Thursday, July 11, 2024

မိုးဦးကျ


 

❝ မိုးဦးကျ ❞

ဝါဆိုလဆန်း ၁၃ ရက် ၏ နေ့လယ် အချိန် ဖြစ်သည် ။

မိုး က အုံ့ ၍ လေ က ထန်နေသည် ။ ရေဖွေးဖွေး ကွင်းပြင်ကြီး ထဲဝယ် လေသံ လှိုင်းသံ တို့ဖြင့် ဆူညံ နေသည် ။ စည်းလုံးမှုမရှိ၍ အထီးကျန် ဖြစ်နေသော ဗေဒါပင်ကလေးများ နှင့် အတွယ်အတာ ကင်းမဲ့နေသော ဒိုက်ဖောင်ကလေးများ မှာ လေနှင့် လှိုင်း ခေါ်ဆောင်ရာ နောက်သို့ ကောက်ကောက် ပါအောင် လိုက်နေသည် ။ မြေကြီးကို အမြစ်တွယ် လျက် ရှိသော ဒိုက်ပင်ကလေးများ နှင့် ဗေဒါပင်အုပ်ကြီးများ မှာ မူ ယိမ်းယိုင် လှုပ်ရှားလျက် ရှိသော်လည်း အနိုင်မခံ အရှုံးမပေးဘဲ ကြံ့ကြံ့ခိုင်ခိုင် တည်နေကြ၏ ။

ကိုဒေါင်းစိန် ၊ ကိုလူမောင် နှင့် ငါးထိုးသမား တစ်စု တို့သည် ဗေဒါပင်အုပ်ကြီးများ ကို အကာအကွယ် ယူ၍ လေ အငြိမ်ကို စောင့် နေကြ၏ ။ တစ်ခူးလပြည့်ကျော် တစ်ရက်နေ့ မှ စ၍ တော်သလင်းလပြည့်နေ့ အထိ ကွင်း ကို အစိုးရ ပိုင်သည် ဖြစ်ရာ “ အစိုးရ ပိုင်သည့် ရက်တွင် ဆင်းရဲသား များ သည် ဆောင်း တစ်လုံး ၊ မှိန်း တစ်လက် ၊ ငါးမျှားတံ တစ်ချောင်း ဖြင့် ကွင်းထဲ၌ ရှာဖွေ စားသောက် နိုင်၏ ” ဟူသော အစိုးရမင်းများ ၏ ကြီးမားသော မဟာကရုဏာ နှင့် ခွင့်ပြုပေးသနားတော်မူသော ခြွင်းချက် အရ သူတို့ သည် မှိန်းတစ်လက် ဖြင့် ငါး ထိုးရန် ကွင်းထဲ သို့ ရောက်ရှိ လာကြရာ လေထန်သည် နှင့် ကြုံနေ၍ ဗေဒါပင်အုပ် ကို အကာအကွယ်ယူကာ လေအငြိမ် ကို စောင့်နေကြခြင်း ဖြစ်သည် ။

သူတို့ သည် ငါး ကို မျက်မြင် ထိုးရသည် မဟုတ်ဘဲ ရေအောက် ၌ လှုပ်ရှားသွားလာလျက် ရှိသော ငါးများ ၏ အရိပ်အခြည် ကို ရေပေါ်တွင် တစ်ထွာခန့် ၊ တစ်တောင်ခန့်မြင့်တက်နေသော ဒိုက်ပင်များ ၏ လှုပ်ရှားခြင်းဖြင့် စူးစမ်း ကြည့်ရှုကာ ထိုးရသည်ဖြစ်၍ လေရော ရေပါ ငြိမ်သက်ပါမှ ဖြစ်နိုင်ပေမည် ။

ငါး ထိုးရာ၌ “ မြက်တိုး ” ၊ “ မြက်ကိုက် ” ဟူ၍ နှစ်မျိုးရှိ၏ ။ ကမ်းဘက် နီး၍ ရေတိမ်သော နေရာ၌ မြက်တိုးငါး ကို ထိုး ရ၍ ၊ ကွင်းလယ် ကျပြီး ရေနက်သော နေရာတွင်မူ မြက်ကိုက်ငါး ကို ထိုးရ၏ ။ မြက်တိုးငါး ဆိုသည်မှာ မြက်ပင်များ စု၍ ပေါက်ပွား နေသော ရေ ၏ အောက်ခြေ မှ ငါး သည် တိုးဝှေ့ ဖြတ်ကျော် သွားလျှင် ရေပေါ်မြင့်တက် နေသော မြက်ပင်များ မှာ လှုပ်လှုပ်ရှားရှားဖြစ်သွား၍ ၊ ငါး တိုးဝှေ့ ဖြတ်ကျော်သွား ရာ လမ်းကြောင်းတစ်လျှောက် တစ်ဖက် တစ်ချက် ကွဲကွာ သွားသည် ။ ဒါကို ကြည့်ပြီး ရေအောက် ရှိ ငါး သည် မြက်ပင်များ ထဲ တွင် တိုးဝှေ့ နေကြောင်း သိ ရကာ မှန်းဆ ထိုးရသည် ။ ကွင်းလယ် ၌ မူ ငါး သည် ဒိုက်ပင်ကလေးများ ၊ ကန်စွန်းဖောင်များ ၊ ကညွတ်ပင်များ ကို လိုက် ကိုက်စားသောက်တတ်သည် ဖြစ်ရာ ဤသို့ ကိုက်သည့် အတွက် လှုပ်ယမ်းနေသော ဒိုက်ပင် များ ၊ ကန်စွန်းဖောင်များ ၊ ကညွတ်ပင်များ ကို ကြည့်ကာ မှန်းဆ ထိုးရသည် ။ ဒါကိုတော့ မြက်ကိုက်ငါး ဟု ခေါ်ကြ၏ ။

ယခု သူတို့ သည် မြက်ကိုက်ငါး ကို ထိုးရန် ရေနက်သော ကွင်းလယ် သို့ ထွက်ခဲ့ရာ လေထန်နေသည် နှင့် ကြုံ နေ၍ ဗေဒါပင်အုပ် အကွယ် ၌ ရပ်နားကာ လေအငြိမ် ကို စောင့်ရင်း စကားဝိုင်း ဖွဲ့နေကြ၏ ။

“ တောက် .... ငါးရစ် က ရလိုက်တဲ့ ငွေသုံးရာ နဲ့ ဖွားသက် ကို တင့်တင့်တယ်တယ် ယူနိုင်ပြီဟေ့ ဆိုပြီး စောင် ၊ ခြင်ထောင် ၊ ခေါင်းအုံး ၊ ဖျာက စပြီး အိုးခွက်ပန်းကန် ပါ မကျန် အသစ် ထူထောင် လိုက်ရတာ ငွေ တစ်ရာကျော် လောက် ကုန်သွားတယ်ကွ ၊ ဒါနဲ့တောင် တင့်တင့် တယ်တယ်မဖြစ်ဘဲ ခိုးယူရတဲ့ ဘဝ ရောက်ခဲ့ရတယ် ၊ တို့ ချစ်ကံ ဟာ အဲဒီ အထိ ခေတာကွ ”

ကိုလူမောင် က ဆူညံလျက် ရှိသော လှိုင်းသံလေသံ ကို လွှမ်းမိုးသွားအောင် အသံ ခပ်ကျယ် ကျယ် ဖြင့် ပြောဆိုလိုက်၏ ။ ကိုလူမောင် ၏ လှေပဲ့ကိုင် အဖြစ် လိုက်ပါလာသော မဖွားသက် က မူ ဤအတွက် မည်သို့မျှ ဝမ်းမနည်း သလို မျက်နှာပေး ဖြင့် ကိုလူမောင် အား လှမ်းကြည့်လိုက်ကာ

“ အို ... တော် ၊ ဘယ်လိုပဲ ယူရယူရ ပေါင်းရတာသာ ပဓာန ပါ ၊ တစ်ခုတော့ ရှိသပေါ့လေ ၊ ကလေး မဟုတ် သူငယ် မဟုတ် နဲ့ ခိုးရာလိုက် ပြေးရတယ် ဆိုတဲ့ အဖြစ်မျိုး က တော့ ဘယ်ကောင်းမလဲ ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲလေ ၊ ကိုယ်ရေးကြုံတော့ သက်လုံကောင်းရမှာကိုး ၊ နို့မဟုတ်ရင် ဝါဝင်သွားမှာ တော့် ”

ကိုဒေါင်းစိန် နှင့် ငါးထိုးသမားများ ကား ကိုယ့် ဘဝ ကိုယ် ကျေနပ် ကြည်နူး နေသော ညားခါစ ဇနီးမောင်နှံ အား သာ ပြုံး ကြည့်နေကြ၏ ။ ကိုဒေါင်းစိန် ကတော့ ငဲ့ကွက်စရာ သံယောဇဉ် မရှိ၍ ထင်တိုင်းကြဲနေသော ကိုလူမောင် တစ်ယောက် ယခု ကဲ့သို့ သား နှင့်မယား နှင့် အတည်တကျ ဖြစ်သွားသည့် အတွက် အတော်ပင် ဝမ်းမြောက်နေ၏ ။ သို့သော် တင့်တင့်တယ်တယ် ဖြစ်အောင် စီမံထားသမျှ အလဟဿ ဖြစ်ရသည့် အတွက်လည်း တစ်ဖက် မှ စိတ်မကောင်း ဖြစ်လိုက်ရသေး၏ ။

မယ်စိန် ဓနုဖြူ သို့ အဝယ်အခြမ်းထွက်စဉ် က ကိုလူမောင် သည် သူတို့ မင်္ဂလာ ကိစ္စ အတွက် ရည်မှန်း၍ စောင် ၊ ခြင်ထောင် ၊ ခေါင်းအုံး စသော ပစ္စည်းများတစ်ပါတည်း မှာကြားလိုက်၏ ။ မယ်စိန် ဓနုဖြူ မှ ပစ္စည်းများဝယ်ခြမ်း ပြီး ၍ ပြန် ရောက်လာသောအခါ လိုလူမောင် သည် မပြားကြီး နှင့် တကွ အခြားသူ နှင့်ရင်းနှီးသော မိန်းမကြီး အချို့ ကို မဖွားသက် ၏ အစ်မကြီး ဖြစ်သူ မဖွားခက် ထံ သို့ စေလွှတ်ကြောင်းလမ်း ခိုင်း၏ ။ မဖွားသက် ၌ မိဘ မရှိသောကြောင့် အစ်မကြီး ကို အမိအရာ ထား၍ ကြောင်းလမ်း ခိုင်းရခြင်းဖြစ်သည် ။

သို့သော် မဖွားသက် ၏ အစ်မကြီး မဖွားခက် မှာ မာနကြီးသလောက် ဇီဇာကြောင် သော သဝန်တို အပျိုကြီး တစ်ဦး ဖြစ်၍ ကြောင်းလမ်းချက် ကို လက်မခံရုံသာမက မဖွားသက် ကို လည်း လင်သေတာ မကြာသေးဘဲ နှင့် ဤမျှလောက် နန့်ရမည်လော ဟု ဆူပူကြိမ်မောင်း ကာ ကော့ကော် ကံကား လုပ်လိုက် သဖြင့် မပြားကြီး တို့ မှာ ဆက် မပြောသာဘဲ အောင်မြင်စွာ ဆုတ်ခွာ ခဲ့ကြရ၏ ။

မဖွားသက် ကား အပျိုကြီး မဖွားခက် ၏ ဩဇာ ကို ငယ်စဉ် က ပင် နာခံခဲ့ရသူ ဖြစ်သောကြောင့် သူမ ၏ သြဇာအာဏာ ကို အတိအလင်း တော်လှန်ရဲသူ မဟုတ်ပေ ။

ဝါဝင် သွားမည် ကို စိုးရိမ်နေသော ကိုလူမောင် ကား ကြာရှည်စွာ ဆိုင်းငံ့ မနေတော့ဘဲ  ထိုညတွင် ပင် သွား ခိုး၏ ။ မဖွားသက်  က လည်း အလွယ်တကူ ပင် လိုက်လာခဲ့သည် ။ သို့သော် တစ်အိမ်စီ နေသော အပျိုကြီး မဖွားခက် သိသွားသည့် အခါ၌ကား ကိုလူမောင် အိမ်ရှေ့ သို့ လာရောက် ကာ ရုန့်ရင်း ကြမ်းတမ်းသော စကားလုံးများ ဖြင့် ခုနစ်သံ ချီ ၍ ဆဲဆိုရေရွတ် နေတော့၏ ။ ကိုလူမောင် နှင့် မဖွားသက် တို့ကား မကြားသလို တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်သက် နေကြ၏ ။

အရပ်လူကြီးများ တောင်းပန် ၍ လည်း မရ ၊ မပြီးနိုင် မဆုံးနိုင်အောင် လေရှည် ဆွဲ၍ ဆဲဆိုနေသဖြင့် နောက်ဆုံးတွင် ကိုလူမောင် က အိမ် ပေါ် မှ ဆင်း၍ “ ခင်ဗျား သူတစ်ပါး အချစ် ကို ကဖျက် ယဖျက် လုပ်တတ် လို့ ခင်ဗျား လည်း အခုထိ လင် မရနိုင်ဘဲ အပျိုကြီး ဖြစ်နေရတာပဲ ။ ခင်ဗျား ဟာ ဟို ဖတ်စာအုပ် ထဲ မှာပါတဲ့ အမြီးပြတ် တဲ့ မြေခွေး လို ခင်ဗျား လင် မရနိုင်တာ နဲ့ တခြား လူတွေ ကို ပါ မနာလိုမရှုဆိတ် ဖြစ်ပြီး လင် မရအောင် လိုက် ရှုပ်နေတယ် ။ စိတ်ချပါ ၊ ခင်ဗျားလို ဇီဇာကြောင် တဲ့ အပျိုကြီး မျိုးတော့ သေတဲ့ အထိ လင် မရဘဲ ငှက်ပျောတုံး ဖက်သေရမှာပါ ” ဟု ဝင် ပြောလိုက်ရာ အိမ် အနီးအနား မှ လူငယ်များ ပွဲကျ သွားသလောက် သနားစရာ ကောင်းလှသော မဖွားခက် မှာ မင်းသမီး ကင်း ကိုက်လိုက်သလို ၊ သို့မဟုတ် အိမ်မြှောင် အမြီး ပြတ်သလို ၊ ဒါမှမဟုတ် သူတို့ အင်းသူအင်းသားများ ဥပမာပေးသလို ဆိုလျှင် ငါးပြေမ ဆားနှင့် ပက်သလို  ထိုးထိုးထွန့်ထွန့်ဖြစ် သွားပြီး သူမ ၏ နှုတ် မှ ဖရုဿဝါစာများ မှာ လည်း စက်သေနတ်နှင့် ပစ်လိုက် သလို အဆက်မပြတ် ထွက် လာတော့၏ ။

နောက်ဆုံး တွင် သူကြီးမင်း ကိုယ်တိုင် လာရောက်၍ အာဏာ နှင့် တားမြစ် မှ သူမ ရပ်နား တော့၏ ။ ကိုလူမောင် ကား သူ့ချစ်သူ မဖွားသက် အား ခန်းဝင်ပစ္စည်း အသင့်အတင့် နှင့် တင့်တင့် တယ်တယ် တင်တောင်းနိုင်ပါလျက် မဖွားခက် ဝင်ရှုပ်သည့် အတွက် ကျော် မကောင်း ကြား မကောင်း ဖြစ်ခဲ့ရ၏ ။ သို့သော် ဘာပဲဖြစ်ဖြစ် ကိုလူမောင် ကား သား နှင့် မယား နှင့် အတည်တကျ ဖြစ်နေ လေပြီ ။ ဟုတ်သည် ၊ မဖွားသက် ၌ ခြောက်နှစ်သား ကလေး တစ်ယောက် အဆစ် ပါလာသေးသည် မဟုတ်လော ။

ကိုဒေါင်းစိန် သည် ကိုလူမောင်တို့ အတွဲ ကို ကြည့်ရင်း ပြုံးလိုက်ပြန်၏ ။ နောက် သူသည် သူနှင့် အတော်ဝေးဝေးရှိ တစ်ဖက်ကွင်းပြင်ဆီသို့ မျှော်မှန်း၍ ကြည့်လိုက်၏ ။ သို့သော် မယ်စိန်တို့ ငါးသံချိတ်များသူတစ်စုအား အရိပ်အယောင် မျှပင် မတွေ့ရပေ ။ လေပြင်း၍ လှိုင်းထန် နေ သဖြင့် တစ်နေရာရာ၌ တွယ်ကပ်ရပ်နား နေပြီဟု ယူဆလိုက်၏ ။ ကိုလူမောင် ကား သူ့ မိန်းမ မဖွားသက် ကို လှေပဲ့ကိုင် အဖြစ် ခေါ်လာနိုင်သော်လည်း သူ့ မှာတော့ မယ်စိန် ကို ခေါ်မလာနိုင် ။ သူလည်း တစ်ဖက်တစ်လမ်းမှ ငါးသံချိတ်များမည် ဟု ဆိုသောကြောင့် သူ့ သား ဒီလုံး ကိုသာ လှေပဲ့ကိုင် အဖြစ် ခေါ်ခဲ့ရ၏ ။

“ ဗျိုး ....ကိုလူမောင် ၊ အခု ဒီက မြော့ ကွင်း ထဲက ငါး ဟာ ဘယ်က ပြောင်းလာတာ မှတ်သလဲ ။ သံလွင်ငုပ်တိုကွင်း က ပြောင်းလာတာဗျ ၊ ပထမ ကျုပ်တို့ စ ထိုးတုန်းက စံကပင်ကွင်း မှာ ၊ နောက် မှိန်း ပူတော့ ( ငါးထိုးသမားများ က အဆက်မပြတ် လိုက် ထိုးနေသည့် အတွက် ဟု ဆိုလို သည် ) ငါးအုပ် ဟာ ပေါက်ဒိန်းကွင်း ကို ပြောင်းသွားတယ် ၊ တစ်ခါ ပေါက်ဒိန်းကွင်း မှာ နှစ်ရက် လောက် လည်း ထိုးပြီး ရော သံလွင်ငုပ်တိုကွင်း ကို ရောက်သွားပြန်ရောဗျ ၊ သံလွင်ငုပ်တို မှာ သုံးရက်လောက် ကြာပြီး ပျောက်သွား ပြန်ရော ၊ ပထမတော့ ကျုပ်တို့ လည်း ဟိုလိုက် ဒီလိုက်နဲ့ နောက်ယောင်ခံပြီး လိုက်တာ ဘယ်မှာ မှ မတွေ့ဘဲ မျက်ခြည်ပြတ် သွားတယ် ၊ အင့်ဟင်း ဒီ ငါးတွေ ဘယ်ရောက်ကုန်ပါလိမ့်လို့ အတွေးရ ကျပ် နေတာ လက်စသတ်တော့ ကိုယ်တော် မြတ်တွေ က ဒီ ကမော့ကွင်း ထဲ ရောက်နေတာကိုး ၊ ကျုပ် လည်း မနေ့က မှ သိရတယ် ”

ကွင်းမြုပ် ကတည်း က ပင် ငါးလိုက်ထိုး နေသော လူငယ်တစ်ဦးက ယနေ့မှ ငါး စထိုးမည် ဖြစ်သော ကိုလူမောင် နှင့် ကိုဒေါင်းစိန် အား ရှင်းပြလိုက်ခြင်းဖြစ်သည် ။ ဟုတ်သည် ၊ ငါးများကား ငါးထိုးသူ မှိန်းသမားများ၏ ရန်ကို ကြောက် ၍ တစ်ကွင်းတစ်ကွင်း ၌ ကြာရှည် မနေဘဲ ခဏခဏ ကွင်းပြောင်းတတ်သည် ။ ငါးထိုးသူ မှိန်းသမားများ ကလည်း သားကောင်ကို ခြေရာခံ လိုက်နေသော မုဆိုးကဲ့သို့ ရေ၏ အနေအထား ၊ ဒိုက်ပင်များ ၏ အနေအထား ကို ကြည့်ရှုမှတ်သား ကာ မတွေ့ တွေ့အောင် နောက်ယောင်ခံ လိုက်သည် ။ ဤကဲ့သို့ ခဲရာခဲဆစ် လိုက် ထိုးရသည့် အချက် ကိုပင် သူတို့အား ငါးထိုးခြင်း၌ ပို၍ စိတ်ဝင်စား စေသည် ။ တစ်ခါတစ်ရံ ငါးအုပ်များ သည် သူတို့နှင့် အလှမ်းဝေးဝေး နေရာသို့ ပြောင်းပြေးတတ်သည် ဖြစ်ရာ ၊ သူတို့ မျက်ခြည်ပြတ် ကျန်ရစ်ခဲ့သည့် အခါနှင့် လည်း ကြုံရလေသည် ။ သို့သော် နောက်ဆုံးတွင် သူတို့ ၏ စိတ် ၊ ဇွဲနှင့် သူတို့ ၏ ကျွမ်းကျင်မှုကြောင့် ငါးအုပ် ရှိသည့်ကွင်း ကို ရှာဖွေတွေ့ ရှိသည် ချည်း ဖြစ်၏ ။

နောက် တစ်ယောက် တစ်ပေါက်ဖြင့် ငါးများ မြက်ကိုက်ပုံကို ပြောဆို နေကြပြန်၏ ။ ဒိုက်ပင် ကို ငါးကိုက်ရာ၌ ငါးမြစ်ချင်း က ဘယ်လိုကိုက်သည် ၊ ငါးကြင်း က ဘယ်လိုကိုက်သည် ။ ငါးသိုင်း က ဘယ်လိုကိုက်သည် ၊ ဘယ်ငါး ဘယ်ငါး က အကိုက်ကြမ်း၍ ၊ ဘယ်ငါး ဘယ်ငါး က အကိုက်ယဉ်သည် စသည်ဖြင့် ပြောဆို နေကြရာမှ တစ်ချီ တစ်ချီတွင်လည်း တစ်ယောက် နှင့် တစ်ယောက် အငြင်းပွား နေလိုက်ကြသေး၏ ။

အတော်ကလေး ကြာသောအခါ လေငြိမ် သွားပြီ ဖြစ်သဖြင့် လှေအုပ်ကို လည်း ခွဲထွက် ခဲ့ကြတော့၏ ။ ကိုဒေါင်းစိန်သည် ပဲ့ကိုင်ဒီလုံး အား သူတို့ နှင့် မနီးမဝေးရှိ ဒိုက်ပင်များ ထူထပ်ပေါများ သော နေရာသို့ လှော်ရန် ညွှန်ကြားလိုက်ပြီး သူ ကိုယ်တိုင်လည်း လှေဦး မှ မတ်တတ်ရပ်ကာ လှော်လေ၏ ။ ဒိုက်ပင်များအနီးသို့ ရောက်သောအခါ လှေကို ရေသံ မကြားအောင် တဖြည်းဖြည်းနှင့် ကျိတ်၍ လှော်ရန် အချက်ပေး လိုက်ပြီးနောက် သူကိုယ်တိုင်ကတော့ ရေပေါ်၌ တစ်ထွာခန့် မြင့်တက်နေသော ဒိုက်ပင်ကလေးများ အား လျင်မြန်ဖျတ်လတ်သော မျက်လုံးအစုံ ဖြင့် လွှမ်းခြုံ ကြည့်ရှုနေ၏ ။

လှေကား ရေသံ မကြားရအောင်ပင် ညင်သာစွာ ရွေ့လျားနေ၏ ။ လေငြိမ် နေသဖြင့် ပတ်ဝန်းကျင် မှ ဒိုက်ပင်ကလေးများမှာ လည်း လုံးဝ လှုပ်ရှားခြင်း မရှိဘဲ ပကတိ ငြိမ်သက်နေ၏ ။ ကိုဒေါင်းစိန် ၏ စူးရှသော မျက်လုံးအစုံ မှာ ဤ ငြိမ်သက်နေသော ဒိုက်ပင်များအပေါ်ဝယ် လွှမ်းခြုံ ကျက်စားကာ လှုပ်ရှားလျက် ရှိသော ဒိုက်ပင်ကို ရှာဖွေနေ၏ ။ အရှေ့မှသည် အနောက်သို့ အစုန်အဆန် အပြန်အလှန် ၊ တစ်နေရာတွင် သူ့မျက်လုံးသည် တန့်သွား၍ သူ့ ရင်ထဲ၌လည်း ဖိုခနဲ ဖြစ်သွား၏ ။ အလို ... အို ... သည်မှာ ဟောလေဗျာ ကြည့်စမ်းပါ ။ သူ့ ရှေ့ ၁၀ ကိုက်ခန့် အကွာရှိ ဒိုက်ပင် တစ်ပင်မှာ လှုပ်ယမ်း နေသည် မဟုတ်လား ။

ကိုဒေါင်းစိန် ၏ ပျံ့လွင့်နေသော စိတ်အာရုံ မှာ လည်း တန့်ခနဲ ရပ်သွားကာ သူ့ မျက်စိ စူးစိုက်ရာ ဒိုက်ပင် ၌ သာ တစ်ချက်တည်း တည်ငြိမ်သွား၏ ။ သူ့ နှလုံးမှာလည်း အခုန်ရပ်ဆိုင်း သွား၏ ။ အသက်ကိုပင် မရှူမိဘဲ အောင့်ထားလိုက်မိသည် ဖြစ်၍ အသက်ရှူပင် မှားသွား၏ ။ တကယ်ဆိုတော့ လှုပ်ယမ်းလျက်ရှိသော ဒိုက်ပင်ကလေး ဝယ် ပြင်းထန်သော ဇောဖြင့် စူးစူးစိုက်စိုက် အာရုံဝင်စားလိုက်ခြင်း၏ လက္ခဏာရပ်များသာ ဖြစ်သည် ။

နောက် သူသည် ဒိုက်ပင် မှ မျက်လုံးကို မခွာဘဲ “ ကျွတ် ... ကျွတ် ” ဟူ၍ စုတ်သပ်ကာ ဒီလုံး အား လက်ဝါးကာ ပြလိုက်၏ ။ သဘော မှာ ဒိုက်ပင် ကို ကိုက်နေသော ငါး ကို တွေ့ပြီ ၊ လှေလှော် ရပ်လိုက်တဲ့ အချက်ပေးလိုက်ခြင်းဖြစ်သည် ။ အရိပ် ပြလျှင် အကောင် ထင်အောင် လျင်ပြီးသား ဖြစ်နေ သော ဒီလုံး ကလည်း လှေ ကို ရေသံ မကြားအောင် အရှိန်သတ်၍ ရပ်လိုက်၏ ။ ကိုဒေါင်းစိန် သည် လှေကန့် ပေါ် တွင် တက်ချလျှင် အသံမမြည်အောင် ခံထားသော ကန်စွန်းစည်းပေါ်သို့ တက်ကို အသာအယာ ချလိုက်၏ ။ တစ်ဆက်တည်း လှေကန့်ပေါ်မှ ကန်စွန်းစည်း ပေါ် တွင်ပင် တင်ထား သော “ ဆောင်ပုံ ” ကို လှမ်း ယူလိုက်၏ ။ “ ဆောင်ပုံ ” ဆိုသည်ကား အရင်း သိမ်၍ အဖျားတွင် ကားတက်သွားသော မှိန်းသွား ၆ ချောင်း ၊ တချို့လည်း ၇ ချောင်း ကို ခွ၍ တပ်ထားသော ငါးထိုးသည့် လက်နက်ကိရိယာပင် ဖြစ်သည် ။

ဒိုက်ပင် လှုပ်ယမ်းပုံ မှာ တစ်ဖက်စောင်းလှုပ်ယမ်းခြင်း ၊ သို့မဟုတ် ရှေ့တိုးနောက်ငင် လှုပ်ယမ်းခြင်းမျိုး မဟုတ်ဘဲ ဆန်ကောဝိုင်း ဝှေ့ယမ်းနေခြင်း ဖြစ်၍ ဒိုက်ပင်ပတ်လည်ရှိ ရေမှာလည်း ဝဲကတော့ ထိုးနေ၏ ။ ဒါကို ထောက်၍ ရေအောက်ရှိ ငါးသည် “ ငါးအုံတုံ ” ဖြစ်ကြောင်း သူသိနိုင်သည် ။ အကြောင်းကတော့ သည်လို ငါးမျိုးသည် အမြီး ကို အပေါ် ထောင်ကာ ခေါင်းအောက် စိုက်ပြီး ဒိုက်ပင် ကို ဇောက်ထိုး တွယ်ကပ်၍ ဒိုက်ပင်ပတ်လည်တစ်လျှောက် လှည့်လည် ကိုက်ဖြတ် စားသောက် တတ်သည် ။ ထို့ကြောင့်ပင် ဒိုက်ပင် ကို ပတ်လည်လှည့်ရာ၌ သူ့အမြီးဖြင့် ယက်လိုက် သော ရေသည် ရေမျက်နှာပြင်ပေါ် ၌ ဝဲကတော့ ထိုး နေပြီး ဒိုက်ပင်မှာ လည်း ဆန်ကောဝိုင်း ဝှေ့ယမ်း နေခြင်းဖြစ်သည် ။

သူ သည် ငါးကို ထိုးရန် အနည်းငယ် ဝေးနေသေးသဖြင့် “ ဆောင်ပုံ ” ဖြင့် ရှေ့သို့ ဆတ်ခနဲ ဆတ်ခနဲ နှစ်ချက်သုံးချက်လောက် ပြလိုက်၏ ။ ဒါက အနည်းငယ် ဝေးနေသေးသည် ၊ ရှေ့ကို နည်းနည်း ဆက်လှော်ဟု ပဲ့ကိုင်ဒီလုံး အား အချက်ပေးလိုက်သော သဘောဖြစ်သည် ။ သည်လို အချိန်အခါမျိုး ၌ နှုတ်မှ ထုတ်ဖော် ပြောကြားလျှင် ငါးလန့်ပြီး ပြေးမည် ဖြစ်၍ အချက်ပေး ပြောဆိုရ၏ ။

ကိုဒေါင်းစိန် ၏ အရိပ်အကဲ ကိုသာ မျက်ခြည်မပြတ် စောင့်ကြည့်နေသော ဒီလုံး ကလည်း ဆိုလိုရင်း အနက်အဓိပ္ပာယ် ကို နားလည်သည် ဖြစ်၍ ရေသံမကြားအောင် ရှေ့သို့ အနည်းငယ် လှော်ပေး လိုက်၏ ။ လက်လှမ်းမီလောက်သည့် နေရာသို့ ရောက်သောအခါ ကိုဒေါင်းစိန် သည် “ ဆောင်ပုံ ” ကို သေချာစွာ ချိန်၍ လက်လွှတ် ထိုးချလိုက်၏ ။

ကိုဒေါင်းစိန် ၏ နားသောတအာရုံ၌ “ ခွပ် ” ခနဲ မြည်သွားသော အသံ ကို ကြားလိုက်ရသည် ဟု ထင်မိ၏ ။ စင်စစ်အားဖြင့် ဝုန်းခနဲ ရေသံမှ တစ်ပါး အခြား မည်သည့် အသံမှ ထွက်ပေါ်လာခြင်း ကား မရှိပါ ။ သို့သော် စူးရှသော သူတို့ ၏ အာရုံဝယ် ငါး ကို ထိသည် မထိသည် ဟု ခွဲခြား နိုင်လောက်အောင် အသံ တစ်စုံတစ်ခု ကိုတော့ ကြားရမြဲဖြစ်သည် ။ ဤကဲ့သို့ “ ခွပ် ” ခနဲ မြည်သွား သော အသံကို ကြားရသလိုလို ရှိသည့်အခါတိုင်း ချက်ကောင်းဖြစ်သော ငါး ၏ ခေါင်းကို ထိတတ်သည် နှင့် ချည်းကြုံရသည် ဖြစ်၍ ယခုလည်း ခေါင်း ကို ပင် ထိမည်ဟု ယုံကြည်ထား၏ ။

ဟုတ်ပါသည် ၊ ရေပေါ်တွင် ပေါ်လျက်ရှိသော “ ဆောင်ပုံ ” လက်ကိုင်ရိုး ကိုကြည့်ပါ ။ အနည်းငယ်မျှ လှုပ်ယမ်းခြင်း မရှိဘဲ ငြိမ်နေ၏ ။ တကယ်လို့ အမြီးဖျားကလေး ခတ်ထိသွားသည် ဖြစ်စေ ၊ ဝမ်းပိုက်ဖျားကလေး ရှပ်ထိသွားသည် ဖြစ်စေ ၊ ပါးဟက်ဖျားကလေး ကို ကပ်ထိသွားသည် ဖြစ်စေ အထိ မနာသည့်အခါမျိုး၌ ငါးသည် ရုန်းကန်သည် ဖြစ်၍ “ ဆောင်ပုံ ” လက်ကိုင်ရိုး မှာလည်း လှုပ်ယမ်းနေတတ်သည် ။ ယခုတော့ ဆောင်ပုံလက်ကိုင်ရိုး မှာ အနည်းငယ်မျှပင် လှုပ်ယမ်းခြင်းမရှိပါ ။ သို့မဟုတ် လုံးဝ မထိ၍ လှုပ်ယမ်းခြင်း မရှိဟုလည်း ယူဆနိုင်ပါသည် ။ ဤယူဆချက်ကိုတော့ ကိုဒေါင်းစိန် လက်မခံနိုင်ပါ ။ သူ့ လက် ကို သူ ယုံပြီးဖြစ်သည် ။ သူ့ နားသောတ အာရုံ၌ လာ၍ ကြားသော “ ခွပ် ” ခနဲ အသံ ကို သူ သံသယကင်းသည် ။

သူ ငါးကို ထိုးပြီးသည်နှင့်တစ်ပြိုင်နက် ဒီလုံး က လှေ ကို “ ဆောင်ပုံ ” ရှိရာသို့ ခပ်သွက်သွက် လှော်ပို့ လိုက်သဖြင့် သူ သည် “ ဆောင်ပုံ ” လက်ကိုင်ရိုး ကို လက်နှင့် လှမ်းကိုင်ကာ အနည်းငယ် မ၍ ဆကြည့်၏ ။ ဟုတ်သည် ။ “ ဆောင်ပုံ ” သည် မူလအလေးချိန်ထက် ပို၍ လေးနေသဖြင့် မှိန်းသွား ခြောက်ချောင်းတွင် တစ်ချောင်းချောင်း၌ ငါး ကို မလှုပ်နိုင်အောင် ထိုးမိထားသည်မှာ သေချာပေပြီ ။

သူ “ ဆောင်ပုံ ” ကို ဆွဲဖော်လိုက်သောအခါ သူ ကြိုတင်တွက်ဆ ထား သလို ငါးအုံတုံ ပင် ဖြစ်၍ ခေါင်းကိုပင် ထိုးမိထားပါသည် ။ သူ သည် “ ဆောင်ပုံ ” မှ ငါး ကို ဖြုတ်၍ ဒီလုံး အား ရှေ့သို့ လှော်စေပြန်၏ ။ သူ ကိုယ်တိုင်ကတော့ မတ်တတ်ရပ်၍ ပတ်ဝန်းကျင် ရှိ ဒိုက်ပင်များ ကို လွှမ်းခြုံ စူးစမ်းရင်း လိုက်ပါလာ၏ ။ ၁၅ မိနစ် ၊ ဟော ... တွေ့ပြန်ပြီ ၊ လှုပ်ယမ်းနေသော ဒိုက်ပင်တစ်ပင် ။ သူ သည် ထုံးစံအတိုင်း “ ကျွတ် .. ကျွတ် ” ဟု စုတ်သပ်၍ လက်ဝါးကာပြလိုက်သဖြင့် ဒီလုံး ကလည်း လှေကို အရှိန်သတ်၍ ရပ်လိုက်၏ ။ သည်တစ်ခါတော့ ဒိုက်ပင် သည် တစ်ဖက်စောင်း လှုပ်ယမ်းခြင်းမျိုး ဖြစ်ပါသည် ။ ဒိုက်ပင်တစ်ဖက်သို့ ကိုင်းညွတ် သွားလိုက် ၊ မူလအတိုင်း ပြန် မတ်လာလိုက်ဖြင့် တစ်ဖက်စောင်း လှုပ်ယမ်း နေပါသည် ။ ဒါကိုထောက်၍ ရေအောက်ရှိ ငါးသည် ငါးမြစ်ချင်း နှင့် ငါးကြင်း တစ်ကောင်ကောင် ဖြစ်ရမည်ဟု သူ သိနိုင်ကာ ၊ ငါး သည် မှိန်းသမားများနှင့် တွေ့ကြုံဖူး၍ ပါးနပ်နေသော ငါး ဖြစ်ကြောင်းလည်း သူခွဲခြားသိရှိနိုင်ပါသည် ။ အကြောင်းမူကား သည်ငါးမြစ်ချင်း နှင့် ငါးကြင်း သည် ဒိုက်ပင် ကို တွယ်ကပ် တက်စီး၍ ဒိုက်ဖတ်ကလေးများ နှင့် ဒိုက်ပင်၌ တွယ်ကပ်နေသော ရေညှိကလေးများကို စားသောက်တတ်သည် ဖြစ်ရာ ၊ သူတို့ စီးလိုက်သော အရှိန်ကြောင့် ဒိုက်ပင်မှာလည်း တစ်ဖက်သို့ ယိုင်ဆင်းသွားရပြီး ပြန်ခွာလိုက်သောအခါ မူလအတိုင်း ပြန်မတ်လာခြင်းဖြင့် တစ်ဖက်စောင်း လှုပ်ယမ်းနေရခြင်း ဖြစ်သည် ။ မှိန်းသမား နှင့် မတွေ့ဖူးသော ငါး မှာ အရိုင်းဖြစ်၍ ဒိုက်ပင် ကို တစ်ရှိန်တည်း တွယ်ကပ်တက်စီး၍ ဒိုက်ပင် အောက်မှ အထက်တစ်လျှောက် တွယ်ကပ် နေသော ရေညှိများ ကို တစ်ဆက်တည်း စားတက်လာခြင်းဖြင့် ရေမျက်နှာပြင် အထက်နားသို့ ရောက်လေ အလေးချိန် အားကောင်းလေဖြစ်ပြီး ဒိုက်ပင်များ အလေးချိန်ကို မခံနိုင်ဘဲ ရေထဲသို့ နှစ်မြုပ်သွားရသည့်တိုင် ကိုင်းညွတ်သွားတတ်သော်လည်း ၊ မှိန်းသမား နှင့် ကြုံဖူး၍ ပါးနပ်သွားသော ငါး မှာကား ဒိုက်ပင် ကို စီး၍ စားလိုက် ၊ ပြန်ခွာလိုက်ဖြင့် အခြေအနေကို အကဲခတ်ရင်း စားသောက်တတ်သည်ဖြစ်ရာ ဒိုက်ပင် မှာလည်း ကိုင်းညွတ်သွားလိုက် ၊ ပြန်မတ်လာလိုက် ဖြစ်နေရသည် ။ ဒါကြောင့် သူ ခွဲခြား သိရှိနိုင်ခြင်းဖြစ်သည် ။

တစ်ချီတစ်ချီ တွင် ဒိုက်ပင် ဘေး၌ ရေပလုံစီကလေးများ တက်လာကာ ဒိုက်ဖတ် အစအနုကလေးများ လည်း ထို ရေပလုံစီကလေးများနှင့်အတူ ရေမျက်နှာပြင် ပေါ်သို့ ပေါ်တက် လာသည် ။ ဒါက ငါး သည် သူ့ပါးစပ်ဖြင့် ကိုက်ဖြတ်ပြီးသော ဒိုက်ဖတ် အစအနကလေးများအနက် သူ မနှစ်သက်သော ဒိုက်ဖတ်ကလေးများ ကိုပါ ပါးဟက် မှ ပြန်ထုတ်လိုက်ရာ ထိုထုတ်လိုက်သော လေ အရှိန်ဖြင့် ရေပလုံစီကလေးများ ဖြစ်သွားကာ ဒိုက်ဖတ်အစအနကလေးများနှင့်အတူ ရေပေါ်သို့ တက်လာရခြင်းဖြစ်သည် ။

သူ သည် ကျေနပ်စွာ ပြုံးလိုက်ကာ ငါးမြစ်ချင်း နှင့် ငါးကြင်း ခွဲခြားနိုင်ရန် အတွက် ဒိုက်ပင်ကို သေချာစွာ ကြည့်နေပြန်၏ ။ အရှိန်နှင့် စီးလိုက်၍ တစ်ဖက်သို့ ကိုင်းညွတ်သွားသော ဒိုက်ပင် မှာ လေးလေးနှင့်မှန်မှန်သာ လှုပ်ယမ်း၍ အချိန်အတော်ကြာသည့် တိုင်အောင် ငါး သည် ဤ ဒိုက်ပင် မှ မခွာသေးဘဲ ရှိသည့်အတွက် မုချ ငါးမြစ်ချင်း ဖြစ်ရမည်ဟု တွက်ဆလိုက်၏ ။ အကြောင်းမူကား ငါးမြစ်ချင်း မှာ ဤသို့ပင် လေးလေး နှင့် မှန်မှန်သာ ကိုက်လေ့ရှိ၍ ဒိုက်ပင် တစ်ပင်တည်း ၌လည်း အချိန်အတော်ကြာအောင် နေတတ်သည် ။ ငါးကြင်း မှာမူကား အရှိန် နှင့် စီးလိုက်၍ တစ်ဖက်သို့ ကိုင်းညွတ်သွားသော ဒိုက်ပင်သည် တဆတ်ဆတ် ယိမ်းထိုးလှုပ်ရှားနေ အောင် ခပ်ပျော့ပျော့ ခပ်သွက်သွက် ကိုက်တတ်၍ ဒိုက်ပင် တစ်ပင် တည်း၌ လည်း ကြာရှည် မနေဘဲ အခြားတစ်ပင်သို့ ကူးပြောင်း သွားတတ်သည် ။

ကိုဒေါင်းစိန် ကား ချက်ကောင်း ကို ထိုးနိုင်ရန် အခွင့်ကောင်း ကို ချောင်းနေ၏ ။ ယခု အချိန်တွင် ငါး သည် သူ့ဘေး ကို သူ စိုးရွံ့သဖြင့် ရေမျက်နှာပြင် အထက်နားသို့ ရောက်အောင် တက်မစားဘဲ ဒိုက်ပင်အောက်ခြေတွင် သာ တွယ်ကပ်၍ စားလိုက် ၊ ပြန်ခွာလိုက်ဖြင့် သွေးတိုးစမ်း နေသော်လည်း အတန်ကြာသောအခါ စိတ်ချလက်ချ ဖြစ်သွားပြီး ရေအောက်မှ တစ်ဆင့် ရေမျက်နှာ ပြင်အထက်နား အထိ တက်စားပေလိမ့်မည် ။ ရေနှင့် တစ်ထွာကွာလောက် ရောက်လာလျှင် သူ ထိုးဖို့ အချက်ကောင်းဖြစ်၍ ကိုင်းညွတ်လှုပ်ယမ်းနေသော ဒိုက်ပင်ကလေး ကိုသာ မျက်ခြည်မပြတ် ကြည့်နေရ၏ ။ ငါး သည် ရေမျက်နှာပြင်အထက် ဒိုက်ပင် အဖျားပိုင်းသို့ နီးကပ်လာလေလေ ၊ သူ တွယ်ကပ်တက်စီးထားသော အလေးချိန်မှာ ပိုလာလေလေ ဖြစ်သဖြင့် ဒိုက်ပင်အဖျားမှာလည်း တစ်ဖက်သို့ ပို၍ပို၍သာ ကျလာလေလေ ဖြစ်လာလိမ့်မည် ။ ထို့ကြောင့် ဒိုက်ပင် ကိုင်းညွတ်ခြင်း ၏ အနည်းအများ ကို ကြည့်၍ ရေအောက်ရှိ ငါး၏ ရေမျက်နှာပြင်နှင့် အကွာအဝေးကို သူ ခန့်မှန်းချင့်တွက်နိုင်သည် ဖြစ်ရာ ဒိုက်ပင် အဘယ်မျှလောက် အထိ ကိုင်းညွတ် မှ ငါး သည် သူ အလိုရှိသော ရေမျက်နှာပြင် နှင့် တစ်ထွာကွာခန့် ရောက်မည်ဆိုတာကိုလည်း သူ သေချာစွာ တိုင်းထွာတွက်ချက်နိုင်ပါသည် ။ လက်တွေ့မှ တတ်သိထားသော သင်္ချာပညာ ။

သိပ်မကြာပါ ၊ ငါး သည် စိတ်ချလက်ချ ဖြစ်သွားဟန်ဖြင့် ဒိုက်ပင်အောက်ခြေမှသည် ။ ဒိုက်ပင် အဖျားပိုင်းတစ်လျှောက် တွယ်ကပ်နေသော ရေညှိကလေးများ ကို စားတက်လာပြီ ဖြစ်ရာ  ဒိုက်ပင်အဖျား မှာလည်း ညိတ်ခနဲ ညိတ်ခနဲ ဖြင့် ပို၍ပို၍သာ ကိုင်းညွတ်ကျလာ၏ ။

လျှပ်တစ်ပြက် အချိန်အတွင်း သူ သည် သတိ အနေအထားဖြင့် “ ဆောင်ပုံ ” ကို အသင့် ချိန်ရွယ်ကာ ငါးသည် သူနှင့် “ ရင်ဆိုင် ” လား ၊ “ ကုပ်ပိုး ” လား ဟုလည်း လျင်မြန်စွာ စူးစမ်းလိုက် သေး၏ ။ ဒိုက်ပင် သည် သူ့ ဘက်သို့ ကိုင်းညွတ် ကျလာခြင်းဖြစ်ရာ ငါး သည် သူ့ကို မျက်နှာမူ၍ ရင်ဆိုင်တွယ်ကပ် တက်စီးကိုက်ဖြတ်ခြင်းကြောင့်သာ ဒိုက်ပင်သည် သူ့ ဘက်သို့ ကိုင်းညွတ်လာခြင်း ဖြစ်ကြောင်း သူ သိရသည် ။ အကယ်၍ သူ့ ကို ကျောပေး၍ ( ဝါ ) နောက်ခိုင်း (ဝါ) ကုပ်ပိုး တွယ်ကပ် စားသောက်လျှင် ဒိုက်ပင်သည် သူ့ဘက်သို့ မညွတ်ဘဲ အခြားတစ်ဖက်သို့သာ ညွတ်ကျသွားပေမည် ။

ရင်ဆိုင် ထိုးရမည်ဖြစ်ကြောင်း ကွဲပြားပြီး မရှေးမနှောင်းပင် တဖြည်းဖြည်း နှင့် တိုး၍ တိုး၍ ညွတ်ကျလာသော ဒိုက်ပင်၌ စူးစိုက်ထားသော သူ့ အာရုံဝယ် ငါး သည် ရေနှင့် တစ်ထွာ ကွာခန့် ရောက်လာပြီ ဟု ထင်လာသည်နှင့် တစ်ပြိုင်နက် ငါး ၏ ဝမ်းဗိုက်တည့်တည့်လောက်ဆီသို့ မှန်းဆကာ လက်လွှတ်ထိုးချလိုက်၏ ။ သို့သော် ထိုးခါနီးမှ လှေ အနည်းငယ် လှုပ်သွားသဖြင့် ဝမ်းဗိုက်တည့်တည့် ၌ မဟုတ်ဘဲ အနည်းငယ်စောင်းသွားကာ ဝမ်းဗိုက် ကိုရှပ်၍ ထိမည်ဟု သူ့ အာရုံက ချက်ချင်းသိလိုက်၏ ။ မမှားပါ ၊ “ ဆောင်ပုံ ” လက်ကိုင်ရိုးသည် အထိ မနာသော ငါး၏ ရုန်းကန်မှုကြောင့် သွက်သွက်ခါအောင် လှုပ်ယမ်းနေသည် မဟုတ်လား ။ 

ပဲ့ကိုင်ဒီလုံး တအားကျုံး လှော်၍ “ ဆောင်ပုံ ” လက်ကိုင်ရိုး ကို လက်လှမ်းမီသည်နှင့် တစ်ပြိုင်နက် လှမ်းကိုင်ကာ ရေအောက်မြေကြီး ဆီသို့ တအား ထိုးစိုက် ဖိကပ်ထား၏ ။ သည်ငါး ကိုတော့ ချက်ကောင်း ထိသည့် ငါးကဲ့သို့ အပေါ်မှ ဆောင်ပုံကို ဆွဲဖော်ယူ၍ ဖြစ်လိမ့်မည် မဟုတ် ၊ လွတ်သွားလိမ့်မည် ။ သူ သည် ဒီလုံးကို ခေါ်ကာ ဆောင်ပုံလက်ကိုင်ရိုးကို ကိုင်ဖိထားစေပြီး သူ က ရေထဲ ဆင်းငုပ်ကာ ရုန်းကန်နေသော ငါး၏ ဇက်ကို ကိုင်ဖမ်းပြီး ငါးရော ၊ “ ဆောင်ပုံ ” ပါ ဖော်တင်လာ၏ ။ တစ်ပိဿာခန့်ရှိ ငါးမြစ်ချင်းကြီးတစ်ကောင် ... ။

နောက်ထပ် နာရီဝက်ခန့် အကြာတွင် လှုပ်ယမ်း နေသော ဒိုက်ပင် ကို တစ်ချီတွေ့ပြန်၏ ။ သည်တစ်ကြိမ် လှုပ်ယမ်းခြင်း မှာတော့ ရှေ့တိုး နောက်ငင် လှုပ်ယမ်းခြင်းမျိုး ဖြစ်ပါသည် ။ ပြီးတော့လေးလေးမှန်မှန် မဟုတ်ဘဲ သွက်သွက်ခါအောင် လှုပ်ယမ်းနေသည် ။ ဒါကို ထောက်၍ ငါးသိုင်းအုပ် ဖြစ်ကြောင်း သူသိရသည် ။ ငါးသိုင်းများ မှာ အုပ်လိုက် ချီတတ်သည်ဖြစ်၍ ဒိုက်ပင် ကိုလည်း ငါးသိုင်းအုပ် က ဝိုင်း၍ တောင် က ကိုက် ၊ မြောက်က ကိုက် ဖြင့် ဝိုင်းကိုက်သောကြောင့် ဒိုက်ပင်မှာ တောင်ယိမ်း မြောက်ယိမ်း ရှေ့တိုးနောက်ငင် နှင့် ဂနာမငြိမ်ဘဲ သွက်သွက်ခါနေရခြင်း ဖြစ်သည် ။ သည် ငါးသိုင်းအုပ်ထဲမှ လည်း ငါးသိုင်းတစ်ကောင် ကို သူ ရမိလိုက်သည် ။

ဤသည့်နောက်၌ ကား ငါးများသည် မှိန်းလန့် သွားကြပြီဖြစ်၍ မြက်ကိုက်ခြင်း မရှိတော့ဘဲ ပျောက်ကွယ်ကုန်၏ ။ ကိုဒေါင်းစိန် သည် မြက်ကိုက်ငါးထိုးဖို့ လမ်းကုန် နေပြီ ဖြစ်သဖြင့် မြက်တိုးငါး ထိုးရန် ဒီလုံး အား ကမ်းစပ်ရေတိမ်ရာ ဘက်ဆီသို့ လှော်စေ၏ ။ ရေတိမ်ရာ ကမ်းစပ်ဘက် တွင် အတန်ကြာ လူးလာခေါက်ပြန် ရှာဖွေကြည့်ရှုနေရာမှ တစ်နေရာ တွင် မြက်ပင်လှုပ်ယမ်း နေသည်ကို တွေ့၍ လှေကို တန့်ရပ်လိုက်၏ ။

ဆန်းသည် ၊ အတော့်ကိုဆန်းသည် ။ မြက်တိုးငါးများ မှာ မြက်တော ကို ဖြတ်ကျော် | တိုးဝှေ့သွားသည့် အခါ၌ မြက်သည် တစ်ဖက်တစ်ချက် ကွဲကွာသွားကာ ငါးသွားရာလမ်းကြောင်း တစ်လျှောက်လုံး လှုပ်ရှား သွားရမည်ဖြစ်သော်လည်း ယခုတော့ တစ်နေရာတည်း ကွက်၍ လေးလေးနှင့် မှန်မှန် လှုပ်ရှားနေ၏ ။ ပြီးတော့ မြက်ပင်တစ်ပင်တည်း လှုပ်ရှားခြင်း ၊ သို့မဟုတ်  ၊ မြက်ပင် လေးငါးဆယ်ပင် တကွဲတပြား လှုပ်ရှားနေခြင်းမျိုး မဟုတ်ဘဲ မြက်ပင်ဆယ်ပင်ခန့်ကို ကြိုးနှင့် စုစည်းထား သကဲ့သို့ အစည်းလိုက် ထူးဆန်းစွာ လှုပ်ရှားနေသည် ။

ဒါကိုကြည့်ပြီး ကိုဒေါင်းစိန် သည် ဟစ်၍ဟစ်၍ ရယ်လိုက်၏ ။ အားရပါးရ ရယ်လိုက်၏ ။ အူလှိုက်သည်းလှိုက် ရယ်လိုက်၏ ။ လှေပဲ့ မှ ဒီလုံး ပင် သူ့အမူအရာကို နားမလည်သလို ငေးကြည့်နေ၏ ။ အမှန်ကတော့ ကိုဒေါင်းစိန်သည် သူ့ လို ငါးထိုးဝိဇ္ဇာတစ်ယောက်ကို လှည့်စားရန် ကြံနေသော ရေအောက် မှ သက်ရှိသတ္တဝါ တစ်ကောင်အား သရော် ၍ ရယ်လိုက်ခြင်းသာ ဖြစ်သည် ။

တကယ်ဆိုတော့ မြက်ပင်များ ကို အစည်း ပြု၍ လှုပ်ယမ်းနေသော ရေအောက်မှ သတ္တဝါ သည် ငါးသတ္တဝါ မဟုတ်ဘဲ မြွေတစ်ကောင် သာလျှင် ဖြစ်သည်ကို သူ့အတွေ့အကြုံများ မှ သူ က သိထားပြီး ဖြစ်နေပါသည် ။ ထို့ကြောင့် မဟုတ်လော ၊ ရေအောက်ရှိ မြွေ သည် မည်သည့်အရာဝတ္ထု ကို မဆို လှည့်လည်ပတ်ရစ်ထားတတ်သော သူ့ဝါသနာ အတိုင်း မြက်ပင်ဆယ်ပင်ခန့် ကို စုစည်း ပတ်ရစ်ထားခြင်း အားဖြင့် မြက်ပင်များ မှာ အစည်းလိုက် လှုပ်ယမ်း နေပြီး လှုပ်ယမ်းပုံ မှာလည်း လေးလေးနှင့်မှန်မှန်သာ လှုပ်ယမ်းနေခြင်းဖြစ်သည် ။

“ ဟေ့ မင်း ကိုဖိုးငွေ ကို သာ လှည့်စားလို့ ရမယ်ကွ ။ ငါ့ ကိုတော့ မရဘူး ”

သူ က မာန လျှမ်းသော အသံဖြင့် ဝင့်ကြွားစွာ ဆိုလိုက်၏ ။ ဟုတ်သည် ။ တစ်ခါက ကိုဖိုးငွေ ဆိုသူသည် ဤအချက် ကို သတိမထားဘဲ ငါး အမှတ်ဖြင့် ထိုးလိုက်၍ ရေထဲ ငုပ်ပြီး ဆင်း ဖမ်းရာ မြွေကိုက် ၍ သေဆုံးခဲ့ရဖူး၏ ။ သို့သော် ယနေ့ သူ မာနသံ ဖြင့် ကြားနိုင်လောက်အောင် ဘေးအန္တရာယ် မှ ရှောင်ကွင်းနိုင်ခဲ့ခြင်းမှာ ကိုဖိုးငွေ အသက် ပေး၍ ပြသ သွားသော လက်တွေ့ သင်ခန်းစာ မှ ထုတ်နုတ်ယူထားလိုက်ရသော အသိတရားကြောင့်သာ ဖြစ်သည် ဆိုတာကိုတော့ သူ ရိုးသားစွာ ဝန်ခံပါမည် ။

နောက် သူ သည် ဒီလုံး ဘက်သို့လှည့်၍ သူ သဘောပေါက်သမျှ ရှင်းပြနေ၏ ။ ဘာ့ကြောင့် မြက်ပင်ကလေးများ သည် အစည်းလိုက် ဖြစ်နေရသည် ၊ ဘာ့ကြောင့် လေးလေးနှင့်မှန်မှန်သာ လှုပ်ယမ်းနေရသည် စသော အချက်များ ကို တစ်ခုစီ တစ်သတ်စီ ကျကျနန ရှင်းပြ၏ ။ အရွယ် ရောက်၍ ကိုယ့်ဝမ်း ကိုယ်ကျောင်းရသည့်အခါ အသုံးပြုနိုင်ရန် အတွက် မမေ့အောင် မှတ်သား ထားဖို့လည်း သတိပေးလိုက်သေး၏ ။

မြက်တိုးငါး ကို တစ်ကောင်မျှ မထိုးရသဖြင့် သူ နှင့် ဒီလုံးတို့သည် မယ်စိန် တို့ ငါးသံချိတ်မျှား နေရာ ဆီသို့ လှော် ထွက်ခဲ့၏ ။ မယ်စိန် တို့ မိန်းမ တစ်စု ကား ဗေဒါပင်အုပ်ကြီးများ ၏ နံဘေး၌ လှေကလေးများ ကို တွယ်ကပ်ကာ ရေပြောင် တွင် ငါးသံချိတ်မျှား နေကြ၏ ။ မယ်စိန်ကား သူ့ အလုပ်၌ သာ လုံးဝ စိတ်ဝင်စား နေသဖြင့် ကိုဒေါင်းစိန်နှင့် ဒီလုံးကိုပင် မမြင်မိဘဲ အပ် ကို ကွေး၍ ပြုလုပ်ထားသော အပ်ငါးများတွင် အစေးပေါက်အောင် နယ်ထားသော ထမင်း ၊ နုပ်နုပ်ပါအောင် စဉ်းထားသော ငါးပိ နှင့် ဖွဲနုတို့ ကို ရောပြွမ်းသမ ထားသည့် ငါးစာ ကို ချိတ်နေ၏ ။ နောက် ရေထဲ ပစ်ချလိုက်ရာငါးမျှားအထက်နားရှိ ကြိုး၌ တပ်ဆင်ထားသော ခဲသီးကလေးကြောင့် ငါးများ သည် ရေ ထဲ သို့ စုပ်ခနဲ မြုပ်သွား၏ ။ ငါးမျှားကြိုး အလယ်လောက်ဆီရှိ တပ်ထားသော ဖော့ကလေး ဆီသို့ ရောက်သောအခါ တန့်ခနဲ ရပ်သွား၍ ဖော့ကလေး သာလျှင် ပေါလောပေါ်နေ၏ ။ နောက် ဖော့ကလေး သည် ရေအောက်သို့ ညိတ်ခနဲ ညိတ်ခန် နှစ်ချက်သုံးချက် အမြုပ်တွင် မယ်စိန်သည် ငါးမျှားတံကို ဆွဲထုတ်လိုက်၏ ။ ကြိုးအဆုံးမှ အပ်ငါးမျှား ဝယ် ချိတ်လျက် ပါလာသော ငါးသံချိတ် တစ်ကောင် ။

မယ်စိန် သည် ငါးသံချိတ် ကို ဖြုတ်ပြီးသောအခါ အာရုံစူးစိုက်ရလွန်း၍ အနည်းငယ် ငြီးငွေ့ လာဟန်ဖြင့် ခေါင်းကို ဘယ်ညာ ဆတ်ခနဲ ဆတ်ခနဲ ခါလိုက်ရင်း ပတ်ဝန်းကျင် ကို အာရုံ ပြောင်းလိုက်ရာ ဤတွင်မှ ကိုဒေါင်းစိန်နှင့် ဒီလုံး ကို သွားတွေ့၏ ။

“ ဟင် ... တော်တို့ သားအဖ ဘယ်တုန်းက ဒီအနား ရောက်နေသလဲ ၊ ငါးကော ဘယ်နှကောင် ထိုးလို့ရပြီလဲ ”

မယ်စိန် ၏ အမေးကို ကိုဒေါင်းစိန် က နှုတ်ဖြင့် ပြန်မဖြေဘဲ ထိုး၍ရလာသော ငါးသုံးကောင် ကိုသာ ကိုင်မြှောက်ပြလိုက်၏ ။ နောက် သူသည် မယ်စိန်၏ လှေဝမ်းထဲမှ ငါးသံချိတ်များ ကို လှမ်းကြည့်ပြီး မယ်စိန် ၏ မျက်နှာ ကို တစ်ဖန် ပြန်ကြည့်လိုက်ကာ ..

“ ပြန်ကြစို့ မယ်စိန် ၊ နေလည်း အတော်ကျသွားပြီ ၊ ငါး လည်း အတော်ကလေး ရနေမှပဲ ”

“ အို ... ပြန်နိုင်သေးပါဘူးတော် ၊ အခုမှ ငါးမျှား လို့ ကောင်းတုန်း ရှိသေးတယ် ”

ပြောပြောဆိုဆိုနှင့် ပင် မယ်စိန် သည် ငါးမျှား ၌ ငါးစာကောက်ချိတ်ပြီး ငါးဆက်မျှား နေ သဖြင့် ကိုဒေါင်းစိန် လည်း သူ၏ အလျှော့ပေး နေကျ ထုံးစံ အတိုင်း “ အေး ဒါဖြင့်လည်း မျှားပေါ့ ကွာ ၊ တို့ စောင့်နေမယ် ၊ ကွင်း ထဲ က ထိုးငါးတွေ တော့ လန့်ဖျပ်ပြီး ပြေးကုန်လို့ တို့ အလုပ်တော့ မရှိတော့ဘူး ” ဟု ပြောကြားလိုက်၏ ။

လေငြိမ် နေသဖြင့် ကွင်းရေ မှာ လှိုင်းကြက်ခွပ်ကလေး ပင် မထဘဲ ရေသင်ဖြူး ခင်းကာ ပကတိ ငြိမ်သက် နေ၏ ။ ငါးမျှား နေသော မိန်းမ တစ်စု ၏ တစ်ယောက် နှင့် တစ်ယောက် ရောက် တတ်ရာရာ ပြောဆို နေကြသော အသံနှင့် အချို့မိန်းမများ ၏ သီချင်းဆိုသံ တို့ သည်သာ လျှင် ပတ်ဝန်းကျင် ကို လွှမ်းမိုး နေသည် ။

ကိုဒေါင်းစိန် သည် တောင်ဘက် ကောင်းကင်ဆီ သို့ မော်ကြည့်လိုက်၏ ။ ညိုမှိုင်းညစ်ကျ သော မိုးသား အစိုင်အခဲများသည် အလိပ်လိပ် ကြွတက် လာကာ မကြာမီ လေရောမိုးပါ ရွာချမည် ဟူသော အဓိပ္ပာယ်ကို ဆောင်နေ၏ ။ 

“ မယ်စိန်ရေ တောင်ထောင့် က မိုးသက်မုန်တိုင်း ဆင်လာပြီဟေ့ ... ပြန်ကြပါစို့ကွယ် ”

မယ်စိန် သည် တောင်ထောင့် ဆီ သို့ မျှော်ကြည့် လိုက်ပြီး နောက် ကိုဒေါင်းစိန် ၏ စကား ကို လက်ခံ အတည်ပြုကာ ငါးမျှား သော ကိရိယာ တန်ဆာပလာများ ကို အလျင်အမြန် ပြင်ဆင် သိမ်းဆည်း နေ၏ ။ ပြီးသောအခါ လှေ နှစ်စင်း သည် ယှဉ်၍ ရွာဘက် သို့ ဦးတည် လှော်ထွက်ခဲ့ကြ၏ ။

⎕ ကြယ်နီ ( ၁၉၅၁ )

📖 ၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment