❝ ဇရပ် ဇာတ်လမ်း မှတ်တမ်းတင် ❞
( ရွှေဓါး )
စတင် ၍ လူ့ ဘဝ သို့ ရောက်ရှိ လာသော အချိန်ကာလ က ပင် အမေ့ အား မျက်ရည်များ ကျဆင်း စေခဲ့သော ကျွန်တော် သည် ယခု တစ်ဖန် ထပ်မံ၍ အမေ ၏ မျက်ရည်များ ကို တွေ့ရ ပြန်ပြီ ဖြစ်လေ သည် ။ ယ္ခု အခါ တွင် အမေ ၏ ပါးပြင် များ ဆီ ၌ မျက်ရည် တို့ သည် စီးဆင်း နေလိမ့်မည် ထင် ပေသည် ။
အမေ သည် ကျွန်တော့် အား ပွေ့ဖက် ထား၏ ။ အမေ ၏ ရင်ခွင် မှ ပူနွေးသော အငွေ့များ သည် ကရုဏာလှိုင်းများ တဖျတ်ဖျတ် ရိုက်ခတ် ကာ ကျွန်တော် ၏ ထံ သို့ ကူးလူး လျက် ရှိ နေ လေသည် ။
“ အမေ့ သား က ဘာဖြစ်လို့ ဒေါသ ထွက်ရတာလဲကွယ် ”
အမေ က အသံများ တုန်စွာ ဖြင့် ဤ စကား ကို ဆို လေသည် ။
ကျွန်တော် သည် အမေ ၏ အမေးပုစ္ဆာ ကို ပြန်၍ မဖြေ လိုတော့ ။ လူ ဆိုသော သတ္တဝါ ထဲ တွင် ကျွန်တော် သည် တစ်ယောက် အပါအဝင် ပင် ဖြစ်ပေသည် ။ ကျွန်တော် သည် သာမန် ပုထုစဉ် တစ်ယောက် ပင် ဖြစ် လေသည် ။ သာမည ပုထုဇဉ် လူသား တစ်ယောက် ၌ လောဘစိတ် ၊ ဒေါသစိတ် ၊ မောဟစိတ် တို့ သည် ရှိပါလိမ့်မည် ။
အမေ သည် ဤသို့ ခွဲခြမ်း စိတ်ဖြာ ၍ သိချင် မှ လည်း သိပါလိမ့်မည် ။ သိလေ သည့် တိုင်အောင် သတိ မူမိ ချင် မှ လည်း သတိ မူမိ လိမ့်မည် ။ အမေ သည် အင်မတန် ပင် ရိုးသားသော စိတ် ရှိ သူ ဖြစ်လေသည် ။ ဤသို့ ရိုးသားခြင်း ၊ အေးအေးဆေးဆေး နှင့် နှုတ်နည်းနည်း နေတတ်ခြင်း တို့ ကို အကြောင်း ပြု ၍ ပင် ကျွန်တော် ၏ အဖေ သည် အမေ့ အား စွန့်ပယ်၍ တစ်ရပ်တစ်ကျေး တွင် တစ်အိုးတစ်အိမ်ထောင် သွားရောက် တည်ထောင် လျက် ရှိနေသည် မှာ ကြာမြင့်လေပြီ မဟုတ် လော ။
အဖေ သည် ကျွန်တော် နှင့် အမေ့ အား စွန့်ပယ်၍ သွားလေပြီး ကတည်း က အမေ သည် ကျွန်တော့် အား လူလား မြောက် အောင် ပြုစုပျိုးထောင် ခဲ့၏ ။ အမေ သည် ကောက်ညှင်းပေါင်း နှင့် မုန့်ပျားသလက်များ ကို ရောင်းချ၍ လည်းကောင်း ၊ ဆေးပြင်းလိပ်ရုံ မှ ဆေးလုံးများ ကို လုံး ၍ ပေးခြင်း ဖြင့် လည်းကောင်း ၊ ကောက်စိုက် ၊ ပျိုးနုတ်ခြင်း များ ဖြင့် လည်းကောင်း မိန်းမသား တစ်ယောက် ၏ အင်အား နှင့် မျှတသော အသက်မွေးမှု များ ကို လုပ်ကိုင်ကျွေးမွေး စောင့်ရှောက်ခဲ့သည် ဟု လည်း ကြားဖူး၏ ။ ကျွန်တော် သည် ကျွန်တော် နှင့် သက်ဆိုင်သော စာပေ များ ကို သင်ကြား တတ်မြောက် ပြီးသည့် အခါ တွင် ကား အမေ့ အား တစ်ဖန် ပြန်လည် ၍ လုပ်ကိုင် ကျွေးမွေးရန် အလှည့် သို့ ကျ ရောက် လာ လေသည် ။
ကျွန်တော် နှင့် သက်ဆိုင် သော စာသင်ကျောင်း မှ ထွက် ပြီးသော အခါ ကျွန်တော် သည် အသက် ( ၁၈ ) နှစ် သို့ တိုင်ပေသည် ။
အရောင်အဆင်း နှင့် အလင်းအမှောင် အမူအရာများ ကို ဒက်ထိ တွေ့ကြုံ ခံစားနိုင်စွမ်း မရှိသော ကျွန်တော် ၏ အသက်မွေးဝမ်းကျောင်း ပညာ မှာ အသံ အား စေစား တီးခတ် သီဆိုခြင်း ဖြစ် ပေသည် ။
အသက် ၁၀ နှစ် မှ စ၍ ကျွန်တော် တို့ ၏ စာပေ သင်ကြား ပြသပေး သူ ဆရာ သည် ကျွန်တော့် အား တေးသီချင်းများ သီဆို တီးခတ်ခြင်း အလေ့အထ ကို သင်ကြား ပေးခဲ့၏ ။ စတင် ၍ သင်ကြား စဉ် ကာလ က ဤ ပညာ အားဖြင့် အသက်မွေး ဝမ်းကျောင်း ပြုရတော့မည် ကို သိန္နိဋ္ဌာန် ချမှတ်ပြီးသည့် အတိုင်း ပညာ အား ကျွန်တော် သည် ရိုသေကိုင်းရှိုင်း ခဲ့လေသည် ။ မြတ်နိုး ယုယ ခဲ့လေသည် ။
ဆရာ သည် အသံ ခုနစ်မျိုး အကြောင်း မှ စတင် ကာ စည်း နှင့် ဝါး တို့ ၏ ရသ အဓိပ္ပာယ် တန်ဖိုး ကို ဖွင့်ဟ မိန့်ဆို ခဲ့လေသည် ။
စည်းလွတ် ဝါးလွတ် ဖြစ်ခြင်း အတွက် ဂီတ ၏ ရသဂုဏ် မှာ ပျက်စီး ရ၏ ။ စည်းသံ ဝါးသံ ကို မှီ ၍ ဂီတ ၏ ရသဂုဏ် သည် ပိုမို ပြောင်လက်၏ ။ လောကီပညာ အရပ်ရပ် ၌ စည်းဝါး ရှိ၏ ။ ဂီတ ၌ စည်း နှင့် ဝါး က ချုပ် သကဲ့သို့ အခြား သော ပညာရပ်များ ၌ လည်း စည်းကမ်း ကလနား များ က ချုပ်ကိုင် သည် ဟု လည်း ဆရာ က ဆိုလေသည် ။
ထံတျာ မှ စ၍ ' သီတာ ... သီတာ ... မြသား ' စသော ကြိုးများ ကို စတင်ပြီး လေ့လာသင် ကြား ရပြီး ဘွဲ့ ယိုးဒယား ပတ်ပျိုး များ ကို နိုင်နင်းစွာ တီးခတ်နိုင်သည့် အခြေ သို့ ရောက်ရှိလာသော အခါ ကျွန်တော် သည် ဂီတ ၏ ပုဒ်ဖြတ် ပုဒ်စပ်များ ကို အနက် ထင် လာ၏ ။ သဘင်ပညာ ၏ ( မှင် - မောင်း ) စသော ရသဂုဏ် မြောက်စေသည့် “ ဟန် ” ကို မတွေ့မြင် နိုင်ခဲ့သော်လည်း ထို ( မှင် - မောင်း ) ၏ ဟန် မှာ ဂီတ ၏ အဖြတ်အတောက် အရပ်အဆိုင်း များ ကဲ့သို့ပင် ဖြစ်ပေလိမ့်မည် ဟု ထင်မိ၏ ။
ဆရာ သည် အသက်မွေးရန် ခွင့်ပြု လာ၏ ။ ဆရာ ၏ အထံ မှ ကျွန်တော် ထွက်ခွာ လာသော အခါ တွင် စာသင်ကျောင်း ၏ အတွင်း မှ ပင် အမေ သည် ကျွန်တော့် အား ခေါ်ငင် လာ လေသည် ။
“ မောင်ချစ် ... လာ ... လာ ”
“ အမေ ၊ ဒီ ကနေ့ က စပြီး အမေ့ ကို ကျွန်တော် ပြုစုနိုင်ပါပြီ အမေ ”
အမေ သည် ကျွန်တော့် အား ဘာမှ ပြန်၍ မပြောပေ ။ အမေ စကား မပြန်ခြင်း ၊ ခပ်မဆိတ် နှင့် တုဏှိဘာဝေ နေခြင်း ကို ကျွန်တော် နားလည်ပါ၏ ။ ကျွန်တော် ကဲ့သို့ လူ့ လောက အလယ် ၌ ပြည့်စုံသော အဖြစ် မရှိသည့် သားငယ် သည် ဘဝခရီး ကို ကူးခပ် နိုင်သော ပညာ ရသည် ဆိုလျှင် ပင် အမေ ဝမ်းသာ ပေလိမ့်မည် ။
“ အမေ့ အတွက် ကိစ္စ မရှိပါဘူးသား ရယ် ၊ သား အတွက် အမေ စိတ်ချ ရရင် တော်ပါပြီ ”
ဤ စကား ကို အမေ က ခပ်ဖြည်းဖြည်း ပြောလာ၏ ။ အမေ ၏ တွဲယူ ခေါ်ဆောင်ခြင်း ကို ခံယူ လာရသော ကျွန်တော် သည် အမေ ၏ မေတ္တာ လှိုင်းတံပိုး အပေါ် တွင် ကရုဏာ သက်မိ၏ ။ ထို့ကြောင့် ပင် ကျွန်တော် သည် အမေ ၏ ဦးခေါင်း မှ နဖူးပြင် အား ယုယစွာ နှင့် စမ်းသပ် မိလေသည် ။
ဤအခါ တွင် ကျွန်တော် သည် ကြီးစွာသော ထိတ်လန့်ခြင်း နှင့် ရင်ဆိုင်ရ လေသည် ။
“ အမေ ... ”
“ သား မောင်ချစ် ”
“ ဒီ အမေ့ နဖူးပြင် မှာ ဘာ အဝတ်တွေ လဲ အမေ ရယ် ”
အမေ သည် ဘာမှ ပြန် မပြောချေ ။ ကျွန်တော် သည် ဤသို့ အမေက စကား မပြန်ခြင်း အတွက် များစွာပင် စိတ် မကောင်း ဖြစ်ခဲ့ရ၏ ။
“ တစ်လော က ပြောင်းဖူး လည် ရောင်းရင်း ချော်လဲ လို့ ပါကွယ် ”
အမေ့ ထံ မှ ဤ အသံများ ပေါ်လာ၏ ။ ဟုတ်ချင် မှ လည်း ဟုတ်ပေမည် ။ ကျွန်တော် သည် အသွားအပြန် ဟူ၍ အလယ်လမ်းမကြီး တစ်လမ်း တည်း သာ ရှိသော ဤ ရွာငယ် ၌ အမေ ချော်လဲခြင်း ဆိုသည် ကို မယုံမကြည် ရှိခဲ့၏ ။ အမေ့ နဖူးပြင် မှ ပတ်တီး ခေါ် အနာဖုံး အဝတ် စသည် ထူထဲ သိပ်သည်းစွာ နှင့် တည်ရှိ နေသည် ကို စမ်းသပ် တွေ့ရှိရသည့် အချိန် ၏ နောက်ပိုင်း တွင် အမေ မရှိ သည့် အခါ၌ ကျွန်တော် သည် အိမ်နီးချင်း တို့ ထံ မှ အမေ့ အကြောင်း ကို မေးမြန်းရ၏ ။
အိမ်နီးချင်း တို့ သည် ပထမ က အမေ ပြောဆိုသည့် အတိုင်းပင် ပြောကြဆိုကြ လေသည် ။ ကျွန်တော် ၏ မယုံကြည်ခြင်း သံသယ ၏ အထွတ်အထိပ် ကို မဖြိုခွင်းနိုင်ကြသည့် အခါ အိမ်နီးချင်း တို့ သည် အမေ ၏ အကြောင်း ကို ပြန်ပြောင်း ပြောဆို လာကြ၏ ။
ဤအခါ တွင် ကျွန်တော် သည် မျက်ရည် များ ကျမိသည် အထိ ဖြစ်လာ၏ ။
“ အမေ ဈေး ရောင်းဖို့ ဟိုဘက် ရွာ ကို အသွား လမ်းထဲ မှာ အတင်း ဗလက္ကာယ ပြု တဲ့ လူတစ်စု နဲ့ တွေ့တယ် ။ အဲဒီ လူ တွေက အမေ့ ကို သေနတ် နဲ့ ပစ်လို့ ” ဟူသော စကားများ သည် ကျွန်တော် တို့ ရွာငယ် ၏ မလုံခြုံသော ဘဝ ကို ပြသ နေပုံ ရလေသည် ။ အမေ ကဲ့သို့ အသက် “ ၄၀ ” ကျော် လျက် ရှိသော မိန်းမသား တစ်ဦး ၌ ပင် ဤ အဖြစ်မျိုး ကြုံပါလေ လျှင် အခြား သော မိန်းမသား ငယ်ရွယ်သူ တို့ မှာ မူ ပြောဆိုဖွယ်ရာ ပင် ရှိပေမည် မဟုတ်ပါချေ ။
ကျွန်တော် သည် ကျွန်တော် ၏ ဘဝ ကို ယူကျုံးမရ ဖြစ်မိ၏ ။ စတင်၍ အမိ ဝမ်းတွင်း မှ လူ့ ပြည်လူ့ရွာ သို့ ရောက်ခဲ့ပြီး ကတည်း က စက္ခုနှစ်ကွင်း အလင်း မရခြင်း ၏ ဒဏ် ကို ခံယူရ၏ ။
ရှိပါစေတော့ ။
ကျွန်တော် သည် ငြိမ်ဝပ်ပိပြားရေး ကင်းသော ရွာငယ် အား စွန့်ခွာရမည် သာ ဖြစ်ပေသည် ။
ကျွန်တော် သည် အမေ့ အား ဤ အတိုင်း ပင် ဖွင့်ဟ ပြောဆို ခဲ့ပေသည် ။ အမေ သည် ပထမ ၌ ငြင်းဆို ပေသည် ။ မွေးရပ်ဇာတိမြေ အား အမေ သည် မစွန့်ခွာ လိုပေ ။
“ မနေအပ်တဲ့ အရပ် ရယ်လို့ ဖြစ်လာတဲ့ အခါမှာ မွေးဇာတိ ဆိုပြီး အစွဲအလမ်း ကြီး မနေစမ်းပါနဲ့ အမေ ရယ် ၊ အမေ တစ်နေ့ သေကွဲ ကွဲ ရမယ့် ဇာတိမြေ ပါ ”
“ ဟုတ်ပါတယ် သား ရဲ့ ၊ တို့ ဒီ က နေပြီး ဘယ်ကို သွားမလဲ ”
“ ရန်ကုန် ကို လေ အမေ ၊ ရန်ကုန် မှာ ကျွန်တော် အမေ့ ကို လုပ်ကိုင် ကျွေးမွေး ပါ့မယ် ”
“ ဖြစ်ပါ့မလား သား ၊ ရန်ကုန် ဆိုတာ က တို့ ရောက်ဖူးတဲ့ အရပ် မဟုတ်ဘူး ၊ အသိ လည်း မရှိဘူး ”
“ မရောက်ဖူး တဲ့ အရပ် ၊ အသိ မရှိတဲ့ အရပ် မှာ နောက်ဆုံး တောင်း စားရ လည်း ရှက်စရာ လူ မရှိဘူး အမေ ”
အမေ သည် ကျွန်တော် ၏ စကား ကို သဘော ပေါက် လေသည် ထင်ရ၏ ။ ဘာမှ ဆက် လက်၍ မပြောတော့ ။
ကျွန်တော် သည် အမေ ၏ တွဲယူ လမ်းပြခြင်း နှင့် ပင် ရန်ကုန် မြေ ကို နင်း ခဲ့ရသည် ။ ဒေသ မှ ထွက်ခွာ လာပြီး နောက် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း အား အမှီသဟဲ ပြု ကာ ကျွန်တော် နှင့် အမေ တို့ သည် ဝမ်းစာ ကို ရှာ ရ၏ ။
ဦးပဉ္စင်း တစ်ပါး ၏ ဆက်သွယ်ပေးမှု နှင့် အမေ သည် ရွှေတိဂုံစေတီတော် ရှိ ပန်းဆိုင် တစ်ဆိုင် တွင် ပန်းများ ကို ရွေးရသည့် အလုပ် ကို ရ လေသည် ။ ကုန်းတော် ပေါ် မှ လူအများ တင်ရှိ ထားသည့် ပန်းများ ကို သုတ်သင်ပယ်ရှား ၍ အကောင်းများ ကို ပြန်လည် ရွေးချယ်ပြီး သပ္ပာယ ဖြစ်အောင် လည်း ပြုလုပ် ပေးရ၏ ။
ကျွန်တော် က မူ ကျွန်တော့် အား လမ်းပြ အဖြစ် သူငယ်ကလေး တစ်ဦး ကို ခေါ်ဆောင် ကာ လမ်းဆုံ လေးခွ တွင် ကျွန်တော် ၏ အတတ်ပညာ ကို တီးမှုတ် ပြသခြင်း ဖြင့် သဒ္ဒါကြေးများ ကို ခံယူရ၏ ။
ကျွန်တော် နှင့် အမေ တို့ သည် ညအချိန် ၌ ဘုန်းတော်ကြီးကျောင်း ၌ ပြန်၍ ဆုံကြ၏ ။ အစပထမ ၌ ဘုန်းတော်ကြီးကျောင်း ဆိုသည် မှာ ကျွန်တော် တို့ ကျေးရွာ မှာ ကဲ့သို့ မှီခို ကပ်ရပ်နေထိုင် သူ မှာ ကျွန်တော် တို့ မှ တစ်ပါး အခြားသော ပုဂ္ဂိုလ် တို့ သည် ရှိလိမ့်မည် မဟုတ် ဟု ထင်ခဲ့၏ ။ ထိုသို့ မဟုတ်ပါချေ ။
များစွာသော တောနယ်ဒေသ မှ လူ များ ၊ အိုးမဲ့အိမ်မဲ့ များ သည် ဘုန်းတော်ကြီး များ ၏ ဇရပ် တို့ တွင် ပြည့်နှက် လျက် ရှိပေသည် ။ ည အချိန် တွင် စုရုံး တွေ့ဆုံ ကြ၍ နေ့ အခါ တွင် အသီးသီး အသက အသက အသက်မွေး ဝမ်းကျောင်းရေး အတွက် မြို့တွင်း သို့ ဝင်ရောက် သွားလာ လုပ်ကိုင်ကြ လေသည် ။
ကျွန်တော် တို့ နေထိုင်သော ဇရပ် တွင် ဆိုက္ကားသမား ၊ ဝမ်းဆွဲသည် နှင့် ရေခဲခြစ် ရောင်းသူ တို့ ရှိကြ၏ ။ ကျွန်တော့် အား လမ်းပြ သော သူငယ်ကလေး မှာ ရေခဲခြစ် ရောင်းသူ ၏ သားငယ် ပင် ဖြစ်လေသည် ။
ကျွန်တော် သည် တစ်ခါတစ်ရံ ဇရပ် တွင် နား နေရ၏ ။ အမေ က ပင်ပန်းလှသည် ဟု ဆိုကာ ၊ ကျွန်တော့် အား နားနေ စေခဲ့၏ ။ ဤသို့ နားနေသည့် အခါများ တွင် ကျွန်တော် သည် ကျွန်တော် ၏ အသက်မွေးမှုပညာ အား ပိုမို ပြောင်လက် လာစေရန် ဟူ၍ ပြန်လည် သီဆို တီးမှုတ် ခြင်း ကို ပြုရ လေသည် ။
ဤအခါ တွင် မှ ပင် ကျွန်တော် နေထိုင်သော ဤ ဇရပ် ၌ ကျွန်တော် ကဲ့သို့ ဘဝ တူ သော ပုဂ္ဂိုလ် တစ်ဦး ရှိကြောင်း ကို သိရ လေသည် ။
ထို ပုဂ္ဂိုလ် သည် မင်းကတော်ကျ တစ်ဦး ဖြစ်သည် ဟု သိရ၏ ။ မင်းကြီး သည် သူ ၏ စက္ခု အလင်းများ ကွယ်ခြင်း အချိန် က စ၍ သူမ အား ပစ်ပယ် သွားသည် ဟု ဆိုလေသည် ။
ကျွန်တော် ၏ လမ်းပြ သူငယ်ကလေး ပြောပြချက် အရ မင်းကတော် သည် အသက် ၃၀ ကျော် အသားညိုညို နှင့် ငါးရံ့ကိုယ် ရှိသည် ဟု သိရ၏ ။ မင်းကတော် မျက်စိများ ကွယ်လွန်ခြင်း မှာ အတွင်း အဇ္ဈတ္တ ရောဂါ ၊ မင်းကြီး ၏ ရောဂါများ နှင့် ယှဉ် သည် ဟုလည်း သိရ၏ ။ မင်းကတော် သည် ကျွန်တော့် အား တစ်ခါတစ်ရံ တေးဂီတများ ကို ရွတ်ဆို တီးမှုတ် ခိုင်းတတ် လေသည် ။
ပြီးလျှင် သူ့ စက္ခုအလင်း ရှိစဉ် ကာလ က အကြောင်း များ ၊ သူ ၏ မင်းကြီး အကြောင်း များ ကို ပြောလေသည် ။
ကျွန်တော် သည် မျိုး မတူသော ရနံ့များ ကို ရှူရှိုက် ရသည့် အခါတိုင်း မင်းကတော် တစ်ယောက် ကျွန်တော် ၏ အနီး သို့ ရောက်ပြီ ဖြစ်ကြောင်း ကို သိရ၏ ။ မင်းကတော် သည် တရွေ့ရွေ့ နှင့် စမ်းသပ် ပြီး လျှင် ကျွန်တော် ၏ လက် ကို ကိုင် လေသည် ။
ကျွန်တော် သည် ဂုဏ်ဒြပ် အား ဖြင့် ကွာခြားသူ အား ကြောက်ရွံ့၏ ။ အမေ က “ မင်းကတော် ကို သတိထား ” ဟု လည်း သတိ ပေး ဖူး၏ ။ ကျွန်တော် သည် သတိ ထားပါ၏ ။
သို့တိုင်အောင် ကျွန်တော် သည် အသက် ၂၀ ကျော် သို့ တိုင်အောင် မပွင့်လန်း ခဲ့သော ကျွန်တော် ၏ ကာမဂုဏ် စိတ် ၏ အလို သို့ လိုက်ပါမိ လေသည် ။
ဤသို့ လိုက်ပါမိခြင်း အတွက် ယခု အခါ တွင် ကျွန်တော် ၏ အမေ သည် ငို၍ နေရခြင်း ဖြစ်ပေသည် ။
မင်းကတော် ၏ ချိန်းဆိုချက် အရ ကျွန်တော် သည် မင်းကတော် ၏ ဇရပ်ခန်းမဆောင် သို့ အဖော် သူငယ်ကလေး နှင့် သွားရောက် မိ၏ ။
ဤအခါ တွင် မင်းကတော် အား သိမ်းပိုက်ထားသူ ဟု ဆိုသော ဆိုက္ကားသမား သည် ကျွန်တော့် အား မင်းကတော် ၏ အခန်းတွင်း မှ နာရီ နှင့် ရွှေလက်ကောက်များ ကို ဝင်ရောက် ခိုးယူ ပါသည် ဟု ရဲများ ထံ သို့ အကြောင်း ကြား လေသည် ။
ရဲများ သည် ကျွန်တော် ၏ ထံ သို့ လာရောက် ရှာဖွေကြ၏ ။ ခိုးရာပါ ပစ္စည်း များ ကို ကျွန်တော် ၏ အိပ်ရာ ခေါင်းအုံး တွင်း မှ တွေ့ရှိပါသည် ဟု ဆို၏ ။ ကျွန်တော် မည်သို့မျှ ငြင်းချက် မထုတ်နိုင် ပါချေ ။
စက္ခုအလင်း မရသော ကျွန်တော် သည် ခိုးမှု ဖြင့် အချုပ်ထောင် သို့ ဝင် ရမည်လော ။ ကျွန်တော် သည် ကျွန်တော့် အား အချုပ်ထောင် သို့ မတရား ပို့ဆောင်မည့် ဆိုက္ကားသမား အား မှန်းဆ ၍ ကျွန်တော် ၏ လက်ဝယ် တွင် ရှိသော ကျွန်တော့် အသက်မွေးမှု အတွက် တယုတယ သိမ်းဆည်း ထားခဲ့သည့် “ ဟွန်း ” တယော နှင့် အားပါးတရ ရိုက်နှက် လိုက်မိသည် အထိ လည်း ဖြစ် လာရလေသည် ။
ဆိုက္ကားသမား၏ အော်ဟစ်သံ ကို ကြား ရ၏ ။ ပြီးလျှင် ကျွန်တော့် အား ရိုက်နှက် ကြ သည့် အသံဗလံများ ကို ကြား ရ၏ ။ ကျွန်တော် သည် ကျွန်တော့် အား ဝိုင်းအုံ ရိုက်နှက် ကြသည့် သူများ ကို မည်သို့မျှ မကာကွယ် နိုင်ပါပေ ။
စတင်၍ လူ့ဘဝ သို့ ရောက်ရှိ လာသော အခါ က ပင် “ မျက်ကန်းကလေး ဟဲ့ ” ဟူသော ကရုဏာစိတ် နှင့် အမေ သည် ကျွန်တော့် အတွက် မျက်ရည်များ ကျဆင်းခဲ့ ဖူး၏ ။ ယခု တစ်ဖန် ထပ်မံ၍ အမေ့ မျက်ရည် များ ကို တွေ့ရ ပြန်ပေပြီ ။ အမေ ၏ ပါးပြင် များ ဆီ ၌ မျက်ရည် တို့ သည် စီးဆင်း နေလိမ့်မည် ဟု ထင်ရ ပေသည် ။
အမေ သည် ကျွန်တော့် အား ပွေ့ဖက် ထား၏ ။ အမေ ၏ ရင်ခွင် မှ ပူနွေးသော အငွေ့ တို့ သည် ကရုဏာလှိုင်းများ တဖျတ်ဖျတ် ရိုက်ခတ်ကာ ကျွန်တော် ၏ ထံ သို့ ကူးလူးလျက် ရှိ နေပေ သည် ။
“ အမေ့သား က ဘာဖြစ်လို့ ဒေါသ ဖြစ်ရတာလဲကွယ် ”
အမေ က အသံများ တုန်စွာဖြင့် ဤ စကား ကို ဆို လေသည် ။ ကျွန်တော် သည် အမေ ၏ အမေးပုစ္ဆာ ကို ပြန်၍ မဖြေလိုတော့ပေ ။ လူ ဆိုသော သတ္တဝါ ထဲ တွင် တစ်ယောက် အပါအဝင် ဖြစ်သော ကျွန်တော် သည် သာမည ပုထုဇဉ် တစ်ယောက် ၌ ရှိအပ်သော လောဘစိတ် ၊ ဒေါသစိတ် တို့ ရှိခဲ့ပါ၏ ။
ကျွန်တော် တတ်သောပညာ မှ စည်းဝါးများ ၏ ကန့်သတ်ခြင်း ကို လွန် ၍ ကျွန်တော် သည် ကာမဂုဏ်စိတ် ၌ စည်းလွတ် ဝါးလွတ် ဖြစ်ခဲ့၏ ။
ထိုသို့သော အကြောင်း ကို အမှီ ပြု၍ ကျွန်တော် ၏ ချစ်မြတ်နိုးသော မိခင် သည် ငိုယို ရ၏ ။ “ ဟွန်း ” တယော သည် ပျက်စီးခဲ့၏ ။ ကျွန်တော် သည် ပင် လျှင် အကျဉ်းထောင် အတွင်း သို့ ရောက်ခဲ့၏ ။
အမေ သည် မွေးဇာတိရပ်ရွာ ၌ ဆိုးသွမ်းသော လူပေါက်ပန်း တို့ ၏ အန္တရာယ် ကို ရင်ဆိုင် ခဲ့ ရ၏ ။ အမေ့ အား ဤ အဖြစ်မျိုး ထပ်မံ၍ မကြုံကြိုက် စေရန် ရွှေမြို့တော် သို့ ခိုလှုံ လာရသည့် အခါ မှ အမေ့ သား ဖြစ်သော ကျွန်တော် သည် ရွှေမြို့တော် ၏ မှောက်မှား သော တံခါး တစ်ချပ် ကို ဖွင့် မိ၏ ။
ကျွန်တော် သိလေပြီ ။
စက္ခုအလင်း မရသော ကျွန်တော် သည် ခိုးမှု ၊ ရိုက်မှု စသည် တို့ နှင့် ရင်ဆိုင် ပြီး သော အခါ တွင် စည်းဝါး မှ လွတ်ထွက်ခြင်း ကို ထိန်းသိမ်းရ ပေတော့မည် ဖြစ်ပါ သတည်း ။
◾ရွှေဓါး ( ၁၉၅၉ )
📖 ၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment