❝ ကျွန်တော်နှင့် ဖြတ်သွားဖြတ်လာ ဟာသများ - ၁၇ ❞
( အဇ္ဈတ္တ )
ကွန်ကရစ်လောင်းထားတဲ့ ရန်ကုန် ပလက်ဖောင်းတွေပေါ် လျှောက်မိတိုင်း ဒီရန်ကုန် ဆိုတာကြီးကို အူတိအူချာနဲ့ ရောက်လာခဲ့တဲ့ ကိုယ့်အကြောင်း ကိုယ် ပြန်တွေးမိသည် ။ သံတိုသံစ အရောင်းအဝယ်လုပ်တဲ့ သံကုလားကြီး ကိုလှမြင့်ရဲ့ ဟာသလေးကိုလည်း ပြေးပြေးသတိရမိသည် ။ သံကုလားကြီးက “ ဟာရေး ... သံကုလားနော် .. အရမ်း အတယ် ။ ရန်ကုန်ကို ဟိုးအဝေးကြီးကနေ သင်္ဘောမှား စီးပြီး ရောက်လာတယ်နော် ။ မျက်စိလည်ပြီး မပြန်တတ်တာနဲ့ သံတိုသံစ အလုပ်လေး လုပ်နေတာ နှစ် ( ၄၀ ) လောက်ပဲ ရှိပါတယ် ။ ဒါပေမဲ့နော် သံကု,လားတို့က အ တုန်း ” ... လို့ ကု,လားသံဝဲဝဲနဲ့ အမြဲပြောတတ်သည် ။ တကယ်တမ်းကျ သံကု,လားကြီးက ဂိုဏ်းချုပ် ... ။ သံတိုသံစနဲ့ အတော့်ကို ကြီးပွားနေသူဖြစ်သည် ။ ကျွန်တော့်မှာတော့ ရန်ကုန် ရောက်လာတာ နှစ် ( ၂ဝ ) ကျော်ခဲ့ပြီ ... ကိုယ့်ဟာကိုယ် လည်တယ်လို့ ထင်နေတုန်း ... ။
တကယ်တော့ ရန်ကုန်ထဲမှာ ကျွန်တော် ကျွမ်းကျွမ်းကျင်ကျင် သွားလာတတ်တာ ဆိုလို့ ၄ - ၅ နေရာ ဝန်းကျင်သာရှိသည် ။ လိုင်းကား စီးရင်လည်း စပယ်ယာကို ဘယ်နေရာလေးရောက်ရင်တော့ ပြောပါဦးဆိုပြီး သတိပေး ခိုင်းနေရဆဲ .. ။ ဟိုဒီ မစူးစမ်းဘဲ ဗီအိုင်ပီအပွင့်အခက်ကြီးရဲ့ခြံဝ ရှူး ပန်းမိလို့ လိုက်ဖမ်းတဲ့ရဲဘော်တွေ မမိအောင် သေးကြောတန်းလန်းဖြတ်ပြီး ကျား လိုက်ခံရသူလို ပြေးခဲ့ရဖူးသည် ။ စီမံချက်ရှိမှန်း မသိဘဲ လမ်းဖြတ်ကူးမိလို့ မော်တော်ပီကယ်လက်က လွတ်အောင်လည်း အူယားဖားယား ထွက်ပြေးခဲ့ရဖူးသည် ။ ရေဘင်စာတန်းပါလို့ ကော်မျက်မှန်ကြီးကို ရေဘင်အစစ် ဆိုပြီး ဈေးကြီးပေးဝယ်တပ်ခဲ့ဖူးသည် ။ ရန်ကုန်လက်ချာတွေက ရိုးကို ရိုးမသွားဘဲ ယခုတိုင် လက်ချာပေးခံနေရဆဲ ဖြစ်သည် ။
ဒီလို လက်ချာတွေနဲ့ ရှုပ်ထွေးနေတဲ့ မြို့ပြကြီးမှာ နှစ် ၂ဝ ကျော်ကြာ အူချာချာဖြတ်သန်းရင်း အရေထူသထက်သာထူလာပေမယ့် ကျွန်တော့်မှာ တောသားက တောသားပင် ဖြစ်သည် ။ သို့သော်ငြားလည်း ခြေဗွေပါတဲ့ ကျွန်တော် ... နယ်တွေဆီ ရောက်တဲ့အခါ မှာတော့ ‘ ရန်ကုန်က လာတာ ’ ဆိုတဲ့ အသိအမှတ်ပြုမှုကို မလွှဲမရှောင်သာ ခံရတော့သည် ။ တစ်ခါတုန်းက ကျွန်တော် ခြေစင်္ကြာဖြန့်ရင်း သူငယ်ချင်း မောင်စိုးအောင်တို့ရဲ့ ရှမ်းကုန်းရွာလေးဆီ ရောက်သွားသည် ။ ပင့်သာဘူတာ ကနေ လှည်းလမ်း ၊ တောလမ်းအတိုင်း ဆိုင်ကယ်နဲ့ အတော်မောင်းဝင်ရသည် ။ လမ်းက လမ်းရယ်လို့တောင် ခေါ်ချင်စရာ မရှိ ၊ အတော့်ကို ဆိုးသည် ။ အဲဒီ ရွာလေးမှာ ကျွန်တော် ရက် ၂၀ခန့် နေခဲ့စဉ် အတွင်းမှာ ရခဲ့တဲ့ ဖြတ်သွား ဖြတ်လာ ဟာသလေးတစ်ခုကို ယခုတိုင် မမေ့သေး ။
ဝေးလံသီခေါင်တဲ့ နေရာဆိုတော့ ရန်ကုန်က ရောက်လာတဲ့ လူကို သူတို့ စိတ်ဝင်စားပုံရသည် ။ တစ်နေ့မှာတော့ စိုးအောင် မပါဘဲကျွန်တော် တစ်ယောက်တည်း ရွာဘုံဆိုင်လေးဆီ ရောက်သွားသည် ။ ခြံဝိုင်းထဲမှာပဲ ဖျာလေးခင်းပြီး တစ်ယောက်တည်း ထိုင်နေတဲ့ ကျွန်တော့်ကို တွေ့တော့ အိမ်ပေါ်မှာ ဝိုင်းဖွဲ့ နေသူတွေရဲ့ စကားဝိုင်းထဲမှာ ရန်ကုန် အကြောင်း တစ်ပိုင်းတစ်စ ပါလာသည် ။ သူတို့ထဲက တစ်ယောက်က ရန်ကုန်ကို ရောက်ဖူးထားပုံ ရသည် ။ ပြီးတော့ ဆံပင်ဖားလျား ၊ ဂျင်းဘောင်းဘီနဲ့ ကျွန်တော့်ကို သူ အထင်မကြီးကြောင်းလည်း ပြောချင်နေပုံရသည် ။ ကံကောင်းတာက စိုးအောင်က ဒီရွာမှာ အတော် မိုက်ပြထား ၊ ပေပြထားတော့ ကျွန်တော့်ကို သူ တိုက်ရိုက်တော့ မပြောရဲ ။ စောင်းပါးရိပ်ခြည် မကြားတကြားနဲ့ ပြောသည် ။ သူတို့ချင်း ပြောတာကို နားဆင်ကြည့်ပါဦး ကျွန်တော့်မိတ်ဆွေတို့ .... ။
“ အလကားပါကွာ ။ ရန်ကုန်ဆိုတာ ဘာမှ အထင်ကြီးစရာ မလိုပါဘူး ။ ငါ ရောက်ဖူးသားပဲ ။ ငါ့ဦးလေးက မြို့လယ်ကောင်မှာ နေတာပဲဟာ ။ နွားတောင် ဘယ်နားလွှတ်ကြောင်းရမှန်း မသိဘူး .. ။ မပျော်တာနဲ့ ငါ မြန်မြန် ပြန်လာတာ .. ”
“ ဆူးလေဘုရားရော ဖူးခဲ့သေးလား ”
“ အဲ .. ဆူးလေတော့ မရောက်ခဲ့ဘူး ။ မြို့ပြင်ဘက်မှာ အဝေးကြီးကွ ။ ကားဂိတ်ဆုံးနေမှာ .. ။ ကားတွေက ဆူးလေ .. ဆူးလေနဲ့ ဆူးလေမှာ ဂိတ်ဆုံးတာကွ .. ”
ဒီလူ အတည်ပြောနေတာမှ ဟုတ်ပါလေစ .. ။ ချက်အရက်တန်ခိုးနဲ့ အာပေါင်အာရင်းသန်သန် ပြောနေတဲ့ ဒီလူ့စကား ကြားပြီး ရန်ကုန်သားအတု ကျွန်တော်ပင် အူချာချာ ဖြစ်သွားသည် ။ မြို့လယ်ကောင်မှာ နေတာလို့လည်းပြောသေး ... ဆူးလေ ကိုလည်း မြို့ပြင်ဂိတ်ဆုံးမှာတဲ့ ... ။ ဝိုင်းတော်သားတစ်ယောက် “ မင်း ... ဘဒွေးက ဘယ်မှာနေတာလဲ ” လို့ ဝင်မေးလိုက်လို့သာ တော်တော့သည် ။ မေးတော့ သူက ခပ်တိုတို ပြန်ဖြေသည် ။ ရွှေပြည်သာမှာ .. တဲ့ ။ သူ့ တွက်ကိန်းနဲ့ သူကတော့ ကွက်တိ .. ။
ရွှေပြည်သာ ဆိုတော့ ရွှေပြည်သာကနေ ၁၂၄ လိုင်းကားနဲ့ လိုက်လာတုန်းက တွေ့ခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းလည်း ကျွန်တော် ပြောချင်လာသည် ။ အမျိုးသမီးက အသက် ၅ဝ ဝန်းကျင် ရှိပြီ ။ အတူ ထိုင်စီး လာတဲ့ အမျိုးသမီး နောက်တစ်ယောက်လည်း အသက်ချင်း မတိမ်းမယိမ်းပင် ။ နှစ်ယောက်စလုံး ရွှေတွဲလဲ ငွေတွဲလဲ ၊ ဟန်းဖုန်းကိုယ်စီနှင့် .. ။ နှစ်ယောက် မတူတာက ကျွန်တော့်ဇာတ်ဆောင် အမျိုးသမီးက စကားကို ဖောင်နေအောင် ပြောသည် ။ သူစကားထဲမှာ အိမ်ခြံမြေတွေအကြောင်းပါတော့ အိမ်ပွဲစားဖြစ်ဖို့ များသည် ။ အသံကလည်း အသံဝင်နေတဲ့လူ စကားပြောသလို ရှတတ အသံမျိုးဆိုတော့ တခြား ခရီးသည်တွေလည်း ထူးခြားတဲ့ အသံပိုင်ရှင် အမျိုးသမီးပြောသမျှကို ကျွန်တော့်လိုပဲ လိုက်နားထောင်နေကြသည် ။
သူကြုံခဲ့ရသမျှကို အသံနှစ်မျိုးနဲ့ ဇာတ်စုံခင်းပြနေသလိုပင် ... ။ ကလေးချင်း ကစားရာကနေ မိသားစုနှစ်စု ရိုက်ပွဲဖြစ်တဲ့ ဇာတ်မှာတော့ ‘ ကစား ’ ဆိုတဲ့ စကားလုံး နေရာမှာ သူက ‘ စကား ’ ‘ စကား ’ နဲ့ ပြောင်းပြန်ပြောတတ်သည် ။ ဒီလို ပြောတဲ့သူမျိုးကိုတော့ ကျွန်တော် အရင်ကလည်းတွေ့ ခဲ့ဖူးသည် ။ ဒါပေမဲ့ အဲဒီသူတွေက ဒီလို ပြောင်းပြန်စကားကို တစ်ခွန်းတလေသာ ပြောသည် ။ ဒီအမျိုးသမီးကတော့ ဒီကားပေါ်မှာ စကားပြောချန်ပီယံ ဖြစ်သလို အဲဒီ ‘ စကား စကား ’ ဆိုတာကို မကြာခဏ ပြောနေတော့ ကျွန်တော် ရယ်ချင်ပက်ကျိတော့ ဖြစ်နေပြီ ။ ရှည်လျားသော ခရီးတစ်လျှောက်လုံး ရှည်လျားသော စကားကို မမောနိုင်မပန်းနိုင် ပြောခဲ့တဲ့ အမျိုးသမီးကတော့ ဘေးဘီကို မကြည့်ဘဲ ဇာတ်စုံ ခင်းဆဲ .. ။ သိမ်ကြီးဈေး အကျော်မှာတော့ အမျိုးသမီးက သူ ဆင်းဖို့ကို သတိရပြီး ထိတ်ထိတ်ပြာပြာနဲ့ စပယ်ယာကို လှမ်းအော်ပြောလိုက်သည် ။
“ မှတ်တိုင်တွေတောင် ကျော်ကုန်ပြီလားမသိဘူး .. ဟဲ့ဟဲ့ ... စပယ်ယာမောင်လေး ... ဘိုလကေးဈေး ရောက်ရင်ပြောဦး .. ”
ခရီးသည်တွေ ဒီတစ်ခါတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးကြပြီ ။ တချို့ကလေးမတွေ တခစ်ခစ်ရယ်ကြသည် ။ ဒီအမျိုးသမီးကတော့ သူ့ဟာသူ ဘာမှန်းမသိ ။ အဖော် အမျိုးသမီးက “ နင့်ဟာကလည်း ဘိုကလေးဈေး လုပ်စမ်းပါဟဲ့ ” .. ဆိုမှ သူ့အမှားသူ သတိရသွားပြီး အဖော် အမျိုးသမီးလက်မောင်းကို ဖတ်ကနဲ ရိုက်ကာ ဝမ်းတွင်းလှိုက်သံနဲ့ တဟီးဟီး ရယ်တော့သည် ။ ရှက်ရယ်ဆိုတာ ဒါမျိုး ထင်ပါရဲ့ ။ အဲဒီအချိန်မှာပဲ စပယ်ယာကိုလူနောက်က ထအော်တော့သည် ။
“ ကဲ .. ဟို .. ဘိုလကေးအစ်မကြီး ...ဘိုလကေးအစ်မကြီး ... ထွက်ထား .. အခုရပ်မှာ ဘိုလကေး ဈေးမှတ်တိုင်ပါခင်ဗျ .. ”
ဒေါ်ရှပ်ပြာ ရှက်ရှက်နဲ့ ဆင်းပြေးသွားတော့သည် ။ သူ လုပ်သွားလို့ ဘိုကလေးကို ဘိုလကေး ၊ ပုဇွန်တောင် ကို ပုတွန်ဇောင် ဆိုပြီး ပေါက်ကရ နာမည်တွေ ကျွန်တော်လျှောက်တွေးမိနေသည်မှာ ယခုတိုင် ။ စကားပြောလောတဲ့ မရှပ်ပြာက ကားသမား ကိုလူနောက်နဲ့မှ တည့်တည့်တိုးရသည်ကိုး ။ အဲဒီ ကားသမား ကိုလူနောက် တစ်ယောက်နဲ့ ကျွန်တော်လည်း တည့်တည့် တိုးကာ ဒုက္ခရောက်ခဲ့ရဖူးသည် ။
ဒုက္ခရောက်ပုံက ဒီလို ... ။
တစ်နေ့ ၊ တိုက်ကြီးကနေ ည ရ နာရီ ပြန်ခဲ့သည် ။ ညကားတွေရဲ့ ထုံးစံက သူတို့ရဲ့ စီးနေကျကုန်သည်တွေ မရောက်မချင်း စောင့်တတ်သည် ။ အဲဒီတော့ အရင်ရောက်နေကြတဲ့ ခရီးသည်တွေခမျာ အတော့်ကို စိတ်ရှည်ရှည်ထားပြီး စောင့်ရသည် ။ မစောင့်ချင်လို့ ကား ပြောင်းစီးဖို့ဆိုတာ ဒီညကားတွေ အားလုံးက အတူတူနဲ့ အနူနူ ဆိုတော့ အချိန် ပိုကြာတာပဲ အဖတ်တင်သည် ။ အဲဒီတုန်းက အေးတဲ့ ဆောင်းကာလမို့ ဆောင်းရဲ့ သဘောသဘာဝအတိုင်း လူက ခဏခဏ ဆီးသွားချင်သည် ။ ဒါနဲ့ကားပေါ်ထိုင်စောင့်ရင်းနဲ့ လမ်းမှာ ထပ်မဆင်းရအောင် ကျွန်တော် တစ်ကြိမ် တော်ရာမှာ အပေါ့သွားစွန့်လိုက်သည် ။ ကိုယ်ကသာ ကားထွက်သွားမှာ စိုးလို့ သုတ်သီးသုတ်ပြာ စွန့်လိုက်ပေမဲ့ ကျွန်တော် ကိုယ့်နေရာကိုယ် ပြန်ထိုင်တော့လည်း ကားက မထွက်သေး ။ နောက်ထပ် နာရီဝက် ၊ လေးဆယ့်ငါးမိနစ်လောက် ကြာမှ ကုန်သည်မကြီးက သနပ်ခါးအဖွေးသား မွှေးကြိုင်ပြီး ရောက်လာတော့သည် ။
ဒီတစ်ခါတော့ ကျွန်တော် စီးနင်းလိုက်ပါလာတဲ့ စီးတော်ယာဉ်ကြီးက အောင်မြင်စွာ စတင်ထွက်ခွာတော့သည် ။ ကားထဲမှာ ကုန်ထုပ်တွေ ၊ ခြင်းကြားတွေ ၊ လူတွေနဲ့ ကြပ်သိပ်နေပေမယ့် ဆောင်းညမို့ ကြပ်တာလေးကို ပင် ကျေးဇူးတင်ရသေးသည် ။ ဒီလိုနဲ့ တစ်နေရာပြီး တစ်နေရာ ရပ်လိုက် ၊ တင်လိုက်နဲ့ တအိအိ ထွက်ခွာလာတာ သနပ်ခါးအဖွေးသား ကုန်သည်မကြီးဆို အိပ်ငိုက်လို့ပင် နေလေပြီ ။ ကျွန်တော့်မှာတော့ မအိပ်နိုင် ။ အဘယ်မှာလျှင် အိပ်နိုင်ပါမည်နည်း .. ။ ဆီးက ပြန်အောင့်လာနေပြီကိုး ။ ခရီးသည်တို့ ခံစားရတဲ့ ဝဋ်ဒုက္ခဆိုတော့ ကျွန်တော် ကြိတ်မှိတ်တောင့်ခံသေးသည် ။ အောင့်နိုင်သမျှ အောင့်ထားတဲ့ ကြားကပဲ တောင့်ခံအား ရေကာတာက ကျိုးပေါက်လုမတတ် ဆိုတော့ စပယ်ယာကောင်လေးကို ဖွင့်ပြောမိသည် ။ ကောင်လေးရှေ့မှာ ကုန်တင်ဖို့ ရှိတယ် ။ အဲဒီမှာ ဆင်းပေါက်လိုက်တဲ့ ။ သူ ပြောသလိုပဲ ကားက ရပ်သည် ။ ဒါပေမဲ့ ကြည့်လေရာက မီးရောင်တွေ ထိန်ထိန်လင်းနေတော့ ကျွန်တော့် ဘယ်ချောင်ကို ပြေးရမှန်းမသိ ။
“ ဦးလေး ... ဟိုကုန်ကားဘီးကိုပဲ ပန်းလိုက် ။ ကျွန်တော်တို့လည်း အဲဒီလိုပဲ ပန်းရတာပဲ .. ”
ကြည့်လိုက်တော့ မီးတွေလင်းထိန်နေတဲ့ ကုန်စုံဆိုင်တစ်ဆိုင်ရှေ့မှာ ဒိုင်နာကုန်ကား ခပ်ကြီးကြီးတစ်စီး ကန့်လန့် ပိတ်ရပ်ထားသည် ။ မတတ်နိုင်တော့ .. နောက်ဘီး အမှောင်ရိပ်လေးဆီ ပြေးပြီး ဒုက္ခကို တာစလွှတ်လိုက်သည် ။ ဒီအချိန်မှာပဲ ကားက ဝူးကနဲ စက်တွေနှိုး ၊ မီးတွေလင်းလာသည် ။ ရုတ်တရက် ချက်ချင်း မထွက်လောက်ပါဘူးအထင်နဲ့ ကိစ္စကို ပြီးအောင် ဆက်လုပ်နေတဲ့ ကျွန်တော် ... ကားက ကောက်ထွက်သွားတော့ သူများအိမ်ရှေ့မီးရောင်ထိန်ထိန် အောက်မှာ ကုန်းကွကုန်းကွနှင့် ... ။ ကျွန်တော့်အဖြစ်ကို မိတ်ဆွေများ ကိုယ်ချင်းသာစာကြည့်ပါတော့ ။ ကားဆရာနှယ် .. မိနစ်ပိုင်းလေးလောက် စောင့်ရပ်ပေးထားရင် ဘာဖြစ်သွားမှာမို့လို့ .. ။ အဲဒါနဲ့ ကျွန် တော်လည်း ဆောင်းထားတဲ့ ဦးထုပ်ကို ငိုက်ချလိုက်ပြီး ကားမူးလို့ အန်တာလိုလို ၊ တစ်ခုခု ပျောက်လို့ ရှာတာလိုလို နဲ့ အပေါ့ကို ဆုံးအောင် မသွားနိုင် ။ နေသာထိုင်သာရှိလောက်တဲ့ အချိန်မှာပဲ တိကနဲ ဘရိတ်အုပ်ပြီး ရှက်ရှက်နဲ့ ကားပေါ်တက် ထိုင်လိုက်တော့သည် ။ ပုဆိုးဝတ်မို့လို့သာ တော်တော့သည် ။ ဘောင်းဘီဝတ်သာ ဆိုလို့ကတော့ ကျွန်တော့် ဖြတ်သွားဖြတ်လာက အပိုင်း ၇ - ၈ လောက်မှာ တန်းလန်းကြီး ရပ်ရမယ့်ကိန်း ... ။ ဟိုကားသမားတွေ ကျွန်တော် ဘာလုပ်တယ်ဆိုတာ သိသိကြီးနဲ့ နောက်သွားသည် ။ ကျွန်တော် ခံလိုက်ရသည် ။ ဒါကို စပယ်ယာလေးက အလိုက်မသိ .. “ ဦးလေး ... အဲဒီဆိုင်က အပျိုကြီးတွေက ဘီလူးချောင်း ရေအားလျှပ်စစ်များ ထင်လား မသိဘူး ။ ဝိုင်းကြည့်နေတာ ” ... တဲ့ ။ လူကြီးရှက်တော့ ရယ်ရတော့တာပေါ့ ။
▢ အဇ္ဈတ္တ
📖 ရယ်စရာ မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၁၅
No comments:
Post a Comment