❝ ကျေးဇူး သိတဲ့ ကြောင်ကလေး ❞
⎯⎯⎯⎯⎯⎯
စမ်းမောင်
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
ဟို ရှေးရှေးတုန်း က အင်္ဂလန်ကျွန်း မှာ စက်ပိုင်ရှင် တစ်ယောက် ရှိ သတဲ့ ။ အဲဒီ စက် က ခု စက်တွေ လို ဆီ နဲ့ မောင်း တာ မဟုတ်ဘူး ကွဲ့ ။ စက်ရုံ ကို အမြင့်ကြီး ဆောက် ထားပြီး လေရဟတ်ကြီး တပ်ဆင် ထားရတယ် ။ အဲဒီ ရဟတ်ကြီး မှာ ဒလက်ကြီး လေးခု ပါတယ် ။ အဲဒီ ဒလက် တတ် ထားတဲ့ ရဟတ်ကြီး ကို လေ တိုက် တော့ မင်းတို့ ရဲ့ စကြာကလေး တွေ လည် သလို လည် တာပေါ့ ကွယ် ။ အဲဒီလို လည်း လည် ရော စက်ကြီး ဟာ အခု အင်ဂျင်စက်များ လို လည် တာပေါ့ ။ အဲဒီလို လယ် တော့ မှ စပါး တို့ ဂျုံ တို့ ကို ကြိတ်ရတယ် ကွဲ့ ။ အေး ... အဲဒီ စက် ကို ပိုင် တဲ့ လူ ဟာ တစ်နေ့ ကျ တော့ သေသွားပါရော ကွယ် ။ သူ့ မှာ သား သုံးယောက် ရှိတယ် ။ ကျန်ရစ်ခဲ့တဲ့ ပစ္စည်း က လည်း သုံးခု ပဲ ရှိတယ် ကွဲ့ ။ တစ်ခု က အခုန က ပြောတဲ့ စက် ရယ် ။ မြည်း တစ်ကောင် ရယ် ၊ ကြောင်ကလေး တစ်ကောင် ရယ် ပဲ ကျန်ရစ်လေတော့ အမွေ ဝေဖို့ သိပ် လွယ်တာပေါ့ ။ အစ်ကို အကြီးဆုံး က စက် ကို ယူတယ် ။ အစ်ကို အလတ် က တော့ မြည်းလေး အသီးသီး ဆွဲ သွား တော့ ညီ အငယ်ဆုံးကလေး က ကြောင်ကလေး ပဲ ရတော့တာပေါ့ကွယ် ။
ညီ အငယ်ဆုံးလေး ဟာ “ အော် ... အစ်ကိုကြီး က တော့ စက် ကို ယူ သွားပြီ ။ အစ်ကို လေး က တော့ မြည်းကလေး ယူ သွားပြီ ။ သူတို့ က တော့ ဟန် လို့ ၊ အလုပ် လုပ် နိုင်တဲ့ ပစ္စည်း တွေ ချည်းပဲ ။ ငါ တော့ ဒုက္ခပါ ပဲ ဒီကြောင်ကလေး တစ်ကောင် နဲ့ ဘာ အလုပ် မှ လည်း လုပ်နိုင်မှာ မဟုတ်ဘူး ။ အေးလေ ... ကြောင် ကို သ,တ်ပြီး အရေခွံ ခွာ ပြီးတော့ အင်္ကျီ ချုပ် နိုင်ပါရဲ့ ။ ဒါပေမယ့် လည်း ကြောင် တစ်ကောင် က ရတဲ့ အရေခွံ နဲ့ ဘယ် မှာ အင်္ကျီ တစ်ထည် ရနိုင်ပါ့မလဲကွယ် ” လို့ ညည်း နေရှာ သတဲ့ ။
အဲဒီလို ညည်းသံ ကို ကြောင်ကလေး က ကြား တော့ သိပ် ကြောက် သွားတာပေါ့ကွယ် ။ ဒါနဲ့ သူ့ ရဲ့ နူးညံ့တဲ့ လက်ကလေး တွေ အသာ လှမ်း ပြီးတော့ သူ့ ရဲ့ သခင် ပေါင် ပေါ် ဖြည်းဖြည်း ကလေး တက် လာပြီး အသံ တုန်တုန်ရီရီကလေး နဲ့ “ သခင်လေး ရယ် ကျွန်တော့် ကို မသ,တ်ပါနဲ့ ခင်ဗျား ။ ကျွန်တော့် ကို မသတ်ဘဲ ထား ရင် သခင်လေး အဖို့ ကုသိုလ် လည်း ရ ၊ အကျိုး လည်း ရှိပါ လိမ့်မယ် ” လို့ တောင်းပန် ရှာ သတဲ့ ။
ဒီတင် သူ့ သခင်ကလေး က အလန့်တကြား ထ ခုန်ပြီး “ အမယ်လေး ဟယ် ... ထူးဆန်း လိုက်တာ ကြောင် က လူ စကား ပြောပါလား ” လို့ လန့်သွား ရှာ သတဲ့ ။
အတော်လေးကြာ မှ သတိရ ပြီး “ ဟေ့ ... ဟေ့ ... ကြောင်ကလေး ရေ ... နေပါဦးကွ ။ မင်း က ငါ့ ရဲ့ ဘဝ ကောင်းစားရေး အတွက် ဘယ်လိုများ လုပ်ပေး နိုင်ပါ့မလဲကွယ် ” လို့ ပြန် မေး သတဲ့ ။
ကြောင်ကလေး က “ သခင်လေး ရယ် ... တဖြည်းဖြည်း တော့ အကြောင်း သိမှာပေါ့ ။ အခု ချက်ချင်း အပေါက်ဝ မှာ ကြိုးတပ် ထားတဲ့ အိတ်ရှုံ့ တစ်လုံး ရယ် ဘွတ်ဖိနပ်ကြီး တစ်ရံ ပေးပါ ” လို့ တောင်း သတဲ့ ။ စက်ပိုင်ရှင် သားကလေး က တော့ မယုံနိုင်ဘူးပေါ့လေ ။ ဒါပေမယ့် ကြောင်ကလေး ဟာ သူ့ ရှေ့ မှာ ပဲ ကြွက် လိုက် ကောင်းတာ ကို တော့ တွေ့မြင်ရ သတဲ့ ။ ဒါပေမယ့် ကြွက် ခုတ် ကောင်းတာ ဟာ သူ့ အတွက် အသုံး မဝင်ဘူးပေါ့ ။ ဒါပေမယ့် ဘယ်တုန်း က မှ ကြောင် ဟာ လူ စကား ပြောတယ်လို့ မကြားဘူး ။ မတွေ့ဖူး တာ နဲ့ ကြောင်ကလေး တောင်း တဲ့ ပစ္စည်းတွေ ကို လွယ်လွယ် ပဲ ပေးလိုက် သတဲ့ ။
ကြောင်ကလေး ဟာ ဝမ်းသာအားရ နဲ့ ဖိနပ် စီးပြီး ကျောကုန်း ပေါ် မှာ အိတ် ကို ပိုး ပြီး လည်ပင်း မှာ အိတ်ရှုံ့ က ကြိုး ကို ပတ်ပြီး လာခဲ့တာ တဖြည်းဖြည်း နဲ့ ယုန် တွေ ပေါတဲ့ လယ်ကွင်း တွေ နား ရောက်လာ သတဲ့ ။ ယုန်တွင်း တွေ နား လည်း ရောက် ရော ကြောင်ကလေး က သူ့ မှာ ပါ လာတဲ့ နှမ်းဖတ် တို့ ၊ ပြောင်းဖူး တို့ ၊ ကန်ဇွန်းရွက် တို့ ကို ကျော ပေါ် က အိတ် ကို ချပြီး ထည့် သတဲ့ ။ ပြီးတော့ အဲဒီ အိတ် ကို ယုန်တွေ လာတဲ့ လမ်း ပေါ် မှာ အသာ ချပြီး ကြောင်ကလေး က တော့ အိတ် နား မှာ လှဲ အိပ် ပြီး အသေကောင် ယောင် ဆောင် နေ သတဲ့ ။ မကြာခင်ဘဲ ယုန်ကလေး တစ်ကောင် လာ ပြီး ဟို နမ်း ဒီ နမ်း နဲ့ အိတ် ထဲ ကိုဝင် သွားပြီး အစာ တွေ စား သတဲ့ ။ ပြီးတော့ ပျာယိပျာယာ နဲ့ ပြန် ထွက် သွား သတဲ့ ။ တော်တော်လေး ကြာတော့ ကြောင်ကလေး ပေါ် ကျော်လွှား ပြီး ဝ ပေ့ ဆိုတဲ့ ယုန်ကလေး တစ်ကောင် ဟာ ရောက်လာ သတဲ့ ။ အရင် ယုန်ကလေး လို အိတ်ကလေး လျှောက် နင်း ပြီး အိတ် ထဲလည်း ဝင်ပြီး အစာ စား ရော ကြောင်ကလေး က ဗြုန်းကနဲ ထပြီး အိတ်ရှုံ့ က ကြိုး ကို ဆွဲ လိုက်တာ ယုန်ကလေး ဟာလည်ပင်း ကြိုးကွင်း စွပ် မိပြီး သေရော တဲ့ ။
ကြောင်ကလေး က တော့ လွယ်လွယ် နဲ့ ယုန် တစ်ကောင် ရ လေ တော့ သိပ်ပြီး ဝမ်းသာ ပြီး အခုလို လုပ်နိုင် လို့ တစ်ကောင် ထဲ ဂုဏ်ယူမိ သတဲ့ ။ ပြီးတော့ မှ ယုန်သေ ကို ယူပြီး နန်းတော်ကြီး ကို သွားတယ် ။ နန်းတော်ကြီး လည်း ရောက် ရော ရှင်ဘုရင်ကြီး ရဲ့ ရှေ့တော် ကို ဝင်ပြီး ခေါင်းကလေး ငုံ့ပြီး လျှောက် သတဲ့ ။ အရှင်မင်းကြီး ရှုစားတော် မူပါ ။ ကျွန်တော်မျိုး ရဲ့ သခင် မြင့်မြတ်တဲ့ ဂုဏ်သရေရှင် မြေပိုင်ရှင်ကလေး က အရှင်မင်းကြီး ရှေ့မှောက် ရှိ ကြီးမား ဝဖြိုး လှ တဲ့ သူ ပိုင်ဆိုင်သော ယုန် တစ်ကောင် ကို လတ်လတ်ဆတ်ဆတ် ချက်ချင်း သတ်ဖြတ် ပြီး အရှင် မင်းကြီး ကို ဆက်သရန် ကျွန်တော်မျိုး ကို ခိုင်းစေ လိုက်ပါတယ် ဘုရား ” လို့ စီကာပတ်ကုံး ကြီးကြီးကြီးကျယ်ကျယ် လျှောက်ထား သတဲ့ ။
အဲဒီတော့ ဘုရင်ကြီး က ဝမ်းမြောက်ဝမ်းသာ နဲ့ ပေါ့ကွယ် ။ “ ကြောင်ကလေး ရေ မင်း လူ စကား တတ်တယ်နော် ။ မင်း ရဲ့ သခင်ကလေး ကို ပြောလိုက်ပါကွယ် ။ အခုလို ယုန်ဝဝကြီး ကို လာရောက် ဆက်သတာ ကို အများကြီး ဝမ်းသာ ကျေးဇူး တင်ပါတယ် ” လို့ ပြန်လည် မိန့်ကြား သတဲ့ ။
တစ်နေ့ကျ ပြန်တော့ ကြောင်ကလေး ဟာ ပြောင်းခင်း တစ်ခင်း ထဲ မှာ သွား ပုန်းပြီး တော့ အရင် ယုန်ကလေး ထောင် ဖမ်းတုန်း က လို အင်မတန် ကြီးမား ဝဖြိုး တဲ့ ငှက်ကြီး နှစ်ကောင် ကို ဖမ်းခဲ့ပြန် သတဲ့ ။ အရင်လို ပဲ ငှက်တွေ ထမ်းပြီး နန်းတော်ကြီး သွား ၊ ဘုရင် ကို ဆက်သပြန် တယ် ။
ဘုရင်ကြီး က ဝမ်းသာလွန်း လို့ အစေခံ တွေ ကို ကြောင်ကလေး ကို စားဖိုဆောင် ထဲ ခေါ် သွားပြီး စားစရာ သောက်စရာ တွေကျွေးပါကွယ် လို့ အမိန့် ပေးသတဲ့ ။ ကြောင်ကလေး က လည်း စားဖိုဆောင် ထဲ မှာ စားသောက်ပြီး အစေခံ တွေ ကို သူ့ ရဲ့ သခင်လေး ဟာ အင်မတန် ကျယ်ဝန်း ပြီး သိပ်ပြီး စပါး အထွက် ကောင်းတဲ့ လယ်တွေ ရှိတယ်လို့ ကြွားခဲ့ သတဲ့ ။
တစ်နေ့ကျ တော့ ဘုရင်ကြီး ဟာ ကမ္ဘာ ပေါ် မှာ အချောဆုံး အလှဆုံး ဖြစ်ပြီး သိပ်ပြီး တော့ ချစ်စရာ ကောင်း တဲ့ သမီးတော်ကလေး နဲ့ မြစ်ကမ်းပါး တစ်လျှောက် သာယာသော ခရီးလမ်း ကို ရထား စီးပြီး အပျော်ခရီး ထွက်မယ် ဆိုတဲ့ သတင်း ကို ကြောင်ကလေး က ကြားခဲ့ သတဲ့ ။
ဒါနဲ့ ကြောင်ကလေး က သူ့ သခင်လေး ကို “ သခင်လေး ခင်ဗျား ... ကျွန်တော် ပြော သလို လုပ်ပါ ။ ခင်ဗျား သူဌေး ဖြစ်ပါလိမ့်မယ် ” လို့ ပြောသတဲ့ ။ အဲဒီတော့ သူ့ သခင်ကလေး က “ အေး ... ကောင်းပြီ ... ဘာ လုပ်ရမလဲ ” လို့ မေး တော့ ကြောင်ကလေး က လွယ်လွယ်ကလေး ပါ ဗျာ ။ မြစ်ဆိပ်ကမ်း သွားပြီး ကျွန်တော် ပြတဲ့ နေရာ က ရေချိုး နေပါ ။ ကျွန်တော် တို့ ကို အဲဒီ နေရာ က စောင့် နေပါ ။ဘယ်သူ နဲ့ တွေ့တွေ့ ကျွန်တော် က အချက် မပေးဘဲ စကား မပြောပါနဲ့ ။ သခင်ကလေး ကို ကျွန်တော် တစ်ခု ပြောမယ် ။ သခင်လေး ဟာ မကြာမီ ဒီ ဆင်းရဲသား ဘဝ က လွတ်မှာပါပဲ ” လို့ ပြော သတဲ့ ။
အဲဒီတော့ ကြောင်ကလေး ရဲ့ သခင် က “ အေးပါကွာ ... မင်း လုပ်ခိုင်းတာ လုပ်ပါ့မယ် ” လို့ ပြန် ပြောတော့ ကြောင်ကလေး က အစီအစဉ်တွေ အားလုံး ပြောထား သတဲ့ ။ သူတို့ ဆရာ တပည့် လည်း မြစ်ဆိပ်ကမ်း ဘက် ကို ထွက်လာ ရော ဘုရင်ကြီး လည်း မြေရှင်ကြီး တွေ အမတ်ကြီး တွေ ခြံရံပြီး သမီးတော်ကလေး နဲ့ အတူတူ မြင်းရထား စီး ပြီး ထွက်လာသတဲ့ ။
ရထား တော်တော်ကလေး လည်း မောင်း မိ ရော “ ကယ်တော် မူကြပါဗျို့ ... ကယ်တော် မူကြပါဗျို့ ... ။ ကျွန်တော့် သခင်လေး ရေနစ် နေလို့ မြန်မြန် လာကြပါဗျို့ ” လို့ အသံ ကုန် အော်သံ ကြားရ သတဲ့ ။ ရထား ပေါ် က လူတွေ ဟာ ဟိုကြည့် ဒီကြည့် ပေါ့ လေ ... ဘုရင်ကြီး လည်း ရထား ပေါ် က ကုန်း ပြီး ကြည့် တော့ ဘာမှ မမြင်ဘူးတဲ့ ။ နောက်မှ ဘုရင်ကြီး ဆီ ကို မကြာမကြာ လာပြီး လက်ဆောင် တွေ ဆက်သလေ့ ရှိတဲ့ ကြောင်ကလေး ကို မြင် တော့ ဘုရင်ကြီး က ရေးကြီးသုတ် ပျာ နဲ့ “ ဟ ... လုပ်ကြပါဦး ဟေ့ ... ကြောင်ကလေး ရဲ့ သခင် ရေနစ် နေပြီ ” လို့ မှူးမတ်ကြီး တွေ ကို အမိန့် ပေး သတဲ့ ။
ဘုရင်ကြီး ရဲ့ မှူးမတ်ကြီး တွေ ဟာ ကြောင်ကလေး ရဲ့ သခင် ကို အမြန် သွား ဆယ်ပြီး ရထား ဆီ ယူခဲ့ သတဲ့ ။ ရထား ပေါ် ကျတော့ မှ ကြောင်ကလေး က မျက်ရည်တွေ စီးကျပြီး ဝမ်းနည်း ပန်းနည်း နဲ့ ဘုရင်ကြီး ကို “ အရှင်မင်းကြီး ဘုရား ကျွန်တော်မျိုး ရဲ့ သခင် ဟာ ရေနစ် နေတုန်း လူ မသမာ တချို့ ဟာ သခင်လေး ရဲ့ အဝတ်တွေ ခိုးပြေး ပါတယ် ဘုရား ” လို့ လျှောက်ထား သတဲ့ ။
ဘုရင်ကြီး က လည်း ဝမ်းနည်းပြီး စိတ်မကောင်း ဖြစ်ကုန်တာပေါ့ကွယ် ။ ပြီးတော့မှ “ ကြောင်ကလေး ရေ မပူပါနဲ့ကွာ ။ ဒီ ကိစ္စ ကို တရား သဖြင့် ဖြစ်ရပါစေ့မယ် ” လို့ ပြန် ပြောရှာ သတဲ့ ။ နောက်ပြီးတော့ ရထား ကို ဒီ နေရာ က ပဲပြန် လှည့်ဖို့ အမိန့် ပေး သတဲ့ ။
နန်းတော်ကြီး ပြန် ရောက်တယ် ဆိုရင် ပဲ ကြောင်ကလေး ရဲ့ သခင် ကို အဖိုးတန်ပေ့ လှပေ့ ဆိုတဲ့ အဝတ်အစား တွေ ထုတ်ပေးပြီး စားကောင်း သောက်ဖွယ် တွေ ကို လည်း တည်ခင်း ကျွေးမွေး သတဲ့ ။
စားသောက် ပြီး တော့ ကြောင်ကလေး ရဲ့သခင် က ခါတိုင်း နေ့တွေ မှာ လယ်တောတွေ လည် ကြည့် နေကျ ဟန်မျိုး နဲ့ ဘုရင်ကြီး ကို “ ကျွန်တော်မျိုး ကို ခွင့်လွှတ်ပါ ဘုရား ... လယ်တော သို့ သွားဖို့ ကိစ္စ ရှိနေပါသေးသည် ဘုရား ” လို့ လျှောက်ထား သတဲ့ ။
ဒီတော့ ဘုရင်ကြီး က အချိန် လည်း မရှိ ၊ နေမြင့် နေပြီ ။ ရထား နဲ့ သွားပါ လို့ ခွင့်ပြု သတဲ့ ။ ကြောင်ကလေး ရဲ့သခင် ဟာ လည်း ရှင်ဘုရင်ကြီး ကို အရိုအသေ ပေးပြီး ရထား ပေါ် တက် သတဲ့ ။ ဘုရင်ကြီး နဲ့ သမီးတော်ကလေး က သူ့ ရုပ်ရည် နဲ့ အဝတ်အစား ဟန်ပန် အမူအရာ ကို ကြည့်ပြီး သဘောကျ နေ သတဲ့ ။ ဘုရင်ကြီး က သဘောကျ လွန်း လို့ “ ဒို့များ မလိုက်ရဘူးလား ။ ဒို့လည်း လယ်တော တွေ သိပ် ကြည့်ချင်တာပဲ ” လို့ ပြော တော့ ကြောင်ကလေး ရဲ့ သခင်ကလေး က သိပ် ဝမ်းသာ သွားတာပေါ့ ကွယ် ။ အနား က နားထောင် နေတဲ့ ကြောင်ကလေး က တော့ “ ဟ .. ဟန်ပြီ ။ အခုမှ ငါ ဆင်ထားတဲ့ အကွက် ထဲ ဝင်ပြီ ဆိုပြီး ဝမ်းသာအားရ ရထား ရှေ့ က တအား ပြေး သွား သတဲ့ ။
ကြောင်ကလေး ဟာ အမြန်ဆုံး ပြေး လာ လိုက်တာ လူ တချို့ ကောက်ရိတ် နေ တဲ့ လယ် တစ်ကွင်း ထဲ ရောက်သွား သတဲ့ ။ ကြောင်ကလေးက အသံဩကြီး နဲ့ .. “ ဟေ့ ... လူတွေ ” လို့ ခေါ်လိုက် သတဲ့ ။ အဲဒီတော့ လူတွေ က လှည့်ကြည့် ကြတော့ ကြောင်ကလေး က ဆက်ပြီး “ ဒီမှာ ဟေ့ ... ဘုရင်ကြီး နဲ့ သမီးတော် ဟာ ရထား စီးပြီး ကြွလာကြတယ် ။ မကြာခင်ပဲ ဒီနေရာ ရောက် လိမ့်မယ် ။ အဲဒီ ရထား မှာ မင်းတို့ အခု အလုပ် လုပ် နေတဲ့ လယ်တွေ ကို ပိုင် တဲ့ မြေပိုင်ရှင်ကလေး ဟာ ပါ လိမ့်မယ် ။ အဲဒီတော့ မင်း တို့ ရိတ် ထားတဲ့ ကောက်လှိုင်း နည်းနည်း စီ ကို ယူပြီး မြှောက် ပြကြရမယ် လို့ မှာ ပစ်ခဲ့ သတဲ့ ။ ဘုရင်ကြီး ရဲ့ ရထား လည်း ရောက် လာ ရော ကောက်ရိတ်သမား တွေက ကြောင်ကလေး ပြောတဲ့ အတိုင်း လုပ် သတဲ့ ။
အဲဒီတော့ ဘုရင်ကြီး က အမယ် ဒီ လယ်တွေ မှာ ကောင်း လိုက်တဲ့ စပါးတွေ ပါလား ။ ဘယ်သူ့ လယ်တွေ လည်း မေးတော့ ကောက်ရိတ် တဲ့ လူတွေ က အရှင်ဘုရား ရဲ့ မင်္ဂလာရထား ပေါ် မှာ ပါလာတဲ့ မြင့်မြတ်သော မြေပိုင်ရှင်ကလေး ရဲ့ လယ် တွေ ပါ ဘုရား လို့ တစ်ပြိုင်နက် လျှောက်ထားကြ သတဲ့ ။ အဲဒီတော့ ဘုရင်ကြီး က ကြောင်ကလေး ရဲ့သခင် ကို မင်း မှာ ဒီလောက် ကောင်း တဲ့ လယ် တွေ ရှိတယ်နော် လို့ ပြောတော့ ကြောင်ကလေး ရဲ့ သခင် က ဘာမျှ ပြန် မပြော ဘူးတဲ့ ... ။
ကြောင်ကလေး က တော့ ရထား ရှေ့ ကို တအား အမြန်ဆုံး ပြေး ပြီး လယ် ထဲ မှာ တွေ့သမျှ လူတွေ ကို အရင်တုန်း က လိုပဲ ပြောခိုင်း ပစ် သတဲ့ ။
ဒါနဲ့ လာ လိုက်တာ နောက်ဆုံးကျတော့ ရဲတိုက်ကြီး တစ်တိုက် ဘေး ရောက် သွား သတဲ့ ။ အဲဒီ ရဲတိုက်ကြီး ကို အင်မတန် ကြောက်စရာ ကောင်းပြီး အလွန် ရက်စက် တဲ့ ဘီလူးကြီး တစ်ယောက် ပိုင် သတဲ့ ။
နောက်ပြီး ကြောင်ကလေး ရော ဘုရင်ကြီး ရထား ပါ ဖြတ် လာတဲ့ လယ်တွေ အားလုံး ဘီလူးကြီး ပိုင် သတဲ့ ။ ဘီလူးကြီး က ရက်စက်လွန်းလို့ သူ့ လူတွေ ဟာ သိပ်ပြီး ကြောက်ရ သတဲ့ ။ ကြောင်ကလေး ကို တောင် သူတို့ ရဲ့ ဘီလူးကြီး ပိုင်ပြီး သူ ခိုင်း သမျှ လိုက် လုပ် ရနေတယ်လို့ ထင် သတဲ့ ။
ဒါနဲ့ အင်မတန် ရဲရင့်တဲ့ ကြောင်ကလေး က သူ့ သခင် ပေး တဲ့ ဘွတ်ဖိနပ်သံ ပြင်းပြင်း နင်း ရဲတိုက် ထဲ ဝင်သွား သတဲ့ ။ ရဲတိုက် ထဲ ရောက် တော့ အော်ပြီး “ ရဲတိုက်ကြီးရှင် ခင်ဗျား ။ ခေတ္တ တွေ့ပါရစေ ” လို့ အော် ခေါ် သတဲ့ ။ ကြောင်ကလေး ရဲ့ အသံ လည်း ကြား ရော ဘီလူးကြီး ဟာ ထွက် လာပြီး “ ဘယ်သူလဲ ဟေ့ ... ငါ နဲ့ တွေ့ချင်တာလို့ ” အင်မတန် ကြောက်စရာ ကောင်း တဲ့ မိုး ခြိမ်းသံကြီး နဲ့ ပြန် မေး ရင်း အတွေ့ ခံ သတဲ့ ... ။
အဲဒီတော့ ကြောင်ကလေး က “ ကျွန်တော်ပါ ခင်ဗျာ ... ကျေးဇူး အများကြီး တင်ပါ တယ် ။ ဒါပေမယ့် ကျွန်တော် ကြားဖူးတာ .. ဟုတ်တယ် ... မဟုတ်ဘူး ဆိုတာ သိပါရစေ ။ ကျွန်တော် ကြားဖူးတာ က ဘီလူးကြီး ဟာ ရုပ် အမျိုးမျိုး ဖန်ဆင်း နိုင်တယ် လို့ ကြားဖူးပါတယ် ။ ဒီတော့ ခင်ဗျား ဟာ သားရဲတိရစ္ဆာန်ကြီး တွေ လို ဖန်ဆင်းနိုင်ပါသလား ။ ဥပမာ ကျားကြီး တွေ လို ခြင်္သေ့ကြီးလို ပေါ့ဗျာ ” လို့ မေးလိုက်တော့ ဘီလူးကြီး က “ အမယ်လေးကွာ ။ ဒါတွေဟာ အဆန်း မဟုတ်ပါဘူး ” ဆိုပြီး ဟက်ဟက်ပက်ပက် ရယ်မော သတဲ့ ။ ပြီးတော့မှ “ ဟေ့ ... ဒီမှာ ကြည့်စမ်း ငါ ချက်ချင်း ခြင်္သေ့ တစ်ကောင် ယောင်ဆောင် ပြမယ် ” ဆိုပြီး ချက်ချင်း ခြင်္သေ့ ဖြစ်သွား သတဲ့ ။ ခြင်္သေ့ကြီး က ပါးစပ်ကြီး ဖြဲ ဟိန်းဟောက် လုပ်နေတာ ကြောင်ကလေး မြင်တော့ လန့်သွား ရှာ သတဲ့ ။ သိပ် လန့်ပြီး ရဲတိုက်ကြီး ရဲ့အမိုးအောက် တက်ပြီး ပုန်း နေရ သတဲ့ ။
ခြင်္သေ့ကြီး ပျောက် ပြီး ဘီလူးကြီး လည်း ပြန် ပေါ်လာရော ကြောင်ကလေး ဟာ အမိုး ပေါ် က ခုန် ချပြီး “ အမယ်လေး ဗျာ ... ကြောက်စရာ ကောင်း လိုက်တာ ... အူ အသဲ ကို တုန် သွားတာပဲ ” လို့ ပြောတော့ ဘီလူးကြီး က သဘောကျ ပြီး အားရပါးရ မိုးခြိမ်းသံကြီး လို ရယ် သတဲ့ ။
ကြောင်ကလေး က “ ဒါနဲ့ဗျာ ... ခင်ဗျား လို ကိုယ် အကြီးကြီး က အကောင်ကြီးကြီး ဖန်ဆင်း နိုင်တာ သိပ် မဆန်းပါဘူး ။ ကျွန်တော် က တော့ ခင်ဗျား ဟာ အင်မတန် သေးငယ် တဲ့ ကြွက်ဝမ်းဖြူ လို ကြွက်ဖလောင်း လို တော့ ဖန်ဆင်းနိုင်မယ် မထင်ပါဘူး ” လို့ မခံချင် ဖြစ်အောင် ပြောသတဲ့ ... ။
အဲဒီတော့ ဘီလူးကြီး က စိတ်ဆိုး ပြီး တော့ “ ကြောင်ကလေး မင်း ဒီလောက် အထင် မသေးနဲ့ ကွ ။ ဟောဒီမှာ ကြည့် ” ဆိုပြီး ကြွက်ကလေး ချက်ချင်း ဖြစ်ပြီး ရဲတိုက် ကြမ်းပြင် ပေါ် မှာ ဟိုပြေး ဒီပြေး ပြေး နေ သတဲ့ ။ ကြောင်ကလေး က တော့ ဟန်ကျပြီ ။ ဒီ ဘီလူးကြီး ငါ ဆင် ထားတဲ့ ထောင်ချောက် ထဲ ကျ နေပြီ ဆိုပြီး အင်မတန် ကြွက်ခုတ် ကောင်း တဲ့ ကြောင် တစ်ကောင် ဖြစ်တဲ့ အတိုင်း ဘီလူးကြီး အယောင် ဆောင် ထားတဲ့ ကြွက် ကို အမြန်ဆုံး ခုန်အုပ်သတ် ပြီး စားပစ် လိုက် တော့ ဘီလူးကြီး သေရှာ သတဲ့ ။
အဲဒီ အချိန်မှာ ပဲ ဘုရင်ကြီး ရဲ့ ရထား လည်း ရဲတိုက် ရှေ့ ရောက်လာတယ် ။ ကြောင် ကလေး က ရထားသံ လည်း ကြား ရော ပြေးထွက် လာပြီး “ ရဲတိုက် ထဲ ကြွတော်မူကြပါ ။ နေ က လည်း မြင့် လာလို့ ခရီး လည်း အတော် ပန်းကြပါတော့မယ် ။ အား မနာကြပါနဲ့ ။ ဒီ ရဲတိုက် ဟာ ကျွန်တော်မျိုး ရဲ့ သခင် ရဲတိုက်ပါ ဘုရား ” လို့ ဘုရင်ကြီး ကို လျှောက်ထား သတဲ့ ။ ဘုရင်ကြီး က တော့ “ ဟဲ့ ... ဟဲ့ ... ဘယ့်နှယ် ဒီ ရဲတိုက်ကြီး ဟာ မင်း ရဲ့ သခင် အပိုင်နော် ” လို့ ပြောပြီး ဟိုဟိုဒီဒီ ကြည့် ရင်း ငါ တော့ ကွာ ဘယ်တုန်း က မှ ဒီလောက် လှတဲ့ ရဲတိုက် ကို မတွေ့ဖူးသေးဘူး လို့ ပြော သတဲ့ ။ ကြောင်ကလေး ရဲ့ သခင် က တော့ ဘာမျှ ဝင် မပြောဘူးတဲ့ ။ မင်းသမီးလေး ရဲ့ လက် ကို ဆွဲ ပြီး ဘုရင်ကြီး နဲ့ အတူ ဧည့်ခန်းဆောင်ကြီး ထဲ ဝင်သွား သတဲ့ ။ ဧည့်ခန်းဆောင်ကြီး ထဲ မှာ ဘီလူးကြီး စားဖို့ ပြင်ဆင် ထားတဲ့ အင်မတန် အရသာ ရှိတဲ့ စားစရာ မျိုးစုံ ကို တွေ့ ၍ စားပွဲ မှာ ထိုင်ကြ သတဲ့ ။ ဘုရင်ကြီး ဟာ လည်း ဟိုကြည့် ဒီကြည့် နဲ့ ဝမ်းသာ လွန်းလို့ မြေပိုင်ရှင်ကလေး ကို သူ့ ရဲ့ သမီးတော် နဲ့ လက်ထပ် ဖို့ တောင်းပန် သတဲ့ ။ နောက် ရက်များ မကြာခင် ပဲလက်ထပ်ပွဲ ကို ရဲတိုက်ကြီး မှာပဲ တခမ်းတနား ကျင်းပကြ သတဲ့ ။ သူတို့ ဟာ ရဲတိုက်ကြီး မှာ ဝမ်းမြောက်ဝမ်းသာ နဲ့ အသက်ထက်ဆုံး နေ သွားကြပြီး ကြောင်ကလေး ကို တော့ တကယ့် လူကုံထံ တစ်ယောက် ကို ပြုစု သလို နေ့စဉ် ပြုစုကြတဲ့ အတွက် ကြောင်ကလေး ဟာ ပင်ပန်းတကြီး နဲ့ ကြွက် ခုတ် ရအောင် မလိုက်ရတော့ဘူး တဲ့ ... ။
◾စမ်းမောင်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၉ ၊ မတ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment