Monday, July 20, 2026

အလွမ်းမိုင် လွင့်လွင့်ဝေ


❝ အလွမ်းမိုင် လွင့်လွင့်ဝေ ❞
      ( လဲ့ဝင်းကြည် - ချို )

ဟိုးလွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ကျော်ကျော်က နေ့စဉ်မှတ်တမ်း ဒိုင်ယာရီလိုလိုနှင့် ဘာကို ဘယ်လိုပြောရမှန်း မသိသည့် ဗလာစာအုပ် ဟောင်းနွမ်းနွမ်း ဝါကြင်ကြင်လေးကို စာအုပ်အဟောင်းပုံ ရှင်းနေရင်း အမှတ်မထင် တွေ့မြင်မိ၍ ခံစားချက်တစ်မျိုး ရင်အုံကို တိုးလာဖွင့်လေ၏ ။ အစိုပြန်ခြင်းခံထားရသည့် ဗလာစာအုပ်အဖုံး ဝါကြင်ကြင်လေးကို သာသာဖွဖွ ကိုင်တွယ်ဆွဲဖွင့်နေလျက်ကပင် ဟိုးဝေးဝေးနှစ်များဆီမှ ဖူးငုံရွယ်လူးတို့ ကပျာကယာ ကပျာကသီ ပြေးဝင်၍ လူကို ကယုကယင် ကဖွဲ့ကနဲ့ လုပ်နေတော့သည် ။

ပထမဆုံး စာမျက်နှာမှာမည်သည့် အကြောင်းကိုများ အဘယ်ပုံ ခံစားပြီး ဘယ်လို စကားလုံး စာလုံးတွေ သုံး၍ ချရေးခဲ့ပါလေ့ ။ သွေးကြောမျှင်လေးတွေ တဖျပ်ဖျပ် ခုန်အောင်ပင် သိချင်စိတ်က လူးလွန့်နေ၏ ။ အဲ့သည်အချိန် ၊ အဲ့သည်အရွယ်မှာ မည်သို့မည်ပုံ ခံစားချက်တွေကို ဖြစ်ထွန်းစေခဲ့ပါသနည်း ။ မည်သည့် အခြေအနေ အကျိုးအကြောင်း အလုံးစုံတို့က ဘယ်လို အရာမျိုးကို ဦးတည်ခဲ့၍ စာရွက်တွေပေါ်  ခံစားချက် ရောက်အောင် သွန်ချလေသည်လဲ အတွေးစုံ ရင် ဖိုလှိုက်လျက် ပထမဆုံးစာမျက်နှာကို သာသာဖွဖွလေး လှန်ကိုင် ဖတ်ကြည့်ရန်ပြင်တော့ ဗလာစာရွက် ဝါကြင်ကြင် မျက်နှာပြင်လေးက ဖောင်တိန်မင်မည်းပြာပြာတို့ဖြင့် ကြဲပက်ထားသည့် နှယ် မင်ရည်တို့ ပြန့်နေလေ၏ ။ စာရွက်သား ညံ့ညံ့မှာ ဖောင်တိန်မင်ဖြင့် ရေးခဲ့သည့် မျက်နှာပြင်လေးက အစိုပြန်ခြင်းပါ ခံထားရလေတော့ ... ။

ဘာတွေကို ဘယ်လို ခံစားသိမြင်၍ ရေးထားမှန်း မသိရလေအောင် မင်တွေ ပြန့်နေသည့် စာမျက်နှာလေးကို ငေးစိုက်ကြည့်နေရင်းမှ -

“ ငါးမှတ် ... ငါးမှတ် ”

အသံတွေ နားစည်အတွင်း ဝင်လာ၍ ပြုံးမိသွားသည် ။

ဆရာမ လက်ဆွဲခြင်းကိုဆီးကြိုသယ်ကိုင်လာသည့် အတန်းဖော် သူငယ်ချင်းကို မြင်သည်နှင့် ဆရာမက စာမေးပွဲတွင် ငါးမှတ် တိုးပေးအောင် လုပ်နေသည့် သဘောမျိုးဖြင့် မတိုင်ပင်ရဘဲ အပြိုင်အော် ပြောင်ခဲ့သည့် သူငယ်ချင်းတွေ ... ။

“ ငါးမှတ် ... ငါးမှတ် ” ဟု အော် လှောင်ပြောင်ဆော့ ကစားရင်း ဖောင်တိန်မင်အိုးက စာရေးခုံ ၊ စာအုပ်တွေပေါ် ခဏခဏ လဲမှောက်ကျ ၊ စာရေးနေရင်းက ဖောင်တိန်မင် မထွက်တော့၍ ဖောင်တိန်ကို ခဏခဏ ခါခါပြီး ရေးရ၍ အင်္ကျီ ၊ လုံချည်တို့တွင် ဖောင်တိန်မင် ဗရပွဖြင့် ဆော့မြူးခဲ့သည့် အရွယ် ။

ဖောင်တိန် မင်အိုး ၊ကျောင်းသုံးဖတ်စာအုပ် ၊ ကွန်ပါဘူး ၊ ဆယ့်နှစ်လက်မကော်ပေတံကိုပါ အတန်းတွင်း မဲနှိုက်၍ ယူရသည့် အချိန် ၊ မူလတန်း အောင်ပြီး အလယ်တန်းစ , တက်သည့် ငါးတန်းကျောင်းသူ ကျောင်းသားကြီး ဖြစ်မှ အင်္ဂလိပ်စာ အေဘီစီဒီကို အော်ဆိုကျက်မှတ်ရင်း အင်္ဂလိပ်စာ အေဘီစီဒီ အကြီး နှင့် အသေးကို တွဲမှတ်မိအောင် သင်ယူကျက်မှတ်လျက် ဘီအသေးနှင့် ဒီအသေး ၊ ပီ ( p ) အသေးနှင့် ကြူ ( q ) အသေးခွဲခြားသိရအောင် ရေးမှတ်လျက် LMN အင်္ဂလိပ်စကားလုံး သုံးလုံးကို နှုတ်ခမ်း အဖွင့်အပိတ်ကျင့်၍ ဆိုခဲ့ကြသည့်အရွယ် ... ။ သူငယ်ချင်းတွေ ... ။

ပြည်ထောင်စုနေ့ ပြည်ထောင်စုအလံတော်ကြီးကို ကြိုဆိုရန် ဖြစ်ဖြစ် ၊ မြန်မာနိုင်ငံကို ချစ်ကြည်ရေးလာလည်သည့် အခြားနိုင်ငံမှ သမ္မတကြီးနှင့်ဇနီး ဒါမှမဟုတ် ချစ်ကြည်ရေး သွားပြီး ပြန်လာသည့် နိုင်ငံတော်သမ္မတကြီးကို ဖြစ်ဖြစ် ရန်ကုန် ၊ ပြည်လမ်း ၊ တံတားဖြူ ၊ မာလာဆောင် အင်းလျားကန်ပေါင်ရှေ့သို့ ဆရာမတွေနှင့်အတူ မနက်လေးနာရီလောက် အရောက်သွား၍ -

“ နိုင်ငံတော် သမ္မတကြီး နှင့်ဇနီး ကျန်းမာပါစေ ၊ ကျန်းမာပါစေ ”

“ နှစ်နိုင်ငံ ချစ်ကြည်ရေး ခိုင်မြဲပါစေ ၊ ခိုင်မြဲပါစေ ”

“ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အဓွန့်ရှည်ပါ စေ ”

စသည် စသည်ဖြင့် နိုင်ငံတော်အလံတွေ ဝှေ့ယမ်း နှုတ်ဆက်ကြိုဆိုပြီးချိန်မှာ နာရီက မနက်ကိုးနာရီကျော် လုလု ၊ ဗိုက်အတွင်းမှ အစာအိမ်ကလည်း အစာတောင်းသံ တကြုတ်ကြုတ်ဆိုတော့ -

“ နိုင်ငံတော် သမ္မတကြီး နှင့်ဇနီး ဗိုက်ဆာတယ် ၊ ဗိုက်ဆာတယ်”

“ နှစ်နိုင်ငံ ချစ်ကြည်ရေး မုန့်ဖိုးပေး ၊ မုန့်ဖိုးပေး ”

အော်ဆိုရင်း အကြော် လုစား ၊ ကောက်ညှင်းပေါင်း အတူစားပြီး အိမ်အပြန် လမ်းမှာ ဆော့ကစားခဲ့သည့် အရွယ် ... ၊ သူငယ်ချင်းတွေ .. ။

“ ငါ့အဘွား ရေးပေးလိုက်တာ စာမေးပွဲအောင် ဂါထာတဲ့ ”

ဟု ပြောရုံရှိသေး -

“ ငါလည်း ကူးမယ် ”

“ ငါလည်း ကူးမယ် ”

“ ငါ့ကို ကူးရေးပေးဟာနော် ”

ဟု အပြိုင် ကူးရေးကြပြီး နောက် ပါဠိပါဌ်ဆင့်တွေကို မဖတ်တတ်၍ “ ဂါထာက လည်း ခက်တယ် ၊ တော်ပြီ စာပဲရအောင် ကျက်တော့မယ် ” ဆိုပြီး စာသင်ခုံတွေပေါ် ကျော်ခွ ပြေးလွှားကစားခဲ့ကြသည့်အရွယ် ... ၊ သူငယ်ချင်းတွေ ... ။

ခုန်ပေါက်ပြေးလွှား ကစားရင်း မခို့တရို့လေးဟန်လုပ် ၊ မစို့မပို့ ရင်ခုန်သံလေးမှာ မထိတထိအကြည့်လေးတွေဖြင့် မလုံမလဲ စိတ်လေးတွေ ဖြစ်တတ်လာကြတော့ -

   ဟေ့ အချစ်
   စာကျက်မရဘူး ၊
   အိပ်လည်းမပျော်ဘူး ။

   ဟေ့ အချစ်
   စာအတူကျက် ၊
   ဂဏန်းတွက်ပြီး
   မင်းလက်ကိုတွဲ ၊
   မခွဲအတူ
   ပျော်စို့နော် ။

   ဟေ့ အချစ်
   မုန့်ဖိုးစုထား
   ကျောင်းအားသည့်ရက်   
   ဘုရားသွားမယ် ၊
   ရုပ်ရှင်ကြည့်မယ်   
   တစ်ခါတလေ
   ကျောင်းလစ်ကြမယ် ။

   ဟေ့ အချစ်
   ပျော်တယ်
   မဟုတ်လား
   ချစ်တယ်
   မဟုတ်လား ။

စာကဗျာလေးတွေ ကျောင်းစာရွက် တချို့မှာ နေရာယူတတ်လာသလို -

သတိရလား ၊ လွမ်းရင် စာကျက် ၊ သင်္ချာတွက်ပေါ့ ဟာ ၊ သတိရရင် စာစီစာကုံးရေး ၊ အဲလိုမှ မဟုတ်ရင် ကာတွန်းစာအုပ်ငှားဖတ်ပေါ့ ။ နေကျောက်ခဲနဲ့ ဟိန်းမင်းဇာ လည်း ဖတ်လို့ကောင်းတယ် ။ ပြာဂလောင် ပြာဂချောင် ၊ ကိုရွှေထူး ၊ စံရွှေမြင့် ၊ မိုက်မိုက် ( ပြည် ) ၊ သော်က ( အရိုင်း ) ၊ ရှိုင်း ( လားရှိုး ) တို့လည်း ဖတ်ပေါ့ ။ အာတာလွတ်မြို့စားကြီး နဲ့ သမီး ရှင်ဂွမ်းဂွိ ၊ ဟာကျူလီငပျော့ ၊ သူခိုးကြီး ငတက်ပြား ၊ ဦးစိတ်တိုနဲ့ မျောက်ညို ကာတွန်းစာအုပ်တွေ ငှားဖတ်ပေါ့ ။ အပျင်းပြေပြီး ရယ်ရတော့ မလွမ်းတော့ဘူးပေါ့  ။

ဆိုသည့် စာရွက်ခေါက် လေးတွေကလည်း ကျောင်းစာအုပ်တွေကြားမှာ ရှိလာတတ်သည် အရွယ် ... ။ သူငယ်ချင်းတွေ ... ။

“ အုန်းညွန့်နဲ့ သပြေ ၊ ဆီးခက်ညွန့်တမာ ” ဘုရားမှာ လှူ စာမေးပွဲအောင်ခြင်း ယတြာ ဆိုလည်း ကျောင်းအဆင်း အရွက်အညွန့်အစုံခူး ၊ လွယ်အိတ်တွင်း ထည့်လွယ် လာတတ်သည့်အရွယ် ... ။ သူငယ်ချင်းတွေ ... ။

ကျောင်းပိတ်ရက်နီးလာလျှင် စာအုပ်လေးတွေမှာ အပြန်အလှန် စာစုလေးတွေ အမှတ်တရရေးပေးရင်း စွယ်တော်ရွက်ပန်းခြောက်တို့ကို စာအုပ်ကြားညှပ်ပြီး ဘာကို ဘယ်လို လွမ်းမှန်းမသိဘဲ လွမ်းတတ်နေသည့်အရွယ် ... ။ သူငယ်ချင်းတွေ ... ။

      ကျောင်းတုန်းက သူငယ်ချင်းလို ချစ်ခဲ့ကြတာ အစစအရာရာ စောင့်ရှောက် လာကြ တကယ့်မောင်နှမ အရင်းပမာ x x x သူ့စိတ်တွေ ပြောင်းတာ အံ့သြစရာ x x x

ရေဒီယို သီချင်းကိုလည်း စည်းမကျ ဝါးမကျ ဆိုပြီး ရင်ခုန်နေတတ်သည့် အရွယ် ... ၊ သူငယ်ချင်းတွေ ... ။

သူငယ်ချင်းတွေ ... ၊ သူငယ်ချင်းတွေ ... ၊ တွေး လွမ်းတ , ရင်း မြေပုံဆွဲတော်ပြီး လက်ရေးဝိုင်းနေအောင် ရေးတတ်သည့် သူငယ်ချင်း ၊ သူငယ်ချင်းမ ... ။

“ ငါက ကြီးလာရင်လေ ပန်းချီဆရာမကြီး လုပ်ချင် တာဟ ။ ပုံတူဆွဲပန်းချီဆရာမကြီးပေါ့ ”

လို့ ပြောခဲ့သည့် သူငယ်ချင်း ။

“ ငါ ကျောင်းထွက်ရမလားမသိဘူးဟယ် ”

ဟု ပြောအပြီး နောက်ရက်တွေမှာ ကျောင်းရောက် မလာတော့သည့် သူငယ် ချင်း ။ အိမ်သွားမေးတော့ တစ်မိသားစုလုံး အိမ်ရောင်း ပြောင်းရွှေ့သွားသည်ကိုသာ သိခဲ့ရ ။

“ ငါလေ ငါ့အမေကို အရမ်းသနားတာပဲ ” စကားကို စာရေး ၊ သင်္ချာတွက်ရင်း ၊ ဆော့ကစား နေရင်းကပင် အမြဲလိုလို ကြိမ်ဖန်ထပ်အောင် ပြောပြော နေတတ်သည့် သူ ငယ်ချင်း တိုးတိုး ။ ‘ တိုးတိုး ’ သူငယ်ချင်း .... ၊ ဟုတ်သည် ။ သူငယ်ချင်း တိုးတိုး ။

“ ငါ့ကို အမေနဲ့ မတူဘူးလို့ပြောရင် ငါ အရမ်းစိတ်ဆိုးတာပဲ သိလား ၊ ပြီးတော့ ငါ့ရဲ့ ဒီနှုတ်ခမ်းထူထူကြီးကို သောက်မြင်ကတ်တယ် ”

လို့ ပြောပြီးတိုင်းလည်း သူ့နှုတ်ခမ်းသားထူထူကို ဖိကိုက်နေတတ်သည့် သူငယ်ချင်း ... ။

“ အမေ့အတွက် ” ၊ “ အမေ စားဖို့ ” ၊ “ အမေက ကြိုက် တယ် ”

ဆိုကာ ကျောင်းအဆင်း အိမ်ပြန်တိုင်း မုန့်တစ်ခုခုပါအောင် မုန့်ဖိုးထဲမှ ချန်ကာ ဝယ်ဝယ်သွားတတ်သည့် သူငယ်ချင်း ... ။

“ အမေနဲ့ ငါ့မှာ အဘွား ရှိနေလို့ဟ ၊ နို့မို့ဆို ဒုက္ခ ။ အဘွားကတော့ ငါ့ကို ပြောတယ် ။ လိမ္မာ ၊ အမေ့ကျေးဇူးဆပ်တဲ့ ကုသိုလ်ထူး ရမှာလို့ ။ ပြီးတော့ ငါ့ကို ပြောတယ် သိလား ။ ငါက ငါ့အမေ အတွက် ဘဝကပေးတဲ့ လက်ဆောင်တဲ့ ။ ငါက မသိလို့ ပြန်မေးတော့ အမေ့ကို အဘွား မရှိရင် ငါက စောင့်ရှောက်ပြုစုရမှာတဲ့ ။ ညီအစ်ကို မောင်နှမတွေက သူတို့ မိသားစုအရေးတွေနဲ့ သူတို့ဆိုတော့ အမေ့ကို စောင့်ရှောက်ဖို့ မလွယ်ဘူးတဲ့ ။ အဲဒါကြောင့် အဘွားက ငါ့ကို မှာထားပြောထားတာ ။ အဘွား မရှိတော့ရင် အမေ့ကို ငါက မွေး ... အဲ စောင့်ရှောက်ရမှာ ။ အဲဒါကြောင့် ငါက ငါ့ အမေအတွက် ဘဝက ပေးတဲ့ လက်ဆောင် ။ အမေ့အတွက် လူဖြစ်လာရတာတဲ့ ။ ငါလေ သိလား ၊ အမေ့ကို ကြည့်ပြီး အရမ်းသနားတာပဲ ။ အဘွား လည်း သနားဖို့ ကောင်းတာပါပဲ ။ အမေကတော့ ပိုသနားဖို့ ကောင်းတာပေါ့ဟာ ”

ဆိုကာ မျက်ရည်ကြည်ဥတို့ကို လွယ်အိတ်ကြိုးဖြင့် အသာသုတ် ဖယ်ရှားနေတတ်သည့် သူငယ်ချင်း ။

“ အမေ့ အစ်ကို အကြီးဆုံး ငါ့ဦးကြီးကတော့ အိမ်လာတိုင်း ငါ့ကို စိတ်အား မငယ်နဲ့ စာကြိုးစား ၊ အမေ့ကိုလည်း ဂရုစိုက် ၊ အဘွားစကားလည်း နားထောင်ဆိုပြီး မုန့်ဖိုးတွေ ပေးပေးသွားတယ် ။ အမေ့ကိုလည်း မုန့်တွေ ဝယ်ပေး ၊  ဝယ်ကျွေးတယ် ။ အဘွားကိုလည်း ကန်တော့တယ် ။ အဲ့သည် ဦးကြီးက တစ်ခါတစ်ခါမှ အိမ်လာတာဟ ။ ဦးကြီးက မြစ်ကြီးနားမှာ နေတာတဲ့ ”

စကားကိုလည်း ပြောပြတတ်ပြီး -

“ ငါ ပန်းချီဆရာမကြီး ဖြစ်ရင် အမေ့ပုံပဲ ဆွဲမှာ ။ ငါ့ပုံကို ငါ ဘယ်တော့မှ မဆွဲဘူး သိလား ”

ဟုလည်း ပြောတတ်ကာ ငေးငေးငိုင်သွားသည့် သူငယ်ချင်း ... ။

“ ငါတို့အိမ်နား မုန့်ဆိုင်က အန်တီကြီးပြောပြတာလေ ။ အဘွားကိုလည်း အဲ့ဒီ အန်တီပဲ ပြောပြတာ ။ အသား ညိုညို ၊ မျက်လုံး ပြူးပြူး ၊ နှုတ်ခမ်း ထူထူနဲ့ အဲ့လူပဲ ဖြစ်မှာလို့ အမြဲပြောပြီး စိတ်ဆိုး ဒေါသထွက်နေရော ။ အဲဒီလူက အန်တီကြီးဆိုင်ရှေ့ကနေ ညနေတိုင်းလိုလို ဖြတ်ဖြတ်သွားတာတဲ့ ။ အမေကလည်း အဲဒီ အန်တီကြီးဆိုင်ရှေ့ ခုံတန်းမှာ သွားသွားပြီး ထိုင်တတ်တယ်လေ ။ အဲ့ဒီလူက အမေ အန်တီကြီးဆိုင်ရှေ့မှာ ထိုင်နေတာ တွေ့ရင် ဆေးလိပ် ၊ ကွမ်း ဝင်ဝင်ဝယ်တယ်တဲ့ ။ ပြီး အမေ့ကို ဆီးထုပ် ဒါမှမဟုတ် ပဲစေ့လှော် ဝယ်ဝယ်ကျွေးတာတဲ့ ။ အမေက ဘာမှတော့ မပြောဘူး ။ ပြုံးပြုံး ပြုံးပြုံးနဲ့ လုပ်ပြီး ထိုင်နေတာ ။ အဲ့ဒီလူ မုန့်ဝယ်ကျွေးလည်း ယူစားပြီး ထိုင်နေတာတဲ့ ။ အဲ့ဒီ အန်တီက သေချာပြောတာ ။ တစ်နေ့တဲ့ အမေ့ကို မုန့်ထုပ် ဝယ်ကျွေးပြီး ဆိုင်က ပြန်လှည့်အထွက်မှာ ရှေ့ ခပ်လှမ်းလှမ်းမှာ ဖွင့်ထားတဲ့ ရေခဲခြစ်ဆိုင်ကို လက်ညှိုးထိုးပြပြီး -

“ ရေခဲခြစ် စားမလား လာလိုက်ခဲ့ ” ဆိုပြီး ခေါ်သွားတာ အန်တီကြီးက သိလိုက်တယ်တဲ့ ။ ဆိုင်နဲ့လည်း နီး ၊ အိမ်နဲ့လည်း နီးတော့ သူ အမှတ်တမဲ့ ဖြစ်သွားတာ ။ သူ့အပြစ်လည်းပါတယ် ဆိုပြီး စိတ်မကောင်းဖြစ်နေတာ အဲ့ဒီ အန်တီကြီး က ။ အဲ့ဒီ လူက နောက်ပိုင်း သူ့ဆိုင်ရှေ့ကနေ ဖြတ်ဖြတ်သွားတာ မတွေ့ရတော့ဘူးတဲ့လေ ။ အမေ့မှာလည်း ...”

စကား ဆက်မဆိုတော့ဘဲ မျက်ရည်ဥတွေကို အင်္ကျီ လက်မောင်းဖြင့် သုတ်ရင်း -

“ ငါဝမ်းနည်းတယ် သိလား ၊ အမေ့ကိုလည်း သနားတယ် ။ ငါတို့ဘဝက ဆိုးတယ် ”

ဟု ပြောပြောပြီး လက် သည်းထိပ်လေးတွေကို ကိုက်ဖဲ့နေတတ်သည့် သူငယ်ချင်း ။ စိတ်အာရုံချို့တဲ့နေသူကို မိုက်ရိုင်းယုတ်ညံ့စွာ ပြုကျင့် နိုင်စားသွားသူကရော အဘယ်စိတ်ဘဝမျိုးဖြင့် နေ ထိုင်ရှင်သန်နေပါသည်လဲ ။

အသိဉာဏ်ချို့ယွင်း အားနည်းနေသည့် မိန်းမသား တစ်ဦးကို ပြုနိုင်ရက်သူ ၊ ပြုလေသူက တဒင်္ဂ လူစိတ် ကင်းကွာ လူမဆန်မှုတွေကြောင့် နိုင်စားခံရသူတစ်ဦးပင် မက ပတ်ဝန်းကျင်ပါ အပူ သောက လှိုင်းသင့်လျက် ခံစားနေရသူနှင့် အပြိုင် ခံစားရမည့်သူ တစ်ဦး နောက်ထပ် တိုးပွားလာကာ အနာဂတ် ရှင်သန်ရပ်တည်မှုအတွက် ခက်ခဲရလေဦးမည် ။

“ ငါလေ … ငါ့အဘွား ပြောသလို ငါ့အမေအတွက် လူဖြစ်လာတာ ။ ငါ့အမေကို အရိပ်ပေး ပြုစုရမယ်ဆိုတာကိုပဲ တွေးပြီး ပျော်အောင်နေတော့မယ် သိလား ”

ရှိုက်သံ မမြည်အောင် အားယူပြောပြီး ကျောင်းစာလုပ်နေတတ်သည့် သူငယ်ချင်း ။

မတွေ့ရသည်မှာ နှစ်ပေါင်းအလွန်ကြာနေပြီ ။ သုံးဆယ် ။ ဟုတ်သည် နှစ်ပေါင်း သုံးဆယ်ကျော်သွားပြီ ။

သူငယ်ချင်း အခုချိန်မှာ ဘယ်လို ဘဝပေးအခြေဖြင့် ရင်ဆိုင်ပြီး လောကဓံလှိုင်းစီး ခံနေရပြီလဲ ။ သူငယ်ချင်း ပြောသည့် သူငယ်ချင်းအမေ့ပုံကို ဘယ်လို မျက်နှာပြင်ထက်မှာ ရေးဆွဲနေပါသည်လဲ ။ သူငယ်ချင်း ... သူငယ်ချင်းဘဝ မျက်နှာပြင်ကိုလည်း အဘယ်နည်းဖြင့် ရေးဆွဲခြင်း ရေးဆွဲ နေပါသည်လဲ ။

သူငယ်ချင်းအမေ့ အတွက် အရိပ်တွေ ပေးဝေရင်း သူငယ်ချင်းကိုလည်း အရိပ်ပေးဝေနိုင်သူတွေဖြင့် ချမ်းမြေ့ အေးငြိမ်းသာနေပါစေ သူငယ်ချင်း ... ၊ သူငယ်ချင်း ... ။

သူငယ်ချင်းကို သတိတရ ဆုခြွေပေးနေရင်းကပင် လွင့်မျောသွားတတ်သည့် စိတ်အာရုံများက ရင်အုံကို တမ်းတစိတ်တို့ဖြင့် ဖွဲ့တည်လျက် ကုန်လွယ်လွန်းသည့် အချိန်၏ တိုက်စားမှု နောက်ကို ကောက်ကောက်ပါအောင် လိုက်ပါတတ်သည့် အရွယ် ကလည်း ပြန်တ , ခေါ်ငင်မရသည့် အတိတ်အိုတွေပေါ်  မှီတည်ပြီး လက်တွေ့မဆန်နိုင်တော့သည့် နုပျိုသစ်လွင်မှုထဲ နှစ်ဝင်ကာ ဟိုးဝေးဝေးက လွင့်လွမ်းလာသည့် အလွမ်းများစွာကို ပိုက်ပွေ့သီယူဖို့ ကြိုးစားရင်း နောက်စာမျက်နှာလေးကို တမ်းတမ်းတတ သာသာဖွဖွလေး ကိုင်လှန်လိုက်တော့ ... ။

ရှေ့စာမျက်နှာလိုပင် မင်တွေက ပြန့် ... ။

⎕ လဲ့ဝင်းကြည် ၊ ချို ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     အောက်တိုဘာ ၊ ၂၀၁၉

No comments:

Post a Comment