❝ မြနှင်းဆီ တေးသရုပ်ဖော် ❞
လေစိမ်းတွေ တဝုန်းဝုန်း တိုက်ခတ်နေတဲ့ မယ်ဇယ်ပင်တန်း အောက်မှာ သဲလမ်းကြောင်း ပေါ်မှာ စက်ဘီးအလေးကြီး ကို မနိုင်မနင်း တွန်း ရတာ လေးလွန်းလှတယ်လို့ ဒီနေ့တော့ မြနှင်းဆီ အသေးလေးက မထင်တော့ပါဘူး ။ ဟင့်အင်း ... မြနှင်းဆီအသေးလေး မဟုတ်ပါဘူး ။ ဒီနေ့ အဖို့ တော့ မြနှင်းဆီ ပါ ။ တကယ့်ကို မြနှင်းဆီ ပါ ။ အမေ မြနှင်းဆီ မပါမှ တော့ သမီး မြနှင်းဆီအသေးလေး ဟာ မြနှင်းဆီ ဖြစ် သွားပြီပေါ့ ။ မြနှင်းဆီ ဆိုတဲ့ နာမည်လေး ဟာ ဘယ်လောက် လှတဲ့ နာမည်လေးလဲ ။ ဘယ် လောက် ကောင်းတဲ့ နာမည်လေးလဲ ။ အမေ ခေါ်သံ “ အသေးလေး ” ဆိုတဲ့ နာမည်ကြီးကတော့ သိပ် မုန်းဖို့ ကောင်းတယ် ။ သူများ တွေ ခေါ်တဲ့ “ မြနှင်းဆီ အသေးလေး ” ဆိုတာကြီး ကိုတော့ ပိုတောင်မှ မကြိုက်သေး ။ အမေ က သူ့ နာမည်လေး ကိုများ သိပ်နှမြောတာပဲ ။ သားအမိ အချင်းချင်း တောင် မပေးချင်ဘူး ။ “ မြနှင်းဆီ နာမည် ကို သမီး ကို ပေးပါ အမေရယ် ” လို့ ဘယ်လောက်ပဲ တောင်းတောင်း “ ပေးပါဘူး ” တဲ့ ။ “ ငါ သေမှ ပဲ ဒီနာမည်ကို ညည်းရမယ် ” တဲ့ ။ “ ဒီ နာမည်လေး တစ်လုံးရဖို့ ဇာတ်လောက မှာ ငါ ဘယ်လောက် ကြိုးစားခဲ့ရတယ် မှတ်လဲ ။ ညည်း နားမလည်ပါဘူး အသေးလေးရယ် ” နဲ့ လုပ်တော့တာပဲ ။ ပြီးရင် သူ ဇာတ် က တုန်းက ဝတ်တဲ့ သူ ပန်းရင့်ရောင် လက်လက် လက်လက် မင်းသမီးထဘီ ၊ အင်္ကျီတွေ ကို ထုတ် လာပြီး “ ဒီ နှင်းဆီဝတ်စုံ နဲ့ မြနှင်းဆီ စင်ပေါ်မှာ က ရင် ပရိသတ်က သိပ်ကြိုက်တာ ။ အသေးလေး ညည်း ကြည့်မလား ” နဲ့ လုပ်ဦးမယ် ။ ခေါင်းညိတ် လိုက်မိလို့ ကတော့ သွားပြီသာမှတ် ။ မမောနိုင် ၊ မပန်းနိုင် ၊ မပြီးနိုင် ၊ မစီးနိုင်အောင် ကို ကပြပါလိမ့်မယ် ။ ကြည့်ရတဲ့ သူ့ မှာ သာ အားကြီးပျင်းပြီး ထွက်ပြေးချင်လာတာ ။ ပန်းရင့်ရောင် ဇာတ်မင်းသမီးဝတ်စုံ ကို လည်း ပန်းရင့်ရောင် ၊ ဟောဒီ ကု,လားမင်းသမီး ဝတ်စုံလောက် လှတယ်လို့ မထင်ပါဘူး ။ ကြည့်ပါလား ၊ ဒီဝတ်စုံလေး ကမှ ကိုယ်ပေါ်မှာ ချပ်ချပ်ကပ်ကပ် ၊ ဘော်ကြယ်လေး တွေ ထိုးထားတဲ့ ပန်းရင့်ရောင်ဘောင်းဘီ ဒူးဖုံးလေး ကလည်း လှုပ်ရှားလို့ ကောင်းတယ် ။ အမေ့ ထိုင်မသိမ်း ထဘီကြီးလို မဟုတ်ဘူး ။ အပေါ်က ပန်းနွယ်ပန်းခက် လက်လက် လေး တွေနဲ့ ပန်းရင့်ရောင် ကု,လားမင်းသမီးအင်္ကျီ လက်ပြတ်ကိုယ်ကျပ်လေး ကလည်း ဆာရီစ ပါးပါးလေးကို ချုပ်ထားတာ ။ ကိုယ်ပေါ်မှာ ပေါ့နေတာ ပဲ ။ ကြိုက်သလောက် တွန့်တွန့်ပြီး ကလို့ ရတယ် ။ ချွေးထွက် လည်း ခဏ လေးနဲ့ ခြောက်တယ် ။ အမေကတဲ့ ဇာတ်မင်းသမီး အကထက် ဒီကု,လား မင်းသမီး အက က ပိုကလို့ လည်း ကောင်းတယ် ။ တီးလုံးကလည်း မတူ ဘူး ။ ကု,လားတီးလုံး က တအားမြူးနေတာပဲ ။ဒါကြောင့် အသေးလေး မြန်မြန် က တတ် သွားတာပေါ့ ။ အမေ့ ကို တော့ ဘယ်မီပါ့မလဲ ။ အမေ က မြ နှင်းဆီကိုး ။
အရင်ကဆို အမေ ကု,လားမင်းသမီးဝတ်စုံ နဲ့ အက ထွက်တဲ့ စက်ဘီး ဘားတန်း ပေါ်မှာ ပဲ အသေးလေး က ထိုင်လိုက်ရတာပေါ့ ။ နောက်မှ အသေးလေး လိုက် လိုက်ပြီး က တော့မှ အမေ က ကု,လားမင်းသမီးဝတ်စုံ သေးသေးလေး ချုပ်ပေးပြီး က ခိုင်းတာ ။ အခုဆို အသေးလေးက အား လုံးကျွမ်းကျင် သွားပါပြီနော် ။ မနက်ဘက် သားအမိ နှစ်ယောက် အက ထွက်တော့မယ် ဆိုရင် စက်ဘီး ကို လေ ရှိ ၊ မရှိလည်း ကြည့်တတ်ပြီး လေ မရှိရင် လေ လည်း ထိုးနိုင်ပါတယ် ။ ပြီးရင် စက်ဘီးလက်ကိုင် ရှေ့က ခြင်းလေးထဲမှာ တီးလုံးခွေ အဆင်သင့် ထည့်ပြီးသား ကက်ဆက်လေး ကို တင် ၊ စက်ဘီး နောက် ကယ်ရီယာ ပေါ်မှာ ဘက်ထရီအိုး ကို သေချာညှပ် ၊ သေချာ ကြိုးချည် ၊ ကက် ဆက်လေး ရဲ့ နောက်မှာ “ မြနှင်းဆီ တေးသရုပ် ဖော် ၊ အိန္ဒိယဇာတ်မြူး ၊ တစ်ပုဒ်ငါးဆယ် ” ဆိုတဲ့ သုံးထပ်သားမြေဖြူ ဆိုင်းဘုတ်လေးကို ထောင်ဖို့ ကို လည်း မမေ့ပါဘူး ။ ဒီနေ့ မနက် အမေ နေမ ကောင်းလို့ မိတ်ကပ်လိမ်း မပေးနိုင်တာတောင် ကိုယ့်ဘာသာ ကိုယ် လိမ်းတာ အကျ ၊ မျက်ခုံးကြား နှာရောင်ပေါ်မှာ အနီပြောက်လေး ထည့်တာ တောင်မှ လှလှလေး လုပ်တတ်လို့ အမေ တောင် အံ့ဩနေတယ် မဟုတ်လား ။ အမေ က တစ်ယောက်တည်း စိတ်မချလို့ မလွှတ်ချင် ပေမဲ့ မြနှင်းဆီ အသေးလေး က အမေ မပါတဲ့ ဒီလိုနေ့မျိုးကို ချောင်းနေ တာ အမေ မသိရော့သလား ။ ကိုယ့်စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် တကယ့်မြနှင်းဆီလုပ်ဖို့ လေ ။ ကဲ ... အခု ကိုယ် တစ်ယောက် တည်း မြနှင်းဆီ ၊ ဘယ်လောက် ပျော်ဖို့ ကောင်းလဲ ။ ကု,လားတီးလုံး တစ်ပိုင်းတစ်စ ကို ပါးစပ်ဆိုင်း တီးရင်း စက်ဘီး ကို မြန်မြန် တွန်းမိတယ် ။ ဦးပိန်တံ တားကြီးနားကို မြန်မြန် ရောက်အောင်ပေါ့ ။ အဲဒီမှာ ကျမှ ရတနာ့ဂူ ပွဲ တော်အရှိန်နဲ့ စားသောက်ဆိုင်တွေ မှာ တအားစည်နေတဲ့ လူတွေ ရှိတာ ။
“ ကု,လားမင်းသမီးလေး လာပြီဟေ့ ”
“ မြနှင်းဆီ တေးသရုပ်ဖော် လာပါဦး ”
ပရိသတ်တွေ က လည်း မလွယ်ပါလား ။ ချွေးကလေးများ သုတ်ပါရ စေဦးတော့ ။ ကလေးတွေ ဟာ သိပ်ဆိုးတာပဲ ။ တစ်ခါတည်း ဝိုင်း လာပြီး လူကို ထိဖို့ စဖို့ လုပ်ကြတော့တာပဲ ။ အမေ သာ ဆို တအား ငေါက်ထုတ်မှာ ။
“ ဟဲ့ ... ကောင်မလေး ၊ ဒီဝိုင်း က လာဦးတဲ့ ”
“ ဟုတ်ကဲ့ လာပြီ ”
အကြော်ဆိုင် က အစ်မကြီး လှမ်းခေါ်ပေးတာကိုတော့ ကောင်းကောင်း မွန်မွန် သွက်သွက်လက်လက် ဖြေရတယ် ။ တချို့ ဆိုင်တွေ ကျ သိပ်ကြည်တာ မဟုတ်ဘူး လေ ။ စားသောက်နေတဲ့ ဝိုင်းတွေ နား ကပ်သွားရင် ငေါက်ထုတ် တတ်တယ် ။
“ ကဲပါကွာ ၊ မင်းသမီးလေး က ကပြပါဦး ”
ဝိုင်းထဲက မျက်မှန်နဲ့ ဦးလေးကြီး တစ်ယောက် က အသံတိုးတိုးလေး နဲ့ ပြောတယ် ။ သူက ပြုံးနေပြီး သဘောကောင်းမယ့်ပုံ ။
“ ဘယ်လောက်ဖိုး ကရမှာ လဲရှင့် ”
“ ဟေ ... ”
ပြောပြီးမှ ကိုယ့် ဘာသာ မှားသွားမှန်း သိတယ် ။ အမေ သာ အနားရှိ လို့ ကတော့ လိမ်ဆွဲခံရပြီ ။ အမေ သင်ထားတာက “ ဘယ်နှစ်ပုဒ် ကရမှာ လဲရှင့် ” လို့ လေ ။
“ သမီး ဘယ်နှပုဒ် ကရမှာ လဲလို့ ပြောတာပါ ”
“ ဪ ... အေး ၊ အေး ၊ နှစ်ပုဒ်လောက် ကပေါ့ကွာ ”
ဦးလေးကြီး ကလည်း သဘောကောင်းပုံ ရရဲ့ သားနဲ့ ကပ်စေးနှဲလိုက် တာ ။ လေးပုဒ်လောက်များ က ခိုင်းမလားလို့ ။ နှစ်ပုဒ် ဆိုတော့ တစ်ရာ တည်းပေါ့ ။ ရှေ့ ကက်ဆက်ခြင်း ထဲ က ဘက်ထရီညှပ် နှစ်ခု ကို ဆွဲယူပြီး နောက်ကယ်ရီယာ ပေါ်က ဘက်ထရီအိုး မှာ ညှပ် ၊ ကက်ဆက်ခလုတ် ကို မနှိပ်ခင်မှာ အသေးလေး က ဦးလေးကြီးတို့ ဝိုင်းရှေ့မှာ ကု,လားမင်းသမီး ဟန်အပြည့် နဲ့ ဆလံနှစ်ခါ ပေးလိုက်တော့ တစ်ဝိုင်းလုံး က သဘော ကျ လက်ခုပ်တီးကြတယ် ။ ပြီးတာနဲ့ ကက်ဆက်ခလုတ် ကို နှိပ်လိုက် တော့ မြူးကြွတဲ့ ကု,လားဗုံသံကလေး ။ ဗုံသံကလေးနဲ့ အလိုက် အသေး လေးရဲ့ ခြေထောက်ကလေး က ဆတ်ခနဲ ဆတ်ခနဲ ရွေ့လျားတော့ ခြေချင်းဝတ် က ချူကလေးတွေ ကလည်း လိုက်ပြီး လှုပ်ရှားကုန်ကြရော ။
ဗုံသံလေး ဆုံးရင် သီချင်းက သံစုံမြူးကြွ လာပြီ ။ မြူးတာမှ အရမ်းကိုမြူး တော့တာ ။ ကလို့ လည်း သိပ်ကောင်း လာပြီ ။ တွန့်ချင် သလောက် တွန့်ပေတော့ ။ သံလက်ကောက် ရောင်စုံကလည်း အသေးလေး တွန့်ရင် တွန့်သလောက် တချွမ်ချွမ် နဲ့ ဆူညံကုန်ကြရော ။ တစ်ခုပဲ ခက် နေတာက အမေ့ လို ဗိုက်လှုပ်ပြီး မကတတ် သေးတာပဲ ။ ဗိုက်လှုပ်အက ကို အမေက သိပ် ကတတ်တာပဲ ။ ဟိုးအရင်တုန်း ကတော့ အမေ လည်း ဗိုက်လှုပ် အကရော ၊ ကု,လားမင်းသမီး အကရော မကျွမ်းပါဘူး ။ အမေ့ မှာ အလုပ် မရှိလို့ နတ်ပွဲတွေမှာ သားအမိ နှစ်ယောက် သီချင်းလိုက်ဆိုရင်း အမေ က ဇာတ်မင်းသမီး မြနှင်းဆီ ဆိုတာ သိတော့ မင်းကြီးမင်းလေး ရဲ့ နှမ ကု,လားမင်းသမီးလေး နေရာ ကနေ ဝင်ပြီး နတ်က ခိုင်းတော့ တတ် သွားတာပေါ့ ။ ကု,လားမင်းသမီးလေး ကပြီး တောင်းရင် နတ်ဆက်တဲ့ ပို က်ဆံတွေ အများကြီး ရတာပဲ ။ လူတွေက ကု,လားမင်းသမီး အက ကို ဇာ တ်မင်းသမီး အကထက် ပိုကြိုက်ကြတယ် ။ အမေက တော့ အဲဒါကို သိပ် စိတ်တိုတာပဲ ။ သူ ကု,လားက ကို မကချင်ဘူးတဲ့ ။ ဘာဖြစ်တာမှန်းလည်း မသိပါဘူး ။ အသေးလေး ကတော့ ဒီအကကို ကြိုက်မှ ကြိုက် ၊ ကြိုက်မှ ကြိုက် ။
“ ဟိုး .. ဟိုး .. ရပ်တော့ ၊ ရပ်တော့ ”
ဘာဖြစ်လို့ လဲ ၊ ဟိုမျက်မှန်နဲ့ ဦးလေးကြီး က ပဲ ။ ကတာ မကောင်းလို့ လား မသိ ။
“ ကဲ ... ရပါပြီ သမီးရယ် ။ ရပ်ပါတော့ ၊ ရပ်ပါတော့ ”
“ သမီး ကတာ မကောင်းလို့ လား ၊ ဟို .. သီချင်းက နှစ်ပုဒ်ပြည့်တော့ မှာ နည်းနည်းပဲ လိုတော့တာ ”
“ အေးပါ ၊ အေးပါ ၊ လာပါဦး သမီးလေးရယ် ။ သမီး က သိပ်ကောင်းပါ တယ် ။ ကောင်းလွန်းလို့ ဦး က ဆုပါချဦးမယ်နော် ။ ရော့ ... ”
ဦးလေးကြီး ပေးတာ ... ငါးရာတန်ကြီး ပါလား ။ ဒီလိုဆိုတော့ ဦးလေးကြီး က ကပ်စေးမနှဲဘူးဘဲ ။ ကျန်တဲ့ လူတွေ ကလည်း သဘော ကောင်းတယ်တော့ ။ တချို့ သူများ တွေ လို ငါးရာကြီး တောင် မပေးနဲ့ ၊ များ တာပေါ့တို့ ၊ နှစ်ရာ လောက် ပဲ ပေးတို့ မပြောဘူးတော့ ။
“ ဦးတို့ အားလုံး ကို ဆလံ အများကြီး ပေးပါတယ် ။ ကျေးဇူးတင်ပါတယ် ”
“ ရပါပြီ သမီးရယ် ၊ ရပါပြီ ။ သမီး အသက် ဘယ်လောက် ရှိပလဲဟင် ”
“ ဆယ့်နှစ်နှစ် ”
“ သမီး အမေကရော“
“ အမေ က သမီးလိုပဲ က တယ်လေ ။ ဒီနေ့ နေမကောင်းလို့ လိုက်မလာတာ ”
“ ဪ ... သမီး အဖေရော ”
“ အဖေ က ဆုံးပြီ ”
“ သမီးတို့ ဘယ်မှာ နေလဲ ”
“ အခုလား ၊ အခုဆို သမီးတို့ က ဟို အောက်နန်းက တဲခန်းတွေ မှာ လေ ၊ ငှားနေတာပေါ့ ။ ရတနာ့ဂူပွဲ ပြီးတော့ ပြန်မှာ ပေါ့ ”
“ သမီးတို့ က ဘယ်ကို ပြန်ရမှာ လဲ ”
“ ဟို မိတ္ထီလာ နယ်ဘက်ပေါ့ ။ ရွာ မှာ သမီးတို့ အဘွား ရှိတယ် ”
“ ဒီ ရတနာ့ဂူပွဲ မှာ ပဲ သမီးတို့ က တာလား ”
“ ဘယ်ဟုတ်မှာ လဲ ၊ သမီးတို့ က အကုန် လျှောက် က တာပေါ့ ။ ဒီကို မလာခင် တောင်ပြုံးပွဲ မှာ ကတယ်လေ ။ ပွဲ ရှိတဲ့ နေရာတွေ လိုက် ကတာ ပေါ့ ဦးရဲ့ ”
“ ဪ ... ဪ ... အေး ... ဟုတ်ပါပြီ ၊ ဟုတ်ပါပြီဗျာ ”
“ သမီး သွားလို့ ရပလား ”
“ သွား ၊ သွား ၊ သမီးသွား ၊ ရပြီ ”
“ သမီး ကြီးလာရင် ဘာလုပ်မလဲ ”
ဪ သွားတော့မယ် ဆိုခါမှ တော်တော် အမေးအမြန်း ထူတဲ့ ဦးလေးကြီး တွေ ။
“ သမီး ကြီးလာရင် ဒီလိုပဲ ကမှာ ပေါ့ ”
မေးတဲ့ ဦးလေးကြီး က မျက်လုံးကြီး ဝိုင်းပြီး ကြည့် နေတယ် ။ ဦးလေး တစ်ယောက် က “ ဒါ အကောင်းဆုံး အဖြေပဲ ” တဲ့ ။ သိပါဘူး ။ စက်ဘီးဒေါက် ကို ဖြုတ်ပြီး တစ်လှိမ့်ပဲ အားယူလှိမ့်ရသေး ၊ “ ဟေ့ မြနှင်းဆီ အသေးလေး လာဦးဟေ့ ” တဲ့ ။ သွားရော ။ လူ ကို အမောဆို့ သွားတာပဲ ။ အဲဒီ ဝိုင်း ကို သွားတောင် မသွားချင်ဘူး ။ တကယ်ပဲ ၊ ကချင်စိတ် တောင် မရှိတော့ ပါဘူး ။
••••• ••••• •••••
နတ်ဆိုင်းသံ ၊ လူမျိုးစုံသံတွေ နဲ့ ရောထွေးဆူညံ ရှုပ်ယှက်ခတ်နေတဲ့ တဲတန်းတွေ ရှေ့ အသေးလေး တစ်ယောက် စက်ဘီး ကို ဒေါက်ထောက် လိုက်တော့ နေဝင်ရီတရော တောင် ရှိတော့မယ် ။ တဲခန်း အရှည်ကြီး ထဲ က အသေးလေး တို့ နေရာလေး မှာ အမေ က စောင်လေး ခြုံပြီး စောင်းစောင်းလေး အိပ်ပျော်လို့ ။
“ အမေ ”
တဲခန်း ပေါ် မတက်ခင် စက်ဘီး ကို သော့ခတ် ရ သေးတယ် ။ သူခိုးတွေ က သိပ်ပေါတာ ။
“ ဟဲ့ .. ကောင်မလေး ပြန်လာပလား ”
လှည့်မကြည့်ဘဲ နဲ့ တောင် ဒီအသံဟာ ဘယ်သူမှန်း သိတယ် ။ “ မာမီ ငွေ ” ကြီး ပေါ့ ။ သူများ နတ်ကတော် တွေ လို နန်းပိုင် မရှိတဲ့ မြေလျှောက် နတ်ကတော်ကြီး လေ ။ ဒီ တဲခန်းမှာ အသေးလေး တို့ လို တစ်နေရာစာ ငှား နေရင်း နတ်လျှောက် ဟောတဲ့ သူပေါ့ ။ မာမီငွေကြီး က ညဘက် အတွက် ထွက်တော့မယ် ။ မိတ်ကပ်နံ့တွေ ၊ ဇွန်ပန်းနံ့တွေ က မွှေး လိုက်တာ ။
“ မာမီငွေ ၊ သမီး ဗိုက်ဆာလို့ ငှက်ပျောသီး တစ်လုံး လောက် ”
အမေ့ ဘေး မှာ အသေးလေး ထိုင်ချလိုက်တယ် ။
“ အမေ ”
“ ဟဲ့ ... နင့် အမေ ဟာ မနက် နင် ထွက် သွားကတည်းက အိပ် နေတာပဲ ။ ငါ နေ့လယ် ပြန်လာတော့လည်း အိပ်နေတာပဲ ”
မာမီငွေ့ လက်ထဲ က ငှက်ပျောသီး မည်းမည်းလေး က အသေးလေး ရင်ခွင် ထဲ ဘုတ်ခနဲ ကျလာတယ် ။
“ အမေ ... အမေ လို့ ”
“ ဟဲ့ .. ဖယ်စမ်း ကောင်မလေး ၊ ငါ စမ်းကြည့်စမ်းမယ် ။ မြနှင်းဆီ ... ဟဲ့ ... မြနှင်းဆီ ”
မာမီငွေ က အမေ့ ကို လှုပ်နှိုးတယ် ။ ပြီးတော့ အထိတ်တလန့်သံကြီး နဲ့ မာမီငွေကြီး က “ ဟဲ့ .... တစ်ကိုယ်လုံး အေးစက် နေတာပဲ ။ ကောင်မလေး .... နင့် အမေ မရှိတော့ဘူး ထင်တယ် ” တဲ့ ။
••••• ••••• •••••
လေစိမ်းတွေ ကြားထဲ က မဲဇလီပင်တန်း အောက်မှာ စက်ဘီးလေး တစ်စင်း နဲ့ မြနှင်းဆီ တစ်ယောက်တည်း ပါပဲ ။
“ မြနှင်းဆီ လာပြီဟေ့ ” တဲ့ ။
“ မြနှင်းဆီ လာပါဦး ” တဲ့ ။
မြနှင်းဆီ နားဝင် ချိုလှပါတယ် ။ ကြားချင် လှပါတယ် ။ ဒါပေမဲ့ လူတွေ က အဲလို ခေါ်လိုက်တိုင်း အမေ့ ကို လွမ်းလို့ မြနှင်းဆီ ခဏခဏ ငိုရပါတယ် အမေ ရယ် ။
◾နုနုရည် ၊ အင်းဝ ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၁၅၅
အောက်တိုဘာလ ၊ ၂၀ဝ၂ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment