Thursday, July 25, 2024

ပန်းပဲ ဆြာထွန်း


 ❝ ပန်းပဲ ဆြာထွန်း ❞


[ မန္တလေးမြို့ မြောက်ပြင် သူရဲတပ်ရပ် ရှိ ပန်းပဲဖို မှာ ဆြာထွန်း ကို ကျွန်တော် သွား တွေ့ ပါသည် ။ သူ့ အမည် အပြည့်အစုံ မှာ ဦးထွန်းကြည် ဖြစ်ပြီး သူ့ လုပ်ငန်း အမည် မှာ ထွန်းပန်းပဲ ဖြစ်သည် ။ 


သစ်သားကွပ်ပျစ် တစ်ခု ပေါ်မှာ ထိုင် နေသော သူ့ နံဘေး မှာ ကျွန်တော် ဝင် ထိုင်သည် ။ သူ နဲ့ မလှမ်းမကမ်း တွင် သူ့ သား တစ်ယောက် က စတီးပြားများ ကို ပေ ပေါ် တင် ပြီး တူ ဖြင့် တဂျမ်းဂျမ်း ထု နေသည် ။ သပိတ်လုံး နှင့် တူသော စတီးအိုးကြီး တစ်လုံး လည်း အနီး မှာ ရှိသည် ။ နောက်ထပ် တစ်လုံး လုပ် နေတာ ဖြစ်သည် ။ ချိုချဉ်စက်ရုံ တစ်ခု က အပ်နှံ ထား တာ ဟု ဆိုသည် ။ 


တူ ထုသံ တွေ ညံ နေသည့် ကြား မှ ဦးထွန်းကြည် က သူ့ ဘဝ ဇာတ်ကြောင်း ကို ပြန် ပြောပြသည် ။ ယခု သူ့ အသက် ၆၅ နှစ် ရှိပြီ ။ ]


•••••   •••••   •••••


ကျွန်တော် ငယ်ငယ်လေး ကတည်း က ပန်းပဲပညာ သင် ခဲ့တာ ။ ပန်းပဲ အလုပ် က အင်မတန် ပင်ပန်းတော့ ကျွန်တော် မလုပ်ချင်ဘူး ။ ဒါနဲ့ ပုံနှိပ်စက် မှာ သွား လုပ်တော့ တစ်လ မှ သုံးဆယ် ပဲ ရတယ် ။


မန္တလေး က ဗဟိုစည် ၊ လူထု ၊ ဟစ်တိုင် ၊ မန္တလေးသူရိယ စတဲ့ သတင်း စာတွေ မှာ စာစီ ၊ စက်သမား လုပ်ခဲ့တယ် ။ နောက်ဆုံး လုပ်ခဲ့တာ က ထူးစာစောင် မှာ လခ က ၁ဝဝ ရတယ် ။


အဲသည် အချိန် မှာ ကျွန်တော် က အိမ်ထောင် ကျ လို့ ကလေး ရှစ်ယောက် ရ နေပြီ ။ ကျွန်တော့် ယောက္ခမ က လည်း ပန်းပဲဆရာ ပဲ ။ ပုံနှိပ်လောက မှာ နှစ်ပေါင်း နှစ်ဆယ် လောက် ကြာ လုပ်ရင်း စီးပွားရေး က အဆင် မပြေ တော့ ထွက် ပြီး အရောင်းအဝယ်လေး ဘာလေး လျှောက် လုပ်တယ် ။ ဒါလည်း အဆင် မပြေ ဘူး ။ အသက် ၃၈ နှစ် ရောက် မှ ငယ်စဉ် ကတည်း က ပင်ပန်းလို့ မလုပ်ဘဲ နေခဲ့ တဲ့ ပန်းပဲ အလုပ် ကျွန်တော် ပြန် လုပ် ရတော့တာပဲ ။


ပန်းပဲ စ သင် ရင် ဖိုဆွဲ က စ သင် ရတာ ။ ဖားဖို ခေါ်တယ် ။ ဖားပြုပ် နဲ့ တူ တယ် ။ သံ ကို ကိုယ် လိုရာ ပုံ ထု ဖို့ ပျော့ လာ အောင် မီး ဖုတ် ရတယ် ။ မီး ကို ဖားဖို နဲ့ လေ ပေး ရတာ ။ မီး ဝင်တယ် ခေါ်တာပေါ့ ။


သံ ကို မီး ပေး ရာ မှာ အရောင် က ပထမ အနီ ၊ နောက် အစိမ်း ၊ စိမ်းဝါ ၊ အဝါသတ်သတ် ၊ အဝါမှည့် အဆင့် ဆင့် ပြောင်း သွားတယ် ။ အဝါ မှည့် လာ ရင် သံ က အရည် ပျော် တော့ မှာ ။ အရည် ပျော် ပြီး ပြတ်ကျ သွားမယ် ။ ဒါကြောင့် သိပ် မဝါ ဖို့ လိုတယ် ။


ဖိုဆရာ က သံ ကို ကြည့်ပြီး “ ရပဟ ” လို့ ပြောရတယ် ။ စိမ်းဝါလေး ထုတ် ပေး ပြန် ရင် သံ က သိပ် မပျော့သေး တော့ ရိုက်တဲ့ လူ မသက်သာဘူး ။ အသင့် အတင့် ဝါ မှ တပည့် မပင်ပန်းတာ ။


ထု ရ တဲ့ တူ က လည်း အနည်းဆုံး ၁၅ ပေါင် တူ ၊ ၁၈ ပေါင် ၊ ပေါင် ၂ဝ တူ တွေ နဲ့ မီးဖုတ် ထား တဲ့ သံ ကို တဒိုင်းဒိုင်း ထု ရတာ ။ ရှေး လူကြီးတွေ က အား ကောင်းတယ် ။ ပေါင် ၂ဝ တူ ကို လွှဲ လွှဲ ထုတာ ။ လွှဲတူ ခေါ်တယ် ။ 


ဖိုဆွဲ ပညာသင် တူရိုက် ဝင် ရတော့မယ် ဆိုရင် ဝါးလုံး ကို မြေ မှာ စိုက်ပေး ပြီး ဝင်အောင် ရိုက် ခိုင်းတယ် ။ တည့်တည့် ဝင်ရမှာ ။ ယိုင် ဝင် လို့ မရဘူး ။ တူ ရိုက် ကျွမ်းကျင်ပြီ ဆို မှ ဝင် ထုခွင့် ရတာ ။


တူ ရိုက်ရာ မှာ လည်း နှစ်ယောက် သုံးယောက် လေးယောက် တူ တစ်လက် စီ နဲ့ တစ်လှည့် စီ ရိုက်ရတယ် ။ ကိုယ့် အလှည့် မှာ စည်းချက် ကျကျ မလွဲ အောင် ရိုက်ဖို့ ကျင့် ထား ရတာ ။ ကိုယ် ထင် သလို ဝင် လုပ်လို့ မရဘူး ။


ဖိုထိုင်ဆရာ က ကိုယ့် ရိုက်ချက် တွေ ကြည့် နေရတယ် ။ အား ပါရဲ့လား ။ အားပါ လွန်းရင်လည်း “ ဟေ့ကောင် နည်းနည်း လျှော့ ” ပြောရတယ် ။ တူချက် မညီ ရင် နင်းကန် ထု တဲ့ ကောင် ရိုက် တဲ့ နေရာ ချိုင့် သွားတာ ။


ပန်းပဲ အလုပ် က ပင်ပန်း ပြီး ငွေဝင် နည်း တော့ လုပ်ချင် သူ နည်းလာတယ် ။ လုပ်တဲ့ သူ မရှိ ၊ ရှိတဲ့ သူ က လည်း မတတ်ဘဲ ဖြစ်သလို ဆော်တာတွေ များ တယ် ။


ဒါကြောင့် မျိုးဆက် ကျန် အောင် ကျွန်တော့် သားတွေ ကို ပန်းပဲ လုပ် ခိုင်း နေတာ ၊ ပင်ပန်းတာ မှန်ပေမယ့် ဖအေ တတ် တဲ့ ပညာ သားသမီး ကို သင်ပေး ရမှာ ပေါ့ ။ ဖအေ မရှိတော့တဲ့ အချိန် လုပ် မစားချင် နေလေ ။ လက်ငုတ် လက်ရင်း တော့ ကျန်ရ မှာ ပေါ့ ။


◾ကျော်ရင်မြင့်


📖 ဘ၀ဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment