❝ သေချိန်တန်ပြီ ❞
( ဌေးကြည် - စလင်း )
လွန်ခဲ့သော နှစ်များစွာက “ ပန်းအိုင်ပွဲတော် ” တွင် ဇာတ် ဆရာ တွံတေးသိန်းတန်ဇာတ် “ သဘင်ချစ်ရင် စင်မြင့်ပေါ်လာခဲ့ပါ ” ဆိုသည့် ပြဇာတ် တင်ဆက်စဉ်က ဖြစ်သည် ။ ပန်းအိုင်ပွဲတော်တွင် ၁၁ ည ကသည် ။ နောက်ဆုံးညတွင် ထိုပြဇာတ်ကို တင်ဆက်ပါသည် ။ ဇာတ်လမ်းသဘောအရ ပြဇာတ်၏ အခန်း ၅ တွင် တွံတေး သိန်းတန်၏ ရွာကို သူပုန်စီးနင်းရမည် ။ ရွာတွင် တိုက်ပွဲဖြစ်ရမည် ။ ထိုတိုက်ပွဲထဲတွင် တွံတေးသိန်းတန်၏ အဘနှင့် နှမ ဖြစ်သူသည် ပြေးလွှားရှောင်တိမ်းရင်း တိုက်ပွဲထဲတွင် သေရမည် ။ အဘနှင့် နှမ သေပြီးမှ တွံတေးသိန်းတန်က ပြေးဝင်လာရမည် ။ ဝမ်းနည်းပူဆွေး ငိုကြွေးရမည် ။ နောက်ပိုင်းတွင် တွံတေးသိန်းတန်သည် ရွာတွင် သူ့အဘနှင့် နှမ မရှိတော့၍ ရွာမှာ မနေဘဲ မြို့သို့ တက်၍ စာရေးဆရာ လုပ်ရမည်ဖြစ်သည် ။
ထိုပြဇာတ်အတွက် မည့်သည့်နေ့တွင် မည်သို့သောပစ္စည်း နှင့် ဆက်တင်တို့ လိုအပ်ကြောင်းကို ဒါရိုက်တာက သက်ဆိုင်ရာ တာဝန်ရှိသူတို့ထံ ပြောဆိုမှာကြားထားသည် ။ အခန်း ၅ မှာ ကပြမည့် တိုက်ပွဲအတွက် အသုံးပြုရန် ယမ်း ၁ဝချက် လိုသည်ဟု ကားဆွဲခေါင်းဆောင်ကို ပွဲမကမီ ညနေကတည်းက ပြောထားသည် ။ ညရောက်၍ ပြဇာတ် ကပြသောအခါ ထိုတိုက်ပွဲအခန်းသို့ ရောက်လေသည် ။ ယမ်းဖောက်ရမည့်သူလည်း သူ့တာဝန်အရ ယမ်းကို ၁၀ ချက်ကို စတင်၍ ဖောက်နေလေပြီ ။ ဇာတ်ဝင်ခန်းထဲက ရွာသူရွာသာများလည်း တိုက်ပွဲခန်းတွင် ပြေးလွှားလှုပ်ရှားနေပါသည် ။ တွံတေးသိန်းတန်၏ အဘနှင့် နှမ ဖြစ်သူလည်း ရွာသူရွာသားများနှင့်အတူ ပြေးလွှားနေပါသည် ။ ရွာသူရွာသားများ ပြေးရင်းလွှားရင်း သေကုန်ကြသော်လည်း အဓိက သေရမည့် တွံတေးသိန်းတန်၏ အဘနှင့် နှမမှာ ယမ်း ၈ ချက် ဖောက်ပြီးသည်အထိ မသေသေးဘဲ ဇာတ်ခုံပေါ်တွင် ဟိုဝင် ဒီထွက်ဖြင့် ဆက်လက် ပြေးလွှားလျက်ရှိသည် ။
ဒါရိုက်တာလုပ်သူ ကျွန်တော့်မှာ တိုင်ဖုံးကြားမှာ နေ၍ စီးနေသော ဇောချွေးများကို သုတ်နေမိသည် ။ “ မှားရင် မီးနီပြရန် ” ၊ “ မှန်ရင် မီးစိမ်းပြရန် ” သတ်မှတ်ချက်အတိုင်း လက်ထဲရှိ ဓာတ်မီး နှစ်လက်ကို ကိုင်ဆောင်၍ မီးနီပြ အချက်ပေးလိုက်သည် ။ သို့သော်လည်း ယင်း သားအဖမှာ မသေသေးဘဲ ပြေးလွှားမြဲ ပြေးလွှားနေသည် ။ ခက်ချေပြီ ။ ဤအခန်းအတွက် ယမ်းဖောက်ရန် ဗြောက် ၁ဝ ချက်စာပဲ တာဝန်ပေးထားသည် ဖြစ်ရာ အခု ယမ်း ၈ ချက် ကုန်သွားပြီ ။ ဒီပုံအတိုင်းဆိုရင် နောက်ထပ် နှစ်ချက်ဖောက်လျှင်တောင် သူတို့က ဆက်ပြေးနေမည့်ပုံမျိုး ။ နောက် ၂ ချက် အတွင်း သူတို့ သေရင်သေ ၊ မသေလျှင် ယမ်းလည်းကုန် ဆက်ဖောက်စရာလည်း မရှိ ။ မီးနီ ဆက်ပြနေသော်လည်း အခြေအနေက မထူး ။ သူတို့နှစ်ယောက် သေမှ ရွာထဲသို့ ဝရုန်းသုန်းကား ပြေးဝင်လာရမည် ဖြစ်သော တွံတေးသိန်းတန် လည်း ဝင်လာ၍ မရ ။ ဇာတ်စင်ဘေးကနေ ရပ်စောင့်နေသည် ။ ဒီအတိုင်းဆို နောက်ထပ် တင်ဆက်ရမည့် အခန်းများကို ဘယ်လို ဆိုကရမလဲ ၊ ကျွန် တော့မှာ ထိုသို့သော အတွေးများဖြင့် ဟိုဟာ ကိုင်ရမလိုလို ဒီဟာ ကိုင်ရမလိုလို ချီတုံချတုံ ဖြစ်နေသည် ။ ဒီထက် အခြေအနေ ဆိုးသွားလျှင် ပြဇာတ်ကို ရပ်ပစ်ရန်သာ ရှိတော့သည် ။ ရပ်လိုက်လျှင်လည်း အားပေးနေကြသော ပရိသတ်ရှေ့မှာ အရှက်ဗြန်းဗြန်းကွဲတော့မည် ။ ထို့ကြောင့် မသေသေးသော သားအဖကို တိုင်ဖုံးကြားကနေ သူတို့ ကြားအောင် “ ဟေ့ အဘနှင့် နှမ ... လျှောက်ပြေးမနေကြနဲ့တော့ .. ယမ်းက ၂ ချက်စာပဲ ကျန်တော့တယ် ။ သေလိုက်ကြတော့ ... သေလိုက်ကြတော့ .. ” ဟု တိုးတိုးတိတ်တိတ် ပြောလိုက်ရတော့သည် ။
ကျွန်တော့်အသံ ကြားတော့ သူတို့ သားအဖ ချက်ချင်းပင် ခြေပစ်လက်ပစ် သေလိုက်ကြတော့သည် ။ သေလိုက်တာတော့ မှန်ပါရဲ့ ။ ကျွန်တော့်မှာတော့ ကိုယ့်နဖူးကို ရိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တောင် ပေါက်သွားသည် ။ အဘယ့်ကြောင့်ဆိုသော် သူတို့ သေပြီး တစ်မိနစ်လောက် ကြာချိန်ရောက်မှ သေနတ်သံ နှစ်ချက်က ဆက်တိုက်ထွက်ပေါ်လာ ခြင်းကြောင့်တည်း ။ ။
▢ ဌေးကြည် ( စလင်း )
📖 ဇာတ်ခုံပေါ်က အလွဲများ
No comments:
Post a Comment