Thursday, July 18, 2024

ဝရန်တာ

❝ ဝရန်တာ ❞

၁ ။

ဝရန်တာတံခါး ကို တွန်းဖွင့်လိုက်သည်နှင့် ညဉ့်သိပ်လေတို့က ကျွန်တော့် ထံသို့ သုတ်ခနဲ တိုးဝင်ရောက်ရှိလာကြသည် ။ အမှန်ဖြစ်သင့် သည်မှာ ညဉ့်နက်လေသာ ဖြစ်သော်လည်း တစ်ညလုံး တံခါးပိတ်ထား သဖြင့် ကျွန်တော်ထံ သို့ ရောက်ရှိ မလာနိုင်ကြသော ထိုလေတို့အား အပြင်ဘက်၌ ညသိပ် ခံထားရသော လေ အဖြစ်သာ ကျွန်တော် ယူဆပါ သည် ။

သို့သော် ယူဆခြင်းမှာ ယူဆခြင်းသာဖြစ်၍ အမှန်တရားမဟုတ် ။ တကယ့် အမှန်တရားမှာ ကျွန်တော့် ရှေ့ ခြေသုံးလှမ်း အကွာ၌ ဝရန်တာ လက်ရမ်း တစ်ခု ရှိနေခြင်း ဖြစ်သည် ။

အနီရောင်ဆေး လိမ်းခြယ်ထားသော ထိုဝရန်တာလက်ရန်းသည် မြေပြင်မှ ပေသုံးဆယ်ကျော် မြင့်မားသော်လည်း ၊ ဝရန်တာထက်မှ လူတစ်ယောက် ကိုတော့ သုံးပေမျှ လောက်သော မဖြစ်ညစ်ကျယ် အမြင့်ကလေး ဖြင့်သာ ကာရံထားနိုင်ပါသည် ။ ဘာပဲ ဖြစ်ဖြစ် ထိုဝရန် တာလက်ရန်းနားသို့ ချဉ်းကပ်လိုက်မည် ဆိုပါက ကိုယ့်ထက် ပေသုံး ဆယ်ကျော်နိမ့်သောအရာများအား ငုံ့ ကြည့်နိုင်မည် ဖြစ်သလို ခပ်ဝေးဝေး မှ အရာတို့ ကိုလည်း လှမ်းမျှော် ကြည့်ရှုနိုင်မည် ဖြစ်သည် ။

ထို့ပြင် စီးကရက် ကို ဖွာရှိုက်ရင်းဖြစ်စေ ၊ လေညှင်းခံရင်းဖြစ်စေ ၊ ရောက်တတ်ရာရာ တွေးတောစိတ်ကူးယဉ်နိုင်ရုံမျှမက အကယ်၍ ကလေးဆန်စွာ လွတ်လပ်လိုသည် ဆိုပါက စက္ကူအပိုင်းအစများ ၊ စက္ကူလေယာဉ်ပျံများ ကို လွှတ်ချပြီး အောက်သို့ ဝေ့ဝဲကျဆင်းသွားသော ထိုအရာများအား ငုံ့ကြည့်ပျော်ရွှင် နိုင်ပါသေးသည် ။ လုပ်မည်ဆိုလျှင် ဝရန်တာစွန်း၌ ကျွန်တော် တို့လုပ်နိုင်သော ကိစ္စများအတော် များများ ကျန်ရှိနိုင်ပါသေးသည် ။

••••• ••••• •••••

၂ ။

အစပိုင်း ကာလများ က ဝရန်တာစွန်း၌ ထွက်ရပ် ရန်ကိစ္စကို ကျွန်တော် စိတ်မဝင်စားခဲ့ ။ သို့သော် ( ခပ်တုံးတုံး ဘလိပ်ဓါး တစ်ချောင်း နှင့် မုတ်ဆိတ် ရိတ်ရသလို ) ဘဝမှာ အဆင်မပြေမှုတွေ တဖြည်း ဖြည်း များပြားလာသော အခါနှင့် ညဘက် အိပ်မပျော်သည့်ရောဂါ စွဲကပ်လာသော အခါမှာတော့ ညဉ့်နက်သန်းခေါင် ဝရန်တာ၌ တစ်ယောက်တည်း ထွက်ရပ်တတ်သည့် အလေ့အထတစ်ခုကို ကျွန် တော်ရရှိလာခဲ့သည် ။

ထို့ပြင် ကျွန်တော့်အား ဝရန်တာသို့ ပုံမှန် ထွက်ရပ် ဖြစ်စေရန် စေ့ဆော် ပေးခဲ့သည့် အခြား အကြောင်းနှစ်ခုလည်းရှိသည် ။ တစ်ခုမှာ ကျွန်တော့် အိမ်တွင်းရှိ သက်ရှိသက်မဲ့တို့အား ရှောင်ပြေးလို စိတ်ဖြစ်၏ ။ ( ဝရန်တာ၌ တစ်ယောက်တည်း ထွက်ရပ် နေရသောအချိန်သည် ၎င်းတို့နှင့် ဝေးကွာ နေနိုင်သော အချိန်ဖြစ်သလို ၊ ၎င်းတို့အား မေ့လျော့ ထားနိုင်သော အချိန်လည်း ဖြစ်သည် ။ ) ထိုအချိန်သည် တဒင်္ဂပင် ဖြစ်ပါ စေ ၊ ထိုတဒင်္ဂသည် ကျွန်တော် အတွက် ခြေလှမ်းပေါင်း များစွာ ထမ်းလာရသော ပခုံးထက်မှ အထုပ်ကိုချ၍ အမောဖြေ လိုက်ရသူ တစ်ယောက်ပမာ ပေါ့ပါးလွတ်လပ် သွားမြဲဖြစ်သည် ။

သို့သော် တစ်ခု ဝမ်းနည်းဖွယ်ကောင်းသည်မှာ ထိုပေါ့ပါး လွတ်လပ်မှု၏ နောက်ကွယ်၌ လေးလံကြပ်တည်းမှုများစွာက ကျွန်တော် ပြန်ဝင်လာမည့် အချိန်ကို အိပ်ခန်းတွင်းမှ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ ကြခြင်းဖြစ်သည် ။

လှပသေးသွယ် သလောက် အလိုလောဘ ကြီးမားသော ကျွန်တော် ၏ ဇနီး ။ ပေးနိုင်သည်ထက် အမြဲတမ်း ပိုမို တောင်းဆို တတ်ကြသော ကျွန်တော်၏ မိသားစု ။

နှစ်ပေါင်းများစွာ ကျွန်တော့် အား တဖြည်းဖြည်း မျှင်း၍ သတ်နေ ခဲ့သော ကျွန်တော် ၏ စာကြည့်စားပွဲ ။

ထိုအရာအားလုံးသည် ကျွန်တော်၏ ဝန်ထုပ်ဝန်ပိုးများဖြစ်၏ ။ ကျွန်တော်၏ နှောင်ကြိုးများ ဖြစ်၏ ။ ထို့ပြင် ကျွန်တော်၏ အမုန်း မီးလျှံများလည်း ဖြစ်၏ ။ ရှင်းရှင်းသာ ဆိုပါရစေတော့ ။

စာရေးခြင်း ဟူသည် ကော်ဖီခါးခါး တစ်ခွက် ဖျော်သလို ၊ ရှပ်အင်္ကျီ တစ်ထည် ချုပ်သလို ၊ ဆယ့်ငါးမိနစ် အမြန် လိုင်စင်ဓါတ်ပုံ တစ်ပုံ ရိုက်သလို အတတ်ပညာ ရှိရုံနှင့် လုပ်၍ရသော အလုပ်တစ်ခု မဟုတ်ပါ ။ သို့သော် ထိုအကြောင်းကို ကျွန်တော့်အိမ်တွင်းမှ သက်ရှိသက်မဲ့များ မသိကြ ။ ကျွန်တော့် ခေါင်းထဲ၌ လေးလံမှုများမှလွဲ၍ ဘာမှ မရှိကြောင်း သူတို့ မသိကြ ။

သူတို့ သိသည်မှာ နောင်အခါ ငွေစက္ကူများ အဖြစ် ပြောင်းလဲ သွားကြမည့် စာကြောင်းများ ၊ စကားလုံးများ ၊ ဝတ္ထုဇာတ်လမ်းများအား ( ရေစိုအဝတ်ကို လက်ဖြင့် ညှစ်ချသလို ) ကျွန်တော့်ထံမှ ညှစ်ယူ ရန်သာ ဖြစ်၏ ။ ကြာတော့ ကျွန်တော်သည်းမခံနိုင်တော့ဘဲ ၎င်းတို့နှင့်ဝေးရာသို့ ထွက်ပြေးတော့သည် ။ သို့သော် ကျွန်တော် အလွန်ဆုံးပြေးနိုင်သော နေရာမှာ တံခါး ပိတ်လိုက်လျှင် အိမ်မကြီးနှင့် အဆက်အသွယ်ပြတ် တောက်သွားသည့် ဝရန်တာ သို့သာဖြစ်သည် ။

ဤနည်းဖြင့် ကျွန်တော်သည် ညဥ့်နက်သန်းခေါင် ဝရန်တာ၌ ထွက်ရပ်သူ တစ်ယောက်အဖြစ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည် ။ ထို့ပြင် ကျွန်တော့်အား ဝရန်တာသို့ ပုံမှန် ထွက်ဖြစ်စေခဲ့သည် အခြားအကြောင်း တစ်ခုလည်း ရှိပါသေးသည် ။ ထိုဒုတိယအကြောင်းမှာ ညစဉ်လိုလို မီးလင်း နေခဲ့သော အခန်း တစ်ခန်းဖြစ်လေသည် ။

••••• ••••• •••••

၃ ။

အကယ်၍ ကျွန်တော် ၌ရှိသည့် ရှေးဟောင်း မှန်ပြောင်းအိုကြီး တစ်လက် ကိုသာ အသုံးမပြုဖြစ်ခဲ့လျှင် ထိုအခန်းအား ကျွန်တော်သတိပြု မိခဲ့လိမ့်မည် မဟုတ်ပါ ။

သို့သော် တိုက်ဆိုင်စွာပင် တိမ်ကင်းစင်သော ညတစ်ည၌ ကျွန်တော်သည် အဝေးကြည့်မှန်ပြောင်း တစ်လက်ကို အသုံးပြုလျက် ၊ ဟိုဟိုဒီဒီ လျှောက်ကြည့် နေခဲ့မိသည် ။ ကျွန်တော် ဦးစွာကြည့်မိသည်မှာ ကျွန်တော်တို့တိုက်ရှေ့ ခပ်လှမ်းလှမ်းရှိ ရပ်ကွက်ပန်းခြံဆီသို့ ဖြစ်သည် ။

ရေမဝသဖြင့် ညှိုးငယ်ပြုနေသော ပန်းပင်များနှင့် ရေမလို အပ်ဘဲ ကြီးပြင်းလွယ်သော မြက်ရိုင်းပင်တို့ ဖြင့်သာ အစဉ်တိတ်ဆိတ် နေတတ်သော ထိုပန်းခြံသည် နေ့လယ်နေ့ခင်း အချိန်များ၌ပင် ၊ အပန်းဖြေသူ တစ်ယောက်တစ်လေကိုမျှ မဆွဲဆောင်နိုင်ရှာပါ ။ ( သို့မဟုတ်ပါကလည်း ဤရပ်ကွက်တွင်းမှ လူများမှာ အပန်းဖြေခြင်း ဟူသော ကိစ္စထက် ပိုမိုလေးနက်သည့် ကိစ္စတို့ဖြင့် ရုန်းကန်အလုပ်ရှုပ် နေရဟန်တူ လေသည် ။ )

မည်သို့ပင်ဖြစ်စေ ၊ တစ်စုံတစ်ရာ စိတ်ဝင်စားစရာ မကောင်း သော ထိုပန်းခြံအား အတန်ကြာအောင် ကျွန်တော် ကြည့်နေခဲ့မိသည် ။

ထို့နောက် ကျွန်တော် မှန်ပြောင်း ကို ညာဘက်သို့ အနည်းငယ် ရွေ့လိုက် သောအခါ၌ အထက်တန်းကျောင်းတစ်ကျောင်း၏ ခေါင်မိုးက ကျွန်တော့်မြင်ကွင်းအတွင်းသို့ ရိပ်ခနဲ ဝင်ရောက် လာလေသည် ။ ယင်းမှ တစ်ဆင့် အုန်းလက်များ ၊ သစ်ပင်များ ၊ မီးလုံးကျွမ်း နေသော ဓါတ်တိုင်များ ၊ မကြာခဏ မီးရှူးမီးပန်းများ လွှတ်တင်၍ အသံကျယ် ကျယ်မြည်ကာ ရပ်ကွက်တွင်းမှ လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်ပစ် လေ့ရှိသော ထရန်စ်ဖော်မာတို့အား ကျော်လွန်ပြီးချိန်၌ မီးလင်း နေသော အခန်းတစ်ခန်းက ကျွန်တော့် မှန်ပြောင်း အတွင်းသို့ ဝင်ရောက်လာ ခဲ့သည် ။

ထိုအခန်း တည်ရှိရာ ကန်ထရိုက်တိုက်ကြီး မှာ မြင်ကွင်းအရ စွေစောင်းသော ဘေးတိုက် အနေအထားဖြစ်၍ တိုက်ကြီးတစ်တိုက်လုံး မည်းမှောင်နေပြီး ပဉ္စမသို့မဟုတ် ဆဋ္ဌမဖြစ်ဟန်တူသော ထိုအခန်း တစ်ခန်းသာ မီးလင်း နေခြင်းဖြစ်သည် ။ ညဘက်မီးဖွင့်အိပ်တတ်သူများရှိ ကြောင်း ကျွန်တော် သိထားသော်လည်း ထိုအခန်း၏ လင်းထိန်ပုံ ကဖြင့် တစ်ဆိတ် လွန်လွန်းလှပါသည် ။ အိမ်ရှေ့မှစ၍ အိမ်နောက်ဘေး တိုင် ရှိသမျှ နီယွန်မီးချောင်းတို့ကို ထွန်းညှိ ထားခြင်းဖြစ်သည် ။

ယခုခေတ်ကြီး၌ လျှပ်စစ်ဓါတ်အား ကို ထိုမျှအထိ.မဖြုန်းတီး သင့်ပါ ။ အကယ်၍ ဓါတ်အားပေးဌာန အပေါ် မငဲ့ညှာတောင်မှ ၎င်း၏ အိပ်ကပ်တွင်းမှ ငွေစက္ကူတို့ ကိုတော့ လေးစား သင့်ပါသည် ။ မှန်ပြောင်း မြင်ကွင်းကို ပိုမိုပြတ်သားအောင် ချိန်ညှိပြီး ပြတင်းပေါက်များမှ တစ်ဆင့် အခန်းတွင်းရှိ အရာတို့ကို မြင်နိုင်အောင် ကျွန်တော် ကြိုးစားလိုက်သည် ။ ထိုအခါမှပင် ထို အခန်း မီးလင်းနေခြင်းမှာ အမှောင်ထဲ၌ မအိပ်ရဲသဖြင့် မီးထွန်းထားခြင်း မဟုတ်ကြောင်း ကျွန်တော် သိခွင့် ရလိုက်လေသည် ။ အကြောင်းမှာ အခန်းတွင်း၌ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေသူ တစ်ယောက်ကို တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည် ။

ဤနည်းဖြင့် ကျွန်တော်၏ သန်းခေါင်ယံ စိတ်အဆာ ဖြစ်လာ မည့် အခန်းအား ရှေးဟောင်း မှန်ပြောင်းအိုကြီးတစ်လက်၏ အကူ အညီဖြင့် ကျွန်တော် ရှာဖွေတွေ့ ရှိနိုင်ခဲ့ခြင်းဖြစ်သည် ။ ထိုနေ့မှ စ၍ ညစဉ် ဆိုသလို မီးလင်း နေတတ်သည် ။ ထိုအခန်းအား ညစဉ် ရက်ဆက် ဆိုသလိုပင် မှန်ပြောင်းတစ်လက်ဖြင့် ကျွန်တော် ကြည့်ရှု ဖြစ်ခဲ့သည် ။ တစ်ခါတစ်ရံ မီးဖိုချောင် အတွင်း အလုပ်ရှုပ် နေတတ်ခြင်း ။ ( ၎င်း၏ ညဉ့်လယ်စာ တစ်ခုခု ဖန်တီးခြင်းဖြစ်မည်ဟု ကျွန်တော် ယူဆပါသည် ။ ) တစ်ခါတစ်ရံ ကျွန်တော် မမြင်သာသော နေရာ၌ ငြိမ်သက် နေတတ်ခြင်း ၊ တို့မှအပ ထိုအခန်းတွင်းရှိ တစ်စုံတစ်ယောက် သည် အများအားဖြင့် အိမ်ရှေ့မှ အိမ်နောက်ဖေးတိုင် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်၍ သာ နေတတ်လေသည် ။

လမ်းလျှောက်ခြင်းသည် ပန်းတိုင်တစ်ခုသို့ ဦးတည်ခြင်းဖြစ်၏ ။ သို့သော် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ခြင်းကတော့ ပန်းတိုင် မဲ့ခြင်း ဖြစ်သလို စိတ်ဂဏှာမငြိမ်ခြင်းလည်း ဖြစ်သည် ။ ထို့ပြင် ပစ္စက္ခတ် အခြေအနေ တို့နှင့် ကင်းကွာနေခြင်းလည်း ဖြစ်နိုင်ပါသည် ။ ဆိုလိုသည်မှာ တစ်စုံတစ်ရာ ကို တွေးတောခြင်း သို့မဟုတ် တွေဝေခြင်း ၊ သို့မဟုတ် စောင့်ဆိုင်းခြင်း ၊သို့မဟုတ်… ။ ဖြစ်နိုင်ခြေတို့မှာ အလွန် များပြားလှပါသည် ။ အဖြစ်နိုင်ဆုံးမှာ ထို တစ်စုံတစ်ယောက် သည် ကျွန်တော့်လိုပင် ညဘက် မအိပ်သူ တစ်ယောက် ဖြစ်နိုင်ခြင်းပင် ။

ဤနေရာ၌ မအိပ်ခြင်းနှင့် အိပ်မပျော် ခြင်းဟူသော ဝေါဟာရမှာ ခြားနားသလို အနက်အဓိပ္ပါယ် တို့မှာလည်း အလွန်ရှုပ်ထွေး နိုင်ပါ သည် ။ ဘာပဲဖြစ်ဖြစ် သေချာတာ တစ်ခုမှာ ကျွန်တော့်လို ညဘက် မအိပ် သူ တစ်ယောက် ရှိနေခြင်းဖြင့် ကျွန်တော့် အတွက် စိတ်ဖြေစရာတစ်ခု ရရှိနိုင်ခြင်းဖြစ်သည် ။

••••• ••••• •••••

၄ ။

မီးလင်းနေသော အခန်းတစ်ခန်းနှင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေတတ်သူ တစ်ယောက်အား ၊ မှန်ပြောင်းတစ်လက်ဖြင့် ညပေါင်းများစွာ စောင့်ကြည့်သော အလုပ်သည် အခြားသူများ အတွက် ဆိုပါက ပျင်းရိငြီးငွေ့ဖွယ် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၊ ကျွန်တော့် အတွက်တော့ စိတ်ဝင်စားဖွယ်ရာ ပြည့်နှက်နေသော အလုပ်တစ်ခု သာ ဖြစ်ပါသည် ။ ထိုထက် ပို၍ဆိုရပါမူ ထိုတစ်စုံတစ်ယောက် အား စောင့်ကြည့်နေခြင်းဖြင့် ကျွန်တော် ၏ အိပ်မပျော်နိုင်မှုကိုပင် မေ့လျော့ ထားနိုင်ပါသေးသည် ။

သို့သော် ထို တစ်စုံတစ်ယောက် မှာ ယောက်ျားလား မိန်းမလား ဝေခွဲမရနိုင်သည်ကတော့ အနည်းငယ် စိတ်ပျက်စရာ ဖြစ်ပါသည် ။ အကယ်၍ ကျွန်တော့် မှန်ပြောင်း၏ ချဲ့အားသာ ယခုထက် ပိုမိုကောင်း မွန်ခဲ့လျှင်ဖြစ်စေ ၊ သို့မဟုတ် ၎င်းသာ ဝရန်တာသို့ ထွက်လာခဲ့လျှင် ဖြစ်စေ ၊ ထို တစ်စုံတစ်ယောက် အား ကောင်းစွာ မြင်တွေ့နိုင်မည်ဖြစ်သော် လည်း ကံဆိုးသည်မှာ ကျွန်တော့် မှန်ပြောင်း က ဟောင်းနွမ်း နေသည့် အပြင် ၎င်း၏ အခန်း၌လည်း ကျွန်တော် မြင်ရသည့် ဘက်အခြမ်း၌ ဝရန်တာ တစ်ခုမှ ရှိမနေခြင်း ဖြစ်သည် ။

ထို့ကြောင့် ရက်သတ္တပတ်ပေါင်း များစွာ စောင့်ကြည့်ခဲ့သည့်တိုင် ၊ ထိုတစ်စုံတစ်ယောက် အား ယောက်ျားလား ၊ မိန်းမလားဟု ကျွန်တော် မခွဲခြားနိုင်ခဲ့သလို ၎င်း၏ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ခြင်း အပေါ်၌ လည်း ကျွန်တော် တစ်စုံတစ်ရာ အဖြေ မရှာနိုင်ခဲ့ပါ ။ တစ်ခါတစ်ရံ ၎င်းသည် ကဗျာဆရာ သော်လည်းကောင်း ၊ စာရေးဆရာ သော် လည်းကောင်း သို့တည်းမဟုတ် အတွေးအခေါ် ပညာရှင်သော်လည်း ကောင်း ဖြစ်ရမည်ဟု ကျွန်တော် ယူဆ၏ ။ အကြောင်းမှာ ခေါက်တုံ ခေါက်ပြန် လမ်းလျှောက်ခြင်း သည် စဉ်းစားတွေးခေါ်ခြင်းကို ကိုယ်စားပြုသောကြောင့် ဖြစ်သည် ။

သို့သော် တစ်ခါတစ်ရံ တော့လည်း ၎င်းအား ပြဿနာတစ်စုံ တစ်ရာနှင့် ရင်ဆိုင်ကြုံတွေ့ နေရသူ သို့မဟုတ် ကျွန်တော့် လိုပင် အလိုလောဘ ကြီးသော မိသားစုတစ်စု ကို ပိုင်ဆိုင်ပြီး ၊ ထိုမိသားစုမှ လွတ်မြောက် ထွက်ပြေးရန် နည်းလမ်းတို့ကို ရှာဖွေမတွေ့ နိုင်သူအဖြစ် ကျွန်တော် ထင်မြင်မိပြန်သည် ။ အဘယ်ကြောင့် ဆိုသော် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်ခြင်းသည် တစ်ခါတစ်ရံ တွေဝေခြင်း သဘော ကို ဆောင်သောကြောင့်ဖြစ်သည် ။

ထို့အတူ စောင့်ဆိုင်းခြင်း၏ အနက်အဓိပ္ပါယ် အဖြစ် ယူ ဆမည် ဆိုလျှင်လည်း ယူဆနိုင်ပါသေးသည် ။ ထိုသို့ ယူဆမည် ဆိုပါက ၎င်း စောင့်ဆိုင်းနေသော အရာမှာ ဘယ်လို အရာမျိုးလဲဟု ဆက်လက် စဉ်းစား ရပါလိမ့်မည် ။ ဥပမာ … ရပ်ဝေးမှ ရောက်ရှိလာမည့် ကြေးနန်း စာတစ်စောင် ၊ သို့မဟုတ် ၎င်း၏ အိမ်ထောင်ဖက် သို့မဟုတ် နှိုးစက်နာရီ တစ်လုံး၏ အော်မြည်သံ သို့မဟုတ် တံခါးခေါက်သံ တစ်ခု ။ သို့မဟုတ် ၎င်း စိုက်ပျိုးထားသည့် ပန်းပင် တစ်ပင်၏ ပန်းပွင့်ချိန် ။ သို့မဟုတ် မိတ်ဆွေ တစ်ယောက်၏ တယ်လီဖုန်း ခေါ်သံ ။

တွေးမည်ဆိုလျှင် ရှည်လျားစွာ ဆက်လက် တွေးနိုင်သော်လည်း ကျွန်တော် ၏ အတွေးတစ်ခုခု မှန်ကန်ကြောင်းကို ၎င်းမှအပ မည်သူမျှ အတည်ပြုပေး နိုင်လိမ့်မည် မဟုတ်ပါ ။ တစ်ခါတစ်ရံ တော့ ၎င်း၏ အခန်း သို့သွားရောက် မိတ်ဖွဲ့ပြီး ၎င်း၏ ပြဿနာ ကို မေးမြန်းကြည့်လျှင် ၊ သို့မဟုတ် ၎င်းနှင့် ပတ်သက်သည့် ကျွန်တော်၏ ပြဿနာကို မေးမြန်း တင်ပြကြည့်လျှင် ကောင်းမလားဟု စဉ်းစားမိသော်လည်း ထိုကိစ္စမှာ အတော်ကို ကြောင်စိစိနိုင်လှကြောင်း တွေးမိသဖြင့် ကျွန်တော် မလုပ် ဖြစ်ခဲ့ ။

ဤသို့ဖြင့် ကျွန်တော် ၏ ညများစွာသည် မှန်ပြောင်း တစ်လက်နှင့် အတူ ဝရန်တာစွန်း၌ ကုန်ဆုံးခဲ့ရသလို ၊ ၎င်းနှင့် ပတ်သက်သည့် ပဟေဠိ မှာလည်း ကျွန်တော့် ဦးနှောက်ကို တစစ်စစ် နာကျင်ကိုက်ခဲ လာစေ ခဲ့သည် ။ ( ကျွန်တော့် အား ညစဉ်ရက်ဆက် ဒုက္ခ ပေးခဲ့သော ထိုပြဿနာ သည် ထိုမျှလောက်နှင့် ရပ်တန့်ခြင်းမရှိခဲ့ ။ )

မေလ၏ လကုန်ပိုင်း ညတစ်ည၌ ကျွန်တော် အဖြေရှာ မရသည့် ပုစ္ဆာ၏ အခက်အခဲဆုံး အပိုင်းက ရုတ်တရက် ဆိုသလို ရောက်ရှိလာခဲ့သည် ။ ရုတ်တရက် ဟု သုံးနှုန်းရခြင်းမှာ ၊ ကျွန်တော် ရက်ပေါင်း တစ်ရာ ကျော် တစ်ညမပြတ် စောင့်ကြည့်ခဲ့သောအခန်းသည် ထိုညမှ စ၍ မီးမှိတ် သွားခြင်းကြောင့်ဖြစ်သည် ။ ယခင်က မီးပျက်သော ညများ၌ပင်အားဖြည့် မီးချောင်း အလင်းရောင် နှင့် လင်းထိန် နေခဲ့သော ထိုအခန်း မီးမှိတ်သွား ခြင်းကို ကျွန်တော် ဘယ်လိုမှ လက်ခံ၍ မရပါ ။ မဖြစ်နိုင်တာပဲ ။ မီးချောင်း တွေ မထွန်းဘူး ဆိုရင်တောင် မှ တစ်နေရာရာ မှာတော့ မီးလုံးတစ်ပွင့် တစ်လေ ထွန်းညှိထားမှာပါ ။

သို့သော် ကျွန်တော် မျှော်လင့်ချက်မှာ အချည်းနှီးသာလျှင်ဖြစ် သည် ။ ထိုအခန်းသည် ထိုညမှ စတင်၍ မီးပြန်လင်းလာခြင်း မရှိတော့ ။ ကျွန်တော် ကတော့ ထိုအဖြစ်အပျက်ကို မယုံကြည်နိုင်အောင် ဖြစ်နေမိ လေသည် ။

တကယ်တော့ မီးလင်း နေသော အခန်းတစ်ခန်း ၏ ပဟေဠိသည် ထိုအခန်း မီးမှိတ်သွားသည်နှင့် နိဂုံးချုပ်သွားသင့်သော်လည်း ၊ လက်တွေ့ မှာတော့ ထိုအချိန်မှသာ လေးနက်စွာ အစပျိုးလာခဲ့ခြင်း ဖြစ်သည် ။ နောက်ထပ် ည အတော်များများအား ထိုအခန်းမီးပြန် လင်းလာနိုးဖြင့် ဇွဲကောင်းစွာ စောင့်ကြည့်ခဲ့သည့်တိုင် မီးမလင်းမှန်း သေချာလာသော အခါမှာတော့ ထိုအခန်း ရှိရာ လမ်းဆီသို့ ကျွန်တော် ရောက်ရှိ သွားလေတော့သည် ။

••••• ••••• •••••

၅ ။

ကျွန်တော့် ဝရန်တာမှ ဆိုပါက ထိုအခန်း ရှိရာသို့ မျက်စိမှိတ်၍ပင် မလွှဲတမ်း ခန့်မှန်းနိုင်ခဲ့သော်လည်း ၊ တကယ့်တကယ် ထိုလမ်းတွင်းသို့ ရောက်ရှိ သွားချိန်မှာတော့ ကျွန်တော် ထိုအခန်းအား တွေ့ အောင် မရှာဖွေနိုင်ခဲ့ပါ ။

လမ်းအနေအထား နှင့် တူညီမြင့်မားသော တိုက်ကြီးများ က ကျွန်တော့်အား မျက်စိ လည်စေခဲ့သလို ၊ ထိုအခန်းသည် ပဉ္စမထပ်လား ၊ ဆဋ္ဌမထပ်လား မသဲကွဲသည် ကလည်း ကျွန်တော့်စိတ်ကို ဇဝေဇဝါ ဖြစ်စေခဲ့သည် ။ နောက်ဆုံးတော့ ထိုလမ်းတွင်းမှ လူအချို့၏ အကူ အညီကို ကျွန်တော် ယူရတော့သည် ။

“ တဆိတ်ဗျာ ။ ဒီလမ်းထဲမှာ အရင်တုန်းက မီးလင်း နေတဲ့ အခန်း တစ်ခန်း ရှိခဲ့ဖူးတယ် မဟုတ်လား ။ အဲဒါ ဘယ်အခန်းလဲ ဆိုတာ ကျေးဇူး ပြုပြီး ကျွန်တော့်ကို လမ်းညွှန်ပါ ”

ကြောင်စိစိ နိုင်လှသော ကျွန်တော့် မေးခွန်းအား တုံ့ပြန်ကြပုံက ကျွန်တော့်ကို ကြောင်စိစိအကြည့်ဖြင့် ပြန်ကြည့်ကြခြင်းပင် ဖြစ်သည် ။ ကြာတော့ ကျွန်တော် ၏ ရှာပုံတော် ဖွင့်ခြင်းကိစ္စအား လက်လျော့ကာ ၊ ကျွန်တော် ၏ဝရန်တာနှင့် မှန်ပြောင်း ကိုသာ ပြန်လည် အားကိုးရ လေတော့သည် ။ သို့သော် ကျွန်တော် ၏ ဇွဲနပဲကြီးမှု အတွက် မည်သည့် ဘုရားသခင်ကမှ ကောင်းချီးမပေးကြ ။ မည်သို့ပင်ဖြစ်စေ ၊ ကျွန်တော် ကတော့ တော်တော်နှင့် စိတ်မလျှော့ခဲ့ ။ မီးလင်း နေသော အခန်းမှ တစ်စုံတစ်ယောက် သည် ခရီးရက်ရှည် ထွက်သွားခြင်း ဖြစ်မည် ဟူသော အတွေးနှင့် နောက်ထပ် ညပေါင်းများစွာ ၊ နောက်ထပ် ရက်သတ္တ ပတ်ပေါင်းများစွာ ကျွန်တော် ပဟေဠိဖြစ်ခဲ့သော ထိုအခန်းအား ဆက်လက် ကြည့်ရှုခဲ့၏ ။ သို့သော် ထိုအခန်းသည် ယနေ့ တိုင်အောင် မီးပြန်လင်းလာခြင်း မရှိတော့ ။

••••• ••••• •••••

၆ ။

ဝရန်တာတံခါး ကို တွန်းဖွင့် လိုက်သည်နှင့် ညဉ့်သိပ်လေ တို့က ကျွန်တော့် ထံသို့ တိုးဝင် ရောက်ရှိ လာကြသည် ။ ကျင့်သားရ နေသော မျက်လုံးတို့က ယခင်က မီးလင်းခဲ့ဖူးပြီ ၊ ယခု မီးမလင်းတော့ပြီ ဖြစ်သော အခန်းဆီသို့ ဖျတ်ခနဲ ဆိုသလို ရောက်ရှိသွားကြ၏ ။ သို့သော် ကျွန်တော် လက်ထဲမှာတော့ မည်သည့် မှန်ပြောင်းမှ မပါရှိ ။

ရှေးဟောင်းမှန်ပြောင်း အိုကြီး တစ်လက်နှင့် ထိုအခန်းအား စောင့်ကြည့်သော ကိစ္စကို ကျွန်တော် စွန့်လွှတ်ခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည် ။ သို့သော် ညစဉ်မပျက် ဝရန်တာသို့ ထွက်သော ကိစ္စကိုတော့ ကျွန်တော် မစွန့်လွှတ်ခဲ့ပါ ။ ညတိုင်းလိုလို ဝရန်တာသို့ ထွက်၍ ကျွန်တော် ၏ အိပ်မပျော်သော ညများအား ၊ ကျွန်တော် သိချင် နေခဲ့သော မေး ခွန်းတို့ကို ကိုယ့်ဘာသာ ကိုယ် အဖြေ ရှာရင်း ကုန်ဆုံးစေမြဲ ဖြစ်သည် ။

မေးခွန်း နှစ်ခုမှာ မီးလင်းခဲ့ဖူးသော အခန်းအား သွားရှာစဉ် ထိုလမ်းတွင်းမှ လူများအား မေးချင်ခဲ့သော မေးခွန်း ဖြစ်သည် ။ ထိုမေးခွန်း တို့မှာ “ ပြီးခဲ့တဲ့ ရက်တွေတုန်းက ဒီလမ်းထဲက အိမ်ပြောင်း သွားတဲ့ အခန်း တစ်ခန်း ရှိသလား ။ ” ဒါမှမဟုတ် “ ထူးထူးဆန်းဆန်း အဖြစ် အပျက်တစ်ခု ၊ အသုဘနာရေး တစ်ခုခု ဖြစ်ပျက်ခဲ့ဖူးသလား ” ဟူသည့်
မေးခွန်း ဖြစ်သည် ။

ထိုမေးခွန်းတို့ အပြင် နောက်ထပ် ကျွန်တော် သိချင်နေသေးသည့် မေးခွန်း တစ်ခုလည်း ရှိပါသေးသည် ။ ယင်းမှာ မီးလင်းခဲ့ဖူးသော အခန်း၏ ကျွန်တော် မမြင်ရသော အပိုင်း၌ ဝရန်တာတစ်ခု ရှိခဲ့သလား ဟူ သည့်မေးခွန်းဖြစ်သည် ။ သို့သော် မေးခွန်းမှာ မေးခွန်း သာဖြစ်၍ အမှန်တရား မဟုတ်ပါ ။ တကယ့် အမှန်တရားမှာ ကျွန်တော့် ရှေ့၌ အနီရောင်လက်ရန်း ကာရံထားသည့် ဝရန်တာ တစ်ခု ရှိနေခြင်း
ဖြစ်သည် ။

အခန်းတွင်း မှ ဇနီးသည် ၏ သွားကြိတ်သံ ၊ မိသားစုဝင် တို့၏ ဟောက်သံများနှင့် ဝေးကွာရန် ဝရန်တာတံခါး ကို ကျွန်တော် ညင်သာ စွာ ပြန်ပိတ် လိုက်၏ ။ ထို့နောက် လွန်ခဲ့သည့် ရက်အနည်း မှစ၍ ကျွန်တော့် ၌ စွဲကပ်လာခဲ့သည့် အကျင့်တစ်ခု ကို စတင်အကောင် အထည် ဖော်လိုက်သည် ။

ယင်းမှာ မိုးလင်းသည့် အထိ ဝရန်တာ၌ ခေါက်တုံ ့ခေါက်ပြန် လမ်းလျှောက်ခြင်း ဖြစ်သည် ။

••••• ••••• •••••

၇ ။

လုပ်မည်ဆိုလျှင် ဝရန်တာ၌ ကျွန်တော်တို့ လုပ်နိုင်သော ကိစ္စရပ်အတော်များများ ကျန်ရှိနိုင်ပါသေးသည် ။

( အိပ်မပျော်သော ညတစ်ညသို့ ... )

⎕ နေနော်

📖 နှောင်ကြိုး တစ်မျှင်

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment