❝ အပယ်ခံပန်းတို့ မနွမ်းစေချင် ❞
( ခန့်ကျော်ထင်လှိုင် - လွိုင်ကော် )
ခင်ဗျားက ကျုပ်အကြောင်း စိတ်ဝင်စားတယ်ပေါ့ ။ ခင်ဗျားက စာရေးဆရာလား ၊ အေးလေ စိတ်ဝင်စားတယ် ဆိုရင်တော့ ပြောရတာပေါ့ဗျာ ။ ဒါပေမဲ့ ကျုပ် အကြောင်းကို ခင်ဗျား ရေးရဲပါ့မလား ။ ကျုပ်က လောကကြီးကို အကြေးလှန်မှာဗျ ။ ဟင် ၊ လန့်စရာကြီးနော် ။ ခင်ဗျား ထိတ်သွားသလား ။ ကျုပ်ပြောမှာက ကျုပ်မိဘ အကြောင်းပါဗျာ ။ ဒါပေမဲ့ ခင်ဗျားတို့ စာရေးဆရာတွေ စိတ်ထဲက မပါဘဲ လူကြားကောင်းအောင် ၊ ဖတ်ကောင်းအောင် ရေးနေကြတဲ့ “ မိဘကျေးဇူး မြင်းမိုရ်ဦး ” တို့ ၊ “ ကျေးဇူးကြီးလှ မိနဲ့ဖ ” တို့ ဆိုတဲ့ စကားတွေနဲ့ ဆန့်ကျင်ဘက်ကို ပြောမှာမို့လို့ အကြေးလှန်မယ် ပြောတာပါ ။ ငရဲ အကြီးခံပြီး လုပ်ကြံပြောမှာ မဟုတ်ဘူးနော် ။ကျုပ် ကိုယ်တွေ့ ဖြစ်ရပ်မှန်ကို ပြောပြမှာ ။ ကိုင်း နားထောင် ။
••••• ••••• •••••
ကျုပ်ကို မွေးတုန်းကတော့ အဖေ ၊ အမေ စုံစုံညီညီပါပဲ ။ နာမည်တွေကိုတော့ မပြောချင်တော့ပါဘူးဗျာ ။ ခင်ဗျားဘာသာ အဆင်ပြေသလိုသာ မှတ်လိုက်တော့ ။ အဲ ခုနစကား ပြန်ဆက်ရရင် ကျုပ်ကို မိစုံဖစုံနဲ့ မွေးခဲ့တယ် ။ ဒါပေမဲ့ ကျုပ် သုံးနှစ်သားလောက် အရောက်မှာ အဖေက သူ့ငယ်ချစ်ဦး ဆိုတဲ့ မိန်းမတစ်ယောက်ကို ခိုးပြေးတယ် ။ ဟော မကြာဘူး ၊ အဖေ ခိုးပြေးတဲ့ မိန်းမရဲ့ ယောက်ျားက ကျုပ်အမေကို လာခိုးသွားပြန်တယ် ။ အလဲအထပ် လုပ်လိုက်တဲ့ သဘောပဲ ။ ပြောတာကတော့ “ သူ့ ငယ်ချစ်မို့ ” တဲ့ ။ ခင်ဗျား မရယ်နဲ့ ။ ဒါတကယ်ဖြစ်တာ ၊ ပုံပြင် မဟုတ်ဘူး ။
အဲလို အဖေနဲ့ အမေက အိုးရွဲ့ ကို စလောင်းရွဲ့နဲ့ ဖုံးတာလား ၊ ငယ်ချစ်မို့ မပစ်နိုင်တာလား မပြောတတ်တဲ့ အချိုး ချိုးသွားတော့ သားဖြစ်တဲ့ ကျုပ်မှာ မိစုံဖစုံ ဘဝကနေ ချက်ချင်း ရာထူးလျှောပြီး လောကအလယ် မျက်နှာငယ်လေးနဲ့ ကျန်ခဲ့ရတာပေါ့ဗျာ ။ ဘယ်သူက မွေးရတုန်းဆို တော့ အဘိုးနဲ့ အဘွားပေါ့ ။ အစကတည်းက အဖေနဲ့ အမေက အဘိုးအဘွား အိမ်မှာပဲ နေခဲ့ကြတာကိုး ။
ပြောရရင် အဘိုးက ပန်းပဲဆရာ ။ ကိုရီးယား ဂျူမုံ ကားထဲက ပန်းပဲဆရာ မိုဖားမို လို ဖြစ်ဖြစ်မြောက်မြောက် မဟုတ်ပါဘူး ။ ရွာကငယ်လို့ ဓား ၊ ပေါက်ပြား အပ်မယ့်သူ မရှိပါဘူးဆို အဘိုးက ဘိန်းလည်း စားသေးဆိုတော့ သူ့ ပန်းပဲအလုပ်က တစ်ပတ်နေလို့ ဓားတစ်လက် အပ်မယ့်သူ မရှိဘူး ။ မရှိတာလည်း မပြောနဲ့ ။ ပေါက်ပြား ၊ ဓား လာအပ်တဲ့ သူခမျာ အပ်ပြီးရင် သူ့ဓား ၊ ပေါက်ပြား ရပါမယ့်အကြောင်း အိမ်ကို ရေထွက်အောင် လာပြီး အဘိုးကို လောဆော်ရတယ် ။ ဘယ်လောက်ပဲ လောဆော် လောဆော် အဘိုးက အေးဆေးပဲ ။ လေအေးလေးနဲ့ “ အေးပါကွ ငါ့တူ ရရမှာပါ ။ မနက်ဖြန် လာယူ ” ဆိုတဲ့ ရက်ချိန်းကိုပဲ ဘိန်းမှိန်းရင်း ပေးတတ်တယ် ။ အဘိုးရဲ့ မနက်ဖြန်ကလည်း ဘယ်တော့မှ မဆုံးဘူး ။
နောက်တစ်နေ့ လာတော့လည်း “ မနက်ဖြန်မှလာခဲ့ ” လို့ ထပ်ပြီး ရက်ချိန်းပေးပြန်ရော ။ နောက်ဆုံး လာအပ်တဲ့သူက “ လုပ်ပါဗျာ ၊ ကျုပ်က အရေးကြီးလို့ပါ ၊ ဖိုဆွဲပေးပါ့မယ် ” ဆိုပြီး အတင်းဆွဲခေါ် ၊ ဖားဖိုဆွဲပေးမှ အဘိုးက ပေါက်ပြားဆေးတာ ၊ ဓား သ , တာ ထ , လုပ်ပေးသဗျ ။
ပေါက်ပြား ၊ ဓား လာအပ်သူက နေ့စဉ် လာရတာလည်း အကြောင်းရှိတယ် ။ အဘိုး ချိန်းလိုက်တဲ့ တစ်ပတ်လောက် ဆိုတာကို တကယ် ထင်ပြီး အဲဒီအချိန်ကျမှ လာယူလို့ကတော့ ဆုံးပြီသာ မှတ်ပေရော့ ။ အဘိုးက သူ စိတ်ကူးပေါက်ချိန် ထ , လုပ်ပြီး ရောင်းစားပစ်တာကိုး ။ ဒါကြောင့် ပစ္စည်းအပ်ပြီးရင် နေ့စဉ် လာကြည့်နေရတယ် ။ လုပ်ပေးအောင် လောဆော်ရ တယ် ။ သည်နား ရွာနီးချုပ်စပ်မှာတောင် တစ်ခုတည်း ရှိတဲ့ ပန်းပဲဖိုဆိုတော့လည်း လူတွေမှာ မချစ်သော်လည်း အောင့်ကာနမ်းရသပေါ့ ။ ကိုယ့်ပစ္စည်းရောင်းစားရပါ့မလားဆိုပြီး စိတ်ဆိုးလို့လည်း မရဘူး ။ အဘိုးက လာယူသူ သနားသွားအောင် “ ကိုရင်ရဲ့ ၊ ငါ့တူရဲ့” ဆိုတဲ့ လေပျော့လေးသုံးပြီး ချော့လွှတ်တတ်တာကိုး ။ အဘိုးက ဘိန်းစားမို့လား မသိဘူး အပြောကတော့ ဘယ်သူ့ကိုမဆို ချိုတယ် ။
ပြောချင်တာက အဘိုးရဲ့ အဲဒီလို သစ္စာ မရှိ ၊ ကတိ မတည်တဲ့ အကျင့်ဆိုးကြောင့် ပြောခဲ့သလို ဓား ၊ ပေါက်ပြား အပ်မယ့်သူလည်း မရှိပါဘူး ။ အလုပ်သာ မည်မည်ရရ မရှိတယ် မွေးထားတဲ့ သားသမီး တွေကတော့ ဗုံစီထားသလိုပဲ ။ များလိုက်တာ ။ သည်တော့ ဆန်တွင်းက နက်မှနက်ပဲဗျို့ ။ ကျုပ်အဖေရဲ့ အထက်မှာ အစ်ကို နှစ်ယောက်ရှိတယ် ။ သူတို့ကလည်း အလုပ်က နွားကျောင်း ၊ ထင်းခွေပဲရှိတာ ။ မိန်းမကတော့ ကိုယ်စီဗျ ။ မွေးလိုက်တဲ့ ကလေးတွေက လည်း များမှများ ။ အိမ်ခွဲနေတယ် ဆိုပေမဲ့ မရှိလို့ ဆန်ကွဲကျို ၊ ငါ့တစ်ယောက်မလောက် ဆိုသလို အမွဲတကာ့ ထွတ်ခေါင် ဖွတ်မင်းနောင် အဘိုး အဘွားအိမ် လာနှိုက်သေးတော့ ကျွန်အောက် သပေါက် အဆင့်ရှိတဲ့ ကျုပ်ရဲ့ငယ်ဘဝဟာ ငတ်တစ်လှည့် ပြတ်တစ်လှည့်ပါပဲဗျာ ။
ငတ်တာချင်း အတူတူမှာ ကျုပ်က ပိုပြီး မျက်နှာ ငယ်ရတယ် ။ အားကိုးစရာ မိဘမှ မရှိဘဲကိုး ။ အဖေနဲ့ အမေက ခုလို လင်ပေး မယားယူ လုပ်တမ်း ကစားသွားတော့ ရွာထဲမှာလည်း ဟိုးလေး တကျော်ကျော်ပေါ့ ။ အဘိုးအိမ်မှာတော့ ဒီကိစ္စ အကြောင်းပြုပြီး ကျုပ်မှာ အနှိမ်ခံရဖြစ်ရတယ် ။ ဦးလေးတွေ ၊ အဒေါ်တွေက ဝိုင်းပြီး နှိမ်ကြတာ ။ မောင်နှမဝမ်းကွဲ တွေလည်း ပါတယ် ။ အမှန်တော့ သူတို့ကလည်း ဘာမှ လက်ကြောတင်းအောင် လုပ်စားသူတွေ မဟုတ်ပါဘူး ။ မူလတန်းတောင် ပြီးအောင် မနေကြဘဲ အဘိုးအိမ်မှာ ယောင်ဝါးဝါး လုပ်နေကြသူတွေပါ ။ ဒါကိုများ ကျုပ် လုပ်လို့ တစ်ခုခု မမှားလိုက်နဲ့ “ ဒီ ကောင်က သောက်သုံးကို မကျဘူး ။ ဘယ်ကျမလဲ ၊ သူ့ အမေကိုယ်တိုင်က သောက်သုံးမှ မကျတာ ” ဆိုတာမျိုး အမြဲ အပြောခံရတယ် ။ ဒါတင် မကဘူး ။ တစ်ခါတလေကျ ဒီကောင်က ဂြိုဟ်ကောင်ကွ ၊ သူ့မွေးပြီးမှ သူ့အဖေနဲ့ အမေ ကွဲတာဆိုပြီး မဆိုင်တာ ဆွဲစပ်လို့ နှိမ်ကြတတ်သေးတယ် ။ သူတို့ အလယ်မှာ ကျုပ်ဟာ ဟားစရာ သတ္တဝါကြီးကို ဖြစ်လို့ ။
ခင်ဗျား စဉ်းစားကြည့်စမ်းပါ ။ အဖေနဲ့ အမေတို့က သူတို့ဘာသာ ကြည်ဖြူလို့ အချင်းချင်း အလဲအထပ် လုပ်တာ ကျုပ်နဲ့ ဘာဆိုင် သလဲ ။ ဒါ မဆီမဆိုင် လက်ပံသား ဓားနဲ့ ချိုင်တာ မဟုတ်ဘူးလား ။ ကျုပ်မှာ အဲဒီစိတ်ခံရှိလို့ ငယ်ငယ်ကတည်းက လူဆိုးလေးဖြစ်ခဲ့တယ် ။ ကျုပ် အပေါ် သက်သက်ညှာညှာ ဆက်ဆံတတ်တာက အဘိုး နဲ့ အဘွားပဲ ။ ပြောသာပြောရ ၊ သူတို့လည်း မနိုင်ပါဘူး ။ ဘယ်နိုင်ပါ့မတုံး အဘိုး အဘွားပိုင်ဆိုလို့ ဒီအိမ်စုတ်နဲ့ ခြံဝိုင်းလေးပဲရှိတာ ။ လယ် ၊ ယာ ဆိုလို့ ပေါင်တစ်ကားစာ တောင် မရှိဘူး ။ ဒီအနေအထားနဲ့ ဘယ်လို စားသောက်သလဲ ဟုတ်လား ။ ရှင်းရှင်း ပြောရရင် ဒီလိုပဲ ရှာကြံစားတာပေါ့ဗျာ ။
နွားကျောင်းကြ ၊ ထင်းခွေကြ ၊ သူများအိမ် သွားပြီး သူတို့ ခိုင်းတာလုပ် ၊ ပေးတာလေး ယူလာ ချက်ပြုတ်စား ဒီလိုပဲ နေလာကြတာ ။ အဲ ကျုပ်အဖေကတော့ နည်းနည်းစွမ်းတယ် ။ သူက ရထားပေါ်မှာ ဈေးလိုက်ရောင်းတယ်လေ ။ မနက် လော်ကယ်ရထားနဲ့ ကျောက်ပန်းတောင်း လိုက် ၊ အပြန်ကျ စာပို့ရထားနဲ့ ပြန်လာ ။ သူ့ အလုပ်က မဆိုးဘူးပဲ ။ ဒါလည်း နောက်အိမ်ထောင်နဲ့မှ လုပ်တာပါ ။ အစကတော့ ဟေးလားဝါးလားပါပဲ ။ အဖေနဲ့ အမေက လင်ယူ မယားပေး အလဲအထပ် လုပ်ပြီးလည်း ရွာမှာပဲ နေကြတယ် ။ အဖေက ကျုပ်ကို တွေ့ရင်တော့ မုန့်ဖိုးပဲဖိုးလေး ပေးတတ်တယ် ။ ဒါလည်း တောင်းမှပါဗျာ ။ အဲ တောင်းတိုင်းလည်း မပေးပါဘူး ။ မပေးခင် ညည်းလိုက်တာက ချူသံပါလို့ ။ ဒါကြောင့် သိပ် မတောင်းဖြစ်ပါဘူး ။
အမေကတော့ ဒယ်က ခုန်ဆင်း ၊ မီးပုံတွင်းလို့ ပြောရမှာပေါ့ ။ သူ ယူတဲ့ ငယ်ချစ်ဦးက အစကတည်းက လက်ကြောတင်းတာမှ မဟုတ်တာ ။ ဒီတော့ အမေက ကျုပ်ကို ဘာမှ မထောက်ပံ့နိုင်ပါဘူး ။
ကျုပ်က လေးတန်း အထိတော့ နေဖူးပါတယ် ။ ဒါလည်း ပိန်လိမ်ပြီး နေရတာ ပါ ။ မပျော်ပါဘူး ။ ပျော်စရာမှ မရှိတာ ။ ကျုပ်ဘဝက အိမ်မှာလည်း အနှိမ်ခံရ ၊ ကျောင်းမှာလည်း အနှိမ်ခံရတဲ့ ဘဝလေ ။ ဒါကြောင့် လေးတန်းကို ဆုံးအောင် မနေတော့ဘဲ ထွက်လိုက်တယ် ။ ရွာလယ်က ဦးကြံတိုင်း ကုန်စုံဆိုင်မှာ တောက်တိုမည်ရ အလုပ် ကလေးတွေ လုပ်ပေးပြီး သူတို့ ကျွေးသမျှစား ၊ ညကျမှ အိမ်ပြန်ပေါ့ ။ တစ်ခါတလေ အိမ်တောင် မပြန်တော့ပါဘူး ။ ဦးကြံတိုင်း အိမ်အောက်က တန်းလျားမှာ ပုဆိုးခြုံပြီး အိပ်ပစ်လိုက်တော့တယ် ။ ကျုပ်က ပြောရရင် မိဘကိုသာ စိတ်နာတာ မဟုတ်ဘူး ။ ရွာကိုလည်း စိတ်နာတယ် ။ အလွန် မြေနိမ့်ရာ လှံစိုက်တဲ့သူတွေ ။ ကြည့်ဗျာ ။ မိဘတွေ ချန်ထားခဲ့လို့ မျက်နှာငယ်လေးနဲ့ ကျန်ခဲ့တဲ့ ကျုပ်ကို သနားမလား အောက်မေ့ပါတယ် ။ မသနားတဲ့အပြင် ကျုပ်ကို အရာမသွင်းသလို ဆက်ဆံတယ် ။ သူတို့အိမ် ကျုပ် သွားရင် ကျုပ်ကပဲ တစ်ခုခု ခိုးတော့မှာလို မသင်္ကာတဲ့ မျက်လုံးနဲ့ ကြည့်ကြတယ် ။ မောင်းထုတ်ကြတယ် ။ ကောင်းကောင်းမွန်မွန် ဆက်ဆံသူရယ်လို့ တစ်ယောက်မှ မရှိဘူး ။ ကျုပ် ပြောရင်း ဒေါသထွက်တယ် ။ သူတို့က လူတစ်ယောက်ကို မဆိုး ဆိုးအောင် ဝိုင်းပြီး တွန်းပို့နေကြတာဗျ ။
သူတို့က အဲလိုလုပ်တော့ ကျုပ်ကလည်း သူတို့ ဖြစ်စေချင်သလိုပဲ နေလိုက် တယ် ။ ငတ်နေတာလည်း ပါတော့ စားချင်တာ တွေ့ရင် ခိုးစားတာပဲ ။ မိရင် အရိုက်ခံလိုက်တယ် ။ နောက်တစ်ခါ စားချင်တော့ ထပ်ခိုးပေါ့ ။ ကျုပ်အကျင့်က မနိုင်ရင် အရိုက်ခံတယ် ။ နိုင်လောက်ရင် ဖက်လုံးတယ် ။ “ ငါ့အဘိုးနဲ့ တိုင်မယ်ကွ ” ၊ “ ငါ့အဖေ ခေါ်လာမယ်ကွ ” လို့ အားကိုး မရှာဘူး ။ ရှာစရာ အားကိုးလည်း ရှိမှ မရှိတာ ။ ဒါကြောင့် ကျုပ်က ငယ်ငယ် ကတည်းက လူဆိုးပါဆို ။ “ အဖေလည်း လာမပြောနဲ့ ” ၊ “ အမေလည်း လာမဆုံးမနဲ့ ” ပဲ ။ သူတို့တောင် သားလုပ်သူရဲ့ မျက်နှာ မငဲ့ဘဲ လင်သစ် ၊ မယားသစ် ယူကြသေးတာပဲ ။
ခုမှ “ ငါက အဖေကွ ” ၊ “ ငါက အမေဟဲ့ ” လာမလုပ်နဲ့ ။ ကျုပ်နားမထောင်နိုင်ဘူး ။
ဒီလိုနဲ့ လူဆိုး ၊ လူပေ ဘဝနဲ့ပဲ ကျုပ် ကြီးပြင်းလာခဲ့တယ် ။ ကျုပ်ငယ်ငယ်က နှိမ်ပြီး ဆက်ဆံခဲ့တဲ့ ရွာသူ ရွာသားတွေကလည်း ကျုပ် အရွယ်ရောက်လာတော့ ကြောက်လာကြဟန် တူတယ် ။ ရွံကြောက်ကြီးပေါ့ ။ ကျုပ် တောင်းရင် မျက်နှာချိုသွေးပြီး မသဒ္ဓါရေစာပေး ကျွေးပါတယ် ။ ကျုပ်ကလည်း အလကား မတောင်းပါဘူးဗျာ ။ သူတို့ အိမ်တွေမှာ တတ်နိုင်သမျှ လုပ်ကိုင်ပေးပါတယ် ။ ဒါပေမဲ့ ကျုပ်သိတယ် ၊ သူတို့က ကျုပ်ကို မလိုလားမှန်းကို ။ ဒါကြောင့် တစ်ခါတလေကျ အရက်သောက်ပြီး ကျုပ်ရဲ့ ခံစားချက်တွေကို အော်ဆဲဖွင့်ထုတ်ပစ်တယ် ။
ဒီလောက်တောင် မကောင်းတဲ့ လူတွေ ဆိုပြီးပေါ့ ။ ကိုယ့်ကိုယ်ကို သ,တ် သေချင်စိတ်တောင် ပေါက်မိတယ် ။ တကယ် ။ ကျုပ်တို့ နိုင်ငံမှာလည်း သူများနိုင်ငံတွေလို ကိုယ့်ဘာသာ သ,တ်သေသူတွေ များလာပြီ မဟုတ်လား ။ နောင်ခါလာ နောင်ခါဈေး ၊ လောလောဆယ်တော့ လက်ရှိ ဒုက္ခက အေးသွားမှာပဲလေ ။ ကဲ စာရေးဆရာကြီး ပြောပါဦး ။ ကျုပ် ဘယ်လမ်း ရွေးရမလဲ ။ နေလမ်းလား ၊ သေလမ်းလား ၊ ပြော ။
••••• ••••• •••••
ရှင်က ကျုပ်အကြောင်း စိတ်ဝင်စားတယ်ပေါ့ ။ ရှင်က စာရေးဆရာလား ။ အေးလေ ၊ စိတ်ဝင်စားတယ် ဆိုရင်တော့ ပြောရတာပေါ့ ။ ဒါပေမဲ့ ကျွန်မအကြောင်းကို ရှင် ရေးရဲပါ့မလား ။ ကျွန်မက လောကကြီးကို အကြေးလှန်မှာရှင့် ။ ဟင် ၊ လန့်စရာကြီးနော် ။ ရှင် ထိတ်သွားသလား ။
ကျွန်မ ပြောမှာက ကျွန်မရဲ့မိဘအကြောင်းပါ ။ ဒါပေမဲ့ ရှင်တို့ စာရေးဆရာတွေ စိတ်ထဲက မပါဘဲ လူကြားကောင်းအောင် ၊ ဖတ်ကောင်းအောင် ရေးနေကြတဲ့ “ မိဘကျေးဇူး မြင်းမိုရ်ဦး ” တို့ ၊ “ ကျေးဇူးကြီးလှ မိနဲ့ဖ ” တို့ ဆိုတဲ့ စကားတွေနဲ့ ဆန့်ကျင်ဘက်ကို ပြောမှာမို့လို့ အကြေးလှန်မယ် ပြောတာပါ ။ ငရဲကြီးခံပြီး လုပ်ကြံပြောမှာ မဟုတ်ဘူးနော် ။ ကျွန်မကိုယ်တွေ့ ဖြစ်ရပ်မှန်ကို ပြောပြမှာ ။ ကိုင်း ၊ နားထောင် ။
••••• ••••• •••••
ကျွန်မ အဖေနဲ့ အမေ မင်္ဂလာဆောင်တုန်းကတော့ အကြီးအကျယ်ဆိုပဲ ။ မိဘပေးစားလို့မဟုတ်ဘဲ သူတို့ချင်း ချစ်လို့ ယူခဲ့ကြတာတဲ့ ။ ဒါပေမဲ့ ကျွန်မ သုံးနှစ်သမီးလောက်မှာပဲ လင်မယားချင်း ကွဲကြတယ် ။ မကြာဘူး ။ အဖေက လိမ်လည်မှုနဲ့ ထောင်သုံးနှစ် ကျသွားပါရော ။ ကျွန်မကတော့ အမေနဲ့ပဲပေါ့ ။ အမေ့ရဲ့ အမေ ( အဘွား ) အိမ်မှာ နေကြတာ ။ ပြောရဦးမယ် ။ အဖေနဲ့ အမေ ကွဲသွားချိန်မှာ အမေ့ အသက်က နှစ်ဆယ်ကျော်လေးပဲ ရှိသေးတယ် ပြောတယ် ။ ပြောရရင် ဖလန်း ဖလန်း ထ , တဲ့ အရွယ်ပေါ့ ။ အလုပ်က စာရေးမ ။ ဝတ် လိုက်စားလိုက်တာများ ပျံ လန်နေတာပဲ ။ မသိတဲ့သူက အပျို ထင်လောက်တယ် ။ ထင်အောင်လည်း နေတာလေ ။ စာရေးမ လစာလေးနဲ့ ဒီလို ဝတ်စားနေတယ် ဆိုကတည်းက ရှင့်အတွက် စဉ်းစားစရာ ဖြစ်နေပြီပေါ့ ၊ ဟုတ်ဘူးလား ။ မိဘလား ၊ မချမ်းသာပါဘူး ။ နေနိုင် စားနိုင်ရုံပါ ။ ဒီခေတ်ကုန်ဈေးနှုန်းကလည်း ရှင်သိတဲ့အတိုင်းပဲလေ ။ ဒါဆို အမေ ဘယ်က ပိုက်ဆံတွေ ရလို့ ဝတ်စားနေနိုင်တာလဲ ၊ စဉ်းစားစရာ ။ ရှင် ထင်တာ မှားပါတယ် ။ အမေက လူရောင်းပြီးတော့ ဝင်ငွေ မရှာပါဘူး ။ သူက အစိုးရအလုပ် လုပ်တာလေ ။ ဆင်ခြင်ရမှာပေါ့ ။ ဟုတ်တယ် ။ အကြွေးနဲ့ ဝယ်တာ ။ အမေ့မှာ အကြွေး ပတ်လည်ဝိုင်းနေတာပဲ ။ ဒါပေမဲ့ အမေက အပြုံး မပျက်ဘူး ။ သူ့နည်းသူ့ဟန်နဲ့ လှည့်ပတ် ယူ ၊ လှည့်ပတ် ဆပ်နေတာပဲ ။ အဘွားက ပြောလည်း ပြောပြောပဲ ။
ကျွန်မကတော့ အများ အားဖြင့် မူကြိုမှာပဲ အချိန်ကုန်ခဲ့ရတယ် ။ အမေက ရုံးပိတ်ရက်မှာတောင် အိမ်မှာ မထားဘူး ။ ဒေါ်ပုကြီး မူကြိုကို ပို့ထားတာ ။ အဘွားကလည်း “ ဒီကောင်မလေးအိမ်မှာ ရှိရင် ငါကောင်းကောင်း မနေရဘူး ။ ပိုက်ဆံပိုပေးရင် ပေးလိုက် ၊ မူကြိုသာ ပို့ထား ” တဲ့ ။ ကျွန်မနေရာက စဉ်းစားကြည့်ပါဦး ။ ကျွန်မ ဘယ်လောက် မေတ္တာငတ်လိုက်မလဲဆိုတာ ။ ပြောရရင် အမေ့ဆီ ကပ်ချင်တာပေါ့ ၊ အဘွားဆီမှာပဲ နွဲ့ချင်တာပေါ့ ။ ဒါပေမဲ့ ကပ်ခွင့် ၊ နွဲ့ခွင့် မရခဲ့ပါဘူး ။ အိမ်မှာ နေရင်လည်း အရုပ်ကလေးတွေနဲ့ပဲ ကစားရတယ် ။ အရုပ်ကလေးတွေကိုပဲ စကားပြောရတယ် ။
ကျွန်မကို အမေနဲ့ အဘွားက မကြည်တာ အဖေရဲ့ မိဘတွေကြောင့်လည်းပါတယ် ။ အဖေ့ဘက်က အဘိုးအဘွားတွေက အမေနဲ့ ယူကတည်းက သဘောမတူဘူးတဲ့ ။ သူတို့ သားက ပြောမရလို့သာ ။ အခု လင်မယား ကွဲပြီး သူတို့သား ထောင်ကျသွားတော့ အမေ့ကို အပြစ်ပြောတာပေါ့ ။ ဒါကို အမေနဲ့ အဘွားက သိပ်နာတယ် ။ အိမ်ချင်းကလည်း နီးနေတော့ တစောင်စောင်လေ ။ ကြားထဲက ကျွန်မက ကြားညပ်တာပေါ့ ။ ကျွန်မက တစ်ဖက် အဘိုးအဘွားအိမ်တွေကိုလည်း သွားချင်တယ် ။ အမေက သွားခွင့်မပြုသလို တစ်ဖက် အဘိုးအဘွားကလည်း ကျွန်မ လာတာကို သဘော မတွေ့ကြပါဘူး ။ လိုလိုလားလား မရှိကြပါဘူး ။ တော်သေးတာက အဖေ ထောင်ကျသွားတာ ကျွန်မကြောင့်လို့ မပြောကြတာပဲ ။ အဲဒီလိုသာ ပြောခဲ့ရင် ကျွန်မအတွက် နူရာ ဝဲစွဲ ၊ လဲရာ သူခိုးထောင်း အဖြစ်နဲ့ မျက်နှာငယ်ရဦးမှာလေ ။
သေချာစဉ်းစားတော့ ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ ။ သူတို့သဘောနဲ့ သူတို့ ယူကြ ၊ စိတ်ချင်း မတူလို့ ကွဲကြတာလေ ။ ကျွန်မ ပယောဂ ဘာရှိသတုံး ။ ဒီလိုတွေ ပြောချင်ပေမဲ့ မပြောရဲပါဘူး ။ အမေက ဆူရင် ၊ အဘွားက ငေါက်ရင် မျက်နှာငယ်လေးနဲ့ ချောင်ကပ်ပြီး မျက်ရည်ကျရုံက လွဲပြီး ကျွန်မအတွက် ဘာအခွင့် အရေးမှ မရှိပါဘူး ။ ပျော်စရာဆိုလို့ ကျောင်းသွားနေရချိန်လေးပဲ ရှိတယ်ပြောပါတော့ ။ ဒါလည်း အပြည့်အဝတော့ မဟုတ်ပါဘူး ။ အမေ့အရိပ်က ခဏလွတ်လို့ အဘွားမျက် ကွယ်မှာ စိတ်လွတ်လပ်ပေါ့ပါးစွာ နေရလို့ ပျော်တယ် ပြောတာပါ ။ သူငယ်ချင်းတွေ ကြားမှာလည်း ကျွန်မ အနှိမ်ခံရတာပါပဲ ။ ကိုယ်က Broken Family ထဲက သားကောင်တစ်ယောက် မဟုတ်လား ။ နေမြင့်လေ အရူးရင့်လေ ဖြစ်လာတဲ့ ကျွန်မ အခုတော့ မကုန်နိုင်တဲ့ အဲဒီ သောကတွေ မခံစားနိုင်တော့လို့ ကိုယ့်ဘာသာကိုယ် သ,တ်သေရ ကောင်းမလားတောင် စိတ်ကူးမိတယ် ။ သောကနဲ့ မွန်းကျပ်မှုတွေ ကြားက ကျွန်မ အတွက် ဖြေစရာရယ်လို့မှ မရှိတာကိုး ။ ကဲ စာရေးဆရာကြီး ပြောပါဦး ။ ကျွန်မ ဘယ်လမ်းကို ရွေးသင့်သလဲ ။ နေလမ်းလား ၊ သေလမ်းလား ပြော ။
••••• ••••• •••••
လောကရဲ့ သဘောအရ ခြွင်းချက်ဆိုတာ ရှိစမြဲပါ ။ သားသမီးအတွက် ကိုယ့်အသက်ကိုတောင် အသေခံ ပေးဆပ်ရဲတဲ့ မိဘတွေ ရေတွက် မကုန်အောင် ရှိနေသလို အခြေအနေအရ ကမ္ဘာမီးလောင် သားကောင်ချနင်းကြရတဲ့ မိဘတွေလည်း ရှိနေတာ အမှန်ပါ ။ ပြဿနာ တစ်ခု ကြုံလာရင် ကိုယ်သာ ကံအဆိုးဆုံးလို့ ထင်တတ်ကြတာကလည်း လူ့သဘာဝ တစ်ခုလို့ ပြောရမှာပါ ။ လူလား မမြောက်မီ ကတည်းက စိတ်ဒဏ်ရာ အနာတရတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ မင်းတို့ နှစ်ယောက်ကို အသိလေး ပေးချင်တာက “ မနုဿတ ဘာဝေါ ဒုလ္လဘော ” လူ့ဘဝ ရခဲတယ် ဆိုတဲ့ စကားလေးပါပဲ ။ ခေါက်ရှာငှက်ပျံ လောကဓံဆိုတဲ့ ဆိုရိုးလေးလို ဘဝဆိုတာ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်း တစ်လှည့်စီ လာနေတာမို့ စိတ်ဓာတ်မကျဘဲ တောင့်ခံထားစေချင်ပါတယ် ။ ဘဝဆိုတာ အမြဲတမ်း လင်းမနေသလို အမြဲတမ်းလည်း မှောင်မနေနိုင်ပါဘူး ။ အလင်းအမှောင် ဆိုတာ တစ်လှည့်စီ လာနေကြတာ မဟုတ်လား ။
ကိုယ့်ဘဝ အမှောင်ဖုံး နေရာက အမြန်ဆုံး လွတ်မြောက်ဖို့ကတော့ လက်ရှိဘဝမှာ စိတ်ကောင်း ၊ နှလုံးကောင်းလေး မွေးမြူပေးပါ ။ ကိုယ်ချင်းစာပေးပါ ။ ဘယ်သူ တရားပျက်ပျက် ကိုယ် ရောမပျက်ပါနဲ့ ။ တကယ်တမ်း အရင်းခံကျကျ တွေးကြည့်ရင် ရေပွက်ပမာ တစ် သက်လျာမျှ ရှိတဲ့ လူ့ဘဝမှာ ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ မာလိန်မှူးပါ ။ ဦးဆောင်ပဲ့ကိုင်သူပါ ။ မွေးတော့လည်း တစ်ယောက်တည်း ဖြစ်သလို သေတော့လည်း တစ်ယောက်တည်းပါပဲ ။ လူ့ဘဝခရီးရှည်ကြီးကို လျှောက်လှမ်းရာမှာလည်း ကိုယ်သာလျှင် အဓိက ပဓာနပါ ။ ဒီလို အမှန်မြင်တတ်မယ် ဆိုရင် တစ်ယောက်တည်းသမားဆိုပြီး စိတ်အားငယ်စရာ မရှိပါဘူးကွာ ။
ဒါပေမဲ့ နှလုံးသားနုနုမှာ အသားတံဆိပ် ခတ်နှိပ်သလို စွဲထင်ရတဲ့ စိတ်ဒဏ်ရာတွေကြောင့် ဘဝတစ်ခုလုံး ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းတာ ၊ အရာရာ လိပ်ပြာမလုံတာ စတဲ့ အားနည်းချက်တွေကိုတော့ မင်းတို့ ဘဝတစ် လျှောက်လုံး ခံစားသွားရမှာ အမှန်ပဲ ။ ဟင် ။ ခင်ဗျားက ဘာလို့ သိတာလဲ ၊ ဟုတ်စ ။ ငါသိတာပေါ့ကွာ ၊ စာရေးဆရာဆိုတဲ့ ငါလည်း ငယ်ငယ်ကတည်းက မိဘညီအစ်ကိုတွေ ကြားမှာ အနှိမ်ခံ ၊ အပစ်ပယ်ခံနဲ့ နေခဲ့ရသူလေ ။
⎕ ခန့်ကျော်ထင်လှိုင် ၊ လွိုင်ကော် ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
မတ် ၊ ၂၀၁၉
No comments:
Post a Comment