Sunday, July 12, 2026

ဒါမျိုးကျတော့ မမေ့ဘူး


❝ ဒါမျိုးကျတော့ မမေ့ဘူး ❞
▢  ကြည်ဖြူသန့်စင်အောင် ၊ တောင်ကြီး ၊

ပြင်ဦးလွင်မြို့သွား ကားလမ်းဘေး အနီးရှိ နားဋောင်းကျရွာ ရွာဦး ကျောင်းထိုင်ဆရာတော် ဦးသြဘာသ၏ ကျောင်းအိပ် ကျောင်းစား ကျောင်းသားများစွာထဲတွင် အသက် ( ၁၂ ) နှစ်အရွယ် ကျောင်းသားတစ်ယောက် ရှိပါသည် ။ အသားက မည်းသည့်အပြင် နှုတ်ခမ်းက ထူထူ ၊ ဗိုက်ကပူပူ ၊ မျက်လုံးကပြူးပြူး ၊ ဆံပင်ကကွေးကွေး ၊ နှာတံကမောက် ၊ ဖင်ကကောက်သဖြင့် ဆရာတော်က သူ့ကို “ ကပ္ပလီ ” ဟု ချစ်စနိုး ခေါ်ဝေါ်ပါသည် ။

ကပ္ပလီ၏ အားသာချက်မှာ စကားအရာ၍ သူမတူအောင် ပက်ခနဲ ပြောတတ်ခြင်း ဖြစ်သည် ။ အားနည်းချက်မှာကား လုပ်သမျှ ၊ ခိုင်းသမျှကို တလွဲချည်း လုပ်တတ်ခြင်းနှင့် မေ့တတ်ခြင်းပင် ။ ထို့ကြောင့် ဆရာတော် ဦးဩဘာသက အမြဲသတိပေး ကြိမ်းမောင်းနေရ၏ ။ ဆရာတော်က ဆွမ်းဘုန်းပေးတော့မည်ဖြစ်၍ “ ဟင်းပေါင်းအိုးကြီး မခဲ့ ” ဟု ဆိုလျှင် ရေနွေးအိုးကြီး မချလာတတ်တာမျိုး ၊ ဆရာတော်က ဖက်ကြမ်းဆေးလိပ် အဝယ်ခိုင်းလျှင် ဖယောင်းတိုင်တွေ ဝယ်လာတတ်တာမျိုး ၊ ဘုရားစာ ကျက်ခိုင်းပြီး စာပြန်လျှင် ခေါင်းစဉ် မေ့ရင်မေ့ ၊ ခေါင်းစဉ် မမေ့လျှင် အလယ်မေ့နှင့် ။ ကပ္ပလီ၏ ကျောပြင်တွင် ကြိမ်လုံးစာ ကျရောက်ခဲ့သည်မှာလည်း အကြိမ်ကြိမ် ။ သို့သော် အကျင့်က မပျောက် ။ နောက်ဆုံးတော့ ဆရာတော် လက်မြှောက်ထားလိုက်ရသည် ။

ကပ္ပလီ၌ မမေ့လျော့တာ တစ်ခုတော့ ရှိသည် ။ ယင်းမှာ ညနေ ကျောင်းဆင်းချိန်တိုင်း ကျောင်းဘေးနားက ဦးလှအောင်၏သမီး မယ်မြလေးကို နေ့စဉ် ချောင်းကြည့်ခြင်းပင် ဖြစ်သည် ။ မယ်မြလေးကို တိတ်တခိုး စိတ်ဝင်စားနေ၍ ဖြစ်သည် ။ အိန္ဒြေ မဆည်နိုင်ဘဲ အမြဲတမ်း ချောင်းကြည့်နေတော့ ဦးလှအောင် ရိပ်မိလာသည် ။ ထို့ကြောင့် ဆရာတော်ကို တိုင်တန်းတော့သည် ။ ဆရာတော်က လက်ပူးလက်ကြပ် ဖမ်းရန် ကြံလိုက်သည် ။

နောက်တစ်နေ့ ကျောင်းဆင်းလို့ ဆရာသမားလေး ချောင်းနေချိန် ဆရာတော်က နောက်ကနေ “ ဟဲ့ ကပ္ပလီ ... ဒါမျိုးကျ မမေ့ဘူး ” ဟု ဆိုပြီး ကျောပြင်ကို ဗြောတင်လေတော့သည် ။ ဆရာတော်က ရိုက် ၊ ကပ္ပလီက အော်နဲ့ နောက်ဆုံး ကပ္ပလီ ပြောလိုက်သည့် စကားတစ်ခွန်းကြောင့် ဆရာတော် နည်းနည်း တွေဝေသွားပြီး အရိုက်ရပ်သွားသည် ။ ကပ္ပလီ ငိုသံကြီးနှင့် ပြောလိုက်ပုံမှာကား “ ဆရာတော်တို့ လူကြီးတွေက လူငယ်တွေကို ဘယ်တော့မှ နားလည်မပေးဘူး ... အေးပေါ့ ... ဆရာတော်မှာ အသည်းမှ မရှိတာ ... အီးဟီးဟီး ” ဟူသတည်း ။

ရယ်စေလိုသော စေတနာဖြင့်

▢  ကြည်ဖြူသန့်စင်အောင် ( တောင်ကြီး )
📖 ရယ်စရာ မဂ္ဂဇင်း
      အောက်တိုဘာ  ၊ ၂၀၁၅

No comments:

Post a Comment