❝ အရိပ်တစ်ခု၏ ကောက်ကြောင်း ❞
( ဆွေဇင်ဦး )
ဖေဖေ့ကို သည်မျှ ရက်စက်လိမ့်မည်ဟု “အေး” မထင်မိ။
ဖေဖေ့ အသည်းနှလုံးသည် “အေး” တို့ ဘက်ခြမ်းမှာ စိမ်းကားနိုင်သလောက် ဟိုတစ်ဖက်မှာတော့ နွေးထွေးခိုင်မာနေလေပြီ။
ဘာကြောင့်များလဲ ဖေဖေ...။
နှစ်ကာလကြာရှည်တည်ဆောက်ထားခဲ့သော အသိုက်အမြုံတစ်ခု ရှိရဲ့သားနှင့် နောက်ထပ် အသိုက်တစ်ခု ထပ်မံ တည်ဆောက်လိုခဲ့ခြင်းသည် ဘာကြောင့်များလဲ “အေး” သိချင်မိ၏။
အရွယ်ရောက် သမီးပျိုလေးများရှိသောယောက်ျားတစ်ယောက်သည် သမီးတို့၏ မျက်နှာကို မငဲ့ကွက်၊ မထောက်ထားခဲ့သလို အေးတို့လည်း ဖေဖေနှင့် ထပ်တူ သွေးအေးရက်စက်တတ်လျှင် ကောင်းလှပေမည်။
သွားမည့်သူကို တားခဲ့သူ မရှိတာ မတားချင်၍တော့ မဟုတ်ခဲ့ပါ။ မတားရဲခြင်း သာဖြစ်ပါ၏။ အစဉ် လေးစားချစ်ခင်ခဲ့ရသည့် ဖေဖေ့ကို “အေး” ကဲ့သို့ ညီမလေးသည်လည်း မတားရဲခဲ့ပါ။ စိတ်မာသော “အေး” က ရင်တွင်း ဗလောင်ဆူအောင် ခံစားနေရပေမယ့် မျက်နှာတစ်ချက် မပျက်ခဲ့ခြင်းသည် ဖေဖေ့ကို မချစ်၍တော့ မဟုတ်ခဲ့ပါ။ “အေး” အတွက် ဖေဖေသည် တာဝန်ကျေသော ဖခင်ကောင်း တစ်ယောက်ဟု မှတ်သားထားမိသောအတိတ်ကို လွမ်းမိတသရင်း ဆို့နင့်ကြေကွဲခဲ့ရသည်ကလည်း အမှန်ပါ ဖေဖေ။
••••• ••••• •••••
“လိုချင်တာယူသွား” ဟု ဆိုသော မေမေ၏ စကားသည် ဘယ်သို့သော ရပ်ဝန်းမှ လာသည်လဲ “အေး” သိပါသည်။ နာကျင်ခြင်း၊ ရှက်ရွံ့ခြင်း၊ မခံချိမခံသာဖြစ်ခြင်းများဖြင့် တင်းဆဲ ကြိုးတစ်ချောင်းကို မေမေသည် အစိမ်းလိုက် ဖြတ်တောက်နိုင်မည် မဟုတ်ပါ။ ချန်ရစ်ခံရသူ မေမေ၏ နှလုံးသားသည် သန့်စင်ကြည်လင်သလောက် ထားရစ်ခဲ့သူ ဖေဖေ၏ နှလုံးသားကတော့ ရမ္မက်တစ်ခု၏ လောင်းရိပ်အောက်တွင် အမှောင်ဖုံးနေပေလိမ့်မည်။
တစ်သက်တာလုံး အပြီး ပြန်မလာတော့မည့် သူလို သူ ပိုင်ဆိုင်ရာ မှန်သမျှ ထုပ်ပိုးသိမ်းဆည်းနေခဲ့သော ဖေဖေ့ကို “အေး” မေးခွန်း တစ်ခု မေးခဲ့မိပါသည်။ “အေး” ၏ မသိသား ဆိုးရွားမှုကို ခွင့်လွှတ်ပါဟုတော့ မတောင်းပန်ချင်ပါ။
“အဲဒီ့မိန်းမကို ဖေဖေ သိပ်ချစ်သလားဟင်”
“သမီး” ဟု ဖေဖေ့ခေါ်သံမှာ အထိတ် တလန့်နိုင်လွန်းလှ၏။ “အေး” ဖေဖေ့ကို ခပ်တည်တည်ပင် စိုက်ကြည့်နေမိသည်။ “အေး” ကို ပြန်လည်စိုက်ကြည့်ရင်း ဖေဖေ သက်ပြင်းချလိုက်သည်။
“သမီးအသက်အရွယ်ဟာ ပြဿနာ တစ်ခုရဲ့ အတိမ်အနက်ကို ခွဲခြားနိုင်ဖို့ သိပ် ငယ်ပါသေးတယ်။ လူကြီးတွေကိစ္စမှာ သမီး ဝင်မပါချင်ပါနဲ့”
လူကြီးတွေကိစ္စဟု ဘာကြောင့်များ ပြောခဲ့ရပါလိမ့် “အေး” ချစ်ရသော ဖေဖေ။ ဖေဖေ၏ လူကြီးတို့ကိစ္စသည် “အေး” တို့ကို တိုက်ရိုက် လောင်းရိပ်ကျစေခဲ့သည်ကို လူကြီးတစ်ယောက် ဖြစ်သော ဖေဖေ မသိ၍တော့ မဟုတ်နိုင်ပါ။ လူမှုပတ်ဝန်းကျင်အလယ်မှာ “အေး” တို့ ညီအစ်မ တံတွေးခွက်ထဲ ပက်လက်မျောရမှာကို ဖေဖေ မသိခဲ့လေသလား။ သို့တည်းမဟုတ် ဖေဖေသည် အရာအားလုံးကို သိသိကြီးနှင့်ပင် ကြီးမိုက် မိုက်သွားခဲ့လေ သည်လား “အေး” လည်း မတွေးတတ်တော့လေပြီ။
••••• ••••• •••••
“အေး” ငယ်စဉ်ကပင် ဖေဖေနှင့် မေမေ စိတ်ဆိုးစိတ်ကောက်တာ၊ ဒေါသတကြီးနှင့် ခွန်းကြီးခွန်းငယ်စကားများ ရန်ဖြစ်တာ တစ်ခါမှ မတွေ့ခဲ့ရပါ။ ဖေဖေ အပြင်မှ အိမ်သို့ ပြန် ရောက်လျှင် မေမေကောဟု မေးတတ်သလို မေမေ ပြန်လာတိုင်းလည်း ဖေဖေ မရောက်သေးဘူးလား ဆိုကာ မေးမြန်းတတ်မြဲ။ ချစ်ခြင်းမေတ္တာ ခိုင်မြဲ၍ တစ်ယောက်ကို တစ်ယောက် အကြင်နာကြီးခဲ့သော ဖေဖေတို့ ကြားထဲ ဟို မိန်းမသာ ဝင်မလာခဲ့လျှင် “အေး” တို့ဘဝ သာယာမြဲသာယာနိုင်ခဲ့မည်။
ဆင်းဆင်းရဲရဲဘဝနှင့် လက်တွဲညီခဲ့သော အိမ်ထောင်တစ်ခုကို ချမ်းသာသော ဘဝရောက်မှ အက်ကြောင်းထင်စေခဲ့သူ ဖေဖေသည် ချမ်းသာသည့် ဘဝကို မခံနိုင်ဟု “အေး” ဆိုလျှင် “အေး” ကို ဖေဖေ ဒေါသထွက်နိုင်ပါသည်။ ထိုမိန်းမနှင့် ဖေဖေ ဇာတ်လမ်းစ နေသည်ကို မေမေ အပါအဝင် မည်သူမှ မရိပ်မိခဲ့ပါ။ အပြင်မှာ စမော (လ်) ဆွဲနေသော ဖေဖေသည် မေမေ့အား ကြင်နာမြဲ ကြင်နာခဲ့ပါသည်။ “အေး” တို့ ညီအစ်မကိုလည်း ချစ်ခင်စွာပင် အလိုလိုက်မြဲ။ ထိုသို့ ဖေဖေ ဟန်ဆောင်ကောင်းခဲ့ခြင်းသည် မေမေနှင့် သမီးများကို စိတ်မဆင်းရဲစေချင်သည့်အတွက် ဟူ၍တော့ “အေး” မထင်ပါ။ ထို့ထက် သေချာသော အကြောင်းပြချက် ကောင်းကောင်း ဖေဖေ့မှာ ရှိနေနိုင်ပါသည်။
ဖေဖေ၏ ဇာတ်လမ်းကို သိပြီးနောက် မူးမေ့လဲကျမတတ် ဒေါသများဖြင့် မေမေ လောင်ကျွမ်းခဲ့ရတော့သည်။
“သမီးတို့ ကြားသွားပါမယ်ကွာ။ ကိုယ် မင်းတို့ကို ခွဲမသွားနိုင်ပါဘူး။ ကလေးတွေ သိရင် စိတ်ဆင်းရဲနေပါ့မယ်” ဟူသော ဖေဖေ၏ အပျော့ဆွဲ ချော့မော့ ဖျောင်းဖျမှုကို လက်သင့်ခံလျက် မေမေ ကျိတ်ကြေကွဲနေသည်ကို “အေး” သိခဲ့ပါသည်။ အပျော်ပါဟု နှုတ်က ဝန်ခံခဲ့သော်လည်း ဖုန်းတစ်ချက်လာရုံနှင့် ဖေဖေ ပျာယာခတ်သွားမြဲ။ “အပြင်ခဏ” ဟု ထွက် သွားတတ်သော ဖေဖေ ညဉ့်နက်မှ ပြန်လာသည်အထိ မသိချင်ယောင် ဆောင်ပြီး မေမေ စောင့်စားတတ်ခဲ့သည်။
ခြေရှုပ်နေသော ယောက်ျားကို အရင် အတိုင်း ဆက်ဆံနိုင်အောင် ကြိုးစားနေသော မေမေ၏ ပုံရိပ်က သနားကြင်နာစရာ ကောင်းလှပါတော့သည်။ သမီးနှစ်ယောက်၏ စိတ်တွင် ဒဏ်ရာများ မခံစားစေလို၍ မေမေသည် ဖေဖေ့ကို ခွင့်လွှတ်ပေးခဲ့ပါသည်။ အပျော်ရှာတာပဲ၊ ရှိစေတော့ဟူ၍တော့ စိတ်တုံးတုံးချ ပိုင်းဖြတ်နိုင်စွမ်းတော့ ရှိမည် မထင်။ တင်း သည်လည်း မဟုတ်၊ လျော့သည်လည်း မဟုတ်သော ကြိုးတစ်ချောင်းဖြင့် ဖေဖေ့အား နှောင်ဖွဲ့ရန် ကြိုးစားခဲ့ရှာသော မေမေ...။
ယခုတော့ဖြင့် ထိုကြိုးကလေး ထောင်းခနဲ ပြတ်တောက်သွားလေပြီ။
ဖေဖေ ကိုယ်တိုင် ဖြတ်တောက်ခဲ့သော ကြိုးတစ်မှာ အေးတို့ ညီအစ်မ၏ အသည်းနှလုံးနှင့် မေမေ၏ အသည်းနှလုံးတို့မှာ အလဲလဲအကွဲကွဲ။ ဒဏ်ရာဗရပွနှင့် သွေးချင်းချင်းနီနေသော အေးတို့၏ နှလုံးသားများကို ဖေဖေကတော့ မြင်နိုင်လိမ့်မည် မဟုတ်တော့ပါ။
••••• ••••• •••••
ဖေဖေ ဟူသော အရိပ်တစ်ခု မရှိတော့သည်နှင့် ဘဝကြီးက လှပမှု မရှိတော့သလို။ မေးငေါ့၊ အတင်းဆိုသူများ ကြားမှာ အေးတို့ အရိပ်မဲ့စေအောင် ဖေဖေမို့ ထားရက်ခဲ့သည်။ ဖေဖေဟု ငတ်မွတ်စွာ ခေါ်ဆို မြည်တမ်းမိရင်း ရင်အစုံတို့ ကြေပြုန်းရတော့သည်။
အသိုက်ဟောင်းမှ ထွက်ခွာ၍ အသိုက်သစ် ဆောက်သွားသော ဖေဖေ၏ ရက်စက်မှုကို အံကြိတ်ခံရင်း မေမေ၏ ဘဝသည် ပျော်ရွှင်မှုကင်းမဲ့ချေတော့မည်။ ဟန်ဆောင် ရယ်ပြုံးသော မျက်နှာတစ်ခုသည် အသက်မဲ့ နေသည်ကို မေမေ သိရဲ့လား။ မေမေ၏ ကျရှုံးသွားသော မိန်းမသားတစ်ယောက်၏ ဘဝ၊ နှလုံးသားတို့ကို “အေး” ဖေးမပေးချင်သည်။ အေးတို့ဘက်မှာ ရှိသည့် သံယောဇဉ်ကြိုးသုံးခုဖြင့် ဖေဖေ့ကို ပြန်လည် ဆွဲဆောင်လိုပါသည်။
ဟိုမိန်းမကို ဖေဖေ လက်မှတ်ထိုး၍ လက် ထပ်မည်ဟုတော့ “အေး” မထင်ပါ။ ရုတ်တရက် ကောက်ကာငင်ကာ လမ်းခွဲ ထွက်ခွာသွားသော ဖေဖေကို မေမေသည်လည်း မတားခဲ့။ အေးတို့ ညီအစ်မလည်း မတားရဲခဲ့ခြင်းသည် မှားများသွားပြီလား။ အေးတို့သာ ဖေဖေ မသွားပါနှင့်ဟု ငိုယိုတောင်းပန်ခဲ့လျှင် ဖေဖေ သည်လောက်အထိ ပြတ်တောက်နိုင်မည်မထင်။ နဂိုကတည်းကပင် ထိုမိန်းမကို အပျော်ပါဟု ဖေဖေ ဝန်ခံထားခဲ့သည်ပဲ။ ရုတ်တရက် အကျပ်ကိုင်မှု တစ်ခုခုကြောင့် မိသားစုဂုဏ်သိက္ခာ ကျဆင်းမှာကို စိုးရိမ်ပြီး ဖေဖေထွက် သွားခဲ့သည်လား။ ထိုသို့ တွေးမိပြန်တော့ “အေး” အသက်ရှူမြန်လာသည်။ မျှော်လင့်ချက်များ တစ်ဖန်တောက်ပလာသည်။ ဖေဖေ၏ အခက်အခဲကို ဖွင့်ပြောစေ၍ တစ်ဖက်ကို လျော်ကြေးပေးနိုင်မည်ဆိုလျှင် အေးတို့ ဖေဖေ့ကို ပြန်ရနိုင်ပေမည်။
ယောက်ျားတကာနှင့် ပတ်သက်ဆက်ဆံနေသော အပျော်မယ် တစ်ယောက်အတွက် မိသားစု အရှက်ရလျှင်လည်း ရှိပါစေတော့။ ဖေဖေ့ကို ပြန်ရလျှင်ပဲ အေးတို့ အတွက် ကျေနပ်စရာ ကောင်းလှပါမည်။
••••• ••••• •••••
ချောင်ကျသော ရပ်ကွက် တစ်ခုမှာ ဖေဖေနှင့် ထိုမိန်းမ နေသည်ကို သိရတော့ “အေး” အံ့သြရပြန်သည်။ ဖေဖေ ချမ်းသာ၍ အမိဖမ်းထားသော မိန်းမသည် ယခုလို ချောင်ကျသော ရပ်ကွက်ထဲမှာ နေသည်တဲ့လား။ ကြာကြာ မစုံစမ်းရ။ အေး သိချင်သော အကြောင်းများကို အခမဲ့ စုံစမ်းပေးသူတွေ များလှ၏။ ဖေဖေနှင့် မြဝတ်ရည်သည် ဤရပ်ကွက်ထဲတွင် နေလာခဲ့သည်မှာ ခြောက်လခန့်ရှိပြီဟုဆိုသည်။ ဖေဖေ အိမ်မှ နှစ်ရက်ခန့် ပျောက်သွားတတ်သော ရက်များကို အေး အမှတ်ရမိသည်။ ခရီး ထွက်စရာရှိသည်ဟု ဆိုကာ တစ်လကို နှစ်ကြိမ်ခန့် သည်အိမ်မှာ လာနေခဲ့ခြင်းဖြစ်မည်။
ရပ်ကွက်ထဲက လူတွေက သားအဖဟု ထင်ရလောက်အောင် ဖေဖေ့အသွင်နှင့် သူ့ မိန်းမအသွင်က ကွာခြားပါဘိ။ မင်းသမီးတမျှ ချောမောသော မြဝတ်ရည်၏ ချေးအထပ်ထပ်နှင့် ပိုးထိုးလောက်ကိုက်နေသော စိတ်ကိုတော့ ရပ်ကွက်တွင်းမှ လူတို့က သိမည် မထင်ပါ။
နောက်ဆုံး သိလိုက်ရသည့် အကြောင်းကတော့ အေးကို မူးမေ့လဲကျစေမတတ်။ သွားပါပြီ...။ အေး၏ ရည်မှန်းချက်များ သဲထဲရေသွန် ဖြစ်ရပါတော့မည်။ အေးရင်ထဲမှ တစ်စုံတစ်ရာကို ဆွဲနုတ်ခံရသလို အေးမှာ မချိမဆံ့ပင် ခံစားနေရတော့သည်။ ဖေဖေ၏ မိန်းမ သမီးလေးမွေးသည့်အတွက် ဖေဖေ အေးတို့ကို ထားခဲ့သည်လား။
ဖေဖေရယ်..အေး ဘာကိုမှ မသိရမယ့် ကမ္ဘာတစ်ဖက်ကို ခဏလောက် ပြေးထွက်သွားလိုက်ချင်ပါရဲ့။
“ဖေဖေချစ်ဖို့ အေးတို့ ညီအစ်မနဲ့တင် မလုံလောက်ဘူးလား” ဟု ဖေဖေ့ကို မေးချင်မိသည်။
“ဖေဖေ... အပျော်ပါဆို ..”
“ကလေးတွေ စိတ်ဆင်းရဲနေမည်ကို စိုးရိမ်ပါသည်ဆို..”
လက်မှတ်ထိုး လက်ထပ်ထားလိမ့်မည်ဟု မထင်ခဲ့သော အေးသည် မိန်းမတစ်ယောက် အပြင် သမီးတစ်ယောက်ပါ တိုးနေပြီဟု သိလိုက်ရသောအခါ ဘာဆက်လုပ်ရမည်မှန်း မသိတော့ပါ။ တစ်ခဏ အတွင်းမှာပင် အေး၏ ခြေအစုံသည် မြေကြီးနှင့် မထိတော့သလို။ ဤမှာဘက်က သံယောဇဉ်ကြိုးများကို ဖြတ်တောက်သွားခဲ့ခြင်းသည် ဟိုတစ်ဖက်က ကြိုး ကလေးတစ်ချောင်းအတွက်ဟု အေး ရင်နင့်စွာ သိလိုက်ရပြီ။
အေးနှင့် မေမေတို့ ပိုင်ဆိုင်ခဲ့သော ဖေဖေ၏ သံယောဇဉ်ကြိုးသည် ပိုးကြိုးကလေး တစ်မျှင် ဆိုလျှင် ဟိုတစ်ဖက်ကတော့ သံမဏိကြိုးမျှင်လေးပင် ဖြစ်ပေလိမ့်မည်။
ဇရာအို မဆိုသာသေးသော်လည်း အရွယ်လွန် ဖခင် တစ်ယောက်၏ ပျော်ရွှင် ချမ်းမြေ့ခြင်းကို ဖေဖေ လိုချင်ခဲ့သည်လား။ သို့တည်းမဟုတ် မလိုချင်ပါဘဲနှင့် ရခဲ့သည်လား။ ယောက်ျားတစ်ယောက်အဖြစ်၊ ဖခင်တစ်ယောက်အဖြစ် ဖေဖေ တာဝန်ကျေချင်၍ အေးတို့ကို တာဝန်မဲ့ခဲ့ခြင်းလား။ အေး၏ မေးခွန်းပေါင်းများစွာကို ဘယ်သူကများ ရေရာစွာ ဖြေပါ့မည်လဲ။
အခုချိန်မှာ ဖေဖေ ပျော်နေသည်လား၊ အသိုက်အမြုံအဟောင်းက ဇနီးနှင့် သမီးများကို လွမ်းဆွတ်နေလေသည်လား “အေး” တကယ်ပဲ သိချင်လှပါသည်။
••••• ••••• •••••
မည်သည့် သစ်ပင်ကြီးငယ်မှ မရှိသော အိမ်ခြံဝင်းသည် အေး၏ မျက်ဝန်းထဲမှာတော့ ကန္တာရဆန်လှပါ၏။ သည်လိုပဲ ဖြစ်ရမည်လေ။ အိုအေစစ်ဘဝထဲကနေ မိုက်မိုက်မဲမဲ စွန့်ခွာသွားသူ၏ ဘဝသည် ကန္တာရဆန်နေမှာ မဆန်းလှပါ။ သည်လိုဆိုတော့လည်း ဖေဖေ့ အတွက် “အေး” ဝမ်းနည်းမိပြန်ပါသည်။
အေးသည် အိမ်ကလေးကို အကဲခတ်ရင်း အသံမပေးဘဲ အိမ်လှေကားကို နင်းဖြတ်ခဲ့သည်။ သေးငယ်ပေမယ့် အိမ်ကလေးက ခိုင်မာတောင့်တင်းပုံတော့ ရပါသည်။ အိမ်ပေါ် ဆင့်ကို အေး ရောက်သည်အထိ လူရိပ်လူယောင် မမြင်ရ။ အိမ်ကလေးကို အကဲခတ် မိပြန်တော့ ပရိဘောဂဇိမ်ခံပစ္စည်း ဟူ၍လည်း မတွေ့ရ။ ဖေဖေ ချို့ချို့ငဲ့ငဲ့ နေ,နေရှာသည်။
တစ်ခုတည်းသော အိပ်ခန်းထဲမှ အဲ့ခနဲ ကလေးသံလေး ကြားရသောအခါ အေး တုန်သွားမိသည်။ ရင်ထဲမှာ တဒိတ်ဒိတ် ခုန်လျက် အခန်းရှိရာသို့ ခြေဖွနင်းသွားမိသည်။ ပွင့်ဟနေသော အိပ်ခန်းထဲမှာ ဖေဖေ့ကို ဘယ်လို ပုံစံနှင့် တွေ့ရမည်လဲ။
“အေးငြိမ်းသာ” ဆိုသော တိုးဖွဖွ ချိုလွင်လွင် အသံက တုန်ခိုက်လျက်။ ပြူးဝိုင်းနေသော မျက်ဝန်းလေးများဖြင့် အေးကို အထိတ်တလန့် ကြည့်နေသော မြဝတ်ရည်။ သူမသည် အေးကို ကြည့်နေရင်းပင် အသားတွေ တဆတ်ဆတ် တုန်နေသည်။ အေးသည် ငိုချတော့မလောက် မျက်နှာပျက်ယွင်းလျက် အေးကို စကားမဆိုနိုင်သူကို ဂရုမစိုက်နိုင်ဘဲ အခန်းထဲသို့ ဝင်သွားလိုက်မိသည်။
မြဝတ်ရည်၏ ရင်ခွင်ထဲမှ နီထွေးထွေး ကလေးလေးသည် အေးကို ညှို့ယူဖမ်းစားနေသည်။
“ကြည့်စမ်း...ဒါ ဖေဖေ့ သမီးတဲ့။ အေးရဲ့ အေးရဲ့ ညီမလေး ..။ အို ဟင့်အင်း ...၊ ဒါ ဖေဖေ့ သမီးပေမယ့် အေးနှင့် မည်သို့မှ မပတ်သက်။ ဘာမှမဆိုင်...”
တကယ်တော့ သူသည် အေး၏ ရန်သူပဲ။ သူ့ကြောင့်..သူ့ကြောင့်သာ မဟုတ်လျှင် ဖေဖေ့ကို အေးတို့ ခွဲခွာရမှာ မဟုတ်။
အေး မျက်ဝန်းထဲမှာ မျက်ရည်များ ပြည့်အိုင်လာသည်။
“မငိုပါနဲ့... မငိုလိုက်မိပါစေနဲ့။ “အေး” လေ...မြဝတ်ရည်လို မိန်းမတစ်ယောက် ရှေ့မှာ မျက်ရည် မကျပါရစေနဲ့”
အို...ဖေဖေ...။ ဘယ်မှာများလည်း ဖေဖေရယ်။ အေးသည် ဖေဖေ့ကို တွေ့ချင်၍ လာခဲ့ပေမယ့် ဖေဖေ၏ သမီးလေးကိုသာ တွေ့ လိုက်ရပါသည်။ မြဝတ်ရည် လက်ထဲမှ ကလေးလေးသည် အေးကို အပြစ်ကင်းစွာ ကြည့်နေတော့...။
အေး၏ မျက်ရည်တစ်ပေါက်သည် ကလေးငယ်၏ လက်ဖမိုးပေါ်သို့ ကျသွားခဲ့လေသည်။
••••• ••••• •••••
အေးသည် အားလုံးအပေါ် အရှုံးပေး လိုက်ချင်တော့သည်။ ဟင့်အင်း...တကယ်တော့ ဒါသည် အရှုံးမဟုတ်။ ခွင့်လွှတ်ခြင်းကို အရှုံးဟု အေး အဓိပ္ပာယ် မဖွင့်ဆိုချင်ပေ။ တကယ်တမ်းတော့ ဖေဖေသည် အေးတို့ ဘဝအတွက် တန်ဖိုးဖြတ် မရနိုင်သော အရိပ်အာဝါသ တစ်ခုပါ။
ဖေဖေ့ အရိပ်အောက်မှာ အေးတို့တွေ ကြီးပြင်း အရွယ်ရောက်ခဲ့ပြီးပါပြီ။ ကိုယ်ပိုင် စဉ်းစားဉာဏ်နှင့် ဘဝလမ်းကိုလည်း ရွေးချယ်နိုင်နေပါပြီ။ ဒါနဲ့တောင်မှ ဖေဖေ့အရိပ်ကို တစ်ပါးသူ အတွက် ခွဲဝေမပေးချင်ဟု ဆိုလျှင် အေး ကိုယ်ချင်းမစာရာ ကျတော့မည်။
မြဝတ်ရည်ကို အေး မုန်းပါသည်။
သူတစ်ပါး အသိုက်အမြုံကို ဖျက်ဆီးသူ အဖြစ်လည်း တစ်သက်လုံး ခွင့်မလွှတ်ချင်ပါ။ သူ့ရင်ခွင်ထဲက နီတာရဲ ကလေးငယ်လေးကတော့ အေးတို့လို မိန်းကလေး တစ်ယောက် ဖြစ်နေခဲ့သည်က အေးအတွက် ကံဆိုးသွား သည်။
အေး သူ့ကို မချစ်ပါ။ ချစ်လည်း မချစ်ချင်ပါ။ ဒါပေမဲ့...ဒါပေမဲ့...သူကလေးသည် ဖေဖေ ဆိုသော အရိပ်အာဝါသသာ မရှိလျှင် မြတ်ဝတ်ရည်လို အမေ၏ လက်ထဲမှာ သူ၏ အနာဂတ်သည် တွေးဝံ့စရာမရှိ။
အေးသည် ကလေးငယ် အပေါ် စာနာစိတ်နှင့် အတူ ဖေဖေ့ အပေါ်၌လည်း တစ်ခဏအတွင်း နားလည်သွားမိတော့သည်။
ဖေဖေ့ကို မတွေ့ဘဲ ပြန်သွားသည့် အေးကို ဖေဖေ နားလည်လိမ့်မည် ထင်ပါသည်။ ဖေဖေသည်လည်း အေးတို့ကို ဘဝ တစ်လျှောက်လုံး ခွဲထားမည်ဟု မထင်တော့ပါလေ။
မွေးခါစ ကလေးငယ်လေး တစ်ယောက် အတွက် ငဲ့ညှာခဲ့သော ဖေဖေသည် အေးတို့ကို မေ့ထားလိမ့်မည် မဟုတ်ပါ။
••••• ••••• •••••
ဖေဖေ့ကို အရ ပြန်ခေါ်ရန် လာခဲ့သော အေးသည် ဖေဖေ့အိမ်မှ တိတ်ဆိတ်စွာပင် ပြန်လာခဲ့မိတော့သည်။
အေးကို မျက်ရည် စိုလူးစေခဲ့သော ကလေးလေး အတွက် နေရစ်ခဲ့ပါတော့ ဖေဖေရယ်။
ဖေဖေနှင့် မြဝတ်ရည်၏ မိုက်မဲမှုကြောင့် အပြစ်မဲ့သော ကလေးလေးကိုတော့ အရိပ် မမဲ့စေလိုပါ။ ဖေဖေ၏ အရိပ်သည် သူနှင့်လည်း သက်ဆိုင်နေပါပြီ။
ဖေဖေ့ကို မကျေနပ်ခြင်း၊ မြဝတ်ရည်ကို မုန်းတီးခြင်းများသည် ဒီကလေးလေး အပေါ် ရက်စက်ရန်တော့ မလုံလောက်ပေ။
သူသည်လည်း ဖေဖေ၏ သမီးတစ်ယောက်မို့ အေးတို့ ကဲ့သို့ ရပိုင်ခွင့် ရှိရမည်။ အေးတို့လိုပဲ ဖေဖေ့ အရိပ်အောက်မှာ နွေးထွေးလုံခြုံချင်မယ့် အခြား တစ်ယောက်အတွက် အေး ဝမ်းနည်းစွာပဲ နောက်ဆုတ် ပေးလိုက်သည်။ ကျေနပ်ပါတော့ ဖေဖေ...။
••••• ••••• •••••
အရိပ်တစ်ခု၏ လိုအပ်ချက်သည် မည်မျှ ကြီးကျယ်သည်ကို “အေး” ရင်နှင့် ရင်း၍ သိထားခဲ့ပါသည်။
ထို့အတွက် ဖေဖေသည်လည်း ကလေးငယ်လေး အပေါ် အေးတို့ ခံစားရသည့် အရိပ် ပျောက်မှုမျိုး ထပ်မံ မခံစားစေရဘဲ ကောင်းမွန်သည့်၊ လုံခြုံနွေးထွေးသည့် အရိပ်တစ်ခု ဖြစ်ပါစေဟု ဆန္ဒပြုရုံမှ တစ်ပါး...။
⎕ ဆွေဇင်ဦး
📖မဟေသီ ရုပ်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၁၅
No comments:
Post a Comment