Saturday, July 20, 2024

ဇာတ်လိုက်မင်းသား


 

❝ ဇာတ်လိုက်မင်းသား ❞
  ( တက္ကသိုလ်စိုးနောင် )

( ၁ )

မှောင်ရီပျိုးစ ။

အလင်းဓာတ် သည် လျော့ရဲ အားနည်း လွန်း လှသည် ။ ညဉ့်လွှာရုံ က ပီပြင်စ ပြုလာသည် ။

မကြာမီ လမ်းမီးတိုင်များ တဖျပ်ဖျပ် ပွင့် လာကြသည် ။

လမ်းဘေး ပလက်ဖောင်း ပေါ် တွင် အပူအပင် ကင်းမဲ့စွာ ဖြင့် သူ တစ်ယောက် တည်း အဖော် မပါ လမ်းလျှောက် နေ မိသည် ။ ဤသို့ ထမင်း စားပြီး လမ်းလျှောက်ခြင်း သည် သူ ၏ နေ့စဉ် လုပ်နေကျ အကျင့် ဖြစ်သည် ။ တစ်နေ့ တာ လှုပ်ရှား သွားလာခဲ့ သမျှ ကို ပြန်ပြောင်း စဉ်းစား စားမြုံ့ ပြန်ရင်း အေးအေးလူလူ လျှောက် နေခဲ့မိသည် ။

ခရေပင်ကြီး တစ်ပင် အနီး သို့ မရောက် တရောက် အချိန် တွင် ထူးဆန်းသော မြင်ကွင်း ကို အမှတ်မထင် သူ တွေ့ လိုက်ရ သည် ။

သူ့ စိတ်ထဲ ထိတ်ခနဲ ဖြစ် သွားသည် ။ ဘာဖြစ်တာပါလိမ့် ဟူ၍ စဉ်းစား ရင်း ဦးနှောက် ကို အလုပ် ပေး နေမိသည် ။ ထွက် လာ သော အဖြေ က အကျည်းတန် လွန်းသော မြင်ကွင်း တစ်ခု အဖြစ် ပေါ် လာသည် ။

လူတစ်စု သည် အင်အား နည်းလွန်းလှသည့် မိန်းကလေး တစ်ဦး အား အဓမ္မ ဆွဲလား ရမ်းလား လုပ် နေကြသည် ။ အားနွဲ့ ရှာသူ မိန်းကလေး ခမျာ ကျားမုဆိုး တို့ အလယ် ၌ ယက်ကန် ယက်ကန် ဖြစ် လျက် ရှိသည် ။ လူ မဆန်သော ယောကျ်ား တစ်စု သည် ဤလို လူ ပြတ်သော နေရာ၌ ဤလို အခွင့်ကောင်းမျိုး ကို အရ ယူ နေကြခြင်း ဖြစ်သည် ။

သူ ၏ တစ်ကိုယ်လုံး တင်းခနဲ ဖြစ် သွားသည် ။ မခံမရပ် နိုင် သော ခံပြင်းစိတ်များ နှင့် အတူ အရှုံး ပေး နေရသော အားနည်း သူ ကို ကူညီချင်စိတ်များ တဖွားဖွား ပေါ်လာခဲ့သည် ။

နှမသားချင်း မစာနာ ဘဲ ရိုင်းစိုင်းသော လူများ အား ရွံရှာ မုန်းတီးစိတ် ဖြင့် တက် တစ်ချက် ကို ခပ်ပြင်းပြင်း သူ ခေါက်သည် ။ 

ကျားမုဆိုး တို့၏  အလယ် ၌ မကြာခင် သားကောင် ဖြစ်ရ တော့မည့် မိန်းကလေး အား ကယ်တင်ရန် သူ ဆုံးဖြတ် လိုက်သည် ။

မိန်းကလေး ရှိရာ သို့ ပြေးသွားတော့မည့် ဆဲဆဲ အချိန် တွင် ..

လူဆိုး တို့ လက် မှ လွတ်ထွက် လာသော မိန်းကလေး သည် ဖိုးရိုးဖားယား ဖြစ်နေသော ဆံကေသာ ကို ဘယ်ညာ ယိမ်းခါ ရင်း သူ ရှိရာ အရပ် သို့ တစ်ဟုန်ထိုး ပြေးထွက် လာခဲ့သည် ။ လူဆိုးများ က သူမ နောက် မှ ပြုံ ၍ လိုက်ကြသည် ။

“ အစ်ကို ... အစ်ကို ၊ ညီမ ကို ကယ်ပါ အစ်ကို ၊ ညီမ ကို ကယ်ပါ အစ်ကို ရယ် ”

ဆည်းလည်းသံ ပမာ သာယာ အေးမြလှသော အသံသာသာ တစ်ခု ကို သူ ကြားသည် ။ သူ့ ကို သတိ ထားမိ သွားသော မိန်းကလေး သည် သူ ရှိရာ သို့ တန်းတန်းမတ်မတ် ပြေး လာပြီး သူ့ အား အကူအညီ တောင်း လျက် ရှိနေပါ လေပြီ ။

သူ အများကြီး ဝမ်းသာ သွားခဲ့သည် ။ ဤလို အဖြစ်မျိုး နှင့် တစ်ခါဖူးမျှ မကြုံဘူးသဖြင့် သူ့ ရင် ထဲ ဝေဒနာ တစ်မျိုး ကို ခံစား လိုက်ရသည် ။ အားနွဲ့ ရှာသူ မိန်းကလေး ကို သူ ကယ်တင် ရမည် ။ သူ လှုပ်ရှားလို က်သည် ။ ပြေး လာ နေသော မိန်းကလေး ရှိရာ တည့်တည့် သို့ သူ ရင်ဆိုင် ပြေးသည် ။

မကြာမီ မျက်နှာချင်းဆိုင် တွေ့သည် ။ မိန်းကလေး ၏ မျက်နှာ ကို အနီးကပ် တွေ့ လိုက် ရတော့ သူ့ ရင် ထဲ ဒိန်းခနဲ ဖြစ် သွားသည် ။

“ အားပါး အတော်လှသော မိန်းကလေး ပါ လား ” ဟူ၍ သူ စုတ်သပ် မိသည် ။ ရုတ်တရက် သူ မင်တက်မိ သွားစဉ် မိန်းကလေး သည် သူ့ ကို ပြေးဖက် ကာ ရှိုက်၍ ရှိုက်၍ ငို တော့သည် ။

“ အစ်ကို ရယ် ညီမ ကို ကယ်ပါဦး အစ်ကို ရယ် ညီမ မိကောင်း ဖခင် သားသမီး ပါ ၊ ညီမ အလုပ် က နေ အိမ် အပြန် နောက် ကျ လို့ တစ်ယောက် တည်း ပြန် လာတုန်း ၊ သူတို့ ခုလို လိုက် နှောင့်ယှက်ကြ တာပါ ။ ညီမ ကို ကယ်ပါ အစ်ကိုရယ် ”

မိန်းကလေး က အမောတကော ပြောသည် ။ 

မိန်းကလေး ၏ အဖက်အပွေ့ ၊ မိန်းကလေး ၏ အငိုအရှိုက် ၊ မိန်းကလေး ၏ အားကိုးမှု ၊ မိန်းကလေး ၏ သာယာသော အသံ အေးအေး တို့ ကြောင့် ရည်းစား ပင် မထားဘူးသော သူ ၏ နှလုံးသား များ ဖျပ်ဖျပ်လူး မျှ ခံစား လိုက်ရသည် ။

တစ်ကိုယ်လုံး ရှိန်းဖိန်း ကာ ကတုန်ကယင် ပင် ဖြစ် သွားခဲ့ သည် ။ အားပေးရမည် ။ ကူညီရမည် ။ ဤသို့ ဒုက္ခ တွေ့ နေရှာ သူ မိန်းကလေးမျိုး ကို သူ ပို၍ အကူအညီ ပေးရမည် ဟု သူ အောက် မေ့သည် ။

ထိုစဉ် ...

အနား ရောက် လာသော လူ တစ်စု က သူ နှင့် မိန်းကလေး တို့ ကို ဝိုင်း ထား လိုက်ကြသည် ။ ယခုမှ ပတ်ဝန်းကျင် ကို သူ သတိထား မိသည် ။ ရန်သူ ကို ရင်ဆိုင် ရမည် ဟူ၍ ..

ဝိုင်း ထားသော လူများ ကို သူ ရေတွက် ကြည့်သည် ။ အားလုံး လူ လေးယောက် ။

သူ မကြောက်ပါ ။ တက္ကသိုလ် တွင် လေးနှစ် လုံးလုံး သင် လာခဲ့ ရသော ကရာတေး ပညာ သည် သည် လူ လေးယောက် လောက် တော့ အပျော့ ပင် ။

မိန်းကလေး က သူ့ အား ဖျစ်ညှစ် ကာ တင်းတင်းကျပ်ကျပ် ဖက် ထားဆဲ ရှိသည် ။ မိန်းကလေး သည် မတွေးဝံ့သော ကြမ္မာဆိုး ကို ရင်မဆိုင် ရဲ သဖြင့် အကြောက် လွန် နေပုံ ရသည် ။

မိန်းကလေး ၏ အသားများ တဆတ်ဆတ် တုန်ယင် နေ သည် ကို ကြည့်ပြီး သူ ပို၍ သနား သွား ခဲ့သည် ။ 

“ ညီမ ၊ ညီမ ဘာမှ မကြောက်နဲ့ နော် ၊ အစ်ကို တစ်ယောက် လုံး ရှိပါတယ်ကွာ ၊ ဒီ ကောင်တွေ ကို အစ်ကို တီး ပစ်မယ် ၊ အသာနေ ”

မိန်းကလေး ကို သူ အားပေးသည် ။ ထိုသည့် နောက် မိန်းကလေး ၏ ဖက်တွယ်ထားသော လက်များ ကို အသာအယာ ဖြေလျော့ ကာ မိန်းကလေး ကို လွတ်ရာ သို့ အနည်းငယ် ခွာထုတ်သည် ။

ထိုသည့် နောက် ရဲရင့်သော ကျားသစ်မျက်လုံး ဖြင့် အကင်း ပါးစွာ အကဲခတ်သည် ။

ညာဘက် မနီးမဝေး ရှိ ဗလ တောင့်တောင့် အရပ်မြင့်မြင့် နှင့် မုတ်ဆိတ် ထူလပျစ် ရှိသူ သည် သူတို့ အဖွဲ့ တွင် ခေါင်းဆောင် ဖြစ်ဟန် ရှိသည် ။ ထိုသူ ကို ပထမဆုံး တိုက်ခိုက် ရမည့် ပထမ ရန်သူ အဖြစ် သူ သတ်မှတ်သည် ။ စိတ် ကို သူ လျှော့သည် ။ တစ်ကိုယ်လုံး ရှိ အကြောအခြင်များ ထဲ သို့ အင်အားများ သွတ်သွင်း လိုက်သည် ။

ညာခြေ ကို အားထည့် ၍ မုတ်ဆိတ် နှင့် လူ ၏ မေးဖျား ကို မှန်းကာ ဖြောင်းခနဲ ကန်ထည့် လိုက်သည် ။

ချက်ချင်း နောက် ကို တစ်ပတ် လှည့်ကာ ထင်သည့် အတိုင်း ပြေးဝင် လာသည့် ဂင်တိုတို နှင့် လူ ကို ဘယ်ခြေ ဖြင့် ကန် ထည့် လိုက်သည် ။

တစ်ခဏ အတွင်း လူရမ်းကား နှစ်ယောက် လဲကျ သွား သည် ။ သူ က ချက်ချင်း ဒူးညွှတ် ပြီး လက်ဖဝါး နှစ်ဖက် ကို အသင့် အနေအထား ဖြင့် ကျန် နှစ်ယောက် ကို ရင်ဆိုင်သည် ။

ပြင်းထန် မြန်ဆန် သော သူ ၏ တိုက်ကွက် ကို သိ သွားသည့် ကျန် လူဆိုး နှစ်ယောက် သည် သူ့ ကို ရင်မဆိုင်ရဲ တော့ ဘဲ နောက်ဆုတ် ၊ နောက်ဆုတ် နှင့် လုပပြီး နောက်သို့ ဆုတ် ပြေးတော့သည် ။ စောစောက မှောက် နေသော နှစ်ယောက် သည် လည်း လူးလဲ ထ ကာ လှည့်ကြည့် ၊ လှည့်ကြည့် နှင့် ထွက်ပြေး လေတော့သည် ။

မိန်းကလေး ဘက် သို့ သူ လှည့် ကြည့်သည် ။ မိန်းကလေး သည် ကြောက်ရွံ့ တုန်လှုပ် နေသော အမူအရာ ထက် တွင် အပြုံး မြမြလေး ကို ရှားရှားပါးပါး ပြုံး ပြ လျက် ရှိသည် ။

သူ့ ရင် ထဲ များစွာ ကျေနပ် သွားရ၏ ။ ပီတိရေစင် သည် သူ့ အသည်းနှလုံး ထဲ သို့ ချိုမြစွာ စိမ့်ဆင်း စီးဝင် ခဲ့ပါ၏ ။

ကြည့်ခဲ့ဖူးသော ရုပ်ရှင်ဇာတ်ကားများ ကို အမှတ် ရသည် ။ ယခု သူ သည် လည်း ရုပ်ရှင် ထဲ မှာ ကဲ့သို့ လူကြမ်းများ လက် ထဲ မှ မင်းသမီး ကို ကယ်တင် လိုက်နိုင်သည့် ဇာတ်လိုက်မင်းသား ပမာ ဖြစ်နေပါရောလား ဟု သူ့ ကိုယ် သူ အောက်မေ့သည် ။
သူ့ အသည်း ဘဝင် ၌ လေဟပ် သွားပါ၏ ။

မိန်းကလေး က သူ့ ကို လိုလားနှစ်သက်စွာ ကြည်ကြည်လင်လင် ဖြင့် ပြုံးပြသည် ။ မိန်းကလေး ၏ အပြုံး က အားပါလွန်း လှ သဖြင့် သူ များစွာ ကျေနပ် သွားရသည် ။

“ ကဲ ညီမ ၊ ဘယ်ထိ ပြန်ရမှာလဲ ၊ အိမ် ရောက်တဲ့ အထိ အစ်ကို လိုက် ပို့ပေးမယ် ဟုတ်လား ”

မိန်းကလေး ၏ မျက်နှာ တစ်မျိုး ပြောင်းသည် ။ ထို့ကြောင့် သူ နားလည်ရ ခက် သွားသည် ။

“ ခုမှ တော့ ညီမ အိမ် ကို မပြန်တော့ဘူး အစ်ကို ရယ် ၊ ညီမ အိမ် က လူကြီးတွေ က သိပ် စည်းကမ်းကြီး တာ ၊ ညီမ ကို ဘယ်မှ သွားတာ ကြိုက်တာ မဟုတ်ဘူး ၊ ခုလိုလည်း တစ်ခါမှ မဖြစ်ဖူးဘူး ၊ ညီမ ပြန် သွားရင် အိမ် က ညီမ ကို တစ်မျိုး ထင်ကြတော့မယ် ၊ ခက်ပါတယ် အစ်ကို ရယ် ဟင့် .. ”

“ ဟာ ”

သူ အစဉ်းစားရ ခက် သွားသည် ။ ဖြစ်နိုင် လျှင် မိန်းကလေး ၏ အိမ် မှ လူကြီးများ နားလည် သဘောပေါက် စေချင်သည် ။ သူ အဘယ်သို့ ကူညီရလေမည်နည်း ။

ဝမ်းပန်းတနည်း ငိုကြွေး နေသော မိန်းကလေး အား မကြည့် ရက်တော့သည် ကြောင့် ....

“ ဒါဖြင့် ညီမ ကို အစ်ကို ဘယ်လို ကူညီရမလဲ ဟင် ၊ ညီမ ဖြစ်ချင်တာကို ပြောလေ ”

မိန်းကလေး က အငို ကို ရပ် ၍ သူ့ ကို ရွှန်းရွှန်းစားစား ကြည့်သည် ။

“ ညီမ လေ ညီမ ၊ အစ်ကို့ ကို ကျေးဇူး လည်း တင်ပါတယ် ။ အား လည်း ကိုးပါတယ် အစ်ကို ရယ် ၊ အစ်ကို့ ကို မြင်လိုက် ကတည်း က အစ်ကို ဟာ လူရိုး လူကောင်း တစ်ယောက် ဆိုတာ ညီမ သိ ပါတယ် ။ ဒါကြောင့် ကူညီလက်စ နဲ့ အစ်ကို့ အိမ် မှာ ပဲ ဒီ တစ်ည တော့ ဟိုလေ လိုက် အိပ်ပါရစေ အစ်ကို ရယ် ၊ အစ်ကို့ ကို ညီမ ယုံပါတယ် ”

“ ဟင် ”

သူ့ အိမ် လိုက်မည် ဟု ဆို၍ သူ့ မှာ မယုံမရဲ ဖြစ် သွားသည် ။ နားကြား များ လွဲရော့သလား ဟူ၍ ..

“ မဟုတ်သေးဘူး ညီမ ရဲ့ ၊ အစ်ကို က မိသားစု နဲ့ နေတာ မဟုတ်ဘူး ၊ အစ်ကို က လူပျို လူလွတ် တစ်ယောက် တည်း အခန်း ငှားပြီး နေတာ ၊ ညီမ လိုက် အိပ်မယ် ဆိုရင် ... ”

“ ရပါတယ် အစ်ကို ရယ် ညီမ အိပ်ရဲပါတယ် ၊ အစ်ကို့ ဆီ မှာ မအိပ်ရ ရင် ညီမ ဘဝ ကို မတွေးရဲတော့ပါဘူး အစ်ကို ရယ် ”

သူ့ ရင်ထဲ နွေးခနဲ ဖြစ်သည် ။ စိုးရိမ်စိတ် ဖြင့် ...

“ နက်ဖြန် မှ အိမ် ပြန် ရင်ကော ညီမ ကို ညီမတို့ အိမ် က ဘာ ပြောကြမလဲ ”

“ အို အဲဒါတော့ မပူနဲ့ အစ်ကို ၊ ရပါတယ် ညီမ သူငယ်ချင်း မိုးမိုး အိမ် မှာ သွား အိပ်တယ် ဆိုရင် သူတို့ ခွင့်လွှတ်ကြ မှာ ပါ အစ်ကို ၊ မိုးမိုး နဲ့ ညီမ က အရမ်း ချစ်တဲ့ သူငယ်ချင်း တွေ လေ ၊ နောက်ပြီး မိုးမိုး အိမ် မှာ က ညီမ က အိပ်နေကျ ”

•••••   •••••   •••••

( ၂ )

မိန်းကလေး ၏ နာမည် ကို သိ လိုက်ရသည် ။ သူဇာ ဟူ၍ ။ သူဇာ သည် အိပ်ခန်း ထဲ ရောက် မှ မီးရောင် အောက် တွင် ပို၍ ပို၍ လှ နေ ခဲ့လေသည် ။

နောက်ပြီး မကြာလိုက် သူဇာ က ရေ ချိုးချင်သည် ဟု ပြော သည် ။ သူ က သူ ၏ ရေလဲလုံချည် ကို ပေးသည် ။

ပုဆိုး ကို ရင်ရှား ထားသော သူဇာ ၏ ပင်ကို အလှ သည် ထင်းခနဲ ပေါ် ကာ သူ့ အား အသက်ရှူ မှား စေခဲ့သည် ။

အစ က သည်လောက် ရင်တွေ ခုန်နေလိမ့်မည် ဟု သူ မထင် ။ ယခုတော့ သူ ၏ ရင်ခုန်သံ က ဇယ်စက် လျက် ရှိသည် ။ ခြေဖျား လက်ဖျား များ ပင် တဆတ်ဆတ် တုန်ယင် လာခဲ့သည် ။ ရေ ချိုးပြီး သူဇာ သည် သူ့ ရှေ့ မှာ ပင် သူ့ ပုဆိုး တစ်ထည် နှင့် စပို့ရှပ် တို့ ကို လဲ ဝတ်သည် ။

သူဇာ သည် သူ နှင့် နီးကပ် လွန်း စွာ စကား တွေ ပြောခဲ့ သည် ။ သူ ၏ စိတ် တို့ မရိုးမရွ ဖြစ်ကာ သွေးဆူ လာခဲ့သည် ။ ထိုစဉ် သူဇာ က မျက်ဝန်းအစုံ ကို မှေးစင်း ၍ သူ့ ကို ငေးခနဲ တစ်ချက် ကြည့်ပြီး -

“ ချစ်တယ် အစ်ကို ရယ် ”

ဟူ၍ ဆို ကာ ပြေး ဖက်သည် ။ သူ ၏ နှလုံးသားများ အရည် ပျော်ကျ ကုန်သည် ။

သည့်နောက် သူဇာ က လူချင်း ခွာကာ အမှတ်တရ ည အဖြစ် ကော်ဖီ ဖြစ်ဖြစ် ၊ လက်ဖက်ရည် ဖြစ်ဖြစ် သူမ ကိုယ်တိုင် ဖျော်ပြီး တစ်ခု ခု သောက်ချင်သည် ဟု ပြောသည် ။ သူ က ကော်ဖီ ရနိုင် ကြောင်း ပြောသည် ။

သူဇာ က သူ့ နဖူး ကို တစ်ချက် နမ်း ပြီး သူ့ အပါး မှ သွက်လက်စွာ ထ သွားသည် ။

အဆင်သင့် ရှိ နေသော ဓာတ်ဘူး ထဲ မှ ရေနွေး နှင့် ပင် မိုင်လိုကော်ဖီ နှစ်ခွက် ကို ဖျော်သည် ။ သူ က ဗီရိုပုလေး ထဲ မှ မုန့်ပုံး ကို ယူ၍ ဖွင့် ပေးသည် ။

နှစ်ယောက်သား ပြုံးရွှင် ရယ်မောစွာ ဖြင့် ကော်ဖီ နှင့် မုန့် ကို စားရင်း စကားတွေ ဖောင်ဖွဲ့ ကြသည် ။

ထိုသို့ စကားတွေ ပြောရင်း ပြောရင်း နှင့် သူ ၏ မျက်ခွံများ လေးလံ လာကြသည် ။ အိပ်ချင် သည့် စိတ် သည် တား မနိုင် ဆီး မရ ။

မြင်ကွင်း အတွင်း ၌ သူဇာ ၏ အလှ သည် တဖြည်းဖြည်း နှင့် မပီဝိုးတဝါး ဖြစ် လာခဲ့သည် ။ ထိုသည် ၏ နောက် ...

•••••   •••••   •••••

( ၃ )

သူ အိပ်ရာ မှ နိုး လာသည် ။ နှစ်နှစ်ခြိုက်ခြိုက် အိပ် လိုက်ရ သဖြင့် သူ ၏ တစ်ကိုယ်လုံး အားအင်များ ပြည့်ဝ ကာ စိတ်နှလုံး မှာ ရွှင်ပြုံး နေခဲ့သည် ။

အပေါ် မှ ခြုံ ထားသော စောင် ကို အသာ ခွာ၍ လက် နှစ်ဖက် ဆန့်တန်း ကာ အညောင်း ဆန့် လိုက်သေးသည် ။

သို့ ရှိစဉ် ...

သူ ၏ အတွေး က တစ်စုံတစ်ရာ ကို အမှတ် ရသည် ။

“ သူဇာ ဟာ ”

ယခုမှ သူ့ စိတ်တွေ ယောက်ယက်ခတ် ကုန်သည် ။ စောင် ကို ချက်ချင်း ခွာ ၍ အိပ်ရာ ထဲ မှ ဝုန်းခနဲ ထ သည် ။ သူ ၏ အကြည့်များ က ဟိုဟိုသည်သည် ကြည့် ရင်း ရှာဖွေ နေ မိသည် ။ ည က သူ နှင့် ပါ လာခဲ့သော သူဇာ ဟူသည့် မိန်းကလေး ဘယ်ရောက် သွားပြီ နည်း ။

သူ အတွေးရ ကျပ် နေစဉ် သူ့ မျက်လုံးများ က အခန်း တစ်ခုလုံး ၏ အနေအထား ကို သတိထား မိ သွားပြီး ... ။

“ ဟာ သွားပြီ ” ဟူ၍ သာ အော် လိုက်နိုင်တော့သည် ။

ဗီရို ပေါ် မှ ရေဒီယို ကက်ဆက် ၊ စားပွဲတင် နာရီ ၊ သူ စီးနေ ကျ စက်ဘီး တို့ သည် မရှိတော့ ။ သတိ ရ ၍ လက် ကို ကြည့်သည် ။ လက် မှ ဆီကို နာရီ သည် လည်း မရှိတော့ ။

အဝတ်ထည့် ဗီရို သည် ပွင့်လျက် ၊ အထဲ ၌ ဟောင်းလောင်း ဖြစ်၍ နေသည် ။ တန်ဖိုးရှိ ပစ္စည်းများ နှင့် မသုံးရက် မဝတ်ရက် အဝတ်အစားကောင်းများ ထည့် ထားသော သေတ္တာ ရှိရာ ခုတင် အောက် သို့ အလျင်အမြန် ငုံ့ ကြည့်သည် ။ မရှိတော့ ။ သေတ္တာ ထဲ ၌ ငွေသား က သုံးသောင်း ကျော် ပါသွားပြီ ။ လုပ်ငန်း ထဲ မှ အရင်းအနှီး ငွေများ ပါ သွားပြီ ။

သူ ဘာ လုပ်လို့ လုပ်ရမှန်း မသိတော့ ။ နောက်ဆုံး ကြိုးတန်း ပေါ် လွှား ထားသော အဝတ်အစားများ နှင့် ရေသုတ်ပဝါ တို့ က အစ ပြောင်သလင်း ခါ ၍ သွား လေသည် ။ သူ ယူကျုံး မရ ဖြစ်သွားသည် ။ ရှိသမျှ ကုန်ပါပြီဟု သူ အောက်မေ့ လိုက်သည် ။

သူ ၏ ရင် ထဲ ၌ ဒေါသ မုန်တိုင်း တို့ က အလိပ်လိုက် ၊ အလိပ်လိုက် တက် လာကြသည် ။ နာကြည်း ခံပြင်းခြင်း နှင့် အတူ သူဇာ ဆိုသော မိန်းကလေး အား အမှုန့် ချေပစ်ချင်စိတ် များ တဖွား ဖွား ပေါ် လာခဲ့သည် ။

လက်သီး နှစ်လုံး ကို ကျစ်ကျစ် ပါ အောင် ဆုပ်ပြီး နံရံ ကို ထိုးထည့် လိုက်သည် ။ တောက် တစ်ချက် ကို နာနာကြည်းကြည်း ခေါက် လိုက်သည် ။ မနေ့ ည က သူ ကယ်တင် ခဲ့သော မိန်းကလေး နှင့် လူဆိုး လေးယောက် တို့ သည် တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ပူးပေါင်း ကာ သူ့ အား လှည့်ကွက် ဆင် ခဲ့သည် ကို ယခု မှ ပင် သူ ကောင်းကောင်းကြီး သဘောပေါက် ခဲ့တော့သည် ။

ထိုသည် ၏ နောက် သူ ၏ ခြေလှမ်းများ က ရဲစခန်း ဆီ သို့ သာ ဦးတည်လျက် ။

( နောက် ရက်များ မကြာမီ မှာ ပင် သူဇာ နှင့် အဖွဲ့ ကို ရဲတပ်ဖွဲ့ မှ ခြေရာခံ ဖမ်းဆီးရခဲ့သည် ။ )

◾တက္ကသိုလ်စိုးနောင်

📖 ပြစ်မှု မဂ္ဂဇင်း
      အမှတ်စဉ် ( ၆၁ )
      ၁၉၈၇ ခုနှစ် ၊ မတ်လ 

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment