Tuesday, July 2, 2024

ရုက္ခဗိသုကာ

❝ ရုက္ခဗိသုကာ ❞


မန္တလေး - မုံရွာ အောင်ကမ္ဘာ ခရီးသည်တင် ကား ပေါ် က ဆင်းခဲ့တဲ့ ကျွန်တော် ဟာ ခင်မွန်ရွာ ဆိုတဲ့ အင်္ဂတေ ဆိုင်းဘုတ် ဆီ ဦးတည် ပြီး လျှောက်လှမ်း လာတယ် ။ ဒီ ဆိုင်းဘုတ် အနီး က နတ်စင် ရုပ်စုံဘုရား မှာ ဆုံကြမယ် လို့ ဦးချစ်လှိုင် နဲ့ ကျွန်တော် ချိန်းဆို ထားတာပါ ။


ခင်မွန်ရွာ အင်္ဂတေ ဆိုင်းဘုတ် ကို လွန်တာ နဲ့ ဦးချစ်လှိုင် လို့ ယူဆ နိုင်တဲ့ လူ တစ်ယောက် ကို ကျွန်တော် လှမ်း မြင်တယ် ။ အဲဒီ ပုဂ္ဂိုလ် က အဝါရောင် ဟဲလ်မက် ဦးထုပ် ၊ အနက်ရောင် ရာဘာ လည်ရှည် ဖိနပ် နဲ့ ။ အနီရောင် အင်္ကျီ လက်ရှည် ကို ဝတ် ထားပြီး လက် ထဲ မှာ ဓားရှည် တစ်ချောင်း ကို ကိုင် ထားတယ် ။ အသား ညိုညို ၊ မျက်နှာ မှာ အသား ပြည့်ပြည့် ။ မုံရွာ သိန်းတစ်ရာ ရွှေဆိုင် ပိုင်ရှင် ဦးချစ်လှိုင် ပါ ပဲ ။


ဦးချစ်လှိုင် က ကျွန်တော့် ကို ဘုရားဝင်း ထဲ ခေါ် သွားတယ် ။


“ အရင် က ဒီနေရာ ကို ဘုရားနီချောင် လို့ ခေါ်တယ် ။ ဘုရား တွေ က အနီရောင် ချည်းပဲ ။ သစ်ပင် လည်း မရှိဘူး ။ ကျတ်တီးကုန်း ၊ ဟိုနား မှာ နေပူခံ ဆင်းတုကြီး က ထီးထီးကြီး ။ ဘေး မှာ နတ်စင် လည်း ရှိတယ် ။ ကျွန်တော် တို့ ငယ်ငယ် က ဒီ နေရာ က ချောက်ချားစရာ ကောင်း လို့ ဘယ်သူမှ အသွားအလာ သိပ် မရှိဘူး ”


ဦးချစ်လှိုင် က စကား တပြောပြော နဲ့ ရှေ့ က ဦးဆောင်ပြီး ခေါ်ရာ နောက် ကို ကျွန်တော် လိုက် သွားတယ် ။ သူ ကျတ်တီးကုန်း လို့ ပြောတဲ့ နေရာ မှာ ခုတော့ သစ်ပင်အုပ်ကြီး ဖြစ်နေပြီ ။


သစ်ပင်ရိပ် မှာ ထန်းပလပ်ကု,လားထိုင် တွေ ချ ထားတယ် ။ ကျွန်တော် က ကု,လားထိုင် တစ်လုံး မှာ ဝင် ထိုင်တယ် ။


“ ဒီ ဘုရားဝင်း ထဲ မှာ အပင် တစ်ထောင် ကျော် ရှိတယ် ။ ကျွန်တော် ဓား နဲ့ မပြင်ဖူး တဲ့ အပင် မရှိ သလောက်ဘဲ ။ ခြေရာချင်း ထပ်ပြီး ဓားချင်း ထပ် နေတာပဲ ” 


ဦးချစ်လှိုင် က ဦးထုပ် ၊ ဖိနပ် ၊ ရှပ်အင်္ကျီ တွေ ချွတ် ရင်း ပြောတယ် ။ ထိုင် မိ လို့ မှ မကြာသေးဘူး ဦးချစ်လှိုင် က ဘုရားဝင်း ထဲ လျှောက် ကြည့် ဖို့ ခေါ်တယ် ။ ကျွန်တော် သူ့ နောက် က လိုက်ခဲ့တယ် ။ လမ်း က မြေသား ကို တမံ ဖို့ ထားတဲ့ လမ်းကလေး ။ လမ်း က သစ်ပင် ပန်းပင် တွေကြား မှာ ကွေ့ကွေ့ကောက်ကောက် ။ စွယ်တော်ပင် က ပန်းတွေ ပွင့် နေပြီ ။ နွယ်သာကီပန်း တွေ က အရောင်စုံ ပန်းနုရောင် ၊ အဖြူ ၊ အနီ ၊ လိပ်ပြာကလေး တွေ က ပန်းရုံ ကြား မှာ ပျံရင်းဝတ်ရည် စုပ် နေ ကြတယ် ။


“ ခေါင်ရန်း က အနီ ၊ အဝါ ၊ အကျား ၊ ကြက်သွေး လေးမျိုး ရှိတယ်ဗျ ” 


ဦးချစ်လှိုင် က ခေါင်ရန်းပင် တွေကို ညွှန်ပြရင်း ပြောတယ် ။


“ သခင်သန်းထွန်း က အင်မတန် အနု ကြိုက်တယ် ဆိုပဲ ။ အင်္ကျီ က အစ အရောင် နုလေးပဲ ။ စိတ်ဓာတ် က တော့ အင်မတန် မာတယ် ”


ပန်း နဲ့ လိပ်ပြာ တွေ ကြား မှာ ဓား တစ်လက် ကို လက် မှာ ကိုင် ရင်း ချုံတွေ ကြား တိုးဝှေ့ သွား နေတဲ့ ဦးချစ်လှိုင် က ပြောတယ် ။ ကျွန်တော် က တော့ “ ဟုတ်ကဲ့ ” ပဲ တွင်တွင် လိုက်တယ် ။


“ ကျွန်တော် ငယ်ငယ် က လက်ဝဲစာပေ တွေ အများကြီး ဖတ်ခဲ့တယ် ။ ပီမိုးနင်း စာအုပ် တွေ လည်း ဖတ်တယ် ။ အဲဒီ စာအုပ် တွေ က ရတဲ့ စိတ်တန်ခိုး နဲ့ ကျွန်တော် ဒီ အခြေအနေ ကို ရောက် လာတာ ”


ကျွန်တော် တို့ နှစ်ယောက် ပန်းချုံ တွေ ကြား က ထွက် လာပြီး ဘုရားစေတီ တွေ ဘက် ခြေဦးလှည့် တယ် ။ ဘုရား တွေ က အပြိုအပျက် တွေ မဟုတ် တော့ ၊ ပြုပြင် ပြီးပြီ ။ ထုံးသင်္ကန်း ဖြူဖြူ တွေ ကပ် ထားပြီ ။ ဘုရားတစ်ဆူ သာ ရှေးမူ မပျက် အနီရောင် ။ ဒေါ်ကျေးဥ ကောင်းမှုစေတီ ရင်ပြင် ပေါ် တက် ခဲ့ကြတယ် ။ ဘုရားလိုဏ် ထဲ ဝင် ကြည့် တော့ ကျေးငှက်ပုံ နံရံဆေးရေးပန်းချီ တွေ ရှိတယ် ။ ဦးချစ်လှိုင် ရဲ့ အထက် ငါးဆက် ခန့် က အဘွား တည်ခဲ့တဲ့ ဘုရား လို့ ဆိုတယ် ။


“ အဘ ဦးထွန်းဝင်း က အထူးအာဏာရ သူကြီး ။ သူ့ ရဲ့ လုပ်ရည်ကိုင်ရည် က အလွန် တော်တယ် နဲ့ တူ ပါတယ် ။ ဗြိတိသျှအစိုးရ က အဘ ကို ရွှေထီးအထွတ် ရွှေချ ဆောင်း ခွင့် ရယ် ၊ ငွေဖလား ရယ် ၊ ငွေဓား ရယ် အဆောင်အယောင် အဖြစ် ချီးမြှင့်တာ ခံ ရတယ် ။ မြင်းမူထီးဆောင်း မှာ သူကြီးခြောက်နှစ် လား လုပ် ပြီးတော့ ခင်မွန်ရွာ ကို သူ့ ရပ်ရွာ မို့ ပြန်လျှောက် ပြီး ပြောင်း လာတာပေါ့ ။ အဘ က မွေးတာ က ကျွန်တော့် အဖေ ဦးဖေထွေး ”


ကျွန်တော် တို့ ဘုရားရင်ပြင် က ဆင်း လာခဲ့ပြီး သစ်ပင်ရိပ် က ကု,လားထိုင် မှာ ပြန် ထိုင်ကြတယ် ။ ရေနွေးကြမ်း ၊ လက်ဖက်ရည်အချို ၊ ကိတ်မုန့် ၊ ပန်းသီး တွေ စားပွဲ ပေါ် မှာ ရောက်နှင့် နေပြီ ။


“ အဖေ က သူကြီးသား အဖြစ် ခိုင်ကြေး တွေ နဲ့ သုံးစွဲ သောက်စား လာခဲ့တာ ။ ကျွန်တော့် မွေးတော့ တော်တော် ဆင်းဆင်းရဲရဲ ဖြစ် နေပြီ ။ ကျွန်တော် မွေး တာ ၁၃ဝ၅ ခု တန်ခူးလ ။ ဇာတာ က မရှိတော့ အဲဒါ လောက် ပဲ သိပါတယ် ။ အဲဒီ အချိန် က အဖေ က သောက်စား နေရာ က သောက်စားကြ သူ တွေ ရဲ့ ထုံးစံ အတိုင်းပါပဲ ညီ တစ်ယောက် က ဓား နဲ့ ပိုင်း တာ ညာဘက် လက် ပြတ် သွားတယ် ။ အဖေ က ဘာမှ မလုပ်နိုင်ဘူး လို့ ပြောလို့ ရတယ် ။ အမေ က အကြော် ကြော် ပြီး သားသမီး ငါးယောက် နဲ့ တိုက်ပွဲ ဝင် ခဲ့ရတာ ။ အဲဒီလို အချိန် မှာ ကျွန်တော် တို့ လူ ဖြစ်ခဲ့ရတာ ”


ဦးချစ်လှိုင် က သူ့ ဘဝ အကြောင်း ကို ပြန် ပြောပါတယ် ။ 


“ အဖေ့ သူငယ်ချင်း က လုပ်ပိုင်ခွင့် ရှိတော့ မြေတွေ လုပ်ပိုင်ခွင့် ချထား ပေးတာ ။ မြေ နှစ်ဧက လောက် လုပ်ပိုင်ခွင့် ရတယ် ။ ခုလို ရာသီ ဆိုရင် ကျွန်တော် က အဖေ့ နောက် က ပျိုးအိုးလေး ထမ်းပြီး လိုက် ရတာ ။ မာလကာ ၊ သြဇာ ၊ သရက် ပျိုးပင် တွေ ကို အဖေ က ထမ်း ခိုင်းတယ် ။ သူ က ဒုက္ခိတ ဆိုတော့ ကျွန်တော် က စိုက် ရတာပေါ့ ။ သစ်ပင်စိုက် ဝါသနာ ပါတာ အဖေ့ ကြောင့် ။ အဖေ့ နှယ် ဆင်းရဲ တဲ့ ဟာတွေ ပေးခဲ့ရသလား လို့ ကျွန်တော် အောက်မေ့ နေတာ ”


ဦးချစ်လှိုင် က ပြောရင်း အားရပါးရ ရယ်တယ် ။


“ အဲဒါနဲ့ မပြီးဘူး ။ အပင်လေး က အညွန့် ထွက် လာပြီ ၊ အဖူးလေး ဖူး လာပြီ ။ အသီး က ဘယ်နှလုံး တင်တယ် ။ ရောဂါ တွေ ကျွန်တော့် ကို ပေးခဲ့တာ ။ အပင် ချစ်တဲ့ စိတ် ၊ သစ်ပင် ကို မြတ်နိုးတဲ့ စိတ် တွေ ပေးခဲ့တာ ။ အဲဒီ ကတည်း က ပိုး က ဝင်လာတာဗျ ”


ကျွန်တော် က ဦးချစ်လှိုင် အားရပါးရ ပြောနေတာ ကို နားထောင် ရင်း ရေနွေး ကြမ်း ကို တစ်ဖန်ခွက် ပြီး တစ်ဖန်ခွက် ဓာတ်ဘူး ထဲ မှ ငှဲ့ သောက် နေတယ် ။ သစ်ပင် ရိပ် က အေးမြတယ် ။ ဘုရားစေတီ ထီးတော် က ဆည်းလည်းသံ တချွင်ချွင် ကို ကြား နေ ရတယ် ။


“ ဒီလို အေးချမ်း တဲ့ ဘဝမျိုး ကို လူတိုင်း တောင့်တ ကြတာပါပဲ ” 


ကျွန်တော့် အမြင် ကို ပြော ပါတယ် ။


“ မိုး ညို ရင် ကျွန်တော် ဒီ ( ခင်မွန်ရွာ ) ကို ရောက် လာတာ ။ တစ်လက်မ ပဲ ရွာ တဲ့ မိုးရေ ကို လေးငါးလက်မ ရအောင် ဖမ်း ထည့်ရတာ ။ မိုး ရွာ လို့ စီး လာတဲ့ ရေ တွေ ကို တာဖို့ပြီး ဆည်တယ် ။ စုဆောင်း ပြီး ရေ ကို ကိုယ့် ခြံ ထဲ ထည့်ရတာ ။ အဲဒါတွေ ဥမမည် စာမမြောက် ကတည်း က အဖေ က လုပ်ခိုင်း ခဲ့ တော့ ဒါတွေ က ကျွန်တော့် ကို ဝါသနာ မသိမသာ ကြီးစိုး နေတာ ”


ဦးချစ်လှိုင် က အပြောသမား သက်သက် မဟုတ်ပါ ။ ကျွန်တော် က လည်း နားထောင်သမား သက်သက် မဟုတ်ပါ ။ ကျွန်တော် တို့ နှစ်ယောက် သစ်ပင်ရိပ် မှာ ထိုင် နေရာ က ဘုရားဝင်း အုတ်တံတိုင်း ပြင်ပ ကို ထွက်ခဲ့ကြတယ် ။ အုတ်တံတိုင်း ဘေး ပတ်လည် မှာ မိုး ရွာ လို့ ရေစီး လာမဲ့ နေရာ တွေ ကို ဆည်ပြီး ရေ စုတဲ့ နေရာတွေ ကို ဦးချစ်လှိုင် က လက်တွေ့ ပြတယ် ။


နေ့လယ် နေ မွန်းတည့်ပြီ ။ ကျွန်တော် တို့ နှစ်ယောက် သစ်ပင်ချုံနွယ် တွေ ကို တိုး ပြီး ဟိုရောက် ဒီရောက် လျှောက် သွားကြတာ နေပူဒဏ် မခံရဘူး ။ ပူပြင်း တဲ့ ဒဏ် မခံရဘူး ။


ကျွန်တော် တို့ နှစ်ယောက် ဘုရားဝင်း နောက်ဘက် က နတ်စင် အနီး ရောက် လာကြပြီ ။


“ တစ်ခါများ မိုးကြိုး က လည်းပစ် လိုက်တာ ။ ဟို နတ်စင် ရှေ့ ။ ကိုယ် က အင်္ကျီကျွတ် နဲ့ ပေါက်ပြား နဲ့ ။ နတ်စင် နား မှာ ပစ် လိုက်လေဗျာ ။ ( အဆောက်အဦ တစ်ခု ကို ညွှန်ပြပြီး ) ဟိုမှာ တီဗွီ တွေ လောင် ကုန်တာ ၊ ဘယ်လောက် နီးသလဲ ဆိုရင် ဒီ နား တင် ပဲ ။ ငါ့ လာ မိုးကြိုး ပစ် လိုက်ရင် ‌ေ သတာ က ကိစ္စ မရှိဘူး ။ ဒီ ကောင် က တောင်ပြော မြောက်ပြောကောင် မို့ မိုးကြိုး ပစ်တာ ပြောကြမှာ ”


ဦးချစ်လှိုင် က ပြောရင်း ရယ်တယ် ။


“ ကျွန်တော် သစ်ပင် စိုက် နေတာ ကိုယ်ကျိုး စီးပွား အတွက် မဟုတ်ဘူး ။ ခုလည်း ခင်မွန် မှာ ကျွန်တော် စိုက် နေတာ ၊ ဘုရားဝင်းကြီး ထဲ စိုက် နေတာ ကျွန်တော့် အတွက် ဘာရှိလဲ ။ အရှေ့ မှာ ရှိတဲ့ ဦးရွှေလူ တောင်ရိုး ပေါ် မှာ တောင်ကတုံးကြီး ကို စိမ်းအောင် လုပ်ပေး ချင်လိုက်တာဗျာ ။ မိုး ရွာရင် စီးကျ သွားမယ့် မိုးရေ ကို ပိတ်ပြီး ကာ ၊ တစ်လက်မ ရွာတဲ့ မိုး ကို သုံးလေးလက်မ ရအောင် လုပ်ရင် စိုပြည် နိုင်တာပေါ့ ။ လုံခြုံရေး ထိန်းသိမ်းမှု အတွက် တော့ အာဏာပိုင် တွေ မပါလို့ မဖြစ်ဘူး ။ ကျွန်တော် က တောင်ကြောကြီး စိမ်းအောင် ပဲ လုပ်ပေး ချင်တာ ။ ပုပ္ပားတောင်ကြီး ကို စိမ်း သွားအောင် လုပ်ပေးခဲ့တဲ့ ဦးအုန်း ကို သဘောကျတယ် ”


ကျွန်တော် တို့ ဘုရားဝင်း ထဲ ပြန် လာပြီး ထိုင်ခုံတွေ မှာ ပြန် ထိုင်ကြတယ် ။


ခင်မွန်ရွာ နတ်စင် ရုပ်စုံဘုရားဝင်း ထဲ မှာ သစ်ရိပ်ဝါးရိပ် ခိုရင်း ဦးချစ်လှိုင် ပြုစု ပျိုးထောင် ထားတဲ့ သစ်ပင် ပန်းပင် တွေ ကို ကြည့်ပြီး အေးချမ်းတဲ့ ခံစားမှု ကို ခံစားရ တယ် ။ ညနေ နေ စောင်းပြီ ။ မုံရွာ ကို ခရီး ဆက်ကြတော့မယ် ။


“ ပညာရှင်ကြီး တစ်ယောက် က လူ တစ်ယောက် ကို သစ်ပင် နှစ်ပင် စိုက်ရင် ကမ္ဘာလောကကြီး ပြောင်းလဲ သွားနိုင်တယ်တဲ့ ။ ကျွန်တော့် မှာ လူသား ကောင်းကျိုး တွေ လုပ်ဖို့ တာဝန် ရှိတယ် ဆိုတဲ့ အမြင် တွေ ငယ်ငယ် က စာအုပ် ဖတ်ပြီး ကိုယ့် ကို စိုးမိုး နေတာ ။ သဘာဝ တွေ ပြုန်းတီး နေတာ ကိုယ် နိုင် သလောက် ပြန် လုပ်ပေးဖို့ တော့ လူတိုင်း မှာ တာဝန် ရှိတယ် ။ ကိုယ် စားသုံး ခဲ့တာ တွေ အတွက် ကမ္ဘာမြေကြီး ကို ကြွေး ပြန် ဆပ်ရမယ် ဆိုတဲ့ စာပေ တွေ နဲ့ ကျွန်တော် ကြီးပြင်း လာခဲ့တာ ”


ဦးချစ်လှိုင် က မပြန်ခင် အမှတ်တရ သစ်ပင် တစ်ပင် တော့ စိုက်ပါ လို့ ကျွန်တော့် ကို ပြောတယ် ။ ပဉ္ဇူသကပင် လို့ ခေါ်ကြတဲ့ မည်စည် ( မယ်ဇယ် ) ပင် တစ်ပင် ခင်မွန်ရွာ ဘုရားဝင်း ထဲ မှာ ကျွန်တော် စိုက်တယ် ။ ဦးချစ်လှိုင် ရဲ့ ငယ်သူငယ်ချင်း အငြိမ်းစား ကျောင်းဆရာမကြီး တွေ လည်း သစ်ပင် တစ်ပင် စီ စိုက် ကြတယ် ။


ဦးချစ်လှိုင် က ကိုယ်တိုင် မောင်း တဲ့ ဗင်ကားလေး နဲ့ မုံရွာ ဘက် ကို လာခဲ့ကြ တယ် ။ မုံရွာမြို့ အဝင် ဘိုးဘွားရိပ်သာ အပေါက်ဝ မှာ ကား ရပ်တယ် ။ ဦးချစ်လှိုင် က မုံရွာ ဘိုးဘွားရိပ်သာ မှာ ဒုတိယ ဥက္ကဋ္ဌ တာဝန် ကို ယူ ထားတယ် ။


ဘိုးဘွားရိပ်သာ မှာ သစ်ပင် တွေ နဲ့ အုပ်ဆိုင်း နေတယ် ။ ထန်းပင်ကြီး တွေ ဝေဝေ ၊ ကျွန်းပင်ကြီး တွေ စိမ်းစိမ်း ။


“ ထန်းပင် တွေ အသက် ၁၈ နှစ်လောက် ရှိပြီ ။ ဘိုးဘွားရိပ်သာ ထဲ မှာ ကျွန်တော့် လက် နဲ့ မကိုင်ဖူး တဲ့ နေရာ တစ်နေရာ မှ မရှိဘူး ။ လမ်း ခင်းတာ က အစ ကျွန်တော် ကိုယ်တိုင် ပါတယ် ”


ဦးချစ်လှိုင် ရဲ့ မျက်နှာ ပေါ် မှာ သူ လုပ် ခဲ့ တဲ့ အလုပ် ကို ဂုဏ်ယူ နေတာ ပေါ်လွင် နေတယ် ။ 


“ တကယ်တော့ လုပ်ရတာ မပင်ပန်းပါဘူးဗျ ။ အလုပ် လုပ်ရင်း ‌ေ သသွား တော့ ဘာဖြစ်လဲ ။ တစ်သက် တစ်ခါ ‌ေ သရမှာပဲ ။ အဲဒီလောက် အထိ မိုက်မိုက် ကန်းကန်း ယုံကြည်ချက် ရှိတာ ။ ရွှေမန်းတင်မောင် တို့ လို့ က ရင်း‌ေ သတော့ ဘာဖြစ် သေးလဲ ။ ‌ေ သအောင် လုပ်နေတာတော့ မဟုတ်ဘူး ။ ဆင်ခြင် ရမှာပေါ့ ”


ကျွန်တော် တို့ နှစ်ယောက် ဘိုးဘွားရိပ်သာ ဝင်း ထဲ မှာ လမ်းလျှောက် သွား နေကြ တယ် ။ ရိပ်သာ က ၁၂ ဧက ကျော် ရှိပြီး ၁၉၈၉ ခု နှစ်ဦးပိုင်း က စတင် တည်ထောင်ခဲ့ တာပါ ။ လုပ်ငန်း စ ကတည်း က ဦးချစ်လှိုင် ပါဝင်ခဲ့တာ ယနေ့ အထိ ပဲ ။ သစ်ပင်ပေါင်း လည်း ၂ဝဝဝ ကျော် စိုက်ပြီးပြီ ။


“ ဟိုတုန်း က အစည်းအဝေး ထိုင်ရင် လေပူ တွေ လာတာ ”


ရိပ်သာ တွင်း က လေးဖက် ဖွင့် အဆောက်အဦ ထဲ က ရသေ့လျောင်းခုံတန်းလျား တွေ မှာ ထိုင် နေရင်း ဦးချစ်လှိုင် က ပြောပါတယ် ။ လေပြည်အေး က တသုန်သုန် ၊ ချိုးကူသံ လည်း ကြား နေရတယ် ။


ကျွန်တော် တို့ နှစ်ယောက် ဘိုးဘွားရိပ်သာ အဆောင် တွေ တွင်း ကို လျှောက် သွားကြတယ် ။


“ အရပ် ထဲ မှာ အင်္ဂတေ အဆောက်အဦ တွေ လမ်း တွေ ရဲ့ အငွေ့ပြန်မှု ကို ခံကြရတယ် မဟုတ်လား ။ ဒီမှာ တော့ တက် နေ လည်း မရှိဘူး ၊ ကျ နေ လည်း မရှိ ဘူး ။ အပူ အငွေ့ပြန်မှုတွေ လုံးဝ နီးပါးလောက် မရှိဘူး ။ အပူ ဒီဂရီတွေ အများကြီး လျော့ သွားတာပေါ့ ။ အရင် မေလ က မြို့ မှာ ပူ တော့ သက်ကြီးရွယ်အို တွေ ဆုံးပါး ကြတယ် ။ ကျွန်တော် တို့ ဆီ မှာ ပုံမှန် သေနှုန်း ထက် မပိုဘူး ”


ဘိုးဘွားရိပ်သာ အိပ်ဆောင် တွေကြား မှာ ခရေပင်တွေ တန်းစီ စိုက် ထားတယ် ။ ခရေပွင့်လေး တွေ မြေ မှာ ကြွေလို့ ။ ဦးချစ်လှိုင် က ပွင့်ကြွေ တွေ ကို ညွှန်ပြတယ် ။ 


“ ဟိုမှာ ခရေပွင့် တွေ ။ အဘွား တွေ ကောက် လို့ မကုန်နိုင် တော့ဘူး ။ ဘုရား ပန်းတင် ရတာပေါ့ ”


ကျွန်တော် တို့ ဘိုးဘွားရိပ်သာ ထဲ က ပြန် ထွက် လာတော့ နေ တော်တော် ညိုပြီ ။ 


“ ပညာရှင်ကြီး တစ်ယောက် က လူ တစ်ယောက် ကို သစ်ပင် နှစ်ပင် စိုက် ရင် ကမ္ဘာ လောကကြီး ပြောင်းလဲ သွားနိုင်တယ်တဲ့ ”


ဦးချစ်လှိုင် က သူ ပြောပြီးသား စကား ကို ပဲ နောက် တစ်ကြိမ် ထပ် ပြော ပါတယ် ။ သစ်ပင်ပေါင်း ၃ဝဝဝ ကျော် စိုက်ပြီးခဲ့တဲ့ ဦးချစ်လှိုင် က သတ္တလောကကြီး ကို စိမ်းစိုသာယာ စေချင်တဲ့ စေတနာ တွေ များ နေပုံ ရတယ် ။


သစ်ပင် တွေ ကြား မှာ ပျော် နေတဲ့ ဦးချစ်လှိုင် ကို ဒါကြောင့်ပဲ စာရေးဆရာ ကဗျာဆရာ အံ့မောင် က ရုက္ခဗိသုကာ လို့ အမည် ပေး ခဲ့တာပါ ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ အဖုံဖုံ


#ကိုအောင်နိုင်ဦး


.

 

No comments:

Post a Comment