Wednesday, July 10, 2024

ကိုးဆယ်ဆ သာသလေလေ့


 

❝ ကိုးဆယ်ဆ သာသလေလေ့ ❞

နာမည်ရင်းတွေ ပျောက်ပြီး ‘ ဇော်ကြီး ’ တို့  ‘ စိုင်း ’ တို့ ‘ ဖိုးတော ’ တို့လို့ ဘောလုံးပွဲကြည့် ပရိသတ် က သူတို့ ကို ချစ်စနိုးခေါ်ကြတယ် ။ သူတို့ကလည်း သူတို့ခေတ်တုန်းက တာဝန်ကျေခဲ့ကြတယ် မဟုတ်လား ။ အခုတော့ စီးပွားရေး ကို ဇောက်ချလုပ်နေကြပြီ ။ စီးပွားရေးဘက် ကလည်း တကယ်လုပ်တော့ တကယ်အောင်မြင်တဲ့ လူတွေ ။ ဇော်ကြီးက ချည်စက်ရှိတယ် ။ တစ်နေ့တစ်နေ့ ဇော်ကြီး သုံးတာကိုကမနည်းဘူး ။ ရာဂဏန်း ။ ဒါ တစ်နေ့ ဝင်ငွေရဲ့ အစွန်းထွက် ။ တောကြီး က မိဘလက်ငုတ်ရွှေဆိုင်ထွက်တယ် ။ ရွှေဈေးကစား လေ တောကြီး ကြိုက်လေပါပဲ ။ ဂျီကြူ ဆိုတာ တောကြီး တို့က အိမ်တင်ဝတ်တာ ။ စိုင်း က ကျောက်မဲနဲ့မန္တလေး ပစ္စည်းမျိုးစုံသယ်တယ် ရောင်းတတ်ဝယ်တတ် သယ်တတ်တယ် ။

နောက်ဆုံးအခေါက် မှာ သူ့အမျိုးသမီး နန်းစန်းနွဲ့ က ပို့ပေးတဲ့ တရုတ်လုံချည်တွေကို မန္တလေးမှာ ဈေးမရဘူး ဆိုပြီး ကျောက်မဲပြန်ပို့ပစ်လိုက်တယ် ။ ပြီးတော့ ဘာသံမကြား ညာသံမကြားနဲ့ ။ ဗြုန်းဆို သူတို့ ရန်ကုန် ဆင်းချသွားကြတယ် ။ လွန်ခဲ့တဲ့လေးငါးရက် က ။ ရထားလက်မှတ် ဒီလောက်ခက်တဲ့ရက်မှာကို မရရအောင်ဝယ်ပြီး ဆင်းချသွားလိုက်ကြတာ ။ အပိုပေးဝယ်တယ်ပြောတာပဲ ။ အိမ်အလုပ်တွေ ၊ မိသားစုတွေ ၊ စီးပွားရေးတွေ ပစ်ပြီး သွားကြတာ ။ သိုက်နန်းအရှင် က ပြန်ခေါ်လိုက်တဲ့ အတိုင်းပဲ ။

••••• ••••• •••••

အခန်းချင်းကပ်ရက်က ကလေးရဲ့ နာမည်က “ မျက်ချယ် ” တဲ့ ။ သားဦးလည်း သား ဦး ၊ တစ်ယောက်တည်းလည်းဖြစ် ၊ အလိုကလည်း လိုက်သလားမမေးနဲ့ ။ ဆိုးလိုက်တဲ့ ကောင် ၊ ဂျီတိုက်လိုက်တဲ့ကလေး ။ သုံးနှစ်တောင် မပြည့်သေးဘူး ။ ညတိုင်း သူအိပ်ချင်ပြီ ဆိုရင် မျက်ချယ်ကြီး ဂျီတိုက်ပြီ ။ သူ့အမေ တီဗီဖြောင့်ဖြောင့်ကြည့်ရတယ်လို့မှ မရှိဘဲ ။ မအိပ်ရမချင်း ချိုထိုးနေတာပဲ ။ မနက် အိပ်ရာထရင်လည်း ငိုပြီး ထတဲ့အကောင် ။

မနေ့ည ကတော့ သူ့အမေက တိုးတိုးတိုးတိုး နဲ့ မျက်ချယ်ကို ဘာတွေပြောတယ်လို့ မသိဘူး ။ မနက်ဖြန်ညနေကျရင် ... ၊ ဆိုတာလည်း ပါရဲ့ ၊ မျက်ချယ် ကလည်း အဲဒီ ညက တစ်ချက်ဂျီမတိုက်ဘူး ။ သူ့အမေ စကားနားထောင်တယ် ။ အိပ်ရာကို ရှောရှာရှုရှု ဝင်တယ် ။

မနက်ကျတော့လည်း သူ့အမေက တိုးတိုး တိုးတိုးနဲ့ ပြောပြန်တယ် ။ အိပ်ရာထက တည်းက မငိုတော့ဘူး ။ ခုတင်အောက် ရောက်နေတဲ့ သူ့ ရော်ဘာဘောလုံးလေး ထုတ်ပြီး ကန်နေတယ် ။ မျက်နှာတောင်မသစ်ဘူး ။ စကားမပီတော့ “ ဂိုး ” ကို “ ရိုး ” လို့ ဒီကောင် အော်တယ် ။ “ ရိုး ရိုး ရိုး ” နဲ့ သုံးခါအော်တယ် ။ ပြီးတော့မှ မျက်နှာသွား သစ်တယ် ။

••••• ••••• •••••

ဦးဘသာ ဆိုရင် ဘုရားတရားလုပ်နေတဲ့ လူကြီးတစ်ယောက် ဆိုတာ တစ်ရပ်လုံးက သိတယ် ။ ဘုန်းကြီးဘလူထွက်ကြီး ။ ဥပုသ်နေ့တိုင်း ဝတ်ဖြူစင်ကြယ်ဝတ် ၊ သက်သတ် လွတ်စားပြီး ၊ ကျောင်းတော်ကြီးဘုရားမှာ ဥပုသ်စောင့်နေကျ ။ ဆံပင်ကလည်း တစ်ခေါင်း လုံးဖြူနေပြီ ။ ဝတ်ဖြူစင်ကြယ်နဲ့ ဆိုတော့ သိပ်ကြည့်လို့ကောင်းတဲ့ လူကြီး ။ ဗေဒင်ကလေး ဘာလေးလည်း ဝါသနာပါတယ် ။

ဦဘသာ သိသိသာသာကြီး စကားနည်းလာတာ နှစ်ရက်ရှိပြီ ။ ထိုင်နေရင် သူ့မျက် လုံးတွေက တစ်ခုခု တွေးနေတယ်ဆိုတာ သိသာတယ် ။ သူစဉ်းစားပြီးအကြံထုတ်ပြီ ဆို ရင် မေးစေ့ကို လက်နဲ့ပွတ်နေကျ ။

ဒီမနက်တော့ အိမ်က အစောကြီးထွက်ချသွားတယ် ။ စက်ဘီးတစ်စီးနဲ့ ။ သူ့အိမ်က မိသားစုက စက်ဘီး မစီးပါနဲ့တော့လို့ တောင်းပန်ထားတာ ကြာလှပြီ ။ သူ က လည်း မစီး ရှာပါဘူး ။ ဒီမနက် မှ ။

တော်တော်နဲ့ပြန်မလာလို့ မိသားစုက စိတ်ပူနေကြတာ ။ ပြန်ရောက်တော့ တစ်အိမ် လုံးက ဝိုင်းမေးကြတာပေါ့ ။ ဦးဘသာကတော့ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမောနဲ့ “ ငါ ဘုရားကြီး စောင်းတန်းထဲ ဒါလေးတွေသွားဝယ်တာ ၊ ကရေကရာက တာရဲတန်း အထိ သွားဝယ်ရတယ်ကွ ” တဲ့ ။ သူ့လက်ထဲမှာ ကြက်ရုပ်ကလေး တစ်ရုပ်နဲ့ ကရေကရာတစ် ထုပ်ရောပါတယ် ။ ဒါ့ပြင် သြဇာညွန့်တွေရော ၊ အုန်းညွန့်တွေရော ၊ ဆီးညွန့်တွေရော ပါသေးတယ် ။

••••• ••••• •••••

“ ကလင် ကလင် ကလင် ”

“ ဟဲဟို အမိန့်ရှိပါခင်ဗျာ ”

“ အီးပီစီကလားဗျာ ”

“ ဟုတ်ပါတယ် ”

“ ဒီကနေ့ညနေ ကျွန်တော်တို့ မဟာအောင်မြေရပ်ကွက်ဘက် မီးဖြတ်ဦးမှာလားခင်ဗျာ ”

“ မီးဖြတ်ဖို့အစီအစဉ် မရှိပါဘူးခင်ဗျာ ”

“ ဪ . . . ဟုတ် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ”

“ကလင် ကလင် ကလင် ”

“ ပြောပါခင်ဗျာ ”

“ ဓာတ်စက်ရုံကလားရှင် ”

“ ဟုတ်ပါတယ် ”

“ ကျွန်မတို့ အောင်နန်းရိပ်သာဘက် ဝင်းလိုက်ရုပ်ရှင်ရုံဘက် ဒီညနေ မီးပျက်ဦးမှာလားရှင် ”

“ မပျက်ပါဘူးခင်ဗျာ ”

“ ကျေးဇူးပါပဲရှင် ”

“ ကလင် ”

“ ဟဲလို ”

“ ဒီညနေ ကျွန်တော်တို့ မီးဖြတ်ဖို့အစီအစဉ်မရှိပါဘူးခင်ဗျာ ”

“ ဂလောက် ”

“ ဟူး . . . ဒီနေ့တစ်နေကုန် ဒါပဲထိုင်ဖြေနေရပါလား ”

••••• ••••• •••••

မန္တလေးတက္ကသိုလ် ဘူမိဗေဒပါမောက္ခ ဒေါက်တာဦးသိန်း ဆိုတာ မော်လမြိုင်ကျွန်း သား ။ ရန်ကုန်တက္ကသိုလ် ကနေ ဘွဲ့ ရတယ် ။ အမေရိကန်နိုင်ငံ ကနေ ဘွဲ့ထပ်ယူလာတယ် ။ ဒေါက်တာဦးသိန်းက မန္တလေးမှာ ဆရာလုပ်သက် ရှစ်နှစ်နဲ့ ပါမောက္ခလုပ်သက် ရှစ်နှစ် ဆိုတော့ စုစုပေါင်း ဆယ့်ခြောက်နှစ်ရှိပြီ ။

ဒေါက်တာဦးသိန်း က သိပ်စည်းကမ်းကြီးတယ်လို့ နာမည်ကြီးတယ် ဆရာဆရာမ တွေနဲ့ သူ့ဌာန ဝန်ထမ်းတွေ မနက် ၈ နာရီ ရောက်အောင် လာရတယ် ။ ဆရာကိုယ်တိုင် လည်း ရောက်အောင်လာတယ် ။ ညနေ ကိုလည်း ၄ နာရီခွဲမှ ပြန်ရတယ် ။ ဆရာဒေါက်တာ ဦးသိန်းကိုယ်တိုင်လည်း အဲဒီ အချိန်ကျမှ ပြန်တယ် ။

ဒီနေ့တော့ ဆရာ ဆရာမတွေ မစုလိုက်နဲ့ ၊ စုမိလိုက်ရင် ဒီကနေ့ညနေတော့ . . . ဒီ ညနေတော့နဲ့ စကားစပြောနေကြတယ် ။

ဒေါက်တာဦးသိန်း ကလည်း ဆရာ ဆရာမတွေ ငဲ့ ပြီး ဒီနေ့ညနေ ကျောင်းက စောစော ပြန်ချင်တဲ့လူ ပြန်ချင်ရင် ပြန်ခွင့်ပေးလိုက်တယ် ။ ဆရာ ဆရာမတွေ မတိုင်ပင်ထားကြဘဲနဲ့ စောစောပြန်ချလာကြတယ် ။ စက်ဘီးကိုလည်း ခပ်သုတ်သုတ်နင်းကြတာပေါ့ ။

••••• ••••• •••••

ဒီရက် ဒီအချိန်မှ မင်္ဂလာရက် ၊ မင်္ဂလာအချိန် ရွေးမိတာနဲ့ ကြုံနေရတယ် ။ သတို့သား ဘက်ကလည်း ဈေးချိုမိတ် ၊ ပွဲရုံမိတ်နဲ့ ။ မန္တလေးမြို့ တစ်ဝက်ကတော့ သူတို့ကို မသိ တဲ့လူ သူတို့နဲ့ ကင်းတဲ့လူမရှိဘူး ။

သတို့သမီးဘက်ကလည်း မြို့မျက်နှာဖုံးတွေ ။ အဖေက နိုင်ငံဂုဏ်ရည်ပထမဆင့် လွတ်လပ်ရေးမော်ကွန်းဝင်ပထမဆင့် ။ အမေကလည်း မြို့နယ်ပညာရေးမှူးဟောင်း ။ သမီးကလည်း ဆရာဝန် ဖြစ်ပြန် သူ့အစ်ကိုကလည်း မြို့ရဲ့ကာလသားရောဂါတိုက်ဖျက် ရေး ဆရာဝန်လုပ်သွားတာ နည်းတဲ့နှစ်တွေလား ။ မိတ်များလိုက်ပုံတော့ ။ အမှန်က ဒီမင်္ဂလာပွဲ ဒီရက် ဒီအချိန်အခါ မလုပ်နဲ့ ၊ ဒီပြင်နေ့လုပ် ။ လမ်းမှာ ကားရပ်စရာ နေရာတောင် ရှိမှာမဟုတ်ဘူး ။ ဝက်ဝက်ကွဲစည်မယ့် မင်္ဂလာဆောင် ။ ဖိတ်စာ နှစ်ထောင့်ငါးရာရိုက်ဝေ တဲ့မင်္ဂလာပွဲ လက်ရွေးစင်ပဲရွေးဖိတ်တာတဲ့ ။

သတို့သားကတော့ ယောက်ျားလေးရှင် ၊ ပြီးတော့ တတ်နိုင်တဲ့ လူတွေလည်းဖြစ်တော့ ဣန္ဒြေကလေးနဲ့  ။ သတို့သမီးက လူငယ်ပီပီ ဟန်မလုပ်နိုင်ဘူး ။ မျက်စိမျက်နှာပျက်ချင် တယ် ။ မင်္ဂလာဧည့်ခံပွဲ လုပ်နေတဲ့ ညနေ ၄ နာရီ ၅ နာရီဆိုတဲ့အချိန်တွေက ကျောင်းဆင်း ချိန် ရုံးဆင်ချိန် ဈေးပိတ်ချိန်မို့ လွှတ်စည်ရမယ့်အချိန်ပေါ့ ။

အစ်ကိုလုပ်တဲ့ ဆရာဝန် ဆိုသူကလည်း ဣန္ဒြေမရဘူး ဖင်တကြွကြွနဲ့ ၊ ဧည့်ခံဖျော် ဖြေနေတဲ့ တီးဝိုင်းကလည်း မန္တလေးမြို့ရဲ့ ကျက်သရေဆောင် ထိပ်သီးတီးဝိုင်း ၊ သမနိ ရှည်လှတဲ့တီးဝိုင်း ။ ဒီညနေတော့ သူတို့လည်း မမြူးဘူး ။ လမိုင်းမကပ်ဘူး ။

မင်္ဂလာဆောင်မှာ စက်ဘီးအအပ်ခံတဲ့ဆိုင်က လူကတောင်စက်ဘီးတွေ ဆက်မစောင့် ချင်တော့ဘူး ။ ထားပစ်ခဲ့ချင်သတဲ့ ။

••••• ••••• •••••

အရပ်ထဲက တစ်မတ်ရေချိုးကန်တွေ မှာလည်း ဒီညနေ လူနည်းတယ် ။ ဂျိမ်း(စ်)ဘွန်း တို့ ၊ ချတ်နောရစ်တို့ ကြမ်းခဲ့ ရမ်းခဲ့ကြတဲ့ ၊ မလေးရှား စုန်းတို့ ၊ ယိုးဒယားတစ္ဆေတို့ ပျော်မြူးတဲ့ ဗွီဒီယိုရုံတွေကလည်း ဗီဒီယိုအခွေတွေ မပြကြတဲ့ညနေ ။

အတန်းတင် စာမေးပွဲတွေ ဒီလောက် နီးနေတာ တောင်မှ ကျူရှင်တွေ လည်း ပိတ် လိုက်ကြရတယ် ။

မန္တလေးမြို့မှာ စည်းကားရှုပ်ထွေးလှတဲ့ ဗိုလ်ချုပ်လမ်းတို့ ၊ အာဇာနည်လမ်းတို့ ၊ တရုတ်တန်းလမ်းတို့လည်း တန်ဆောင်မုန်းလပြည့်မတိုင်ခင် အဖိတ်နေ့ညနေလို အသွား အလာ နည်းနေတယ် ။

ပြည်ထောင်စုအလံ က မန်းရာပြည့်ကွင်းမှာ တစ်ညတာညအိပ်မှာမို့ အတိတ်နိမိတ် ကောက်တဲ့လူတွေ က ကောက်ကြတယ် ။

••••• ••••• •••••

လှလှချောချောအမျိုးသမီးလေးတွေ ။ ငါးယောက် လမ်းလျှောက်လာရင်း “ သုံးဘီး သုံးဘီး ” လို့ တစ်ယောက် က လှမ်းတားလိုက်တယ် ။ ဖနောင့်လေးတွေ နီတာရယ် ၊ ပါး ကလေးတွေ နီတာရယ် ၊ ဝတ်ပုံစားပုံမြင်လိုက်ကတည်းက ဒီမြို့က မဟုတ်မှန်း သိသာ တယ် ။ သုံးဘီးဆရာ က လက်ခါ ပြသွားတယ် ။

ခဏနေတော့ သုံးဘီးတစ်စင်းလာပြန်ရော ။ ဒီတစ်ခါတော့ ကလေးမလေးတွေ ၊ တစ် ယောက်တစ်ခွန်း ဝိုင်းအော်ခေါ်ကြတယ် ။ သုံးဘီးမောင်းတဲ့ ချာတိတ် ကလည်း ရပ်ပေးတယ် ။

မဟာမုနိဘုရားကြီး သွားချင်လို့တဲ့ ။ ဒါးတန်းကနေ ဘုရားကြီးဆိုရင် အနည်းဆုံး ၂၅ ကျပ်ယူနေကျ ။ အခုလို နယ်ကလာကြတဲ့ ခရီးသည်တွေဆိုရင် ၃၅ ကျပ်လောက် စ တောင်းရင်လည်း တောင်းတတ်တယ် ။ သုံးဘီးဆရာက လက်မှာ ပတ်ထားတဲ့ နာရီကို ကြည့်တယ် ။ ပြီးတော့ ပိုသေချာအောင် နာရီစင်ကြီး ကို လှမ်းကြည့်လိုက်တယ် ။ ပြီးမှ “ မအားပါဘူးခင်ဗျာ အချိန်မရှိတော့လို့ပါ ” ဆိုပြီးယဉ်ယဉ်ကျေးကျေး တောင်းပန်တယ် ။ သုံးဘီးကား မောင်းထွက်သွားတဲ့ ဘက်ကလည်း ဧည့်သည်ကလေးမလေးတွေ သွားချင် တဲ့ တောင်ဘက်အရပ်ပါပဲ ။

••••• ••••• •••••

မန္တလေးတစ်မြို့လုံးမှာရှိတဲ့ တီဗွီအလုံး တစ်သိန်းကျော် ဖွင့်လိုက်ပြီ ။ ဗွီဒီယိုစက်အလုံး ကိုးထောင်ကျော်လည်း မှတ်တမ်းတင်မလို့အသင့် ။

••••• ••••• •••••

ဦးလေးကျားဘငြိမ်း ဆိုတာ မြန်မာပြည်ရဲ့ လက်ဝှေ့ချန်ပီယံတစ်ယောက် ဖြစ်တယ် ။ စာရေးတဲ့နေရာမှာလည်း ကောင်းတယ် ။ စကားအရာမှာ လည်း ချန်ပီယံပဲ ။ မန္တလေးမြို့နဲ့ ပတ်သက်ပြီး ဂုဏ်ယူတတ်လွန်းသူတစ်ယောက်ပဲ ။

မန္တလေးရုပ်ရှင်က ရိုက်တဲ့ ‘ ဘဝသံသရာ ’ ဇာတ်ကား အကယ်ဒမီဆုတွေရတုန်းက ဦးလေးကျားဘငြိမ်း က ရန်ကုန်မြို့တော် မှာ ရှိနေသတဲ့ ။ ဂလုပ်ရုံရှေ့မှာ လက်နှစ်ဖက်ကနံ ကို ထောက်ထားသတဲ့ ။ ခါးထောက်တာထက်နည်းနည်းမြှင့်ပြီး ထောက်ထားတဲ့ဟန်ပေါ့ ။

ရန်ကုန်က သူ့မိတ်ဆွေတစ်ယောက်ယောက် ကိုတွေ့ ရင် ဘဝသံသရာ က အကယ် ဒမီရမှာပေါ့ဗျ ။ ကောင်းတာကိုးလို့ပြောတတ်တယ် ။ တစ်ဆက်တည်းပဲ ကောင်းမှာပေါ့ဗျ မန္တလေးရုပ်ရှင်က ရိုက်တာကိုး လို့ ကြွားပြောလေးပြောတတ်သတဲ့ ။

“ သင်္ကြန်မိုး ” ရုပ်ရှင်အကယ်ဒမီတွေရတုန်းကလည်း ဦးလေးကျားဘငြိမ်း ကို သတိ ရမိတယ် ။

တီဗွီက ရုပ်မြင်သံကြားအစီအစဉ်ပြီးတဲ့ စာတန်းထိုးတော့ ပရိသတ်ဆိုတာ ပီတိတွေ လျှမ်းလို့ ၊ ပြုံးလို့ ။ ဒေါ်တင်တင်ဝင်း ဆိုတဲ့ အမျိုးသမီးက ကိုယ်လေးလက်ဝန် ၊ နေ့စေ့လ စေ့ကြီး ။ ကိုယ်ဝန်ကြီးနဲ့ မို့ တီဗွီကို ကောင်းကောင်း ကြည့်ရတာ မဟုတ်ဘူး ။ ထိုင်ကြည့်လိုက် ၊ ထပြီး ဆီးသွားလိုက် ၊ မတ်တတ်ရပ်ကြည့်လိုက် ၊ ဆီးသွားလိုက်နဲ့ လုပ်ရရှာတာ ။ သူက သူ့ဗိုက်ကို ပွတ်နေပြီး မွေးမယ့်မွေးရင် ဒီနေ့ပဲ မွေးလိုက်ချင်သတဲ့ ။ သူ့မျက်နှာ လည်း ပြုံးလို့ ၊ ရွှင်လို့  ။

••••• ••••• •••••

ဦးလေးကျားဘငြိမ်းကို သတိရ ရပြန်ပြီ ။ ၃၆ - ကြိမ်မြောက်ပြည်နယ် နဲ့ တိုင်းပွဲမှာ မန္တလေးတိုင်း က ပြည်ထောင်စုဒိုင်း အပြင် အသန့်ရှင်းဆုံးဆု ပါ ရလိုက်သေးတယ် ။ ထိုက်ထိုက်တန်တန်နိုင်တာကွလို့ လူတိုင်းက ပြောကြတယ် ။

ဦးလေးကျားဘငြိမ်းများ ရှိနေရင် ချိုင်းကို လက်ထောက်ပြီး လမ်းသလား နေမလား မသိဘူး ။  ။

⎕ ညီပုလေး

📖 ကလေးလူကြီး ကြိုက်ပြီးချစ်ကြပါတဲ့ ညီပုလေးဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment