❝ ပွဲပြီးချိန် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
အခါတိုင်းမူ ရမ်းဘိုကုန်းရွာသည် နွေလယ်၏ နေ့ခင်း အချိန်တွင် အိုးပုတ်သော အသံများ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်နေခြင်းမှ လွဲလျှင် ရွာလယ်လမ်းမ၌ လူသွားလူလာ ရှင်းလင်းနေလေ့ရှိပေသည် ။ ပူပြင်းလွန်းသော နွေရှိန်ဒဏ်ကြောင့် အချို့သည် သစ်ပင်ရိပ်ကို ခိုနေလေ့ရှိကြ၏ ။ လူသူလေးပါး၏ လှုပ်ရှားမှုကား မရှိသလောက်ပင် ဖြစ်ချေသည် ။
ယနေ့မူ ကောင်းကင်ပြင်ကို မော့မျှော်၍ ကြည့်မိလျှင် မျက်စိသည် ကျိန်းစပ်မှေးစင်းအောင် တောက်ပ၍ တိမ်ဆို၍ ကြက်မတစ်ဝပ်စာမျှပင် ရှာမတွေ့နိုင်ပေ ။ ဆွမ်းခံပြန်ချိန်မှ စပြီး တလျှပ်လျှပ် ပျံတက်နေသော အငွေ့များသည် ရွာလယ်လမ်းကို ဖုံးအုပ်နေ၏ ။ ရွာစည်းရိုးရှိ ချုံနွယ်ပင်များမှာ ညှိုးခွေကျနေချေသည် ။ ကျီးကန်းများသည် လူလွတ်ရာ အရိပ်ကောင်းသို့ ဝင်၍ နွမ်းနယ်စွာ ခိုအောင်းနေကြ၏ ။ လေပူတစ်ချက် ဝှေ့လိုက်လျှင် မန်ကျည်းရွက်ဝါများသည် ဖျောဖျောသွန်ဆင်းလာကြသည် ။ တစ်ပြိုင်တည်းပင် စည်းရိုးချုံတန်းပေါ်မှ ဖုန်ထုကြီးသည် လေဖြင့် ရောလျက် လွင့်တက်လာလေ၏ ။ ရမ်းဘိုကုန်းရွာရှိ အိမ်များမှာ ရွာလယ်လမ်းကို မျက်နှာမူထားသော တစ်ဖက်တန်း အိမ်များ ဖြစ်၏ ။ အိမ်နောက်ဘက်၌ စလင်းချောင်းကြီးက ရှိနေကာ သဲနှင့် ကျောက်ခဲများသည် ကြည့်သူတိုင်း အသည်းတုန်အောင် တဖိတ်ဖိတ် တောက်ပနေ၏ ။ အိမ်နောက်မှ ပူသည် ထင်၍ အိမ်ရှေ့သို့ ထွက်လာပြန်လျှင်လည်း လှည်းလမ်းမကို မကြည့်နိုင်ပေ ။ မျက်လုံးမှာ မှေးစင်းကျိန်းစူးသွားရလေသည် ။
ဤရွေ့ဤမျှ ပူလောင်သော နေနှင့် မြေပြင်ပေါ်ဝယ် ယနေ့မူ ရမ်းဘိုကုန်းသား လူကြီး ၊ လူငယ်နှင့် ကလေးသူငယ်များပါ မကျန် လမ်းသလားနေကြပေ၏ ။ ချစ်ချစ်တောက် ပူလောင်နေသော နေကိုပင် သူတို့သည် ရွှန်းမြသော ငွေလရောင်ဟု ထင်နေသလား မသိ ။ ချို၍ ၊ ပြုံး၍ ၊ ရွှင်၍ ၊ မြူး၍ ။ မြေပူငွေ့များ တလျှပ်လျှပ် ပျံဟပ်နေသည်ကိုလည်း သူတို့က အမှု မထား ။ ဖဲမွေ့ရာပေါ်တွင် လျှောက်သွားရသည်ဟု ထင်နေကြကုန်၏ ။ တစ်အိမ်ဝင် တစ်အိမ်ထွက် ၊ တစ်အိမ်တက် တစ်အိမ်ဆင်းဖြင့် ရွာ၏ သမီးပျိုတို့ အလုပ် များနေသလို ၊ ခေါင်းလိမ်းဆီတွေ အရည်ပျော်ကာ နဖူးပေါ်သို့ စီးကျနေသော လူပျိုလူရွယ်များ မှာလည်း တအုန်းအုန်း တရုန်းရုန်းဖြင့် ရွာလယ်သို့ လျှောက်လာလိုက် ၊ ရွာတံခါး အလယ်ပေါက်မှ ထွက်သွားလိုက်ဖြင့် အူမြူးနေကြပေ၏ ။
ဘကြီးဖိုးသည် မိမိ၏ တဲပုတ်ကလေး အပေါက်ဝတွင် တင်ပျဉ်ခွေချိတ်လျက် ဝါးလုံးအစို တစ်လုံးကို ခွဲခြမ်းစိတ်ဖြာပြီး အဖျား၌ အလံကလေးများ တပ်၍ အခြေ၌ ပန်းပွားကလေးများ ရစ်ဝိုက်နေသော ‘ ကြက်လျှာ ’ တိုင်များကို တစ်တိုင်ပြီး တစ်တိုင် လုပ်နေသည် ။ ကြက်လျှာတိုင်ကလေး တစ်တိုင်ကို လုပ်ကိုင် ပြီးစီး၍ ကြမ်းပေါ်သို့ ချပြီးတိုင်း ဘကြီးဖိုးသည် လမ်းမသို့ တစ်ချက် မျှော်ကြည့်၏ ။ ကြည့်တိုင်း ကြည့်တိုင်း ဘကြီးဖိုး၏ နိမ့်ရှိုင်းနေသော မျက်လုံးအစုံမှာ တောက်ပနေကာ ခွက်ကျုံနေသော နှုတ်ခမ်းဖျား၌လည်း အပြုံးရိပ်သည် ထင်နေပေ၏ ။
“ ဘကြီးဖိုး ၊ ကြက်လျှာတိုင် တစ်တိုင်ပေးပါ ”
ရုတ်တရက် အိမ်ဘေးမှ ကပ်လျက် ပေါ်လာသော အသံရှင်ကို ဘကြီးဖိုးသည် စူးစူးစိုက်စိုက် မော့ကြည့်လိုက်သည် ။ ဘကြီးဖိုး ရှေ့သို့ ရောက်နေသူကား ချောစိန်ပင် ဖြစ်ပေသည် ။
“ အေး အေး ”
ဘကြီးဖိုးက အလှဆင်ပြီးသား ကြက်လျှာတိုင် တစ်တိုင်ကို ကောက်ယူကာ “ ပေးတာပေါ့ ၊ ဒီပြင် လူတွေကိုလည်း လွှတ်လိုက်ပါဟယ် ။ ငါ့ဆီမှာ ကြက်လျှာတိုင်တွေ ရှိတယ်လို့ ၊ ဟုတ်လား ” ဟု ပြောရင်း လှမ်းပေးသည် ။
“ ဟုတ်ကဲ့ ဘကြီး ၊ ကျုပ်လည်း ဘကြီးဖိုးဖို့ လက်ဖက်လာပို့ဦးမယ် ။ ညနေကျရင် လက်ဖက်ကမ်း မလို့ ”
“ အေးကွယ် သာဓု ၊ သာဓု ၊ နေပါစေကွယ် ။ လောက်လောက်ငငဖြစ်အောင် ကမ်းပါဦး ငါ့မြေးရယ် ။ ပိုမှ လျှံမှ လာပေးတာပေါ့ ”
ဘကြီးဖိုးက လေးလေးကြီး ပြောနေစဉ် ချောစိန်မှာ ကြက်လျှာတိုင်ကလေးကို ဝှေ့ကာယမ်းကာဖြင့် အိမ်ဝင်းထဲမှ ထွက်သွားပေပြီ ။ ချောစိန်သည် အိမ်တွင်နေရင်း မဝတ်စဖူး ဝတ်ချထားသော သရက်ထည် ပွင့်ရိုက်လုံချည်ကလေးကို မကြာခဏ ငုံ့ကြည်လျက် အင်္ကျီရင်ဘတ်မှ ကြယ်သီးကလေးများကိုလည်း တစ်ဆက်တည်း ငုံ့ကြည့်မိ၏ ။ တစ်ဖန် လှမေတို့ ဆီသို့လည်း လှမ်းကြည့်မိသည် ။
“ ဒီကောင်မက ငါ့ထက် သာတာတွေများ ဝတ်လေမလား ”
ကြောင့်ကြခြင်းနှင့် ယှဉ်၍ တွေးမိကြည့်မိသောကြောင့်လည်း လှည်းလမ်းရာ ဖုန်ထုထဲသို့ ခြေချော် အကျတွင် ခြေဖမိုးတစ်ခုလုံး မီးဖိုထဲက သဲတမျှ ပူလောင်နေသော ဖုန်ပူ၏ တန်ခိုးသတ္တိကို သတိမထားလိုက်နိုင်ပေ ။
“ အမေရေ ”
“ ဟဲ့ ဘာလဲ ”
အမေတို့ အိမ်ထဲကို ဝင်၍ လှမ်းခေါ်လိုက်လျှင်ပင် မကျီးဒန်၏ ခက်ခက်ထန်ထန်အသံကြီးက ဆီးကြိုချေသည် ။ သို့သော် အမေ၏ အသံသည် ဒီလိုပဲ အမြဲတမ်း မာကျောကျောနိုင်လေ့ရှိသည် မဟုတ်လား ။
“ အမေ ဘာလုပ်နေသလဲဟင် ၊ အမေတို့ ဘာများ ကမ်းကြမလို့လဲ ”
“ ညည်းမှာ မျက်လုံး မပါဘူးလား ”
ဟုတ်ပေသည် ။ မကျီးဒန်သည် ငှက်ပျောဖူးသုပ်များကို ဇလုံကြီး တစ်လုံးထဲတွင် ထည့်လျက် ရှေ့တွင် ချကာ ငှက်ပျောဖက်နှင့် အထုပ်သေးကလေးများ ထုပ်နေပေသည် ။ အထင်အရှား လုပ်နေတာ မြင်လျက် မေးခြင်းကြောင့် ထန်ထန်မာန်မာန် ဖြေလိုက်သည့် နည်းတူ လုပ်စရာကိုင်စရာ ရှိလျှင် ဘယ်သားသမီးမျှ ပေါ်ပေါက်မလာကြသောကြောင့် မကျေနပ်သံ နှောလိုက်ခြင်းလည်း မည်ပေ၏ ။
မကျီးဒန်မှာ မည်မျှပင် ထန်သံ ၊ မာန်သံတွေ သုံးပေမယ့် ချောစိန်၏ ခြေလှမ်းများမှာ တုံ့မသွားပေ ။ အမေ၏ အကြောကို သိထားသော သမီးပီပီ “ ကျုပ်လည်း လက်ဖက်ကမ်းမလို့ လုပ်နေတယ် အမေရဲ့ ” ဟု ပြောပြောဆိုဆို မကျီးဒန်၏ ဘေးတွင် ဝင်ထိုင်လိုက်ရာက ငှက်ပျောဖူးသုပ်ကို နှိုက်စားလိုက်လေ၏ ။
“ အမယ် သိပ်ကောင်းတာပဲ ၊ လက်သုတ်ပဝါတစ်ထည်လောက် ငှားပါအမေ ”
“ ညည်းက ငါ့ငှက်ပျောဖူးသုပ်ကို ကောင်းတယ် မြှောက်ပြီး လက်သုတ်ပဝါ ငှားတယ်ပေါ့လေ ဟင်း ဟင်း ”
မကျီးဒန် အံကြိတ်၍ ဆိုကာ မျက်စောင်း တစ်ချက် ခဲလိုက်သည် ။
“ ဪ ကောင်းလို့ ကောင်းတယ် ပြောတာပဲ အမေကလဲ ။ ကျုပ်က အမေတို့လို ထုပ်ပြီး ကမ်းမှာ မဟုတ်တော့ လက်သုတ်ပဝါ လိုတာပေါ့ အမေရဲ့ ”
“ ကျားသားမိုးကြိုးအေ ၊ ဘယ်က လက်သုတ်ပဝါ ရှိပါ့မလဲ ညည်းနှယ် ”
တကယ်တော့ ချောစိန်သည် ရုံးပင်ရပ်ရှိ ကြက်ဆူးဘုရား ဆွမ်းတော်ကြီးပေါင်း ၊ ပြည်စိုးကုန်း မြောက်ကျောင်းဘုရား ဆွမ်းတော်ကြီးပေါင်း စသည်များသို့ သွားစဉ်က လက်ဖက်ခွက်ထိုးကမ်းသူများ၏ လက်ဖက်ပန်းကန် ၊ လက်ဖက်အုပ်များနှင့်တွဲလျက် လက်သုတ်ပဝါ လှလှကလေးတွေကို မြင်ခဲ့ဖူးသောကြောင့်သာ လက်သုတ်ပဝါ ပါရမည်ဟု သဘောပေါက်ကာ လက်သုတ်ပဝါ တစ်ထည် အပူတပြင်း လိုက်လံရှာဖွေနေခြင်း ဖြစ်သော်ငြား ချောစိန် မကြာမီက စွန့်ခွာခဲ့သော မကျီးဒန်၏ အိမ်တွင် လက်သုတ်ပဝါဟု ခေါ်တွင်သည့် အထည်တစ်မျိုးသည် မရှိပေ ။ ချောစိန် မွေးပြီးမှရော ၊ မမွေးမီကပါ လက်သုတ်ပဝါ ဆိုသော အရာသည် အိမ်၏ အာဝါသ၌ မရှိခဲ့ဖူးချေ ။
လက်သုတ်ပဝါ ဆိုသော အထည်တစ်မျိုး အကြောင်းကား မြို့ပေါ်တွင် မြင်ဖူးပါ၏ ။ ကိုဆေးရိုး၏ မိဘဘိုးဘွားနှင့် မကျီးဒန်၏ မိဘအစဉ်အဆက် စသည်တို့သည် လက်သုတ်ပဝါ အဖြစ် သုံးစွဲရန် သီးသန့် ရက်လုပ်ရောင်းချသော အထည်တစ်မျိုးကို မသုံးစွဲခဲ့ကြပေ ။ ပုဆိုးကမှ စုတ်ပြီ ဆိုလျှင် ခေါင်းခု ၊ လက်နှီး ၊ ခေါင်းဆောင်းစရာ လုပ်၍ ရသေးသည် ။ လက်သုတ်ပဝါကား လက်သုတ်ဖို့က လွဲ၍ ဘာမျှ သုံးမဖြစ်ပေ ။ မိန်းမထဘီကမှ အိုးစိုတွေ မစို မလွင့်အောင် ရေဆွတ်ပြီး အုပ်နိုင်သေး၏ ။ တောင်ဆုပ်မျှပင် မပြည့်သော လက်သုတ်ပဝါက ဟောင်းခဲ့ စုတ်ခဲ့သော် ဘာလုပ်၍ ရပါသေးသနည်း ။ ကျောကိုသော်မှ လုံအောင် မဖုံးနိုင်ဘဲနှင့် လက်သုတ်ပဝါဆိုတာကို ရက်ရက်ရောရော ဝယ်ယူသုံးစွဲရမည် ဆိုခြင်းမှာလည်း မကျီးဒန် တို့အဖို့ မိုက်မဲလွန်းရာကျချေသည်ဟု အထင်ရှိ၏ ။ ထို့ကြောင့် ဝတ်၍ မရတော့ပြီဖြစ်သော ယောက်ျား လုံချည်ဟောင်းများကို ဖြတ်တောက်ပြီး အိမ်တိုင်တွင် ဆွဲချိတ်ထားကာ ထမင်းစားပြီးတိုင်း လက်သုတ်ပဝါ အဖြစ် အသုံးပြုကြလေသည် ။ ထို့ကြောင့် မကျီးဒန်၏ အိမ်မှာသာမက ရမ်းဘိုကုန်း တစ်ရွာလုံး၌ လက်သုတ်ပဝါ ဆိုသော အရာသည် မရှိချေ ။
“ ဟင်း ”
အမေ့အိမ်တွင် လမ်းဆုံးပြီ ဖြစ်သောကြောင့် ချောစိန်မှာ သက်မတစ်ချက်ကို ချရင်း ရပ်၏ ။
“ ရွာသစ်ကြီးဘက် သွားလိုက်ဦးမယ်အမေ ”
မကျီးဒန်က မော့၍သော်မျှ မကြည့်ချေ ။ မအေအို ဖအေအိုကြီးတွေ ပင်ပင်ပန်းပန်း ရှာဖွေပြီး လှီးချွတ်စီမံထားသော ငှက်ပျောဖူးသုပ်ကို တစ်ဖြဲနှစ်ဖြဲ နှိုက်စားရုံက လွဲ၍ အထုပ်ကလေး တစ်ထုပ်လောက်မျှ ကူညီ ထုပ်ဖော် မရသော သမီးကို မကျီးဒန်က မကျေမနပ်ဖြင့် အင်းမလုပ် အဲမလုပ် နေလိုက်သည် ။
ချောစိန် မှာမူ မအေ့မျက်နှာ ညိုသည် အိုသည်ကို သတိမထားအားပေ ။ လက်သုတ်ပဝါဇော ကပ်နေသည့်အတွက် ရွာသစ်ကြီးရွာဘက်သို့ အသော့နှင်ခဲ့သည် ။ လမ်းမှ ဆီးကြို နှုတ်ဆက်သူများကိုပင် ခပ်တိုတို ပြန်ဖြေ၍ ဒရောသောပါး ထွက်ခွာသွားလေ၏ ။
ချောစိန်နည်းတူ ဗျာပါသင့်နေသော ကာလသား ကာလသမီး အများအပြားမှာလည်း တစ်အိမ်တက် တစ်အိမ်ဆင်း ငှားရမ်းနေကြသည် ။ တစ်ယောက် ထဘီနှင့် တစ်ယောက်အင်္ကျီ စသည်ဖြင့် နာရီပိုင်းတွင် ဆင်နွှဲရတော့မည် ဖြစ်သည့် သဘင်ပွဲတွင် တင့်တယ်ရေး အတွက် ရှာဖွေကြရသည်မှာ ကျဲကျဲတောက်ပူနေသော နေပူရှိန်ကိုပင် သတိမထားနိုင်ကြတော့ပေ ။
လမ်းတွင် လူတွေ ပြည့်နေ၏ ။ အိမ်တိုင်း အိမ်တိုင်းတွင်လည်း လုပ်ကိုင်ပြင်ဆင်နေသူများနှင့် ရှုပ်ထွေးနေ၏ ။ ချက်ကြပြုတ်ကြသည်မှာ ချွေးတလုံးလုံး ။ ကြော်ကြလှော်ကြသည်မှာလည်း ညှော်နံ့တသင်းသင်း ။ သည်ရွေ့သည်မျှ ရမ်းဘိုကုန်းတစ်ရွာလုံး လှုပ်လှုပ်ရွရွဖြင့် မြူးထူးတက်ကြွနေကြရခြင်း၏ အကြောင်းအရင်းကား ရွာတောင်ဘက်က ဘုရားငါးဆူဘုရားကို ဆွမ်းတင်ပွဲပြုလုပ်သောကြောင့်တည်း ။
ယခင်ကလည်း ရမ်းဘိုကုန်းရွာသည် ဘုရား ဆွမ်းတင်ပွဲများ ပြုလုပ်ဖူး၏ ။ သို့သော် ရွာသစ်ကြီး ရွာက ကြီးမှူးကျင်းပ၍ ရမ်းဘိုကုန်းက တွဲဖက်ပါဝင်ခြင်းသာဖြစ်သည် ။ ဘုရားမှာလည်း လေးထပ်ကျောင်း ကျောင်းဦးဘုရား ။
ယခုဘုရားကား ရမ်းဘိုကုန်းက တစ်ဦးတည်း ပိုင်ဆိုင်သောဘုရား ။ ချုံထဲတောထဲတွင် နှစ်ပေါင်း များစွာ စံပယ်နေတော်မူရာမှ ရမ်းဘိုကုန်းရွာသားများ ရှင်းလင်းထုတ်ဖော်၍ ရမ်းဘိုကုန်းက ကြီးမှူးကျင်းပသော ဆွမ်းတင်ပွဲ ။ ထို့ကြောင့် လူတွေ မြူးနေ၏ ။ ငါတို့ ဘုရားပွဲဟူသည့် မာနကြောင့်လည်း လန်းလန်းဆန်းဆန်း အားတက်နေကြခြင်း ဖြစ်ပေ၏ ။ နေ တဖြည်းဖြည်း ညိုလာသည်နှင့်အမျှ ရွာလယ်လမ်းမတွင် လူရှုပ်လာကာ ဖုန်ပို၍ ထလာ၏ ။
“ အုန်းမောင်တို့ ၊ ဘညိန်းတို့ လာကြပါဟ ”
အခင်းအကျင်းနှင့် ဧည့်ခံရေးတာဝန် ယူထားသော ရွာခေါင်း၏ လူစုသံ ။
“ ကဲ ရှင်ကျီးဒန်တို့ မပြီးသေးဘူးလား ။ ဟိုဘက် က မဒေါတို့ကော ”
ဆွမ်းတင်ပွဲက ဧည့်သည်များအား ကမ်းလှမ်းရေးအတွက် တာဝန်ယူထားရသော ဒေါ်အေးကောင်း၏ အသံ ။
“ သွား ၊ သွား ၊ ကလေးကိုလည်း မြဲမြဲကိုင်ထား ”
“ ဟိုကောင်မလေး ဖုန်တွေ ကိုင်နေပြန်ပါပြီလား ” စသော သားသည်အမေတို့၏ အသံ ။
တစ်သက်လုံး ဖုန်ထဲမြေကြီးထဲ ပစ်ထားခဲ့ပါလျက်နှင့် ယနေ့ကျကာမှ ဖုန်ထဲ ဆင်းဆော့ခြင်းကို အပြစ်ကြီးလုပ်ကာ ရိုက်သံပုတ်သံ ၊ ဆဲဆိုကြိမ်းမောင်းသံနှင့် ခွေးသံ ၊ ကလေးမြူးထူးသံတို့သည် ရမ်းဘိုကုန်း တစ်ရွာလုံးကို လွှမ်းမိုးနေလေ၏ ။ အရေးထဲတွင် ကြိုးညောင်းနေသော နွားကြီးတွေက မြေကို ခွာဖြင့် တဗုန်းဗုန်း အသံပေးလျက် ယက်ပြန်သည် ။ ခုန်လို ခုန် ၊ အော်လို အော် ။
“ ထွက်ကြတော့ ဟေ့ ၊ ထွက်ကြတော့ ”
ကိုဆေးရိုး၏ အသံသည် ရွာ၏ အနောက်ဖျား ချောင်းကမ်းပါးမှ ထွက်ပေါ်လာတော့သည် ။ ကိုဆေးရိုးသည် ကုန်း၍ကုန်း၍ အော်ရင်း ရွာလယ်လမ်းသို့ ရောက်လာ၏ ။ သူ၏ ခြေလှမ်းများသည် ခါတိုင်းထက် ကျဲ၏ ။
“ ဟေ့ ဒီအိမ်က မိကဲတို့ ဟေ့ ၊ ဟိုဘက်က ငမောက်တို့ ၊ မိဘူးတို့ ”
တစ်အိမ်ပြီး တစ်အိမ် နာမည်ကို ထုတ်ဖော်လျက် ကိုဆေးရိုးက အရှေ့ဘက်သို့ လျှောက်လာခဲ့သည် ။
“ ဟေ့ ပိတ်စတို့ ၊ အောင်မြတ်တို့ ၊ ဘာလုပ်နေတာလဲကွ ဟေ ”
“ သနပ်ခါး လိမ်းနေတယ်ဟေ့ ”
ကိုအောင်မြတ်က တဲပုတ်အဝမှ ခေါင်းပြူလေသည် ။ သို့စဉ်တွင် ကိုပိတ်စက တန်းလျားရှည်ကြီး တစ်လုံးကို ထမ်းရွက်လာရင်း “ ကိုဆေးရိုး ၊ မင့်ဖင်ကို ငြောင့်စူးနေသလားဟေ့ ” ဟု မာန်ပြန်သည် ။
“ ငါ မစူးဘူးဟေ့ ၊ စူးတာက မင့်မယား ”
“ ဟဲ့ မြွေပွေးကိုက် ၊ ငါ့ ဆွဲမထည့်နဲ့ ၊ သေခြင်းဆိုးတွေ ”
ကိုပိတ်စ မယားသည် နှုတ်ခမ်းတလန် ပန်းတလန်ဖြင့် သနပ်ခါးလူးဆဲ အင်္ကျီဝတ်ဆဲ ကိုယ်ဖြင့် ထွက်လာ၏ ။
“ ဟ ဟိုမှာ ရှားတောဘက်က လူတွေ လာနေပြီ ။ ဒီရွာက ခုထက်ထိ ဖင်လှည့်တုန်း ခေါင်းလှည့်တုန်းမို့ လိုက်ပြောနေတာဟ ”
“ ဟင် ၊ ဟယ် ”
တစ်ပြိုင်တည်းပင် ကိုပိတ်စက တန်းလျားကြီး ထမ်း၍ အပြေးထွက်သွားသလို ကိုပိတ်စ၏ဇနီးမှာလည်း ရန်တွေ့ ဆဲဆိုရန် သတိမထားနိုင်တော့ဘဲ တဲပုတ်အတွင်းသို့ ပြန်ဝင်ပြေးလေ၏ ။ ကိုဆေးရိုးသည် ချက်ချင်းပင် ရှေ့သို့ ဆက်လျှောက်ရင်း သံကုန်ဟစ် သွားပြန်လေ၏ ။
“ ရှားတောကလူတွေ ချောင်းလယ်ကို ရောက်ကုန်ပြီဟေ့ ”
ကိုဆေးရိုး၏ အသံကို ကြားလိုက်ရသော အိမ်တိုင်းမှာ “ ဟ လုပ်ကြပါဟ ကိုင်ကြပါဟ ၊ ဆွဲပါ ယူပေးပါ ” စသည်ဖြင့် ပျာယာခတ်ကုန်ပေ၏ ။ သည်မျှ ဖြစ်ရခြင်းကား ဘုရားငါးဆူဆွမ်းတင်ပွဲသို့ အရွာရွာမှ လာရောက် ဆွမ်းတင် ကပ်လှူကြသူများသည် ရမ်းဘိုကုန်းရွာ၏ ဖိတ်မန္တကပြုချက်ကြောင့် လာသော ဧည့်သည်များ ဖြစ်ကြသည် ။ ထိုဧည့်သည်များကို တတ်နိုင်သော ဝတ္တရား၏ အင်္ဂါရပ်များ မချွတ်ယွင်း ရအောင် ပြုစုဆီးကြိုရန်မှာ ရမ်းဘိုကုန်း တစ်ရွာလုံး၏ တာဝန်ဖြစ်၏ ။ သို့ကြောင့် ဖုတ်ပူမီးတိုက် ဖြစ်နေကြရခြင်းတည်း ။
ဒိုးပတ်သံများသည် ရွာ၏ အနောက်ဘက်မှ ထွက်ပေါ်လာလေ၏ ။ ရှားတောရွာက ဖြစ်ချေသည် ။
“ မယ်ညှာရေ ၊ ငါသွားပြီဟေ့ ”
တစ်ယောက်ကို တစ်ယောက် မစောင့်နိုင်တော့ဘဲ သက်ဆိုင်ရာ တောင်းပလုံးများကို ဆွဲယူပြေးထွက်သွားကြ၏ ။
“ ဒေါ်အိုရေ … ခွေးသံ ၊ ဝက်သံကလေး နား ထောင်လိုက်စမ်းပါ ”
တစ်ရွာလုံးရှိ မွေးစပေါက်ကလေးမှသည် လူကြီးပိုင်းအထိ ရွာတောင်ဘက်သို့ စုပြုံရောက်ရှိလာကြလေ၏ ။ အဘိုးအို ၊ အဘွားအိုများသာလျှင် အိမ်စောင့် အဖြစ် ကျန်ရစ်ခဲ့ကြ၏ ။
ဘုရားငါးဆူတောမှာ ချုံနွယ်စေးပျစ်များနေရာတွင် ကြိုးဖြင့် သွယ်တန်းထားသော စက္ကူကလေးများ ဝေဆာ မြိုင်ဆိုင်နေလေ၏ ။ အသစ်စက်စက် ခုတ်ထွင် ဖောက်လုပ်ထားသော လမ်းကလေးသည် ဘုရားလိုဏ်ဝရှိ မဏ္ဍပ်သို့ ဦးတည်နေလေသည် ။ မဏ္ဍပ် အဝင်ဝတွင် ခုံတန်းလျား ၊ ခွေးခြေ စသည်များကို လမ်း နှစ်ဖက် ညှပ်လျက် ချောစိန် အပါအဝင် ရွာသူရွာသား များ ရပ်စောင့်နေကြ၏ ။ အချို့သည် လက်ဖက်ခွက် ၊ လက်ဖက်ပန်းကန်တို့ကို ကိုင်ထား၏ ။ အချို့မူ တောင်းကြီးတွေကို ရှေ့ချထားသည် ။ အချို့သော တောင်းထဲတွင် ရေပါးစက္ကူဖြင့် ထုပ်ထားသော ‘ လျှာပေါ်ဝဲ ’ တရုတ်မုန့်ထုပ်များ ၊ အချို့သော တောင်းထဲတွင် လက်ဖက်ထုပ်များ ၊ အံစာမုန့်များ ၊ ဆေးလိပ်ခုံမှ ဝယ်ယူခဲ့သော စာပတ်လိပ်ခေါ် သနပ်ဖက်များ ၊ ဆေးပေါ့လိပ်များ ၊ ပြောင်းဖူးဖက်ဆေးလိပ် ၊ မီးခြစ် အစရှိသည်တို့ဖြင့် ပြည့်လျှံနေပေသည် ။
“ ဒိုးကလေး ဒိုးကလေး ”
“ မြည်သံသာတဲ့ ဒိုးကလေးဟေ့ ”
“ ဒိုးကလေးက ပညာကြွယ် ”
“ ဆံတောက်ပြတ်မှ ယူပါမယ် ”
လူသွားလမ်းကို ညှပ်လျက် ရပ်စောင့်နေသူများ လည်ပင်းတဆန့်ဆန့်ဖြင့် မျှော်ကြည့်နေရာ အရပ်သည် ဘုရားငါးဆူဘုရားထက် နိမ့်၏ ။ ဘာကိုမျှ မမြင်ရသေးသော်လည်း ရှားတောဝိုင်းကမှန်း သိရကာ သီချင်းသံသည် မဏ္ဍပ်အတွင်းသို့ အကြိုတော် ထောက်လာပေပြီ ။
“ ဟော ”
ရှေ့ဆုံးက မုလေးပွားတိုင်ကြီး၏ ထိပ်ဖျားသည် ဘွားခနဲ ပေါ်လာ၏ ။ ချောစိန်တို့ တစ်တွေ လှုပ်လှုပ်ရှားရှားဖြင့် ပြင်ဆင်ကြသည် ။ ချောစိန်မှာ ရင်ထဲမှ တဒိတ်ဒိတ် ခုန်နေ၏ ။ မိမိ တစ်သက်တာ အတွင်း ဘယ်ရှင်ပြုမဏ္ဍပ်တွင်မျှ ဆေးလိပ် မကမ်းဖူးပေ ။ လူပေါင်းစုံတို့၏ ရှေ့တွင်လည်း တစ်ကြိမ်မျှ လူလုံး မပြခဲ့ဖူးပေ ။ ထို့ကြောင့် ရင်တဒိတ်ဒိတ် ခုန်နေခြင်းဖြစ် သည့်အပြင် ပွင့်ရိုက်လုံချည် ၊ အင်္ကျီနှင့် သလဲကြယ်သီးများ မဟုတ်တော့ပေ ။ မရမ်းစေ့ရောင် ဘန်ကောက်လုံချည် ၊ နိုင်လွန်အင်္ကျီနှင့် ဘောလုံးကြယ်သီးကလေးများ ဖြစ်နေပေသည် ။
ချောစိန်၏ လက်ဖက်ခွက်ကို ကြည့်ပါဦး ။ အပြာအစင်းကလေးများ ဝန်းရံထားသော လက်သုတ်ပဝါ ကလေးသည် လက်ဖက်ခွက်နှင့် လက်၏ ကြားတွင် တွဲလွဲဆွဲနေ၏ ။ ဒါတွေအားလုံးကို ရွာသစ်ရွာရှိ သူငယ်ချင်း တစ်ယောက်ထံမှ ငှားရမ်းလာခဲ့ခြင်းဖြစ်သည် ။ တစ်ကြိမ်မျှ မဝတ်ဖူးသော လုံချည်ကို ဝတ်ရသောကြောင့် ကျွတ်ကျတော့မလား ကျတော့မလား ဟု စိတ်က ထင့်နေသည် ။ ဆီစွန်းမှာ ပေမှာကျံမှာ စိုးရိမ်နေရသည် ။ သို့ပေမင့် မျက်နှာချင်းဆိုင်မှ ပိုးရော ချည်ပါလုံချည်ကလေးနှင့် လက်သုတ်ပဝါ မပါ ဘာ မပါ ရပ်နေသော ယောက်မတော် လှမေကို စောင်းကြည့်မိသောအခါတွင် ကျေနပ်အားရခြင်းဖြင့် အနေရ အထိုင်ရ သက်သာသွားလေ၏ ။
“ ဆံတောက်ပြတ်မှ ယူပါမယ် ”
“ ဆံတောက်ဖြတ်တော့ ဘာလုပ်ကျွေး ”
“ ဒိုးပတ်တီးလို့ ကျွေး ”
“ ဟေ့လားမောင်တို့ ဝါး ”
ရှားတော ဆွမ်းတင်အဖွဲ့သည် စောင့်မျှော်နေသူများ၏ မြင်ကွင်းထဲသို့ လုံးလုံးလျားလျား ရောက်ရှိလာပေပြီ ။ ရှေ့ဆုံးက ဘအို တစ်ယောက်သည် မုလေးပွားတိုင်ကြီး ကိုင်၍ လည်းကောင်း ၊ နောက်က ဘတစ်ယောက်သည် ကြေးစည်တီး၍ လည်းကောင်း လိုက်ပါလာကြ၏ ။ သည့်နောက်တွင် ယောက်ျားလေး နှစ်ယောက်သည် ကြေးစည်ကို ဝါးလျှို ထမ်းပြီး တီးခတ်လျက် ပါလာကြကာ ကလေးငယ်များ ၊ မိန်းမပျိုများ ၊ မိန်းမကြီးများ စသည်တို့သည် လင်ပန်းထဲတွင် ဆန် ၊ သစ်သီးဝလံ ၊ မုန့် စသည်တို့ ထည့်ရွက်လျက် လိုက်ပါလာကြ၏ ။ နောက်ဆုံးတွင်ကား အကသမား တစ်ယောက်နှင့် ဒိုးပတ်ဝိုင်း ဖြစ်ချေသည် ။
“ လက်ဖက်ကလေး စားသွားကြပါဦး ”
တရွေ့ရွေ့နှင့် မိမိရှေ့မှ လူတစ်ယောက် ဖြတ်သွားတိုင်း ချောစိန်က လက်ဖက် စားသွားရန်ပြောသည် ။
အချို့သည် ကပျာကယာ နှိုက်စားသွားပြီး လက်သုတ်ပဝါဖြင့် သုတ်သွားကြသော်လည်း အချို့ကား လက်သုတ်ပဝါကို မသုံးပေ ။ အချို့ကတော့ စားလည်း မစားဘဲ နှိုက်ယူပြီး ခေါင်းပေါ်က ဗန်းထဲ ထည့်ယူသွားကြ၏ ။
“ ဖြည်းဖြည်း သွားကြပါ ။ လဲကွဲကုန်ကြပါမယ် ။ ဖြည်းဖြည်း ဖြည်းဖြည်း ”
အနားမှ စောင့်ကြည့်နေသူများက သတိပေးသလို “ ဟဲ့ ဟဲ့ ဟိုမှာ တစ်ယောက် လွတ်သွားပြီ ” စသည်ဖြင့် အကွက်စေ့အောင် ကြည့်နေသူများကလည်း ရှိနေပေသည် ။ ဆွမ်းတော်ကပ်လှူရန် လှူဖွယ်ပစ္စည်းများပါသော လူတန်းကြီး အဆုံးတွင် ဒိုးပတ်ဝိုင်းသာ ရှိတော့၏ ။ ဒိုးပတ်ဝိုင်းသည် မကမ်းမလှမ်းရှိ လူတန်းကြားသို့ ရုတ်ခြည်း မလာသေးပေ ။ လက်စွမ်းပြ နေချေသေး၏ ။ ဒိုးပတ်တီးသမားက ပါးစပ်ကို ရွဲ့ပြီး တရကြမ်း တီးနေ၏ ။ ဝါးတီးသူကလည်း ပါးစပ်ကို ဟစိဟစိ လုပ်၍ စည်းလိုက်နေသည် ။ အကသမားသည် မေးထိုး ၊ ရင်တုန် ၊ အခုန်အပျံ ၊ အို စုံပါရော ၊ ကြဲနေလိုက်တာ ။
ရှားတောဝိုင်းက လက်စွမ်းပြ၍ ကောင်းနေတုန်း ကောင်းနေဆဲမှာ ဟိုတောင်ဘက်ဆီက အိုးစည်သံများ မြူးလွင့်လာလေသည် ။ ဘုရားအတွင်း၌ နှစ်ဖွဲ့နေလောက်သော အကျယ်အဝန်း မရှိပေ ။ သို့ကြောင့်ပင် လူကြီးများက ရှားတောဒိုးပတ်ဝိုင်းကို ချဉ်းကပ် တောင်းပန်ကြရ၏ ။
“ စိန်အိုးစည် လွယ်သလေ လွယ်သလေ ”
“ လိမ်ဖယ်ဖယ် တီးပါလို့ ”
“ လက်သီးကို လက်သီးကို ”
ဒိုးပတ်သံ အတိတ်တွင် အိုးစည်သံသည် ဝဲပျံမြူး လာလေ၏ ။ ပုရပိုက်တန်းရွာက ဆွမ်းတင်အဖွဲ့ ဖြစ်ပေသည် ။ ရှားတောဒိုးပတ်ဝိုင်း အကမ်းအလှမ်း လက်ခံပြီး ဘုရားဝင်း ဝင်ရောက်ချိန်ဝယ် ရှေ့က ဝင်သွားသော အလှူပစ္စည်းများနှင့် လူကြီး ၊ မိန်းကလေး စသည်များမှာ ငါးပါးသီလ ယူပြီးရုံမက ရေစက်ချ၍ ပင် ပြီးစီးနေပြီ ဖြစ်သည့်အတွက် အလွယ်တကူပင် ထွက်ခွာသွားနိုင်ကြပေပြီ ။
ပုရပိုက်တန်းရွာ အပြီးတွင် ရွာသစ်ကြီး ၊ သရက်တော ၊ သရက်ချင် ၊ ငှက်ပျောတော ရွာများမှ ဆွမ်းတော်ကြီးပေါင်းအဖွဲ့များသည် တစ်ရွာပြီး တစ်ရွာ ရောက်ရှိလာကြသည် ။ အများအားဖြင့် ဆွမ်းတော်ကြီးတင် ဟု ခေါ်ဝေါ်ကြသော်လည်း ဒေသစကားအားဖြင့် အရွာရွာ မှ လှူဖွယ်ပစ္စည်းများ ပေါင်းစုလှူဒါန်းခြင်းကြောင့် “ ဆွမ်းတော်ကြီးပေါင်း ” ဟု ခေါ်လေသည် ။
လူကြီးများမှာ ဆွမ်းတော်ကြီးပေါင်းအဖွဲ့များကို ကြိုဆို၍ ကျေးဇူးတင်စကား ဆို၏ ။ ထန်းရည် ကြိုက်သူကို ထန်းရည် ၊ ထန်းလျက် ကြိုက်သူကို ထန်းလျက် စသည်ဖြင့် နောက်ဆက်တွဲ ဧည့်ခံရသဖြင့် မအားပေ ။ ဘညိန်းနှင့် အုံးမောင် စသော လူရွယ်ပိုင်းမှာ ဘုရားတွင်း ရောက်လာသော ဆွမ်းတော်ပွဲများကို ဘုရားရှေ့သို့ ရွှေ့ပြောင်းလဲလှယ်ပေးရ၏ ။ ဆန် ဆိုလျှင် ဆန်တောင်းကြီးထဲသို့ ထည့်လိုက်၏ ။ သက်ဆိုင်ရာ လှူဖွယ်ကို သတ်မှတ်ထားသော နေရာတွင် ချထားပြီး နောက် မိမိ လက်ထဲက ဗန်းကို ဗန်းပိုင်ရှင်၏ လက်ထဲသို့ မမှားမယွင်း ပြန်ပေးနိုင်အောင် သတိထား မှတ်သားရ၏ ။ အထူးသဖြင့် ဗန်းထဲတွင် ပါလာသည့် အဝင်ဝက ကမ်းလှမ်းလိုက်သောပစ္စည်းများ မလျော့ မပျောက်ဖို့ အရေးကြီးသလို အချင်းချင်းကိုလည်း မျက်ခြည်မပြတ် ကြည့်နေရ၏ ။
အမျိုးသမီးများမှာလည်း အကမ်းအလှမ်း ကိစ္စဖြင့် ချွေးပင် မသုတ်အားကြပေ ။ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြန်သွား၍ ဘုရားထဲတွင် ငြိမ်ကျန်ခဲ့တော့မှ လူကြီးတွေ ဟင်းချနိုင်သလို ၊ ချောစိန်မှာလည်း အိမ်ပြန်ရောက်မှ အသက်ရှူ နိုင်တော့၏ ။ ချောစိန်သည် တဲ၏ ခါးပန်းစွန်းတွင် မြူးကြွသော ကိုယ်ဖြင့် ပစ်ထိုင်လိုက်လေ၏ ။ နောက် စွေ့ခနဲ ရွှေ့ထိုင်လိုက်ကာ လက်ဖက်ခွက်ကို ငုံ့ကြည့်လိုက်ရာက “ ဟင် ” ခနဲ အော်လိုက်၏ ။
“ ဟော ဟော လက်သုတ်ပဝါ ဘယ်ကျကျန်ခဲ့ပါလိမ့် ”
ချောစိန်သည် လက်သုတ်ပဝါကို ပြန်ရှာရန် အတွက် ခါးပန်းစွန်းမှ လျှောဆင်းလိုက်ရာ ထဘီစနှင့် လှေကားတုံး အစွန်းငြိကာ အလျားထိုး လဲကျသွားလေ၏ ။
ချောစိန်မှာ နာတာကျင်တာကိုပင် သတိမထားနိုင်ဘဲ ထဘီအနားကို မကြည့်လိုက်သောအခါတွင် အားရပါးရ ငိုရှိုက်မိတော့သည် ။ အဘယ်ကြောင့်ဆိုသော် ငှားခဲ့သော ဘန်ကောက်လုံချည်သည် အနားမှ တစ်ထွာခန့် စုတ်ပြဲသွားသောကြောင့်တည်း ။
“ ဟင်း ဟင်း ”
မိနစ်ပိုင်းအတွင်းက မြူးကြွခြင်းနှင့် လှမေကို အနိုင်ရလိုက်ခြင်းကြောင့် အားရရွှင်လန်းခြင်းတို့သည် တစ်မုဟုတ်ချင်း ပျောက်ပျက်သွားလေ၏ ။ ယခုတော့မူ ချောစိန်၏ ရင်တွင်း၌ ပူလောင်ပေပြီ ။ မျက်ရည်ဖြင့် ဝန်းဥ တွဲစီနေရပေပြီ ။
ဤဘန်ကောက်လုံချည် အတွက် လျော်စရာ ငွေကြေးသည် ချောစိန်၌ မရှိပေ ။ သုံးနှစ်ဆက်ပြီး ဆပ်ရမလား ၊ ဘာနဲ့ ဆပ်မလဲ ၊ ဘာကိုလုပ်ပြီး ဆပ်မလဲ ၊ လျော်မလဲ ဆိုသော မီးတောက်သည် ချောစိန်၏ ခေါင်းထဲ၌ တောက်လောင်နေပါပြီကော ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment