Showing posts with label ဂျာနယ်ကျော်မမလေး. Show all posts
Showing posts with label ဂျာနယ်ကျော်မမလေး. Show all posts

Monday, June 29, 2026

သည်မိုး


❝ သည်မိုး ❞
( ဂျာနယ်ကျော်မမလေး )

လေသည်လည်း တိုး၍ တိုး၍သာ တိုက်၏ ။ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း အပြင်းအထန် တိုက်လိုက်ပြီးနောက် မိုးသက်မိုးစက်ပါ လေထဲတွင် ရောနှောပါလာလေ၏ ။

ညအချိန် ဖြစ်၍ အမှောင်ဓာတ် အုပ်ဆိုင်းဖုံးလွှမ်းထားမှုကြောင့် အမှုမဲ့အမှတ်မဲ့သော် ဘာကိုမျှ မြင်နိုင်မည် မဟုတ်သော်လည်း တစ်ချက်တစ်ချက် မှိတ်တုတ် ၊ မှိတ်တုတ် တောက်နေသည့် မီးရောင်ကလေး ထွက်လာ၍သာ လူနေတဲကလေး ဖြစ်မှန်း သိနိုင်တော့၏ ။

ထိုအတွင်း ဝင်းခနဲ ၊ ဝင်းခနဲ လျှပ်စစ်လက်လိုက်ပြီးလျှင် နားကွဲမတတ် ထစ်ချုန်းလိုက်သည့် မိုးကြိုးသံကြီး ပဲ့တင်ရိုက်ဟီးသွားလျက် မိုးကောင်းကင်မှ မိုးရေများ တဝေါဝေါ သွန်ချလိုက်လေ၏ ။

မိုးနှင့် အတူလိုက်၍ မွေ့ထိုးတိုက်ခတ်နေသည့် လေအရှိန်သည် မှေးမှိန်အားနည်းလှသည့် ရေနံချေးမီးအုန်းမှုတ်ခွက်ကလေးကို မှိတ်တုတ်မှိတ်တုတ် တောက်နေရာ ဘဝမှ လုံးဝမှောင်အတိ ကျသွားအောင် ပတ်ချာလည် လှည့်တိုက် ငြိမ်းသတ်နေသဖြင့် နှင်းဥမှာ မီးမငြိမ်းအောင် အမျိုးမျိုး ကွယ်ကာ၍ နေရရှာ၏ ။

ရေနံဆီပုံးအဖုံး သွပ်ပြားအပဲ့ကလေးကို မိမိ လက်နှစ်ဖက်နှင့် မြဲမြဲဆုပ်ကိုင်ကာ ငြိမ်းလုငြိမ်းလု ဖြစ်နေသည့် မီးခွက်ကလေးကို ဟိုဘက်လှည့်ကာ ၊ ဒီဘက်လှည့်ကာနှင့် မီးတောက် မသေအောင် ကာပေးနေလေ၏  ။

လူလုံးနှင့် ကွယ်လိုက် ၊ သွပ်ပြားနှင့် ကာလိုက် လုပ်နေသော်လည်း မိမိတို့ နေရသည့် တဲကလေးမှာ ဝါးလုံး လေးငါးတိုင် နှင့် ကဲလား မရှိ ၊ ကွက်တိကွက်ကြား သက်ငယ်မိုး ၊ သက်ငယ်ကာထားသည့် တဲကလေး ဖြစ်ရကား လေပြင်းသဖြင့် နဲ့ယိုင်၍ ကျိုးကျိုးချွတ်ချွတ် အသံပင် ထွက်လာနေသည့်အတွက် မီးသေရုံတွင် မကဘဲ တဲလုံးပါ ကျွတ်ထွက်သွားကာ အတွင်းရှိ မိမိတို့ သားအမိပါ မိုးရေထဲတွင် မျောသွားရတော့မည် ကဲ့သို့ ထင်ရလေ၏  ။

မိုးနှင့် လေတို့၏ အအေးဓာတ်ကား ထဘီရင်ရှားနှင့် မီးကို ဆောင့်ကြောင့် ထိုင်ကာ နေရသော မိမိအားပင် ခိုက်ခိုက်တုန်နေအောင် ချမ်းအေးလှသဖြင့် တဲထောင့်တွင် ခွေလဲနေသည့် ဒုက္ခိတ ဂီလာန အမေအိုအား သနားလှ၍ “ အမေရေ ၊ ထဘီကိုလုံလုံခြုံထား ” ဟု ဟစ်အော်လိုက်လေ၏ ။ ဤအသံမှာ နှစ် ကြိမ်ဆင့်၍ ပစ်လိုက်သည့် မိုးကြိုးသံကြားတွင် သဲ့သဲ့လေးမျှသာ ကြားနိုင်လေ၏ ။

တအုန်းအုန်း ရွာချနေသည့် မိုးလည်း ပိုမိုသည်းထန်လာသည်ထက် သည်းထန်လာလေ၏ ။ လေသည် တိုးဝှေ့၍ ပြင်းထန်သထက် ပြင်းထန်တိုက်ခတ်လိုက်လေ၏ ။

နှင်းဥသည် ငုတ်တုတ်ထိုင်ကာ နေရာမှ ငိုင်ကျသွားလေ၏ ။ ဘာကိုမျှ မမြင်ရတော့ပေ ။ မိုးသံ ၊ လေသံ တအုန်းအုန်း ၊ တဗြုန်းဗြုန်း ရောပြွန်းသော အသံထုကြီးသာ ကြားရ၍ မှောင်ကြီးထဲတွင် အားစိုက်ကြည့်သော်လည်း မည်သည့် သဏ္ဍာန်မျှ မမြင်ရချေ ။

လောကဓာတ် ပတ်ဝန်းကျင်ကို တစ်ကွက်မျှ မမြင်ရနိုင်သော် လည်း ၎င်း၏ ဘဝကိုကား မှောင်ထဲတွင် ဖောက်ထွင်းမြင်လျက်နေ၏ ။ စောစောက မီးရောင်ကလေးသာ ရှိလျှင် မြေပြင်တွင် မိုးရေတွေ တသွင်သွင် စီးကျနေသကဲ့သို့ သူ့ ပါးပြင်တွင် ဖြိုင်ဖြိုင် စီးဆင်းနေသည့် မျက်ရည်များကို မြင်နိုင်ရာ၏ ။

ညနေက ကောက်စိုက်အပြန် လယ်ကန်သင်းတွေ ဖြတ်ကျော်၍ လယ်နှင့် တစ်ခေါ်လောက်တွင် ရှိသည့် သပြေပင်ရွာကလေးကို သုတ်ခြေတင် သွားခဲ့၏ ။ ကောက်စိုက်မ ဘုတိုက “ ရွာမှာ အဝတ်တွေ ဝေနေတယ် ကြားတယ် ။ ညည်းတို့မှာ လဲစရာမှ မရှိတာ သွားတောင်းပါလားအေ့ ။ အင်္ဂလိပ် ပြန်လာလို့ သူကြီးတွေကို အဝတ်တွေ ဝေရအောင် ပို့လိုက်တယ် ဆိုလား ။ သေသေချာချာတော့ မသိဘူး ။ သွားတောင်းရင် ရတယ် ပြောတယ် ။ ငါ့ထဘီပေါက်က လှည့်ဝတ်လို့ မရအောင် ဖြစ်နေလို့ မသွားဝံ့ဘူး ။ ညည်း သွားရင် ရှိခိုးပါရဲ့ နှင်းဥရယ် ။ ငါ့ဖို့ပါ တောင်းခဲ့ပါ ... ” ဟု သတင်းပေးလိုက်၍ ရလိုရငြား ဝမ်းသာအားရနှင့် ကတိုက်ကရိုက် သုတ်ခြေတင်ခဲ့လေ၏ ။ နေကလေး ညိုလာ၍ ရွာမြောက်ဖျား ကွင်းသို့ ပြန်ရမည် အတွက် မှောင်မည် စိုးသဖြင့် သုတ်ခြေတင် လျှောက်နေရာမှ ဒုန်းစိုင်းပြေးလေ၏ ။

ရေဝင်နေသည့် ထဘီကြမ်းမှာ လူတစ်ယောက် ကုန်းပိုးပြေးရသကဲ့သို့ လေးလံလှ၍ ပြေးရင်းပင် မောဟိုက်နေလေ၏ ။ ရွာစပ်သို့ရောက်လျှင် အပေါ်အင်္ကျီ မပါဘဲ ထဘီရင်ရှားနှင့် ဖြစ်နေ၍ ရွာ သို့ ဝင်ရန် ရှက်မိလေ၏ ။

ဖခင် ရှိစဉ်တုန်းက ချောင်လည်ခဲ့၍ အဝတ်ထည်လဲ ထားနိုင်ကာ ဝတ်စားနေလာသည့် အတွက် ယခုသော် ကိုယ်တစ်ပိုင်းဖော်ထားရခြင်းကြောင့် မိမိ ရွာပင် မိမိ မဝင်ရဲအောင် လိပ်ပြာလှန့်၍ နေ၏ ။ ယောက်ျားဖော် ၊ မိန်းမဖော် သူငယ်ချင်းများ လည်း ရှိ၏ ။ ယခုတစ်ခေါက် အင်္ကျီလေးမှ ဝတ်မလာနိုင်ရပါလားဟု ဝမ်းနည်းသွားမိ၏ ။ ဂျပန်တစ်ခေတ်လုံး ရွာထဲသို့ လာလျှင် ဝတ်ခဲ့၍ တဲပြန်ရောက်လျှင် ချွတ်ထားရသည့် ဖျဉ်ကြမ်းအင်္ကျီမှာလည်း ပြဲရာစုတ်ရာက အစိတ်စိတ်အမွှာမွှာကွဲသွားပြီး လက်နှီးဘဝသို့ ရောက်၍ နေသဖြင့် မဝတ်ခဲ့ရတော့ချေ ။

နှင်းဥသည် ဆောင်ထားသည့် ခမောက်ကို မျက်နှာပေါ်သို့ ခပ်ငိုက်ငိုက် ဆွဲချပြီးနောက် အုတ်လမ်းမသာလျှင် ငုံ့စိုက်ကြည့်ပြီး ရွာထဲသို့ လျှောက်လာခဲ့၏ ။ ရှင်လောင်းလှည့်စဉ် တစ်ခါတုန်းက မော်လမြိုင် ရှေ့ထိုးဖိနပ်ကလေး စီး၍ ဤအုတ်လမ်းမပေါ်၌ လျှောက်ခဲ့ရဖူးသည်တို့ကို ပြန်၍ သတိရလာလေ၏ ။ ယခုဘဝနှင့် ယခင်ဘဝကို အနေအထိုင် အဝတ်အစားအမျိုးမျိုးတို့နှင့် ချိန်ထိုး၍ လျှောက်လာနေရာမှ ‘ နှင်းဥ ... နှင်းဥ ’ ဟု ဟစ်ခေါ်သံ ကြားသဖြင့် ကိုယ်ရှိန်သတ်ကာ နောက်သို့ လည်ပြန်လှည့်ကြည့်လိုက်၏ ။

လက်ကိုင်ပဝါပြာကလေးကို ခေါင်းစည်းထားလျက် လက်နှစ် ဖက်က ပုဆိုးအောက်နားစကို လှန်ကိုင်ကာ ဈေးဆိုင်အိမ်ကလေး ရှေ့တွင် ဗွက်ရှောင်ရင်း တုံးတွေကို ခနော်ခနဲ့ကျော်နင်း၍ ပြေးလာသော သူကို တွေ့ရလေ၏ ။

နှင်းဥကား မည်သူမည်ဝါ မမှတ်မိပေ ။

“ တူပါတယ်လို့ အတင်းခေါ်နေတယ် ။ နှင်းဥရယ် ။ အခု ဘယ်လဲ ”

“ ဪ .. ကိုညို လူထွက်လာပြီလား ”

“ အေး .. ခဏထွက်လာတာ ၊ ဆရာတော် က အခုတစ်ဝါ ပြန်ဆိုရဦးမယ် ဆိုလို့ မြို့ ပြန်ရဦးမယ် ။ အခု ဘယ်လဲ ၊ ဘယ်နေသလဲ ”

နှင်းဥသည် မေးခွန်းနှစ်ခွန်းစလုံးပင် တစ်ခုမှ မဖြေချင်ပေ ။ ကိုညို ရှင်ပြုပြီး ငါးနှစ်လောက် ကွဲသွားကြ၍ ယခု မိမိဘဝ ပြောင်းသွားပုံကို နည်းနည်းမှ မသိသချင်ပေ ။

“ ပြောပါဦးဟ ၊ ဘယ်လဲ နင့် ကြည့်ရတာ စိတ်မကောင်းလိုက်တာ ။ တစ်နေ့ကမှ ရွာရောက်လို့ နင်တို့အကြောင်း သိရတယ် ။ ခု ဘယ်ကိုလဲ ”

“ ဪ .. ဟိုနားတင် ”

“ ဘယ်သူ့အိမ်လဲ ၊ လာလေ သွားမယ် ”

“ ဟို ... ”

“ အင်း ... ”

“ ဟိုလေ သူကြီးအိမ် ”

“ သူကြီးအိမ် ဘာလုပ်တုန်းဟ ”

ကိုညိုက ရှေးကကဲ့သို့ မိမိအား ရင်းရင်းနှီးနှီး ချစ်ခင်လျက်ရှိသေးသည်ကို တွေ့ရ၍ မျက်ရည် မကျမိအောင် မနည်းပင် ချုပ်တည်းထားရလေ၏ ။

“ သူကြီးအိမ် ဘာသွားလုပ်ရမှာတုန်း နှင်းဥရဲ့ ”

“ ကိုညို မကြားဘူးလား ။ အဝတ် ဝေနေတယ်လို့ ဘုတိုကောက်စိုက်ရင်း ပြောလိုက်လို့ ၊ အခု လာပြီး တောင်းမလို့ ”

“ တောင်းမလို့ ၊ နှင်းဥ နင် တောင်းမလို့လား ။ အလကားပေးတာ မဟုတ်ဘူးဟ ။ အစိုးရက အလကားဝေတာ မဟုတ်ဘူး ။ ရချင်တဲ့ လူမှ ရတာ ။ ရွာထဲက လူတွေတောင် အကုန်မရပါဘူး ။ နင့်နှယ် မသိရအောင် ဘယ်နေလို့လဲ နှင်းဥရယ် ။ ဟိုမြောက်ဖျားမှာလား ”

နှင်းဥသည် တွေတွေလေး နားထောင်နေရာမှ ခေါင်းညိတ်ပြလိုက်၏ ။

မောကြီးပန်းကြီး ပြေးလာခဲ့ရ၍ ကြားရသည့် စကားကြောင့် ဆို့သွားသဖြင့် စကားနှင့်ပင် မဖြေလိုက်နိုင်ပေ ။

“ သန်ဘက်ခါ ငါ သရက်တောကျောင်းတိုက်ကို ပြန်မယ် ။ မြို့ ရောက်တော့ ဈေးကြီးမှာ အင်္ကျီတစ်ထည် ၊ လုံချည်တစ်ထည် ငါဝယ်ပြီး လူကြုံ ပေးလိုက်မယ် ။ ဆက်ဆက် ပေးလိုက်မယ် ။ မြို့ မှာ အခုအဝတ်အထည်တွေ အားကြီးပဲ ။ ရောက်လာကုန်ပြီ ။ မျှော်သာနေနော် ”

“ နေပါစေ ကိုညိုရယ် ”

“ ဘယ်က နေပါစေလဲ ။ နင့်ဖို့ အဝတ် ဝယ်မလာမိတာ ။ ခုဖြင့် နင့်တွေ့ရတာ နည်းနည်း မှ စိတ်မကောင်းဘူး ။ ဒီလောက် ဖြစ်နေမှန်းသိရရင် ငါဝယ်ခဲ့မှာပဲ ။ ကဲလေ မိုးချုပ်လိမ့်မယ် ။ ပြန်တော့ ။ မနက်ကို ငါအစောကြီး လာမယ် ။ စောင့်နေနော် ၊ ဘယ်မှ မသွားနဲ့ ”

နှင်းဥသည် အသံမထွက်အောင် ကြိတ်၍ ရှိုက်ကာရှိုက်ကာ အားရအောင် ငိုပြီးလျှင် မိခင် ရှိရာသို့ မှောင်ထဲတွင် စမ်း၍ သွားလေ၏ ။ မိခင်ကို စမ်းမိသော အခါ စိုရွှဲနေသည့် လုံချည်စကို ကိုင်မိသဖြင့် စိတ်ထဲတွင် မချိမဆန့် ဖြစ်ဖြစ်နှင့် ‘ အမေ အမေ ’ ဟု နားနားသို့ ကပ်ခါ ခေါ်လိုက်၏ ။

“ နှင်းဥ နှင်းဥ ၊ အမယ်လေး ၊ အသက်ရှူလို့လည်း မရဘူး ။ မျက်စိတွေလည်း ပြာလို့ ၊ ငါ မမြင်ရတော့ဘူး ”

“ မီးငြိမ်းသွားလို့ မှောင်နေတာအမေရဲ့ ၊ ပန်းနာဆိုတာ အေးရင် ဒီလိုပဲ မောတာပဲအမေ ။ မီး လုပ်နေရတာနဲ့ အမေ စိုကုန်မှန်းတောင် မသိဘူး ”

“ ဟိုတဲမှာ မီးသွားကူးစမ်း ”

“ အမေ့ မိုးတွေ ရွာနေတယ် ။ လမ်းမှာ ငြိမ်းသွားမှာပေါ့ ”

“ ဟင်း ဟင်း ချမ်းလိုက်တာ ”

“ လုံချည်ချင်း လဲဝတ်ရအောင် အမေ ၊ ချွတ် မှန်း ... ”

“ နင်ကရော ”

“ အို ... အမေ့လုံချည် ဝတ်ပါ့မယ် ။ ကျွန်မ ကိစ္စမရှိဘူး ”

နှင်းဥသည် မတ်တပ်ရပ်၍ လုံချည်ကို ချွတ်ချယူလိုက်လေသည် ။ မိမိ၏ ကိုယ်တုံးလုံး ကိုယ်ကို မှောင်ထဲတွင် မမြင်ရ၍သာ ရဲရဲတင်းတင်း လဲဖယ်ပေးလေ၏ ။ မိမိ၏ စိုထိုင်းထိုင်းလုံချည်ကို မိခင်အား ဝတ်ပေးလိုက်ပြီး မိခင် ကိုယ်မှ လုံချည်ကို ဆွဲခွာလာရာ လုံချည်မှာ အပေါ်ပိုင်းသာ မိုးရေများ ရွှဲနေ၍ အောက်ပိုင်းက မစိုသဖြင့် ဆွဲချွတ် မယူတော့ဘဲ မစိုသည့်ဘက်နှင့် ရွေး၍ ခြေထောက်ကို ထွေးပေးထားပြီး မိမိ မူကား ကိုယ်တုံးလုံးနှင့်ပင် မိခင်အား ဖက်ထားလေသည် ။

အေးလွန်လွန်း၍ နှင်းဥ၏ အမေလည်း ရောဂါ ဖောက်၍ မောနေလေ၏ ။ နှင်းဥသည် ဘာမှ မကြံနိုင် ။ ၎င်း၏ ကိုယ်ငွေ့ နှင့်သာ မိခင်အား အပူငွေ့ ပေးရလေ၏ ။ ‘ သည်မိုး မတိတ်ရင် အမေ ခက်လိမ့်မယ် ’ ဟု တွေးမိပြီး ရင်ထဲတွင် တဒိတ်ဒိတ်ခုန် ၍ ‘ တိတ်ပါတော့မိုးရယ် ’ ဟု အကြိမ်ကြိမ် ဆုတောင်းလျက်ရှိနေ၏  ။

မိုးလည်း သည်းရာမှ စဲ၍ လာသော်လည်း လေကား တသိမ့်သိမ့်တိုက်လျက်ရှိ၏ ။

“ အမေ အမေ ” ဟု ထပ်ထပ် ခေါ်ပါသော်လည်း စကားပြန်မရ ။ နှင်းဥကား အားငယ်သွားသည် ။ တစ်ညလုံး နွေးနွေး မထွေးရဘဲ အစိုအအေးကြီးနှင့် ထားလျှင် မိုးလင်းမှ ခံပါ့မလားဟု ကြီးစွာသော ကြောင့်ကြ ပူပန်ခြင်း ဖြစ်လေ၏ ။ အမေ့အား လှိုက်လှိုက်လှဲလှဲ သနားလှသဖြင့် ဘယ်လိုများ နွေးအောင် လုပ်ရပါ့မလဲဟု အကြံအဖန် ထုတ်ကြည့်မိရာ ညနေက ရွာသို့ သွားစဉ် တဲနှင့် မနီးမဝေးတွင် ရှိသည့် စပါးကျီကြီးကို မြင်လိုက်လေ၏ ။

ထိုကျီကြီး အမိုးအောက် လူလျှောက်ရန် ဆင့်ခင်း ရိုက်ထားသည့် သစ်သားပျဉ်ပြားပေါ်တွင် ဂုန်အိတ်တွေ ဆင့်ထပ်ထားသည်ကို ပြေးမြင်လေ၏ ။ ကျီနားက ဖြတ်လျှောက်သွားစဉ်သော် လည်းကောင်း ၊ ဖြတ်ပြန်လာစဉ်သော် လည်းကောင်း လူရိပ်လူခြေတစ်ဦးမှ မတွေ့ခဲ့ရသဖြင့် မိုးတိတ်လျှင် ထိုဂုန်အိတ်ထပ်မှ ဂုန်အိတ် သုံးလေးလုံး သွားယူမည် ။ မိုးလင်းမှ သွားပြန်ထားမည် ဟု မိုးအတိတ်သာ စောင့်လင့်နေလေတော့၏ ။

အနီးအနား တဲများတွင်လည်း မိမိတို့ကဲ့သို့ ဆင်းရဲသူ တစ်စုများသာ ဖြစ်ကြ၍ ရှိစုမဲ့စုကလေးတို့နှင့် စုကွေးနေကြမည် ဖြစ်၍ ငှားရရင် လုံလုံလောက်လောက် ပေးနိုင်စရာ မရှိကြပေ ။ ဂုန်အိတ်ကိုသာ ထွေးချင်သလို ထွေးပေးလိုက်ရလျှင် လုံလုံလဲလဲ နွေးနိုင်မည် ။ အပြန်မှ အသိတဲကို ဝင်ပြီး မီးခြစ် ငှားခဲ့ပြီး ရေနွေးကြိုတိုက်မည် စသဖြင့် တွက်ကိန်းချနေရင်းပင် မိုးလည်းစဲရာမှ တိတ်သွားလေ၏  ။

“ အမေ အမေ ၊ ခဏ နေဦး ၊ မီးထွန်းသွားဦးမယ် ”

လူမမာမှ မောဟိုက်နေ၍ ဘာမှ ပြန်မပြောနိုင်ချေ ။

နှင်းဥလည်း မတ်တပ်ထရပ်လိုက်ရာ တစ်ကိုယ်လုံး ဟာသွားလေ၏ ။ ဟာလာဟင်းလင်း ဖြစ်သွားမှသာ အဝတ် မရှိမှန်း သတိရ၍ ကပျာကယာ သူ့အမေ ခြေထောက်တွင် ထွေးထားသည့် လုံချည်ကို ကောက်စွပ်လျက် တဲဝသို့ စမ်းထွက်ခဲ့လေ၏ ။

မိုးသားတွေ ပျောက်သွား၍ တစ်ခြမ်းလကလေးသည် ကောင်းကင်တွင် ရေးရေး ထင်လျက် ပေါ်လာရာ သွားလိုရာ လမ်းကို စိတ်နှင့် မမှန်းရဘဲ သဲသဲကွဲကွဲ မြင်ရလေ၏ ။

သွက်သွက် လျှောက်လာခဲ့သဖြင့် ကျီကြီးနားသို့ ခဏနှင့် ရောက်လာခဲ့၏  ။ မိခင်ဇောကြောင့် ကြောက်ရမှန်း မသိ ။ တဲကထွက်ခဲ့သော်လည်း ရေးရေး လင်းလျက်ရှိသော လရောင် အောက်တွင် မှုန်မှုန်မည်းမည်း တိတ်ဆိတ်ခြောက်သွေ့လျက်ရှိသော ကျီကြီးကို မျှော်ကြည့်လိုက်ပြီး ကြက်သီးဖျန်းသွားလေ၏  ။

ညမှောင်တွင် အဆောက်အအုံကြီးလျှင် တစ်မျိုးပင်ကြောက်စရာပုံသဏ္ဍာန် ဆောင်သဖြင့် အနားသို့ ရုတ်တရက် ချဉ်းကပ်ရန် နှင်းဥ၌ ခဲယဉ်းနေပြန်၏ ။

ကြောက်စိတ်ကြောင့် နောက်ပြန်ဆုတ်လိုသည့် စိတ်ကို အားပေးလိုက်လေ၏ ။

‘ ငါ ဒီအတိုင်း ပြန်ရင် အမေမုချ သေလိမ့်မယ် ’ ဟု တွက်၍ စိတ်အားတင်းပြီး ကျီဘေးသို့ ကပ်လျှောက်လာခဲ့၏ ။

စောစောက ချမ်းသလောက် ဇောချွေးတွေ ထွက်လျက်နေ၏ ။

ကျီဝင်းထဲသို့ ဝင်ရန် လျှောက်လာရာ ခြံစည်းရိုးတံခါး ပိတ်ထားသည်ကိုတွေ့ရ၍ အကြံခက်သွားလေ၏ ။ ညနေက လူရိပ်လူယောင် မမြင်ရဘဲ ယခု ဘယ်သူလာ၍ တံခါးပိတ်သလဲဟုစဉ်းစားရင်း တွန်းကြည့်ရာ တံခါးသည် ကျွီ ခနဲ မြည်၍ ပွင့်သွား၏ ။

သွားရင်းလာရင်း တစ်ယောက်ယောက် စိသွားတာပဲဟု ယုံကြည်ကာ မရဲတရဲလှမ်းဝင်လာခဲ့၏ ။ တိုးဝှေ့တိုက်ခတ်သည့် လေအဟုန်ကြောင့် ကျီဝင်းရှိ ကုက္ကိုပင် ၊ အုန်းပင်တို့မှ တရှဲရှဲထွက်သံကို သဘက်သရဲများ ထွက်ဆွဲလေမလားဟု ခေါင်းနားပန်း ကြီးသွားလေ၏ ။ သစ်ပင်ကိုင်းများ လှုပ်လှုပ်ရှားရှား မြင်တိုင်း စိတ်ချောက်ချားသွား၏ ။ စိတ်ချောက်ချားလွန်း၍ မည်းမည်းကို သဲသဲကွဲကွဲ မမြင်ရခင် သရဲပင် အောက်မေ့ပြီး တကျောလုံး စိမ့်သွားလေ၏ ။ အချိန်မှာ လူကြီးခေါင်းချချိန် ၁၁ နာရီခန့် ဖြစ်၏ ။ ရွာထဲမှ ခွေးများသည် ဆွဲဆွဲငင်ငင်အူလိုက်ကြလျက် နှင်းဥ လုပ်ရန် အလုပ်ကို ဝိုင်းဝန်းဖျက်ဆီးပေးကြ၏  ။

လှည့်၍လည်း ပြန်ချင်၏ ။ ယူလည်း ယူချင်၏ ။ စိတ်နှစ် စိတ် လွန်ဆွဲနေရာ ယူလိုခြင်းဇွဲ၏ ထက်သန်ပြင်းပြမှုက နှင်ဥအား ဂုန်အိတ်ထပ်နားသို့ အနိုင်ဆွဲခေါ် သွားလေ၏ ။

နှင်းဥသည် တစ်ခြမ်းလကလေး၏ အကူအညီဖြင့် ဂုန်အိတ်ထပ်ထဲမှ ဂုန်အိတ်လေးလုံး ဆွဲထုတ် လိပ်လေ၏ ။ ဖြည်းဖြည်းဆေးဆေး မလိပ်ဘဲ လျင်လျင်မြန်မြန်ကြီး လိပ်ပြီးနောက် ဆင့်ခင်း ရိုက်ထားသည့်ပျဉ်ပေါ်မှ မြေပေါ်သို့ ခုန်ချလိုက်၏ ။

ပျဉ်ခင်းပေါ်တွင် ကျီနံရံနှင့် မှီထောင်ထားသည့် သွပ်ပြားချပ်မှာ နှင်းဥ ခုန်လိုက်သည့်အရှိန် ဖြင့် မြေပေါ်ရှိတုံးတိုတုံးစများ ပေါ်သို့ ဗြန်းခနဲ လျောကျသွား၏ ။

နှင်းဥလည်း မြေပြိုသည် ထင်သည့် ယုန်ကဲ့သို့ ကြုံး ပြေးလေ၏  ။ သရဲပဲ ၊ သရဲလိုက်ပြီဟု အောက်မေ့၍ ပြေးချင်သလောက် ပြေးလို့ မရတဲ့ ခြေဆွဲနေ၍ ဖင့်လေးနေ၏ ။ နောက်မှနေ၍ ခေါက်တုံ့ ကျနေသည့် ဆံပင်ကို လှမ်းဆောင့်ဆွဲလိုက်သဖြင့် ဇက်ကြိုး တပ်လိုက်သည့် မြင်းပမာ တုံ့ရပ်သွား၏ ။

ကိုယ်ခန္ဓာအတွင်းမှ သွေးကြောများ ရပ်ဆိုင်းသွားဘိသည့်အလား ။ အသက်ရှူရန်ပင် မတတ်နိုင်ပေ ။ ဂုန်အိတ်တွေ လွှတ်ချပြီး မျက်စိကို စုံမှိတ်ထားလိုက်၏ ။

မိမိ နားမလည်သော ဘာသာစကားနှင့် ဆံပင်ကို လှမ်းဆွဲထားသူက ဟစ်အော်လိုက်ပြီး ဆွဲလှည့်လိုက်ရာ ရုတ်တရက်မျက်စိ ဖွင့်ကြည့်ပြီး အံကိုက်၍ အလွတ် ရုန်းတော့၏ ။

မုတ်ဆိတ်ဖွားဖွားနှင့် ခေါ်တောကု,လားကြီးကို သူရဲသဘက်ထက်ပင် နှင်းဥ ကြောက်အားပိုလေ၏ ။

ကု,လားကြီးလည်း နှင်းဥ မရုန်းနိုင်အောင် လှမ်း၍ ဖက်လိုက်၏ ။ မဖက်မိခင်က နှင်းဥသည် အရေးထဲ၌ ဖယ်ရှားထားသည့်ထဘီစ ပြုတ်ကျွတ်သွားမည် စိုးလှ၍ ဆောင့်ကြောင့် ထိုင်ချလိုက်၏ ။ နောက်ထပ် ခေါ်တော တစ်ယောက် အမြန်ရောက်လာပြီး သူတို့ချင်းချင်း ညာသံပေးကာ နှင်းဥအား ဖမ်းချုပ်၍ ညောင်ရေအိုးစင် ၊ ပန်းအိုးစင် ကစားသကဲ့သို့ ပွေ့သွားကြရာ နှင်းဥလည်း ရုန်းလွန့်ရင်း ဆောင့်ကြောင့်ကလေး ပါသွားတော့၏  ။

ရှက်လည်း ရှက်၏ ။ ကြောက်လည်း ကြောက်လှ၏ ။ ဘာလုပ်ရမည်မှ သတိမရတော့ဘဲ ကု,လားတွေ လွှတ်အောင် လက်များကို ကုန်းကိုက်ရာ နာလွန်းမက နာမှ ကိုရွှေခေါ်တောများ သည် စပါးပုတ်ကြီးနား၌ ချကြ၏ ။

နှင်းဥသည် ပြေး၍ မလွတ်နိုင်မှန်းသိ၍ “ ကယ်ကြပါဦး ” ဟု အသံကုန် ကုန်း၍ ဟစ်လေ၏ ။

ခေါ်တောကု,လား၏ လက်ဖဝါးကြမ်းကြမ်းကြီးက ပါးစပ်ကို ဆီးပိတ်ထားလိုက်၍ အသံ အပြင် မရောက်ပေ ။

ကု,လားလက်ကို ဖယ်ရင်း ရုန်းရင်း မျက်စိများ ပြာလာပြီးနောက် မဟာပထဝီမြေကြီးလည်း အိုးထိန်းစက်ကဲ့သို့ သွက်သွက်လည်သွားသလို ထင်လိုက်ပြီးလျှင် မူးသွားရာမှ မေ့သွားလေ၏ ။

သတိ ပြန်ရလာသော အခါ နှင်းဥသည် သွပ်ပေါ်သို့ တဗြန်းဗြန်း ပက်ဖျန်းနေသော မိုးသံကို ရှေးဦးစွာ ကြားရလေ၏ ။

၎င်း၏ အရောင် မရှိသော မျက်လုံးစုံနှင့် ဟိုဟိုဒီဒီပြူး ကျယ်စွာ ဖွင့်ကြည့်လိုက်၏ ။

လက်ဆွဲမှန်အိမ်မီးမှာ ခြေရင်းဘက်တွင် လင်းနေသည် ။ တခေါခေါ အိပ်မောကျနေသည့် ဘေးက ကု,လားကြီးကို သွားမြင်ရာ စိတ်ရောကိုယ်ပါ နာကြည်း နာကျင်သွားလေ၏ ။

ကု,လား မနိုးအောင် ဖြည်းဖြည်းထပြီး အပေါက်တံခါးကို ဖွင့်လေ၏ ။ ကု,လားများ နိုးဦးမလားဟု စိတ်ပူမိသော်လည်း လှည့်၍ မကြည့်ပေ ။ တုံးလုံးလှဲ အိပ်နေသည့် ခေါ်တောကု,လားကို သင်္ချိုင်းက ပုပ်ပွနေသည့် လူသေကောင်ပုပ်ကြီးကဲ့သို့ ကြည့်ရမှာ စက်ဆုပ်ရွံရှာလွန်းလှမိခြင်းကြောင့် တစ်ကြိမ်တစ်ခါမှ ပြန်လှည့် မကြည့်ဘဲ တံခါးဖွင့်ပြီး ပြေးလေ၏ ။

မိုးရေထဲတွင် အမေ ရှိရာ တဲသို့ ဦးတည်ပြီး ပြေးနေလေ၏ ။ ပြေးနေရင်း ဟစ်အော်ငိုကြွေးလိုက်ချင်သည့် စိတ်ကို ချုပ်တည်းထားလေ၏ ။

မိုးတိမ်မိုးလိပ်များ ဖုံးအုပ်သွား၍ တစ်ခြမ်းလကလေး ကွယ်နေသဖြင့် တဲထဲသို့ စမ်း၍ ဝင်ခဲ့ရ၏ ။ ရွှဲရွှဲစိုနေသော ကိုယ်ကရေများကို လက်နှင့် သုတ်ခါပြီး မိခင် နားသို့ တွားသွားကာ ‘ အမေ အမေ ’ ဟု ကတုန်ကယင် ခေါ်လိုက်၏ ။

မိုးသံနှင့် ဘာသံမှ ပြန်မကြားရပေ ။

မိခင်၏ လက်ကို ဆွဲလှုပ်ကြည့်ရာ သစ်ချောင်းကြီး ကဲ့သို့ တောင့်တောင့်မာမာကြီး ကိုင်လိုက်ရသဖြင့် ‘ အမယ်လေး ’ ဟု ကျယ်လောင်စွာ ဟစ်အော်လိုက်ကာ သူ့အမေ ကိုယ်ပေါ်သို့ ၎င်းကိုယ်ကို မှောက်ချလိုက်၏ ။

မိုးသံလေသံနှင့် နှင်းဥ ငိုလိုက်သည့်အသံ ရောပြွမ်းထွက်လာသံမှာ မကောင်းဆိုးဝါးများ၏ အသံကဲ့သို့ အလားတူ မခြားပင် ဖြစ်လေ၏ ။

နှင်းဥလည်း အားရအောင် ငိုကြွေးနေရာမှ ရုတ်တရက် တိတ်၍ သွား၏ ။ မိခင်၏ ခေါင်းကို ထူမလိုက်၏ ။ ကျောက်တုံးကို မရသကဲ့သို့ လေးနေ၍ ခေါင်းကို ပြန်ချကာ မှောင်ထဲတွင် မျက်နှာကို စမ်း၍ ကြည့်ပြန်၏ ။ ထို့နောက် ပါးချင်း ၊ ပါးချင်း အပ်လိုက်ကာ မိခင်အား မိမိ၏ စောစောက အဖြစ်စုံကို ပြောပြနေလေ၏ ။

တစ်ဖန် ဟစ်ငိုပြန်၏ ။ တစ်ဖန် တိတ်သွားပြန်၏ ။ ပြန်၍ ထပ်ငိုပြန်ပြီးနောက် ငြိမ်သက်၍ သွားပြန်၏ ။

နံနက်တွင် မည်သူ့မျက်နှာတွေနှင့်မျှ မျက်နှာချင်း မဆိုင်ရဲ၍ မဆိုင်ချင် ။ အထူးသဖြင့် ကိုညို နှင့်လည်း မျက်နှာချင်း မဆိုင်ဝံ့၍ မျက်နှာချင်း မဆိုင်ချင် ။ မိမိကိုယ်ကို မနက် အထိ ဤမြေပေါ်မှာ မထားမှ နံနက်တွင် မည်သူနှင့်မျှ တွေ့ရတော့မည် မဟုတ်ပါလား ... ဟု တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် စဉ်းစားကြည့်နေပြီးလျှင် ကပျာကယာ မိခင်အား အကြိမ်ကြိမ် နမ်းရှုပ်၍ လေးလေးကန်ကန်နှင့် တဲဝသို့ ထွက်သွားလေ၏ ။

တစ်ချက်တစ်ချက်တွင် လျှပ်စစ်ပြတ်၍ တဝင်းဝင်းလက်လိုက်တိုင်း လက်လိုက်တိုင်း မိုးရေထဲတွင် ဒယိမ်းဒယိုင် လျှောက်သွားနေသော နှင်းဥကို ကောင်းစွာ မြင်နိုင်၏ ။ သူသည် ချောင်းဘက်သို့ လျှောက်၍ နေလေ၏ ။

ထိုသို့ လျှောက်သွားနေရင်း ဘာစိတ်ကူးရသွားသည် မသိ ။ ဘုတိုတို့ တဲအိုကလေး ရှေ့တွင် ခေတ္တရပ်ကာ သူ့ကိုယ်မှ ထဘီကို ချွတ်၍ ခေါက်ပြီး တဲဝ၌ စွန့်ထားခဲ့ပြီးနောက် ချောင်းဘက်သို့ ဒုန်းစိုင်း ပြေးသွားပြီးလျှင် တံတားလေးပေါ်မှ ချောင်းထဲသို့ ခုန်ချလိုက်လေ၏ ။

မိုးကြီးလည်း သည်းထန်စွာ ရွာချနေ၏ ။ သပြေပင်ရွာ တစ်ရွာလုံး အိပ်မောကျနေကြ၏ ။ အဝတ်ရှားပါးမှု ဒုက္ခကြောင့် လူဖြစ်ရှုံး၍ လူတစ်ကိုယ်လုံး ရေထဲသို့ ပစ်လိုက်ရသည့် နှင်းဥ၏ ဖြစ်အင်ကို သနားချစ်ခင်သည့် မိတ်ဆွေ ကိုညို လည်း မသိ ။ အသိအကျွမ်း ရွာသူရွာသားတွေလည်း မသိကြ ။ တိုင်းပြည်ကို အုပ်ချုပ်၍ မင်းလုပ်နေသူတို့လည်း သိကြမည် မဟုတ် ။

ချောင်းထဲတွင် နစ်၍ သွားသည့် နှင်းဥအား မိုးကြီးလည်း သည်းထန်စွာ သွန်းကူ နှစ်ပေးလိုက်၏ ။

အရုဏ်တက် မိုးမလင်းခင် တအုန်းအုန်း ရွာချနေသည့် “ သည်မိုး ” မှာ လူတန်းစေ့စေ့ လူလို နေရ၍ လူ့အခွင့်အရေး ကို တင်းပြည့်ကျပ်ပြည့် ရရှိသည့် သူတို့ အတွက်သော်ကား တစ်မိုက်ထူထူ မွေ့ရာပေါ်ဝယ် ကိုယ်ကို နှစ်၍ ဂွမ်းစောင် ၊ သက္ကလပ်စောင် ၊ ကတ္တီပါစောင် ၊ ခြုံစောင် အမျိုးမျိုးတို့နှင့် အထပ်ထပ် ခြုံလွှမ်း၍ ကွေးအိပ်နေရသည်မှာ အလွန်တရာမှ “ ဇိမ် ” ရှိလှပါပေ၏ ။

▢  ဂျာနယ်ကျော်မမလေး
📖 ဂျာနယ်ကျော်
      အတွဲ ( ၅ ) ၊ အမှတ် ( ၁ )
      ၂၀ - ဇူလိုင် - ၁၉၄၆

Monday, May 18, 2026

ဘဝရေစက်

❝ ဘဝရေစက် ❞
( ဂျာနယ်ကျော် မမလေး )

နှစ်ဆယ့်ငါးနှစ်မြောက် သွေးသောက် အထိမ်းအမှတ် အဖြစ် ဒေါ်ခင်လတ်က စာတစ်ပုဒ် ပေးရန် စာဖြင့် တောင်းသည် ။ နှစ်ဆယ့်ငါးနှစ်မြောက် သွေးသောက်ကို အရေးမထား၍ မဖြစ် ၊ သွေးသောက်နှင့် ရေစက်ဆုံခဲ့ရသော ကျွန်မ၏ လက်ရှိ ဘဝ အခြေအနေကို ဖုံးကွယ်ထား၍ မရ ။

ကျွန်မ စိတ်ထဲ၌ သွေးသောက်မဂ္ဂဇင်း နှစ်ဆယ့်ငါးနှစ် ပြည့်ပါပကောဟု စဉ်းစားမိတာနှင့် တစ်ပြိုင်နက် သွေးသောက်ကြောင့် ဆေးဆရာ ဖြစ်လာသော ကျွန်မ၏ ဆေးဆရာ သက်တမ်းကိုပါ ရေတွက် စဉ်းစားမိသည် ။

ဂျာနယ်ကျော် ဦးချစ်မောင် ကွယ်လွန်သွားပြီးနောက် ၁၉၄၆ ခုနှစ်က စ၍ မြန်မာ့ဆေးပညာကို သင်ယူ လိုက်စားခဲ့သည် ။ ထိုနှစ်က စ၍ ယနေ့အထိ ဓာတ်စာ စားခဲ့သည် ။ မျက်စိရှေ့၌ လူနာ တွေ့လျှင် မနေတတ်၍ ဤဓာတ်နည်းဖြင့် ကုသပေးခဲ့သည် ။ ဆေးဆရာကား မဖြစ်သေး ။

ဓာတ်စာ စားမှုကြောင့် လူမမာ ထင်ခံခဲ့သည် ။ ဓာတ်စာ စား၍ လူမမာ ထင်ခံခဲ့ရသော အဖြစ်ကို ( ယဉ်ကျေးမှုအသင်း ကိုယ်စားလှယ်အဖြစ် ) မော်စကို လိုက်သွားပြီး အပြန်၌ လူမမာ မဟုတ်ရပါကြောင်း ရှင်းလင်းချင်၍ သွေးသောက် မဂ္ဂဇင်းတွင် “ တီဘီလား ” ဆောင်းပါးဖြင့် ရှေးဦးစွာ ရေးသား ဖော်ထုတ်ခဲ့သည် ။

သွေးသောက်၌ ပါဝင်သော “ တီဘီလား ” ဆောင်းပါးသည် မြန်မာ့ဆေးလောက နယ်ပယ်ထဲသို့ ခြေစုံပစ်၍ ရောက်သွားအောင် ပို့ဆောင် ပေးလိုက်သော ဆောင်းပါးတစ်ပုဒ် ဖြစ်လေသည် ။ “ တီဘီလား ” ဆောင်းပါးကို ဖတ်ကြပြီး ကျွန်မထံသို့ ရောဂါကုသပေးရန် လူနာ လာအပ်ကြသည် ။ ဤဆောင်းပါးဖြင့် အရပ်က ခန့်၍ ဆေးဆရာ တစ်ယောက် ဖြစ်ခဲ့ရခြင်း ဖြစ်သည် ။

သွေးသောက်မဂ္ဂဇင်းတွင် “ တီဘီလား ” ဆောင်းပါး ပါပြီးသည့်နောက်ပိုင်းမှ စ၍ ယနေ့အထိ ကျွန်မမှာ ဆေးဆရာတစ်ယောက် အဖြစ် ဘဝသံသရာ ကျင်လည်နေရပေသည် ။ လူနာကို ဦးစားပေးရ၍ စာပေနှင့် ကင်းဝေးရသည်လည်း ရှိ၏ ။ လူမှုရေး ပျက်ကွက်ရသည်လည်း ရှိ၏ ။ စီးပွားရေး လစ်ဟင်းရသည်လည်း ရှိ၏ ။ ကိုယ့်အချိန်ကို သော်လည်းကောင်း ၊ ကိုယ့်ကိုယ်ကို သော်လည်းကောင်း အစိုးမရဘဲ ဆေးကုသမှုကို ဦးစားပေး တာဝန်ယူနေရသည် ။

စာတစ်ပုဒ် ၊ ဝတ္ထုတစ်ပုဒ် ရေးလိုသည့် အခါများ၌ ကျွန်မမှာ တစ်နေရာရာသို့ ထွက်ပြေး တိမ်းရှောင်၍ ရေးနိုင်မှသာလျှင် စာရေးနိုင်သော တစ်နေ့တလေ အချိန်သို့ ရောက်ရသူ ဖြစ်သည် ။ လစဉ်လတိုင်း ထွက်သော မဂ္ဂဇင်းများကို ဖတ်ပြီးတိုင်း စာရေးချင်စိတ်သည် ပြင်းထန်စွာ ဖြစ်ပေါ်သည်ချည်း ဖြစ်သည် ။ ကျွန်မကိုယ် ကျွန်မ အစိုးရမည့် အချိန် ၊ တစ်နည်းအားဖြင့် ကျွန်မ၏ အလွတ်လပ်ဆုံး အချိန်သည် ညသန်းခေါင်မှ နံနက်မိုးသောက်အထိ ဖြစ်သည် ။ ဤအချိန်ပိုင်းသာလျှင် ကျွန်မ လုံးလုံး စိုးပိုင်သော အချိန်ပိုင်း ဖြစ်သည် ။

တစ်နေ့လုံး လူနာတွေနှင့် ဦးနှောက်ခြောက်ခန်းခဲ့ရသော ကျွန်မမှာ စိတ်ပန်းလက်ပန်းလာလျက် စိတ်အင်အား ချည့်နဲ့သွားခြင်းကြောင့် ဝတ္ထုတစ်ပုဒ် ၊ စာတစ်ပုဒ် ဖြစ်အောင် ညလုံးပေါက် ထိုင်ရေးရန် မတတ်နိုင်ခြင်းလည်း ဖြစ်သည် ။

ညလုံးပေါက် ထိုင်ရေးလျှင် နောက်တစ်နေ့ အလုပ် ဆင်း၍ လူနာများနှင့် တွေ့ဆုံသည့် အခါ၌ ခေါင်းမရှင်းဘဲ မူးရိပ်ရိပ် ဖြစ်နေသည် ။

ခေါင်းမရှင်းလျှင် ဆေးပေး ၊ ဓာတ်စာပေး အချိန် ချို့ယွင်းချွတ်ချော်မှာကို စိုးပူရခြင်းကလည်း တစ်မှောင့်ဖြစ်သည် ။

ယခုတလော ကြိုကြားကြိုကြား ကျွန်မ ရေးသားနေသော ဝတ္ထု ၊ ဆောင်းပါးများမှာ မရေးလျှင် မဖြစ်၍ မလွှဲသာမှုဖြင့် ရေးပေးရခြင်း ဖြစ်နေသည် ။ ရေးပေးရခြင်း ဆို၍ ကျွန်မကိုယ်တိုင် ရေးသားမှု မဟုတ်ပေ ။ လူရှင်းသည့် အချိန် နာရီဝက် ရရ ၊ တစ်နာရီ ရရ ၊ ထိုအချိန်ပိုင်းကလေးကို မရေးလျှင် မဖြစ်သည့် စာမူအတွက် အသုံးချရသည် ။ အားလပ်သူ တစ်ယောက်ယောက်အား ကျွန်မ အနား၌ ထိုင်ခိုင်းကာ ကျွန်မ နှုတ်မှ ဘုရားရှိခိုး ရွတ်သကဲ့သို့ တောက်လျှောက် ရွတ်သွားသမျှကို အမီ လိုက် ရေးစေရသည် ။

စန္ဒာ မဂ္ဂဇင်းတွင် ရေးသားသော “ ရင်မှ တစ်ရှိုက် ” ဝတ္ထုရှည်မှာ ရရှိသော အချိန်ကာလ ပြတ်တောင်းပြတ်တောင်း အတွင်း၌ နှုတ်က ရွတ်ဆိုလျက် တွေ့သမျှ လူတွေကို အမီလိုက် ရေးခိုင်းရခြင်း ဖြစ်သည် ။ စန္ဒာ မဂ္ဂဇင်းတိုက်သို့ ရောက်သွားသော ဝတ္ထုစာမူများသည် တစ်ပုဒ်လျှင် လက်ရေးပုံစံ လေးငါးမျိုး ဖြစ်သည် ။

ကိုယ်တိုင်လည်း အေးအေးဆေးဆေး ရေးချိန် မရ ။ နှုတ်က ရွတ်ရခြင်းကိုလည်း အားမရသဖြင့် စိတ်တိုင်းမကျ ။ ကိုယ်တိုင် ရေးချင်စိတ် ရှိပါလျက်ဖြင့် စာရေးခွင့် မရသူ တစ်ယောက်ကဲ့သို့ ဖြစ်နေသည် ။

သွေးသောက်၌ “ တီဘီလား ” ဆောင်းပါးမှ စ၍ ဆေးဆောင်းပါးများကို ဆက်တိုက် ရေးသားခဲ့ရာတွင် “ မြန်မာ့ဆေးပညာ ” ဆောင်းပါးစာအုပ် တစ်အုပ် အဖြစ် အကြိမ်ကြိမ် ပြန်လည်၍ ရိုက်နှိပ်နေရသည် ။ ဤသည်မှာ သွေးသောက်၌ စခဲ့၍ မြန်မာ့ဆေးပညာ စာတစ်အုပ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည် ။

ဆေးဆရာဘဝ၏ မြစ်ဖျားခံရာသည် သွေးသောက် က ဖြစ်သည် ကျွန်မ အဖြစ်မှာ စာရေးခြင်း အလုပ်ကို ရပ်ဆိုင်း၍ ထားနိုင်သော်လည်း ဆေးဆရာ အလုပ်ကို ခေတ္တမျှ ရပ်ဆိုင်း၍ မရနိုင်တော့ခြင်းကြောင့် ဆေးဆရာဘဝသည် သွေးသောက်က စခဲ့ရပါသည် ဟု အမှတ်တရ ထားရခြင်း ဖြစ်သည် ။

ကျွန်မ ကုသပေး၍ ပျောက်ကင်းသွားကြလေသူတိုင်း ကျေးဇူးတင်စကား ဆိုကြရာတွင် ကျွန်မကို ကျေးဇူးတင်တာထက် ဆေးဆရာ ဖြစ်အောင် ဖန်တီးပေးခဲ့သော သွေးသောက်မဂ္ဂဇင်းကိုပါ ကျေးဇူးတင်ကြပါဟု ဆိုခဲ့ရလေသည် ။

သွေးသောက်နှင့် ကျွန်မ မကင်းသလို လူနာ အပေါင်းလည်း သွေးသောက်နှင့် မကင်းကြဟု ဆိုချင်ပါသည် ။ ရောဂါပျောက်သူတိုင်းက ကျွန်မအား အသက်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သကြသကဲ့သို့ သွေးသောက်မဂ္ဂဇင်းကိုလည်း အဓွန့်ရှည်စွာ တည်ပါစေကြောင်း ထပ်လောင်း၍ မေတ္တာပို့သမှု ပြုစေလိုပါသည် ။

“ ဘုန်းကြီးက သိက္ခာချပြီး သင်္ကန်းချွတ်ရင် လူဖြစ်တယ် ၊ မမလေး ကတော့ ဒီဘဝမှာ ဆေးဆရာဘဝက သိက္ခာချလို့ မရတော့ဘူး ”

အဘဓာတ်ဆရာကြီး ဆရာလှိုင် မကွယ်လွန်မီက အမိန့်ရှိသွားဖူးသည့်အတိုင်း ကျွန်မ၏ ဆေးဆရာဘဝမှာ သိက္ခာချ၍ မရနိုင်တော့ကြောင်းကို နှစ်ဆယ့်ငါးနှစ်မြောက် သွေးသောက်မဂ္ဂဇင်းက သက်သေခံနေပါတော့သည် ။

▢  ဂျာနယ်ကျော်မမလေး
📖 သွေးသောက် မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၁၉၇၈