❝ ကမ်းပျောက်ပုစ္ဆာ ❞
( လွင်မာအောင် - ဥက္ကံ )
ကျနေဘက် ရောက်သဖြင့် နေက သိပ်မပူတော့ပေ။ ရိုးမစပ် တောထဲ၊ တောင်ထဲတွင် အလုပ်သွားကြသော အလုပ်သမားတို့ အိမ်ပြန်လာကြသဖြင့် ရွာထဲတွင် လူစုံသောအချိန်ဖြစ်သည်။ ခြံစည်းရိုးရှေ့ လမ်းကျဉ်းကလေးမှ တဖျပ်ဖျပ် ပြေးလွှားလှုပ်ရှားသံတို့က စိုးထိတ်မှုကို ဖြစ်စေသည်။ ဗလုံးဗထွေး အော်ဟစ်ပြေးလွှားသူတို့ စုရုံးရာသည် ရွာထိပ်တောင်ကုန်းမြင့်ပေါ်မှ စေတီလေးရှိရာသို့ ဖြစ်သည်။ စေတီအုတ်တံတိုင်းပေါ်တွင် မတ်တတ်ရပ်လူတွေ နေရာမလပ် စီတန်းနေသည်မှာ နောက်လူ တိုး၍ မရတော့ပေ။
“ဟေး...ဟေး...ဟူး”
“ခြေနဲ့ ယက်နေတာဟေ့”
“ခွာနဲ့ ပေါက်နေတာဟ၊ စပါးပင်တွေတော့ ပျက်စီးကုန်ပါပြီတော်”
အမျိုးမျိုး အော်ဟစ်နေသည့် အသံများကြားမှ စူးစူးနင့်နင့် အာခေါင်ခြစ်အော်သံကြောင့် အခြား အသံများ ချက်ချင်း ရပ်သွားကြသည်။
“အဖေကြီး...အဖေကြီးရေ၊ ဆင်ကြီး ထွက်လာတယ်ဗျို့”
သမီးဖြစ်သူ မခင်ဝေအော်သံကို ဦးဒူဒိန် ကြားနိုင်သလား မသိ။ မြေးတွေကပါ အဒေါ်ဖြစ်သူနောက်မှ အသံကုန် ဟစ်အော် ခေါ်နေကြတော့သည်။
“ဆင်ကြီး ထွက်နေတယ် အဘရေ”
တောရိုင်းဆင်ကြီးများကို သည်နယ် တစ်ခွင်မှ လူများ အလွန်ကြောက်ကြသည်။ တောဆင်ရိုင်းကြောင့် သေသူများလည်း မနည်းတော့ပေ။ ဖားရှာ၊ ငါးရှာ၊ ဟင်းသီးဟင်းရွက်ခူး၊ မှိုနုတ်၊ မျှစ်ချိုး၊ ထင်းခုတ်၊ ဝါးခုတ်သွားလျှင်လည်း သူ့အသံကိုပင် နားစွင့်နေရသည်။ အုပ်စုလိုက် သွားကြ၍ တစ်ဦးဦးနှင့် တောဆင်ရိုင်း တိုက်ရိုက်တွေ့ သည့်အခါတွင် ကံကောင်းထောက်မစွာဖြင့် လွတ်ကင်းသူများ ရှိနိုင်သလို၊ တောဆင်ရိုင်း၏ ခြေဖဝါးအောက် ပြားပြားမှောက် ဝပ်စင်းခဲ့ရသူများလည်း မနည်းလှတော့ပေ။ လင်နှင့်မယား၊ သားနှင့်အမိ၊ မောင်နှင့်နှမ၊ ညီအစ်ကို ညီအစ်မ၊ ချစ်ခင်ရင်းနှီးရသော မိတ်ဆွေသူငယ်ချင်း တစ်ဦးဦးသာ ဆင်ရိုင်းနှင့် ရင်ဆိုင်နေရပါက အော်ဟစ်ဆူညံပြီး မရှုမလှ ခံစားနေရသော ဒုက္ခကို တိတ်တဆိတ် ချောင်းကြည့်ပြီး ဝမ်းနည်းကြေကွဲရုံမှတစ်ပါး ပြန်လည် ရင်ဆိုင်နိုင်စွမ်း မရှိသည့် ရိုးမစပ်ဖျား တောသူ၊ တောင်သားများ၏ ဘဝစစ်စစ် အမှန်ပင်ဖြစ်ပေသည်။
အော်ဟစ် ဆူညံသံများက သူ့အတွက် အားပေးစကားများ ထင်လေသလား မသိ။ ရှေ့လက်နှင့် စပါးခင်းကို နင်းလိုက်၊ နောက်ခြေနှင့် ကန်လိုက်၊ နှာမောင်းဖြင့် စပါးခင်းကို ထိုးမွှေလိုက်နှင့် ကစားနေလေသည်။
“ဝူး...ဟေး...ဟေး”
ကျနေကို လက်ဝါးဖြင့်ကာ၍ စေတီရှိရာ တောင်ကုန်းပေါ်သို့ တရွေ့ရွေ့တက်လာသော အမယ်အိုဒေါ်မယ်ရုံ ရင်ထဲတွင် တင်း၍ မွန်းကျပ်နေသည်။ တံတိုင်းပေါ်တွင် စီတန်းနေသော သူများကို သူ မတိုးနိုင်။ ဘုရားကုန်းမြေ ရင်ပြင်ပေါ်တွင်သာ ထိုင်ချ၍ စေတီတော်ကို အကြိမ်ကြိမ် ဦးချရင်း ခင်ပွန်းဖြစ်သူ ဦးဒူဒိန် အန္တရာယ်လွတ်ကြောင်းကိုသာ ဆုတောင်းနေမိသည်။
သည်အိမ်ဦးနတ် အဘိုးကြီး မရှိလျှင် သူ့ဘဝ ဘယ်လို ဆက်လျှောက်ရပါမည်နည်း။ ညာလက်က တောင်ဝှေးကို ထောက်ရပ်ရင်း ဘယ်လက်ဖြင့် ရင်ဘတ်ကို အသာဖိ၍ မျက်ရည်တို့ ဝိုင်းစို့လာတော့သည်။
“တောက်”
ကျွတ်စုတ်သံလောက်သာ ကျယ်လောက်သည့် တောက်ခေါက်သံကို အားယူခေါက်ရင်း သက်ပြင်းများသာ ချနေ ရှာသည်။
ဒေါ်မယ်ရုံမှာ မိမိထက် အသက် ၄ နှစ်မျှ ငယ်ရွယ်သော ဘိုးဒူဒိန်ကို အနိုင်ယူ ဆိုးတတ်မြဲဖြစ်သည်။ မနက်လင်း၍ အလုပ် သွားခါနီးတိုင်း ဦးဒူဒိန်မှာ ချက်ပြုတ်ပြီးမှ တောထဲ အလုပ်ဆင်းလေ့ရှိသည်။ ဝါးခုတ်၊ ဖျံဥတူး၊ လိပ်ပြာဥတူး၍ အဝယ်ဒိုင်သို့ ပစ္စည်းပို့ပြီး ညနေစောင်း အိမ်ပြန်ရောက်သည့် အချိန်မှသာ ညစာ ချက်ရသည်။ အချိန်စောလျှင် စောသလို တောကြက်နှင့် ပူးကောင် ကလေးများကိုလည်း ကိုင်းထောင်၍ ဖမ်း တတ်သည်။ စိမ့်၊ စမ်း အိုင်များတွင်လည်း ငါးဖမ်းလေ့ရှိသည်။ ယခုလည်း ငါးပိုက် သွားဖော်ရင်း ဆင်နှင့် တိုးမည်ကို မိသားစုနှင့် ရွာသူရွာသားများ စိုးရိမ်နေကြခြင်းဖြစ်သည်။
သားနှင့်သမီး နှစ်ယောက် အသီးသီး အိမ်ထောင်ကျ၍ အိမ်ခွဲနေကြသဖြင့် အဘိုးကြီး၊ အမယ်ကြီးသာ တဲအိမ်ကလေးတွင် ကျန်ရစ်ခဲ့ကြသည်။ ခြံဝိုင်းထဲတွင်သာ သား၊ သမီးတို့နှင့် အတူတကွ နေထိုင်ကြလေသည်။ သားသမီးတို့ အိမ်မှ နေ့စဉ် ဟင်းတစ်ခွက် မရောက်သော်လည်း အဘိုးကြီး ဟင်းစားရှာ ရလာသည့် နေ့မျိုးတွင် မြေးများတစ်သိုက်နှင့် စုစုရုံးရုံးစားကြရသည်ကို ကြည်နူးမဆုံး ဖြစ်ကြရသည်။
အရပ်လက်သည် ဒေါ်မယ်ရုံမှာ မနက် မိုးလင်းသည်နှင့် ရွာတစ်ပတ်လှည့်လည်၍ လုပ်ငန်းစသည်။ နေ့လယ်စာနှင့် ညစာကို ကိုယ်ဝန်ဆောင်အိမ်များမှ ကျွေးတတ်သလို၊ မီးဖွားသည့် အိမ်များတွင် စားလိုက်သည့် အခါများလည်း ရှိသည်။ ဦးဒူဒိန်မှာ အပြင် အလုပ်လည်း လုပ်ရ၊ မီးဖိုထဲလည်း ဝင်ရသော်လည်း ဇနီးဖြစ်သူအပေါ်တွင် ငြိုငြင်ခြင်း အလျဉ်း မရှိခဲ့ပေ။ အမယ်အို ကြိုက်တတ်သည့် တောကောင်ဟင်းများနှင့် ငါးကြီး ငါးကောင်း ရ၍ ချက်သည့်နေ့များတွင် ဒေါ်မယ်ရုံကို ထမင်းပြင်ပြီး ကျွေးတတ်သည်။ ရွာလူကြီး၊ ရာအိမ်မှူး၊ ဆယ်အိမ်ခေါင်း မဖြစ်ရသောကြောင့် ဒေါ်မယ်ရုံမှာ ကတော်စာရင်း မ၀င်ရသော်လည်း လင်ကောင်းသားကောင်း စာရင်းဝင်တစ်ယောက် အဖြစ်တော့ ဦးဒူဒိန်မှာ နာမည်လိုချင်သည်။
အဘိုးအို ဦးဒူဒိန်သာ အန္တရာယ်နှင့် ကြုံ၍ တစ်ခုခုများဖြစ်ခဲ့ရင်...။ အမယ်အို ဒေါ်မယ်ရုံ တွေးရင်း မောဟိုက်၍ နာကျင် လွန်းလှသည်။ ဘုရားရင်ပြင်ပေါ်တွင် လူး လှိမ့်၍ ကျွမ်းသာထိုးပစ်လိုက်ချင်ပါတော့သည်။
“ဆင်ကြီး ချောင်းဘေးက မြောင်ထဲ ဝင်သွားပြီဟေ့”
“အမလေး…အဖေကြီးနဲ့တော့ တည့်တည့်တိုးပါပြီတော့။ ဟီး ဟီး”
“ဒေါ်လေးဝေ၊ ဟိုးနှမ်းကုန်းခြေရင်းဘေး ဖြတ်လမ်းက ထွက်လာတာ အဘ မဟုတ်လား။ ဟေး...ဟုတ်တယ်၊ အဲဒါ အဘ”
“အဘရေ၊ အဖေကြီးရေ”
အော်ဟစ်ခေါ်သံများအဆုံး ဘုရားကုန်းတော်ပေါ်မှ ဦးဒူဒိန် ရှိရာ တောင်အောက်သို့ ပြေးဆင်းကြိုကြသော သမီးနှင့် မြေးများကို ကြည့်၍ ဒေါ်မယ်ရုံရင်ထဲတွင် အမည်မဖော် နိုင်သော ကြည်နူးမှုများကို ခံစားလိုက်ရသည်။ ခင်ပွန်းအပေါ် အနိုင်ယူလွှမ်းမိုးချင်သော စိတ်များသည်လည်း တဖြည်းဖြည်း ကွယ်ပျောက်သွားရလေတော့သည်။
တောင်ဝှေးလေးကို အားပြုထောက်ရင်း မတ်တတ်ရပ်လိုက်သည်။ တဆတ်ဆတ် တုန်နေသော ဒူးအစုံဖြင့် တစ်လှမ်းချင်း တဖြည်းဖြည်းအားယူ၍ လှမ်းလျှောက်လိုက်သည်။ ပိန်ပိန်ပါးပါး ခေါင်းတုံးလေးနှင့် သွားဖြူဖြူလေးတွေကို မြင်ကတည်းက အဘိုးအိုပြုံးပြီး သူ့ဆီ လာနေသည်ကို အဘွားအို သိလိုက်သည်။ အဘိုးအို၏ ပုံသဏ္ဌာန်ကို ပီပီပြင်ပြင် သူ မမြင်တော့သည်မှာ အတော်ကို ကြာခဲ့ပါပြီ။ တစ်သက်လုံး မပြောင်းလဲသည့် ညိုမောင်းသော အသားအရေနှင့် ကျောပြင် မည်းပြောင်ပြောင်ကတော့ အဘွားအိုမျက်လုံးတွင် တစ်သက်လုံး စွဲထင်နေမည့် ဦးဒူဒိန်၏ ပုံရိပ်ပင်ဖြစ်သည်။ အနားသို့ ရောက်လာသော အဘိုးအိုကို မျက်ခုံးကျုံ့၍ သေချာကြည့်လိုက်ရင်း “သမီးနဲ့ မြေးတွေ အော်ခေါ် တာ နင် ကြားလား ဘိုးဒူဒိန်”
ဆို့နင့်နေသည့် အသံကို တုန်၍ ထွက်မလာစေရန် တမင် မာပြီး မေးလိုက်သည်။
“အင်း...ကျုပ်ကြားတယ် မယ်ရုံ။ သူတို့ အော်သံကြားလို့ ကျုပ် ငါးဆက်မရှာဘဲ မြှုံးတွေ ဖော်ပြီး ချက်ချင်း ပြန်လာတာပေါ့။ ဒီနေ့.. ကံကောင်းတယ်ဗျ။ ဒီမှာကြည့်ပါဦး ငါးလင်ပန်းလေးတစ်ကောင်ပါတယ်။ ခင်ဗျား အကြိုက်ပေါ့”
ပေါ့ပါးရွှင်လန်းစွာ ပြောနေသော အဘိုးအိုကို ကြည့်ရင်း ဒေါ်မယ်ရုံတစ်ချက် ပြုံးလိုက်သည်။ ငါးလင်ပန်းငါးကို ဦးဒူဒိန် အလွန်ကြိုက်မှန်း ဒေါ်မယ်ရုံ အသိဆုံးဖြစ်သည်။ “ခင်ဗျားအကြိုက်” လို့ ဦးစားပေး ပြောသွားသော်လည်း ထမင်းဝိုင်းရောက်မှ အသာလက်နုတ်နေလိုက်တော့မည်ဟု တွေး၍ နေလိုက်သည်။
ဆိုလာ မီးရောင်အောက်တွင် ပြင်ဆင်ထားသော ထမင်းဝိုင်းလေးမှာ လူစည်ကား လှပါသည်။ အဘိုးအို ဦးဒူဒိန် ကိုယ်တိုင် ချက်ပြုတ်ပြီး မြေးတစ်သိုက်နှင့် အားပါးတရ စားကြရန် ဖြစ်သည်။ ထမင်းစားပွဲဝိုင်းလေးမှာ စကားပြောသံများ အပြင် အိုးခွက်၊ ပန်းကန်၊ ဇွန်းသံများဖြင့် ဆူညံ၍ နေတော့သည်။
“အမေကြီး နေ့လယ်ကလေ သမီးနဲ့ အဘ ဖျံဥသွားတူးရင်း အဘမူးပြီး လဲကျသွားသေးတယ်။ သမီးဖြင့် စိုးရိမ်ပြီး ကြောက်လိုက်တာ။ ဦးကျော်ထက်တို့ကို အော်ခေါ်ရတာပေါ့။ သူတို့လည်း ကြောင်ပန်းရွက်တွေ ခူးလာပြီး အဘနှာခေါင်းမှာ တေ့ထားလိုက်တော့မှ အဘ သတိရပြီး သက်သာသွားတာ သူတို့ လာလို့ တော်သေးတာ။ နို့မဟုတ်ရင် အဘ မလွယ်ဘူး အမေကြီးရေ။ ဖျံဥတွေကို ဒိုင်သွားပို့တော့လည်း လမ်းတွေ မှားပြီး မောနေတာ။ သမီး သနားလိုက်တာလေ”
အဘိုးအိုမှာ သူ့ အကြောင်းပြောတာ မဟုတ်သည့်နှယ် ထမင်းကိုသာ ငုံ့၍စားနေသည်။
အမယ်အိုဒေါ်မယ်ရုံမှာ စောစောကမှ စိတ်ချမ်းသာလိုက်ရသေးသည်။ ယခု မြေးမ သန္တာခင် ပြောမှ ထမင်းစားချင်စိတ်ပင် ပျောက်သွားရလေသည်။ နောက်နေ့ ရောက်ရင်တော့ ဦးဒူဒိန်ကို ကျေးလက်ဆေးခန်းမှ ဆရာမလေးထံတွင် အကျိုးအကြောင်း ရှင်းပြပြီး အကြောအားဆေးများ ထိုးခိုင်းရမည် ဟူ၍လည်း တွေးနေမိသည်။
ပြာသိုဆောင်းလသည် တောရိပ်တောင်ရိပ်ကြောင့် ထမင်းစားပြီးချိန်တွင် ချမ်းလာကြသဖြင့် မြေးအဘိုးတစ်သိုက် တဲအိမ်အောက် ဆင်း၍ အိမ်ရှေ့မြေပြင်ပေါ်တွင် မီးဖိုပြီး မီးလှုံနေကြသည်။ ရေဒီယိုမှ တေးသံသာများကို နားဆင်ရင်း ဘဝအမောတွေ ဖြေကြသည်။ ဒေါ်မယ်ရုံမှာ အိပ်ရာ စောစောဝင်ခဲ့သော်လည်း အိပ်ရာပေါ်တွင် ဟိုလူး၊ ဒီလှိမ့်ဖြင့် အိပ်မပျော်နိုင်ရှိခဲ့သည်။
ပေါင်တွင်းကြောထဲမှ အနာကလည်း အအေးဒဏ်ကြောင့် ပြန်ကိုက်ခဲ၍ နေပြန်သည်။ ကျေးလက်ဆေးပေးခန်းမှ ဆရာမလေးကို သွားပြခဲ့စဉ်က အနာကို မွှေနှောက်ကာ ဆေးထည့်ပေးလိုက်သည်။ ပြည်တစိုစို ဖြစ်နေသော အနာကို ကိုင်စဉ်က အသည်း ခိုက်အောင် နာသည်ဟု ထင်မိသော်လည်း နောက်နေ့တွင် သိသိသာသာ သက်သာလာခဲ့သည်။ သက်သာလာသဖြင့် ပေါ့ပေါ့ဆဆ နေမိပြန်ရာ အနာမှာပြည်တည်၍ ပြန်ကိုက်နေပြန်သည်။
လွန်ခဲ့သော နှစ်က နှီးထိုးရန် ဝါးရုံပင်မှ ဝါးကို ခုတ်လိုက်ရာ ဝါးပင်ငုတ်ပေါ်သို့ မှောက်ကျရာမှ ဖြစ်ခဲ့သော ထိုအနာသည် ပေါင်အတွင်းကြော ပြတ်သွားသဖြင့် အနာမှာ မပျောက်နိုင်အောင် ဖြစ်ရော့သလားဟု ဒေါ်မယ်ရုံ တွေးထင်မိသည်။ ရန်ကုန်တွင် အလုပ်လုပ်နေသော တူဖြစ်သူက ရန်ကုန်သို့ ခေါ်သွားပြီး ဆေးခန်းပြရာ ဆီးချိုသွေးချို ရှိနေသဖြင့် အရာရာကို သတိထား သွားလာ စားသောက်ရန် ဆရာဝန်က မှာကြားလိုက်သည်။ ဆရာဝန်ညွန်ကြားချက်များကို ဦးဒူဒိန်အား ပြန်ပြောပြစဉ်က ဦးဒူဒိန် အလွန် တုန်လှုပ်သွားခဲ့သည်။ အနာရှိန်ကြောင့် မကြာခဏ ဖျားနာတတ်သော ဒေါ်မယ်ရုံကို ဦးဒူဒိန် စိုးရိမ်လာသည်။ သားသမီးများကိုလည်း ဒေါ်မယ်ရုံ လူ့လောက၌ မရှိတော့လျှင် မိမိမွေးရပ်ဇာတိဖြစ်သော သာယာဝတီ ခရိုင်၊ ဇိန်ဇာကျေးရွာသို့သာ ပြန်ပြီးခေါင်းချ တော့မည့်အကြောင်း စိတ်မကောင်းစွာ ဆိုတတ်လေသည်။ အမယ်အိုဒေါ်မယ်ရုံ မရှိသော ဒီအိမ်ကလေးတွင် ဦးဒူဒိန် ဘယ်လိုမှ ဆက်လက်ရှင်သန်ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။
မနက်စောစော နံနက်စာ ထမင်းချက် ပြုတ်ပြီးမနက် အဆာခံ ထမင်းကြမ်းပင် မစားသေးခင် ဦးဒူဒိန်မှာ မနေ့ညနေက ထောင်ထားသော မြှုံးကို သွားဖော်ရန်အတွက် ကျွဲကူးမြောင်းဘက် ထွက်ခဲ့လေသည်။ မြှုံးထဲတွင် ငါးလင်ပန်းကြီးတစ်ကောင်သာ တွေ့ရသဖြင့် ဦးဒူဒိန် အလွန်ဝမ်းသာသွားသည်။ သူ့အကြိုက် မန်ကျည်းနှစ်ရည်လေးဖြင့် မဆလာအုပ်၍ ချက်စားရန် စိတ်ကူးပြီး ငါးကို မြှုံးထဲမှ အထုတ် ခေါင်းထဲ၌ မိုက်ခနဲ မူးသွားသည့် ဝေဒနာကို ခံစားလိုက်ရသဖြင့် အသာလေး ငြိမ်နေလိုက်ရသည်။ နေ့လယ်စာ ဟင်းစားရသဖြင့် စိတ်ထဲတွင် ပျော်ရွှင်နေမိသော်လည်း ဦးဒိန်၏ အိမ် အပြန် ခြေလှမ်းတို့ကား နှေးကွေးလို့ နေတော့ သည်။ ယနေ့အတွက် ဖျံဥ၊ လိပ်ပြာဥ တူးသွားရန် ဒေါ်မယ်ရုံက တားသဖြင့်သာ ဦးဒူဒိန် ငြိမ်နေလိုက်ရသည်၊ တစ်နေ့စာ ဝင်ငွေမရရုံသာမက ဆေးဖိုးပါ ကုန်ကျရမည့် အရေးက စိတ်နှလုံးကို မအေးချမ်းနိုင်ခဲ့ပေ။ မနေ့က ကုန်းပေါ်ရွာမှ မင်္ဂလာဆောင် ဖိတ်စာတစ်စောင် အိမ်ရောက်နေသည်။ လူမှုရေးအရ မသွားလို့ မဖြစ်ပြန်ပေ။ ရွာဦး ဘုန်းတော်ကြီးကျောင်း၏ ဆွမ်းစားဆောင် အတွက် ကြွေပြားလေးနှစ်ချပ်လောက်ကို လည်း မိမိ၏ ချွေးနှဲစာလေးကို လင်မယား နှစ်ယောက် အမည်ဖြင့် လှူချင်သေးသည်။ ဦးဒူဒိန် အတွေးပေါင်းစုံတွေးရင်း အိမ်ပြန်ရောက်လာခဲ့သည်။
အိမ်အနောက်ဘက် ရေကပြင်တွင် တင်ထားသည့် ငါးလှောင်ရန် ထားသည့် ရေအိုးဟောင်းထဲသို့ ငါးလင်ပန်းကြီးကို ထည့်လိုက်သည်။ အိမ်တွင် ဒေါ်မယ်ရုံကို မတွေ့ရပေ။ ဓားမတိုကို ကိုင်ဆွဲ၍ ဝါးခမောက် ဆောင်းကာ နက်ပြာရောင် အပေါ်အင်္ကျီကို ထပ်ဝတ်ပြီး ချောင်းဘက်သို့ ထွက်လာခဲ့ တော့သည်။ ဆည်မြောင်းမှ ရေလွတ်ထားသဖြင့် ချောင်းထဲတွင် ရေများသောကြောင့် ဝါးဖောင်ဖွဲ့၍ ဝါးဒိုင်သို့ ဖောင်မျှောချရန် ပြင်ဆင်ပါတော့သည်။ တဖြည်းဖြည်း နေထွက်လာသဖြင့် အပူရှိန်မြင့်လာသည်။ ဝမ်းတွင် အစာမရှိသောကြောင့် ရင်တုန်၍ ခေါင်းနောက်လာတော့သည်။ နောက်ဆုံး ဝါးဖောင်ကွပ်ရန်အတွက် ဝါးကြောဖြာနေစဉ် ဦးဒူဒိန် ရေထဲသို့ ဇောက်ထိုးကျသွားလေတော့သည်။
ဒေါ်မယ်ရုံမှာ ရေကပြင်တွင် ဦးဒူဒိန် ထားခဲ့သော ငါးလင်ပန်းကို ကြည့်၍ အံ့ဩနေမိသည်။ တစ်ခါမှ ဒီလောက်ကြီးသော ငါးလင်ပန်း မရဖူးခဲ့ပေ။ အဆာခံ ထမင်းကြမ်းပင် မစားဘဲ ထွက်သွားသော အဘိုးအိုကို စောင့်မျှော်ရင်း ထမင်းပွဲပြင်ဆင်နေလေသည်။
“အရီး မယ်ရုံရေ၊ ဒီမှာ ဘိုးဒူဒိန် ဝါးဖောင်ရင်း ရေထဲ ပြုတ်ကျလို့ ကျုပ်တို့ ထမ်းလာတယ်ဗျို့”
ဒေါ်မယ်ရုံရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့သည်။
“ဘယ်လိုဖြစ်ကြတာတုန်းဟယ်၊ လာ လာ အိမ်ပေါ်တင်ကြပါဦး”
“ခင်ဝေ...နင့်အဖေ ရေတွေစိုနေတယ်။ အဝတ်လဲရအောင်။ ယူပေးပါဦး”
ကိုဖိုးသောင်း သတိပေး စကားကြောင့် မခင်ဝေမှာ...
“အမေ...အဖေကြီးအင်္ကျီဘယ်မှာတုန်း”
“ဟိုး...တန်းပေါ်က လုံချည်နဲ့ စွပ်ကျယ်လေးသာ ဝတ်ပေးလိုက်။ ညည်း အဖေမှာ အပိုအဝတ်အစား မရှိဘူး သမီး”
“ကျော်မောင်ရေ…တဲအောက်ဆင်းပြီး အရီးကို ကောက်ရိုးမီးလေး မွှေးပေးပါဦးကွယ်။ မင်း ဘိုးလေး ချမ်းနေတယ်”
“ဘိုးဒူဒိန်…တော် နေသာရဲ့လားဟင်”
ဒေါ်မယ်ရုံမှာ စောင်ထူထူလေးဖြင့် ထွေးပွေ့၍ မေးနေစဉ် အားယူဖွင့်ကြည့်နေသော အကြည်လဲ့ဆုံး မျက်လုံးတစ်စုံနှင့် ဆုံမိ သည့် ခဏအတွင်းမှာပင် ဦးဒူဒိန် ခေါင်းငိုက်စိုက်ကျသွားလေတော့သည်။
“ငါ့ကို စိတ်ချသွားတာလား ဘိုးဒူဒိန်။ ကျုပ် အိမ်ခေါင်မိုးကြီး ပြိုကျပါပြီ အရပ်ကတို့ ရေ။ ကယ်ကြပါဦး အီး...ဟီး...ဟီး”
ကပိုကရို စည်းနှောင်ထားသော ဆံပင်တို့ ပြေလျော့ကျနေလေသည်။ ဒေါ်မယ်ရုံ တိတ်ဆိတ်၍ အဝေးသို့ ငေးမောနေသည်။ ခဏအကြာတွင် သမီးဖြစ်သူ မခင်ဝေကိုခေါ် ၍...
“သမီးရေ၊ ညည်းအဖေ ရလာတဲ့ ငါးလင်ပန်းကြီး ရွာဦးကျောင်းမှာ သက်ပျောက် ဆွမ်းကပ်ဖို့ ချက်လိုက်ပါလားကွယ်။ သူ့အတွက် ကုသိုလ်လေး ပါသွားတာပေါ့”
“ဟုတ်ကဲ့၊ အမေ”
အိမ်ခေါင်တိုင်ကို ကျောမှီထိုင်၍ ဝါးကပ်ပေါ်တွင် တင်ထားသော ဦးဒူဒိန် ရုပ်အလောင်းကို စိုက်ကြည့်ရင်း မှုန်ဝါးဝါး ဘဝခရီးလမ်းကို စမ်းတဝါးဝါး ဆက်လျှောက်လို့ နေရမည့်အကြောင်း တွေးနေမိတော့သည်။ ။
⎕ လွင်မာအောင် (ဥက္ကံ)
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
ဧပြီ ၊ ၂၀၁၈
No comments:
Post a Comment