Wednesday, July 1, 2026

ကစားစရာဆန်း သို့မဟုတ်

❝ ကစားစရာဆန်း သို့မဟုတ် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ရမ်းဘိုကုန်းရွာ၏ တောင်ဘက်ရှိ သရက်ပင်အုပ်ကြီးမှာ မြောက်ပြန်လေ ဝှေ့မြူးတိုင်း ယမ်းခါသွား၏ ။ သရက်ကိုင်းကြီးများ လှုပ်ယိမ်းသွားတိုင်းသွားတိုင်း ရင်ခေါင်းမျှရှိသော သရက်သီးကလေးများ အကင်းများနှင့် အဖူးများသည် တဖြုတ်ဖြုတ် ကြွေကျသွားသည် ။ သရက်သီးအကင်းများ၏ နောက်မှ သရက်စေးများသည် ငွေမှုန်တွေ ကြဲပက်လိုက်သလို နေရောင်တွင် ဖိတ်ခနဲလက်ခနဲ တောက်ပလျက် ဖြာစဉ်သွန် ဆင်းလာလေ၏ ။ သရက်စေး၏ အေးသော အတွေ့က မွဲပြောင်သော ကျောပြင်ပေါ်သို့ ကျလာတိုင်း ကိုဆေးရိုးမှာ လန့်၍လန့်၍ သွားသည် ။ သို့ပေမင့် ကိုဆေးရိုးမှာ မော့၍ မကြည့်အားပေ ။ ခြေဖဝါးအောက်ရှိ ရွှေဝါရောင် စပါးပြင်ကြီးကိုသာ ထွန်ခြစ်ဖြင့် အားရပါးရ ငုံ့ခြစ်ဆွဲနေမိသည် ။

ကျောပြင်ပေါ်သို့ တဖွဲဖွဲ သွန်ကျလာသော သရက်စေးများသည် ကိုဆေးရိုး၏ ကျောပြင်ပေါ်ရှိ ချွေးစက်များနှင့် ပေါင်းစပ်မိလျှင် မည်းသွားလေ၏ ။ တစ်နေ့လုံး တစ်ညလုံး အချိန်ရှိသရွေ့ တဖွဲဖွဲ သွန်ကျနေသောကြောင့်လည်း ကိုဆေးရိုး၏ ကျောပြင်မှာ သေးငယ်သော သရက်စေးကလေးများဖြင့် ပြည့်နေပေပြီ ။ ကိုဆေးရိုးတို့ တလင်းပြင်တွင်ကား စပါးမှော်ခြစ်ဆွဲသံသာလျှင် တရှဲရှဲ ထွက်ပေါ်နေ၏ ။ တစ်ချက် တစ်ချက်တွင်မူ တောင်ဘက် တလင်းတိုက်များမှ နွားရိုက်သံ ဆဲဆိုသံများကို ကြားရသည် ။ သီချင်းဆိုသံများကိုပင် မကြားနိုင်ပြီ ။ နံနက်စောစော ကြယ်နီ ထွက်သည်မှ စ၍ ကောက်ပြန့်ပေါ်သို့ နွားတွဲတင်ကာ ချမ်းသည့်အေးသည့်ဒဏ်ကို သီချင်းဟစ်ခြင်းဖြင့် ကာကွယ်ခဲ့ရသော ကာလသားများမှာ အာခြောက်နေပြီ ။

နွားတွဲကို ချလိုက် ၊ ကောက်ရိုးတစ်လွှာ ချပြီး နွားတွဲကို ပြန်တင်လိုက်ဖြင့် နေမရင့်မီ ပြီးစီးအောင် အားသွန်ခဲ့ကြရသည့်အတွက် မောနေကြပြီထင်သည် ။ သို့ကြောင့်ပင် စပါးပြင်ပေါ်ရှိ အမှော်ချေးများကိုသာ သဲမဲ၍ ခြစ်ဆွဲကြခြင်း ဖြစ်ပေ၏ ။

“ ဗျို့ ကိုဆေးရိုး ”

ကောက်လှိုင်းဆိုင် တစ်ခုသာ ခြားသော တောင်ဘက်တလင်းမှ အုန်းမောင်၏ အသံဖြစ်ပေသည် ။ ကိုဆေးရိုးက လေးသွားထွန်ခြစ်ကို သရက်ပင်ရင်းတွင် ထောင်ထားရာက ၊ အုန်းမောင်တို့ဘက်သို့ စောင်းငဲ့ကြည့်သည် ။ အုန်းမောင်မှာ ကောက်ရိုးချ၍ မပြီးသေးပေ ။ ကောက်ရိုးစွပ်သော တုတ်ကြီးကို ထမ်းလျက် ရပ်နေ၏ ။

“ ပြီးသွားပြီလား ”

“ ဟယ်…. ဘယ်က ပြီးရဦးမှာလဲ ၊ အခုမှ အမှော်ဆွဲ တုန်းရှိသေးတယ် ”

ကိုဆေးရိုးက ပြန်ဖြေရင်း ခြောက်သွား ထွန်ခြစ်ကို ဆွဲပြီး စပါးပြန့်ဘက်သို့ မျက်နှာမူလိုက်၏ ။ သို့စဉ်တွင် “ နေပါဦးဗျာ ၊ အစောကြီးရှိပါသေးတယ် ” ဟု အုန်းမောင်က အော်လိုက်သည်တွင်

“ ငါ့လခွေးတဲ့ ၊ ဆွမ်းခံတောင် ဝင်နေပြီ ၊ ဒါ စောသလားကွ ”

အုန်းမောင်အား လှည့်မကြည့်တော့ဘဲ စပါးပြန့် အစပ် တစ်နေရာမှ စခြစ်ရင်း ပြန်ပြောလိုက်၏ ။ ကိုဆေးရိုး အနေဖြင့် အုန်းမောင်အား ရပ်၍ စကား မပြောအားပေ ။ အရွယ်ရင့်လာပြီဖြစ်သော လင်ကိုယ် မယား အနေဖြင့် လူငယ် လူရွယ်များကို ပြိုင်၍ အချိန် မဖြုန်းနိုင်ပေ ။ အုန်းမောင်နှင့် ရပ်၍ စကားပြောနေလျှင် မကျီးဒန် အမှော်ချ၍ ပြီးစီးသွားပါက အလဟဿ ရပ်နေရတော့မည် ။

ရပ်နေသည်ကို ရိုးရိုး ရပ်မနေဘဲ ၊ အဓိပ္ပာယ်မရှိ မြည်တွန်တောက်တီးမှု ပြုလာပါက မောမောနှင့် ထွန်ခြစ်ဖြင့် ရိုက်ပစ်မိလိမ့်မည် ။ ထို့ကြောင့် ထွန်ခြစ်ရာ တစ်တန်းကို ညာသို့ စောင်းလျက် ခပ်သွက်သွက် ဆွဲရင်း နောက်သို့ ပြန်ဆုတ်လာရာ တစ်စုံတစ်ခုကို ဝင်၍ တိုက်မိလေ၏ ။

“ တယ် … ဒီမအေပေးလေးဟာ ”

ကိုဆေးရိုး တိုက်မိသူမှာ အုန်းမောင် ဖြစ်သဖြင့် ကိုဆေးရိုးက လှည့်ကြည့်ပြီး တိုင်းထွာလိုက်သည် ။

“ ဗျို့ ... ရီးကျီးဒန် ”

“ ဟဲ့ ဘာလဲ သေခြင်းဆိုး ”

မကျီးဒန်က ခပ်ယဉ်ယဉ်ပင် ခွန်းတုံ့ပြန်လိုက်၏ ။

“ လောဘကြီးလှချည့်လား ”

အုန်းမောင်က အရယ်မပျက် ၊ သွားအဖြဲမပျက် ။

စပါးပြန့်၏ အလယ်သို့ လျှောက်လာရင်း ပြောလိုက် ပြီးနောက် ကိုယ်ကို နှဲ့၍နှဲ့၍ ကြည့်နေသည် ။ ဝါးလုံးတန်း တစ်ခုပေါ်တွင် ရပ်ပြီး ဝါးလုံးတန်း ခိုင်မခိုင် ကိုယ် ကို နှဲ့၍ ကြည့်သလို ဒူးညွှတ်၍ စမ်းသပ်လိုက်၏ ။ အုန်းမောင်၏ ခြေဖဝါးမှာ စပါးစေ့များထဲသို့ ကျွံမသွားပေ ။

အောက်ခံ စပါးထုသည် ပွ၍ ကြွ၍ မနေပေ ။ တင်းမာနေသည် ။ စပါးပြန့်အတွင်း၌ အမှော်ချေး နည်းပါးသည့် သဘောပင်ဖြစ်သည် ။ အုန်းမောင်သည် စပါးပြန့်၏ တစ်ဖက်စွန်းသို့ လျှောက်သွားပြန်ကာ တစ်ဖက်စွန်းသို့ ရောက်သွားအောင် ခြေလှမ်းကို ရေတွက်၍ လှမ်းပြန်၏ ။

“ အမယ် …. နယ်ပြီးသားတင် နှစ်ရာကျော်နေပါပကောဗျ ”

အုန်းမောင်က စပါးပြင်၏ ကန့်လန့်ဖြတ် ခြေလှမ်း အရေအတွက်နှင့် စပါးပြန့်၏ ခန့်မှန်းခြေထုတို့ကို ရောစပ်မှန်းဆပြီး လယ်သမားတစ်ယောက်၏ လက်တွေ့ နည်းစနစ်ဖြင့် ပြောလိုက်သည် ။

“ ကျန်သေးတာကလည်း နှစ်ရာ ထွက်လောက်ပါပဲကလား ”

သရက်ဖူး အခြောက်နှင့် သရက်ရွက်များ ဖုံးလွှမ်းနေသော ကောက်လှိုင်းဆိုင်ကြီးကို လှမ်းကြည့်ပြီး ပြောပြန်သည် ။ အုန်းမောင်ကသာ စကားရောဖောရော လုပ်နေသော်လည်း ကိုဆေးရိုးကရော မကျီးဒန်ပါ အုန်းမောင်ကို စကား ပြန်မပြောကြပေ ။ မကျီးဒန်က ဆန်ကာစိပ်ဖြင့် အမှော်ချ မပျက်သလို ၊ ကိုဆေးရိုးကလည်း ထွန်ခြစ်ကို သဲသဲမဲမဲ ဆွဲခြစ်နေ၏ ။

“ စပါးကလည်း လေးရာ ၊ စပါးဈေးကလည်း ငါးရာ ဖြစ်လာမယ် ဆိုရင်တော့ ”

“ ဘာ ... ဘာကွ ”

ကိုဆေးရိုး၏ အသံ ထွက်ပေါ်လာသည် ။ အုန်းမောင်က ကိုဆေးရိုးကို အထိတ်တလန့် လှမ်းကြည့်လိုက်၏ ။ ကိုဆေးရိုးမှာ ထွန်ခြစ်ကို ထောင်လျက် ၊ အုန်းမောင်အား မျက်လုံးကြီး ပြူးကြည့်နေ၏ ။ မကျီးဒန်မှာလည်း ဆန်ကာ ထဲရှိ အမှော်များကို လက်ဖြင့် မွှေလျက်တန်းလန်းက အုန်းမောင်အား ပါးစပ်ကြီး ဟ၍ မော့ကြည့်နေသည် ။

သူတို့လင်မယား၏ အသွင်မှာ မင်္ဂလာစကား တစ်ရပ်ကို မမျှော်လင့်ဘဲ ကြားလိုက်ရသူများကဲ့သို့ ရှိပေ၏ ။

“ ဘာကွ စပါးဈေး ငါးရာ ဟုတ်လား ”

ကိုဆေးရိုးက ထပ်မေးသည် ။

“ ဟုတ်တယ် ”

“ မင်း ဘယ်က ကြားခဲ့သလဲဟင် ၊ တကယ် ပေးတော့မှာတဲ့လား ။ သေကော သေချာရဲ့လားကွာ ၊ မင်းကို ဘယ်သူ ပြောလိုက်သလဲ ”

ကိုဆေးရိုး အသက်ကို ရှူမိပါလေစ ။ သိချင်ဇော အားကြီးလျက် မေးချင်ဇောဆောင်ကာ အသက်မရှူမိဘဲ မေးလေသည် ။

“ ဘယ်ကမှ မကြားခဲ့ပါဘူးဗျ ။ စပါးဈေးကသာ ငါးရာ ဖြစ်ရင် လယ်ထွက်က လေးရာ ဆိုတော့ ခင်ဗျားတို့ လင်မယားတော့ ချောင်ချောင်လည်လည် ရှိမှာပဲလို့ ပြောတာပါဗျာ ”

“ ကာလနာလေး ၊ တို့ အဟုတ်မှတ်လို့ ”

မကျီးဒန်က ဆောင့်ကြီးအောင့်ကြီး ဆဲရေးလိုက်သည် ။ တန့်ရပ်နေကြသော လက်နှစ်ဖက်မှ အမှော်ချေးများကို ဆက်လက် မွှေနှောက်၍ ၊ ဆန်ကာကို သွက်သွက်ခါအောင် ယမ်းလှုပ်နေလေသည် ။ ကိုဆေးရိုး မှာလည်း ခေါင်းပြန်ငဲ့သွားကာ စပါးပြန့်ကိုသာ တစ်တန်းပြီး တစ်တန်း ၊ တစ်ကြောင်းပြီး တစ်ကြောင်း အသော့နှင်ကာ ဆွဲခြစ်နေမိလေ၏ ။

အုန်းမောင်မှာ ချက်ချင်း ပြန်၍ ငြိမ်ကျသွားသော ကိုဆေးရိုးနှင့် မကျီးဒန်ကို ကြည့်ကာ အံ့အားသင့်သွားမိသည် ။ သူ၏ ပုံမှန်မျက်နှာထား အတိုင်းပင် စပ်ဖြဲဖြဲ လုပ်ကာ ကိုဆေးရိုး အနားသို့ လာရပ်၏ ။

“ စပါးဈေး ငါးရာလို့ နားစွန်နားဖျား ကြားတာနဲ့ ကိုဆေးရိုးတို့ ခေါင်းထောင်လာလိုက်တာ ပျာလို့ ၊ ဟဲ ဟဲ ”

“ ဟေ့ကောင် စကား မများနဲ့ကွာ ၊ သူများ အလုပ် လုပ်နေတာကို ကူနိုင်ရင် ကူ ၊ မကူနိုင်ရင် အေးအေး ထိုင်နေ ”

“ ဟဲဟဲ ... ကူပါတယ်ဗျာ ၊ ပေး … ပေး ”

ပြောပြောဆိုဆို အုန်းမောင်က ထွန်ခြစ်ကို ကိုဆေးရိုးလက်ထဲမှ ဆွဲယူပြီး ထွန်ခြစ်အစိပ်ဖြင့် မဆွဲရသေးသော နေရာတစ်လျှောက် ဆွဲခြစ်လိုက်သည် ။ နေရောင်ဝယ် စပါးမှုန်များသည် ဝေ့ထလာ၏ ။ စပါးရိုးများသည် ရေပြင်ပေါ်သို့ မိကျောင်းပေါ်လာသလို ဘွားခနဲဘွားခနဲ ထောင်ကြွတက်လာပေသည် ။

“ ငါ့ကိုတော့ စပါးဈေး ငါးရာဆိုတဲ့ အသံကြားတာနဲ့ ဘာဖြစ်သလေး ညာဖြစ်သလေး ပြောပြီးတော့ မင်းကော မလိုချင်ဘူးလား … ကဲ ”

ကိုဆေးရိုးက နားရွက်ကြားတွင် ညှပ်ထားသော ဖင်တစ်ခုလုံး တံထွေးဖြင့် ပွပြဲအေးစက်နေသည့် ဆေးလိပ်တိုကလေးကို မီးဖိုမှ မီးဖြင့် ညှိသောက်ရာက လည်ပြန်ကြည့်၍ မေး၏ ။

“ လိုချင်တာပေါ့ဗျာ ၊ ဟိုတုန်းက ငါးမူး ပေးရင်ရတဲ့ ပလေကတ်လုံချည်တစ်ကွင်းကို ဆယ့်သုံးလေးကျပ် ပေးမှရတဲ့ အချိန်မှာ စပါးဈေး သုံးရာ ဆိုတော့ ငါးပိဖုတ် ကိုတောင် လက်နှစ်ချောင်းနဲ့ ကော်မစားနိုင်ပါဘူးဗျာ ”

“ ဆီကိုတောင် ဟင်းအိုးထဲ ထည့်ခါနီးမှာ အပေါက်ကို ပိတ်ပိတ်ပြီး ရွှေ့လွန်းလို့ ပုလင်းကလည်း ခေါင်းမူးအောင် လုပ်ရမလားဆိုပြီး ဆဲလှပါပြီဗျာ ”

“ သေနာယုတ် ၊ ကြံကြံဖန်ဖန်တွေ လာပြောမနေနဲ့ ”

မကျီးဒန်က ရယ်မောသံဖြင့် လှမ်းပြောလိုက်သည် ။

“ အေးကွာ ... ဒီစပါးဈေး သုံးရာနဲ့တော့ ပျိုးဖိုး ၊ ပျိုးနုတ်ကောက်စိုက်ခနဲ့ နွားစရိတ် နုတ်လိုက်ရင် တစ်နှစ်လုံး အလုပ် လုပ်လာရတဲ့ တို့လင်မယားအဖို့ လုပ်ခတောင် မကျန်ဘူးဟ ။ ထွန်ရတာ ရေယူတာတွေ ဖယ်ထားဦး ၊ ဟောဒီ စပါးနှယ်ခတောင် မရချင်ဘူးကဲ ”

ကိုဆေးရိုးက စိတ်ပျက်လက်ပျက်ဖြင့် သောက်လက်စ ဆေးလိပ်တိုကို တအားပေါက်ချ လွှင့်ပစ်လိုက်သည် ။

“ ဟုတ်တယ်ဗျာ ၊ ကျုပ်တို့ တစ်ခါမှ မမြင်ဖူးသေးတဲ့ လယ်ထွန်စက်တို့ ၊ ပျိုးကြဲတဲ့စက်တို့ ၊ ကောက်ရိတ်တဲ့ စက်တို့နဲ့ လုပ်ရရင်တော့ စရိတ်ကျဉ်းပြီး အသက်ရှူချောင်မလား မပြောတတ်ဘူး ”

အုန်းမောင်က မိမိတို့အတွက် ဒဏ္ဍာရီလား သဖွယ်သာ ရှိသေးသော စက်မှုလယ်ယာစနစ်ကို ညည်းညူသံဖြင့် မှန်းဆတမ်းတလိုက်၏ ။

“ ဟ ဒီလယ်ကလေး ၅ဝ စိုက် ၊ ၄ဝ စိုက် လုပ်နေတဲ့ လူက ထောင်သောင်းချီပြီး ပေးရတဲ့ စက်ကြီးတွေကို ဘယ်လိုလုပ်ပြီး ဝယ်နိုင်မှာလဲကွ ”

“ ဟုတ်တာပေါ့ ... နွားကမှ လယ်ထွန်လို့လည်း ရ ၊ စပါးနှယ်လို့လည်း ရ ၊ လှည်းတပ်လို့လည်း ရသေးတယ် ။ ဒီစက်ကြီးတွေက တစ်မျိုးဆို တစ်မျိုးပဲ သုံးရမှာ ”

မကျီးဒန်က မိမိ၏ ထင်မြင်ချက်ကို လှမ်း၍ ပေးလိုက်ပြန်သည် ။ ကိုဆေးရိုးက မကျီးဒန်ကို လှမ်းကြည့်၏ ။ မကျီးဒန်မှာ ချစရာ အမှော် ဝေးသွားသဖြင့် စုတ်သပ်ညည်းညူလျက် ခါးကို နှိပ်ကာ ထ၍ ရပ်နေ၏ ။

“ အေးလေ … တို့ဘာသာတို့ စုဝယ်နိုင်ရင် ဝယ် ၊ မဝယ်နိုင်ရင်လည်း အစိုးရက ဝယ်ပြီး ဧက တစ်ရာကို စက်တစ်ခုဖြင့် တစ်ခု ၊ နှစ်ခုဖြင့် နှစ်ခု စသဖြင့် တစ်ဆင့် ပြန်ငှားရင်တော့ ဖြစ်မလားမသိဘူး ”

ကိုဆေးရိုးက စိတ်မှန်းဖြင့် ရေရွတ်လိုက်လေသည် ။

“ ဟာ … ပုရပိုက်တန်းက ကိုဘသန်းတို့တောင် စပါးနှယ်စက်ငှားဖို့ စီစဉ်ကြသေးတာပဲဗျ ။ စပါးနှယ်စက်တော့ မရဘူး ။ ရေနံချောင်းက အပြန်မှာ ကျောက်ပေါက်လာတာပဲ အဖတ်တင်ပါကလား ”

မကျီးဒန်မှာ ပုရပိုက်တန်းက ကိုဘသန်း ဟူသော အသံကို ကြားရသည်နှင့် အထိတ်တလန့် ဖြစ်ဟန်ဖြင့် ဆန်ခါကို လွှတ်ချလိုက်သည် ။ ခေါင်းမှာ ပတ်ထားသော ပုဆိုးစုတ်ကို ဆွဲဖြုတ်၍ အုန်းမောင်ကို မျက်လုံးပြူး မျက်ဆန်ပြူး လှမ်းကြည့်ကာ မေး၏ ။

“ ဟဲ့ .. နေပါဦး ၊ ဘသန်း ကျောက်ပေါက်တာ ဘယ်နဲ့နေသေးလဲ ”

“ ခင်ဗျာ့ ခုမှ မေးနေ ၊ ဟိုမှာဖြင့် ကျောက်ပေါက် ပြီးသွားတဲ့ နောက်မှာ ရေငတ်ဝမ်းကျတာလိုလို ၊ ကျောက် မကုန်တာလိုလို ဖြစ်လို့ တစ်နေ့ကပဲ ဆုံးပါရောလား ”

“ ဟေ ”

ကိုဆေးရိုးက အော်လိုက်၏ ။

“ ဟင် ”

မကျီးဒန်မှာ အထိတ်တလန့် မြည်တမ်းသည် ။

ပုရပိုက်တန်းနှင့် ရမ်းဘိုကုန်းရွာမှာ တစ်ခေါ်သာသာမျှဝေးသော်လည်း ကိုဆေးရိုး တို့မှာ ပုရပိုက်တန်း က အကြောင်း အုန်းမောင် ပြောမှသာ သိကြတော့သည် ။ လင်ကိုယ်မယား နှစ်ယောက်တည်းပေမို့ အလုပ်ခွင်မှာ ခေါင်းမဖော်နိုင်ကြ ။ စပါးနယ်ဖို့နှင့် အခြား အိမ်မှုကိစ္စတာဝန်များ အတွင်းသာ နစ်မြုပ်ခဲ့ကြ၏ ။

“ ဖြစ်မှ ဖြစ်ရလေကွာ ... အဲဟို ကောက်ရိတ်စက် ငှားဖို့ သွားစုံစမ်းတာတောင် ငါ့ဆီကို လာပြီး တိုင်ပင်သေးတယ် ”

“ ဘယ်တော့ ကိစ္စတုံးမှာတဲ့လဲ အုန်းမောင် ”

“ ကနေ့ နေ့ဆွမ်းစားပြီးမှာ မသာချမယ်လို့ ကြားတာပဲ ”

အုန်းမောင်၏ အဖြေဆုံးလျှင် ကိုဆေးရိုးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏ ။ အဘယ့်ကြောင့်ဆိုသော် အုန်းမောင် ပါးစပ်မပိတ်မီ နေကို မော့ကြည့်လိုက်သည်တွင် ခေါင်းပေါ်ရောက်လုလု နေလုံးကြီးကို သရက်ရွက်အိုများကြားမှ မြင်လိုက်ရသောကြောင့်တည်း ။

ထို့ကြောင့် “ ဒါဖြင့် အချိန်မရှိတော့ဘူး ကျီးဒန်ရေ လုပ်ဟ ၊ ကောက်ပြန့်ရအောင် ” ဟု အလောသုံးဆယ် လှမ်းပြောလိုက်မိ၏ ။

“ ဟဲ့ အုန်းမောင် ၊ နင် မသွားသေးရင် တို့ကို ကူခဲ့ပါဦး မအေပေးလေးရဲ့ ”

မကျီးဒန်က ကောက်လှိုင်းဆိုင်ပေါ်သို့ တက်ပြီး ကောက်လှိုင်းတစ်လှိုင်းကို ဆွဲချရင်း ပြောလိုက်သည် ။

“ အမယ်လေးဗျာ အစောကြီး ရှိပါသေးတယ် ။ ကဲ ... ကဲ ”

အုန်းမောင်က ပြောပြောဆိုဆိုဖြင့် ကောက်လှိုင်း သုံးခုကို ပူးချည်ပြီး ထောင်ပေးလိုက်၏ ။ ကိုဆေးရိုးက နောက်ထပ် ကောက်လှိုင်းသုံးခုကို စီပြီး ထောင်ကာ ကောက်လှိုင်းပူး နှစ်ခုကို စပါးပြန့်၏ ဗဟိုနှင့် အနားစပ်တွင်ချလျက် ဝါးလုံး တင်ရင်း ပြန်ပြော၏ ။

“ မင်းကသာ စောနေ ၊ ကောက်ပြန့်ပြီးရင် နွားကျွေးဖို့ လုပ်ရဦးမယ် ။ နောက်ချေးက ခုထက်ထိ မကျုံးရသေးဘူး ။ ရေချိုးမှာ ၊ ထမင်းစားမှာနဲ့ နေက တစ်ထွာလောက်ပဲ ရှိတယ် ”

ဆောင်းတွင်းနေမှာ အလုပ်လုပ်သူတို့ အတွက် အမှန်ပင် မြန်ဆန်၏ ။ အချိန်တို့သည်လည်း တိုတောင်းပေသည် ။ နေ့တိုင်းပင်လျှင် ထမင်းစားပြီး၍ ကျောသော်မှ မခင်းရသေးမီ နေကျသွားကာ ကိုဆေးရိုးမှာ ကောက်ပြန့်ပေါ်သို့ နွားတွဲ တင်ခဲ့ရသည်ချည်း ဖြစ်၏ ။ နွားစာ ဆိုသည်မှာလည်း ကြောင်စာလို တစ်ဆုပ်တစ်ဖဲ့ မဟုတ် ။ ခွေးစာ လူစာ လိုလည်း တစ်အိုး တစ်ယောက်မဖြင့် လောက်ငသည်လည်း မဟုတ်ပေ ။ နှစ်တင်းဝင် အရွယ်ရှိ ခြင်းကြားတောင်းကြီးဖြင့် ငါးတောင်း ခြောက်တောင်းမျှ စဉ်းထားပါမှ နေ့လယ်စာနှင့် ညစာ လောက်ငရုံသာရှိသည် ။ လက်မောင်းရင်းမှ ကိုက်ခဲလာသည့်တိုင်အောင် ကောက်ရိုးစဉ်းပါမှ နွားစာ လုံလောက်ပေသည် ။

တစ်ခါတစ်ရံမှာ ဘညိန်း သော်လည်းကောင်း ၊ ချောစိန် သော်လည်းကောင်း ရောက်လာပြီး စဉ်းခုတ် ပေးသွားပါမူ ကိုဆေးရိုး အဖို့ သက်သာရပေသည် ။

အုန်းမောင်လို လူငယ်လူရွယ် တစ်ယောက် အတွက် နွားစာစဉ်းသည်မှာ ရေးကြီးခွင့်ကျယ် မဟုတ်သော်လည်း လူအိုလူမင်းအရွယ်သို့ တိုင်ခဲ့ပြီဖြစ်သော ကိုဆေးရိုး မှာကား ကြီးလေးသော တာဝန် ဖြစ်နေလေ၏ ။ သို့ကြောင့်လည်း မိမိ၏ အင်အားနှင့် လုပ်ဆောင်ရမည့် အလုပ်များကို ချင့်ချိန်၍ မသာပို့ မီအောင် ကိုဆေးရိုးက လောသလို ၊ မကျီးဒန် ကလည်း အုန်းမောင်အား အကူအညီ တောင်းခြင်း ဖြစ်ပေသည် ။

ကောက်ပြန့် ဖြန့်ပြီးချိန်၌ ကိုဆေးရိုးမှာ နွားစာ ထိုင်စဉ်းလိုက် ၊ စဉ်းပြီးသားကို နွားစာခွက်သို့ ပြေးထည့်လိုက်ဖြင့် အလုပ်များနေ၏ ။ မကျီးဒန် မှာလည်း တကုပ်ကုပ်ဖြင့် ဟင်းတစ်ခွက် ဖြစ်လာအောင် ဖန်တီး နေချေသည် ။ သည်ဒေသက လယ်သမားများအတွက် ဟင်းလျာ ဆိုသည်မှာ ရာသီအလိုက် ပေါများနေသော ငရုတ်သီးစိမ်းနှင့် ငါးပိကို ရောကျို လိုက်လျှင် ‘ ငရုတ်သီးချက် ’ ဟင်း ဖြစ်လာပေသည် ။

ဟင်းအိုး တည်ထားခဲ့ပြီးနောက် မကျီးဒန်က တို့စရာ အတွက် တလင်း အရှေ့ဘက်ရှိ ဘုရားငါးဆူ တောအုပ်ထဲသို့ ဝင်သွားပေသည် ။ သို့သော် .. သုတ်သုတ်သွားကာ အပြေးအလွှား လုပ်ကိုင်ရသည့်တိုင်အောင် ထမင်းပွဲတွင် ကိုဆေးရိုး ဝင်ထိုင်မိရုံ ရှိသေး၏ ။ ပုရပိုက်တန်းရွာ၏ တောင်ဘက်ရှိ ဘုရားထဲမှ စည်ရိုက်သံ ပေါ်လာတော့သည် ။

စည်ကို ဒုမင်္ဂလ ကိစ္စရော ၊ သုမင်္ဂလ အခါမှာပါ ရိုက်ခတ်လေ့ရှိ၏ ။ ဒုမင်္ဂလကိစ္စ အတွက် စည်ရိုက်ခြင်းမှာ ရွာနီးချုပ်စပ်မှ မသာပို့မည့် သူများကို လှမ်း၍ အချက်ပေးခြင်း မည်၏ ။ ရှင်ပြုရဟန်းခံ ကထိန် စသော အမှုများအတွက် စည်တီးခြင်းမှာ အပင့်ခံ ရဟန်းတော်များ အခမ်းအနားသို့ ကြွရောက်လာရန် အချိန် သတ်မှတ်ခြင်း ဖြစ်၏ ။

“ ဖြည်းဖြည်း စားစမ်းပါတော် ၊ စည်က ခုမှ တစ်ချက်ပဲ ရှိသေးတယ် ”

မကျီးဒန်က ကိုဆေးရိုးကို ကြည့်ပြောသည် ။ သို့ပေမင့် ကိုဆေးရိုးမှာ နောက်က ရန်သူလိုက်လာသလို ၊ တစ်လုတ်ပြီး တစ်လုတ် လွေး၏ ။ ထမင်းတစ်လုတ် တစ်လုတ်မှာလည်း လက်သီးဆုပ်လောက် ကြီးမားချေသည် ။ ကိုဘသန်း၏ ရုပ်ကလာပ်ကို မြှပ်နှံမည့် နေရာမှာ ယခင်က ရွာသစ်ကြီးရွာ၏ မြောက်ဘက် ၊ ချောင်းဟိုဘက် ရုံးပင်ရပ်နှင့် မျက်နှာချင်းဆိုင် နေရာသို့ ရောက်အောင် ချောင်းကို ဖြတ်၍ ချုံကို တိုး၍ သွားရသော နေရာသို့ မဟုတ်တော့ပေ ။ ရမ်းဘိုကုန်းရွာ၏ အရှေ့မြောက်ထောင့်ရှိ ပုတီးပင်ဘုရား အနီးမှာ ဖြစ်သည် ။ ကိုဆေးရိုးတို့ တလင်းထဲမှ လှမ်းကြည့်လျှင် ပုတီးပင်ဘုရားတံတိုင်းရှိ စာခေါင်းသရက်ပင် ကိုပင် မြင်ရ၏ ။ မသာချ လာမှ လမ်းက ဖြတ်ပြီး လိုက်ပို့လျှင်ဖြစ်သည် ။ သို့ကြောင့် သေပြေး ရှင်ပြေး ထမင်းစားရန် မလိုဟု မကျီးဒန်က ယူဆသည် ။

ကိုဆေးရိုးကတော့ မသာတစ်လောင်းကို မြေကျရုံကလေး လိုက်ပို့ရုံနှင့် ဝတ္တရားမကျေချေဟု ထင်မှတ်၏ ။ မသာအိမ်သို့ အရောက်သွားကာ ကျန်ရစ်ခဲ့သူများကို အားပေးစကားပြောခြင်း ၊ မသာတွင် ဦးစီးဦးဆောင် ပြုလုပ်သူ နည်းပါးနေပါက ဝင်ရောက်ကူညီခြင်း စသည်တို့ကို လုပ်ရမည်ဟု ယုံကြည်၏ ။

ယင်းယူဆချက်ဖြင့် ထမင်းကို အသော့နှင် စားသည့်တိုင်အောင် ကိုဆေးရိုးမှာ ဟိုလူ့ စောင့်ရ ၊ သည်လူ့ စောင့်ရ ၊ နွားတွေကို အစာစား ၊ မစား ကြည့်ရ စသည်ဖြင့် အချိန်လင့်သွား၏ ။ ပုရပိုက်တန်းရွာဝသို့ ရောက်ချိန်တွင် ဗုံရှည်သံ တညံညံဖြင့် မသာချလာ ချေပြီ ။ မသာပို့ ပရိသတ်၏ ခြေများမှ ဖုန်လုံးကြီးများသည် ပုရပိုက်တန်းရွာ၏ သစ်ပင်များပေါ်သို့ ပြေး တက်လာ၏ ။ ဖုန်လုံးများကြားမှ ဗုံရှည်သံသည် “ ရှင်သေမင်းငယ်တို့ ကိုယ်ချင်းရယ်မှ မစာ ” ဆိုသော အသံ နှင့်အတူ ဟိန်းလျက် ရွာကို ဖုံးအုပ်သွား၏ ။ ထိုဖုန်လုံးကြီး ၊ ထိုလင်းကွင်းသံ ၊ ဗုံရှည်သံနှင့် သီချင်းသံတို့ကို အုပ်ကျော်လျက် မိုးတိမ်ယံသို့ ပြေးတက်ရိုက်ခတ် လိုက်သော အသံကား ကျန်ရစ်ခဲ့သော ကိုဘသန်းဇနီး၏ ရင်ကွဲသံပေတည်း ။

“ ကိုဘသန်းရေ … ကျုပ် ဘယ်သူ့ကို အားကိုးရ မှာလဲ ကိုဘသန်းရဲ့ ၊ အမလေး ကျုပ်ကိုပါ တစ်ခါတည်း ခေါ်သွားပါတော့လားတော့် ”

ကိုဆေးရိုးမှာ ရင်ထဲတွင် နင့်သွားလေ၏ ။ အီလေးဆွဲလျက် ‘ စောင့်စီး ’ ဖြင့် တီးနေသော ဗုံရှည်ကြီးသံကိုက ငိုသံပါနေသည်တွင် မသာရှင်၏ ကြေကြေကွဲကွဲ ဟစ်ငိုလိုက်သံကို ကြားရသောအခါ ခေါင်းငုံ့ထားလိုက်မိ၏ ။

“ လေးလေ့ လေးလေ့ လှိုက်ချူ ၊ ခိုင်ပန်းမဉ္ဇူ မောင်မောင်ငယ်ချူ ဟေ့ကောင်တွေ ဟေ့ကောင်တွေ အရမ်းမလုပ်ကြနဲ့ ” သီချင်းသံနှင့် ဆက်လျက် ၊ ရေးကြီးသုတ်ပျာ အော်ဟစ်လိုက်သံ တစ်သံ ထွက်ပေါ်လာသဖြင့် ကိုဆေးရိုးမှာ အသံလာရာ ဘက်သို့ လှမ်း ကြည့်မိသည် ။ ယိမ်းထိုးနေသော ခုံ ( မသာတင်သော ထမ်းစင် ) ပါကလား ။

တစ်ယောက်သောသူက မှီခိုရာ အရိပ်ကြီး ဆုံးရှုံးသဖြင့် ရင်ကွဲပက်လက် ငိုမောနေစဉ်ဝယ် ထိုမသာကိုပင် ကစားစရာပစ္စည်း အဖြစ် လှုပ်ကစားချင်သူများက ရှိနေသေး၏ ။ သူတို့သည် မသာခေါင်း တင်သော ခုံကြီးကို ပခုံးပေါ်မှာ ထမ်းလျက် ဘယ်ညာ ယိမ်းထိုး လှုပ်ရှားနေကြသည် ။ ယိမ်းထိုးပုံက ရိုးရိုး ညင်းညင်းပျောင်းပျောင်း မဟုတ်လေဘဲ ခုန်၍ ခုန်၍ ယိမ်း၏ ။

“ ဟဲ့ ကျော်ရွှေတို့ ၊ ကွန်းမောင်တို့ ... ဟေ့ကောင်တွေ မတော်တရော် ဖြစ်ကုန်မယ်နော် ”

ဗုံရှည်သည် သီချင်းတစ်ကျော့ကို အနှေး တီး၏ ။ အလောင်းကစားသူများ ယိမ်းပုံမှာ သက်သောင့်သက်သာဟု ခေါ်နိုင်သေးသည် ။ သို့သော် မသာထမ်းစင်ကြီး ယိမ်းလာသော ဘက်မှ ထမ်းထားသူများမှာ မလဲပြိုအောင် မနည်း ထိန်းထားရ၏ ။ သီချင်းတစ်ကျော့ ဆုံးသွား၍ စည်းအမြန်ဖြင့် အတီးတစ်ကျော့ ဝင်လာသော အခါတွင်ကား ခေါင်းကစားသူတို့သည် ကြမ်းတမ်းလာ၏ ။ ခုန်၍ ခုန်၍ ကစားကြသည် ။

ထိုခုန်၍ ခုန်၍ ကစားသူတို့၏ ပခုံးထက်ရှိ ခုတင်ပေါ်မှာ တင်ထားသော ခေါင်းကြီးမှာလည်း လေထဲသို့ မြောက်၍ မြောက်၍ တက်သွား၏ ။ မသာခုံ ထမ်းသူတို့ အနီးသို့ ချဉ်းကပ်လိုက်ပါလျှင် ဆိုးဝါးပြင်းထန်သော အရက်နံ့က ဆီးကြိုလိမ့်မည် ။ သူတို့၏ မျက်လုံးများမှာ ဘီလူးသဘက်ကဲ့သို့ မျက်ထောင့် နီလျက် ရှိချေ၏ ။

“ ဟဲ့ ဖြည်းဖြည်း လုပ်ကြပါဟ ။ ပြောတာ မရဘူးလားဟေ့ ”

လူကြီးများက စိုးရိမ်တကြီး အော်ဟစ် ထိန်းသိမ်းကြ၏ ။ မသာခုံကိုထမ်းလျက် မြူးတူးနေသော သူများမှာ လူကြီးသူကြီးတို့၏ စကားကို နားမဝင်ကြပေ ။ မသာခုတင်ပေါ်မှ နာနာဘာဝကောင်ကြီး ကုန်းထ လာသလို ၊ ခုန်မြောက်၍ နေသော မသာခေါင်းကြီး နည်းတူ အားပါးတရ ခုန်ပေါက်နေကြလေ၏ ။ မသာခုံကြီးသည် တရွေ့ရွေ့ဖြင့် ရွာ၏ အရှေ့ဘက်ရှိ ညောင် ပင်အုပ်ကြီးနားသို့ ရောက်ရှိလာလေသည် ။ ငိုကြွေးသံသည် ဗုံရှည်သံအောက်၌ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ဖုန်လုံးကြီးမှာကား လူအုပ်နောက်မှ ကပ်ပါလာ၏ ။

မသာအိမ်နှင့် သုသာန်မှာ ဝေးကွာလွန်းလှသည် မဟုတ်သောကြောင့် မသာကစားသူများသည် စိမ်ပြေနပြေ ကစားနေကြသည် ။ ထိန်းသိမ်းသူတွေ လည်ချောင်း ကွဲမတတ် အော်ဟစ်ဆဲဆိုနေသည့် ကြားကပင် တစ်ချက်တစ်ချက်၌ ခေါင်းကြီးမှာ တစ်တောင် ကျော်ကျော်မျှ အထိ မြောက်တက်သွားလေသည် ။ ဗုံ ရှည်သံသည် ကျော့လာလေ၏ ။

“ ဟဲ့ ဟဲ့ … ဟေ့ကောင်တွေ ၊ ဟေ့ကောင်တွေ ”

ဗုံရှည် အသွား မြန်ဆန်သလို ခုံထမ်းသူတို့ကလည်း ခုန်ပေါက် ကြမ်းတမ်းလာပြန်သဖြင့် ခေါင်းကို တမော့မော့ ကြည့်ရင်း အော်ကြ၏ ။ အော်နေသည့် ကြားကပင် ခုံကြီးသည် ညာဘက်သို့ ယိမ်းသွားရာက ဘယ်ဘက်သို့ ယိမ်းထိုး မလာတော့ဘဲ နိမ့်စောင်းကျသွားလေ၏ ။

“ ဟယ် ” ဟူသော အသံကြီးနှင့်အတူ ခေါင်းကြီး ပွင့်ထွက်သွားကာ ထွက်ကျလာတော့သည် ။

“ ကိုဘသန်းရေ အဖြစ်ဆိုးလှချည့်လားတော်ရဲ့ ”

ပရိဒေဝရှင်၏ မချိမဆံ့ ဟစ်သံပေါ်လာသည့် နည်းတူ

“ အမယ်လေး လာကြပါဦး ”

“ ကယ်တော်မူကြပါဦး ၊ သေပါပြီဗျ ”

ခေါင်းတင်သော ခုံကြီး လဲကျသည့်အောက်တွင် ပိနေသူများ၏ သေလုမျောပါး အော်ဟစ်သံကလည်း ကျွက်ကျွက်ညံနေလေသည် ။

“ အကုန်လုံး သေကုန်ရင် ကိစ္စအေးတာပဲဟေ့ ”

ကိုဆေးရိုးမှာ ခေါင်းကြီး ရှိရာသို့ မျက်စိပျက် မျက်နှာပျက်ဖြင့် ပြေးလာရင်း ကျိတ်မနိုင် ခဲမရ ရေရွတ်မိသည် ။ အလောင်းကောင်ကြီးကို ကပျာကယာ ခေါင်းထဲသို့ ပြန်ထည့်ကာ သေတ္တာကို ပိတ်လိုက်ရသည် ။ ပဲ့သူပဲ့ ကျိုးသူကျိုးဖြင့် အမင်္ဂလာတစ်ရပ် ပေါ်တွင် အနိဋ္ဌာရုံ တစ်ခုက ထပ်ဆင့် ပေါ်လာပြန်သော အခါတွင် ကိုဘသန်း၏ ဇနီး ငိုသံမှာ ပို၍ ကြေကွဲသံ ဆောင်နေလေ၏ ။

နေကလည်း ပူ ၊ ဖုန်တထောင်းထောင်းဖြင့် တာလမ်းဘေးဝယ် လဲပြိုစောင်းကျနေသော မသာစင်ကြီးမှာ ပြန်ထောင်ပြီးသောအခါ၌ ရစရာ မရှိတော့ပေ ။ တိုင်ဖုံးတတ်သော တိုင် ၊ နဖူးစည်း မျက်နှာကြက် ဆင်ထားသော နေရာများပါ ပျက်စီးကုန်လေသည် ။

“ ကဲ … ကဲ ပြန်လုပ်မနေကြနဲ့တော့ ။ ဒီအတိုင်းသာ တင် ”

ကိုဆေးရိုးက ဒေါသသံဖြင့် အော်လိုက်ပြီး ထမ်းစင်ပေါ်သို့ ခေါင်းကို တင်လိုက်ပြီးနောက် “ မမူးတဲ့သူပဲ ထမ်း ၊ မူးရင်မထမ်းနဲ့ ” ဟု ဆက်အော်မိပြန်သည် ။

ကျေးရွာဓလေ့အားဖြင့် သာရေးထက် နာရေးတွင် ပို၍ အယူသည်းကြ၏ ။ ရွာနားတွင် ထမ်းစင်မှောက်ပြီး အလောင်းပွင့်ကျသည့်အတွက် ရွာခိုက်တော့မည်ဟု ယုံကြည်နေကြ၏ ။ မျက်နှာပျက်သူ ပျက်နေလေသည် ။

“ အလကား ၊ လူကြီးတွေ ပြောဆိုနေတဲ့ ကြားထဲက ပြောဆိုမရတဲ့ အကောင်တေ ၊ အဖြစ်တောင် နည်းသေး ”

ပုရပိုက်တန်းရွာသားကြီး တစ်ဦးက ကိုဆေးရိုးနှင့် ဘေးချင်းယှဉ် ထမ်းစင်ကို ထမ်းရင်းက မကျေနပ်သံဖြင့် ရေရွတ်လေသည် ။

“ ဘသန်းကိုက ကံဆိုးပါတယ်ဗျာ ။ စပါးနယ်တဲ့ စက်ငှားဖို့ သွားစုံစမ်းရာက ပြန်လာကတည်းက နွား ကျောက်ပေါက် ၊ လူကျောက်ပေါက် ၊ အခုတော့ သေ ”

နောက်တစ်ယောက်က ဝင်၍ မှတ်ချက်ချပြန်၏ ။ ကိုဆေးရိုးကတော့ ဘာမျှ မပြောဘဲ ၊ ထမ်းစင်မှ ဝါးလုံးကို တင်းတင်းဆုပ်ရင်း သုသာန် ဆီသို့သာ သွက်သွက် လျှောက်လာခဲ့မိ၏ ။ သူ၏ ခေါင်းထဲတွင် စပါးနယ်စက် ဆိုသော စကားလုံး ဝင်ရောက်လာသည်နှင့် လယ်ထွန်စက် ၊ ကောက်ရိတ်စက် စသည်များပါ တသီတတန်းကြီး ဝင်ရောက်လာ၏ ။

“ ဒါတေကို ငါတို့တစ်တွေ ဘယ်လိုလုပ် ဘယ်တော့များ ပိုင်ဆိုင်နိုင်ပါ့မလဲ ”

သည်အတွေး ဝင်လာသော အခါတွင် ကိုဆေးရိုးမှာ ဟင်းခနဲ သက်မကြီး ချလိုက်မိ၏ ။ မှန်ပေသည် ၊ ကိုဆေးရိုး တို့၏ ဘဝသည် စက်မှုလယ်ယာစနစ်သို့ မည်သည့် အချိန်မှ ရောက်မည် မသိသေးသော်လည်း မျက်မှောက်ခေတ်ကာလတွင်ကား မသာအလောင်းကို ကစားစရာ လုပ်ပြီး မြူးတူးခုန်ပေါက်နေရသော ဘဝမှာပဲ ရှိနေပါသေးကလား ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment