❝ အချစ်ဟု ရိုးရှင်းစွာ အဓိပ္ပါယ်ဖွင့်လိုက်သည် ❞
( နတ်စောင်း - ကျိုက်ထို )
အချိန်က ၅ နာရီကျော်ပြီ ထင်သည် ။ နံနက်ခင်း ရောင်နီမလေး၏ အပျိုဖော်ဝင်စ လှသွေးကြွယ်မှုကို သူ ပြတင်းပေါက်မှ တစ်ဆင့် လှမ်းမြင်လိုက်ရသည် ။ ဇနီးသည် နွယ်ကို သူ ကြည့်လိုက်တော့ တွန့်ကြေသော အိပ်ရာထက် ဖရိုဖရဲ အိပ်မောကျနေဆဲပင် ။ တစ်ချက် ပြုံးကာ နွယ့်ပါးကို ခပ်ဖွဖွလေး နမ်းလိုက်သည် ။ အိပ်ပါစေလေ ။ တစ်နေ့တစ်နေ့ မိုးလင်းမှ နေဝင် ဝမ်းစာရှာ ထွက်ရလေသည်ပဲ ။ ပင်ပန်းရှာရောပေါ့ ။ ညတုန်းကလည်း အလုပ်မှာ အိုဗာတိုင် ဆင်းရပြီး အချိန်မတော်မှ ပြန်ရောက်လာသည်ပဲ ။ ကိုယ် မထမ်းနိုင်တော့လို့ လွတ်ကျလာသည့် အိမ်ထောင့်တာဝန် အထုပ်အပိုးကို သူ့ခေါင်းနှင့် ပြောင်းရွက်ခဲ့တာပဲ နှစ်နှစ်လောက် ရှိရောပေါ့ ။ အတတ်နိုင်ဆုံး မတွေးနှင့်ဟုတော့ နွယ်က သူ့ကို နိစ္စဓူဝ နားချသည် ။ သို့သော် မတွေးဘဲ နေနိုင်ပါ့မလား ။ အရာရာတိုင်းနီးပါးကို ကိုယ့်ခြေကိုယ့်လက်နှင့် မစွမ်းဆောင်နိုင်တော့သည့် လူတစ်ယောက် အဖို့ အားငယ်စိတ် ဆိုတာ အရိပ်လို အမြဲရှိနေသည့် အဖော်ပဲလေ ။ ဒီတော့လည်း အားငယ်လိုက် တွေးလိုက် ၊ တွေးလိုက် စိတ်ပျက်ဝမ်းနည်းလိုက်နှင့် ပျော်ရွှင်မှုဆိုတာ သူ့အတွက်တော့ ပင်လယ်ရေ ခန်းမှ ပေါ်ခွင့်ရမည့် ကျောက်ခဲတစ်လုံးပင် ။ သူ အိပ်ရာထက်မှ တွန်းထိုး၍ ထ , လိုက်သည် ။ ကြမ်းခင်းဝါးခြမ်းတို့ တကျွတ်ကျွတ် မြည်မည်စိုး၍ တရွတ်ဆွဲနေသည့် သူ့ခြေထောက်တို့ကို အတတ်နိုင်ဆုံး ထိန်းသိမ်းလျှောက်ရသေးသည် ။ ညတုန်းက ထမင်းစားပြီးနောက် နွယ် မဆေးဖြစ်ခဲ့သည့် အိုးခွက်ပန်းကန်များကို အလျင် ဆေးရဦးမည် ။ ရေကပြင် ကြမ်းပြင်ပေါ် အသက်အောင့်၍ ထိန်းထိန်းသိမ်းသိမ်း ထိုင်ချလိုက်သည် ။ အသံကျယ်၍ မဖြစ် ။ နွယ် နိုးသွားလိမ့်မည် ။ ထမင်းအိုးတည်ရန် အိုးထဲသို့ ဆန်ခပ်ထည့်ချိန်မှာတော့ အလိုက်ကန်းဆိုး မသိသည့် ဘယ်လက်က ထမင်းအိုးကို လက်ထဲ၌ ဆက်ထားနိုင်စွမ်း မရှိတော့ဘဲ လွတ်ကျသွားသည် ။
“ ဂလုံ ”
နွယ် နိုးသွားလေမလားဟု စိုးရိမ်တကြီး လှမ်းကြည့် လိုက်တော့ ထင်သည့်အတိုင်း နွယ်က အိပ်ရာထက်မှ ကပိုကရို ထ , လာကာ သူ ရှိရာသို့ အပြေးရောက်လာခဲ့သည် ။
“ ဘာတွေ လုပ်နေပြန်ပြီလဲ အစ်ကိုရယ် ။ ဒါတွေ အားလုံး နွယ်ပဲ လုပ်ပါ့မယ်လို့ အတန်တန် မှာထားရဲ့သားနဲ့ ”
“ နွယ် ပင်ပန်းမှာစိုးလို့ပါ ”
“ မဟုတ်တာ အစ်ကိုရယ် ၊ ဒါလောက်ကတော့ နွယ် လုပ်နိုင်ပါတယ် ”
“ ဟိုလေ နွယ်က အပြင်ထွက်ပြီး ပိုက်ဆံလည်း ရှာရ ၊ အိမ်မှုကိစ္စတွေလည်း လုပ်ရ ဆိုတော့ အရမ်းပင်ပန်းမှာပေါ့ ။ အစ်ကိုက အိမ်မှာ လူပိုကြီး ဖြစ်နေတာဆိုတော့ နိုင်သလောက်လေး ... ”
“ အစ်ကို ”
နွယ်၏ ခပ်ဆတ်ဆတ် လေသံကြောင့် သူ့စကားတွေ ရပ်တန့်သွားသည် ။ သူ စိတ်မကောင်း ဖြစ်သွားမှန်း သိသွားသည်ထင် ။ သူ့ဘယ်လက်ကို လာအုပ်ကိုင်လိုက်ပြီး -
“ အစ်ကို့ကို အော်တာ မဟုတ်ပါဘူး အစ်ကိုရယ် ။ အစ်ကို့ကို မပင်ပန်းစေချင်လို့ပါ ။ ပြီးတော့ အစ်ကို့ ခေါင်းထဲမှာ ငါဟာ ဒီအိမ်အတွက် လူပိုတစ်ယောက်ပါလားလို့ လုံးဝ မထည့်ထားစေချင်ဘူး ”
“ ဒါတော့ ဒါပေါ့ နွယ်ရယ် ၊ ဒါပေမဲ့ နွယ် တစ်ယောက်တည်း ရုန်းကန်နေရတာ အခုဆို နှစ်နှစ်တောင် ပြည့်တော့မယ် ”
“ နွယ်က အခုမှ နှစ်နှစ်တည်းရှိသေးတာပါ ။ နွယ်တို့ အိမ်ထောင်သက် ဆယ်နှစ်မှာ ကျန်တဲ့ ရှစ်နှစ်လုံးလုံး အစ်ကို တစ်ယောက်တည်း ရုန်းကန် ရှာဖွေကျွေးမွေးခဲ့တာလေ ။ အခုလို အစ်ကို ကျန်းမာရေး မကောင်းတော့တဲ့ အချိန်မှာ နွယ်က ညည်းညူနေရမှာလား ။ နွယ့်ဘဝမှာ အစ်ကို ရှိနေပေးရုံနဲ့ ခွန်အားဖြစ်ပြီးသားပါ ။ ကျန်တာ အကုန်လုံး နွယ်ပဲ လုပ်မယ်နော် အစ်ကို ။ ကဲကဲ အစ်ကို ပြန်အိပ်လိုက်ဦး ။ နွယ် မသွားခင် အစ်ကို အိပ်ရာက နိုးရင် စားဖို့ အဆင်သင့်ပြင်ပေးခဲ့မယ် ”
နွယ်က သူ့ကို အိပ်ရာဆီ ပြန်တွဲပို့လိုက်သည် ။ ပြီးနောက် မီးဖိုထဲ ချက်ပြုတ်နေလေတော့၏ ။ မကြာလိုက်ခင်မှာပင် စားပွဲဝိုင်းအဟောင်းလေး ထက်၌ သူ့အတွက် အသင့်ခူးပြီးသား ထမင်းပန်းကန်နှင့် ကန်စွန်းရွက်ကြော်ပန်းကန်က အခံ့သား နေရာယူလိုက်နိုင်သည် ။ ဒါ သူ့အတွက် နံနက်စာနှင့် နေ့လယ်စာပင် ။ ညစာကိုတော့ နွယ် ပြန်လာမှ အပြင်က ဝယ်လာတတ်စမြဲ ။
နွယ် ချက်ပြုတ်ပြင်ဆင်ပြီးသည့်နောက် ရေကပြင်သို့ သွားကာ ရေချိုးနေလေ၏ ။ အသက်သုံးဆယ်စွန်းခါစ လှဆဲ ၊ နုဆဲ နွယ်သည် ထဘီရင်ရှားဖြင့် ရေချိုးနေသော်ငြား လစ်ဟာနေသည့် ကျောပြင်တစ်စိတ်တစ်ပိုင်းနှင့် ကုပ် သားတို့သည် နေခြည်နုနု အောက်၌ပင် ဝင်းမွတ်စွာ လှနိုင်အားလေ၏ ။
၁၅ဝဝ ချစ်ခြင်းတရား တိုင်း၌ တဏှာပါသည်ဟု ဆိုလာလျှင် သူ ငြင်းချင်သည် ။ အဘယ်ကြောင့်ဆိုသော် သူ လေဖြတ်ပြီးသည်မှ စ၍ ဖိုမစပ်ယှက်မှုအတွက် သူ့ဘက်မှ အာရုံခံစားနိုင်စွမ်း မရှိတော့ပေ ။ သို့သော် ဇနီးသည် နွယ်ကတော့ သူ့ကို ချစ်ဆဲ ၊ ကြင်နာဆဲ ၊ ယုယဆဲ ။ ရေသောက်မြစ် ရှိမှ ပန်းပွင့်နိုင်မည် ဆိုပါလျှင် သူနှင့် နွယ် တို့၏ မေတ္တာသစ်ပင်လေးမှ ပန်းပွင့်တို့သည် သံယောဇဉ် ရေသောက်မြစ်ကို အားကိုး၍ ပွင့်လန်းနိုင်ခြင်းသာ ။
နွယ်က ရေချိုးပြီးသည့် နောက် တစ်ကိုယ်လုံးကို စိတ်ကြိုက် အလှဆင်သည် ။ ပြီးနောက် နှုတ်ဆက် အနမ်းဖြင့် ကမ်းက ခွာပြီး ဝမ်းတစ်ထွာ သမုဒ္ဒရာထဲ လှော်ခတ်ဖို့ ထွက်ခွာသွားခဲ့ချေပြီ ။ ပါးပြင်ထက်က အနမ်းတစ်ပွင့်သည် ချစ်သူ ဖြစ်ခါစက ရရှိခဲ့သည့် ရင်ခုန်လှိုက်မောမှုမျိုး ပြန်လည်ပေးစွမ်းနိုင် သည်ဟု သူ ထင်မိသည် ။ သို့သော် ထိုသို့သော ရင်ခုန် လှိုက်မောမှုသည် မိုးဦးကျစ ပထမဆုံး မိုးစရွာချိန် ခေါင်မိုးသွပ်ချပ်များပေါ်တွင် ခဏတာ ခုန်ပေါက်မြူးထူးခွင့် ရသည့် ဖုန်မှုန့်များနှင့် ဆင်တူသည် ။ မိုးရေ များလာသည်နှင့်အမျှ ဖုန်မှုန့်များမှာ မိုးရေများနှင့်အတူ လိုက်ပါ မျောစီးသွားရင်း စုံးစုံးမြုပ် ပျောက်ကွယ်သွားရမည်သာ ။ သူ့ဘဝ၏ လက်ကျန်နေ့ရက်တိုင်း၌ အားငယ်မှု မိုးရေများ နေ့စဉ်နှင့်အမျှ သည်းနေပေဦးမည် ။
တွေးနေဆဲ ၊ တွေးနေမြဲ ။ အိပ်ရာထက်မှ နေ၍ တွေးသည် ။ အိမ်ရှေ့ ပြတင်းနား ကုလားထိုင်ထက် ထိုင်၍ တွေးသည် ။ အားငယ်မှု ၊ ရှက်ရွံ့မှု မိုးရေစက်တို့သာ သူ့အတွေးအိမ်ထက် သည်းနေဆဲ ။ ရုတ်တရက် မိုးက ဆိုင်းမဆင့် ဗုံမဆင့် ရွာချလာသည် ။ သူ တစ်ချက် ပြုံးမိသွားသည် ။
အင်းလေ .. လောကမှာ ဘယ်အရာကမှ အစိုးမရတာ ။ သူတောင် အကောင်း ပကတိကနေ ရုတ်တရက် လေဖြတ်သွားခဲ့သည်ပဲ ။ ကြိုတင် အကြောင်းကြားခဲ့တာမှ မဟုတ်တာ ။ မိုးလည်း သူ ရွာချင်တဲ့အချိန် ရွာတာပဲ ။ ရွာပေါ့ ။
“ ကျော်မြင့်ရေ ... ကျော်မြင့် ”
အိမ်ရှေ့ကနေ ခေါ်သံ ကြားတော့ သူကြည့်မိသည် ။ မိုးရေစက်များက သူ့မျက်လုံးနှင့် အိမ်ရှေ့မှ အော်ခေါ်နေသည့် ပုံရိပ်အကြား ကြားခံပစ္စည်းများဖြစ်နေ၍ ကြည့်ရသည်မှာ မသဲကွဲ ။ ထီးဆောင်း၍ ခေါ်နေသူကို အတော်လေး ကြည့်ယူလိုက်ရ၏ ။ နောက်မှ အသံကို မှတ်မိသွားသည် ။
“ တင်အောင် မဟုတ်လား ”
“ အေး ဟုတ်တယ်ကွ ၊ ငါ တင်အောင်ပဲ ”
“ ဟာ သူငယ်ချင်း လာ ၊ ဝင်ခဲ့လေကွာ ”
သူ ကုလားထိုင်မှ ထ , မည် အပြု ။
“ နေ နေ သူငယ်ချင်း ၊ ငါ အောက်မှာပဲ ထိုင်လိုက်မယ် ”
သူ အားနာသည့် အကြည့်ဖြင့် ကြည့်တော့ တင်အောင်က “ ရပါတယ် သူငယ်ချင်းရာ ” ဟူသည့် သဘောမျိုး ပြန်ပြုံးပြသည် ။ ပြီးနောက် ပါလာသည့် မုန့်ထုပ်နှင့် အချိုရည်ဘူးများကို ချပြီး ရေနွေးတစ်ခွက် ငှဲ့သောက်သည် ။
“ အဲဒါတွေ မလိုပါဘူး သူငယ်ချင်းရာ ၊ လူလာတာပဲ ကျေးဇူးတင်လှပါပြီ ”
“ ခွေးကောင် မင်းနဲ့ ငါ ကြား ကျေးဇူးတင်စကား နောက်တစ်ခါ မပြောနဲ့ ”
နှစ်ယောက်သား ရယ်မိ ကြသည် ။ သူရော ၊ နွယ်ရော ၊ တင်အောင်ပါ ငယ်သူငယ်ချင်းများမို့ အချင်းချင်း ပြောမနာ ၊ ဆိုမနာတွေ ။
“ ဪ ဒါနဲ့ မိနွယ်ရော ”
“ နွယ် အလုပ်သွားတယ်ကွ ”
ရှေးဟောင်းနှောင်းဖြစ် များ ပြန်ပြောကြရင်း ပျော်စရာဆိုလျှင် ရယ်လိုက်ကြ ၊ ဝမ်းနည်းစရာဆိုလျှင် အသံများ တိမ်ဝင်သွားလိုက်ကြနှင့် အချိန်မည်မျှကြာသွားသည် မသိလိုက် ။ မိုးပင် တိတ်သွားခဲ့ချေပြီ ။ တစ်ယောက်တည်း အားငယ်မှုတွေဖြင့်သာ အထီးကျန်ဆန်ဆန် ဖြတ်သန်းလာခဲ့ ရသည့် သူ့အဖို့ သူငယ်ချင်း တစ်ယောက် ရောက်လာသော အခါ အားတက်သရော ဖြစ်မိသည်မှာတော့ အမှန် ။
သူငယ်ချင်းနှစ်ယောက် ထမင်းဝိုင်း၌ ထိုင်ကြသည်အထိ စကားများက ပြော၍ မကုန်နိုင်သေး ။
“ ခွေးကောင် … တင်အောင် ၊ မင်း ငါ့ကို လျှော့တွက်တာပဲ ”
“ ဟ ကျော်မြင့်ရ ဘလိုင်းကြီးပါလား“
“ မင်း ငါ့ကို ပြောစရာ တစ်ခုခု ရှိနေတယ်ဆိုတာ မင်း မျက်လုံးမှာ ငါမြင်နေရတယ် ။ ဒါပေမဲ့ အခုချိန်ထိ မင်း မပြောသေးဘူး ”
တင်အောင် မျက်နှာညှိုးကျသွားသည် ။ ပြီးနောက် သူ့ကို အကဲခတ်သလို ပြန် ကြည့်သည် ။
အားနာသည့် အကြည့် ၊ ပြီးတော့ ကရုဏာ အကြည့် ။
“ ရပါတယ် သူငယ်ချင်းရာ ပြောစရာရှိတာပြော ”
“ အင်း ပြောရမှာတော့ စိတ်မကောင်းဘူးကွာ ။ မိနွယ်ကို ယောက်ျားတွေနဲ့ တွဲတွဲပြီး တွေ့နေတာ များနေပြီ ”
တင်အောင်က မျက်နှာ လွှဲကာ ပြောရင်းမှ သူ့ကို အကဲခတ်သလို ကြည့်လာပြန်သည် ။
ထိုအခိုက် မိုးသည် ငြာသံပေးကာ ခြိမ်းခြောက်လာပြန်သည် ။ မိုးရွာပေဦးမည် ။
••••• ••••• •••••
တစ်နေ့သစ်ပြန်ပြီ ။ နွယ် က ထုံးစံအတိုင်း ချက်ပြုတ် ပြီး၍ အလုပ်သွားရန် ရေချိုးနေလေ၏ ။ တင်အောင် လာလည်သွားသည်ဟု ပြောပြပြီး ကတည်းက နွယ် မလုံမလဲ ဖြစ်နေသည်ကို သူ ရိပ်မိသည် ။ စကားများလည်း အထစ်ထစ် အငေါ့ငေါ့ ။ သို့သော် သူ မသိချင်ယောင် ဆောင်ထားလိုက်သည် ။
ခွင့်လွှတ်သည် ။ စိတ်မကောင်းဖြစ်ရုံမှ တစ်ပါး အရာ အားလုံးကို သူခွင့်လွှတ်သည် ။ သွေးသားများနှင့် တည်ဆောက်ထားသည့် အရွယ်ကောင်း မိန်းမတစ်ဦးဖြစ်သည့်အတွက် နွယ်သည်လည်း သွေးသားသဘာဝအရ လိုလားတောင့်တနိုင်သည်ပဲလေ ။ နွယ့်လိုအပ်ချက်ကို သူမှ ဖြည့်ဆည်း မပေးနိုင်တော့ တာ ။ ထို့ကြောင့် နွယ့်ကို သူ သနားသည် ။ သူ့အနေဖြင့် လင်ယောက်ျားဟူသည့် ဂုဏ်ပုဒ်ဖြင့် ကိုင်ပေါက်၍ တားဆီးပိတ်ပင်ပါက တရားပါ့မလား ။ အပြစ်ဖို့ခြင်းဖို့ သူ့ ကိုယ်သူသာ ဖို့ရမည်သာ ။
အတွေးတိမ်တစ်အုပ်ကြောင့် မျက်ရည်မိုးပေါက်တို့က လိမ့်ဆင်းလာသည် ။ ကပျာကယာ သူ သုတ်လိုက်သည် ။ နွယ် မြင်သွား၍ မဖြစ် ။ နွယ် စိတ်မကောင်း ဖြစ်သွားလိမ့်မည် ။ သူ့ဆီမှ မြစ်ဖျားခံလာသည့် ပြဿနာ တစ်ခုကြောင့် ဖြစ်လာသည့် ပူဆွေးသောကကို သူသာလျှင် ခံယူချင်သည် ။ နွယ့်ထံသို့ အကူးအစက် မခံစေလို ။
နွယ်ကတော့ ရေချိုးနေဆဲပင် ။ ရင်ထဲမှ ပူလောင် တင်းကျပ်မှုတို့ လျော့ကျလို လျော့ကျငြား အိပ်ရာထက် လှဲ၍ မျက်လုံးတို့ကို တင်းတင်းကျပ်ကျပ် မှိတ်ထားလိုက်သည် ။ ချိုမြိန်ခဲ့သော အတိတ်၏ အရိပ်တို့သည် အာရုံစင်မြင့်ထက် ကပြ အသုံးတော်ခံနေသည် ။
တူ … တူ
ဖုန်းမက်ဆေ့ချ် ဝင်လာသံ ။ အိပ်ရာထက်ရှိ နွယ့်ဖုန်း ထံမှ ဖြစ်သည် ။ ဖွင့်မကြည့်ဖို့ တွေးမိပေမဲ့ နောက်တစ်ကြိမ် ထပ်ဝင်လာပြန်၏ ။ နွယ့် အလုပ်မှ အလုပ်ကိစ္စများလား ။ သူ ဖွင့်ကြည့်လိုက်သည် ။
“ ဒီနေ့ တွေ့ရအောင် နွယ် ၊ ဆုံနေကျ တည်းခိုခန်းမှာ အခန်း မှာထားပြီးပြီ ”
ထိုးနှက်ခြင်း ရထား တစ်စင်းသည် သူ့နှလုံးသား ဘူတာဆီသို့ တဂျုန်းဂျုန်း ခုတ်မောင်းဝင်လာသည် ။ သုတ်ပစ်လိုက်သည့် မျက်ရည်တို့သည် တစ်ဖန် ပြန်လည်ငွေ့ရည်ဖွဲ့၍ နောက်တစ်ကြိမ် ပြန်၍ စီးဆင်းလာလေသလား ။ ဖုန်းမက်ဆေ့ချ်ဝင်လာသည်မှာ စာတိုလေး နှစ်ကြောင်းသာ ။ သို့သော် နှလုံးသားတည့်တည့်ဆီသို့ ထိုစာတိုလေးနှစ်ကြောင်း၏ ဝင်တိုက်အားသည် မြင်းကောင်ရေအား များလွန်းလှသည် ။
ယခုတစ်ကြိမ် မျက်ရည်တို့ကိုလည်း သူ အားကောင်းခွင့်မပြု ။ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်၏ ။ ဖုန်းကို သူ့နေရာ၌ ပြန်ချထားလိုက်သည် ။ စောင်ကို ခေါင်းထိ လုံအောင် ဆွဲတင်လိုက်ပြီး ချိန်မှာပဲ အိမ်ပေါ်တက်လာသည့် နွယ့်ခြေသံကို ကြားလိုက်ရသည် ။
“ အစ်ကို အိပ်ပုပ်ကြီး ပြန်အိပ်ဦးမလို့လား ”
အသံတို့ လှုပ်ခတ်နေမည်စိုး၍ ထိန်းပြီး ဖြေလိုက်သည် ။
“ အင်း ”
တကယ်ဆို သူ့ ဝင်သက် ထွက်သက်အားလုံးကို ပင် ထာဝရ အိပ်ငွေ့ချထားလိုက်ချင်တော့သည် ။
••••• ••••• •••••
အိမ်ပေါ်ရှိ အဝတ်လှန်း သည့် နိုင်လွန်ကြိုးကို သူ စိုက်ကြည့်နေမိသည် ။ ထို့နောက် ထုပ်တန်းကို မော့ကြည့်မိ၏ ။ လည်ပင်းဆီသို့ ပွတ်သတ်ကြည့်မိတော့ သူ ပြုံးမိသွားသည် ။ ထိုသို့ လုပ်လိုက်ပါက နွယ် လွတ်မြောက်သွားလိမ့်မည် ထင်သည် ။ သူကိုယ်တိုင်ရော လွတ်မြောက်သွားပေလိမ့်မည် ။ တစ်နည်းဆိုရသော် နွယ်ရော သူပါ နှစ်ယောက်စလုံး လွတ်မြောက်ခွင့်ရသွားပေလိမ့်မည် ။
နွယ် အလုပ်မှ ပြန်မလာခင် ပြတ်ပြတ်သားသားလုပ်မှဟု တွေး၍ ကုလားထိုင်မှ ထ , လိုက်၏ ။ ထို့နောက် တရွတ်ဆွဲသွားပြီး ခွေးခြေခုံကို ထုပ်တန်းအောက်တည့်တည့်သို့ ရွှေ့လိုက်သည် ။ လက်ထဲသို့ ကြိုးခွေရောက် လာချိန်မှာတော့ သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားသည်ဟု ထင်လိုက်မိသည် ။
အိမ်တစ်အိမ်လုံးကို နောက်ဆုံး နှုတ်ဆက်သည့် အနေဖြင့် ဝေ့ကြည့်ခိုက် မျက်လုံးက ဘုရားစင်ထက်ရှိ တရားစာအုပ်သို့ အကြည့် ရောက်မိသွား၏ ။ ထိုအခါ အသိတစ်ခုက ဒိန်းခနဲ ရင်ဘတ်ဆီ လာဝင်ဆောင့် သည် ။ အသားများ တဆတ်ဆတ်တုန်လာ၏ ။ တစ်ကိုယ်လုံးဆီမှ အားအင်များ စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားတော့သည် ။
နှုတ်ခမ်းကို တင်းတင်း ကိုက်၍ သူ ငိုကြွေးမိ၏ ။ ယခု တစ်ကြိမ် မျက်ရည်များကိုတော့ သူ မတားမိ ။ အားရသည်အထိ ငိုကြွေးပစ်လိုက်ဖို့ လိုအပ်နေပြီ မဟုတ်လား ။
••••• ••••• •••••
စေ့ထားသော ခြံတံခါးကို တွန်းဝင်လာသံ ကြားလိုက်ရသည် ။ နာရီကို ကြည့်လိုက်တော့ ၆ နာရီ ။ ယနေ့ နွယ် ပြန်လာသည်မှာ ခါတိုင်း နေ့ထက်စာလျှင် စောသည် ။ နွယ်က လက်ထဲက အထုပ်ကို ဘေးသို့ ချလိုက်ရင်း သူထိုင်နေသည့် ကုလားထိုင်ခြေရင်းတွင် လာထိုင်သည် ။ ပြီးနောက် သူ့ပေါင်ပေါ် ပါးအပ်ထားလိုက်၏ ။
“ နွယ် ”
“ အစ်ကို ”
နှစ်ယောက်သား ခေါ် သံက တစ်ထပ်တည်းထွက်လာတော့ နွယ်က မျက်နှာလေး မော့လာပြီး ခပ်လွင်လွင် ရယ်လာသည် ။
“ အစ်ကိုလည်း ပြောစရာရှိလို့နဲ့ တူတယ် ။ အစ်ကို အရင် ပြောလေ ”
“ အင်း ဟိုလေ အစ်ကို ရွာက အမျိုးတွေဆီ ပြန်နေရင် ကောင်းမလားလို့ ”
“ ဘာလဲ အမျိုးတွေကို သတိရလို့လား ။ ပြန်လည်ချင် လည်လေ နွယ်လိုက်ပို့ပေးမှာပေါ့ ”
“ ခဏပြန်လည်မှာ မဟုတ်ဘူး နွယ် ။ အပြီးပြန်နေမှာ ”
“ အပြီးပြန်နေမှာ ... ။ အစ်ကို့စကားကြီးက ဘယ်လိုကြီးလဲ ။ နွယ်က ဘယ်လို လုပ်မလဲ ”
“ နွယ့်ကို အစ်ကို ကွာရှင်းပေးခဲ့ပါ့မယ် ”
“ အစ်ကို ”
ခပ်ဆတ်ဆတ် အော်သံအဆုံး နှစ်ယောက်သား အကြား အသံတိတ်သွား သည် ။ ခပ်သဲ့သဲ့ရှိုက်သံထွက်လာမှ နွယ့်ကို သူကြည့်မိ၏ ။ နွယ် ငိုနေသည် ။
“ နွယ့်အတွက် အစ်ကိုက ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေမှာ စိုးလို့ပါ ”
“ သိတယ် ၊ အစ်ကို ဒီစကားပဲ ပြောတော့မယ်ဆိုတာ ။ ဘာဆိုင်လို့လဲ အစ်ကိုရယ် ။ နွယ်ကိုယ်တိုင် ကျေနပ်နေသားနဲ့ ”
“ နွယ် ပင်ပန်းမှာ စိုးလို့ပါ ။ နွယ်လည်း အရွယ်ကောင်းတုန်းဆိုတော့ နောက် အိမ်ထောင် ... ”
“ တော်ပြီ အစ်ကို ဆက်မပြောနဲ့တော့ ။ နွယ့်ဘဝမှာ အစ်ကို ရှိနေသရွေ့ အရာရာ ပြီးပြည့်စုံတယ် ။ နွယ် အစ်ကို့ကို ချစ်တယ် ။ အစ်ကိုလည်း နွယ့်ကို ချစ်တယ် ။ ဒါပဲတွေးနော် ။ အားငယ်စိတ်တွေ မတွေးနဲ့ ”
နွယ်က ထိုင်ရာမှ ဒူး ထောက်ကာ သူ့ပါးပြင်ကို နမ်း၏ ။ သူ သက်ပြင်းချမိသည် ။
“ ကဲ အစ်ကို ပြောပြီးပြီ ဆိုတော့ နွယ် ပြောရမယ့် အလှည့် ။ ဒီနေ့ ဘာနေ့လဲ အစ်ကိုသိလား ”
သူ ဇဝေဇဝါဖြင့် ခေါင်းယမ်းမိသည် ။
“ အဲဒါပြောတာပေါ့ အစ် ကိုက အချိန်ပြည့် အားငယ်ဖို့ပဲ တွေးနေတာ ။ ဒီနေ့ အစ်ကို့ မွေးနေ့လေ ”
သူ အံ့သြသွားသည် ။ သူမေ့နေပေမဲ့ နွယ်က သတိ ရသည် ။ သူ ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ နွယ် ဘေးက အထုပ်ကို ဖွင့်လိုက်သည် ။
“ ဒီမှာကြည့် အစ်ကို့ အတွက် မွေးနေ့ကိတ် ”
“ နွယ်ရယ် ”
ထို့ထက်ပို၍ သူ ဘာမှ ပြောမတတ်တော့ ။ မျက်ရည်များပဲ ဝဲတက်လာသည် ။
“ ကြည့်ကွာ အစ်ကိုက လည်း ကလေးလေးကျနေတာပဲ ။ မငိုနဲ့နော် ၊ နွယ် ရေချိုးလိုက်ဦးမယ် ။ ပြီးရင် ဘတ်ဒေးကိတ် ခွဲကြမယ်နော် ”
နွယ် ထွက်သွားတော့ အတွေးတွေဖြင့် သူ ကျန်ခဲ့သည် ။ နွယ်သည် နားလည်ရ ခက်သည့် မိန်းမတစ်ယောက်ဟု သူမြင်မိလာသည် ။ သူ တွေးထားသည်က ကွာရှင်း ပေးလိုက်လျှင် နွယ် ပျော်သွားလိမ့်မည်ဟု သူထင်ထားခဲ့သည် ။ သို့သော် နွယ် ကွာမပေးခဲ့ ။ ထို့အပြင် သူ့မွေးနေ့ ကအစ အမှတ်တရ ရှိပေးပြန် သည် ။ ထိုသို့ဆိုလျှင် နွယ် အပြင်မှာ ရှုပ်ပွေသည်ကရော .. ။
တွေးမရတော့သည့် အဆုံး ခေါင်းကို ယမ်းခါပစ်လိုက်သည် ။ ကုလားထိုင်ခြေ ရင်း၌ ရှိနေသော နွယ့်ဖုန်း လေးကို အမှတ်မထင် ကြည့်မိသွား၏ ။ စိတ်နှစ်ခု လွန်ဆွဲကြရင်း တွန်းအားပေးသည့် စိတ်က အားသာသွားသည့်အခါ ဖုန်းက သူ့လက်ထဲသို့ ရောက်လာသည် ။ ဖုန်းမက်ဆေ့ချ်ဘောက်ကို ဖွင့်ပြီး တစ်နေ့က ဖုန်းနံပါတ်နေရာကို ဝင်ကြည့်လိုက်သည် ။ တစ်ဖက်က လူနှင့် နွယ် အပြန်အလှန် ပေးပို့ထားသည့် စာများ ။
“ နွယ် ဒီနေ့ အားလား ”
“ အင်း အားပါတယ် ။ တွေ့နေကျ တည်းခိုခန်းပဲမဟုတ်လား လာခဲ့မယ်လေ ”
“ အိုကေ ဒါဆို အခန်းယူထားလိုက်တော့မယ် ။ ဪ ကိုယ်နဲ့ ညပါ အတူတူအိပ်ပေးရမှာနော် နွယ် ၊ မနက်ဖြန် အလုပ်နားရက်ဆိုတော့ အေး အေးဆေးဆေး အနားယူမလို့ ”
“ အဲဒါတော့ ဆောရီး ၊ အိမ်မှာ ကျွန်မယောက်ျား ရှိသေးတယ် ”
“ နွယ်ကလည်း ဈေးကိုင်နေပြန်ပြီ ။ ပေးနေကျထက် သုံးဆ ပိုပေးမယ်ကွာ ”
“ ရှင် ဘယ်လောက်ပေးပေး ကျွန်မ ညမအိပ်ပေးနိုင်ဘူး ။ မတတ်သာလို့ ဒီအလုပ်ကို လုပ်နေရပေမဲ့ ကျွန်မ ယောက်ျားကိုတော့ ညဘက်ကြီး တစ်ယောက်တည်း ပစ်မထားခဲ့နိုင်ဘူး ။ သူ့အနားမှာ ညဘက်လောက်တော့ ကျွန်မ ရှိဦးမှ ဖြစ်မှာ ။ သူ့ကို ကျွန်မ ချစ်တယ် ”
ကြည့်နေရင်းဖြင့် မျက်လုံးများ ဝေဝါးလာ၏ ။ ရင်ဘတ်တစ်ခုလုံး လှိုက်မောလာပုံက ကုန်းပေါ်ပစ်အတင် ခံလိုက်ရသည့် ငါးတစ်ကောင် ပမာ ။ ဆက်ကိုင်ထားနိုင်စွမ်း မရှိသူ၏ လွတ်ကျမှုမှာ ဖုန်းဟာ ကြမ်းပြင်ဆီ အရောက် ဒေါက်ခနဲ ။
⎕ နတ်စောင်း ( ကျိုက်ထို )
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
ဩဂုတ် ၊ ၂၀၁၉
No comments:
Post a Comment