❝ မိုးရေအားကိုးနဲ့ မြစ်ဆီသွားချင်နေတဲ့ စမ်းချောင်းလေးပါ ❞
( မောင်သင်းထုံ - ကျောက်မဲ )
ထွန်းကြည်တို့ ၊ ထွန်းရီတို့တစ်တွေ မျှော်နေကြပြီ ။ မျှော်တာမှ သူတို့ဦးလေး ဦးတင်ရွှေက အညာအရပ်ကနေ အောက်အရပ်ကို ဖောင် မျောမလို့ ဆိုပြီး မနေ့ကမှ သွားခဲ့တာ ။ ထွန်းရီတို့က ဖြစ်နိုင် မဖြစ်နိုင်တာအပထား ၊ ကလေးသဘာဝ နောက်တစ်နေ့ကကို စ , မျှော်နေကြတာပါ ။ တကယ်တော့ မျှော်တယ် ဆိုတာကလည်း တခြား ဘာနဲ့မှကို လဲလို့ပြုလို့ မရတဲ့ အရသာ တစ်ခုပါ ။ မျှော်လင့်ချက်တစ်ခုပါ ။
ထွန်းရီတို့ ရွာက “ ချောင်းခြေ ” တဲ့ ။ ပဲခူးတိုင်း ကဝမြို့နယ်ထဲမှာ ရှိပါတယ် ။ ကျောင်းမှာ ပထဝီအနေနဲ့ သင်ရကျက်ရမယ်ဆိုရင်တော့ အင်မတန်မှ ကျက်ရမှတ်ရ လွယ်တဲ့ အရပ်ပါ ။ ဘာပြုလို့လဲဆိုတော့ ပဲခူးမြို့ရဲ့ အရှေ့တောင်ဘက်မှာ ကဝမြို့ဆိုတာ ရှိတယ် ။ တစ်ခါ ကဝမြို့ ရဲ့ အရှေ့တောင်ဘက်မှာ ချောင်းခြေရွာ ဆိုတာ ရှိပါ တယ် ။ ရွာရဲ့ အရှေ့တောင်ဘက်မှာမှ ထွန်းရီတို့ရဲ့ အိမ်ကလေးက ရှိတာပါ ။ ပြောရင်းကကို ထွန်းရီတော့ လွမ်းလာပြန်ပါပြီ ။
ဦးတင်ရွှေ ဆိုတာက အမေ့မောင်ပါ ။ မိသားစုထဲမှာတော့ အငယ်ဆုံးထင်ပါရဲ့ ။ မိသားစုရဲ့ ရင်ခွင်မှာ အီဆောင့်နေအောင် တဝကြီး နေခဲ့ရပြီးတော့မှ အဲဒီမိသားစုရဲ့ အချစ်တော်ဘဝနဲ့ကို အကြာကြီးနေခဲ့ရသူပါတဲ့ ။ ဒီတော့ ဒီလိုလူမျိုးတွေရဲ့ သဘာဝ ၊ အချိန်တန် အရွယ်ရောက်လို့ အလုပ်လုပ်ရတာတောင် ကလေးဘဝငယ်စိတ်က ပျောက်ချင်သေးတာလိုက်လို့ ။ တခြား မဟုတ်ပါဘူး ။ သူ့ကလေးဘဝက အပြည့်အဝ ၊ စုံစိအောင် မလုပ်ဖူး ၊ မကြုံဖူးခဲ့တာတွေကို အခု လူကြီးဖြစ်တော့ လိုက်လုပ်တော့တာပါပဲ ။ အဲဒါကြောင့်မို့လို့ လည်း ထွန်းရီတို့ ၊ ထွန်းကြည်တို့ ညီအစ်ကိုမောင်နှမ တစ်တွေက ဦးလေးကို ချစ်ကြတာပါ ။ အလကားနေရင်း ဦးလေးကို အိမ်မှာ မမြင်ရရင် အဲဒါ မေးပြီ ။ ဦးလေး ခရီးသွားတယ်ဆိုရင် မျှော်ရပြီ ။ အဲဒါကိုက အလုပ် တစ်ခုခုလိုပါပဲ ။
ထွန်းရီတို့ ငယ်ငယ် ကလေးဘဝက ရွာကလည်း ရွာဆိုတော့ ဘယ်ကလာ ပျော်စရာ ၊ ကစားစရာရယ်လို့ များများရှိပါ့မလဲ ။ ဖျော်ဖြေစရာ ဇာတ်ပွဲ ၊ ရုပ်သေးပွဲ ဆိုတာက မြို့ကြီးရွာကြီးလိုဟာမှ ၊ ဘုရားပွဲနဲ့ဟာမျိုး ကြုံမှ ကြည့်ကြရတာကလား ။ ပြောပါဦးမယ် ။ ထွန်းရီတို့ ကလေးအဖွဲ့ထဲက တစ်ယောက် ကံကောင်းထောက်မ , လို့ သူ့မိဘတွေနဲ့ မြို့ကို ဈေးဝယ်လိုက်သွား ။ အဲဒီမှာ ဇာတ်ပွဲကြည့်ခဲ့ရပြီ ဆိုပါတော့ ။ ထွန်းရီတို့ တစ်တွေမှာ သူ့အပြန်ကိုပဲ မျှော်နေရတာ ။ သူ ပြန်ပြောပြမယ့် ဇာတ်အကြောင်းကို နားထောင်ရ ၊ ကိုယ်တိုင် မကြည့်ရပေမဲ့ သူ့အပြောတွေကို ကိုယ့်ဘာသာမျက်စိနဲ့ ပုံဖော်ကြည့် ၊ ဘယ်လောက်များ အရသာရှိလိုက်သလဲ ဆိုတာ ။ ခင်ဗျားတို့ မသိဘူး ရယ်ဗျ ။ ဆင်းရဲသားလေးက ထမင်းစားခါနီးတော့ သူဌေးအိမ်က ငါးကြော်အနံ့လေး ရှူပြီးမှ ထမင်းစားတော့ မြိန်သလိုမျိုးပေါ့ ။ ထွန်းရီတို့ကလေးဘဝ ငယ်စဉ်ကတော့ အဲဒီလို ကြံဖန်ဖျော်ဖြေခဲ့ကြရတာလားဗျာ ။
“ ထွန်းကြည်ရေ .. ဒီနေ့ ဘယ်နှရက် ရှိပြီလဲကွ ”
“ ဘာတုံးကွ ၊ မင်းဟာကလည်း အရင်းမရှိ ၊ အဖျား မရှိ မေးပုံကြီးက ”
“ မင်းမလည်းကွာ ၊ တို့ အတွက် ဦးလေး ပြန်မယ့်ရက်က လွဲလို့ တခြားမေးစရာ ဘာရှိဦးမှာလဲကွ ”
“ နေဦးကွ ၊ ရွာမှာ ဒေါ်စန်းမြကြီး နေမကောင်း ပြီးတဲ့ နောက်တစ်ရက်ဆိုတော့ သုံးလေးရက်လား ရှိသေးတဲ့ဟာ ”
“ ဒါဖြင့် ပြန်မလာလောက်သေးပါဘူးနော ”
“ ပြန်လာဖို့ နေနေသာသာ သူ သစ်ဝါးခုတ်မယ့် အညာကိုတောင်မှ မရောက်လောက်သေးဘူးဟ ”
"ဒါဖြင့်လည်း ပြီးတာပါပဲကောင်ရာ ” ဆိုပြီး ထွန်းရီ ကတော့ သူ့ဦးလေး ပြန်လာမယ့်ရက် ၊ ရွာထိပ်ချောင်းစပ် ဝါးဖောင်ဆိုက်မယ့်ရက်ပဲ မျှော်နေတော့တာပါ ။ ရယ်တော့ဖြင့် ရယ်ရပါရဲ့ ။ သင်တန်းတက်ရတဲ့လူက သူ တက်ရမယ့်သင်တန်းက တစ် နှစ် ၃၆၅ ရက် ဆိုပါတော့ ။ အဲဒါ ဘယ်ကလောက်များ အိမ်ပြန်ချင်နေပြီလဲ ၊ သင်တန်းဆင်းမယ့်ရက် မျှော်နေပြီလဲ ဆိုတော့ နောက်ရက်က စ,လို့ အခန်းခြေရင်းမှာ သင်တန်းဆင်းရန် ၃၆၄ ရက်သာ လိုတော့တယ်လို့ မြေဖြူနဲ့ ရေးတဲ့သူလိုပါပဲ ။ ထွန်းရီ တို့ ဖောင်ဆိုက်မယ့်ရက် မျှော် တာကလည်း အဲဒီလိုကို မျှော်ခဲ့ကြတာ ၊ အဟုတ်ပါ ။
အမေ့မောင် ဆိုပေမဲ့ ဦးလေးဦးတင်ရွှေရဲ့ အသက်က ဘာရှိဦးမှာတဲ့လဲ ။ အလွန်ဆုံးရှိလှ အစိတ်ပေါ့ ။ အဲဒါ အိမ်မှာ သူ ဒီလိုချည်း လည်ရာပြန်စားရေး လုပ်နေလို့က မဖြစ်ဘူးလေ ။ ရွာက လူတွေဖြင့် သူ့အရွယ်တွေဆို ရေနက်ကွင်းမှာ စပါးစိုက်ကြ ၊ ဒါမှမဟုတ် ချောင်းရိုးမြောင်းရိုး ဆင်း လှေတစ်စင်းနဲ့ ဖား ၊ ငါး ရှာတဲ့သူက ရှာကြ ၊ လူ တကာ အဲဒီလို လုပ်နေကြပေမဲ့ ဦးလေးကတော့ ဒီ မိရိုးဖလာအလုပ်တွေ မလုပ်ချင်ပါဘူးဆိုပဲ ။ ခက်တာ ပညာကလည်း တစ်ပိုင်းတစ်စနဲ့ ဆိုတော့ ရွာမှာ ဦးလေးတစ်ယောက် ဟိုမရောက် ၊ ဒီမရောက် ရှိနေရာက နောက်ဆုံး သူ ဒီအခု လုပ်တဲ့ ဝါး ဖောင်မျောတဲ့အလုပ် လုပ်ဖြစ်နေတာပါ ။
ထွန်းရီတို့ နေတဲ့ ချောင်း ခြေရွာကလေးဆိုတာ ချောင်းရဲ့ ဟောဒီလိုမျိုး ကျင်တွယ်ချိုး စီးနေတဲ့ ချောင်းနံဘေးမှာ ရှိတာပါ ။ ဒီတော့ ချောင်းထဲ ကနေ လှေတို့ ၊ မော်တော်တို့ ၊ ဖောင်တို့ ရွာဆီ လာနေတယ် ဆိုရင်တောင် ရွာထဲက လူတွေ ကြိုဝမ်းမသာနိုင်ကြပါဘူး ။ ထွန်းရီတို့ ကလေးတွေကဆို ပိုဆိုး ။ ဘာပြုလို့လဲ ဆိုတော့ ချောင်းကြီးက တံတောင်ဆစ်ကွေးကြီး ချိုးနေတာမို့ မမြင်ရလို့ပါပဲ ။ ဒီတော့ ထွန်းရီတို့ကတော့ လူကြီးတွေလို စိတ်ရှည်လက်ရှည်နဲ့ နှီးဖျာရင်း ၊ ကွမ်းယာရင်း ရွာထိပ် ချောင်းစပ်ကို လှေတို့ ၊ ဖောင်တို့ ၊ ဈေးမော်တော်တို့ ဆိုက်တဲ့အထိ ဖြည်းဖြည်းပေါ့လို့ စောင့်နိုင်ပေါင် ။ လာမယ့်ဘေး ပြေးတွေ့ ၊ ကောင်း ကောင်းဆိုးဆိုး တစ်ခါတည်း ဦးအောင် ထူးအောင် မြင်လိုက်ချင်ကြတာပါပဲ ။
“ ဟဲ့ ဟဲ့ ထွန်းရီ ၊ ဒါ ... ဒါက ဘယ်တုံး ”
“ ဟို ... ချောင်းထိပ် ပြေးကြည့်မလို့ ၊ ဦးလေးတို့ ဖောင် ဝင်ပြီလားလို့ ”
“ နင့် မလည်းဟယ် ၊ ရူးပါ့ ၊ တင်ရွှေ သွားခဲ့တာမှ လေး ငါး ဆယ်ရက် ရှိသေးတာ ၊ ဟိုမှာက ခုမှ သစ်ဝါးတွေ ရှာတုန်း ၊ ခုတ်တုန်း ရှိတော့မပေါ့ ”
“ ဟာ ... အမေကလည်း ဘယ်ပြောနိုင်မှာလဲ ။ စောစောပြန်ချင် ပြန်လာခဲ့ရင်ကော သွားကြည့်ချေပါဦးမယ်ဗျာ ၊ လိုရမည်ရပေါ့ ”
ကျောင်းကနေ ပြန်လာ ၊ လွယ်အိတ်ကို အမေထိုင်ပြီး ပုစွန်ခွံတွေ နွှာနေတဲ့ အိမ်ရှေ့ ကွပ်ပျစ်ပေါ် ဘုတ်ခနဲ ပစ်ချ ၊ နောက်ပြီးတော့ ကလေးပီပီ မမောနိုင် မပန်းနိုင် ဖုန်တွေထဲ ပြေးသွား ၊ ချောင်းထိပ် မရောက်မချင်း လူဆိုတာ မျှော်လင့်ချက် ၊ စိတ်ကူး တွေနဲ့ပေါ့ ။ ချောင်းအကွေ့ကို မြင်ရခါနီးလေ ၊ ရောက်ခါနီးလေ ထွန်းရီတို့ ရင်တွေက ခုန်လေ လှုပ်လေပါပဲ ။ မောလို့ ၊ ပြေးခဲ့ရလို့ ခုန်နေတဲ့ ရင်ကော ၊ ဦးလေးတို့ဖောင် မြင်ရလေမလား ၊ ဘွားခနဲဆိုရင်ကောဆိုပြီး ထိတ်ခဲ့တဲ့ ရင်နဲ့ပါ ပေါင်းပြီး ဟောဒီက ထွန်းရင်ရဲ့ ရင်ဘတ်ကြီးဆိုတာ ဖားဖိုကြီးကျလို့ပါဆို ။ ဖောင်းချည် ပိန်ချည်ရှိနေလေရဲ့ ။ နှေးကွေးတဲ့ ခြေလှမ်းတွေနဲ့ အိမ်ကို ပြန်လာရင်တောင် သူမို့လို့ အားမနာ ၊ ရင်ဘတ်ကြီးကတော့ မျှော်လင့်ချက်မကုန်ပေမဲ့ အမောတွေကတော့ မကုန်ဘဲ ထွန်းရီရဲ့ ရင်ဘတ်ထဲမှာ ဟီးလေးခို ပါလာနေတုန်း ရှိပါသေးတယ် ခင်ဗျာ ။
ဦးလေး ပြန်လာရင် ထွန်းရီတို့ အတွက် စားစရာတွေ ၊ ကစားစရာတွေ ပါလာခဲ့မှာမို့ ထွန်းရီတို့က မျှော်လင့်ရတာ ။ ထွန်းရီတို့ မတော့ ဘာပဲလုပ်လုပ် ဦးလေးပြန်အလာကိုပဲ တွေးနေ ၊ သတိရနေကြတာပေါ့ ။ အိမ်ကနေ ကျောင်းကို အသွား ပျင်းနေကြပြီဆိုပါတော့ ၊ နေပါလေ့စေပါ ။ ဦးလေး ပြန်ရောက်တာနဲ့ ဒီ အပျင်းတွေဆိုတာ စိတ်ချ ၊ ချက်ချင်းကို ပျောက်စေရပါမယ် ။ ထင်းတင်တဲ့ လှေတွေ ဆိုတာ အပြန် ဝန်တွေနဲ့လေ ။ အရေးထဲ ရေဆန်က ဖြစ်နေတော့ လူတွေကို ညောင်းနေအောင် လှော်နေကြရပါတယ် ။ မြက်လှေ ၊ စပါးလှေတွေဆိုလည်း အတူတူပဲ ။ ချောင်းထဲ ၊ အင်းထဲ ငါးမျှား ၊ ကွန်ပစ်သွားရင်တော့ ‘ လှေပေါ့ ’ လှော်ရပါရဲ့ ။ အဲဒါလည်း ကြည့်ပါဦး ။ အကာအကွယ်မဲ့တဲ့ မြစ်ပြင်ရေပြင်ကျယ်ကြီးထဲမှာ နေပူခံစရာဆိုလို့က ထွန်းရီတို့ တစ်တွေရဲ့ ကျောတွေ ၊ ခေါင်းတွေပဲရှိတာဆိုတော့ မဲပြီးမှ ပူတဲ့အခါ ထွန်းရီတို့ ဆိုတာ နေလောင်ခံ ငါးကျည်းခြောက်တွေ ဖြစ်လို့ပါဆိုနေ ။ ဒါလည်း ဦးလေး ဖောင်လာရင် ပျော်ရမယ့် အခြေ တွေးပြီးမှ ဘယ်လောက်ကြီးပဲ ပူနေပါစေ ၊ နေရဲ့ အပူဒဏ်ကို ထွန်းရီတို့ ခံနိုင်ခဲ့ကြတာပါပဲ ။
ရွာတစ်ဝိုက်မှာ ဒူးရင်းခြံ ၊ တညင်းခြံ ၊ သရက်ခြံတွေက ပေါတော့ သုံးလုံးတစ်တောင် သရက်စေ့ကြီးကို ရှာပြီး ထွန်းရီတို့ တစ်တွေ ကစားကြတယ် ။ သရက်စေ့ကိုမှ အပေါ်က သုံးပုံတစ်ပုံ ချန် ၊ ဖြတ်ချလိုက်ပြီးမှ အထဲက အဆန်ကိုထုတ် ၊ နောက်တော့ သရက်စေ့ရဲ့ ပြားလိုက် ဘေးတစ်ဖက်တစ်ချက်စီကို အပေါက်ဖောက် ၊ အဲဒီက ကြိုးထည့်ရမှာ ။ နောက်တစ်ခါ ဒီထက်သေးတဲ့ သရက်စေ့ လုံးကျစ်ကျစ်ကိုရှာ ၊ ရတော့ ပြားရိုက် သရက်စေ့ထဲ ဝါးချွန်လေး ရိုက်ထည့် ။ အဲဒီဝါးချွန်ကိုမှ အစောက ဖောက်ထားတဲ့ သရက်စေ့ထဲ ထည့် ၊ နောက်မှ ကြိုးနဲ့ဆွဲတော့ “ ဒီး ... ဒီး ၊ ဒီ .... ဒီး ” နဲ့ ထွန်းရီတို့ ကစားစရာ တစ်ခု ရပါပေါ့ ။ ထွန်းရီတို့က ကြိုးကိုဆွဲဆွဲပေးတော့ ကြိုးက ဒီဘက် အရှိန်ကုန်တော့ ဟိုဘက် တစ်ခါလည် ၊ ဟိုဘက် အရှိန်ကုန်တော့ ဒီဘက် ပြန်လည်နဲ့ မွတ်နေအောင်ကို လည်နေတာ ။ အသံကိုလည်း နားထောင် ကြည့်ပါဦး ၊ “ ဒီး ... ဒီး ၊ ဒီး ... ဒီး ” နဲ့ ။ ကလေးသဘာဝ အစကသာ ပျော်စရာကောင်းတာ ကြာလာတော့ရိုး ၊ နောက်တစ်မျိုး ကစားချင်တော့ အဲဒါ ဦးလေးရဲ့ဖောင် ရွာဆိုက်မယ့်ရက် မျှော်နေကြပြန်ရော ။ ဒီလိုပါပဲလေ ။
“ ဟဲ့ ဒီကလေးတွေ ကြံကြံကြံဖန်ဖန် ၊ ဖဲရိုက်တမ်း ကစားကြရတယ်လို့ ဟယ် ”
“ ဟာ အမိုးကလည်း ပြောကရော့မယ် ၊ ဘယ်ကလာ ဖဲ မဟုတ်ပါဘူး ။ ပိုလို ကား ထပ်တမ်း ကစားနေကြတာပါဗျ ၊ ဒီမှာ ကြည့် ”
“ လုပ်မနေနဲ့ဟေ့ အတတ်ကောင်းတွေ ၊ ဖဲက ဖဲပဲ ၊ ဟင်း ... ”
အရင်တစ်ခေါက်က ဦးလေး ဖောင်ဆိုက်တော့ ပိုလိုကားတွေ ပါလာတယ် ။ ဒါ ဟိုအရပ်က ကလေးတွေဆီက တောင်းလာသလား ၊ ဝယ်လာသလား မသိပါဘူး ။ မင်းတို့ ကစားစရာ အသစ်အဆန်းတစ်ခု ကစားစေချင်လို့လို့ ပြောတာပဲ ။ အဲဒါက စီးကရက်ဘူးအခွံရဲ့ အပေါ် မျက်နှာတွေကို ဆုတ်ထားတာတဲ့ ။ ထွန်းရီတို့ ငယ်ငယ်ကတော့ ကပ္ပီတန် ၊ ဒူးယား ၊ ခပေါင်း ၊ ဇင်ဇင်း အဲဒီလိုစီးကရက်ဘူးခွံတွေကို စု ၊ တစ်ယောက် တစ်လှည့်စီ ထပ်ကြေး ။ လွယ်ပါတယ် ။ ဘာစာမှ တတ်စရာမလိုပေါင်ဗျာ ။ ထွန်းရီတို့ ကလေးတွေ ကစားကြတော့ တစ်ယောက် တစ်လှည့် ၊ တစ်ရွက်ချင်းစီ ထပ်သွားရတာ ။ ထပ်တာချင်း တူရင် ထပ်တဲ့အပုံကို စားကြေး ၊ ယူကြေးပေါ့ ။ ဒါပါပဲ ။ တစ်ချပ် ၊ နှစ်ချပ် ထပ်ရသေး ‘ တူ ’ လို့ စားရတာကတော့ အရသာ မရှိပေါင် ။ သူရောကိုယ်ရော တစ်လှည့်စီ ထပ်လာလိုက်ကြတာ ပိုလိုကား အပုံကြီးက ဟည်းလို့ ။ ခုထိကို တူတဲ့ လူက မရှိသေး ။ အထပ်ကြီး မနည်းမြင့်နေတဲ့အချိန် ၊ အဲဒါ ကိုယ်က ထပ်လိုက်လို့ ‘ တူ ’ နေပြီလားဆိုမှ အို ... စားလိုက်ရတဲ့ အရသာကလေ တကယ် ... တကယ် ဘာဆို ဘာနဲ့မှ မတူတဲ့ အရသာ ။ ဒီတစ်ခေါက် ဦးလေးရဲ့ ဖောင် ဆိုက်တာကလည်း ကြာလိုက်တာ ။ ထပ်တလဲ လက်ထဲက ပိုလိုကားတွေလဲ ကစားလွန်းလို့ ထွန်းရီတို့တောင် လက်ဆီတွေနဲ့ မည်းကုန်ကြရော ။ ထွန်းရီတို့ ကလေးတွေ မျှော်ကြတာက နောက်ထပ် ကစားစရာအသစ်တွေ ၊ ဘာတွေများ ပါလာလေဦးမလဲ ဆိုတာကိုပါ ။
ကျည်းသားရိုက် ၊ ခုံညင်းဒိုးထိုး ၊ စစ်တိုက်တမ်း ၊ တူတူပုန်းတမ်းတွေ ကစားကြရာက တစ်နေ့လာလည်း ဒါပဲဆိုတော့ မကစားချင်ကြတော့ပါဘူး ။ ရွာကို ဝါးဖောင် ဆိုက်မယ့်ရက် မျှော်ရတာနဲ့ ပဲ ထွန်းရီတို့ ၊ ထွန်းကြည်တို့ တစ်တွေလည်း လူစင်စစ်က ဗျိုင်းတွေနဲ့တောင်မှ တူချင်လာပြီရယ် ။ မျှော်တော့ မျှော်တာပါပဲ ။ မျှော်လွန်းမက မျှော်လို့ ဝါးဖောင်က မဆိုက်တော့ မျှော်နေရင်းက မောလာရော ။ ခက်တာ ထွန်းရီတို့ ချောင်းခြေရွာကလည်း ချောင်းထဲကို အိမ်ကပြင်ကနေ အိပ်ရင်း ၊ စာကျက်ရင်း ၊ အလုပ်လုပ်ရင်းကမှ မမြင်ရတဲ့ဟာ ။ ဒီတော့ ကြိုဝမ်းသာလို့ မရဘူးပေါ့ ။ ရောက်တော့မှသာ ဟိုကျင်တွယ်ချိုး အကွယ်ကနေ ဘွားခနဲ ဖောင်ကြီးပေါ်လာတော့တာ ။ ဗြုန်း ဆို လူတွေ ဝမ်းသာကြရတာ ။ အဲဒီလို ဝမ်းသာရမည့် အခြေအနေ ဆိုတာကလည်း နေ့ ရယ် ၊ ညရယ်လို့ ခွဲနေတာ မဟုတ်ဘူးရယ် ။ သူ ဖြစ်ချင်တဲ့အချိန် ဖြစ်တာမျိုး ဆိုတော့ ထွန်းရီတို့ ရွာထဲက ကလေးတွေ အတွက်က ခန့်မှန်းရခက် နေတာပေါ့နော် ။
“ ဟေ့ ... ဟေ့ကောင် ထွန်းရီ ၊ အမြန်လာဟ ၊ ဖောင် ... ဖောင်တွေ ဆိုက်ပြီ ”
စောကျော်အေးက ကျောင်းစည်းရိုးနားကနေ ထွန်းရီကို မြင်တော့ အော်ပြောသွားတာပါ ။ စောကျော်အေး ဆိုတာက ထွန်းရီနဲ့ ကစားဖော်ကစားဖက်ပေမဲ့ ဒီကောင်က ကျောင်းမတက်နိုင်ဘူး ။ ကျွဲကျောင်း ၊ နွားကျောင်း လုပ်နေရင်းက ကစားတော့ အတူတူ ကစားရင်း ထွန်းရီတို့နဲ့ ခင်နေ ၊ အဖွဲ့ကျနေကြတာပါ ။ စောကျော်အေးက အော်ပြောတော့ ထွန်းရီ ဝမ်းသာသွားတယ် ။ သူ အမြဲတမ်း မျှော်နေရတဲ့ ဝါးဖောင် ဆိုက်ပြီတဲ့ ။ ဒီကောင် ပြောတာ မှန်ခဲ့ရင်တော့ ဒီကောင့်ကိုလည်း ထုံးပေသီး နှစ်လုံးလောက်တော့ ပေးရဦးမှာပါ ။စာသင်ကျောင်းနဲ့ ရွာက ဝေးသေးတော့ ထွန်းရီ အိမ်ရောက်ချင်ဇောနဲ့ ပြေးရတယ် ။ အမှန်ပဗျာ ။ ဖောင်ဆိပ်မှာ လူတွေ စုရုံးစုရုံးနဲ့ ၊ အဖေနဲ့ ဦးလေးဦးတင်ရွှေတို့လည်း စကားတွေ ပြောနေကြသံ ကြားရတယ် ။ အို .. ကြည့်စမ်းပါဦး ။ ရွာကို ဆိုက်လာတဲ့ ဒီ ဝါးဖောင်ကြီးဆိုတာ ဘယ်လောက်များ ကျက်သရေ ရှိလိုက်သလဲ ဆိုတာ ။ ထွန်းရီတို့ အပျော်ကတော့ ဘာနဲ့ မှကို နှိုင်းလို့မရတော့တာပါ ။
တောဝါးပိုးဝါး ၊ တင်းဝါး ၊ မျှင်ဝါး ၊ မျှောတွေက ဘယ်လောက်ပါတာကို ဦးလေးက ထွန်းရီတို့အဖေဆီမှာ သေချာအပ်တယ် ။ နောက် သက်ငယ်ပျစ်က တစ်ထောင် ၊ နောက်ပြီး ဝှက်ယူလာခဲ့တဲ့ ပျဉ်ခွဲသားတွေလည်း ပါသေးတယ် ။ ထွန်းရီတို့ ကလေးတစ်သိုက်ကတော့ သူတို့ အလှည့်ရောက်စေချင်ပါပြီ ။ ဝါးဖောင်ပေါ်မှာ ပါလာတာတွေက အိမ်သုံးအတွက်တွေ ဆိုပေမဲ့ ပိုတာလျှံတာတွေကတော့ ရောင်းဖို့ပါ ။ မဖမ်းမဆီး ၊ မပျက်မပြုနဲ့ မောင်မင်းကြီးသား ပြန်ရောက်လာတာကိုက ကျေနပ်လှပါပြီ ။ အားလုံးအပြီး ဦးလေးဖောင်ပေါ် က ကမ်းပေါ်ကိုအတက် ၊ ရွာထဲကို ဝင်မယ်ဆိုတော့ ဝန်စည်စလယ်တွေ ထည့်ထားတဲ့ ကျောပိုးအိတ်အပြင် ဝါးဖောင်ပေါ်ကနေမှ တကယ့်ကို ဖြောင့်ပေ့တန်းပေ့ ၊ ချောပေ့လှပေ့ ဆိုတဲ့ ဝါးတစ်လုံးကိုလည်း ထမ်းလာပြီးမှ ထွန်းရီတို့ကို ကြည့်လို့ တစ်ချက် ပြောပါတယ် ။
“ မင်းတို့တစ်တွေ လေတံခွန် ချိုးရအောင်ကွ ၊ ငါ ရွေးခုတ်လာတာ ”
အိမ်ရောက်လို့ အထုပ်ကိုလည်း ဖြေလိုက်ရော အား လုံးက ထွန်းရီတို့ ကလေးတွေ အတွက် မက်စရာတွေချည်းပါဗျာ ။ မျှော်ရကျိုးလည်း နပ်ပါပေရဲ့ ။ ကြည့်ပါဦး ။ လေတံခွန်လုပ်လုပ် ၊ မီးပုံးပျံ ၊ ကြယ်ရုပ် ကြိုက်တာချိုးရ အောင် ဆီစိမ်စက္ကူရောင်စုံ အထပ်လိုက်ကြီးကိုက မနည်းပါကလား ။ ပျော်စရာကြီး ။ နောက်တစ်ထုပ်ကတော့ ဗြောက်အိုးဗြောက်ထုပ်တွေလည်း ပါတယ် ။ ဦးလေး ပြောတာက စိန်ရောင်ခြည် ဗြောက်တွေ ဆိုလားပါဗျာ ။ ဟော ... ကြည့် ဆိုပြီး သူ့ လက်ထဲက ဗြောက်တစ်လုံးကို အိမ်ရှေ့ မြေမာမာပေါ် ဖောင်းခနဲ ပစ်လိုက်တော့ “ ဒိုင်း ” ခနဲကလည်း မြည် ၊ ယမ်းငွေ့တွေကလည်း အူခနဲ ထွက်လာတော့ လာကြည့်ကြတဲ့ ကလေးတွေပါ ဝေးခနဲ ပျော်ကုန်ကြတော့တာပေါ့ ။ ခွေးတွေက လန့်လို့ ဟောင် ၊ ကျီးတွေက တအာအာ ၊ ထွန်းရီတို့အိမ်ရှေ့ “ ကလေးရွာလေး ” တောင်မှ ဖြစ်သွားလိုက်သေးရဲ့ ။
ရန်မဖြစ်ကြရဘူးနော် ၊ အတူတူ ဝေမျှကစားကြ ။ နောက်တစ်ခါ ဖောင်ဆိုက် လည်း ဝယ်ခဲ့ဦးမှာ ဆိုပြီး ပေးတာတွေက ဖန်ဂေါ်လီရောင်စုံထုပ်ကြီးက တစ်ထုပ် ၊ စက္ကူဖာထဲက ထုံးဂေါ်လီ ၊ ထုံးပေသီးတွေကတော့ အကြီးကြီးတွေ ၊ တစ်လုံးနဲ့ တစ်လုံး ထိမိရင်တောင် အလကားနေရင်းက “ ထပ် ... ထပ် ” နဲ့ မြည်နေကြတဲ့ဟာ ၊ ထွန်းရီတို့ ကျင်းစိမ်ကစားကြတဲ့အခါ ဘယ်လိုများနေမလဲသာ မသိတာ ။ ခဲတံရောင်စုံ ၊ ကျောက်သင်ပုန်း ၊ ပိုလိုကား ၊ အန်စာတုံးတွေမှ ပြည့်နေတာပဲ ။ အမေကတော့ ဒီကောင်လေး သူ ငယ်ငယ်တုန်းက မကစားခဲ့ရတိုင်း ကစားစရာတွေချည်း ဝယ်လာနေတော့တာပါပဲနဲ့ ဆူပြောလေး ပြောတာတောင် ခံရသေးရဲ့ ၊ ဦးလေး ခမျာ ပြောပါတယ် ။
ဦးလေးတင်ရွှေလား ၊ ရွာမှာ နားတယ် ဆိုလည်း ခဏပါပဲ ။ တော်နေကြာတော့ ဖောင်မျှောချေရအောင် ဆိုပြီး ရွာကလူတွေနဲ့ ထွက်သွားခဲ့ပြန်ရော ။ ဒီလိုနဲ့ ထွန်းရီတို့မှာ ပြန်မျှော်ကြရပြန် ။ တစ်လ ၊နှစ်လလောက် နေတော့ ပြန်ရောက်လာ ။ မျှော်နေတဲ့ ကျောင်းပိတ်ရက် ၊ ထွန်းရီ အားနေတုန်းများ ၊ ဒီနေ့ ဖောင်တွေများ ဆိုက်နေမလားပဲ ဆိုပြီး ချောင်းရင်းဆီ မြင်ရတဲ့ ကျင်တွယ်ချိုးဆီ ပြေးကြည့်တော့ အဟုတ်ဗျာ ၊ သိလား ။ အဲဒီနေ့က ထွန်းရီ အပင်ပန်းခံရကျိုး နပ်ပါတယ် ။ ဒီတစ်ခေါက် ဦးလေးက တစ်လလောက်နဲ့ကို ပြန်လာတာ ။ ခါတိုင်းလိုပဲ ဝါးဖောင်ပေါ်မှာတော့ သစ်ဝါးတွေ အစုံပါလာတာပေါ့ ။ မျှစ်ချဉ်တွေတောင်မှ ပါသေးရဲ့ ။ ထွန်းရီတို့ အတွက်ကလည်း ဒီတစ်ခေါက်တော့ ချိုချဉ် ၊ ဘီစကွတ် ၊ အုန်းမှန်ကူ ကစ , လို့ အစုံပါတယ် ။ ကစားစရာတွေရောပဲ ။ ဒီတစ်ခေါက်လည်း ရွာက ကလေးတွေ မျှော်ရကျိုး နပ်ကြရတာပါပဲ ။ ဒီတော့လား ... ရွာက ကလေးတွေဆိုတာ ကိုယ်နဲ့ ဆိုင်ဆိုင် ၊ မဆိုင်ဆိုင် အဲဒါ ဝါးဖောင်တွေ ဆိုက်မယ့်ရက်ကိုပဲ ငါးမျှားရင်း ဖက်ခူးရင်းက မျှော်နေကြတာက အလုပ်တစ်ခု ၊ ကျောင်းသွားရင်လည်း ဒီစိတ်ပါပဲ ။
ထွန်းရီ ခုထိကို မှတ်မိနေသေးတယ် ။ ဦးလေး နောက်ဆုံး ဖောင်မျှောသွားတဲ့ အခေါက် ၊ ရွာကလည်း မှာလိုက်ကြတာမှ အများကြီး ။ ကလေးတွေ ဆိုတာကတော့ စိတ်ကူးရတာ မှာလိုက်ကြသမှ ပြည့်လို့ ။ ဦးလေးဦးတင်ရွှေ ဆိုတာ သဘောကောင်းချက်ကတော့ ဘယ်သူက ၊ ရွာထဲက ၊ ဘယ်ကလေးက ဘာပဲမှာမှာ “ အေး .. အေး ” နဲ့ နေတာပါ ။ သဘောကောင်းချက် က တော့ ။ ဒီတော့ ခါတိုင်း ဖောင်ဆိုက်ချိန် ရွာမှာ ထွန်းရီတို့ ၊ ထွန်းကြည်တို့ ညီအစ်ကိုတွေပဲ ကလေးတစ်သိုက်ပဲ မျှော်နေကြရာက ခုတော့ တစ်ရွာလုံးရဲ့ မျှော်စရာ ဝါးဖောင်ကြီးတောင်မှ ဖြစ်ရပါပကော လား ။ ရွာက ခပ်သည်း သည်း အပျိုမတွေကတော့ အထက်အညာတောမှ သန် သန်ပေါတဲ့ သစ်ခွပန်းရောင်စုံမှ မှာကြသတဲ့ဗျာ ။ ကြည့်ပါဦးတော့လား ၊ ငါ့နှယ် ။
ဒီတစ်ခေါက် ဦးလေး ဖောင်မျှောသွားတာ အတော် ကြာတယ် ။ ဘယ်လောက် ကြာသလဲဆိုတာ ပြောရဦးမယ် ။ ထွန်းရီတို့တစ်တွေ နေ့တိုင်း ညတိုင်း မျှော်ရပါ များလို့ လူတွေဆိုတာ တစ်ခါတည်း မေ့တောင်မေ့ကုန်ကြပါပြီဆို ။ အဲဒီလို ရွာက ကလေးတွေ ၊ အပျိုတွေ ၊ ရွာထဲက လူတွေ ၊ ရွာထိပ်ထွက် ဖောင်ကို ဝိုင်းကြိုကြရအောင် မေ့လျော့နေကြတဲ့ တစ်နေ့မှာပဲ ရွာကို ဦးလေးတစ်ယောက် ပြန်ရောက်လာခဲ့ ပါတော့တယ် ။ ဒါပေမဲ့ ရွာက လူတွေ မျှော်နေကြသလိုမျိုး ဝါးဖောင်ကြီးနဲ့ လာတာ မဟုတ်ဘဲ ။ မြို့ကနေ လာတဲ့ မော်တော်ကြုံ စီးလိုက်လာခဲ့တာပါ ။ ဟုတ်တယ် ။
ဖောင်လည်း မမြင်ပါဘူး ။ ထွန်းရီတို့ ကလေးတွေ အမျှော်ကြီး မျှော်နေကြတဲ့ ကစားစရာ ၊ စားစရာ ၊ အသုံးအဆောင် အသစ်အဆန်းလေးတွေ ဒီတစ်ခေါက်တော့ ဘာဆိုဘာတစ်ခုမှ ပါမလာမှန်း လည်း သိရော ၊ ထွန်းရီလေး ခမျာ ဟိုက်ခနဲ ဖြစ် ၊ မတ်တတ်ရပ်နေရာက မြေကြီးပေါ် ဖင်ထိုင်လဲကျသွားလိုက်တာ တော်တော်နဲ့ကို စကား မေးမရတော့ပါဘူး ။ ရွာမှာဆိုတာ သူတို့လို ကလေးတွေ အတွက် ပျော်စရာ ၊ မျှော်စရာက ဒီဝါးဖောင်ကြီး တစ်ခုပဲ ရှိတဲ့ဟာကို ။ ခု ... ခုတော့ ဝါးဖောင် ရွာကို မဆိုက်တော့ဘူးဆိုတော့ ဘယ်လိုလုပ်ကြရပါ့ ။ ဒီတစ်ခေါက် ရွာကို ပြန်လာတဲ့ ဦးလေးအနား ရွာက ကလေးတွေ သိပ်မကပ်ကြတော့ပါဘူး ။
နောက်ဆုံးတစ်ခေါက် ဦးလေး ရွာကို ရောက်တော့မှ ပိုဆိုး ။ ဖောင်မျှောဖို့ လာတာ မဟုတ်တော့ဘဲ မိန်းမယူပြီးမှ သူ့မိန်းမနဲ့အတူ ရွာကို တစ်ခေါက်ပြန်လာတာပါ ။ အဲဒီ တစ်ခေါက်မတော့ ဦးလေးဟာ ရွာက ထွန်းရီတို့ ကလေး တွေဆိုတာနဲ့ လုံးဝကို ရောရောနှောနှော မရှိတော့တာပါ ။ အဲဒီကျတော့ ထွန်းရီတို့တစ်တွေလည်း ဦးလေးကို ရင်မခုန်ကြတော့ပါဘူး ။ မျှော်စရာ ဝါးဖောင်ကြီးကလည်း ရွာကို မစုန်လာတော့ပါဘူးလေ ။
ဒီအကြောင်းတွေ စာရေးစမ်းပါကွာဟု ပြောသော ထုံးဖို ၈ ရပ်ကွက် ၊ ကျောက်မဲမြို့နေ ဦးထွန်းရီသို့ အမှတ်တရ ။
⎕ မောင်သင်းထုံ ၊ ကျောက်မဲ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇူလိုင် ၊ ၂၀၁၉
No comments:
Post a Comment