Friday, July 17, 2026

ဟောင်းတစ်ခေတ်က ပုံဒဏ္ဍာ

❝ ဟောင်းတစ်ခေတ်က ပုံဒဏ္ဍာ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

“ ဘယ်သူတွေပါလိမ့် ”

ဘကြီးကြွက်သည် တဲပုတ်ကလေးရှေ့ဆီသို့ ခေါင်းကို မော့ကာ နားစွင့်ရင်း ညင်ညင်သာသာ မေးလေသည် ။ တဲပုတ်ကလေး ဖိနပ်ချွတ် ကပြင်မှာ ကိုဆေးရိုးတို့ သားအဖ ဖြည်းဖြည်းသက်သာ နင်းသည့်တိုင်အောင် အကွပ်ဖြင့် ကင်းဝေးခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော ဝါးကြမ်းဆွေးနှင့် ဆင့်ဝါးများ လူးလိမ့်ထောင်ကြွကြသဖြင့် တဲကလေးအတွင်းဝယ် ဆူညံသွားလေ၏ ။ ကိုဆေးရိုးတို့ သားအဖမှာ ကြမ်းပေါက် မကျွံအောင် သတိထားပြီး အိမ်မပေါ်သို့ လှမ်းတက်နေရသည့် အတွက် ဘကြီးကြွက်၏ အမေးကို ရုတ်တရက် မဖြေနိုင်ကြသေးပေ ။ သို့ကြောင့် ဘကြီးကြွက်က ကြမ်းပြင်ကို လက်ဝါးဖြင့်ပုတ်၍ အော်လိုက်လေသည် ။

“ ဟဲ့ ခွေး ”

“ ခွေးမဟုတ်ပါဘူး ဘကြီးကြွက်ရဲ့ ၊ ကျုပ်တို့ပါဗျ ”

ကိုဆေးရိုးက အသံပေးရင်း ဘကြီးကြွက် အနားသို့ ချဉ်းကပ်လာ၏ ။

“ ကျုပ်ပါ ဆိုတာ ဘယ်သူလဲဟေ့ ”

ဘကြီးကြွက်က နားကို ပေ၍ စူးစိုက်ထားရင်း ထပ်မေးသည်တွင် ကိုဆေးရိုးက ဘကြီးကြွက်နှင့် လက်တစ်ကမ်းတွင် ဝင်ထိုင်လိုက်သည် ။

“ ဆေးရိုးပါ ဘကြီးရဲ့ ”

“ ဪ ဆေးရိုး ... အေး အေး ”

ဘကြီးကြွက်က ဝမ်းမြောက်ကျေနပ်သံကြီးဖြင့် ရေရွတ်လိုက်ပြီးနောက် ကြမ်းပြင်ကို လက်ဖြင့် လျှောက်ပွတ် စမ်းနေသဖြင့်

“ ဘာရှာတာလဲ ဘကြီးရဲ့ ”

“ ဆေးလိပ်ပါကွာ ၊ မင်းကို ဆေးလိပ်တည်ချင်လို့ ”

“ ဘကြီး ၊ ဆေးလိပ်က ဒီမှာလေ ”

ကိုဆေးရိုးက တစ်ဝက်မျှ ကျန်သေးသော ပြောင်းဖူးဖက်ဆေးလိပ်တိုကို ကောက်ပေးလိုက်ရာက “ နေပါ စေ ဘကြီးရဲ့ ၊ ကျုပ်မှာ ပါပါတယ် ” ဟု ပြောလိုက်သည် ။

“ အေး အေး... မင်း ပျိုးတွေ ဘာတွေကော စုံပြီလားဟေ့ ”

“ စုံသွားပါပြီ ဘကြီးရဲ့ ”

“ နို့စိုက်ခင်းတွေကော ခွဲပြီးသွားပြီ ထင်ပါရဲ့ ဟုတ်လား ”

“ ပြီးသင့်သလောက်တော့ ပြီးပါပြီ ဘကြီးရယ် ၊ အလုပ်ကို လူက နိုင်ထားတော့ တစ်နေ့တလေ အလုပ် နားရင်း ဆိုသလို ကြီးတော်အေး နေမကောင်းဘူးဆိုလို့ လာမေးတာပါ ”

“ အင်း .... အေး အေး ”

ဘကြီးကြွက်က မီးမရှိသော ဆေးလိပ်ကြီးကို အားရပါးရဖွာကာ လျှောက်စမ်းနေပြန်သဖြင့် ကိုဆေးရိုးက ဆေးလိပ်ကို မီးညှိပေးလိုက်ရသည် ။

“ နေမကောင်းဘူး နေကောင်းလှတယ်ရယ်လို့လည်း မဟုတ်တော့ပါဘူး မောင်ဆေးရိုးရယ် ၊ ဒီအိမ်မှာ သူ လုပ်နိုင်မှ စားရတယ်ဆိုတော့ လဲလိုက် ၊ ထလိုက်ပါပဲကွာ ”

ဘကြီးကြွက်က အသံတုန်ကြီးဖြင့်ပြောရင်း မဆီမဆိုင် ဖောက်မေးပြန်၏ ။

“ နို့ မင်းမှာကော သားသမီး ဘယ်နှယောက် ထွန်းကားသလဲကွ ”

“ သမီးတစ်ယောက် ၊ သားတစ်ယောက်ပါပဲ ဘကြီး ၊ အခုတော့လည်း အိမ်ထောင်ကျကုန်ပါပြီ ”

“ အေးလေ အိမ်ထောင်ကျကုန်တာ ကျမကုန်တာက အကြောင်း မဟုတ်ပါဘူး ။ သားသမီး ဆိုတော့ ဘာပဲဖြစ်ဖြစ် မိဘကို တတ်နိုင်သလောက် ကူညီကြသေးတာပေါ့ကွာ ၊ ငါတို့မှာတော့ ... ”

ဘကြီးကြွက်၏ အသံမှာ တိမ်ငုပ်ဝင်သွားလေ၏ ။ ဘယ်လိုမှမမြင်ရသော အဝေးဆီသို့ ဆွေးမြည့်စွာ ငေးမောနေ၏ ။

“ နေပါဦး ဘကြီးကြွက်ရဲ့ ၊ ကြီးတော်အေးက နေကောင်းသွားပြီလား ”

“ နေတော့ ကောင်းလိုက် မကောင်းလိုက်ပေါ့ မောင်ဆေးရိုးရာ ။ နို့ပေတဲ့ မထရင် မဖြစ်တော့ သောက်ရေသွားခပ်နေရတယ် ”

“ အင်း ”

ဘကြီးကြွက်ဇနီးမှာ အရွယ်ကလည်း ထောက်လာသည်နှင့် ကောင်းကောင်း မကျန်းမာပေ ။ ဘကြီးကြွက်မှာလည်း မျက်စိကွယ်နေသည့်အတွက် ထိုင်စားရုံက လွဲ၍ ဘာမျှ မလုပ်နိုင်တော့ပေ ။ သောက်ရေကလေး တစ်အိုးသော်မျှ ခပ်ပေးမည့်သူ မရှိသော ဒုက္ခိတ အဘိုးအို၏ ကြေကွဲသော သွင်ပြင်ကို ကြည့်ရသည်ကိုပင် ရင်ထဲတွင် လေးနင့်လာရ၏ ။ သို့ကြောင့်လည်း ခေါင်းငိုက်စိုက်ချကာ ညည်းတွားလိုက်သည် ။

ခေါင်းကို အောက်စိုက်ထားကာ ငေးမိငေးရာ ကြမ်းပြင်ကို စိုက်ကြည့်နေရာက ကြမ်းပြင်အောက်မှ အမှိုက်များကို မြင်သဖြင့် ထိတ်လန့်သွားလေ၏ ။ ဘယ်ကာလက စ၍ စုပုံနေခဲ့မှန်း မသိသော အမှိုက်များမှာ ပိုးအောင်းမြွေခိုရာ အုံကြီး ဖြစ်နေပေပြီ ။ အမှိုက်ထုသည် ကြမ်းပြင်နှင့် ထိလုထိခင်မျှ မြင့်တက်နေ၏ ။

“ ငါတို့မှာသာ သားထောက်သမီးခံ ရှိခဲ့ရင် မောင်ဆေးရိုး ထမင်းဝဝ မစားရတောင် ရေလောက်တော့ သောက်ရဦးမှာကွ ”

ထုဖြစ်နေသော အမှိုက်ပုံကြီးကို ငေးကြည့်နေစဉ်တွင် ဘကြီးကြွက်က ဆက်လက်မြည်တမ်းလေသဖြင့် ကိုဆေးရိုးက မော့ကြည့်မိသည် ။ မျက်မမြင် အဘိုးအို၏ တွန့်ရွရွံ့ပိန်နေသော မျက်နှာပြင်ဝယ် ဝမ်းနည်းကြေကွဲသည့် အသွင်ဆောင်နေပေသည် ။

“ နို့ ဘကြီးကြွက်တို့ ကလေး ရလိုက်သေးတယ် ထင်ပါတယ် ၊ ဘယ်ရောက်သွားလို့တုံး ”

ကိုဆေးရိုးက ဝိုးတိုးဝါးတားဖြင့် မှတ်မိသယောင် ရှိသော အကြောင်းအရာကို ထုတ်ဖော်စူးစမ်းသည် ။

“ ဘယ်ရောက်သွားရမှာလဲကွာ ၊ သင်္ချိုင်း ရောက်သွားတာပေါ့လကွာ ”

“ ဖြစ်မှဖြစ်ရလေ ဘကြီးရာ ၊ ဘယ်အရွယ်ရောက်မှ ဆုံးသွားတာလဲဟင် ”

တစ်ရွာတည်း နေခဲ့ကြသည့်တိုင်အောင် အသက်ချင်းက ကွာလှမ်းကြသဖြင့် ကိုဆေးရိုးမှာ ဘကြီးကြွက်တို့ အကြောင်းကို တစ်ခုမျှ ရေလည်စွာ မသိပေ ။

“ ဘယ်အရွယ်မှ မရောက်ဘူး မောင်ဆေးရိုးရေ ၊ သူ့အမေဗိုက်ထဲမှာပဲ သေသွားတယ် ”

“ အို ... ”

ကိုဆေးရိုးမှာ ဘကြီးကြွက် ကဲ့သို့ပင် စိတ်ထဲတွင် ထိခိုက်လာ၏ ။ တုန်ယင်စွာဖြင့်လည်း စုပ်သပ်လိုက်မိလေသည် ။ ဘကြီးကြွက်မှာကား မော့မော့ကြီး ဖြစ်နေရာက ချိုင့်နေသော နှုတ်ခမ်းအစုံ တဆတ်ဆတ် တုန်လာသည့်အပြင် ဝမ်းနည်းလာရလေ၏ ။ မျက်ရည်ပေါက်ကြီး တစ်ပေါက်သည် ညိုမည်းသော ပါး ရေတွန့်ကြောင်းအတိုင်း စီးလိမ့်လာသည် ။ ကိုဆေးရိုးမှာ ဘာပြောရမှန်း မသိတော့ဘဲ ငေးကြောင်နေမိလေ၏ ။

“ အမှန်ကတော့ ဒီဝမ်းထဲက ကလေးကလေး ဆုံးသွားကတည်းက ငါတို့မှာ အကုသိုလ်တွေ စုံပြုံပြီး ဝင်လာတာပါပဲကွာ ၊ ဟောဒီ မျက်လုံးနှစ်ဖက်ဟာ .... ”

မကြည့်ဝံ့ မကြည့်ရဲစရာကောင်းလောက်အောင်ပင် ကြက်ဆူးများထွက်နေသော မျက်လုံးကြီးအစုံကို လက်ညှိုးဖြင့် ညွှန်ပြလေသည် ။

“ ဟောဒီ ကန်းသွားတဲ့ မျက်လုံးနှစ်လုံးဟာ မင်းတို့ အမြင်ကတော့ နှစ်လုံးလို့ပဲ မြင်မှာ ။ ငါ့မှာတော့ တစ် ကြိမ်တည်းနဲ့ လေးလုံး ကန်းခဲ့ရတာပါ မောင်ဆေးရိုးရာ ၊ လေးလုံး လေးလုံး ”

ဘကြီးကြွက် ရည်ရွယ်သော မျက်လုံးများမှာ စက္ခု ဝိညာဉ်အား အသက်သွင်းပေးနေသော မျက်လုံးနှင့် ပျောက်ဆုံးသွားခဲ့ရသော မျက်ရစ်တန်ဆာပင် ဖြစ်ပေသည် ။

ထိုနေ့က ဆိုလျှင် ကိုဖိုးကြွက်သည် သီချင်းတ ကြော်ကြော်ဖြင့် နှင်တံကို ဝင့်ကာ မြှောက်ကာ ပျော်နေခဲ့၏ ။ အခြောက်ထွန် ထွန်ရသောကြောင့်လည်း လူက သက်သက်သာသာဖြင့် ထွန်တုံးပေါ်က စီး၍ လိုက်နေနိုင်သည် ။

“ အို .. ဒီသားကြီးက ဒီလိုမလုပ်စမ်းပါနဲ့ကွာ ”

အသက်အားဖြင့် လေးဆယ်ပိုင်းသို့ ရောက်နေသော အချိန်ဖြစ်ပေမင့် ကိုဖိုးကြွက်သည် ပျော်၏ ။ နေမည်မျှပင် ပူစေကာမူ သူ၏ လန်းဆန်းနေခြင်းမှာ ညှိုးမှိန်သွားလိမ့်မည်မထင် ။

မြက်နှင့် ဆူးပုံတောင်း ၊ ရိုးပြတ် စသည်တို့သည် ထွန်သွားတွင် ငြိတွယ်ပါလာ၏ ။ တစ်ပင်ပါလာလျှင် ကိုဖိုးကြွက်က တစ်ပင်တွန်းချလိုက်၏ ။ နည်းနည်းကလေး သတိလစ်လိုက်သည်နှင့်တစ်ပြိုင်နက် အမှိုက်သည် ထွန်သွားကို အုံကြီးဖွဲ့၍ ရစ်ပတ်လာရုံသာမက ထွန်သွားနှင့် မြေကြီး မထိတော့ပေ ။ သို့ကြောင့်ပင် အနားမပေးဘဲ ယာအစွန်တွင် ရှင်းပြီးလျှင် အလယ်က ထွန်သွားနှစ်ချောင်း ၊ အလယ်ထွန်သွားနှစ်ချောင်းကို ရှင်းမပြီးမီ ယာဘက်မှာ အမှိုက်များလာလျှင်ကား ဝဲအစွန်သို့ပင် မသွားနိုင်တော့ဘဲ ထွန်တုံး၏ အစွန်ကို ဖိနင်းကာ ထောင်ပစ်လိုက်ရလေ၏ ။ ထွန်တုံး အစွန်ကို နင်းထောင်ပြီး အမှိုက်ရှင်းရခြင်းမှာ ကောင်းတော့ မကောင်းပေ ။ လုပ်ဖန်များလျှင် ထိပ်မှာ လျှော်ဖြင့် ပူးချည်ထားသော ထွန်သန်မှာ တစ်ဖက်တို တစ်ဖက် ရှည်ဖြစ်ကာ မေးလွဲသွားတတ်သည် ။ ထွန်သန် တစ် ဖက်တိုရှည် ဖြစ်နေသော ထွန်မှာ တစ်ဖက်စောင်းကြီးမို့ ထွန်ရေးမစပ် ။ ထို့ပြင် စောင်းသည့်ဘက်က နွားလည်း ပို၍ပင်ပန်းချေသည် ။ သို့သော် ကိုဖိုးကြွက် အဖို့တော့ ထွန်တုံး၏ ဝဲယာသို့ လျှောက်ပြောင်းပြီး မနားတမ်း ရှင်းလင်းနေရသည့်တိုင် နှင်တံကို ကစားကာ အော်နိုင်၏ ။

“ ဒီလိုမလုပ်စမ်းပါနဲ့ သားတို့ရ ”

နွားနှစ်ကောင်ကို ခပ်မြူးမြူး ခပ်ရွှင်ရွှင် ငေါက်နိုင်သလို သီချင်းကိုလည်း လှိုက်လှိုက်လှဲလှဲ ညည်းနိုင်သေး၏ ။

ကိုဖိုးကြွက်ကို ကြည့်ရသည်မှာ ဖက်ရွက်ကလေး တစ်ရွက်လို သွက်မြူးနေသည် ။ မြင်ရသူမှာ ရွှင်ကြွ လာစေလောက်၏ ။ ဒါလောက် မအားလပ်ရအောင် အမှိုက်ရှင်းနေရသည့် ကြားက မြူးထူးနေနိုင်ခြင်းမှာ မလှမ်းမကမ်းက ဇနီးသည် မအေးကြောင့် ဖြစ်ပေသည် ။

မအေးသည် ထွန်ကြောင်းထဲမှ အမှိုက်တွေကို ကောက်ပြီး နီးရာ ကန်သင်းပေါ်သို့ ပစ်တင်နေပေ၏ ။ သည် မြက်ခြောက်နှင့် ရိုးပြတ်အမှိုက်တွေကို သည်လိုမှ ကောက်မပစ်လျှင် နောက်တစ်စပ် အထွန်၌ ယခုလိုပင် ဒုက္ခပေးနေဦးမှာပဲ မဟုတ်လား ။

ဆက်ရက်ငှက်များသည် သောသောညံအောင် အော်မြည်လျက် ထွန်တုံးနောက်က လိုက်နေကြသည် ။ သူတို့ အနားသို့ မအေးရောက်လာမှ ပြင်းထန်သော တောင်ဟုန်ကို ပေးလျက် ပြိုင်တူ ထပျံကြသည် ။

“ မအေးရေ .. သိပ်ပြီးတော့ လုပ်မနေပါနဲ့ဟာ ၊ ကုန်းဟယ် ကွဟယ်နဲ့ မကောင်းပါဘူး ”

ကိုကြွက်က စိုးရိမ်မကင်းသံဖြင့် လှည့်၍ အော်၏ ။

“ အမယ်တော် …. ဒါလေးလုပ်တာပဲဟာ ဘာဖြစ်မှာလိုက်လို့ ”

မအေးကလည်း နှုတ်လှန်ထိုးမယ့်သာ ထိုးရသည် ၊ နှစ်သက်သော လေသံဖြင့် ။

“ တော်တော့ဆို တော်တော့ပါ ၊ သွားထိုင်နေစမ်းပါ ”

ကိုကြွက်မှာ မအေးအား ဆက်၍ လည်ပြန် ကြည့် မနေနိုင်တော့ပေ ။ တစ်ဖက်ကန်သင်းခြေသို့ ထွန် ရောက်သွားသဖြင့် “ ကန်ကြိုး ” ကို ထိန်းပြီး ခွဲကြောင်း မှန်အောင် လှည့်ပေးနေရသည် ။ မအေးကို ကျောပေးပြီး ထွန်မောင်းသွားရာက ပြန်ကွေ့ လာသောအခါ မအေးနှင့် မျက်နှာချင်းဆိုင်ဖြစ်နေပေပြီ ။ မအေးကား ဆူးပုံတောင်း တသောသော ၊ ရိုးပြတ် အရောရောနှင့် အမှိုက်များကို လုံးထွေး ကောက်ယူနေဆဲပင် ။

“ ဟေ့ .. မအေး ”

သည်တစ်ခါတော့ ကိုကြွက်၏ အသံက ထန်၏ ၊ မာ၏ ။

“ ပြောတာ မရဘူးလား ၊ အေး ... နောက်ကို ဘယ်တော့မှ ထမင်း လာမပို့နဲ့  ၊ မစားဘူး ”

ကိုကြွက်၏ မျက်လုံးများမှာ မအေး၏ နေ့စေ့လစေ့ ဗိုက်မှာသာ ရစ်ဝဲနေ၏ ။ စိုးရိမ်မကင်းသော အသွင်များသည် ကိုကြွက်ကို လွှမ်းခြုံနေ၏ ။

“ ကဲပါတော် … မလုပ်နဲ့ဆိုလည်း မလုပ်တော့ပါဘူး ”

မအေးက ကောက်ဆဲ အမှိုက်များကို ကန်သင်းပေါင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် သရက်ပင်ရိပ်သို့ တဖြည်းဖြည်း လျှောက်သွားလေသည် ။

“ ထမင်း လာမပို့ပါနဲ့ဆိုလည်း မရဘူး ၊ လာပို့တယ် ။ ဒီရောက်တော့လည်း ဟိုဟာလုပ် ဒီဟာလုပ်နဲ့ ”

ကိုကြွက်က မကျေမနပ်ဖြင့် ဆက်လက်မြည်တွန်တောက်တီးနေမိသည် ။ မအေးက ကိုကြွက် မြည်တွန် နေသံကို ကြားပါသည် ။ ကြားပေမဲ့ ဘာမျှခွန်းတုံ့ မပြန်ဘဲ သရက်ပင်ရိပ်တွင် ထိုင်ကာ ပုဆိုးစုတ်နှင့် မျက်နှာသုတ်ရင်း ကိုကြွက် ကိုသာ ပြုံးကြည့်နေလေ၏ ။

မအေး၏ သန္ဓေသားမှာ မွေးရက်သို့ နီးကပ်ရင့် မာနေပေပြီ ။ အိမ်ထောင်သက် နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း၌ သည်တစ်ကြိမ်သာလျှင် သားသမီး ရဖူးသည့်အတွက် ကိုကြွက်က အရိပ်တကြည့်ကြည့်နှင့် အစိုးရိမ်လွန်နေသည် ။ ရေခပ်လည်း ခပ်ပြန်ပြီ ၊ ထင်းခွဲလျှင်လည်း ခွဲပြန်ပြီ ၊ နွားစာစဉ်းလျှင်လည်း စဉ်းပြန်ပြီနှင့် လုပ်တာမှန်သမျှ ဘာမျှ မကြိုက် ။ ကိုကြွက်က သူချည်း ကျုံးလုပ်၏ ။

လင်သားက မိမိအပေါ်၌ စိုးရိမ်တကြီး ရှိနေပြန်တော့လည်း မအေးမှာ ကိုကြွက်ကို သနားလာသည် ။ အကြင်နာပိုရ၏ ။ မိမိခင်ပွန်း အပင်ပန်းမကြီးစေချင်သဖြင့် ကိုကြွက် တားမြစ်နေသည့်ကြားက ထ၍ထ၍ တောက်တိုမယ်ရများကို လုပ်လေ့ရှိသည် ။

မအေးတို့ ပတ်ဝန်းကျင်၌ မည်သည့် မိန်းမမျှ ဗိုက်ကို မ မနေကြပေ ။ သွားရင်းလာရင်း မွေးကြ၏ ။ ထင်းခွေရင်း မွေးသလို ၊ ရေခပ်ရင်းလည်း မွေးကြသည် ။ ကလေးကို လွယ်ထားရသည်မှာ အပန်းကြီးသော ကိစ္စမဟုတ် ။ ထမင်းစား သလို ၊ ရေသောက် သလို လွယ်ကူပါလျက်နှင့် မိမိကျမှ ဗိုက်ကြီးတမမ လုပ်နေရမည်ဆိုသည်မှာ လူကြားလျှင် ရှက်စရာကြီး ။ သို့ကြောင့်လည်း မအေးက တောက်တိုမယ်ရများကို လုပ်နေခြင်းဖြစ်သည် ။ သို့ကြောင့်လည်း ကိုကြွက် တားမြစ်နေပါလျက်နှင့် ပေါ့ပေါ့ပါးပါး အလုပ်ကလေးများကို ဇွတ်လုပ်နေခြင်းဖြစ်သည် ။ ကိုကြွက်က အထူးသဖြင့် လယ်ထဲသို့ ထမင်းလိုက်မပို့စေချင်ပေ ။

“ လယ်ပြင်နဲ့ အိမ်ကို ပို့ရတာများ ကိုကြွက်ရာ ဘာများ ပင်ပန်းသလဲ ၊ အညောင်းတောင် ပြေပါသေးတယ် တော်ရဲ့ ”

မအေး၏ ဆင်ခြေကို ကိုကြွက် သဘောမကျပေ ။

“ မဟုတ်ဘူးဟာ ၊ လမ်းမှာ ဟိုမမီ ဒီမမီနဲ့ မျက်နှာ မြင်နေမှဖြင့် ... ”

“ အမယ်လေးတော် ဒါလောက်တော့ ကိုယ့်ကိုယ် ကိုယ် သိပါသေးတယ် ”

ကိုကြွက်က စိုးရိမ်တကြီး ပြောတိုင်း မအေးသည် ရယ်ရွှန်းပတ်ရွှန်းဖြင့် ပေါ့ပေါ့တန်တန် လုပ်ပစ်ပြီး လယ်ထဲသို့ ထမင်းမှန်မှန် လာပို့နေပေသည် ။ ယနေ့လည်း လယ်ပြင်သို့ ထမင်းလာပို့သည်ကို မကျေနပ်သည့် အခံရှိသည်တွင် ကုန်းဟယ်ကွဟယ် ပစ်ဟယ် ခတ်ဟယ်ဖြင့် အမှိုက်ကောက်နေသည်ကို မြင်ရပြန်သောအခါ ကိုကြွက် သည်းမခံနိုင်တော့ပေ ။ သို့ကြောင့် မအေးကိုချည်း တစောင်စောင်နှင့် မျက်စောင်း ခဲနေရသည့်အတွက် မိမိ ဘယ်နှစပ် ထွန်ပြီးနေပြီ ဆိုသည်ကိုပင် ဂရုမထားမိပေ ။ လုပ်ငန်းတွင်ကျယ်မှ အခြေအနေကို မသုံးသပ်မိသဖြင့် နွားနှစ်ကောင် မောပန်းနေသည် ကိုလည်း သတိမမူမိပေ ။ သရက်ပင်ရိပ်၌ မအေး ထိုင်ချမိသောအခါ၌ နွားနှစ်ကောင်မှာ နှေးကွေးနေပေပြီ ။

“ ကိုကြွက် ဘယ်နှစပ် ရပြီလဲဟင် ”

မအေး မေးလိုက်မှပဲ သတိရတော့သည် ။ ကိုကြွက်က ပြီးစီးခဲ့သော လယ်ကွက်များကို လှည့်ကြည့်သည် ။ ရောက်နေဆဲလယ်ကွက်မှ ထွန်ကြောင်းကို ငုံ့ကြည့်သည် ။ ထွန်ကြောင်းများမှာ ကန်သင်းနှင့် မျဉ်းပြိုင် သွားသော တစ်စပ်ပြည့်သွားလျှင် ထောင့်တန်းတစ် စပ်လာ၍ ထောင့်တန်းတစ်စပ်ပြည့်မှ ကန့်လန့်တစ်စပ် လာရစမြဲဖြစ်ရာ ၊ ထွန်ရေးကို လည်းကောင်း ၊ ထွန်ကြောင်းကို လည်းကောင်း ကြည့်လိုက်ရုံဖြင့် ပထမ တစ်စပ်လော ၊ ဒုတိယ ၊ တတိယ အစပ်တို့မှ တစ်စပ်လော ဆိုသည်ကို သိနိုင်၏ ။

“ ဟာ ... ၁၂ စပ်တောင် ပြည့်တော့မှာပါကောဟဟေ ... ”

ကိုကြွက်က တအံ့တသြ ရေရွတ်လိုက်ရာက နွားနှစ်ကောင်ကို ကဲကြည့်လိုက်သည် ။

“ ကြည့်စမ်း ကြည့်စမ်း ... မအေးကိုပြောနေရတာနဲ့ပဲ နွားနားဖို့တောင် သတိမရဘူး ”

အခြောက်ထွန်ရာ၌ လူက ပင်ပန်းသည်မရှိ ။ နွားမှာသာ မောပန်းသည်မို့ နွား၏ အရိပ်အခြည်ကို ကြည့်ကာ လူက နားနားပေးရသည် ။ ယခုမူ ကိုကြွက်က မိမိ မမောသဖြင့် နားရန် မေ့လျော့နေခြင်းဖြစ်ပေသည် ။

“ ကဲ သားတို့ရေ ... ဒီတစ်ခေါက်ကွာ ဒီတစ်ခေါက် ”

ကိုကြွက်သည် နွားနှစ်ကောင်ကို ချော့မော့ရင်း နှင်တံကို မြှောက်ကာမြှောက်ကာဖြင့် မအေးကို ကျောပေးလျက် ထွန်တုံးဆွဲရာသို့ လိုက်ပါသွားလေ၏ ။ နွားနှစ်ကောင်မှာ တော်ရုံတန်ရုံ မောပန်းကာမျှ ဆိုလျှင် အမြီးကလေး ယမ်းကာ ယမ်းကာဖြင့် ကုန်း၍ ဆွဲသည် ။ ယခုတော့ ကပ်စေးနှဲသီးများဖြင့် လုံးနေသော အမြီးကြီးတွေမှာ ငြိမ်နေပေပြီ ။ တစ်အောင့် လောက်ကြာလျှင် ကိုကြွက်သည် မအေး ဘက်သို့ မျက်နှာပြုလျက် တရွေ့ရွေ့ရောက်ရှိလာပြီး သရက်ပင်ရိပ်တွင် ရပ်တန့်ထားလိုက်သည် ။ မအေးက ထမင်းထုပ်ကို ဖြေပြီး အသင့်ပြင်ဆင်ထား၏ ။

ထမင်းဇလုံနားတွင် ထိုင်လိုက်လျှင် ကိုကြွက်၏ ပါးစောင်မှ သွားရည်ချောင်းစီးလာလေသည် ။ ငါးပိဖုတ် ရနံ့သည် ကိုကြွက်၏နှာဝကို ဆီးကြိုချူလင့်၏ ။ ကြက်သွန်ကလေး ‘ ပြက်သိကာ ’ ဖြင့် ထောင်းထားသော ငရုတ်သီးထောင်း အကျန်ကလည်း မြင်ရုံဖြင့် အငမ်းမရစားချင်လာအောင် ဆွဲဆောင်နေပေသည် ။

ထမင်းကို လူက မစား ၊ ထွန်တုံးက စားသည်ဟု ဆိုကြသော်လည်း လည်ပင်းနင်နေသူမှာ ကိုကြွက် သာ ဖြစ်၏ ။

“ အော် .. ကိုကြွက်ရယ် ၊ နောက်က လူလိုက်လာတာ ကျနေတာပဲ ”

မအေးက ကရုဏာသံကလေးဖြင့် ညည်းရင်း ရေဘူးကို ကမ်းပေးသည် ။

ရေဘူးထဲက ရေသည် လည်ချောင်းတစ်လျှောက်မှ ရင်ထဲသို့ ဆင်းသွားစဉ် အေးစိမ့်သွားသည်ကို အတိုင်းသား ခံစားလိုက်ရ၏ ။

“ ကောင်းလိုက်တဲ့ ရေဟ ”

ကိုကြွက်က မအေးကို ရေဘူးပြန်ပေးပြီးနောက် ခေါင်းမဖော်ပဲအတွင်သာ ငုံ့လွေးတော့သည် ။ လည်ပင်းကလည်း မနင်တော့သဖြင့် ခေါင်းဖော်စရာ အကြောင်း ပေါ်မလာခဲ့ပေ ။ ထမင်းမှာလည်း ခွံ့လိုက်သော ထမင်းလုတ်တိုင်း အရသာရှိ၏ ။ ဝါးလိုက်တိုင်း အားပြည့်လာသည် ထင်ရ၏ ။ နို့ဆီဘူးသုံးလုံးချက် စာလောက်ရှိသော ထမင်းခဲကြီး ကုန်စင်သွားသည့် တိုင်အောင် အာသာမပြေချင်သေးပေ ။

“ ငါးပိဖုတ်က ကောင်းလို့လား မသိဘူး မအေးရေ ၊ ထမင်းတောင် မဝချင်ဘူး ”

ကိုကြွက်က ရေဘူးကို လှမ်းယူရင်း လေးလေးပင်ပင် ပြောလေသည် ။

“ ငါးပိကလည်း ကောင်းပါတယ် ကိုကြွက်ကဲ့ ... ”

“ အင်း ”

ကိုကြွက်က ရေဘူးအဆို့ကို ဖွင့်ရင်း မအေးကို လှမ်းကြည့်သည် ။ ကိုကြွက် မျက်လုံးပြူးသွား၏ ။

“ ဟေ့ .. ဟေ့ အမယ်လေး .. သေတော့မှာပဲဗျာ ”

ကိုကြွက်မှာ ရေကိုပင် မသောက်နိုင်တော့ဘဲ လယ်ကွက်ထဲသို့ ပြေးဆင်းလာသည် ။

“ ဒီကျောက်နီ ကန်တတ်မှန်းသိရဲ့သားနဲ့ မအေးရယ် ၊ နည်းနည်းလေးမှ အငြိမ်မနေနိုင်တဲ့ မိန်းမပါကလား ”

မအေးသည် ကိုကြွက် ထမင်းစားနေစဉ်တွင် ကပ်စေးနှဲသီးဖြင့် လုံးထွေးနေသော နွားမြီးများကို အမြင်မတော်သဖြင့် ဆင်းပြီး ရှင်းလင်းနေခြင်း ဖြစ်သည် ။ မအေး ကိုင်တွယ်ရှင်းလင်းပေးနေသော နွားမှာ အလှည့်ဘက် ကျောက်နီ ဖြစ်ကာ အင်မတန် ဆတ်၏ ။ မောပန်းခိုက် မဟုတ်လျှင် မအေးကို ကန်လွှတ်မည်မှာ ချာ၏ ။ ကိုကြွက်သည် မအေးအား ဆွဲဖယ်ပစ်လိုက်သည် ။

“ အမြင်မတော်လို့ပါ ကိုကြွက်ရယ် ၊ သူ့ခမျာများ ခြင်ကိုက်လို့မှ လွတ်လွတ်လပ်လပ် မပုတ်နိုင်ရှာကြဘူး ”

“ ကဲ .. ကဲ မယ်မင်းကြီးမ ၊ ကျုပ်လုပ်ပါ့မယ်ဗျာ ၊ ကျုပ်လုပ်ပါ့မယ် ”

ကိုကြွက်က ပြောပြောဆိုဆိုဖြင့် ကျောက်နီ၏ အမြီးကို ခပ်လှမ်းလှမ်းမှ ဆွဲကိုင်ပြီး ကပ်စေးနှဲသီး အခြောက်များကို တစ်လုံးချင်း ဖယ်ရှားပစ်လေသည် ။ မအေးက သရက်ပင်ရိပ်သို့ ပြန်ဝင်သွားပြီး ပြန်ထွက်သောအခါ၌ ဆေးလိပ်တစ်လိပ်ကို မီးညှိပြီးယူလာ၏ ။

“ ဆေးလိပ် ကိုကြွက် ”

ကိုကြွက် မအေးဘက်သို့ ငဲ့ကြည့်ကာ ကျောက်နီ၏ အမြီးကို လက်တစ်ဖက်ဖြင့် အသာကလေး ကိုင်ထားရင်း လက်တစ်ဖက်ဖြင့် ဆေးလိပ်ကို လှမ်းယူသည် ။ သုံးလေးဖွာမျှ ဆက်တိုက် ဖွာလိုက်ပြီး ဆေးလိပ်ကိုချထားရန် ကုန်းပြီး ထွန်သန်ရင်းဘက်သို့ လက်လှမ်းလိုက်သည်တွင် ကိုကြွက်၏ လက်ထဲမှ ဆေးလိပ်မှာ လွင့်စဉ်သွားကာ မျက်လုံးထဲတွင် ဝင်းခနဲ ဖြစ်သွားလေ၏ ။

" အား ”

ကိုကြွက်မှာ မျက်လုံးကို လက်ဝါးဖြင့် အုပ်ထားမိသည် ။ ကျောက်နီ၏ အမြီးကို ပေါ့ပေါ့ဆွဲထားမိသဖြင့် လွတ်ထွက်သွားကာ အမြီးအရင်းတွင် ကြမ်းတမ်းသော ကပ်စေးနှဲသီးများပါသည့် နွားမြီးဖြင့် ရိုက်မိခြင်းဖြစ်ပေသည် ။

“ ဟင် .. ကိုကြွက် ၊ ကိုကြွက် ... ”

မအေးသည် ထိတ်လန့်စွာဖြင့် ကိုကြွက်အား လာဖက်သည် ။

“ ဘယ်ထိသွားလဲဟင် .. ကိုကြွက် ၊ ကို .. အမယ်လေး ... ”

မအေးမှာ ကိုကြွက် ဘက်သို့ ပြင်းထန်သော အရှိန်ဖြင့် ယိုင်လာကာ နှစ်ယောက်လုံး ထွေးရစ်ပတ်လျက် ထွန်တုံးအစွန်ပေါ်သို့ ကျသွားလေ၏ ။

“ အင်း .. ကျွတ်ကျွတ် ၊ မအေး ... မအေး ဘာဖြစ်သွားလဲ ၊ ဘယ်နာသွားလဲဟင် ”

ကိုကြွက်မှာ မိမိ၏ ဝေဒနာကိုသော်မျှ ဂရုမထားနိုင်ဘဲ မအေးကို လိုက်လံစမ်းသပ်မိသည် ။ မျက်စိကို အသုံးချနေရာက မျက်စိမပါဘဲ လက်ချည်းစမ်းသပ်ရသောကြောင့် ကိုကြွက်မှာ မအေးကို ရုတ်တရက် စမ်း၍ မရပေ ။

ထိုအချိန်က အစပြု၍ ဘကြီးကြွက်သည် မော့မော့မော့မော့နှင့် စမ်းသပ်ခဲ့ရ၏ ။ ဘကြီးကြွက်မှာ ထိုအချိန်က စ၍ စက္ခုနှစ်ကွင်း အလင်းရောင်ကွယ်ပျောက်ခဲ့ရသည့်နည်းတူ အားထားမျှော်လင့်ခဲ့ရသည့် မျက်ရစ်တန်ဆာ သားသမီးရတနာသည်လည်း နွားကန်ခံရသည့်ဒဏ်ကြောင့် ပျက်စီးခဲ့ရလေသည် ။

“ အဲဒီအချိန်ကသာ မယ်အေးကို နွားကန် မခံရရင် အခု အချိန်မှာ ရေကလေး တစ်ပေါက်တော့ သောက်ရမှာပေါ့ မောင်ဆေးရိုးရာ ”

“ အင်း ”

ကိုဆေးရိုးမှာ နာကျင်ဆွေးမြည့်သံကြီးဖြင့် ညည်းတွားနေမိလေ၏ ။

“ ကဲ သွားရအောင် အဖေ ”

တစ်ချိန်လုံး ငြိမ်သက်နေခဲ့သော ဘညိန်းက ခါးကို တို့၍ ပြောလိုက်သည် ။ ဘကြီးကြွက်က ခေါင်းကို မော်ပြီး နားစွင့်လိုက်ရာက “ သြ .. အခုလာတာ မင့်သားလည်း ပါသကိုး ” ဟု ဆိုလေသည် ။

“ ဟုတ်တယ် ဘကြီးကြွက်ရဲ့ ၊ ဆုံကုန်းကွင်းမှာ စိုက်ပျိုးရေးဘက်က လယ်ထွန်စက်နှင့် လယ်ထွန်ပြီး ပြမယ်ဆိုလို့ အဲဒါ သွားကြည့်ရအောင် ထွက်လာရင်း ဘကြီးကြွက်တို့ဆီ ဝင်လာတာ ”

ကိုဆေးရိုးက ပြောပြောဆိုဆို ထရပ်ရန် ပြင်လိုက်သည်တွင် ဘကြီးကြွက်က လက်ကာပြ၏ ။

“ နေပါဦးကွ ၊ လယ်ထွန်စက်ဆိုတာ ဘယ်လိုဟာလဲကွ မောင်ဆေးရိုးရ ”

“ မော်တော်ကားလိုပဲ ၊ ဘီးလေးခုနဲ့ စက်တပ်ထားတာပေါ့ ဘကြီးရာ ။ ကျုပ်လည်း သေသေချာချာ မမြင်ဖူးသေးပါဘူး ”

“ ဒီစက်ကြီးနဲ့ ထွန်တော့ မောင်ဆေးရိုးရာ ၊ တို့ နွားနဲ့ ထွန်သလို စီးစီးပိုင်ပိုင် ဘယ်ရှိပါ့မလဲကွာ ။ သမန်း မကောင်း ဘာမကောင်းနဲ့ စပါးထွက်နိုင်မယ် မထင်ပါဘူးကွာ ”

“ အဲဒီ သမန်းကောင်းအောင် ၊ ထရေး ( ထွန်ရေး ) နပ်အောင် ထွန်ပြီးစိုက်ကြတဲ့ ကြားထဲက တစ်နှစ်ထက် တစ်နှစ် စပါးထွက်လျော့လာတာတော့ ဘကြီး ဘာပြောမလဲ ”

“ ဟဲ့ ... လူလေး ၊ ဘယ်လို ပြောတာလဲ ”

ဘညိန်း အပြောအဆို မသိမ်မွေ့သဖြင့် ကိုဆေးရိုးက ကမန်းကတန်း ဟန့်တားလိုက်ရသည် ။ ပြီးမှ ကုန်းထရင်း

“ အစိုးရကတော့ စက်နဲ့ လယ်ထွန်နိုင်အောင် လုပ်နေတာပဲ ဘကြီးရဲ့ ၊ မကောင်းပဲနဲ့တော့ မလုပ်ဘူး ထင်ရတာပဲလေ ။ စက်နဲ့ ထွန်တော့ စရိတ်သက်သာမယ် ၊ မြေသြဇာ ထည့်ရင် စပါးထွက်ကောင်းမယ်လို့ ပြောသံကြားတာပဲ ဘကြီးကြွက်ရဲ့ ။ ကဲ .. ကျုပ်တို့လည်း သွားဦးမယ် ဘကြီး ”

ကိုဆေးရိုးက ဘညိန်းကို ရှေ့က ထားလျက် ဖြည်းညင်းစွာ ဆင်းလာခဲ့လေ၏ ။

“ အေး .. အေး .. ငါတို့တော့ သမားရိုးကျ သမန်းပုပ်နဲ့ စိုက်တာလောက်တော့ ကောင်းမထင်ပါဘူးကွာ ။ လယ်ထွန်စက်ဆိုတာလည်း တစ်ခါမှ မမြင်ဖူးတော့ ... အေးလေ မသိပါဘူးကွာ ”

ဘကြီးကြွက်သည် မမြင်ရသော အဝေးဆီသို့ ငေးကာ မှတ်ချက်ချရင်း အဆုံးသတ်၌ လျှောချလိုက်သည် ။ ချို့တဲ့သော လယ်ယာစနစ်၏ ဆိုးမွေတစ်ရပ်ကို မသေမချင်း ရင်ဝယ်ပိုက်ထားရဦးမည့် မျက်မမြင်ကြီးသည် ကိုဆေးရိုးတို့ သားအဖ လမ်းမသို့ ရောက်သွားချိန်၌ ဆေးလိပ်တိုကို လိုက်လံစမ်းသပ်ရင်း ရေရွတ်လိုက်လေသည် ။

“ လယ်ထွန်စက် ဆိုတာ ဘယ်လိုပါလိမ့် ”

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment