Saturday, July 25, 2026

မြစ် ... သေ


❝ မြစ် ... သေ ❞
( ရည်ဝေ - လင်းရောင်ခြည် )

အလုပ်ကိစ္စဖြင့် တစ်နေကုန် အချိန်ကုန်သွားသည်မို့ အိမ်ပြန်လမ်းကို ခပ်သွက်သွက်လှမ်းလာသော မသီတာ၏ ခြေအစုံသည် အိမ်ထဲသို့ အဝင်မှာပင် တန့်၏။ ညီမ ဖြစ်သူ စန္ဒာ၏ တစ်ဖက်တစ်ချက်တွင် ထိုင်လျက် ထမင်းစားနေကြသော သားတော်မောင်နှစ်ကောင်။ ရိုးရိုးတန်းတန်း စားနေကြ တာ မဟုတ်။ စန္ဒာက ခွံ့ကျွေးနေခြင်းသာ။

“ဟေး..မေကြီး ပြန်လာပြီ။ သားတို့အတွက် မုန့်ပါလား”

ထိုင်ရာမှ မထဘဲ မေးလိုက်သည့် သားအကြီးကောင်ကို မသီတာ ခေါင်းခါပြလိုက်မိသည်။

“စန္ဒာ၊ ဒီနေ့ အလုပ်နားတာလား”

“မဟုတ်ဘူး မကြီး။ နေ့တစ်ဝက်ပဲ ဆင်းရတာ”

စန္ဒာ့အဖြေစကားကြောင့် ပါလာသည့် အိတ်ကို စာကြည့်ခန်းထဲသို့ သွားထည့်ရန် ပြင်နေသည့် မသီတာတစ်ယောက် ငွေ့ငွေ့ ပြုံးမိလေ၏။ စန္ဒာ့အကြောင်း ဘယ်သို့ဘယ်ပုံ ဆိုက်နေပြီဆိုတာကို သူ သတိမမူမိသည်မှာ ကြာပါပြီကော။ မှတ်မှတ်ရရ ဆိုရမယ် ဆိုလျှင် စန္ဒာပင် မသီတာတို့ အိမ်မှာ လာနေ သည်မှာ ၅ နှစ် ကျော်ခဲ့ပြီ။ စန္ဒာ့အလုပ်လည်း သုံးလေးခုထက် မနည်း ပြောင်းခဲ့ပြီဖြစ်သည်။ မည်သို့သော အလုပ်တွေပြောင်းသည် ဆိုတာကို မသီတာ မသိသော်လည်း ကိုအောင်ငြိမ်းကတော့ သိပေလိမ့်မည်။ သူကိုယ်တိုင် အလုပ်အင်တာဗျူးတွေ လိုက်ပို့ပေးခဲ့သည်ကိုး။

“ငါ...ခဏနားလိုက်ဦးမယ်။ စာကြည့်ခန်းထဲမှာပဲ ရှိမယ်။ ဟိုနှစ်ကောင် မုန့်ဖိုးယူမယ်ဆို စောစောစီးစီး လာယူထား”

ပြောပြောဆိုဆိုဖြင့် စာကြည့်ခန်းထဲသို့ ဝင်လိုက်သည်။ တံခါးကို လော့ချလိုက်သည်နှင့် တစ်ပြိုင်နက် မသီတာ၏ ခြေအစုံသည် ပျော့ခွေကာ အောက်သို့ ပုံကျ၏။ ပင်ပန်းသည်။ သိပ်ပင်ပန်းလွန်းသည်။

••••• ••••• •••••

“သားလေးရယ် အိပ်ပါကွယ် တီတီ သီချင်းဆိုမယ်၊ သားလေးရယ် အိပ်ပါတော့ တီတီ သီချင်းဆိုချော့၊ ပစ်တိုင်းထောင်ကြီး ဘုတိုတို မျက်နှာပြုံးချိုချို၊ ပစ်ချင်သလို ပစ်လို့ကျ ကျရာထောင်လို့က”

မှေးခနဲဖြစ်လုလု မသီတာ၏ မျက်လုံး အစုံသည် စန္ဒာ၏ အသံကြောင့် ဖျတ်ခနဲ ပွင့်သွား၏။ ဖုန်းမှ နာရီကို ကြည့်လိုက်တော့ ည ၈ နာရီခွဲချေပြီ။ အမှန်တကယ်ဆို ဒီချိန်က သားငယ်ကို သိပ်ရမည့်အချိန်မဟုတ်။ သို့ပေမယ့် စန္ဒာ သားငယ်ကို သိပ်နေပြီဆို လျှင် အတွေးမဆုံးမီပင် မသီတာ့ရင်သည် ဆတ်ခနဲ ခုန်သွား၏။ ဒီချိန်ဆို ကိုအောင်ငြိမ်း ပြန်လာပြီလားမသိ။ သို့သော် စိုးစဉ်းမျှ အသံမကြားရဆိုတော့ ကိုအောင်ငြိမ်း ပြန်မလာလောက်သေးတာတော့ သေချာသည်။

“ကိုး တစ်လီ ကိုး၊ ကိုး နှစ်လီ တစ်ဆယ့်ရှစ်”

ဧည့်ခန်းရှေ့မှ ထွက်ပေါ်လာသည့် သားကြီး၏ အသံတိုးတိုးကို ကြားတော့ မသီတာ ကျေနပ်ပြုံး ပြုံးမိသည်။ သားကြီးကတော့ အတန်းထဲမှာ ဒီလလည်း အဆင့်တစ် ရပေဦးမည်။ တကယ်တော့ အဆင့် ၁ မပြတ်တမ်းရသည်ဆိုသည်မှာ မသီတာ့ အတွက် အဆန်းမဟုတ်။ စန္ဒာလည်း အကြိမ်ကြိမ် အဆင့်တစ် ရခဲ့ဖူးသည်။ စန္ဒာတို့ အတန်းထဲမှာတော့ အဆင့်တစ်သည် စန္ဒာ၏ ဂုဏ်ပုဒ်။ အစ်မကြီးဖြစ်သူ မသီတာ၏ အားပေးမှုကြောင့်ရော စန္ဒာ၏ ကြိုးစားမှုကြောင့်ပါ ဖြစ်သည်။ ဘာတဲ့။ ထိုစဉ်တုန်းကတော့ စန္ဒာ ပြောခဲ့ဖူးသည်။

“မကြီးအတွက် သမီး ပိုကြိုးစားမယ်နော်” တဲ့လေ။ ခုတော့ သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ဆွဲရှိုက်ရင်းက မသီတာ၏ စိတ်အစုံသည် ငယ်ဘဝစာမျက်နှာများကို ဖျတ်ခနဲ လှပ်လိုက်မိချေပြီတည်း။

••••• ••••• •••••

“အစ်ကိုရေ…ဒါ သီတာ့ညီမလေး စန္ဒာတဲ့။ အမေနဲ့ အဖေ အလုပ်တွေရှုပ်နေတော့ သီတာပဲ ထိန်းကျောင်းပေးနေရတာပါပဲ။ အခုလည်း သင်တန်းတက်ချင်တယ်တဲ့လေ။ အမေနဲ့ အဖေ့ကို မပြောရဲဘူးတဲ့။ ဒါနဲ့ သီတာလည်း အမေနဲ့ အဖေ မသိအောင် သင်တန်းကြေး ခိုးပေးနေရတယ်”

“ဟာကွာ အဓိပ္ပာယ်မရှိတာ။ ဒီလိုနဲ့ တို့နှစ်ယောက်က ပိုပိုဝေးတော့မှာပဲ။ တကယ်က ပိုက်ဆံစုရတော့မှာ”

ချစ်သူဖြစ်သူ၏ အလိုမကျသည့်ဟန်ကြောင့် သီတာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ ထို့နောက် ..

“အစ်ကို့ကို သီတာ တစ်ခုတော့ ပြောချင်တယ်။ သီတာနဲ့ စန္ဒာဆိုတာ အသက် ၇ နှစ် ကွာတဲ့ ညီအစ်ပေမယ့် သီတာ့မွေးစား သမီးလိုပဲ။ သူမွေးကတည်းက သီတာ ထိန်းကျောင်းခဲ့ရတာပါ။ ခု သီတာကိုယ်တိုင် ရန်ကုန်မှာ အလုပ်တက်လုပ်ပြီဆိုမှ ထားခဲ့ရတာ။ သီတာနဲ့ အစ်ကိုတို့ လက်ထပ်တဲ့ အချိန်မှာ စန္ဒာလည်း လာနိုင်တာပဲ။ အဲဒီအခါ အစ်ကို့ဘက်က ဒီလိုစိတ်မျိုးနဲ့ဆိုရင်...”

ခပ်လေးလေး ညိတ်နေမိသည့် ခေါင်းအစုံကို မတ်ရင်း မသီတာ နှုတ်ခမ်းတွန့် ပြုံးလိုက်မိသည်။ ကိုအောင်ငြိမ်းနှင့် မသီတာတို့ လက်ထပ်တော့ နှစ်ဖက်မိဘက သဘောမတူသဖြင့် နှစ်ဦးသား ဘဝကို ရင်ဆိုင်ခဲ့ရသည်။ ကြုံသမျှ အခက်အခဲကို ကျားကန်ခဲ့ရသည်။ မူလက နှစ်ယောက်လုံး ဝန်ထမ်းပေမယ့် သားကြီးကို မွေးအပြီးမှာတော့ မသီတာ ဝန်ထမ်းမလုပ်တော့ဘဲ ရှိတဲ့ ပိုက်ဆံဖြင့် အိမ်ခြံမြေလောကထဲကို ခြေစုံပစ်ဝင်ခဲ့တာ ဖြစ်သည်။

အိမ်ခြံမြေပွဲစား သီတာဦးဆိုသည့် နာမည် ဖြစ်လာဖို့တော့ နှစ်နှစ်လောက်ထိ ရင်းလိုက်ရသည်။ ဒုတိယသားငယ်ကို ကိုယ်ဝန်ဆောင်ပြီ ဆိုတော့ မသီတာ အိမ်မှုကိစ္စများ မနိုင်နင်းတော့။ ထိုအချိန်မှာပဲ မိဘနှစ်ပါးက စန္ဒာကို မသီတာဆီ ပို့လိုက်ကြတာဖြစ်သည်။ ကိုအောင်ငြိမ်းကတော့ ရစကတည်းကအတိုင်း အစိုးရအလုပ်မှာ ရရစားစား ဘဝနှင့်သာ။ ရာထူးတက်သည်ရယ်လည်း မရှိ၊ လစာတိုးသည်ရယ်လည်း မသိရ။ တိုးသည် ဆိုဦးတော့ မသီတာ ရှာသည့် ပိုက်ဆံက ပိုမို၍ များပြားနေသည်မို့ မသီတာ ကိုယ်တိုင် သတိမမူမိခဲ့တာဖြစ်မည်။ ထို့ အတူ စီးပွားရေးကို ကျားကုတ်ကျားခဲ လိုက်နေမိသည့် ဒေါ်သီတာ တစ်ယောက် သားလည်း မမှုပြီ၊ ယောက်ျားလည်း မမှုခဲ့သည်မို့ ယခုလို ခံစားနေရတာ ဖြစ်ကောင်းဖြစ်နိုင်သည်။

နှာခေါင်းဝသို့ တိုးဝင်လာသည့် ဆေးလိပ်နံ့ကြောင့် ကိုအောင်ငြိမ်း ပြန်ရောက်လာပြီဖြစ်ကြောင်း မသီတာ အတတ်သိလိုက်သည်။ သို့ဆိုလျှင် သိပ်မကြာခင်မှာပဲ စန္ဒာက ထမင်းခူး ကျွေးတော့မည်ပေါ့။

“ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တာ လက်မခံပါနဲ့ အစ်မရယ်။ ပတ်ဝန်းကျင်မှာလည်း ကြားမကောင်းဘူး၊ အမြင်မတော်ဘူးလေ“

“အစ်မရေ ကိုယ့်လူကိုယ် နိုင်အောင် ထိန်းပါ အစ်မရယ်။ ပတ်ဝန်းကျင်က အစ်မကို မေးငေါ့နေကြပြီ”

“အစ်မရေ ကိုယ့်လူမို့ အမုန်းခံပြီး ပြောရဦးမယ်။ အစ်မယောက်ျားကို အဲလောက် စိတ်မချနဲ့။ နည်းနည်း checking လိုက်ကြည့်ဦး”

ကိုအောင်ငြိမ်းနှင့် စန္ဒာ့အသံကို ကြားရလိုကြားငြား နားစွင့်နေဆဲမှာပင်စကားလုံးများစွာ နားထဲသို့ တိုးဝင်လာ၏။ ပွဲစားတန်း ရောက်တိုင်း၊ အသိမိတ်ဆွေများနှင့် တွေ့တိုင်း ကြားရလေ့ရှိသော စကားလုံးများဖြစ်သည်။ ထိုစကားသံများ ကြားရတိုင်း မသီတာ အပြုံးဖြင့် တုံ့ပြန်မိမြဲ။ အမှန်တကယ်တော့ ဖောက်ပြန်မှုကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသည်မှာ အခါခါဖြစ်ကြောင်း ရင်ဖွင့်ပြချင်၏။ စိတ်သောကကို ညည်းဆိုပြချင်၏။ သို့သော် သားနှစ်ယောက်၏ မျက်နှာလေးများကို ပြန်မြင်ယောင်မိတော့ နှုတ်ဆိတ်၍သာ နေမိလေတော့သည်။

“သားကြီး အိပ်တော့နော်။ တီလေး နားဖာကလော်ပေးမယ်။ လာ...လာ”

ဟော...စန္ဒာပင် သားကြီးကို သိပ်တော့မည်။ မျက်လုံးအစုံက နာရီကို တကူးတက ကြည့်မိပြန်သည်။ ဒီလိုအချိန်ဆို လျှင် စန္ဒာက မသီတာ့အနားသို့ လာ၍ စကားများဆိုနေတတ်ပြီး ကိုအောင်ငြိမ်းက သားတို့နှင့် ကစားတဲ့ အခိုက်အတန့် မဟုတ်ပေဘူးလား။ အရာရာသည် တိတ်ဆိတ်နေသကဲ့သို့ ရှိသည်။ တစ်ချိန်တုန်းကတော့ စန္ဒာ့ကို မသီတာ ကိုယ်တိုင် နားဖာချေး ကလော်ဖူးခဲ့သလို သီချင်းပေါင်းစုံနဲ့လည်း သိပ်ခဲ့ရသည်။ စန္ဒာက အမေ့နို့အမှတ်နှင့် မသီတာ့ထံ ကပ်ခဲ့သည့် ရင်ဖိုမှုကိုပင် ယနေ့တိုင် မမေ့နိုင်သေး။

“မကြီး…သမီး ကြီးလာရင် မကြီးကို ဒီလောက်မပင်ပန်းစေရဘူးနော်။ စာကြိုးစားမယ်၊ ဆရာဝန်ကြီးဖြစ်အောင်လုပ်မယ်။ ပြီးတော့ မကြီးကို ရှာကျွေးမယ်။ မကြီးလည်း ယောက်ျား မယူရဘူးနော်”

စန္ဒာ့စကားသံတချို့ကို ကြားယောင်မိ တော့ နှုတ်ခမ်းတွေ အပြုံးငွေ့ငွေ့သမ်း၏။ တစ်ချိန်ကတော့ မသီတာနှင့် စန္ဒာသည် အများကပင် သားအမိထင်ရလောက်အောင် ယင်းကပ်သူများဖြစ်သည်။ မိဘနှစ်ပါး ရှိသော်လည်း မသီတာပင် စန္ဒာ့အားကိုးသူသဖွယ် ရှိနေခဲ့တာဖြစ်သည်။ ယခုတော့ မိဘနှစ်ပါး ဆုံးပြီးနောက် စန္ဒာ တစ်ယောက် ဦးဆုံး အကြိမ်အဖြစ် အားကိုးတွေ့သွားခြင်းဖြစ်သည်။ သက်ပြင်းတစ်ချက်သည် သူ့အလိုလို ရိုက်၏။ မသီတာ၏ ရင်အစုံသည် မည်သူ တစ်ဦးတစ်ယောက်၏ ပယောဂမျှ မပါဘဲ ဖားဖိုကဲ့သို့ နိမ့်တုံမြင့်တုံရှိချေပြီ။

••••• ••••• •••••

“ဒေါက် ... ဒေါက်...ဒေါက်၊ မကြီး”

တံခါးခေါက်သံနှင့်အတူ မရဲတရဲနှင့် လှမ်းခေါ်လာသည့် အသံကြောင့် မသီတာ မျက်လုံးအစုံကို ဖွင့်လိုက်မိသည်။

“ဝင်ခဲ့လေ စန္ဒာ”

တံခါးကို လှပ်လာသည့် စန္ဒာ၏ မျက်လုံးအစုံသည် နီရဲမို့အစ်နေသယောင် ရှိ၏။ သားတို့ကြောင့် ငိုတာတော့မဟုတ်နိုင်။

“သမီး...သမီး ဖွင့်ပြောစရာရှိတယ်”

မည်သို့မျှ ခံစားချက်မရှိသူလို မျက်နှာသေဖြင့် မသီတာ နားထောင်နေလိုက်သည်။ အမှန်တကယ်တော့ စာဖတ်ခန်းထဲသို့ တကူးတက လာပြီး ခွင့်တောင်းသည့် ညီမငယ်ပြောမယ့်အရာကို မသီတာ ကြိုတင် ခန့်မှန်းမိနေပြီဖြစ်သည်။ သို့သော် မပြောပါနဲ့ ဟု မတားရက်။ မှန်တယ်ထင်လိုသူတွေ မှန်ကြပါစေလေ။

“ပြောလေ စန္ဒာ”

တိုးသော်လည်း ပြတ်သားသည့် မသီတာ့ စကားအဆုံးတွင် စန္ဒာတစ်ယောက် ဘာစကားမှ ဆက်မလာနိုင်တော့ဟန်နှင့် တွေတွေကြီး ရပ်နေရှာသည်။ ထိုစဉ်မှာပဲ ကိုအောင်ငြိမ်းက လိုက်ကာစကို မကာ အခန်းတွင်းသို့ ရောက်ရှိလာပြန်၏။ ကိုအောင်ငြိမ်း ရောက်ပြီဆိုတော့ တစ်ခုခု ပြောစရာရှိတာက ပိုသေချာလာပြီဖြစ်သည်ပဲ။ သားနှစ်ယောက်တော့ မောမောပန်းပန်းနဲ့ အိပ်လှပြီဖြစ်သည်။ မသီတာလည်း အိပ်ချင်နေပြီဖြစ်သည်။ မသီတာက မျက်မှန်ကို ချွတ်လိုက်ရင်း မျက်လုံးအစုံကို လက်ဖြင့် ပွတ်လိုက်စဉ်မှာပင်...

“မိန်းမ၊ စန္ဒာ့အစား ငါပြောမယ်။ ငါတို့..”

ကိုအောင်ငြိမ်း စကားမဆက်ခင် မသီတာ လက်ကာပြလိုက်သည်။ ထို့နောက်-

“ဒီနေ့ကစပြီး ကျွန်မ စာဖတ်ခန်းမှာပဲ အိပ်တော့မယ်”

ရုတ်တရက် ထကာ ပြောလိုက်သည့် မသီတာ့ တုံးတိတိစကားကြောင့် ကိုအောင်ငြိမ်းရော စန္ဒာပါ မသီတာ့ကို လှည့်ကြည့် လာ၏။ မသီတာ ကတော့ နဂိုကတည်းက ကြိုယူထားသည့် စောင်ကို အိပ်ရာခင်းအဖြစ် ခင်း၍ ခြင်ထောင်ထောင်ကာ သူတို့နှစ်ယောက်၏ အကြည့်ကို မသိနိုးနား ရှောင်ကွင်းရင်း မျက်နှာသေဖြင့်ပင်...

“ရှင့်ကို ကွာပြီး အိမ်ထောင်ကွဲတစ်ယောက်အဖြစ် ကျွန်မ မရပ်တည်နိုင်သလို သားနှစ်ယောက်ကိုလည်း မျက်နှာမငယ်စေချင်ဘူး။ စန္ဒာ့ကိုလည်း ဖောက်ပြန်သူအဖြစ် အများက လက်ညှိုးထိုးမှာကို ကျွန်မ လက်မခံနိုင်ဘူး။ ဒီတော့ ဒီနေ့ကစပြီး ကျွန်မ စာဖတ်ခန်းမှာ အိပ်မယ်။ ရှင်ဟာ ကျွန်မ ယောက်ျားဖြစ်သလို သားတို့ရဲ့အဖေလည်း ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့ အချင်းချင်း ဘာမှ မသက်ဆိုင်တော့ဘူးလို့ မှတ်ပါ။ စန္ဒာ ညီမလေးက မကြီးရဲ့ညီမဖြစ်ပေမယ့် ကိုအောင်ငြိမ်းကတော့ အစ်မနဲ့ ဘာမှ မသက်ဆိုင်တဲ့လူ ဖြစ်သွားပြီ။ ညီမလေး စိတ်သန့်သန့်နဲ့ နေပါ။ ကျန်တာ ဘာစကားမှ လာမပြောပါနဲ့။ ကျွန်မ အိပ်ချင်ပြီ။ နှစ်ယောက်လုံးသွားပါတော့”

စန္ဒာ့ခန္ဓာကိုယ်လေး တစ်ချက်တုန်သွားတာကို သတိထားမိသော်လည်း ကိုအောင်ငြိမ်း ပွေ့ပိုက်လိုက်ဖြစ်၍ မသီတာ မနှစ်သိမ့်သာပါ။ ထို့နောက် ထွက်ခွာသွားသည့် သူတို့နှစ်ယောက် နောက်သို့ အကြည့်တို့ ရောက်သော်လည်း မသီတာ မျက်ရည်မဝဲမိ၊ အရင်းနှီးဆုံးသူ၏ သစ္စာဖောက်ခြင်းကိုလည်း ခံခဲ့ရပြီ။ အယုံကြည်ရဆုံးသူ၏ သစ္စာမဲ့ခြင်းကိုလည်း ကြုံခဲ့ရပြီ။ အတွယ်တာဆုံး သားနှစ်ယောက်၏ အချစ်ကိုလည်း ညီမငယ်ထံ ပေးဆပ်လိုက်ရပြီဖြစ်သည်မို့ ကြေကွဲခြင်းဆိုတာ ဘာလဲ မသီတာ မသိပြီ။ မသိပြီတည်း။ ဝေ့သီလာသော မျက်ရည်တို့ ကြောင့် မျက်လုံးအစုံကို မှိတ်လိုက်တော့ အိပ်ခန်းထဲရှိ ဗီရိုထဲမှ ကွာရှင်းစာချုပ်ကို ပြေးမြင်သည်။ ကိုအောင်ငြိမ်း၏ တစ်ဖက်သတ်လက်မှတ်များ ဖြည့်စွက်ထားသော စာချုပ်ကို မသီတာ လက်မခံလိုခြင်းမှာ သား တို့အတွက်ကြောင့်လား၊ စန္ဒာ့ အတွက်ကြောင့်လေလား၊ သို့တည်းမဟုတ် မသီတာ့ အတွက်ကြောင့် လေလားဆို သည်ကိုတော့ ....။  ။

⎕ ရည်ဝေ (လင်းရောင်ခြည်)
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း    
     ဩဂုတ် ၊ ၂၀၁၈

No comments:

Post a Comment