက်မိသည် ။
“ ဘာလဲ … ဘာလဲ … ကျုပ်တို့ ကြည့်နေကြတာ အတော်ကြာပြီ ၊ ခင်ဗျားတို့ အတူ လာကြတာ အောက်မေ့လို့ … ”
မနီးမဝေးမှ ယောက်ျား သုံးယောက်တို့ ပြေးလာကြသည် ။ ထိုအချိန်တိုင် နွယ်နှင့် ရင်ဆိုင် နေရသူက မာရေကျောရေနှင့် နွယ့်ကိုပင် ပြန်၍ မေးခွန်းထုတ်နေသေး၏ ။
“ ဘာလဲ … ကျုပ် ခင်ဗျားကို ဘယ့်နှယ်လုပ်လို့လဲ ”
“ ရှင် … ရှင် … နောက်ကနေ အတင်းဖိ တိုးနေတယ် မဟုတ်လား ”
“ လာကြည့်ကြတဲ့လူ အချင်းချင်းဆိုတော့ လူများရင် ဒီလိုပဲ တိုးမိ ပြုမိကြတာပေါ့ ၊ အတိုး မခံချင်ရင် ခင်ဗျား ကိုယ်ပိုင် မွေးထားပြီး အိမ်မှာ တစ်ယောက်တည်းကြည့်ပေါ့ ”
“ ရှင် … ဘာလဲ ၊ ရှင် … မတော်တဆ တိုးမိရုံမှ မဟုတ်ဘဲ ”
“ တိုးမိရုံ မဟုတ်လို့ ခင်ဗျားကို ကျုပ်က ဘယ့်နှယ်လုပ်လဲ … ပြောပါ ၊ ကဲ .. ပြောစမ်းပါ ”
နွယ်သည် အလွန်ရှက်သဖြင့်သာလျှင် ယခုကဲ့သို့ ဖက်ပြိုင် ရန်ဖြစ်လိုက်မိခြင်း ဖြစ်သည် ။ ယခု ရန်ဖြစ်မိသောအခါ မည်သို့မျှ မပြောဝံ့ ၊ မပြောရဲအောင် ဖြစ်လာရသဖြင့် နှုတ်ခမ်း တဆတ် ဆတ်တုန်လျက် မျက်လုံးအစုံတို့တွင် မျက်ရည်များ ပြည့်ဖုံးလာရသည် ။
“ ဟေ့ကောင် … မင်း ဘာစော်ကားတာလဲ ” ဟူသော အသံနှင့်အတူ ထိုးသံ ကြိတ်သံများ ကြားကြရသည် ။ နွယ့်အဖော်အချို့၏ လန့်အော်သံများကိုလည်း ကြားလိုက်ရသည် ။ နွယ် မျက်ရည် သုတ်၍ ထင်ထင်ရှားရှား မြင်လာရသော အချိန်၌ ရဲအဖွဲ့များ ပြေးလာကြလေပြီ ။
နွယ်တို့၏နောက်မှ လိုက်လာသော ယောက်ျားအုပ်သည် တစ်ယောက်တစ်ကွဲ ပြေးလွှား ပျောက်ကွယ်သွားကြ၏ ။
ရဲများက မေးကြသောအခါ နွယ်တို့အား ကူညီရန် လာကြသူ သုံးယောက်အနက် ဒဏ်ရာ ရရှိနေသောသူသည် သတိမေ့နေသော လူရမ်းကား တစ်ယောက်၏ လည်ပင်းကော်လာမှ ဆွဲမ လျက် ရဲအရာရှိများ၏လက်သို့ အပ်လိုက်သည် ။
“ အမှန်ကတော့ ဟောဒီ မိန်းကလေးတွေ ကို စော်ကား နှောင့်ယှက်နေကြတာပါပဲဗျာ ၊ အဲဒါကို အမြင်မတော်လို့ ကျွန်တော်က ဝင်ကူညီတာပဲ ၊ သူတို့မှာ လက်နက်အမျိုးစုံ ပါတယ် ၊ အခု ကျွန်တော့်ပခုံးက ဒဏ်ရာဟာ သူတို့ အထဲက လူတစ်ယောက်က အင်္ကျီထဲမှာ လက်နက် အဖြစ် အသုံးပြုဖို့ ကိုယ်ကိုပတ်ပြီး ဝှယ်ယူလာတဲ့ ဘိုင်စကယ်ချိန်းကြိုးနဲ့ ရိုက်လိုက်လို့ ထိသွားတဲ့ ဒဏ်ရာပဲ ၊ ခေါင်းကို ရှောင်လိုက်လို့ ၊ မရှောင်လို့ ထိရင် ဒီအချိန်မှာ ကျွန်တော် စန့်နေပလား မသိဘူး ၊ ဟောဒီ လူက ဓားနဲ့ ဝင်ထိုးတဲ့လူပဲ ၊ သူ့ ဓား သူ့လက်ထဲမှာ ဆုပ်လျက် ရှိသေးတယ် ၊ သူ့ဓားကို မြင်လို့ လန့်ပြီး အရမ်းထိုးလိုက်တဲ့ ကျွန်တော့် ဘယ်ဝိုက်လက်သီးနဲ့ မိသွားတာပဲ ”
ရဲအရာရှိတို့သည် ထိုသူ ပြောသည့်စကားကို နားထောင်မနေအား ၊ မေ့နေသူ၏ လက် ထဲရှိ ဓားမြှောင်ကို ဦးဦးဖျားဖျား ဆွဲယူ သိမ်းဆည်းလိုက်ကြသည် ။ ထို့နောက် မိန်းကလေးများ ကိုလည်း လူကြီးများ မပါဘဲနှင့် ဘယ်မျှမသွားရန် ပြောဆို ကြိမ်းမောင်းလွှတ်လိုက်ပြီးလျှင် လာရောက် ကူညီသော လူသုံးယောက်တို့၏ အမည် နေရပ်တို့ကို မေးမြန်းနေရစ်ကြသည် ။
နွယ်တို့အုပ်စုသည် ဝက်ဝံရုံဆီသို့ အမြန်ဆုံး ထွက်ခွာလာကြ၏ ။ နွယ်၏ အဖော်တစ် ယောက်သည် ကြိမ်းမောင်း ဆုံးမ လွှတ်လိုက်သော ရဲအရာရှိအပေါ်တွင် မကျေမနပ် တဖျစ် တောက်တောက်နှင့် ပြောလာသည် ။ အချို့ အဖော်များကမူ ဘာမျှ မဖြစ်ကြဘိသို့ ရယ်ရယ်မောမော နှင့် မြွေရုံကို ဝင်ကြည့်ကြဦးစို့ဟု ဆို၏ ။ နွယ်သည် ဘာမျှ မကြည့်လိုတော့ ၊ ပြန်မည်ဟု ငြင်းဆန် ၏ ။
“ မဟုတ်ဘူးအေ့ … မြွေကြီးတွေ မှန်ဘောင်ထဲမှာ တွန့်တွန့်လိမ်လိမ်နဲ့ လှုပ်ရှားနေတာ တွေကို ကြည့်ပြီး အသည်းယားရတာ သိပ်အရသာရှိတာပဲ ”
နွယ်က အတင်းငြင်းဆန်သည် ။ အရသာရှိရင် နောက်မှ ညည်းဟာညည်း တစ်ယောက်တည်း လာရှိနေဟု ဆိုသည် ။ သို့ဖြင့် တိရစ္ဆာန်ရုံ၏ အပြင်ဘက်သို့ ရောက်လာကြသည် ။ နွယ်က ပြန်ချင်ပြီဟု ဆိုသော်လည်း အဖော် အများစုတို့က ရုပ်ရှင်ကြည့်မည်ဟု ဆိုကြ၏ ။ မငြင်းဆန် နိုင်သော နွယ်သည် များရာဘက်သို့ လိုက်ပါရှာရသည် ။
ကားစောင့်နေစဉ် အဖော်တစ်ယောက် ပြသဖြင့် လှည့်ကြည့်လိုက်၏ ။ လူသုံးယောက် ကားဆိပ်ဆီသို့ တန်းတန်းမတ်မတ် လာနေကြသည် ။
လူတစ်ယောက်၏ ပခုံးတွင် သွေးများနစ်လျက် ရှိ၏ ။ ကားဆိပ်ရှိ လူများသည် ထိုလူအား ဝိုင်းဝန်း ကြည့်ရှုနေကြ၏ ။ နွယ်တို့ မိန်းကလေးအုပ်ကလည်း ထိုသူအား ဝိုင်းဝန်းကြည့်ရှုနေမိ၏ ။
ထိုသူသည် မိန်းကလေးများကို လည်းကောင်း မမြင်မတွေ့ ဘိသို့ တည်ငြိမ်သောမျက်နှာ ဖြင့် မားမားမတ်မတ် ယောက်ျားပီပီ လှမ်းလာလျက် ရှိနေသည် ။
မကြာမီ ကားဆိပ်သို့ ရောက်လာကာ အခြားသူများနှင့် ရောနှောလျက် အတူတူ ရပ်စောင့် နေသည် ။ မိန်းကလေးများသည် မိမိတို့ထက် များစွာ ကြီးလှပုံ မပေါ်သေးသော ယောက်ျားပီသ သည့် ထိုလူကို ငေးမောကြည့်နေကြသည် ။
“ သူပေါ့ … အတင်းပြေးလာပြီး ညည်းရှေ့က ဝင်ရပ်တာ ”
နွယ်သည် မိမိအဖော် ပြောသည့်စကားကို စိတ်မဝင်စားခါ ဖြူဖွေးသော အင်္ကျီလက် မောင်းစတွင် တရွေ့ ရွေ့ နီမြန်းလာစေသော သွေးစီးကြောင်းကြီးများကို ငေးကြည့်ရင်း တော် တော်များ များသွားလားဟု တွေးနေမိသည် ။
ထိုအတွင်း ရဲတင်းသော နွယ်၏ အဖော်တစ်ယောက်သည် ထိုသူ၏ရှေ့သို့ သွားရောက် ရပ်လိုက်သည် ။
“ ဆေးတိုက်သွားကြမလို့ပါလားရှင်.. အစ်ကိုကြီးတို့ကို ကျေးဇူးတင်နေကြပါတယ်ရှင် ”
ဤတွင် ဘေးကလူများကလည်း ဂရုတစိုက်နှင့် ဝိုင်းဝန်းနားစွင့်လာကြသည် ။ နွယ်၏ အဖော်များကလည်း ထိုသူရဲကောင်း သုံးယောက်တို့ကို တစ်ယောက်တစ်ခွန်း ကျေးဇူးတင်ကြောင်း ပြောကြသည် ။ အနီးအပါးရှိ လူများကလည်း အဖြစ်အပျက်ကို မေးမြန်းကြပြီးလျှင် လူစွမ်းကောင်း ကြီး သုံးယောက်တို့အား ချီးကျူးသော မျက်လုံးများဖြင့် ကြည့်ကြသည် ။
“ တော်တော်များသွားသလားရှင် ... ကျွန်မ ဒီလို ဖြစ်ရတာ စိတ်မကောင်းပါဘူး ”
နွယ်သည် ဒဏ်ရာနှင့် သူရဲကောင်းအား တစိမ့်စိမ့် ကြည့်နေရာမှ အသည်းနှလုံးသားဖြင့် မေးလိုက်မိသည် ။
ဒဏ်ရာနှင့် မောင်သည် တည်ကြည်သော မျက်လုံးများနှင့် နွယ်၏ မျက်လုံးထဲသို့ သိမ်မွေ့စွာ ထိုးဖောက်ကြည့်လိုက်သည် ။
“ ကိစ္စမရှိပါဘူး ခင်ဗျာ … မများလှပါဘူး ၊ ကျေးဇူးတင်ပါတယ် ”
မောင်၏အဖြေသည် ရိုးရိုးတန်းတန်းပင် ဖြစ်သည် ။ ထို့အတူ မောင်၏ မျက်လုံးသည် လည်း စူးရှထက်မြက်ခြင်းမှလွဲ၍ ရိုးရိုးသားသားပင် ဖြစ်သည် ။ မောင်၏ ကိုယ်အမူအရာတို့သည် လည်း ရိုးသားတည်ငြိမ်လျက်ပင် ရှိသည် ။
သို့သော် နွယ်သည် မောင်သူရဲကောင်းကို ကြည့်လျက် သနားကြင်နာမှု ကြည်နူးမှု အားကိုးလိုမှုများဖြင့် နွယ်တစ်ကိုယ်လုံး စိမ့်ထုံသွားသည် ။
ခရီးသည်တင်ကားကြီး ရောက်လာလေပြီ ။ လူနေရာ မရှိသဖြင့် မောင်တို့ကို အလျင် လိုက်ပါသွားကြစေရန် နွယ်တို့ အပျိုတစ်စုက တိုက်တွန်းကြသည် ။
မောင်တို့သည် ကျေးဇူးတင်သော မျက်လုံးကြီးများနှင့် ကြည့်လျက် ကားပေါ်သို့ တက် ရောက်သွားကြသည် ။ ဒဏ်ရာနှင့်မောင်၏ မျက်လုံးများသည် နွယ်တစ်ယောက်ထဲကို လွမ်းတ သော မျက်လုံးဖြင့် ကြည့်ရှုသွားသည် ဟူ၍ နွယ်၏စိတ်က ထင်လိုက်သည် ။
ရုပ်ရှင်ရုံထဲ ရောက်ရှိကြသော အခါတွင်လည်း ပိတ်ကားပေါ်မှ အရုပ်များသည် နွယ်၏ မျက်စိရှေ့တွင် ဒဏ်ရာရသော သူရဲကောင်းကြီး၏မျက်နှာ ဖြစ်နေတော့သည် ။
နွယ်သည် အဖော်များနှင့် ခွဲလျက် နွမ်းလျစွာ အိမ်သို့ ပြန်ရောက်ပြီးလျှင် ကျောင်းလွယ်အိတ် ကြီးကို ဗုန်းခနဲ စာရေးစားပွဲပေါ် ပစ်တင်လိုက်သည် ။
နောက်ဖေးက ထွက်လာသော မေမေက ဆို၏ ။
“ ဟဲ့ ... မိနွယ် နောက်ကျလှချည့်လား ၊ ဘယ်က အဖော်တွေဆီ ဝင်နေလို့လဲ ”
နွယ်သည် မေမေ၏ မျက်နှာကို ငေးစိုက်ကြည့်ရင်း မျက်ရည်တွေ ဝိုင်းလာသည် ။
“ မေမေဟာ နွယ့်ကို ဒီလိုချည်းပဲ ... အမြဲတမ်း အပြစ်ရှာ ပြောနေတာပဲ ၊ အဲဒီလိုတော့ အပြစ်ရှာမနေနဲ့ သ,တ်လိုက်တော့ ”
နွယ်သည် ဆောင့်ဆောင့်အောင့်အောင့် ပြာဆိုလျက် စာရေးစားပွဲပေါ်တွင် မျက်နှာ မှောက်၍ ရှိုက်ကြီးတငင် ငိုကြွေးချလိုက်သည် ။
နွယ်၏မေမေသည် အလွန် အံ့သြသော မျက်နှာဖြင့် နွယ့်ကို စူးစိုက်၍ ကြည့်လိုက်သည် ။ မည်သို့ ဆိုစေ ၊ ဆဲစေ ၊ ရိုက်စေ နွယ်သည် တစ်ခါမျှ မတုံ့ပြန်ခဲ့ဘူးခဲ့ချေ ။
အလွန်ကျပ်တည်းလျက် စည်းကမ်း ကြီးမားလွန်းလှသော နွယ်၏ မေမေသည် နွယ်လေး၏ နိမ့်ချည် မြင့်ချည်နေသော ကျောပြင်လုံးလုံးကလေးပေါ်သို့ အလွန်ယုယ ညင်သာစွာ လက်တင် ပွတ်သပ် လိုက်ပါသတည်း ။
⎕ ရန်ကုန်ဘဆွေ
📖 စာပန်းချီ ၊ ၃/၁
နိုဝင်ဘာ ၊ ၁၉၅၉
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment