❝ ငယ်သူမို့ ❞
▢ မောင်ကိုကို ( အမရပူရ )
သူနှင့် ကျွန်မသည် အလယ်တန်းကျောင်းသား ကျောင်းသူဘဝကတည်းက ခင်မင်ခဲ့ကြ၏ ။
ကျွန်မ သူငယ်ချင်း၏ အိမ်မှာ သူနှင့် အမြဲဆုံရသည် ။ သူသည် ဂီတာတစ်လုံးနှင့် ကျွန်မကို အမြဲစောင့်နေတတ်၏ ။
“ ငါ ဂီတာတီးပြရမလား ၊ သီချင်းဆိုပြရမလား ”
သူ သီချင်းဆိုသည် ။
သူ ဂီတာတီးသည် ။
ကျွန်မတို့ ပျော်ရွှင်ကြရ၏ ။
ကျွန်မတို့မှာ ငယ်ရွယ်သူတွေ မဟုတ်လား ။
ရန်ကင်းသည် ပျော်ရွှင်ဖွယ်ရာ ကောင်း၏ ။
ညနေတွင် ယောက်ျားလေးများက ပိုက်လုံးကြီးပေါ်မှာ ထိုင်ပြီး ဂီတာတီးကာ သီချင်းဆိုနေတတ်ကြ၏ ။
ကျွန်မတို့ မိန်းကလေးများက လမ်းလျှောက်ကြသည် ။
သူသည် တစ်ခါတစ်ရံတွင် ဗာဒံပင်အောက်က ခုံဝိုင်းဝိုင်းလေးပေါ်မှာ ထိုင်ပြီး သီချင်းဆိုနေ၏ ။
သူသည် တစ်ခါတစ်ရံမှာတော့ လမ်းဘေးအုတ်ခုံပေါ်မှာ ထိုင်ပြီး ဂီတာ တီးနေ၏ ။
ငယ်ရွယ်သူတွေ မဟုတ်လား ။
စိတ်အလို လိုက်ခဲ့ကြတယ် မဟုတ်လား ။
ဆယ်တန်းဖြေပြီးတာနှင့် ကျွန်မက ခိုးရာလိုက်ခဲ့၏ ။ သူ့နောက်သို့ ။
သူသည် ဒေသကောလိပ်သို့ တက်သည် ။ သင်္ချာ အဓိက ယူ၏ ။ မလိုက်နိုင်ပါ ။ နောက်တစ်နှစ် ရူပဗေဒသို့ ပြောင်း၏ ။ နောက် သူသည် ပြင်ပဖြေ ဖြစ်သွား၏ ။ နောက်ဆုံးမှာ ကျောင်းထွက်လိုက်သည် ။
သူနှင့် ကျွန်မသည် ရန်ကင်း နှစ်ထပ်တိုက်များဘက်သို့ ပြောင်းရွှေ့ကာ မိဘများ နှင့် ခွဲ၍ နေထိုင်ကြသည် ။ သူ့မိဘများက ဆယ့်နှစ်လုံးတန်းမှာ ၊ ကျွန်မ မိဘများက ကျောက်ကုန်းဘက်မှာ ။
နှစ်ထပ်တိုက်အမှတ် ၁၂၇ ၊ အခန်း ၇ ။ သူ ဂီတာတီးသည် ။ သီချင်းရေးသည် ။ သီချင်းဆို၏ ။
လေးဘီးကားလေးကို အရက်ပုံးများ တင်တင်ပြီး သူ မောင်းနေတတ်၏ ။
သူ့အမေ၏ လေးဘီကားလေး ။
သူကတော့ သူ့အမေ၏ လေးဘီကားကို ရောင်းပြီး သီချင်းခွေးထုတ်ဖို့ အတွက် စိတ်ကူးတယဉ်ယဉ် ။
သူသည် လေးဘီးကားလေးကို မောင်းနေသည် ။
သူ့သီချင်းများက ပျံဝဲလျက် ။ လေးဘီးကားမောင်းသူ၏ အိပ်မက်ထဲမှာ သီချင်းများ ပျံဝဲနေခြင်း ဖြစ်ပါသည် ။
ကျွန်မသည် ၁၇ နှစ် အရွယ်မှာပင် သားဦးကို မွေးဖွားလိုက်သည် ။ ကျွန်မက ညညမှာ စက္ကူအိတ်များ ပြုလုပ်ပြီး ဝင်ငွေရှာ၏ ။ ထိုခေတ်က ပိုက်ဆံကို အသေအလဲ ရှာဖွေရန် မလိုအပ်ပါ ။
တော်တန်ရုံ ဝင်ငွေနှင့် လုံလောက်၏ ။
ကျွန်မက ငြိမ်းကျော်၏ အချစ်ဝတ္ထုများကို ဖတ်သည် ။
သူသည် ပါရဂူ၏ စာအုပ်များကို ဖတ်၏ ။ ထို့နောက် နန္ဒာသိန်းဇံ ။ ထို့နောက် ဘသန်း ( ဓမ္မိက ) ။ ထင်လင်း၏ စည်းအပြင်ကလူ ။ သူ ဖတ်သည့် စာအုပ်များ ။
ရန်ကင်း တန်ဆောင်တိုင်ပွဲမှာ သူသည် စင်ပေါ်တက်၍ သီချင်းဆို၏ ။
သူ့ဒူးများ တုန်နေသည် ။ ကျွန်မသည် စင်အောက်ကနေ သူ့မျက်နှာကို မကြည့်မိ ။ သူ့ဒူးများ တဆတ်ဆတ် တုန်လှုပ်နေပုံကို အထိတ်တလန့် ကြည့်နေမိ၏ ။
ပြောင်းဖူးရိုးများသည် သူ၏ ခေါင်းပေါ်၌ ပျံဝဲလာကြသည် ။ သူ စိတ်မပျက်ခဲ့ပါ ။
သူ သီချင်း ဆက်ဆိုသည် ။
သူသည် အမြဲ သီချင်းဆိုလျက် ။
သူ၏ ‘ ချစ်လူမိုက် ’ အသံသွင်းနေပြီ ။ ကျွန်မက ဒုတိယကိုယ်ဝန်ကို ဆောင်ထား၏ ။
“ ကျွန်မ ဖျက်ချလိုက်မှ ဖြစ်တော့မယ် ”
“ မမိုက်မဲနဲ့ ၊ မိန်းကလေး ဖြစ်နေရင် ဘယ်လို လုပ်မလဲ ”
သူက ပြန်ပြော၏ ။
ထိုရက်များ အတွင်းမှာ သူသည် “ ချစ်လူမိုက် ” အခွေကို အသံသွင်းနေ၏ ။
ကျွန်မ၏ အိပ်မက်မှာ မည်သည့် အဓိပ္ပါယ် ဖြစ်ပါသနည်း ။
အဘွားကြီးတစ်ယောက် သေသွားသည် ။
ကျွန်မခင်ပွန်းက ခေါင်းတလားကို ဖွင့်လိုက်၏ ။
အဘွားကြီးက ခေါင်းထဲက ထထွက်လာ၏ ။ သူ့ကို ပိုက်ဆံတွေ ပေး၏ ။ ဖွေးခနဲ ။
ကျွန်မက ကြောက်နေ၏ ။
ထိုအိပ်မက်မျိုး သုံးခါ မက်သည် ။
ထို့နောက် မကြာခင် သီချင်းခွေ ထွက်လာ၏ ။
“ ချစ်လူမိုက် ချစ်လို့ မိုက်ခဲ့တယ် ”
ပထမတော့ လူမသိ သူမသိ ။
ကျွန်မသည် မြေကြီးကို ခြေဖနောင့်နှင့် ပြင်းစွာပေါက်၏ ။ သူ့သီချင်းသည် ဘာလို့ မပေါက်သနည်း ။
“ ချစ်လူမိုက် ချစ်လို့ မိုက်ခဲ့တယ် ”
ရန်ကုန်အနှံ့မှာ ဟိုးဟိုးကျော်သွားခဲ့ပါပြီ ။ တောင်ဥက္ကလာ ၊ ကျောက်မြောင်း ၊ စမ်းချောင်း ၊ လမ်းမတော် ၊ ချစ်လူမိုက် ။
“ ချစ်လူမိုက် ချစ်လို့ မိုက်ခဲ့တယ် ”
ကျွန်မသည် သမီးလေးကို မွေးဖွားသန့်စင်၏ ။
အိမ်သည် ရွှေဖြင့် စည်ပြီ ။
သူ့သမီးများ နာမည်ကြီးပြီ ။ သူလည်း နာမည်ကြီးပြီ ။ သူကတော့ ပုဆိုးကိုသာ ဝတ်မြဲ ။
ရလာသော ပိုက်ဆံတွေ အများကြီးကို ကြွပ်ကြွပ်အိတ်ကြီးနှင့် ထည့်ထည့် ယူဆောင်လာတတ်၏ ။
သူသည် မန္တလေးရှိုးပွဲများတွင် တစ်စင်နှင့် တစ်စင် ကူးသန်းသီဆိုရ၏ ။
သူ ပြန်လာလျှင် ငွေခြောက်သောင်း ပါလာတတ်သည် ။
ထိုခေတ်က ခြောက်သောင်းသည် ကျောက်ကုန်းမှာ ခြံနှင့် အိမ် ဝယ်၍ ရ၏ ။
သူကတော့ သမီးလေးအတွက် အရုပ်များ ဝယ်ဝယ်လာတတ်၏ ။ သမီးလေး ကျန်းမာရေးအတွက် ရည်ရွယ်ပြီး ကျွန်းသားပါကေးခင်းသည် ပိုက်ဆံကိုတော့ သူသည် ထုပ်ထုပ်ပိုက်ပိုက် မလုပ်တတ်ပါ ။
သူတို့တွေသည် လေယာဉ်စီးလုံးငှားပြီးတောင် အထက်အညာ ရှိုးပွဲများသို့ ပျံဝဲ၍ သီဆိုကြ၏ ။ အိမ်သို့ သူ့သူငယ်ချင်းများ လာ၏ ။
ထို့နောက်မှာတော့ ကျွန်မသည် ညသန်းခေါင်မှာ ဆာလာအိတ်အလွတ်ကြီးထဲ၌ ဖန်စီဒိုင်းပုလင်းအလွတ်တွေ အပြည့်အသိပ် ထည့်ရ၏ ။
လူမသိအောင် အမှိုက်ပုံး ဆီသို့ သွား၍ပစ်ရ၏ ။
သူ၏ ‘ မောင့်မျက်ရည်ဝိုင်း ’ ထွက်ချိန်မှာတော့ ကျွန်မသည် မျက်ရည်ဝိုင်းရပြီ ။ ဖန်စီဒိုင်း ။
အိမ်မှာ သူ ရှိနေလျှင် သူက ပြဿနာမီးကို ထွန်းတော့၏ ။
ကျွန်မကို သူက ရန်မူ၏ ။
“ ငါစားမယ့် ထမင်းဟင်းတွေမှာ မင်းက အဆိပ်တွေ ခတ်ထားတယ်ပေါ့လေ ဟုတ်လား ”
ကျွန်မအပေါ်မှာ သူသည် သံသယ အမြဲရှိ၏ ။
ညတစ်ညတွင် သူသည် ကျွန်မကို သ,တ်မယ် တကဲကဲ ကြိမ်းမောင်းနေ၏ ။
“ သ,တ်မယ် ငါ သ,တ်မယ် ၊ မင်းကို သ,တ်မယ် ”
ညသန်းခေါင်မှာ ကျွန်မသည် သမီးကို ချီပိုးလျက် ။ သားကို လက်ဆွဲလျက် ထွက်ပြေးရ၏ ။
အိမ်နီးချင်းများက ကျွန်မ၏ အနေအထားကို နားလည်သည် ။ သားက လမ်းပေါ်မှာ မှောက်လျက် လဲကျသွား၏ ။
ကျွန်မက သားကို ထူပြီး ဆက်ပြေးရ၏ ။
အိမ်နီးချင်းများသည် ဆွေမျိုးများသဖွယ် ဖြစ်နေ၏ ။
ဦးထွေး ။
အကြီး ။
ကျွန်မကို သူတို့က သိမ်းဝှက်ပေးထားကြ၏ ။
သူသည် အော်ဟစ်လျက် ။
ကျွန်မကတော့ သူ့ကို အလွန်ကြောက်သွားပြီ ။
ထိုညက စ၍ သူ့ထံသို့ မပြန်ဖြစ်တော့ပါ ။
ကလေးများကတော့ သူ့ကို ပိုချစ်ကြသည် ။
သူက လာလာခေါ်သွားသည် ။
ကျွန်မက ပြန်လိုက်ခေါ်သည် ။
ကလေးများက ကျွန်မကို ပုန်းနေကြ၏ ။ သူ့အိမ်မှာ ညစ်ပတ်ရှုပ်ထွေးလျက် ။
နောက်တော့ သူသည် ဆံပင်အရှည်ကြီးနှင့် ပုလဲနားကပ်ကြီးနှင့် ။
ရန်ကင်းတစ်ခွင်မှာ သူသည် ပြဲပြဲစင်အောင် နေချင်သလို နေပစ်တော့၏ ။ သူ၏ စိတ်ရောဂါသည် အခြေအနေ ဆိုးလာ၏ ။ တစ်ခါတလေတော့ ယဉ်ယဉ်ကလေး ။ သူသည် ဈေးသည် မိန်းမတစ်ယောက်နှင့် ငြိစွန်းသွား၏ ။ ထိုမိန်းမသည် ကျွန်မထက် လက်သာသည်ဟု သူက ယူဆပုံရ၏ ။
ကျွန်မက သူ့ကို ကြောက်လန့်နေချိန်မှာ ထိုမိန်းမသည် သူ့သီချင်းတွေကို ချစ်နေမည်လား ၊ ဘာလား ။ ကျွန်မ ဘာမျှ မသိချင်ပါ ။
၁၉၉၉ ၊ ဇူလိုင်လ ၂၅ ရက် ။
ရန်ကင်း ၊ တိုက်လေးလုံးက သူ ထိုင်နေကျ လက်ဖက်ရည်ဆိုင် ။
သူသည် သောက်နေကျ ဆေးဝါးများကို အစာ မရှိဘဲနှင့် သောက်ချလိုက်ပုံရ၏ ။
ထိုလက်ဖက်ရည်ဆိုင်မှာပင် သူသည် လဲကျသွား၏ ။
သူ လဲကျသွား၏ ။
သူ လဲကျသွား၏ ။
သူ လဲကျသွား၏ ။
ရင်ဆိုင်ရန် စွမ်းအား မရှိတော့ပါ ။
ရင်ဆိုင်ရန် စွမ်းအား မရှိတော့ပါ ။
ငါ ဘယ်တော့မှ အရှုံးမပေးဘူးဟေ့ ဟူသော အယူအဆ ဒဿနကို သီချင်းလုပ်၍ ဆိုခဲ့ဖူးသော သူသည် လဲကျသွား၏ ။
သူ့အနီးသို့ လူအများ ဝိုင်းရံလာ၏ ။
“ ဆေးရုံပို့မှ ဖြစ်မယ် ”
သူ့ကို ကားငှားပြီး ဆေးရုံသို့ ပို့ကြ၏ ။
ယခုတော့ သူ၏ သီချင်းများကို ကျွန်မသည် ပွေ့ပိုက်လျက် ။
သားနှင့် သမီးသည် ကျွန်မ၏ အရိပ်အောက်မှာပင် သူ့ကို သတိရလျက် ။ သူ့သီချင်းများကိုပင် သီဆိုနေကြသည် ။
ချစ်လူမိုက် ... ချစ်လို့ မိုက်ခဲ့တယ် ။
ချစ်လူမိုက် ... ချစ်လို့ မိုက်ခဲ့တယ် ။
▢ မောင်ကိုကို ( အမရပူရ )
📖 The People Digest မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၁၇
No comments:
Post a Comment