Monday, July 20, 2026

ဘေးကြီး ဘာကြောင့် ပြုံးပါလိမ့်

❝ ဘေးကြီး ဘာကြောင့် ပြုံးပါလိမ့် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

နေရောင်သည် ကိုဆေးရိုး ကြည့်နေဆဲ၌ ဖျော့တော့လာသည် ။ သို့ကြောင့် ကိုဆေးရိုး မော့ကြည့်သည် ။ လက်သန်းအရွယ် မန်ကျည်းသီးကလေးတွေ ၊ ထို့နောက် ရွေ့လျားနေသော တိမ်ဖြူမြစ်ပြင်ကြီး ။

တိမ်ဖြူမြစ်ကြီးသည် တရွေ့ရွေ့ စီးဆင်းနေ၏ ။ ဒိုက်ပုံ ဒိုက်စုနှင့် တူသော တိမ်မည်းတွေ မျောလာသည် ။ နေရောင် ဖျတ်ခနဲ မှိန်သွား၏ ။ ကလေးတွေ၏ အော်သံများ စီခနဲ ပေါ်လာ၏ ။ ကိုဆေးရိုး ကြားသော်ငြား နားမလည်လိုက် ။ သူ့အာရုံက နေရောင်ရရေးတွင် ရောက်နေ၏ ။ သူသည် ထန်းလျှော်များကို ရေဆွတ်ပြီး ဓားမောက်ဖြင့် စိတ်နေသည် ။ စိတ်ပြီးသည်များကို ချောသပ်နေသည် ။ ပြီးသမျှကို နေရောင်တွင် ထုတ်လှန်းထားသည် ။ တုပ်၍ ကောင်း ၊ ချည်၍ ခိုင်သော သည်ထန်းလျှော်တွေ ကြာကြာ ရေစိုနေလျှင် ဖားဥစွဲမည် ။ မှိုတက်မည် ။ သွားရော့ ၊ သုံးစွဲ၍ မကောင်းပြီ ။ သို့ကြောင့် ကိုဆေးရိုးက ကောင်းကင် ပြင်ကို အရေးတကြီး မော့ကြည့်နေခြင်းဖြစ်၏ ။ သူ ကြည့်နေဆဲ၌ တိမ်ဖြူမြစ်ထဲမှ ဒိုက်သရောများ ဝေးရာသို့ စီးမျောသွားပြီး နေရောင်သည် လင်းခနဲ တောက်ပသည် ။ တိမ်ဖြူမြစ်ကြီး၏ ဝဲယာတွင် ကြည်လင်ပြာလဲ့သော ကမ်းပါးစောက်ကြီးတွေ ခြံရံနေသည် ။ ကမ်းပါးစောက်ကြီးများပေါ်၌ သက်ရှိသတ္တဝါ မရှိ ။ ထိုအခါ ကိုဆေးရိုး သတိဝင်လာသည် ။

“ အင်း သည်ကောင်းကင်မှာ စွန်တွေ ဝဲနေကျပါ ”

သို့ဖြစ်ငြား သူ၏ အတွေး မဆုံး ။ “ ဪ ဝါတွင်း ပေကိုး ၊ ဒါကြောင့် စွန်တွေ မရှိတာပါလား ” ချက်ချင်း သတိဝင်သည် ။ သို့အတွက် ပျင်းရိဖွယ် အဖော်ကင်းနေသည့် ကောင်းကင်ကြီးမှ ကိုဆေးရိုး မျက်နှာလွှဲသည် ။ လွှဲသော မျက်လုံးများက ဓားမောက်ပေါ်သို့ ရောက်လာသည် ။ ဓားမောက်သည် ဘယ်ဘက် လက်မနှင့် လက်ညှိုးကြားတွင် ရောက်နေသည် ။ ဓားသွား၏ အောက်တွင်ကား ချောသပ်ဆဲ ထန်းလျှော် တစ်မျှင် ။ ဝမ်းမြှေးကလေးတွေ တဖွေးဖွေး တလိပ်လိပ်ဖြင့် ။ ဓားသွားနှင့် လျှော်ပင် ပွတ်ဆွဲလိုက်စဉ် ကလေးတစ်ယောက် ရောက်လာသည် ။ ရောက်လာပုံမှာ ခိုးကြောင်ခိုးဝှက်ဖြစ်သည် ။ ညင်သာစွာ လှမ်းလာရင်းက ကိုဆေးရိုး ကိုလည်း စပ်ဖြီးဖြီး မော့ကြည့်နေသည် ။ ကိုဆေးရိုးသည် ထိုကလေးအား ငုံ့ကြည့်၏ ။

မြေးလတ် ခင်မောင်ငြိမ်း၏ သမီး ပြုံးပြုံးငြိမ်းဦး ။ ပြုံးပြုံးငြိမ်းဦးသည် သူ့ကို သူ့ဘေး မြင်သွားပြီကို သိ၏ ။ ခိုးကြောင်ခိုးဝှက် ခြေလှမ်းကို ရပ်တန့်၏ ။

“ ဘ ထုံးနည်းနည်းယောက် ”

“ ထုံးနည်းနည်းလောက် ဘာလုပ်ဖို့တုံး ”

ကိုဆေးရိုးသည် မေးလည်း မေး၏ ။ ပေကျံညစ်ထေးနေသော အံသုံးဆင့်ပါသည့် ကြေးဝါကွမ်းအစ် ကြီးကို သူ့ဘက်သို့ ဆွဲယူလိုက်၏ ။ သူ့အမေးကို မဖြေသေးသဖြင့် “ ဟင် ” ဟူ၍လည်း မြစ်မအား လှမ်းမေး၏ ။

“ မုန့် ယုပ်မလို့ ”

“ မုန့်လုပ်မလို့ ၊ ဘာမုန့်တုံး ”

“ ထန်းတီးမုန့် ”

မန်ကျည်းခက် အခြောက်တွေ စုရုံးလာသည့်နှယ် ကိုဆေးရိုး၏ ပါးရေတွန့်အတွင်းမှ သွားဖုံးညိုညိုကြီး ပေါ်လာ၏ ။ သူသည် ကြက်တောင်စည်းနှင့် ပါးကွက်နှင့် မြစ်မကလေး၏ တောက်ပသော မျက်လုံးအစုံကို ပြုံးပြုံးကြီး ကြည့်၏ ။ ကြည့်ရင်းက ထုံးဘူးကို ဖွင့်၏ ။

“ ညည်းက မုန့်လုပ်တတ်လို့လား ”

“ မမ ညင့်ထွေးကိုက ယုပ်တတ်တယ် ဘ ”

မြေးတွေ၏ နာမည်အထိ ကိုဆေးရိုးနားလည်ခဲ့ငြား မြစ်အမည်များကိုကား ခက်ခဲစွာ ကြိုးစားရပြီ ။ သို့ဖြစ်၍ “ ဟင် ” ဟု မျက်နှာရှုံ့ပြီး ထပ်မေးမှ နားလည်၏ ။

“ ဪ ဪ မမမြင့်သွေးကိုက မုန့်လုပ်တတ်တယ် ၊ ညည်းက မလုပ်တတ်ဘူး ဟုတ်လား ”

ကြက်တောင်စည်းကလေး ခေါင်းညိတ်ပြ၏ ။ ကိုဆေးရိုး ကျေနပ်စွာဖြင့် ထုံးတစ်တို့ကော်နေစဉ် နောက်တစ်ယောက် ပြေးကပ်လာ၏ ။ မြေးမကြီး မေကြည်၏ သားအငယ်ဆုံး သူရထွန်း ။

“ ဘ တားယဲတိချင်ယယ် ”

“ ကြာရင် ငါ ကွမ်းဝါးစရာ ရှိတော့မှာ မဟုတ်တော့ပါဘူးကွာ ”

ကိုဆေးရိုး ညည်းတွားလိုက်ပြီးမှ အပေါ်ပိုင်းတွင်သာ စွပ်ကျယ်ပါသော နှပ်တရှုပ်ရှုပ် မြစ်အား မေး၏ ။

“ ထုံးက ပေါက်တယ် ၊ ဘာလုပ်ဖို့တုံး ”

“ မုန့်ယုပ်ဖို့ ”

“ မုန့်လုပ်ဖို့ ဟုတ်လား ”

သူရထွန်း ခေါင်းညိတ်ရင်းက နှာခေါင်းဝတွင် ပူဖောင်းတစ်လုံး ပွလာလိုက် ၊ ပိန်လာလိုက် ဖြစ်နေသည်ကို လက်ဝါးဖြင့် ဖိလျက် ပါးပေါ်သို့ ဆွဲတင်၏ ။ တစ်ဆက်တည်း သူ့လက်ကို ရင်ဘတ်တွင် သုတ်၏ ။

“ တယ်လည်း ညစ်ပတ်တဲ့ ကောင်ပါကလား ၊ လာစမ်း ”

ကော်ပြီးသားထုံးကို ဘူးနှုတ်ခမ်းနှင့် ခြစ်ကာ ပြန်ထည့်သည် ။ ဒူးအောက်ရှိ ပုဆိုးစုတ်ကို ဆွဲယူကာ မြစ်၏ နှပ်ကို သုတ်သင်ပေးသည် ။ “ ညှစ်စမ်း ညှစ် စမ်း ” ဟူ၍ ခိုင်းသေးသည် ။ အားရတော့မှ လွှတ်လိုက်ပြီး ဆက်မေး၏ ။

“ သည်မှာ ပြုံးပြုံးငြိမ်းက မုန့်လုပ်ဖို့ တောင်းနေပြီပဲ ၊ မင်းက ဘာမုန့်လုပ်မှာမို့တုံး ”

“ တူက ထန်းတီးမုန့် ၊ နော်က မုန့်ကျွဲဒဲ ”

“ မုန့်ကျွဲသည်း ဟုတ်လား ”

မပီကလာ ပီကလာဖြစ်ငြား သူရထွန်း၏ အသံက ဩ၏ ။ အသံသြကြီးကို သဘောကျသဖြင့် ကိုဆေးရိုး ရယ်မော၏ ။

မှန်ပေသည် ။ ယနေ့ ဥပုသ်နေ့ ကျောင်းပိတ်သည် ။ ကိုဆေးရိုး၏ သားနှင့် သမီးမှ အဆင့်ဆင့် ပွားစီးသော မြစ်တစ်ကျိပ်သည် ဘေးနှင့် ဘေးမ၏ မန်ကျည်းပင်ရိပ်တွင် လာရောက်စုရုံးကြ၏ ။ ကတမ်းခုန်တမ်း ကစား၏ ။ ဇယ်တောက် ကစားသည့် အခါလည်း ရှိ၏ ။ ယနေ့သော် ချက်ပြုတ်တမ်းကစားသူက ကစား ၊ မုန့်ရောင်းတမ်း ကစားသူက ကစား ။ ပြုံးပြုံးငြိမ်းပြောသော ထန်းသီးမုန့်သည် အမှန်ပင် ထန်းသီးမုန့် ဖြစ်ကြောင်း ကိုဆေးရိုး သိသည် ။ ထို့ကြောင့် ထုံးတစ်ကော်ပေး လိုက်သည် ။ ပြုံးပြုံးငြိမ်း ခုန်ဆွခုန်ဆွ ထွက်သွားလျှင် သူရထွန်းက လက်ဝါးဖြန့်၏ ။

“ မင်းက မုန့်ကျွဲသည်း အစစ်မှ မဟုတ်တာ ”

သူရထွန်း မချေပတတ် ။ မျက်လုံးကြီးပြူးလျက် ကြည့်နေ၏ ။ သည့်နှယ် ကြည့်နေပုံကိုက သနားစရာ ၊ ချစ်စရာ ကောင်းသဖြင့် “ အစစ်လိုပါပဲ ဘရာလို့ ပြောရတယ် လူကလေးရ ” ဟု ပြောရင်း ကိုဆေးရိုးသည် ထုံးတစ်ကော် ပေးလိုက်ရပြန်သည် ။ မကျီးဒန် မြင်လျှင် ‘ ကုန်ပါပြီတော် ’ အော်မည်မုချ ။ ကိုဆေးရိုး သော်ကား ကလေးတွေ ကစားနေသည်ကို မြင်ရရုံဖြင့် စိတ်ချမ်းသာသည် ။ ကြည့်လေ ။

“ အစ်ကိုကြီးရေ ၊ ငံပြာရည် တစ်ကျပ်ဖိုး ပေးပါဦး ”

“ အကြွေးမရဘူးနော် ”

“ လက်ငင်းပါတော် ၊ ရော့ ရော့ ”

ငံပြာရည်သည်မှာ မြစ်တစ်ယောက်ပင် ဖြစ်သော အောင်ကျော်စံ ။ နို့ဆီဘူးခွံ သံကြေးတက်ထဲတွင် သူ ထည့်ထားသော အရည်များမှာ ပကတိ ငံပြာရည် အဆင်းရှိ၏ ။ သို့သော် စောင်ရန်းတိုင် လုပ်သော ‘ သန်းသား ’ အခေါက်များကို ခွာပြီး ရေစိမ်ထားသဖြင့် ငံပြာရည်နံ့ကား မရ ။ ငံပြာရည် ဝယ်သူကား ငတက်ပြားမခေါ် အငယ်၏ သမီး ရွှေရည်ဝင်း ဖြစ်ချေ၏ ။ သူက ငံပြာရည်ဖိုး အဖြစ် ကြွေပန်းကန်ကွဲ ( ကြွေဂံစ ) တစ်စ ပစ်ပေးသည် ။ သို့တစေ ငံပြာရည်သည်မှာ မရောင်းနိုင်သေး ။ ငံပြာရည်ခပ်ရန် မှုတ်လုပ်၍ မပြီးသေး ။ ပုန်းညက်သီးကို ကျောက်ပေါ်တွင် ပွတ်ဆဲရှိသေးသည် ။

“ အစ်ကိုကြီးရာ ၊ မှန်းပြီး ခပ်ပေးဟာ ”

“ ပြီးပါပြီဟာ ၊ လောရန်ကော ”

အောင်ကျော်စံသည် လူကြီးဟန် ဖမ်းထားသည် ။ ငံပြာရည်မှုတ်၏ နှုတ်ခမ်း ညီ မညီကို မျက်စိတစ်ဖက် မှိတ်ပြီးကြည့်သည် ။ သူ့အမေကြီး ( အဘွား ) ၏ ဘော်လီချိတ်ကို ငံပြာရည်မှုတ်ထဲသို့ ထိုးစိုက်လိုက်ပြီး ငံပြာရည် ငါးခွက် ခပ်ပေးလိုက်သည် ။

“ လာကြနော် လာကြ ၊ ဆီကောင်းကောင်း သန့်သန့် ရမယ် ”

ငံပြာရည်သည်နှင့် လက်တစ်ကမ်းသာသာတွင် ကုန်းအော်နေသော ဆီသည်ကား ရွှေရည်ဝင်း၏ အစ်ကို ‘ သတ္တိခဲ ’ ဖြစ်သည် ။ အော်မည့်သာ အော်ငြား ၊ သူ့မှာ ဆီမရှိသေး ။ ကျောထူရွက်များကို ရေထဲထည့်ကာ ချေမွဆုပ်နယ်နေဆဲ ရှိသေးသည် ။ သို့ရာတွင် သွက်နေသော ရေကျဲများသည် နယ်နေဆဲ၌ ပျစ်ချွဲလာပြီ ။

“ လာနော် လာနော် ၊ နောက်ကျရင် မရဘဲနေမယ် ”

ဆီသည် သတ္တိခဲ၏ ဆီမှုတ်မှာလည်း ပုန်းညက်သီး ဖြစ်စေကာမူ ရေမှုတ်ကဲ့သို့ လက်ကိုင်ရိုး အကျအန တပ်ထား၏ ။ သူသည် အလွန် ကျေနပ်စွာဖြင့် ဆီတွေကို မှုတ်ဖြင့် မြှောက်ကာ မြှောက်ကာ သွန်ချနေ၏ ။ ငံပြာရည်သည်က ဈေးဦးပေါက်သွားပြီး ၊ ဆီသည်က အော်နေသောအခါ မုန့်သည်များလည်း အားကျလာပြီ ။

“ မုန့် မချစ်တေးဖူးလား ”

သူရထွန်းသည် မုန့်ကျွဲသည်းကို လက်ညှိုးဖြင့် တို့ကြည့်သည် ။ သူ့အစ်မဝမ်းကွဲ ငြိမ်းပြုံးရည်က လက်ကို ပုတ်ပစ်သည် ။

“ မုန့်မဖြစ်ဘဲ နေမယ် ၊ ငြိမ်ငြိမ်နေဟဲ့ ”

ငြိမ်းပြုံးရည်သည် နားသန်သီးတခါခါဖြင့် နေကို မော့ကြည့်၏ ။ နေလုံးကြီးကို ပိတ်ပါးတစ်စက လွှားခနဲ ဖုံး၏ ။

“ နေကလဲနော် ”

ငြိမ်းပြုံးရည်နှင့် သူရထွန်းတို့မောင်နှမ လုပ်သော မုန့်မှာ မုန့်ကျွဲသည်း အစစ်အရောင်ဖြစ်သည် ။ သို့သော် ထိုမုန့်ထဲ၌ ဆန်မပါ ၊ ထန်းလျက် မပါပါ ။ ကြွက်နှာခေါင်းရွက်ကို ချေပြီး ရေဖြင့် ဖျော်သည် ။ ပျစ်နိုင်သမျှ ပျစ်အောင် အရွက် များများ သုံးရသည် ။ ထုံးရည်ဖြင့် နှံ့အောင် မွှေပြီးနောက် နေလှန်းလိုက်လျှင် ပကတိ မုန့်ကျွဲသည်းအစစ်နှင့် မခြားပါ ။

“ ငြိမ်ငြိမ်နေ မောင်လေး ၊ မုန့်ဖြစ်တော့မယ် ”

မုန့်ကျွဲသည်းမောင်နှမ ဝမ်းသာအားရ ဖြစ်နေသည်ကို ကြည့်ပြီး တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေသူမှာ ပြုံးပြုံးငြိမ်းနှင့် မြင့်သွေးတို့ ညီအစ်မ ဖြစ်ချေသည် ။ မုန့်ချင်း တူသော်ငြား သူတို့၏ ထန်းသီးမုန့်က လက်ဝင်သည် ။ လက်ဝင်ရခြင်းမှာ ထန်းသီးကို လုပ်ရ၍ ဖြစ်သည် ။ ထန်းသီးမှည့် အစစ်၏ အခွံကို ခွာရသည် ။ အသားကို ရေနှင့် နယ်ရသည် ။ သည်နှပ်တရှုပ်ရှုပ်ကလေးတွေ၏ အားဖြင့် ထန်းသီးခွံ များကို ဆွဲခွာရသည်မှာ မလွယ်ကူလှ ။ သည်တာဝန် တစ်ခုတည်းဖြင့် ချွေးတလုံးလုံး ဖြစ်နေကြပြီ ။ ထန်းသီးအသားကို မြင့်သွေးကို က လက်သည်းဖြင့် ခြစ်ပြီး အရည်ဖျော်နေစဉ် ပြုံးပြုံးငြိမ်းက ထုံးတွေ ထည့်မွှေသည် ။ ထုံးတွေ မကြေမွ ။ လုပ်သောနေရာမှာ နေပူထဲ တွင် ဖြစ်သည် ။ မြင့်သွေးကို မွှေနေဆဲ၌ အရည်က ပျစ်ခဲလာသည် ။

“ ညီမလေး ထုံးမထည့်နဲ့ဦး ”

သို့သော် အပြော နောက်ကျသွားပြီ ။ ဝင်းဝါသော ထန်းသီးနှစ် ရေပြင်သည် ထုံးခဲကလေးတွေ ဟိုတစ်ခဲ သည်တစ်ခဲဖြင့် တင်းမာပျစ်ခဲသွားပြီ ။

“ ဟေး မုန့်ချစ်တွားဘီ ၊ ထန်းတီးမုန့်တွေ ယာကြ ယာကြ ”

ပြုံးပြုံးငြိမ်း ဝမ်းသာအားရ အော်ငြား မြင့်သွေးကို ဝမ်းမသာနိုင် ။ မလှမပ ထုံးခဲတွေ ဖြစ်နေသည် မဟုတ်လား ။

“ မကောင်းတော့ဘူး ၊ နင်ပဲ ရောင်းတော့ ”

မြင့်သွေးကိုက မုန့်အိုးကို တွန်းပစ်သည် ။ ပြုံးပြုံးငြိမ်းမူ ဝမ်းသာရှိန် မကျ ။ “ ထန်းသီးမုန့်ယေ ထန်းသီးမုန့် ” ဟု ဝမ်းသာအားရ အော်သည် ။ ထို့နောက် ဘေး လျှော်သပ်နေရာသို့ အသာကလေး ချဉ်းကပ်၏ ။ အဘေး၏ အောက်တွင် ဖျာတစ်ချပ်ရှိသည် ။ ဖျာမှာ တစ်ချိန်သော အခါက ဖျာနှင့် တူတူတန်တန် ထည်ထည်ဝါဝါ ရှိခဲ့ငြား ယခုသော်မူ ဆန်ကော တစ်ချပ်စာသာ ရှိတော့သည် ။ အနားလေးဖက် မရှိတော့ပြီ ။ အစတွေ ဖြာထွက်နေသည် ။ သည်ဖျာ၏ ဖျာတစ်စကို ပြုံးပြုံးငြိမ်း အသာဆွဲသည် ။ ဖျာစသည် အလိုက်သင့် ကျွတ်ထွက်မလာ ။ ပြုံးပြုံးငြိမ်း ချိုးဖဲ့သည် ။

“ အဟဲ အဟဲ ငါ့ဖျာဟာ တစ်နေ့တခြား ငယ်ငယ်သွားပါတယ် ထင်နေခဲ့တာ ၊ လာခဲ့ ၊ အဟဲ မိပြီ သူခိုး ”

ကိုဆေးရိုးသည် မြစ်မ၏ လက်ကို ဖမ်းဆွဲထား ၏ ။ ပြုံးပြုံးငြိမ်း လျှောက်လဲချက် မပေးတတ် ။

“ ဓားလုပ်ဖို့ ပေးပါ ဘရယ်လို့ ပြောရတယ် ညီမလေးရဲ့ ”

ငြိမ်းပြုံးရည် စကားရော ဖွဲရော ရောက်လာသည် ။ ပြုံးပြုံးငြိမ်း၏ လက်ထဲမှ ဖျာစကို ဆွဲယူသွားသည် ။ ပြုံးပြုံးငြိမ်းမှာ သူ့လက်ကို အဘေးက ဖမ်းဆုပ်ထားသဖြင့် ငြိမ်းပြုံးရည်အား မတားမြစ်နိုင် ။ ဖျာစမှာ ကိုဆေးရိုး အတွက် ဖျာစသာ ဖြစ်၏ ။ ကလေးတွေ အတွက်မူ အသုံးဝင်လှသော ဓားဖြစ်သည် ။ ထုံးရည်ဖြင့် မွှေပြီး နေလှန်းလိုက်၍ ခဲမာသွားသော မုန့်ကျွဲသည်းနှင့် ထန်းသီးမုန့်ကို လှီးရန် ဓားလိုသည် ။

ဓားအဖြစ် ထန်းလျှော်ကို သုံး၍ မကောင်း ၊ ပျော့သည် ။ ဝါးနှီးစလည်း သုံး၍ရငြား ပျော့သေးသည် ။ အဆင်အပြေဆုံးမှာ ဝါးကြောဖျာစ ဖြစ်သည် ။ ခြေရင်း တစ်အိမ်ကျော်မှ စူးစူးဝါးဝါးအသံတွေ လွင့်ပျံလာသည် ။ ထိုဘက်သို့ ကိုဆေးရိုး၏ အာရုံရောက်သည် ။ ဖမ်းဆုပ်ထားသော မြစ်မ၏ ယာလက်ကလေး လွတ်ထွက်သွားသည် မသိ ။

“ သည်နာရီကို ဘယ်သူမှ မပတ်စေနဲ့ ကျုပ် ပြောထားသားပဲ အမေရ ”

ထွန်းအံ့အသံ အဆုံးတွင် မကြွက်၏ အသံက ပိုမို ကျယ်လောင် စူးဝါး၏ ။

“ ဟဲ့ နင့်နာရီ ပဲ့သွားသလား ၊ ပြီးတော့ ခဏတစ်ဖြုတ် ယူပတ်သူကကော သူတစိမ်းလားဟင် ၊ နင့်ညီ မဟုတ်လား ”

“ အိုဗျာ ၊ ဘယ်သူပဲဖြစ်ဖြစ် နောက်တစ်ကြိမ်ဆိုရင် မလွယ်ဘူး ”

“ မရလို့ နင်က ဘာလုပ်ချင်သတုံး ။ ကြီးကျယ်လိုက်တာ ၊ ခြောက်ပြားတစ်ပဲ ပေးရတဲ့ ပလတ်စတစ် နာရီကိုများ ”

ကိုဆေးရိုး ပြုံးမိသည် ။ မြို့ထဲသို့ ဖျာပုံထည်များ ရောက်လာသောကြောင့် မရှိဆင်းရဲသားတွေ ဝတ်စရာ ရှိသွားကြသည် ။ ထိုနည်းတူပင် သုံးလေးထောင်တန် နာရီ မပတ်နိုင်သူများမှာလည်း လေးငါးဆယ်မှ တစ်ရာ့လေးငါးဆယ် အထိ ဈေးရှိသော ပလတ်စတစ်နာရီတွေ ရောက်လာသဖြင့် ဝယ်သုံးနိုင်ကြသည် ။ ထွန်းအံ့ သားအမိ ဆူညံနေခြင်းမှာ သည်နာရီ ဖြစ်သည် ။

“ ညီမလေးရေ ဓားငှားပါဦး ၊ သည်မှာ ဝယ်သူလာနေလို့ ”

မြင့်မြင့်သွေး ( မြင့်သွေးကို ) သည် လူကြီးဟန် ဖမ်းလျက် ပျာယာခတ်ဟန်ဖြင့် ပြုံးပြုံးငြိမ်း ထံ ပြေး၏ ။ ထန်းသီးမုန့်ကို ဖျာစဖြင့် လှီးသည် ။ ဗောက်ခွေးရွက်ထဲ ထည့်သည် ။

“ မမရေ ၊ ပြီးရင် ဓားပေးပါဦး ၊ သည်မှာလည်း ဝယ်သူလာနေလို့ ”

ပြုံးပြုံးငြိမ်းကလည်း အားကျမခံ ခါခါခါခါဖြင့် ပြေးလာသည် ။

“ ပေါက်စီတွေနော် ပေါက်စီတွေ ”

ငံပြာရည်သည် ဘေးမှ သူရသန်း၏ အော်သံဖြစ်သည် ။ ကိုဆေးရိုး ပြုံးပြုံးကြီး လှမ်းကြည့်သည် ။ သူရထွန်း၏ အစ်ကို သူရသန်းသည် ဗောက်ခွေးရွက်များထဲတွင် သဲစိုကလေးတွေ ပုံထားသည် ။ သဲစိုကို ဗောက်ခွေးသီး မျက်နှာပြင်ဖြင့် ဖိလိုက်သောအခါ ပေါက်စီ တစ်လုံးနှယ် ချွန်ချွန်ရှုံ့ရှုံ့ကလေး ဖြစ်လာလေသည် ။

“ ပေါက်ချီနဲ့ ထန်းသီးမုန့် လဲမား ”

“ လဲမယ် ၊ လဲမယ် ၊ လာကြနော် ၊ အမဲသား ပေါက်စီ ၊ ဆိတ်သား ပေါက်စီတွေ ရမယ် ၊ လာကြ ၊ လာကြ ”

သူရသန်းမှာ အခြား ကလေးများထက် အသက်ကြီးသဖြင့် စကား ပီသနေပြီ ။

“ မုန့်ကျွဲသည်းနဲ့ကော လဲမလား ”

မြင့်မြင့်သွေးကလည်း မုန့်ကျွဲသည်းတစ်တုံး လာပေးသည် ။ သူရသန်းသည် ပေါက်စီတစ်လုံး ပေးလိုက်ရာမှ မုန့်ကျွဲသည်းကို မေးစေ့နားအထိ မြှောက်တင်လိုက်သည် ။ အောက်နှုတ်ခမ်းကို အခွက်လုပ်ပြီး လျှာကို လှုပ်ယမ်းပေးသည် ။

“ ကောင်းလိုက်တဲ့ မုန့်ကျွဲသည်းဟ ”

“ ထန်းသီးမုန့်ကရော ”

ထန်းသီးမုန့်သမားက မေးသဖြင့် သူရသန်းမှာ အောက်နှုတ်ခမ်းနှင့် လျှာနှင့်ထိကာ အသံထွက်အောင် လုပ်ရပြန်သည် ။ ထန်းသီးမုန့်ကို ပါးစပ်နား ကပ်ရပြန်သည် ။ ကိုဆေးရိုးမှာ ပြုံးရုံမျှသာ ပြုံးနေရာက မောက်နှင့် ထန်းလျှော်ကို ပစ်ချလိုက်ကာ အသံထွက်အောင် ရယ်ချလိုက်မိလေ၏ ။

“ ဘာရယ်စရာတွေ့လို့ အော်ကြီးဟစ်ကျယ် ဖြစ်နေရတာတုံး ”

လူတစ်ထိုင် မြုပ်သော မီးဖိုကျင်းထဲမှ မကျီးဒန်၏ လည်ပင်း ရှည်ထွက်လာ၏ ။

“ ညည့်မြေး အဲ … ညည့်မြစ်တွေ လုပ်ပုံ ကြည့်ပြီး သဘောကျလို့ပါအေ ”

မကျီးဒန်သည် မြစ်တွေကို မျက်လုံးဖြင့်ဝေ့ကြည့်သည် ။ ထို့နောက် တစ်ချက်မဲ့သည် ။ တစ်ပြိုင်နက်တည်းပင် ရှည်သော လည်ပင်းက မီးဖိုကျင်းထဲသို့ ပြန်လည် ဝင်ရောက် ပျောက်ကွယ်သွားသည် ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment