❝ နုသော ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
မှေးစင်းလေးလံနေသော မျက်လုံးအစုံကို ကြိုးစား ဖြဲဖွင့်ကာ ကိုဆေးရိုးမှာ အိပ်ရာမှ ထထိုင်လိုက်ရသည် ။ ရွာထဲမှ အုတ်အုတ်ကျက်ကျက်အသံများသည် ကိုဆေးရိုး၏ နားထဲသို့ ဝဲပျံဝင်ရောက်လာ၏ ။
“ သံဃာတော်တေ ကြွလာပြီဗျို့ ” “ ဘုန်းကြီးတွေ ကြွလာပြီတဲ့ဟေ့ ” သတင်းစကားသည် နှုတ်ဆင့်ကမ်း၍ ရွာလယ်သို့ ရောက်လာ၏ ။ ရွာလယ်မှ တစ်ဆင့် ရွာတောင်ဖျားဘက်သို့ ရွေ့သွားကာ တရွေ့ရွေ့ ဝေးလံသွားသည် ။
ရွာထိပ်တံခါးမှ ကာလသားခေါင်း၏ အသံကြီးကိုပါ တစ်ဆက်တည်း ကြားရသည် ။
“ ဘုန်းကြီးတွေ ကြွလာပြီတဲ့ဟေ့ ။ ဟဲ့ မိအေးတို့ မထကြသေးဘူးလား ။ ဟိုဘက်က ငကြွက်တို့ ၊ မိပေါတို့ အိမ်ကကော ၊ ဟေ့ဆေးရိုးတို့ ကျီးဒန်တို့ ဘုန်းကြီး ကြွလာပြီ ”
မြောက်ဘက်အိမ်မှ ဒေါ်အေးဘုံသည် အိမ်နီးချင်းများကို လိုက်လံနှိုးဆော်နေလေသည် ။ ကိုဆေးရိုးမှာ ပုဆိုးကို ပြင်ဝတ်ကာ တဲနောက်ဖေး ရေအိုးဆီသို့ အပြေးအလွှား ထလာခဲ့ရသည် ။
“ မိန်းကလေးရေ ၊ ညည်းအဖေကို နှိုးလိုက်စမ်းဟေ့ ” ဟူသော မကျီးဒန်၏ အသံက အိမ်ရှေ့မှ ထွက်ပေါ်လာပြန်၏ ။
“ ငါ နိုးနေပြီဟေ့ ”
ကိုဆေးရိုးက မျက်နှာသစ်ရင်း အော်လိုက်ကာ ၊ မျက်နှာကို ပုဆိုးဖြင့် သုတ်ရင်း အိမ်ရှေ့သို့ ထွက်လာသည် ။ အေးမြသော ရေကြည်ဖြင့် ဆေးကြော သုတ်သင်ရသည့်တိုင်အောင် မျက်လုံးအစုံမှာ ကျိန်းစပ်စပ်ဖြင့်နေဆဲရှိသေး၏ ။
“ ဖြည်းဖြည်းလုပ်ပါ ကိုဘကျော်ရဲ့ ။ သံဃာတော်တွေက ရွာပြင်မှာပဲ ရှိပါသေးတယ် ”
မမြက ခင်ပွန်းသည် ကိုဘကျော် အလဲလဲအကွဲကွဲ လုပ်ကိုင်နေသည်ကို ကြည့်ပြီး ပြောလိုက်သော အသံ ။
“ ဟဲ့ ဒီနားက မြင်းခုံကလေး ဘယ်ရောက်သွားလဲ ။ တယ် ငါ သေသေချာချာ ထားခါမှ ”
မအေးကြွယ်တို့ အိမ်ဘက်မှ ဆွမ်းတောင်းတင်စရာခုံ ရှာမတွေ့ သောကြောင့် ဆူပူသံ ။
“ လှအောင်ရေ တံခါးပိတ်ထားဦးဟေ့ ၊ ဆွမ်းခူးတုန်းမို့ပါဟဲ့ ”
အဘွားချစ်ဆုံ၏ ရွာတံခါးဝမှ နေပြီး သံဃာတော်များကို ဆီးတားထားသော ကာလသားခေါင်းထံ လှမ်းအော်သံ စသည်တို့ဖြင့် တစ်ရွာလုံးမှာ ဆူညံနေလေ၏ ။ လူသံများသာလျှင် ဆူညံသည် မဟုတ် ။ ခွေးဟောင်သံ ၊ တစ်ကောင်နှင့်တစ်ကောင် ကိုက်သံများကလည်း လူသံနှင့် ရောပေါ်လာကာ အိပ်တန်းမှ လန့် ပျံဆင်းလာကြသော ကြက်များ၏ အော်သံများကပါ ရောနှောထွက်ပေါ်လာလေ၏ ။
အရုဏ်ဦး၏ အမှောင်ရိပ်မှာ မပြယ်သေးချေ ။ ကိုဆေးရိုးသည် မကျီးဒန်နှင့် ချောစိန်၏ ကြားတွင် ဆောင့်ကြောင့်ထိုင်လျက် ရှေ့တူရူရှိ ရွာစည်းရိုးကို ငေးကြည့်နေ၏ ။ ရွာပြင်ရှိ ဘုရားပျက်တောကြီးမှာ မည်းနက်သော ကုန်းတန်းကြီးအဖြစ် နောက်ခံထားသဖြင့် ရွာစည်းရိုးမှာ တွယ်ကပ်နေသော နွယ်ပင်များကို သဲသဲကွဲကွဲ မမြင်ရပေ ။ အပေါ်သို့ မော့ကြည့်လျှင်ကား ကောင်းကင်မှာ ပွင့်နေပြီ ။ လင်းနေပြီ ။ အောက် ခြေတွင်ကား မှောင်ဆဲပင် ရှိသေး၏ ။ ကိုဆေးရိုးသည် မည်းမည်းအရိပ်မျှသာမြင်ရသော ရွာစည်းရိုးပေါ်က ‘ ဆီချွဲပင် ’ ကလေးများ ၊ ‘ ကြွက်နားပေါင်း ’ ပင်ကလေး များကို စိုက်ကြည့်နေမိလေသည် ။ နွယ်ညွန့်ကလေးများသည် အတာကာလကို ကြိုဆိုနေသည်သို့ ညွန့်ရှင်လန်းလန်းစွင့် ထောင်နေလေသည်ဟု ထင်ရ၏ ။ ပူအိုက်သော ရာသီ ဖြစ်ပေမယ့် သင်္ကြန်ကာလသို့ ရောက်လျှင် ရင်ထဲကကို အေးချမ်းလာ၏ ။ မြူမှုန်မွဲမွဲနှင့် အုံမှိုင်းနေသော သစ်ပင်ကြီးများကိုပင် အလိုလို လန်းရွှင်ကော့ထောင်လာသည်ထင်၏ ။
“ ကိုဆေးရိုး ငိုက်နေသလား ”
မကျီးဒန်က လှမ်းမေးလိုက်လျှင် ကိုဆေးရိုးက ခွေးခြေပေါ်မှ ခြေတွဲလွဲချ၍ ပြင်ထိုင်လိုက်သည် ။
“ မငိုက်ပါဘူးအေ ။ ညည်းကလည်း ငါ့ကိုပဲ အပြစ်တင်ဖို့ စောင့်ကြည့်နေတာပဲ ”
“ သံဃာတော်တွေ ကြွလာပြီဗျို့ ”
ရွာထိပ်မှ အသံထွက်ပေါ်လာလေ၏ ။ ကိုဆေးရိုးသည် ရွာတံခါးဝဆီသို့ လည်ပင်းဆန့်တန်းကြည့်လိုက်၏ ။ မှောင်ရိပ် မပြယ့်တပြယ်တွင် တရွေ့ရွေ့ လှုပ်ရှားနေသော မည်းမည်းအရာများ မြင်ရ၏ ။ ဘုန်းကြီးလား ၊ တောင်းထမ်းသော ကျောင်းသားတွေလား ၊ ရွာသားတွေလား ဟူ၍ကား မကွဲပြားပေ ။ သို့ရာတွင် ကိုဆေးရိုးက တောင်ဘက်ပိုင်းသို့ လှည့်ကာ “ ဟေ့ ဘုန်းကြီး ကြွလာပြီတဲ့ဟေ့ ” ဟု သံကုန်ဟစ်လိုက်လေ၏ ။ တောင်ပိုင်းမှလည်း အလားတူ အော်ဟစ်သံများ တစ်ယောက်တစ်ပေါက်ပေါ်လာကာ တဖြည်းဖြည်း ဝေးသွားလေသည် ။
“ သမီးက ဆွမ်းအဆင့်သင့် ခူးထားဟေ့ ”
“ လောက်ပါတယ် ကျီးဒန်ရယ် ၊ ဒီမှာ တစ်ဇလုံ ၊ ခုံပေါ်မှာလည်း တစ်တောင်း ခူးထားတာပဲ ။ နေပစေ မိန်းကလေး ၊ မသွားနဲ့တော့ ”
ကိုးဆေးရိုးက မကျီးဒန်ကို ပြောရာက ချောစိန်ကို လှည့်ပြောလိုက်ပြီးနောက် တရွေ့ရွေ့ နီးကပ်လာသော သံဃာတော်များကို လှမ်းမျှော်ကြည့်နေ၏ ။
“ တော်တော်ကြာ မလောက်မငဖြစ်မှ သားအဖနှစ်ယောက် ကျွက်စီကျွက်စီ မလုပ်နဲ့ ”
မကျီးဒန်က မုန့်ဖက်ထုပ်ဇလုံကြီးကို လက်တစ်ဖက်က ပွေ့ပိုက်ထားလျက် လက်တစ်ဖက်က “ တဘက်ကို ရင်ဘတ်ပေါ်သို့ နေရာတကျ ဆွဲချရင်း ထပ်ကွန့်လိုက်ပြန်ရာ
“ မလောက်လည်း မတတ်နိုင်ဘူးဟေ့ ၊ အကုန်ခူး လာတာပဲ ”
ကိုဆေးရိုးက ပြောပြောဆိုဆိုနှင့် ဆွမ်းစေ့များထဲသို့ လက်ဖက်ရည်ပန်းကန်ကို တိုးခပ်လျက် မိမိရှေ့သို့ ရောက်နေပြီဖြစ်သည့် သံဃာတော်တစ်ပါး၏ သပိတ်ထဲသို့ လောင်းထည့်လိုက်လေ၏ ။ သို့သော်လည်း မကျီးဒန်မှာ အမျှင်မပြတ်နိုင်သေးဘဲ “ မကျန်တော့ဘူးဟေ့လို့ စောစောက ပြောပါတော့လား ” ဟု ထပ်ဆင့်လိုက်ရင်း မုန့်တစ်ထုပ်ကို ကိုင်မြှောက်ထားလိုက်စဉ် သံဃာတော်အရှင်မြတ်မှာ မကျီးဒန်ရှေ့သို့ ရောက်ရှိတော်မူလေ၏ ။
ထိုကိုယ်တော်သည် သပိတ်ဖုံးကို ဖွင့်ပေးကာ “ အခါကြီးရက်ကြီးမှာ ရန်ဖြစ်နေကြသလား ။ ဒေါသရံသော ဒါန ဖြစ်နေမယ်လေ ” ဟု မိန့်တော်မူလိုက်ပြီး ကြွသွားတော်မူလေ၏ ။
“ တင်ပါ့ဘုရား ”
မကျီးဒန်မှာ ယောင်၍ အော်လိုက်မိပြီးနောက် ပါးစပ်ဟောင်းလောင်း ကျန်ရစ်ခဲ့သည် ။
“ သရက်ချင်ကျောင်းက ဦးဇင်းကြီးရယ် အမေရဲ့ ”
“ ဒီမှာ နေ့တိုင်း ဆွမ်းခံကြွနေတာပဲဟာ တို့ကို သိနေတာပေါ့ ”
ကိုဆေးရိုးက ဆွမ်းတစ်ပန်းကန်ကို ခပ်၍ အသင့်ပြင်ရင်း လှည့်ပြောလိုက်သည် ။
ဦးပဉ္စင်းကြီး ဆိုသည်မှာ ဦးပဉ္စင်းပင် ဖြစ်၏ ။ သို့ရာတွင် အသက်ကြီး၍ အသက်နှင့် မမျှအောင် ဝါငယ်သော ဦးပဉ္ဇင်းမျိုးဖြစ်ကာ အသက်ကို ထောက်ပြီး ‘ ကြီး ’ တပ် ခေါ်ဝေါ်ခြင်းဖြစ်ပေသည် ။ ဝါငယ်သော ပဉ္စင်းတစ်ပါးက ရှေ့ဆုံးမှ ကြွရောက်လာခြင်းမှာကား သံဃာတော်များ တစ်နေရာတွင် စုရုံးပြီးမှ ကြွလာခြင်းမျိုး မဟုတ်သောကြောင့် ထေရ်ကြီး ဝါကြီး ဆရာတော် များက နောက်ဆုံးမှ ရောက်လာချင်လည်း ရောက် လာ၏ ။ သာမဏေကလေးက ရှေ့ဆုံး ရောက်ချင်လည်း ရောက်နေပေသည် ။
သံဃာတော် အပါး ငါးဆယ်လောက်ကို ဆက်တိုက် လောင်းလှူလိုက်ရပြီးနောက် သံဃာဆက် ပြတ်သွား၏ ။ အလင်းရောင်လည်း ပြေပြေလာနေပြီ ။ ကိုဆေးရိုးသည် ခေါင်းကို လမ်းမလယ်ဆီသို့ တိုးကာ ဝဲယာ၌ စီတန်းနေသော ကုသိုလ်ရှင်များကို လှမ်းကြည့်သည် ။ မြင်ရသည်မှာ မကြည်လင်လှပေ ။ ကိုဆေးရိုးသည် နောက်သို့ ဆုတ်၍ ခွေးခြေပေါ်မှာ ထိုင်နေမိ၏ ။ ရွာစည်းရိုးရှိ မိုးနှံချုံများကို ကြည့်ရသည်မှာ မှုန်ဝါးဝါးနေသည်ထင်သဖြင့် မျက်လုံးကို လက်ဖနောင့်ဖြင့် ပွတ်နေမိသည် ။ မျက်လုံးမှာ ပို၍ ကျိန်းစပ်လာ၏ ။
ကျိန်းမည် ဆိုက ကျိန်းလောက်ပေသည် ။ ကိုဆေးရိုးမှာ ညက ကြက်ဦးတွန်မှ တစ်မှေး ဝင်လှဲနိုင်သည် ။ ညဉ့်ဦးပိုင်းတွင် မုန့်အပေါက်အပြဲကလေးများရှိလျှင် ပေးကြပါဟူ၍ မုန့်ဖက်ထုပ်ထက် ချောစိန် ကိုသာ လာရောက် အုံဝိုင်းရစ်လှည့်လာသော ကာလသားများ တအုန်းအုန်းမှာ သန်းခေါင်ကျော်မှ ရှင်းသွား ၏ ။
“ ဆေးရိုး အိပ်ပြီလားဟေ့ ”
ကာလသားများ စဲသွားသော် ကိုဆေးရိုးမှာ ပေါင်းချောင်နှင့် ပေါင်းခံများကို တဲထဲသို့ သွင်းပြီးနောက် ဆွမ်းအိုးတည်ရန် ပြင်ဆင်နေစဉ် ကိုပိတ်စက တဲနောက်ဖေး ချောင်းဘက်မှ တက်လာသည် ။
“ မအိပ်သေးဘူးဟေ့ ၊ ဆွမ်းအိုး တည်ပြီးတာနဲ့ လင်းမှာပဲ ”
ကိုဆေးရိုးက ဆန်ဆေးရာမှ ပြန်၍ အသံပေး၏ ။
ကိုပိတ်စက ကိုဆေးရိုး အနားသို့ လာထိုင်၏ ။
“ ဘာလုပ်ကြသေးလဲကွ ”
“ မုန့်ဖက်ထုပ် လုပ်တယ်ကွ ၊ စားချင်ရင်တော့ အပေါက်တွေရှိတယ် ”
“ မစားချင်ပါဘူးကွာ ။ ကြက်သွန်ခင်းကို သွားကြည့်ရာက ပြန်လာတာ ”
ကိုပိတ်စက တခြမ်းလောင်နေသော သူ့ဖက်ဖြူလိပ်ကို မီးခွက်တွင် ရှို့မြှိုက်ရင်း ပြောလိုက်ရာက
“ ဒီ့ပြင်အချိန်မှာ မုန့်ဖက်ထုပ်ဟာ စားကောင်းတယ် ။ ဟောဒီ တန်ခူးလတို့ ၊ သီတင်းကျွတ်လတို့ ဆိုရင် အနံ့နံတာနဲ့ အီနေတယ် ”
“ အေးကွ ”
ကိုဆေးရိုးသည် ရေဆူမှ ဆန်ခတ်ရန်အတွက် ဆန်ကို အင်တုံထဲမှာ စိမ်ပစ်ခဲ့ပြီး ထမင်းအိုးထဲမှာ ရေထည့်လျက် မီးဖိုဆီသို့ သယ်ယူလာသဖြင့် ကိုပိတ်စက နောက်က လိုက်လာသည် ။
“ မုန့်ဖက်ထုပ်နဲ့ ၊ ပဲကြီးဟင်းကတော့ တို့ငယ်ငယ်တုန်းကလည်း ပေါတာကွ ”
“ အေးကွ ၊ မုန့်ဖက်ထုပ်ကို ကျောင်းလက်ရန်းမှာ ရုပ်စုံခင်းထားတဲ့ အရုပ်တွေရဲ့ပါးစပ်ထဲ ထည့်ထားတာ အရုပ်တွေ ပါးစပ်မှာ မုန့်ချည်းပဲ ”
ကိုဆေးရိုးက ကျောင်းသားဘဝကို လွမ်းဆွတ် တသသံကြီးဖြင့် ပြောလိုက်မိသည် ။ ထမင်းအိုး အောက်မှ ဖြာထွက်လာသော မီးညွန့်၏ အရောင်အောက်တွင် ကိုဆေးရိုးမှာ မှောင်ထဲသို့ ငေးကြည့်နေသည်ကို တွေ့ ရ၏ ။
“ ပဲကြီးဟင်းကတော့ကောကွာ တစ်ကျောင်းလုံး ပဲကြီးဟင်းချည်းပဲ ။ ဟိုကျောင်းသားကလည်း ဘတ်ခနဲ ၊ ဒီကျောင်းသားကလည်း ဘတ်ခနဲ ”
ပဲကြီးဟင်းကို ကျောင်းအနီးရှိ ဆူးပုပ်ရွက်နှင့် အခြား ဟင်းရွက်များ ခူးထည့်ရောနှောပြီး အိုးကြီးအိုးငယ်ဖြင့် အရည်သောက်ချက်ကြရသည် ။ ဟင်းချို ချက်ပြီးသည့်နောက် ကျောင်းသားလေးငါးဆယ် စား၍ မကုန်သော ပဲကြီးဟင်းခြောက်ခြောက်ချက် ( ဆီပြန် ) ကို ဆရာတော် မမြင်နိုင်သော ချုံများဘက်သို့ လက်ရန်းကို ကျော်ကျော်ပြီး လွှင့်ပစ်ကြသဖြင့် ပဲကြီးဟင်းမှာ လက်ရန်းကျော် ဟူ၍ အမည်ပေးခြင်း ခံရလေ သည် ။
ကိုဆေးရိုးနှင့် ကိုပိတ်စတို့သည် မုန့်ဖက်ထုပ်နှင့် လက်ရန်းကျော် အကြောင်းပြောရာက လယ်မြေ ဝေခြမ်းရေး ၊ တရုတ်ဖြူနှင့် အမေရိကန်တို့၏ ဖက်စပ် ကျူးကျော်မှု ၊ ဘုန်းကြီးမရှိသော လေးထပ်ကျောင်း ၊ ကြက်သွန်ပေါ်ခါနီးမှ ကြက်သွန်ဈေးကျသည့် အကြောင်းများ စသည်ဖြင့် မိမိတို့နှင့် သက်ဆိုင်ရာ ပြဿနာများကို ကရွတ်ကင်းလျှောက် ပြောဆိုဆွေးနွေးနေကြသည် ။ သည်အထိကား ကိုပိတ်စမှာ မည်သို့ မျှ ဖောက်ပြန်ခြင်း မရှိပေ ။
ကိုဆေးရိုးကသာ ရေနွေးဆူလျှင် ဆန်ကို ရေစစ်ပြီး ထည့် ၊ ထမင်းအိုး ပွက်လျှင် ထမင်းရည် ငှဲ့ စသည်ဖြင့် စကားပြောရင်း ၊ တစ်ဖက်က လုပ်စရာများကို လျှောက်လုပ်နေရာက စပါးဈေး ၃၅၀ ဈေး ပေးတော့မည်ဟူသော သတင်းကို ကိုဆေးရိုးက ထမင်းအိုး နှပ်ရင်း ပြောလိုက်လျှင်ကား ကိုပိတ်စမှာ ဟားတိုက်လေတော့သည် ။
“ တို့က ငါးရာဈေးလောက် ပေးမှ ရှူသာရှိုက်သာ ရှိမယ် ။ အစိုးရက ၃၅ဝ ဈေးတင်ပေးတယ်ဆိုတော့ မထူးပါဘူးကွာ ”
“ ဟ ၃၅ဝ လည်း နည်းသလားဟ ”
ကိုဆေးရိုးက လှမ်းအော်လျှင်
“ မထူးပါဘူးကွာ ။ ငါးရာဈေး မပေးမယ့်အတူတူ မင့်ကိုပဲ ရေနဲ့ ပက်တော့မယ် ”
ကိုဆေးရိုးမှာ ကိုပိတ်စအား ဟန့်တားချိန်ပင် မရ ၊ မျက်နှာတည့်တည့်သို့ ထိုးပစ်သွားသော ကိုပိတ်စ၏ ဆန်ဆေးရည်များကိုသာ လက်ဖြင့် ပွတ်သပ်ပစ်နေရလေ၏ ။
ဆွမ်းအိုးနပ်လောက်သည့် အချိန်တွင် ကိုပိတ်စက နောက်တစ်ခေါက် ရောက်လာပြန်ပြီး သူငယ်ပြန်နေသည့်အတွက် ကိုဆေးရိုးမှာ စိတ်မရှည်နိုင်တော့ဘဲ ရေတစ်ပုံးကို ဆွဲပြီး ကိုပိတ်စ နောက်သို့ ထလိုက်တော့သည် ။ တစ်ရွာလုံးမှာ ကိုပိတ်စနှင့် ကိုဆေးရိုး၏ ရယ်မောသံနှင့် ခွေးဟောင်သံများ ဖုံးလွှမ်းသွားလေ၏ ။
ကိုပိတ်စက အိမ်ကြိုအိမ်ကြား ဝင်ပြေး၏ ။ ကိုဆေးရိုးကလည်း ဝင်လိုက်သည် ။ အိုးတွေ ၊ ခွက်တွေကို တိုက်လဲ၏ ။ ကြိုးတန်းနှင့် လည်ပင်းချိတ်မိ၏ ။ နောက်ဆုံးတွင်ကား ကိုပိတ်စမှာ တဲထဲသို့ ဝင်ပြေးသဖြင့် ကိုဆေးရိုးက အိပ်နေသော ကိုပိတ်စ၏ဇနီးနှင့် ကလေးငါးယောက်ကို ရေဖြင့် လောင်းပစ်ခဲ့ရာ ကိုပိတ်စတို့ လင်မယားမှာ ကလေးတွေ၏ ငိုသံကြားမှ အချီ အချ ရန်ဖြစ်ကျန်ခဲ့လေတော့၏ ။ အိမ်သို့ ကိုဆေးရိုး ပြန်ရောက်သော အချိန်တွင် ကြက်ဦးတွန်ပေပြီ ။
ကြက်ဦးတွန်ချိန်ကျမှ အိပ်ရသည့်အတွက် ကိုဆေးရိုး၏ မျက်လုံးများမှာ ကျိန်းစပ်နေကာ အလင်းရောင်ကိုပင် စူးစူးစိုက်၍ မကြည့်နိုင်ပေ ။ သံဃာဆက် တစ်ကြိမ်ပြတ်သွားပြီးနောက် စောစောကလို သံဃာ တစ်စုတစ်ဝေးကြီး မကြွလာတော့ပေ ။ ငါးပါးတစ်စု ၊ ဆယ်ပါးတစ်စု ၊ တစ်ခါတစ်ရံ တစ်ပါးတည်း ။ ကိုဆေးရိုးတို့မှာ ရွာတံခါးဝဆီသို့ ခေါင်းတငဲ့ငဲ့ စောင်းကြည့်ရင်း လက်ကျန်ဆွမ်းနှင့် မုန့်များကို ငုံ့ကြည့်နေကြရလေသည် ။
“ ကုန်ပြီထင်ပါတယ် အဖေရယ် ၊ ကျုပ် ရေကြည့်လိုက်တာ ၇၃ ပါး ရှိတယ် ”
ချောစိန်က ဆွမ်းတောင်းကို သိမ်းရန် ဟန်ပြင်ရင်း ပြောလိုက်ရာ “ သီတင်းကျွတ်တုန်းကတော့ တစ်ရာ့ ငါးပါးတောင်ရှိတာပဲ သမီးရဲ့ ” ဟု ပြန်ပြောလိုက်သည်တွင် မကျီးဒန်က
“ သီတင်းကျွတ်မှာတော့ ဝါဆိုတဲ့ ကိုရင်တွေ ဘာတွေ ရှိတာကိုးတော့် ” ဟု ဝင်ထောက်လိုက်ရာက “ သိမ်းကြပါစို့ မိန်းကလေးရယ် ” ဟု ချောစိန်ကို တစ်လှည့်ပြောကာ မုန့်ဖက်ထုပ်ဇလုံကြီးကို ခေါင်းပေါ်သို့ တင်လျက် အိမ်ဝိုင်းထဲသို့ ဝင်သွားလေ၏ ။ ချောစိန် ကလည်း ဆွမ်းတောင်းနှင့် ဆွမ်းဇလုံကို သယ်ယူသွားပြန်သဖြင့် ကိုဆေးရိုးမှာ ခွေးခြေများကို သိမ်းဆည်းယူငင်ပြီး အိမ်ထဲသို့ ဝင်လိုက်လာခဲ့သည် ။
“ ကဲ ရေမိုးချိုးကြ ။ ဥပုသ်စောင့်ရာက ပြန်လာမှ ထမင်းစားမယ် ”
တဲတံစက်မြိတ်အောက်သို့ ခေါင်းငုံ့ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် မကျီးဒန်က ဆီးကြိုအမိန့်ပေးလိုက်လေသည် ။
“ ညည်းတို့ သားအမိပဲ သွားစောင့်ကြပါအေ ။ တလင်းထဲမှာလည်း စပါးပုံကြီးနဲ့ နွားကျွေးဖို့ ဘာဖို့ ကလည်း ရှိသေးတယ် ။ ငါ နေခဲ့မယ် ”
“ တလင်းစောင့်ဖို့နဲ့ နွားစာကျွေးဖို့ကို ဘညိန်း ထားပစ်ခဲ့တာပေါ့ ။ တော့်မှာလည်း အားတုန်းလပ်တုန်းကလေး ဥပုသ်စောင့်ရတာ ”
မကျီးဒန်က ကိုဆေးရိုးအတွက် လုံချည် ၊ အင်္ကျီ ထုတ်ပေးရင်းပြောသည် ။ သူတို့မှာ ဝါဦးကျတော့လည်း ထွန်ချိန် ယက်ချိန်မို့ ၊ ဝါတွင်းကျတော့လည်း စိုက်ချိန်မို့ ဥပုသ် မစောင့်နိုင်ကြ ။ တစ်နှစ်လုံးတွင် နှစ်သစ်ကူးသင်္ကြန်ကာလများမှာသာ မည်မည်ရရ ဥပုသ် စောင့်နိုင်ကြသည် ။
သည်မျှ ခဲခဲယဉ်းယဉ်း စောင့်ရသော ဥပုသ်ကိုပင် ကိုဆေးရိုးက တလင်းထဲမှာ ရှိနေသော စပါးပုံကြီး သံယောဇဉ်ကြောင့် ငြင်းပယ်နေသေး၏ ။ တလင်း ထဲက စပါးများမှာ မိုးမကျမချင်း ပုတ်ထဲ ကျီထဲသို့ ရောက်ဦးမည် မဟုတ်ပေ ။ နွေရာသီတွင် မီးကြောက်ရသောကြောင့် တလင်းထဲမှာပင် ကောက်ရိုးများ ၊ ဖျာယိုင် စသည်များဖြင့် အုပ်ဆိုင်းထားကြသည် ။
အုပ်ဆိုင်းထားသည် ဆိုပေသည့် လုံလုံခြုံခြုံ မဟုတ်ရကား လူထက် နွားလွတ်တွေ ဝင်စားမှာကို စိုးရိမ်ခြင်းဖြစ်၏ ။ ထိုနွားလွတ်တွေမှာ စပါးကို စားရုံ သာမက ချည်တိုင်မှာ ချည်ထားသော နွားတွေကိုပါ ဝင်ဝှေ့မှာ စိုးရိမ်ရသည် ။ စိုးရိမ်စရာ ၊ ကြောင့်ကြစရာတွေကိုချည်း တွေးနေလျှင်ကား ကောင်းမှုကုသိုလ်ကို လုပ်ရတော့မည် မဟုတ်ပေ ။
လယ်ကိစ္စတွေ မပြီးမပြတ်သေးသော ဝါကျွတ်ချိန်မှာပင် သီတင်းသီလကို စောင့်ထိန်းနိုင်သေးလျှင် လုပ်စရာ ဟူ၍ နွားကျွေးဖို့နှင့် တလင်းစောင့်ဖို့မှ တစ်ပါး ဘာမျှ မရှိတော့သော နှစ်ဦးတွင် ပို၍ သီလယူနိုင်ရမည် မဟုတ်လား ။
ကိုဆေးရိုးမှာ ကျောင်းသို့ ရောက်၍ သီလ မယူမီ ကာလအထိကား တလင်းထဲမှာသာ စိတ်က စောနေခဲ့၏ ။ သို့ရာတွင် “ ကဲ ကန်တော့ကြရအောင်ဗျို့ ” ဟူသော အသံ ထွက်ပေါ်လာသည့်အချိန်မှစ၍ သီလခံယူနေသော အချိန် တစ်လျှောက်လုံး ဝိတက်ဝိစာရများကို ရှင်းလင်းပစ်ထားနိုင်ချေသည် ။
“ ဒါယကာကြီး ၊ ဒါယိကာမကြီးတို့ သီလ မခံယူခင် ရတနာသုံးပါးကို ကန်တော့ကြတဲ့ အခါမှာ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို ရရပါလို၏ လို့ ဆုတောင်းကြတယ် မဟုတ်လား ”
သီလခံယူပြီး၍ သီလယူသူ အသီးသီး ဝတ်ဖြည့်ရင်း နေရာပြင်ထိုင်နေကြစဉ် သီလပေးသော ဆရာတော်၏ အသံထွက်ပေါ်လာခြင်း ဖြစ်သည် ။
“ မဂ်တရား ဖိုလ်တရား ဆိုတာဟာ တခြားမှာ မရှိဘဲ ဒကာကြီးတို့ ကိုယ်တွင်းမှာပဲရှိတာပဲ ။ လူတိုင်း နှုတ်တက်ရထားတဲ့ ၃၂ ကောဌာသကို သေသေချာချာ ရွတ်ဖတ်ပွားများကြရင် ဘဝတဏှာ ကင်းပြတ်နိုင်သလို ကိုယ်ခန္ဓာရဲ့ ဖြစ်ခြင်းပျက်ခြင်းကို ပွားများနိုင်လို့ ဘဝင်ကျရင် မဂ်ဆိုက်တာပဲ ”
ကိုဆေးရိုးသည် ငြိမ်သက်နေသော လူအုပ်ကြီးကို ကျော်၍ ဆရာတော်ကို လှမ်းကြည့်လိုက်သည် ။ ဖြစ်ခြင်း ပျက်ခြင်းဟူသည်ကို ကြားဖူးသော်လည်း ဘဝင်ကျအောင်ပွားများရမည်ဆိုသည်မှာ ဘယ်လိုနည်း ။ ကိုဆေးရိုးမှာ နားမလည်တိုင်း ဆရာတော် ကိုသာ မော့မျှော်ကြည့်နေမိခြင်းဖြစ်၏ ။
“ အဲဒီလို တစ်မဂ်တစ်ဖိုလ်ကို မရမီ ကြားမှာ အကုသိုလ် ကင်းအောင် နေကြရမယ် ။ တစ်မဂ် တစ်ဖိုလ်ကိုလည်း မရ ၊ အကုသိုလ်ကိုလည်း ကင်းအောင် မနေနိုင်ကြရင် လူပြန်ဖြစ်ဖို့မလွယ်ဘူး ။ ကဲ ငါးတစ်ကောင်ကို သေစေလိုတဲ့ စေတနာနဲ့ သ,တ်မိလိုက်တယ် ဆိုပါတော့ ။ အဲဒါကို ပါဏာတိပါတာကံလို့ ခေါ်တယ် ။ အဲဒီ ကံကို ကျုးလွန်မိသူတိုင်းဟာ ငရဲမှာ နှစ်ပေါင်းများစွာ ခံရတယ် ။ ငရဲသက်ဟာ လူ့သက် ထက် ရှည်တယ် ။ ငရဲပြည်မှာ တစ်ရက်ဟာ လူ့ပြည်က တစ်နှစ် နှစ်နှစ် ဆိုတာထက်မက ရှည်ကြာတယ် ”
ကိုဆေးရိုးမှာ ခါးကို မတ်ပစ်လိုက်မိ၏ ။ ငရဲသံ ကြား၍ လန့်ခြင်းကား မဟုတ် ။ စိတ်နှလုံး စင်ကြယ်နေဆဲ၌ အကြောင်းဆိုက်လာသော ပါဏာတိပါတကံက ဖြတ်သွားခြင်းသာ ဖြစ်၏ ။ ဆင်းရဲသား ဆိုတော့လည်း ဟင်းစား တစ်နပ်စာ ရလည်း မနည်းပေ ။ လယ်ထဲတွင် တွေ့သော ငါးကလေးတွေကို ဖမ်းယူခဲ့မိသည် ။ ဒူလာကောင်းသည် ဆိုသောကြောင့် လင်းမြွေကို တွေ့လျှင် သ,တ်ပြီး မီးမြှိုက်ကာ အိမ်သို့ ယူလာခဲ့မိ၏ ။ သွားရင်း လာရင်း တောကြောင်များကို တွေ့လျှင် ဟင်းလျာအတွက် အဖော်စုပြီး အောက်က ခွေးနှင့် လိုက်သူ လိုက် ၊ ကြောင်ပြေးလမ်းတွင် ပိုက်ချသူက ချ ၊ သစ်ပင်ပေါ် တက်ကာ ကြောင်ကို ရိုက်ချသူက ရိုက်ချဖြင့် ဟင်းတစ်နပ်စာ နှစ်နပ်စာ အတွက် လုပ်ခဲ့ဖူး၏ ။
‘ ဪ အသက်ချင်း ကိုယ်ချင်းစာသင့်ပါကလား ’
ကိုဆေးရိုးမှာ ရင်တွင်းက မြည်တမ်းရင်း မကျီးဒန်ကို လှည့်ကြည့်ရာ ၊ မကျီးဒန်က “ ပြန်ရအောင် ” ဟု ဆိုသဖြင့် ဆရာတော်ကို ဝပ်ချပြီး ထလာခဲ့လေ၏ ။ ကျောင်းဝိုင်းပြင်ဘက်သို့ ရောက်လျှင် လင်းကွင်းသံ တညံညံ ၊ သံချပ်သံ တညံညံဖြင့် ဖြတ်သွားသော ရေပက်ခံကားတစ်စီးကို လှမ်းမြင်လိုက်ရသည် ။ ဟေးခနဲ ဟေးခနဲ ညာသံပေးကာ ဝိုင်းပက်သော ကျောင်း သားများ၏ ကိုယ်မှာလည်း ရေများဖြင့် ရွှဲစိုနေ၏ ။
“ ကလေးတွေ ဆိုတော့လည်း သင်္ကြန်ကို ဘယ်တော့မှ မတက်စေချင်အောင် ပျော်ကြတာပဲနော် ”
မကျီးဒန်က နောက်မှ ကပ်လိုက်လာရင်း ပြော လိုက်သည်တွင် “ အေးပေါ့ဟာ ကလေးတွေ တင်လား ၊ လူကြီးတွေလည်း ပျော်ကြတာပဲ ။ ပုထုဇဉ် ဆိုတော့လည်း ဒုက္ခကို ဒုက္ခဘယ်မြင်ကြမလဲ ” ဟု ပြန်ပြောကာ လက်ကို ပါးစပ်ဆီသို့ မြှောက်ရွယ်လိုက်လေ၏ ။
သို့ရာတွင် ကိုဆေးရိုး၏ လက်မှာ လေထဲတွင် တန့်ရပ်သွားချေသည် ။ အဘယ်ကြောင့်ဆိုသော် စကားပြောနေသည့်ကြားက ပါးစောင်တွင် တရွရွ လာနားနေသော ယင်ကောင်ကို ပုတ်ချရန် လက်က ရွယ်လိုက်ခြင်း ဖြစ်၏ ။ သို့ရာတွင် ‘ ငါ့မှာ သီလကြီးနဲ့ပါကလား ’ ဟူသော သတိသမ္ပဇဉ်တရားက ဝင်လာ သည့်အတွက် လက်မှာ လမ်းခုလတ်တွင် တုံ့ဆိုင်းသွားရလေ၏ ။
သရက်ချင် ၊ လင်းပင်စု ၊ ပုရပိုက်တန်း စသော ရွာများမှ ကာလသားသူငယ်များသည်ကား လမ်းဘေးတွင် စဉ့်အိုးကြီးတွေချလျက် လာသမျှ လူသူ ၊ မြင်းလှည်း ၊ ကား စသည်တို့ကို ရေဖြင့် ဆီးကြိုကြလေသည် ။ ရမ်းဘိုကုန်းရွာ မရောက်မီ ခုတင်ကြီးစု ရွာပျက်ကုန်းတည်ရာ မန်ကျည်းပင်အုပ်ကြီး အစပ်သို့ ကိုဆေးရိုးတို့ သားအမိ သားအဖ သုံးယောက် ရောက်လာသောအခါတွင် မန်ကျည်းတောထဲမှ ညာသံပေးသံများ ထွက်ပေါ်လာလေ၏ ။ တစ်ဆက်တည်းပင် ခွေးသံများ ထွက်ပေါ်လာကာ စကားပြောသံများ ထွက်ပေါ်လာ၏ ။
“ အခါကြီးရက်ကြီးများ သူတို့မို့ သူများအသက်ကို သ,တ်ချင် ၊ ကြောင်လိုက်ချင်ရတယ်တော် ”
မကျီးဒန်က မန်ကျည်းပင် ညို့ညို့ကြီးများကို လှမ်းမျှော်ကြည့်ရင်း ညည်းတွားလိုက်သည်တွင်
“ မြောက်စုရွာက ကယ်ပါတေပါဟာ ။ သူတို့လည်း အန္ဓပုထုဇဉ်တေပဲ မဟုတ်လား ၊ ဟာ နင့်အမေကလွှား ”
ကိုဆေးရိုး၏ စကားမဆုံးမီ ချုံဖုတ်ကလေး တစ်ခု ဘေးတွင်ထောင်ထားသော ပိုက်ကို လွှားခနဲ ခုန်ကျော်လျက် တစ်တောင်ကျော်ကျော် ရှည်လျားသော တောကြောင်ကြီးတစ်ကောင်က ကိုဆေးရိုး ရှေ့သို့ ကျရောက်လာသဖြင့် ကိုဆေးရိုးမှာ လှမ်းကန်ရင်း စကားပြတ်သွားရာက ကြောင်ကြီး ဝင်ရောက်ပျောက်ကွယ်သွားရာ ကလိမ်ဆူးချုံကြီးသို့ လည်ဆန့်ငေးမော ကြည့်ရင်း ရေရွတ်လိုက်လေ၏ ။
“ ဝလိုက်တဲ့ တောကြောင်ကြီး ။ ဖီးလို့ဟ ။ မီးမြှိုက်ပြီး ဆီပြန်ချက်စားလိုက်ရရင် ရွှီး ”
ကိုဆေးရိုးမှာ ကျလာသော သွားရည်စကို ရှုံ့၍ သိမ်းရင်းဖြင့် အားရပါးရ အော်လိုက်ပြီးမှ ကွက်ခနဲ မျက်နှာပျက်သွားကာ မကျီးဒန်ကို ရှက်ကိုးရှက်ကန်း မျက်နှာဖြင့် လှည့်ကြည့်မိရှာလေသတည်း ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment