Sunday, July 12, 2026

ဒဏ်

❝ ဒဏ် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ကိုဆေးရိုးက သက်မချလျက် ပျိုးခင်းကို မျက်နှာ လွှဲလိုက်သည် ။ မင်ရည်လှိုင်းသဖွယ် ပြာမှောင်သိပ်သည်းသည့် မိုးတိမ်တိုက်များသည် တောင်မှ လိမ့်၍ လိမ့်၍ တက်လာလေ၏ ။ တစ်ပါတည်းပင် အေးမြ ချမ်းစိမ့်စိမ့် လေပြည်သည် ပါလာ၏ ။ မှန်ပြင်သဖွယ် ရေပြင်ကြည်လဲ့လဲ့တို့သည် လှိုင်းကြက်ဆုံ၍ မာန်ဟုန် ကြွလာကြသည် ။ လယ်ကွက်များ အတွင်းရှိ လေစုန် ကျရာ ကန်သင်းထောင့်တိုင်းတွင် ဖွဲ့စည်းခိုအောင်း နေကြသော အမှိုက်ဆွေးတို့သည် ဆောက်တည်ရာ မရသူအလား လူးလွန့်လှုပ်ရှားနေကြသည် ။ အချို့သည် ကန်သင်းပေါ်သို့ လွင့်စဉ်သွားကြသည် ။ အချို့ကား ကန်သင်းဖြင့် ရိုက်မိပြီး ပြန်လာသော ရေလုံး နောက်သို့ ကွဲပြားလိုက်ပါသွားကြရ၍ အချို့မှာမူ ကန်သင်းပေါ် ရောက်ချည် ၊ ရေထဲ ကျချည် ၊ ဟိုသည် ကူးချည်ဖြင့် ပြယ်စင် ကွဲပြား ဆောက်တည်ရာ ရှားနေ လေ၏ ။

“ မိုးတွေလာနေပြီဟေ့ ”

မြောင်းကြီးနှင့် ချုံတန်းများ ခြားနေသည့် မြောက်ဘက်လယ်ပွဲမှ ငဆယ်တို့ ညီအစ်ကိုတစ်တွေ၏ အော်ဟစ်သံသည် ထွက်ပေါ်လာ၏ ။ မရှေးမနှောင်းပင် မိုးလုံးကြီးများ ရွာချလာလေသည် ။ လေပါ ရောနှောက် နေသောကြောင့်လည်း ထန်းပင်များသည် အညာသူမ၏ ခါးညွှတ်ပြောင်းပုံကဲ့သို့ လည်းကောင်း ၊ ညောင်ပင်များသည် ယိမ်းသူမတို့၏ လက်ချိုး ကွေ့ဝိုက်ဟန်ကဲ့သို့ လည်းကောင်း လူးလွန့်ကြကုန်၏ ။ ကန်သင်းထောင့်များရှိ ဒိုက်သရောတို့သည် ပြင်းထန်သော မိုးလုံး၏ ဒဏ်ကြောင့် ဖွဲ့ယှက် ဆက်စပ်ထားသော ဒိုက်ပြင်သည် လုံးဝကွဲစဉ် လွင့်မြုပ်သွားရလေသည် ။ ၎င်းတို့အတွက် ဆောက်တည်ရာသည် လုံးဝပျောက်သွားခဲ့ရချေသည် ။ ဤနှယ် ဆောက်တည်ရာ ကင်းမဲ့ နေသူကား ကိုဆေးရိုးပင် ။

မိုးလုံးများသည် လောက်စာလုံး အသေးစားလောက်ပင် ကြီးမား၏ ။ သူ၏ ကျောပြင်သို့ အဆက်မပြတ် ကျရောက်လာသော မိုးလုံး၏ ဒဏ်ကို ကိုဆေးရိုးက မမှုပေ ။ နာကျင်သည် ၊ ကျိန်းစပ်သည်ကိုပင် ကိုဆေးရိုး မသိလေရော့သလား ။ တုတ်တုတ်မျှ မလှုပ် ။ ဆောင့်ကာဆောင့်ကာ တိုးလာသည့်လေသည် အားနှင့်အင်နှင့် ပြည့်ဝ၏ ။ ပြီးတော့ အရိုးသို့တိုင်အောင် အေးစေ၏ ။ ကိုဆေးရိုးကား အေးသည်ဟု မထင် ၊ ချမ်းသည်ဟု သဘောမထားရော့သလား ။ ကန်သင်းပေါ်မှာ ငုတ်တုတ်ကြီးသာ ထိုင်နေ၏ ။ မျှော်၍ မဆုံးနိုင်သော လယ်တောကြီး အတွင်းဝယ် သူတစ်ယောက်သာ ရှိလေသည့်နှယ် ။ ခပ်လှမ်းလှမ်းရှိ လက်ပံပင်အိုကြီးပေါ်တွင်ကား မိုးလေ၏ ဒဏ်ကို မည်သို့မျှ မတွန်းဖြို မကာကွယ်နိုင်သောကြောင့် သစ် ပင်ခွကြား၌ လည်စင်းငုံ့ခံနေရသော လင်းတအိုကြီး တစ်ကောင်၏ အဖြစ်သည် လည်းကောင်း ၊ အသွင်သည် လည်းကောင်း ကိုဆေးရိုးနှင့် ဘာမျှ မခြားပါ ကလား ။ တကယ်တွင် ကိုဆေးရိုး၏ ရင်တွင်း၌ မီးတောက်နေခဲ့ရသည် ။ မြိုးမြိုးမြက်မြက်ကလေး စားချင်၍ ဆိုင်းသမား လုပ်မိသူ၏ ငွေ ငါးကျပ် လျော်ရခြင်း ၊ ပေါ့ပါးစေလိုသဖြင့် ကြောင်ဆေးထိုးသူ၏ စုတ်ချက် စုတ်ဒဏ်ကြောင့် အိပ်ရာထဲတွင် လဲခြင်းသည် လည်းကောင်း ၊ ကိုဆေးရိုးနှင့် နှိုင်းစာလေပါက ရယ်ဖွယ်သာ ။

ပျိုးနုတ်ခ သက်သာမည် ။ မျိုးစပါးဖိုး အကုန်အကျ နည်းမည် ။ သယ်ရပိုးရ ပေါ့ပါးမည် ဆိုသောကြောင့် ထောင်ခဲ့သော အခြောက်ပျိုးသည် စိုက်ခါနီးမှ ပျိုးနုတ်ပေးမည့်သူ မရှိလောက်အောင် ပျိုးခင်းတစ်ခုလုံးကို မုန်ညင်းမြက်နှင့် ပုရွက်ဆိတ်တို့ မင်းမူနေလေသည် မဟုတ်ပါလော ။

စိုက်ခင်းများသည် ရေတဖွေးဖွေးနှင့် ပျိုးပင်ပျိုကလေးများကို စောင့်ကြိုနေလေပြီ ။ စိုက်ရန် ပျိုးပင်ကား ပျိုးခင်းထဲမှ ထွက်ခွင့် မသာ ။ ဝယ်၍ စိုက်လျှင်လည်း ဖြစ်နိုင်ပါ၏ ။ သို့ရာတွင် ယမန်နှစ်က ပျိုး ထောင်သူများ ၊ ပျိုးပိုများကို နွားရိတ်ကျွေးပစ်ခဲ့ရသဖြင့် သည်နှစ်တွင် ပျိုးထောင်သူ မရှိ ။ ထို့ကြောင့် ပျိုးရောင်းမည့်သူသည် အနီးအနား၌ မရှိ ။ ဘယ်လို လုပ်မည်နည်း ။ ဘယ်လို လုပ်မည်နည်း ။

ဤမေးခွန်းသည် သူ့ခေါင်းထဲ၌ ချာချာလည် ပေါ်ထွက်နေ၏ ။ မည်သို့ လုပ်မည်နည်း ဟူသော ပထမ မေးခွန်း တစ်ခု ပျောက်မသွားမီ နောက်တစ်ခု ထမ်မံ ပေါ်လာပြန်သည် ။ ဘယ်လို လုပ်မည်နည်း ။ မေးခွန်းများက ထပ်ဆင့် ဆင့်ကဲ ပေါ်ပေါက်လာပေသည့် ကိုဆေးရိုးက ဖြေဆိုနိုင်ခြင်း မရှိ ။ အခက်အခဲကို ဘယ်လို ဖြေရှင်းရမည်ဟူသော ဆုံးဖြတ်ချက်ကို ကြံစည်ဖော်ထုတ်ရန် မတတ်နိုင်ချေ ။ သို့သော် သူ တတ်နိုင်သည်ကား မျက်နှာပြင်မှ မိုးရေပေါက်များကို သပ်ချနိုင်ခြင်းနှင့် သက်မတစ်ချက်ကို မှုတ်ထုတ်နိုင်ခြင်းပေ ။

အကယ်၍သာ ကိုဆေးရိုးသည် စောစောပိုင်းက မိသားစု၏ စုပေါင်းတာဝန်ယူခြင်းကို တန်ဖိုးထားခဲ့လျှင် ၊ သည်အိမ်ထောင်မှာ ငါ လုပ်ချင်တာ လုပ်မည် ၊ အဲဒီလို လုပ်တာ မှန်သည် ၊ သား၏ အကြံပေးချက် ၊ မယားနှင့် သမီး၏ အကြံပေးချက်ကို လူရာသွင်းသည့် စိတ်မွေးခဲ့လျှင် သည်လို အကျပ်အတည်းနှင့် ရင်ဆိုင် ကောင်းမှ ဆိုင်ရမည် ။ သို့ရာတွင် ကိုဆေးရိုးက ယခု ထက်တိုင် အကျပ်အတည်းကို သူ တစ်ယောက်တည်း ဖြေရှင်းမည်ဟူသော လူစွမ်းကောင်းစိတ်ကို မွေးမြူလျက် ရှိပါသေးကလား ။ တကယ်တော့ လင်းတကြီးလို မှိုင်ကာ သက်မကို အခါခါချရုံမှ အပ ဘာမျှ မတတ်နိုင်သော လူစွမ်းကောင်းကြီးသာ ဖြစ်၏ ။

••••• ••••• •••••

“ ကိုဆေးရိုး ”

မကျီးဒန်က ဆန်ဆေးနေရာမှ ကိုဆေးရိုးကို လှမ်းခေါ်လေသည် ။ ကိုဆေးရိုးမှာ မကျီးဒန်ကိုလည်း မကြည့် ။ မကျီးဒန်၏ အသံကိုမှ မကြားပေ ။ အခြောက် ပျိုးထောင်နည်းကို ပေးသွားသော သူငယ်ချင်းကို လှမ်းမျှော်ကြည့်ရင်း အခြောက်ပျိုးစီမံကိန်းဝယ် နစ်မြုပ်နေသောကြောင့် မကျီးဒန်၏ ခေါ်သံကို မကြားနိုင်ခြင်းဖြစ်ပေ၏ ။

“ ကိုဆေးရိုး … ခေါ်တာများလည်း လှည့်ကြည့်ပါဦး တော်ရဲ့ ”

မကျီးဒန်က ငေါက်ဆတ်ဆတ် ငေါ့တော့တော့ဖြင့် အသံကိုမြှင့်ပြီး အော်လိုက်တော့မှ ကိုဆေးရိုး က ချာခနဲ လှည်ကြည့်သည် ။

“ ဘာလဲဟ ”

ကိုဆေးရိုးကလည်း ငေါက်ဆတ်ဆတ်ပင် ပြန်မေး၏ ။

“ တော့်အကောင် ပြောသွားတာကို တော်က အဟုတ်ကြီးမှတ်မနေနဲ့ ။ အဲဒီကောင်က အမြီးကျက် အမြီးစား ၊ ခေါင်းကျက် ခေါင်းစား ၊ လူပေါ်ကြော့နော် ။ အဲဒါကို အဟုတ်ထင်မနေနဲ့ဦး ။ တကယ်လို့ လုပ်ချင်သည့်တိုင်အောင် သည့်ပြင်မှာ မေးမြန်းစုံစမ်းပါဦး ”

“ ညည်း နားမလည်ပါဘူးအေ ”

မကျီးဒန်၏ မျက်နှာမှာ ချက်ချင်း တင်းမာသွားသည် ။ ဒီအပြောမျိုးကို နည်းနည်းမျှ မကြိုက် ။

“ နားမလည်လို့ စူးစူးစမ်းစမ်း လုပ်ပါ ပြောတာပေါ့ တော်ရဲ့ ။ နားလည်ရင် ဒီလိုဒီလိုလုပ် ၊ ဟိုလိုမလုပ်နဲ့လို့ ပြောမှာပေါ့ ”

မကျီးဒန်က လက်ထဲတွင် တင်ကျန်နေခဲ့သော ဆန်စေ့များကို ထမင်းအိုးထဲသို့ ဆောင့်ပက်လိုက်ပြီး နောက် ရေမှုတ်ကို ရေအိုးထဲသို့ ဆောင့်နှစ်ပြီး ခပ်လိုက်ပြန်ရာ လိုဏ်သံသည် ရေအိုးထဲမှ ပျံ့ထွက်လာသည်တွင် ကိုဆေးရိုးက အေးအေးသာသာ ပြောလေသည် ။

“ ငါလည်း ကလေးမှ မဟုတ်ပဲအေ ၊ ဒါလောက်တော့ သိတာပေါ့ ၊ ညည်းတို့မှာ ဆောင့်ဖို့ အောင့်ဖို့ လောက်ပဲ သိတာပဲ ”

“ ဟုတ်ပါတယ် ၊ တော်ပဲ သိပါတယ် ၊ တော်ပဲ တတ်ပါတယ် ”

“ ဟ ... စပါးဆယ်တောင်းထောင်ရတဲ့ လယ်ပွဲ တစ်ပွဲဟာ အခြောက်ပျိုးထောင်ရင် သုံးတောင်းလောက်ပဲ ထောင်ရမယ်ဆိုတော့ ခုနစ်တောင်းတောင် သက်သာနေတာ ။ ခုနစ်တောင်းဆိုရင် သုံးကျပ်ခွဲဈေး နဲ့ ငွေ ၂၄ ကျပ် ခွဲတောင်ဟဲ့ ”

“ တော့်ကို ကျုပ်က သက်သာတာ မသက်သာတာကို ပြောနေတာမဟုတ်ဘူး ။ ဒီကောင် ပြောသွားတာ ဟုတ် မဟုတ် ၊ ဖြစ်နိုင် မဖြစ်နိုင်ကို ပြောနေတာ ”

“ ဟုတ်တယ်အဖေ ”

ဘညိန်း၏ အသံတည်း ။ ဘညိန်းက လုံချည်ကို သုံးမြှောင့်ပုံ ချိုးလျက် ရင်ဘတ်မှာ စလွယ်သိုင်းပြီး ပတ်ထားသည် ။ သူက ရေခပ်ပြီး တဲနောက်ဖေးဘက်မှ ဝင်လာကာ ရပ်နားထောင်နေခြင်းဖြစ်၏ ။

“ လာပြန်ပလား တစ်ယောက် ၊ ဘာဟုတ်တာလဲ ”

ကိုဆေးရိုးက ဘညိန်းကို လှည့်ကြည့်ပြီး မာန်လေ၏ ။

“ ဟုတ်တယ် အဖေ ၊ အခြောက်ပျိုးထောင်တာကို ကျုပ်လည်း ကြားဖူးတယ် ။ တကယ်လို့သာ ကောင်းရိုးမှန်ရင် ဒီ့ပြင်လူတွေလည်း လုပ်ကြ ၊ ထောင်ကြမှာပေါ့ အဖေရ ”

“ ဟ ... တို့ရွာက အကောင်တွေရဲ့အကျင့်က သူများလုပ်မှ လိုက်လုပ်တဲ့ ဟာတွေဟ ”

ဘညိန်း၏ မျက်နှာမှာ ရှုံ့မဲ့သွားသည် ။

“ ဒီနည်းက မုန်းနားမှာ ကောင်းပေမဲ့ ကျုပ်တို့ ဆီမှာ မကောင်းလို့ ဖြစ်မှာပေါ့ ။ မနှစ်တုန်းက မိုးဝင်းရွာက လူတွေ အတော်များများပဲ အခြောက်ပျိုးထောင်ကြတာ ။ မုန်ညင်းကို မနိုင်လို့ ထွန်ပစ်ရသတဲ့ ”

သည်စဉ်တွင် တစ်ချိန်လုံး ချောင်ထဲတွင် ကုပ်ပြီး အဝတ်စုတ်များကို ဖာထေးစပ်ဟပ်နေသော ချောစိန်က ဝင်ပြောပြန်၏ ။

“ မတော်တဆ ပျက်စီးသွားမှဖြင့် အဖေရယ် ၊ စိုက်ခါနီးကြီးမှာ ဒုက္ခရောက်နေပါဦးမယ် ”

“ ညည်းတို့ပဲ ညည်းတို့အဖေကို ပြောကြပေတော့ ၊ ကျုပ်တို့တော့ ညည်းတို့အဖေက လူရာမသွင်းလို့ မပြောတော့ပါဘူး ”

မကျီးဒန်က ကိုဆေးရိုးကို ကျောခိုင်းလိုက်ကာ ထမင်းအိုးကို မီးဖိုပေါ်တင်လိုက်သည် ။ ကိုဆေးရိုးကမူ မကျီးဒန်ကို မည်သို့မျှ ခွန်းမတုံ့တော့ဘဲ မျက်စောင်း တစ်ချက် ထိုးရုံမျှသာ ထိုးလိုက်၏ ။ နောက်ဆေးလိပ်တိုကို ကောက်ကာ မရပ်မနား ဖွာနေလိုက်သည် ။

“ အခြောက်ပျိုးထောင်မယ့် အစား မြေသြဇာတစ်အိတ်လောက်ဝယ်ပြီး ပျိုးခင်းထဲမှာ ထည့်စမ်းကြည့်ရအောင်ပါ အဖေရာ ”

“ ဟယ် … တောက်တီးတောက်တဲ့ ပိုက်ဆံအပို ကုန်အောင် သမန်းပုပ်ထက် ဘယ်ဟာကမှ ပိုမကောင်းဘူးကွ ”

ပုစွန်စာပင်ပုပ် ၊ မြေဇာပင်ပုပ် ၊ ရွှံ့ပုပ်တို့ထက် ကောင်းမွန်သော မြေသြဇာ ရှိ ၊ မရှိကိုကား ဘညိန်းက မသိပေ ။ သူ သိသည်မှာ စပါးထွက် တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာခြင်းပင်ဖြစ်၏ ။

“ ဒါဖြင့်လည်း အဖေရာ ၊ အဖေ့ အခြောက်ပျိုးကြီးကို မေးစမ်းပြီးမှ လုပ်ပါ ၊ မတော်တဆ ထွန်ပစ်ရမှဖြင့် ”

“ မင့်ပါးစပ်ပုပ်ကြီးနဲ့ နိမိတ် မရှိတာတွေ မပြောစမ်းနဲ့ကွာ ”

••••• ••••• •••••

မိုးမှာ လျော့နည်းသွားသည် မရှိ ။ လျော့နည်းသွားမည့် အရိပ်အယောင်ကိုလည်း မတွေ့ရပေ ။ ခပ်ကြမ်းကြမ်းကြီးသာ ရွာချနေ၏ ။ လယ်ကွင်းပြင်ကြီး တစ်ခုလုံးမှာ ပိန်းမှောင်လျက် ။ မိုးသံလေသံများကသာ လွှမ်းမိုးနေချေ၏ ။

ကိုဆေးရိုးသည် ငန်းပြားကို ထမ်းလျက် မြောင်း ဘက်သို့ လျှောက်လာခဲ့၏ ။ သူက မြောင်းလက်တက်ထဲမှ မြေများကို ကော်ပြီး မြောင်းဝမှာ လေးငါးကော်ခန့် ပုံ၍ ဖိနင်းပစ်လိုက်သည် ။ မိုးကြီးချိန်၌ လယ်ရိုး တစ်လျှောက် စီးဆင်းလာသော ရေများသည်ပင် ကန်သင်း ကျိုးအောင် များပြားတတ်ရကား မြောင်းရေကို အဝင် မခံနိုင်ပေ ။

မြောင်းနှင့် ကပ်လျက်ရှိသော လယ်ကွက်ထဲမှ မြေစာခပ်များများကို ကော်ပြီး မြောင်းပေါင်ကို ထပ်မံ ဆင့်တားခြင်းဖြင့် နာရီဝက်ခန့် အချိန်ကုန်သွားပြီး နောက် အိမ်ပြန်ရန် ခြေဦးလှည့်လိုက်သည်နှင့် တစ်ပြိုင်နက် အောက်ဘက်မှ တက်လာသော လူတစ်ယောက်ကို မြင်သဖြင့် ချုံရိပ်ခိုကာ ရပ်တန့်နေလိုက်မိ သည် ။ မိုးထဲလေထဲ၌ မသဲမကွဲ မြင်ရသော ထိုလူမှာ ငန်းပြားကြီး ပခုံးမှာ ထမ်းထား၏ ။ ရေရှားပါးသည့် ကာလမဟုတ်ပါဘဲ ထိုသူသည် ငန်းပြားထမ်းပြီး ဘာကြောင့် မြောင်းရိုးတစ်လျှောက် လျှောက်လာရသနည်း ။

အချို့သူများသည် မိမိ လယ်ဘေးရှိ မြောင်းပေါင်များ ခိုင်ခံ့အောင် ပြုပြင်ရန် ပျင်းရိကြ၏ ။ ပုစွန်ပေါက် ၊ ကြွက်ပေါက်နှင့် မြွေလက်ပတ်ပေါက်ကိုမျှ မဖာချင် ။ နိမ့်နေသော ပေါင်ကို ဆင်ဖို့ မြှင့်ဖို့ကား ဝေးစွ ။ သို့ရာတွင် သူတို့ လယ်ထဲသို့ မြောင်းကျိုးကျမှာကိုကား အများနည်းတူ စိုးရိမ်ရကား ယခုလို မိုးကြီးသော ကာလ၌ မိမိ လယ်ထဲသို့ မြောင်းကျိုး မကျမီ အထက်ဘက်ရှိ လယ်များထဲသို့ မိမိက သွားရောက်ချိုးချ လိုက်ခြင်းဖြင့် ကာကွယ်ကြလေသည် ။ ဒီလို လူစားလား ဟူသော ရနံ့မကင်းစိတ်ဖြင့် ကိုဆေးရိုးက ချုံခို နေစဉ်တွင် ထိုသူက ကိုဆေးရိုး လယ်ထိပ်သို့ ရောက်လာ၏ ။

“ မစိုက်သေးဘူးလားဗျ ”

ထိုသူက ကိုဆေးရိုးကို မြင်မြင်ချင်း လှမ်း၍ မေးလေသည် ။ သူကား ဤမြောင်းအောက်ဖျားရှိ ရေမြုပ်ကွင်းမှ ဘသောင်းဆိုသူ ဖြစ်၏ ။ ရေမြုပ်ကွင်း ဆိုသည်မှာ ဧရာဝတီမြစ်ရေတက်လျှင် မြစ်ရေ အမြုပ်ခံရသော လယ်များကို ခေါ်လေသည် ။

“ မစိုက်နိုင်ပါဘူးကွာ ၊ ဒုက္ခရောက်နေလို့ ”

“ ဘာဖြစ်လို့လဲ ၊ ကောက်စိုက်မ မရလို့လား ”

ဘသောင်းက လိုလိုလားလားပင် ထပ်မံ မေးပြန်သဖြင့် ကိုဆေးရိုးက မဖြေချင့်ဖြေချင်နှင့် ဖြေရ၏ ။

“ အတတ်ဆန်းပြီး အခြောက်ပျိုးထောင်လိုက်တာ ပုရွက်ဆိတ်ကိုက်လို့ ပျိုးခင်းထဲတောင် မဆင်းဝံ့ဘူး ”

“ ဟုတ်ပေ့ဗျာ ၊ ပုရွက်ဆိတ်က သိပ်ဆိုးတယ် ။ အခုလို မိုးကြီးတော့လည်း ဖောင်ဖွဲ့နေတယ် ။ မိုးလည်း တိတ်သွားရော ပျိုးပင်ပေါ် ပြန်တက်တာပဲဗျ ။ မနှစ်တုန်းက ကျုပ်တို့ ရေမြုပ်ကွင်းမှာ အခြောက်ပျိုး တော်တော် နှိပ်စက်သွားတယ် ”

ရေမြုပ်ကွင်း ဆိုသည်မှာ ဟိုနားကလေးတင် ရှိသည် ။ သို့ပေမင့် ကိုဆေးရိုးက ရေမြုပ်ကွင်းမှ သတင်းကို မကြားပေ ။ အခြောက်ပျိုးနှင့် ပတ်သက်သော သတင်းပလင်းကို နားထောင်ရန် စနည်းနာရန်ကိုပင် ငြင်းဆန်ခဲ့၏ ။ မယားနှင့် သားသမီးတို့ပေးသော အကြံကို လုံးဝဖယ်ရှားခဲ့၏ ။ ကိုးကွယ်ဖို့ မဟုတ်တော့ဘဲ ပြတိုက်ထဲမှာသာ သိမ်းဆည်းထားဖို့ ကောင်းတော့သည် ။ လူစွမ်းကောင်း ဆန်ခဲ့မိသော ကိုဆေးရိုးက ခပ်မဆိတ်နေစဉ် ဘသောင်းက သတင်းတစ်ခု ပေးသွားသည် ။

“ တောတွင်ဘက်မှာတော့ ပျိုးဝယ်လို့ ရနိုင်တယ်လို့ မနေ့တုန်းက မိုးဝင်းက ကြားခဲ့တယ် ၊ သွားစုံစမ်းပါလား ”

ဖြစ်နိုင်၏ ။ ရေမြုပ်ကွင်း ဆိုသည်မှာ ပျိုးဝယ်လို့ ရမည့် နေရာကို အမြဲ စုံစမ်းနေရသည် မဟုတ်ပါလား ။

••••• ••••• •••••

“ စောင်ခြုံပေးပါ အမေရဲ့ ၊ ဟင်း .. ဟင်း ”

တစ်အိမ်လုံးတွင် ရှိသမျှ စောင်တွေသည် ဘညိန်း၏ ကိုယ်ပေါ်မှာချည်း ရှိနေသည် ။ ဘညိန်း၏ စိတ်ထင်နှင့် ခံစားရချက်မူ သူ့ကို လေတိုက်သည့်နေရာတွင် ကိုယ်တုံးလုံးထားသည် ထင်နေ၏ ။

“ စောင်တေ ခြုံထားပါတယ် သားရဲ့ ”

“ ချမ်းတယ်အမေ ... ဖိထားပါ ၊ အမယ်လေး ချမ်းတယ်ဗျ ”

ဘညိန်းမှာ တဟင်းဟင်း ညည်းညူလျက် တဆတ်ဆတ်တုန်နေသည် ။ မကျီးဒန် တစ်ကိုယ်လုံး တက်ဖိသော်လည်း ဘညိန်းမှာ ခိုက်ခိုက်တုန်လျက် ဖိထားပါရန် အော်ဟစ်နေလေ၏ ။ ဘညိန်းမှာ မနေ့မနက် ကတည်းက မြောင်းရေထဲတွင် ရေစိမ်ကျွဲကို တုပကာ ည ၁၂ နာရီအထိ ပျိုးသယ်ခဲ့သည့် ဒဏ်ကို ခံနေရခြင်းဖြစ်သည် ။

သူက တောတွင်ရွာသို့ ပျိုးစည်းများကို မြောင်းမကြီးထဲသို့ မျှောရန်အတွက် အရုဏ်တက်ကပင် သွားခဲ့၏ ။ ပျိုးစတင်မျှောရမည့် နေရာနှင့် ဆယ်ယူရမည့် နေရာမှာ သုံးမိုင်ခန့် ဝေးသည် ။ အပြောနှင့် နားကြားအားဖြင့် ပျိုးမျှောသည်မှာ အလွယ်ကလေး ။

ကိုယ်တိုင် မျှောသောအခါကျမှ ဘညိန်းက မလွယ်ကြောင်းသိရသည် ။ ပျိုးစည်းများကို မြောင်းထဲသို့ ပစ်ရစဉ်မှာပင် ဘွားခနဲ ဘွားခနဲ နှီးချက်ပြေထွက်သော ပျိုးများနှင့် နှီးချက်ပြတ်ထွက်သော ပျိုးစည်းများကို မြင်ရလေသည် ။ ပိုက်ဆံပေး ဝယ်ရသည်မို့ နှမြောသော်ငြားလည်း လေးငါးဆယ်ဆုပ်လောက် သာ ကြက်ကောက်သလို လိုက်လံ ကောက်ယူပြီး စည်းနှောင်နိုင်၏ ။ များလာသောအခါတွင် လက်လျှော့ လိုက်ရသည် ။ လူက ပန်းလာပြီကိုး ။

ပျိုးစည်းအားလုံး မြောင်းမကြီးထဲသို့ ပစ်ချလိုက်ပြီးနောက် ရွှံ့တွေကို ဆေးပစ်ကာ အဝတ်ခြောက်ကလေး ဝတ်လျက် ကုန်းပေါ်က လိုက်လာနိုင်သည် မဟုတ် ။ ပျိုးစည်းတွေ မျောသလို လူကလည်း ပျိုးစည်းတွေ နောက်က တရွေ့ရွေ့ ကပ်မျှောလိုက်ရသည် ။ ကမ်းဘေးရှိ မြက်ပင် ၊ ဆူးပင်များတွင် ကပ်ငြိနေလျှင် ဖြုတ်ပေးရသည် ။ ရေပြွန် ကျဉ်းကျဉ်း ရှေ့တွင် ဝဲလှည့်နေသော ပျိုးစည်းများကို တွန်းလွှတ်၏ ။ ရေပြွန်ကြီးကြီးထဲသို့ စုတ်ခနဲ ဝင်သွားသော ပျိုးစည်းကို မြင်လျှင် နှမြောစိတ်ဖြင့် မြောင်းပေါင်ကို ကျော်တက်ပြီး တစ်ဖက် မြောင်းလက်တက်ကြီးထဲသို့ ပြေးသွားရလျှင် မောသွားရသည် ။ မြောင်းလက်တက်ကြီးထဲတွင် ဘညိန်း၏ ပျိုးဆုပ်များသည် စီတန်းပြီး မျောနေသည်ကို တွေ့ရသောကြောင့်ပင် ။

“ ငါ ဒီနေရာကို မရောက်ခင် ပျိုးဆုပ်တွေ ဘယ်လောက်များ မြောင်းလက်တက်တွေထဲကို ဝင်ကုန်ပြီလဲ ၊ ရှေ့မှာကော ဘယ်လောက်တောင် ဝင်ကုန်ပြီလဲ ”

နှမြောစိတ်ကို မဖိနှိပ်လျှင် မဖြစ်တော့ချေ ။ လူတို့ လုပ်စာ မြေမှာ တစ်ဝက် ဟူသော စကားဖြင့်သာ ဖြေရတော့သည် ။ အချို့နေရာများ၌ ရေတံခါးဝ ၊ ရေပြွန်ဝသို့ ဦးစွာရောက်သော ပျိုးက ကန်လန့်ခံနေလျှင် နောက်မှ ရောက်လာပြီး ဘေးဖဲ့လာသော ပျိုးစည်းများဖြင့် ပြွန်ဝ ၊ ရေတံခါးဝတွင် ပိတ်ဆို့နေသည်ကို တွေ့ရ၏ ။ ဟိုပြွန်ဝင် ၊ သည်ကမ်းကပ်ဖြင့် ဖောက်ပြန်နေသော ပျိုးဆုပ်များက ဖောက်ပြန်နေစဉ်တွင် ကောင်း ကောင်းမွန်မွန် မျောနေသော ပျိုးဆုပ်များက မျောနေသောကြောင့်သာ တော်တော့သည် ။

နေဝင်ခါနီးမှ ပျိုးဆုပ်များ သယ်ယူသော နေရာသို့ ဘညိန်း ရောက်သွားသည်တွင် မျှောလိုက်သော ပျိုးဆုပ် နှစ်ထောင်အနက် ရှစ်ရာသာ ရောက်သည်ဟု ကိုဆေးရိုးက ဆီးကြို ပြောရုံသာမက ပေါ့လျော့ရမည်လားဟု မာန်မဲလိုက်သေး၏ ။ ဆယ်ယူပြီးသောအခါတွင် နှစ်မိုင်ခန့် ဝေးသော မိမိတို့ လယ်သို့ မြောင်းလက်တက်ကြီးအတိုင်း တစ်ဆင့် မျှောရပြန်သေးသည် ။ ကိုဆေးရိုးက အောက်မှ စောင့်ဆယ်စဉ် ပျိုးဆုပ်များ နောက်မှ လိုက်ရသော ဘညိန်းမှာ ရင်းတားလုပ်သော ငုတ် ၊ ကလိမ်ချုံ ၊ ကင်ပွန်းချုံတို့နှင့် ကြိတ်မိသဖြင့် သွေးစက်စက်ယိုခဲ့ရ၏ ။ ကိုယ်လုံးအနှံ့ နာကျင်ခဲ့ရသော်လည်း မြောင်းလက်တက်ထဲတွင် မျှောသည့် အတွက် ပျိုးနှစ်ရာသာ ပျောက်ဆုံးသောကြောင့် တော်သေးသည်ဟု ဆိုရပေမည် ။

“ ရေငတ်တယ် အမေ ၊ ရေ ... ရေ ”

ဘညိန်းမှာ နေထန်းတစ်ဖျားလောက်က စပြီး အဖျားတက်ခဲ့ရာ ဆွမ်းခံပြန်ချိန်လောက်ကျမှ အဖျား ကျပြီး ရေတောင်းနိုင်လေသည် ။ ရေသောက်ပြီး နောက် အပူပြန်ကာ ခန်းလုံးပြည့်အောင် လူးလှိမ့်နေ ပြန်လေ၏ ။ အကယ်၍ ဘညိန်းသာ မဖျားလျှင် ယခု အချိန်၌ လျော့နည်းနေသော ပျိုးများ သယ်ယူရန် အတွက် တောတွင်ရွာသို့ လှည်းဖြင့် ရောက်ရှိနေရော့မည် ။ မကျီးဒန်သည်လည်း ကိုဆေးရိုးကို ကူညီလျက် လယ်ထဲတွင် အလုပ်များနေရပေမည် ။ ယခုမူ ကောက်စိုက်မများကို ချောစိန်တစ်ယောက်တည်းသာ ပျိုးရွေးပေးရန် ၊ ဆေးကွမ်း လက်ဖက်တည်ရန် စသော ဗာဟီရများ လုပ်ကိုင်ပေးနေရပြီး ကိုဆေးရိုးက ရေ မျှောလျှင် ပျောက်ဦးမည် စိုးသည့်အတွက် တောတွင်မှ ပျိုးများကို လှည်းဖြင့် သွားရောက် တင်ဆောင်နေရလေသည် ။

ဘညိန်း အပူပြန်ကျသွားချိန်၌ မှောင်နေပေပြီ ။ ဘညိန်း အနား၌ ချောစိန် တစ်ယောက်သာရှိ၏ ။ မကျီးဒန်မှာ ကိုဆေးရိုး ထမင်းစားပြန်လာလျှင် စားရန် ထမင်းပြင်ထားခဲ့ပြီး နွားကျွေးရန်အတွက် နွားတင်းကုပ်တွင်း၌ အလုပ်များနေသည် ။

“ ဗျို့ … မကျီးဒန် ”

အိမ်ရှေ့မှ ခေါ်သံကြားသောကြောင့် ဘညိန်းက ခေါင်းထောင်ကြည့်မိ၏ ။ တောင်ပိုင်း ဆယ်အိမ်မှူး ကိုဘမော်၏ အသံတည်း ။

“ တော် ”

“ မီးခွက် ထွန်းခဲ့ဦး ၊ ကိုဆေးရိုး ရှားပင်ပေါင်းနားမှာ လှည်းမှောက်ပြီး မေ့နေတာကို အုန်းတောက လူတွေက တွေ့လို့ လာပို့တယ် ”

“ ဟင် ”

ကိုဆေးရိုးမှာ လှည်းမှောက်ရုံသာမက လက်ဝဲဘက်လက်လည်း ကျိုးသွားသေးသည် ။ ယမန်နေ့ညက တစ်နာရီမျှသာ အိပ်ခဲ့ရသည့်အတွက် ပျိုးဆုပ်များကို တင်ပြီး ပြန်အလာတွင် အိပ်ငိုက်မိခဲ့၏ ။ လယ်ထဲ ဆင်းလာကတည်းက ပစ်ထားခဲ့ရသော လှည်းက စတင် သုံးလျှင် သုံးချင်း လှည်းနားစောင့် ပြုတ်ထွက်သည်ကို ကိုဆေးရိုးက မသိသည်သာမက လှည်းပုံ တောင်း ( ပတောင်း ) ထဲမှ လှည်းဝင်ရိုး ကျွတ်ပြီး လှည်းကြီး မှောက်သွားကာ လန့်နိုးခဲ့၏ ။ ကိုဆေးရိုးမှာ အသိနောက်ကျခဲ့သည် ။ လျှပ်တစ်ပြက် အတွင်းမှာပင် သူ့ခေါင်းမှာ မြေပြင်နှင့် ရိုက်မိပြီး ကိုဆေးရိုးမှာ မေ့မြော သွားခဲ့ရခြင်းဖြစ်ပေ၏ ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment