Saturday, July 4, 2026

အနံ့ပြင်းရဲ့ ရနံ့သင်း


❝ အနံ့ပြင်းရဲ့ ရနံ့သင်း ❞
     ( ကျော်ဘုန်းမြင့် )

တစ်ရွာဝင် တစ်ရွာထွက် တစ်အိမ်ပြီး တစ်အိမ် ခြေကျင်လျှောက်တဲ့ ခေါင်းရွက်ဗျပ်ထိုးဈေးသည် မလှခင်ဟာ ကျန်းမာရေးကလည်း ကောင်း ၊ အရွယ်လေးကလည်း ကောင်း ၊ တင်ကလေး ပစ် ၊ ရင်ကလေးက တစ် ၊ ကိုယ်ကလေးက ကျစ် ၊ မျက်နှာကလေးက ချို ၊ ဆံကေသာလေးက ကပိုကရို ၊ အပျိုဆိုတော့ ဂုဏ်တင်စရာ မလိုဘဲ လှနေတယ် ။ အပျိုဘဝတည်းက ဈေးရောင်းပြီး မိဘကို လုပ်ကျွေးလာတာ ၊ ကျောင်းလည်း ကောင်းကောင်း မနေခဲ့ရပါဘူး ။ လှခင်ဟာ မိန်းကလေးတန်မဲ့ ဘဝကို ရုန်းကန်ခဲ့ရတယ် ။ မုန်တိုင်းထဲကသူမို့ သူများက နိုင့်ထက် စီးနင်းချင်ကြတယ် ။ အခုတော့ အရက်သမား ကိုဘထွန်းနဲ့ ညားပြီး အတူပေါင်းဖက်လို့ နေလာခဲ့တာ သမီးကလေးတစ်ယောက်တောင် ရနေပါပြီ ။ အရက်သမားကို လင်လုပ်ရလည်း လှခင် ဘဝဟာ မထင်မှတ်ဘဲ ပျော်ရွှင်တဲ့ ကမ္ဘာလေး တည်ဆောက်နိုင်ခဲ့တယ် ။ ခယောင်းတောလို ဘဝလမ်း ဖြတ်သန်းရပေမယ့် စိတ်ချမ်းသာတယ် ။ ဒါပေမဲ့ ကဲ့ရဲ့ အတင်းပြောသူများရဲ့ တံတွေးခွက်ထဲ ပက်လက်မျောရတဲ့ ဘဝကို လှခင် ကြုံရတယ် ။ ဆက် ပြောရဦးမယ် ။ အရက်သမား ဘထွန်းနဲ့ အိမ်ထောင်ကျပြီး ခြောက်လနဲ့ သမီးကလေး မွေးတော့ မေးငေါ့ခံရတယ် ။ ကြည့်စမ်း ၊ မရခင်က ညားနေကြတာ ထင်တယ် ။ အရင်က လှခင် ဒီအရက်သမားနဲ့ ဖြစ်တယ်လို့ မကြားမိပေါင် ။ လှခင်ကပဲ ဂျလည်လုပ်သလား ။ အရက်မူးသမား ဘထွန်းက ခြေသွက်လို့လား ။ သို့လော သို့လော ပြောစရာ ဖြစ်နေတာပေါ့ ။ သူတို့ အဆင်ပြေနေတာကို ကြည့်ပြီး ရွာထဲက မနာလိုဖြစ်သူတွေ လင်ကို ပြုစုတဲ့ လှခင်ကို ကဲ့ရဲ့ အပြစ်တင်ကြတယ်လေ ။ လှခင်ဟာ မနက်စောစော လင်ယောက်ျားစားဖို့ ရေနွေးကြမ်းနဲ့ ထမင်းကြော် အဆင်သင့် ။ ယောက်ျားကြိုက်တဲ့ ဘူးသီးကြော်ကို ပြေးဝယ်ပြီးတာနဲ့ “ ယောက်ျားရေ ထတော့လေ ၊ မနက်စာ ပြင်ထားပြီးပါပြီရှင် ၊ မျက်နှာသစ်ဖို့ ရေလည်း ခပ်ထားပါတယ် ” လို့ပြောမှ ယောက်ျားက အိပ်ရာက ထတယ် ။ နေ့လယ်စာ ထမင်းချက်ပြီးပြန်တော့ တခြား ရွာတွေဆီကို သွားလို့ ဈေးရောင်းတယ် ။ ငါချည်းလုပ်ရတယ် ဆိုပြီး မတွက်ကတ်တဲ့ အပြင် ညနေ ဈေးရောင်းက အပြန် ၊ ယောက်ျားကြိုက်တဲ့ အရက်တစ်ပုလင်းတောင် ဝယ်လာတယ် ။ ဒီလို အရက်ဝယ်ပေး တာက အပြုံးမပျက် နေ့စဉ်လို ပါပဲ ။ “ ယောက်ျားရေ ၊ အပြင်မှာ အရက်သွားမသောက်နဲ့ အိမ်မှာပဲ သောက်နော် ။ ကျွန်မ ဝယ်လာတဲ့ အရက်က ကောင်းတယ် တော်ရေ့ ။ မဟုတ်မဟတ်တွေနဲ့ လုပ်တဲ့ အရက်မဟုတ်ဘူး ။ လူတကာ မေးပြီး ဟိုဘက်ရွာက ဝယ်လာခဲ့တာ ”

“ အေးပါ ၊ သောက်တာနဲ့ သိပါတယ် ။ အမြည်းမပါဘူးလားဟ ၊ ပဲလှော် မမြည်းချင်ဘူး ။ ကြက်ဥဖြစ်ဖြစ် ကြော်ပေးနော် ”

“ အရက်နဲ့ မြည်းဖို့ အမဲ ခြောက်ဝယ်လာပါတယ် ကိုဘထွန်းရယ် ။ အသာနေဦး ၊ ကျွန်မ ကြော်ပေးမယ် ”

“ အေးအေ မြန်မြန်လုပ် ၊ ဒီ ဈေးတောင်းကြီးကို သိမ်းလိုက်ရမလား ”

“ နေပါစေ ၊ ကျွန်မပဲ သိမ်း မယ် ။ ဒီရွာထဲက မိန်းမတွေက ကျွန်မဆီ ဈေးမဝယ်ကြဘူး ။ မဖြစ်မနေ လိုအပ်မှ နေဝင်မိုးချုပ် အရေးတကြီး ပြေးဝယ်ကြလို့ပါ ။ ရွာထဲက မိန်းမတွေက ဈေးဝယ်လာရင် မျက်စောင်းထိုး သွားကြ ၊ မေးငေါ့ကြနဲ့ ဘာမှန်းကို မသိဘူးတော် ”

အထူးသဖြင့် မတင်ပုနဲ့ မဂွက်ထော်တို့ နှစ်ယောက်က ကျွန်မကို ကဲ့ရဲ့ဆုံးပဲ ။

“ ဒီလို အရက်သမားမျိုးကို ဒီလောက်ထိ လုပ်ပေးရတယ်လို့ ။ ငါတို့ရွာမှာ သူ့ကြောင့် မိန်းမသိက္ခာကျတယ် ။ ကောင်မက ညုတုတုနဲ့ ယောက်ျားချွဲရမလား ဆိုရင် နှစ်ယောက် မရှိဘူး ။ ကိုယ်ထက်သာတဲ့လူ ၊ ဥစ္စာရှိတဲ့သူ ဆိုရင် ထားပါတော့ ။ အခု သူ့လူက အရက်သမား ၊ လက်ကြော မတင်းတဲ့ ပေါ်ကြော့ကို ဒီလောက်ထိ မပြုစုသင့်ဘူး ။ သူ လုပ်တာနဲ့ တို့ယောက်ျားတွေက ငါတို့ကို အပြစ်တင်ပြီပေါ့ဟွန်း ။ ဒီကောင်မရဲ့ပါးကို ဖိနပ်နဲ့ရိုက်ချင်တယ် ။ ကြည့် ကို မရဘူး ”

“ အေးဟဲ့ ... တင်ပု ၊ ပြောဦးမယ် ။ အရင်ကဆို ငါ့ ယောက်ျားက ငါ့ကို လိုလေ သေးမရှိ လုပ်ပေးတယ် ။ အခု ယောက်ျားက ပြောလာပြီလေသိလား ”

“ လှခင်က သူ့ယောက်ျား အရက်သမားကို ကောင်းကောင်း ပြုစုတယ် ။ နင်က အပျင်းကြီးမ ။ အပြင်ထွက် အတင်းပြောဖို့ပဲ တတ်တယ် ။ ငါ့ကို ကူညီလုပ်ပေးမယ် မရှိဘူးဆိုပြီး အပြောခံရတယ် ”

“ ငါလည်း ပြောဦးမယ် ဂွက်ထော်ရဲ့ ငါ့ယောက်ျားဘဒင် ပေါ့ ။ တစ်ခါတစ်ခါ ဘာမှန်း မသိဘူး ။ ငါပိုင်တဲ့ လယ်တွေယာတွေ ရှိလို့ ၊ အရချိုင်ယူတာလား ၊ လူရည်လည် လုပ်သလား ၊ တကယ်ကြိုက်လို့လား ၊ စဉ်စားရခက်ပါတယ် ။ ငါ အကဲခတ် ခတ်နေတာ ယောက်ျားတွေ မျက်လုံးက မိန်းမမြင်ရင်ငမ်းချင်တယ်အေ့ ။ အကျင့်က ကောင်းတာ မဟုတ်ဘူး ။ ငါကတော့ ယောက်ျားတွေကို အထင်မကြီးဘူး ။ သူတို့ လိုဘပဲ ကြည့်တတ်တဲ့လူတွေ ။ ယောက်ျားတွေက တို့ကိုအတင်း ပြောတယ်တဲ့ ။ သူတို့လည်း ပြောတာပါပဲ ။ သူတို့ကျ အတင်းပြောတာ မဟုတ်ဘူး ။ ဝေဖန်သုံးသပ် ဆွေးနွေးတာတဲ့ ။ ပြောတတ် လိုက်ကြတာ ။ ဘယ်သူတွေ ဘာ ပြောပြော ဒါကတော့ ကိုယ့် ဝါသနာပဲလေ ။ ပြောစရာရှိ ပြောမှာပဲ ။ လှခင်နဲ့ ငါ နှစ်ယောက်တည်းတွေ့မှ မေးပစ်လိုက်ဦးမယ် ။ သူလုပ်ပုံက တို့မိန်းမတွေ သိက္ခာကျတယ်အေ့ ”

“ ငါထင်တယ် ။ သူ့ ယောက်ျား ကိုဘထွန်းမှာ ကောင်းကွက်တစ်ခုခု ရှိပုံရ တယ် ဂွက်ထော်ရဲ့ ။ ညည်း ဘယ်လိုမြင်လဲ ပြောစမ်းပါဦး ”

“ ဟဲ့ တင်ပု ၊ ငါလည်း ဒါကိုစဉ်းစားနေတာ ။ လှခင်ဟာ သူ့ယောက်ျား အပေါ် ဒီလောက် ပြုစုပုံထောက်ရင် ဧကန္တ ငါထင်တယ် ။ မဟုတ်မှလွဲရော ... အဟမ်း ”

“ ဘာတုန်း ဘာတုန်း ၊ နင်သိရင် ပြောစမ်းပြောစမ်း ၊ ငါစိတ်ဝင်စားတယ် ။ အေးပါ ဒီမယ်ဒီမယ် တိုးတိုးပြော မယ် ... ”

“ ဟယ် ... ဖြစ်နိုင်တယ်နော် ”

“ ဟေး မိန်းမ ၊ ဂွက်ထော်ရေ ။ ဪ .. ဒီမိန်းမနှယ် သူများအိမ်လျှောက်လည်ပြီး အတင်းတုတ်ဖို့ တင်ပုအိမ်သွားနေတာဖြစ်မယ် ။ ဟေး မိန်းမရေ ဂွက်ထော် ”

“ ရှင် လာပါပြီ ။ ယောက်ျား ရှင် တောက ပြန်လာတာ စောလှချည်လား ။ ကျွန်မ ထမင်းမချက်ရသေးဘူး တော်ရေ ။ ဘာဟင်းချက်ရမလဲ ဆိုပြီး မတင်ပုနဲ့ ဆွေးနွေးနေတာပါတော် ”

••••• ••••• •••••

“ မိန်းမရေ လှခင် ၊ ဒီကို လာစမ်းပါ ။ ဘာတွေ လုပ်နေတာလဲ ”

“ ယောက်ျားကလည်း သမီးလေး အပ်ချုပ်သင်ရာက ပြန်မလာသေးလို့ မျှော်နေတာပါ ”

“ အင်း .. သမီးလေးက တဖြည်းဖြည်း အရွယ်ရောက်လာပြီး ဘဝလုံခြုံဖို့ ကြိုတင် ပြင်ဆင်ထားရမယ် ။ မိန်းကလေး ရှိတဲ့ တို့အိမ်ကို ခြံစည်းရိုးခတ်ရမယ် ။ ဒါလေးလောက်တော့ ငါလုပ်နိုင်ပါတယ် ။ လုံခြုံအောင် မနက်ဖြန်ကစပြီး ခြံစည်းရိုး ခတ်မယ်ကွာ ။ နွားရိုင်းသွင်းချိန် နွားအန္တရာယ်ရှိမယ် ။ ရာသီဥတု တွေ ဖောက်ပြန်တဲ့ ဒီကမ္ဘာ ၊ လေရိုင်းလေကြမ်းက မြင်သမျှ တွေ့သမျှကို တိုက်ခတ်ဖျက်ဆီးပစ်မယ် ။ စိတ်ရိုင်းစိတ်ကြမ်းက မကောင်းမှုဟူသမျှကို လက်ရဲ ဇက်ရဲလုပ်မယ် ။ အတိတ်ကို သင်္ခန်းစာယူပြီး နေရမယ်လေ ။ နေဝင်ချိန်မှာ အပျိုအရွယ်တွေ ဘယ်ကိုမှ မသွားသင့်ဘူး ။ အခုလည်း သမီးကလေးကို စိုးရိမ်တယ်ဆိုလည်း စိုးရိမ်စရာပဲ ။ လာလာ ... ငါ လိုက်ခဲ့မယ် ။ သမီးကလေးကို သွားကြိုရ အောင် ၊ ရွာထဲ မင်းနဲ့ ငါ လမ်းမလျောက်ရတာ ကြာပြီ ။ ခြေညောင်းလက်ဆန့် တို့နှစ်ယောက် အတူတွဲလို့ ကြည်ကြည်နူးနူး အမူးပြေလေး ၊ ငါ့ကို တွဲခေါ်ပါဦး မိန်းမရာ ”

“ ရှင်ကလည်း ရွာထဲလမ်း လျှောက်တာ ပုဆိုးက ကျွတ်ကျတော့မယ် ။ ကောင်းကောင်း ဝတ်စမ်းပါ ။ လာပါ ။ ကျွန်မ ပခုံးကိုကိုင်ထား ၊ ဖြည်းဖြည်းသာလျှောက်နော် ”

“ ဖေဖေ ၊ မေမေ ဘာလာ လုပ်တာလဲ ”

“ ဪ ... သမီးကို လာကြိုတာလေ ။ ဒီနေ့ နောက်ကျတော့ မိဘက စိတ်ပူတာပေါ့ ”

“ မေမေကလည်း တစ်ခါ တစ်ရံ နောက်ကျမှာပေါ့ ။ လာပါ ပြန်လှည့်ပြီး အိမ်ပြန်ကြမယ် ”

“ မိန်းမရေ အိမ်ရောက်ရင် ပြန်သောက်ဦးမယ်နော် ။ သမီးလေးကိုပဲ ထမင်းစားဖို့ လုပ်ပေးလိုက်ပါ ။ ငါ့ဟာငါ သောက်နေမယ် ”

“ ရှင်သောက်တာ များနေပြီ ။ ဒီနေ့ အပြင်ကလည်း သောက်ခဲ့တယ်ဆို ။ ဖြစ်နိုင်ရင် မသောက်ဘဲနေပါလားရှင် ”

“ မိန်းမ ငါ့မှာ အတိတ်က နာကျင်စရာတွေ ၊ နာကြည်းစရာတွေ အပြည့်ဆိုတာ မင်းလည်း သိရဲ့နဲ့ ။ နောက်ပြီး ဟိုကိစ္စ သမီးလေး သိလိမ့်မယ် ။ ငါဟာ တစိမ်းကြီးမှန်း သိသွားရင် ငါ ရင်ကျိုးရပြီ ။ တစ်ပူပေါ် နှစ်ပူဆင့် ၊ ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေကို ဒီထက်ပိုပြီး ငါ ခံနိုင်မှာ မဟုတ်ဘူး ။ ဟိ ဟိ အိ ”

“ ယောက်ျားရယ် … တိုးတိုး ပြောပါ ။ သမီးလေး သိသွားရင် ။ ကျွန်မက ရှင့်ထက်ပိုပြီး နာကြည်းရမယ့်သူပါ ။ ရှင်ဟာ ရှင့် မိဘရဲ့ ဆိုးမွေတွေကို ခံယူရလို့ အရက်သမားကြီး ဘဝလုံးလုံး ဖြစ်နေတဲ့အပြင် နောက်ထပ် နာ ကျင်စရာ ဒဏ်ရာတွေကို ကျွန်မ ပေးမိသလားရှင် ”

“ မဟုတ်ဘူး မဟုတ်ဘူး ။ မင်းက ငါ့ရဲ့ ဖြေဆေးပါ ။ နောက် ကြာလာရင် အော်ဂလီဆန်အောင် နံစော်နေတဲ့ ဒီအရက်သမားကြီးကို စိတ်ကုန်သွားမှာ စိုးရိမ်တယ်ကွာ ။ အို မပြောတော့ပါဘူး ။ ဒီနေ့ ငါ့စိတ်တွေ အတိတ်ထဲ နစ်သွားပြီမို့ အရက်ကို ပိုသောက်ပြီး အတိတ်မေ့ဆေး ထပ်ထည့်ပေးပါ ။ လောကကြီးက မထွက်ခင် မူးနေတာပဲ ကောင်းပါတယ် ။ ရာသက်ပန် အိပ်စက်ရမယ်ဆိုလည်း ကျေနပ်တယ် ”

“ ယောက်ျား ဘာတွေပြော နေတာလဲ ။ ကျွန်မ ဘဝမှာ ရှင် မရှိရင် မဖြစ်ဘူး ။ ညှဉ်းဆဲ နှိပ်စက်ပြီး ဘဝဖျက်ဆီးမယ့်သူတွေ အများကြီး ။ ရှင် ကျွန်မ အတွက် အသက်ရှင်သန်ပေးပါနော် ။ ယောက်ျား ကျွန်မ ရှင်နဲ့ အတူ တစ်ခွက်လောက် သောက်ချင်တယ် ”

“ ရော့ ရော့ ၊ အများကြီး မသောက်ပါနဲ့ ၊ ပူရုံလေးနည်း နည်းပဲသောက် ။ ငါပဲ များများ သောက်မယ် ”

“ ဟော့ ဟော့ ၊ ကိုဘထွန်း ရှင်အန်ကုန်ပြီ ။ ကျွန်မ ဘာလုပ် ပေးရမလဲ ။ ကျောနှိပ်ပေးရမလား ၊ ပခုံးနှိပ်ပေးရမလား ”

“ ရပါတယ် လှခင်ရယ် ။ ဒီတစ်ခါ သောက်တာ များသွားလို့ပါ ”

“ မသိပါဘူးတော် ၊ ကျွန်မ ဝယ်တဲ့ အရက်က မကောင်းလို့ လားလို့ပါ ။ အဆင်ပြေလား ။ သံပရာသီး တစ်ခြမ်းလောက် ဝါးလိုက်ရော့ ၊ အရက်ကြိုက်တဲ့ ရှင်တို့က ညတစ်ရေးနိုးဆိုရင် ရေထသောက်ပြီ ။ မနက်ကျ လည်း အစောကြီးထတယ် ။ ဘယ်အိပ်ရေးဝဝ အိပ်ရမလဲ တော် ။ ကဲ ကဲ ၊ ထထ ။ ကျွန်မ တွဲခေါ်မယ် ။ ရှင်စောစောအိပ် ၊ ကျွန်မ ရှင့်အန်ဖတ်တွေ ကျုံးလိုက်ဦးမယ် ”

“ ဒီလို အနံ့တွေ ဟောင်နေ တဲ့ ချဉ်ဖတ် ၊ အန်ဖတ်တွေကို မကျုံးပါနဲ့ ။ ငါ့ဟာ ငါပဲ လုပ်ပါမယ် ”

“ ဩ ... ကျွန်မက အရက် သမားရဲ့ မိန်းမပါ ။ ဒါတွေရွံနေလို့ ဖြစ်ပါ့မလား ”

“ ရပါတယ် ၊ မင်းကလည်း နေပါစေလို့ ပြောနေရဲ့နဲ့ ။ နေ့စဉ်မပြတ် ချိုးကပ်အောင်သောက်တဲ့ အရက်သမားရဲ့ ချဉ်စုပ်စုပ် အနံ့ဟာ အဝေးကတည်းက နှာခေါင်းထဲ စူးနစ်ဝင်အောင် နံစော်နေတယ် ။ အဝတ်အစားတွေကလည်း မလျှော်တော့ အနံ့ပေါင်းစုံ ဟင်းလေးအိုးကြီး ပမာ အနံ့ပြင်းပါပေတယ် ”

••••• ••••• •••••

“ ဟေ့ ... ဂွက်ထော်ရေ ၊ ညည်း ငါ့အိမ်ကို မလာတော့ ဘူးလား ”

“ ရှင် … မတင်ပု ၊ လာမှာပေါ့ ။ အရင်ရက်တွေက ယောက်ျား ရှိနေလို့ မလာဖြစ်တာပါ ။ အခု သူမရှိတော့ လာလို့ရပြီ ။ အေး ဟိုလင်မယား နှစ်ယောက် ရွာထဲ လတ်လျား လတ်လျားနဲ့  တွဲသွားတာ မျက်စိစပါးမွေး စူးလွန်းလို့ဟေ့ ။ တကယ်ပဲ ကဲပဲ ကဲလွန်းတယ် ။ ကြည့်မရဘူး ။ မနက်ဖြန် ဈေးရောင်းပြီးအပြန် လမ်းမှာ ဒီကောင်မနဲ့ တွေ့ပြီး မေးရမယ် ။ ညည်းလင် အရက်သမား ဘာများကောင်းလို့ ညည်းက ဒါလောက်ကဲပြီး ချစ်ပြနေရတာလဲလို့ ။ ကောင်းကောင်းဖြေနိုင်ရင် ဖြေပေါ့အေ ၊ မဖြေနိုင်လို့ကတော့ ငါ့ လက်ဝါးစောင်း ဘယ်လောက် ထက်တယ်ဆိုတာ ပညာပေးခဲ့မယ် ။ ညည်းလိုက်မလား ”

“ တော်ပါပြီ မတင်ပုရယ် ။ အရင်က ရှင်လည်း အဲဒီ အရက်သမားကို ကြိုက်ဖူးတယ်လို့ ကြားပါတယ် ။ အဲဒီတုန်းက အရက်သမားက ရှင့်ကို ပြန်မကြိုက်ဘူးဆို ဟုတ်ရဲ့လား ”

“ ကောင်မ ဘာတွေ လာ ပြောနေတာလဲ ။ ဒီနေ့ ညည်းနဲ့ စကားပြောရတာ အပေါက်အလမ်းကို မတည့်ဘူး ။ ညည်း ငါ့အိမ်က မြန်မြန် ပြန်တာ ကောင်းမယ် ၊ ဟင်း ... ဖီလင် အောက်လိုက်တာ ။ ထွီ ”

••••• ••••• •••••

ငယ်ငယ်က ကိုဘထွန်းကို ငါ ကြိုက်ဖူးတဲ့ကိစ္စ ဘယ်သူ မှ မရိပ်မိဘူးလို့ ထင်နေတာ ။ ဂွက်ထော် ဘယ်လိုသိတယ် မသိဘူး ။ သူက ဒဲ့မေးတော့ အမယ်လေး ရှက်လိုက်တာ ။ မျက်နှာ ဘယ်သွားထားရမှန်း မသိဘူး ။ ဘထွန်းက အရက်သောက်ပေမယ့် ရုပ်ကလေးက ချောတော့ ၊ အဟိ ... ငါလည်း ကြိုက်ကြည့်တာပေါ့ ။ ဒီအရက်သမား သေနာကောင် ၊ ငါ့တုန်းက ရှောင်ဖယ်ရှောင်ဖယ်နဲ့ လှခင်ကျ သူက ကြိုက်ပြန်ရော ။ ဘာကွာလို့လဲ ကိုဘထွန်းရယ် ။ ထားပါတော့ ကိုဘထွန်းကို အပြစ် မပြောပါဘူး ။ လှခင်ဆိုတဲ့ ကောင်မကိုပဲ ပြောချင်တယ် ။ ကြည့်လေ ... မိန်းမဖြစ်နေပြီး နံစော်နေတဲ့ အရက်ထုတ်ကြီးကို လှခင်က သဲသဲလှုပ် ဖူးဖူးမှုတ် ချစ်ပြနေတယ် ။ မိန်းမဈေးကျလိုက်တာ ။ ဘထွန်းရဲ့ ကောင်းကွက် ထူးထူးခြားခြား ရှိလို့လား ။ ဒါမျိုးကျ ငါက ဝါသနာပါတယ် ။ စိတ်ဝင်စားတယ် ။ စဉ်းစားလိုက်တိုင်း အိပ်တောင် မရဘူး ။ ဒီနေ့ ညနေ သူ့ ဈေးရောင်းပြီး အပြန် လမ်းရဲ့တစ်နေရာ ဟိုလက်ပံပင်ကြီးနား ဈေးသည်မလှခင်ကို သွားစောင့်နေလိုက်တယ် ။ ဈေးတောင်းကြီးနဲ့ ၊ မယ်မင်းကြီးမလှခင် လာပါပြီ ။ အနားရောက်တာနဲ့ သူ့ကို လှမ်းခေါ်လိုက်တယ် ။

“ ဟေ့ လှခင် ၊ နေဦး ။ ညည်းကို ငါ မေးစရာရှိတယ် ။ ဒီ လက်ပံပင်အောက် ခဏလာစမ်းအေ ”

“ ဘာလဲ မတင်ပု ”

“ ဒီမယ် ညည်းယောက်ျားကို ညည်းချစ်တော့ ချစ်ပါအေ ၊ ဒါပေမဲ့ အရက်ဝယ်ပေးလိုက် ၊ အမြည်းကြော်ပေးလိုက် ၊ ရေချိုး ချေးတွန်းပေးလိုက် ၊ လုပ်တာကတော့ လွန်လွန်းပါတယ် ။ ညည်းကြောင့် ငါတို့ ယောက်ျားတွေက ငါတို့ကို အပြစ်ပြောတယ် အေ့ ။ မိန်းမသိက္ခာလေးတော့ နည်းနည်းထိန်းပါဦး ။ ချဉ်တူးနံ ယစ်ထုတ်ကြီးကို လွန်လွန် ကဲကဲ လုပ်မပေးပါနဲ့ ”

“ ဒါကတော့ မတင်ပုရယ် ၊ ကျွန်မက ချစ်တာကိုး ”

“ အမလေး ပြောစမ်း ပြော စမ်း ၊ ဒီလောက် ချစ်ရအောင် ညည်းယောက်ျား အရက်အိုးကြီးက ဘာများပိုထူးပြီး ကောင်းလို့တုန်း ။ ညည်းလုပ်ပုံက လူရှေ့ ဖက်မနမ်းရုံတစ်မည် ရှိတော့တယ် ။ နင်ဟာ ငါ့ညီမ ဆိုရင် ပါးကို ဘယ်ပြန်ညာပြန် တီးပြီးပြီ ။ ကဲ ပြောစမ်းပါ ။ ညည်း ယောက်ျား အရက်သမား ဘာ ကောင်းတာရှိလဲ ”

“ ဒီမယ် မတင်ပု ။ လူတစ်ယောက်ကို အပြင်ပုံပန်း သဏ္ဌာန်ကြည့်ပြီး မဆုံးဖြတ် ပါနဲ့ ။ ကျေးငှက်လေးတွေရဲ့ အပြင်က အမွေးအတောင် ရောင်စုံလှလှလေးတွေ ကြည့်ပြီး အတွင်းထဲက အသွေးအသားကို မသိပါဘူး ။ လူတွေလည်း အင်္ကျီအကောင်းစား ဝတ်ပြီး ၊ အတွင်းအဇ္ဈတ္တ မကောင်းသူ တွေ တစ်ပုံကြီးပဲ ။ ဟိတ်ကြီးဟန်ကြီးနဲ့ အထင်ကြီးအောင် ဟန် ဆောင်နေတာပါ ။ ကိုယ်ကျင့်တရားရှိကြသူ ရှားပါတယ် ။ ကျွန်မယောက်ျားက အရက်သာသောက်တာ ကိုယ်ကျင့်တရား မပျက်ဘူး ။ ကိုဘထွန်းက အပျိုဖျန်း ဖြစ်နေတဲ့ ကျွန်မ သမီးလေးရဲ့ အဖေအရင်း မဟုတ်ဘူးရှင့် ။ ပထွေး ပထွေး ။ သူ့သမီး အရင်း မဟုတ်မှန်းသိတဲ့ ကိုဘထွန်းဟာ ကျွန်မသမီးကို မပြစ်မှားဘူး ။ မစော်ကားဘူး ။ သမီးအရင်း မဟုတ်မှန်း သိသွားမှာ သူ သိပ်စိုးရိမ်တယ် ။ ကဲ ဒီလို စိတ်ဓာတ်မျိုးရှိတဲ့ ယောက်ျား ၊ ဒီလို  ကိုယ်ကျင့်တရားကောင်းတဲ့ ယောက်ျား ဘယ်မှာရနိုင်မလဲ ။ ပြောစမ်းပါဦး မတင်ပုရယ် ”

“ ဟင် ... ဟယ် ။ ဒါဆို ညည့်သမီးက ဘယ်သူနဲ့ ရထား တာလဲ ။ ရွာထဲမှာ အပ်ကျတာက အစ ငါအကုန်သိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတဲ့ ငါလို လည်တဲ့ မိန်းမတောင် မသိပါလား ။ ပြောစမ်းပြောစမ်း ။ ဘယ်သူနဲ့ ဘယ်လိုဖြစ်ပြီး ရလာတာတုန်း ”

“ မတင်ပုရယ် ... ကျွန်မ တခြားရွာက ဈေးရောင်းအပြန် ချုံတွေပေါတဲ့ လျှိုထဲတစ်ခါ ၊ ရဲရှဲရှဲရှဲနဲ့ ချောက်ချားစရာ ကောင်းတဲ့ ပြောင်းခင်းထဲ တစ်ခါ ၊ ကျွန်မရဲ့နောက်က လူတစ်ယောက်က လာလာ နှောင့်ယှက်တယ် ။ ဒါတွေ တွေးမိတိုင်း ကြောက်တယ် ... ကြောက်တယ် ။ မပြောချင်ဘူး ။ ကျွန်မရင်တွေ တုန်မိတယ် ။ ကျွန်မက မိန်းကလေး တစ်ယောက်တည်း ။ ဘာလုပ်လို့ ရမလဲရှင် ။ ကျွန်မ ဘဝပျက်ခဲ့ရတယ် ။ ကျွန်မ သုံးလေးလကြာတော့ ကိုယ်ဝန် ရှိတာ အတိအကျ သိလာတယ် ။ အိပ်မရ စားမဝင် ဒုက္ခပင်လယ် ဝေခဲ့တယ် ။ ကိုယ်ဝန်နဲ့ အရှက်ကွဲတော့မယ် ။ ဘာလုပ်ရမှန်း မသိဘဲ သေတာအကောင်းဆုံး ဆိုပြီး ဟို မန်ကျည်းပင်ပေါ် တက်ပြီး ကြိုးဆွဲချသေဖို့ ကြံခဲ့တယ် ။ ကြိုးကို လည်ပင်းစွပ်ပြီး မန်ကျည်းပင်ပေါ် တက်နေတုန်း လူတစ်ယောက်က ...

“ မလှခင် ၊ မလုပ်နဲ့ မလုပ်နဲ့ ။ ဒီလိုလုပ်ရင် အဖန်ငါးရာ ကမ္ဘာတည်တိုင်း ဝဋ်ခံနေရမယ် ။ ဘာအခက်အခဲ ရှိလဲပြောပါ ။ ကျွန်တော် ကူညီပါ့မယ် ။ ဒီလို ကြိုးဆွဲချပြီး ဘဝကို အရှုံးမပေးပါနဲ့ ”

သူက စကားပြောရင်း ရုတ်တရက် လက်နှစ်ဖက်နဲ့ ကျွန်မကို အတင်းဖက်ပြီး လည်ပင်းက ကြိုးကွင်းကို ဆွဲဖြုတ်ပစ်တယ် ။

“ ဟင့်အင်း ၊ ဟင့်အင်း ဖယ်ပါ ၊ ဖယ်ပါ ။ ကျွန်မ သေချင် တယ် ”

“ မလှခင်ရယ် ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ ၊ အေးအေး ဆေးဆေးပြောပြပါ ”

ဒါနဲ့ သူ့ကို ဖြစ်ကြောင်း အကုန်အစင် ပြောပြလိုက်တယ် ။

“ ဒီကိစ္စ သူတာဝန်ယူပါ့မယ် ။ ဘယ်သူ့ကိုမှလည်း အမှန်ကို ဖွင့်ပြောမနေပါနဲ့ ။ အခုရတဲ့ ကလေးက ကျွန်တော့် ကလေးပေါ့ဗျာ ။ မလှခင် ကို ကျွန်တော် လက်ထပ်ယူပါ့မယ်တဲ့ ။ အဲဒီ လူက ဘယ်သူ ထင်လဲသိရဲ့လား ။ ရှင်တို့ အပြစ်တင်ပြီး ပြောပြော နေတဲ့ အရက်သမားကြီး ကိုဘ ထွန်းပါပဲရှင် ။ ကဲ ... သူ့ရဲ့ နှလုံးသားလေး ဘယ်လောက် ချစ်စရာကောင်းလဲ မတင်ပု ။ သူ့ကိုယ်က ထွက်တဲ့ အရက်နံ့ တွေက ချဉ်စုတ်နေအောင် ပြင်းပြင်းထန်ထန် နံစော်နေပေမယ့် သူ့ရဲ့ကိုယ်ကျင့်တရားဟာ ပန်းရနံ့လို သင်းပျံ့နေပါတယ် ။ ဖြူဖြူ စင်စင် ကြည်ကြည်လင်လင် ရှိတဲ့ မေတ္တာတရားလည်း ပြည့်ဝနေသူမို့ ကျွန်မချစ်တာကို အပြစ်မတင်သင့်ပါဘူးရှင် ။ ရုပ် ဝတ္ထု ဟန်ပန်တွေကိုပဲ အထင်ကြီးနေတဲ့ လူတွေ ၊ ဥစ္စာဓနငွေတွေ လွှမ်းခြုံထားတဲ့ လူတွေဟာ ဒြပ်မဲ့ဖြစ်တဲ့ ကိုယ်ကျင့်တရားကို ဘယ်မြင်နိုင်မလဲ ။ တန်ဖိုး ဘယ်ထားမလဲ ။ သူရဲ့ အနံ့ပြင်းဟာ ကျွန်မအတွက် မြတ်မြတ်နိုးနိုး တန်ဖိုးထားရဆုံး ရနံ့သင်းတစ်ခုလို့ မြင်ပါတယ် ။ “ အနံ့ပြင်းရဲ့ ရနံ့သင်း ” လို့ပြောရင် မမှားပါဘူးနော် ။ ဒါလောက်ဆို ရှင်းလောက်ပါပြီ မတင်ပု ရယ် ။ ကျွန်မ ပြန်ပါဦးမယ် ။ ဈေး တောင်းလေးကို မ ပေးပါဦးရှင် ”

“ ဟေ့ ... ဟေ့ နေဦး ။ တစ်ခုကျန်နေသေးတယ် ။ နင့်ကို မတရားပြုကျင့်သူက ဘယ်သူလဲ ။ အဲဒါ ပြောသွားဦး မလှခင် ”

“ ဪ … အဲဒီလူလား ၊ ပြောပြပါမယ် ။ အဲဒီလူကလေ ရှင့်ရဲ့ယောက်ျား ကိုဘဒင် ။ လူ ယုတ်မာကြီး ကိုဘဒင် ၊ ကဲ သိပြီလား ။ အဲဒီလူကမှ ရေမွှေးတွေ ဆွတ် ၊ ပုဆိုးအသစ် အင်္ကျီအသစ် ဝတ်ပြီး လူအထင်ကြီးအောင် ဟန်လုပ်နေတာပါ ။ မဟုတ်တာ လုပ်တာကို ဖုံးကွယ်ချင်လို့ ပုတီးစိပ်ပြနေတဲ့ ရှင့်ယောက်ျား ။ သူဟာ ရေမွှေးတွေနဲ့ ။ ဒါပေမဲ့ ရနံ့ မသင်းဘူး ၊ အပုပ်နံ့တထောင်းထောင်း ထနေတဲ့ အနံ့ပြင်း ။ ကဲ သိပြီလား ၊ ရှင့်ရဲ့ အချစ်တုံးကြီး အကြောင်း ”

“ ဟော့ ... ဟော့ ”

⎕ ကျော်ဘုန်းမြင့်
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
     အောက်တိုဘာ  ၊ ၂၀၁၇

No comments:

Post a Comment