❝ မရွာပါနဲ့တော့ မိုးရယ် ❞
( ညှို့ပြင်းရှ )
၁။
“အကြော်တွေရမယ်၊ အကြော်တွေ၊ အကြော်တွေ ပူပူလေး”
ကောင်းကင် တစ်ခွင်လုံး ပုပ်အဲ့မှုန်မှိုင်းနေသည်။ လေကလည်း တဖြူးဖြူးနှင့် သစ်ရွက်သစ်ကိုင်းတို့သည်လည်း ယိမ်းထိုး ကခုန်လျက်ရှိ၏။ ငှက်များသည် လေထဲတွင် ပျံဝဲနေကြကာ အော်ဟစ်နေကြလေသည်။ အရင်နေ့တွေကဆိုလျှင် မိပိုသည် အကြော်ဗန်းကို ခေါင်းပေါ်ရွက်ကာ ထဘီကိုတိုတို ဝတ်လျက် နေပူကျဲကျဲ အောက်ရှိ မာကျစ်ဖုန်ထ,နေသော မြေပြင်ပေါ်တွင် တက်ကြွသော ခြေလှမ်းများဖြင့် ဝမ်းရေးအတွက် လှုပ်ရှားရလေသည်။ ယခုတွင် အကြော်ဗန်းကို ခေါင်းပေါ်ရွက်လျက် စိုထိုင်းပျော့အိနေသော ဗွက်အိုင်များကို နင်းဖြတ်ကာ ခြေလှမ်းတွေက သွက်မရတော့။ သည်ရက်ပိုင်း အဆက်မပြတ် မိုးရွာနေသောကြောင့် မိပိုတို့ တစ်ရွာလုံးရှိ လမ်းများ၊ အိမ်များတွင် စိုထိုင်းထိုင်းဖြစ်ကာ အချို့နေရာများတွင် ဗွက်အိုင်များ ဖြစ်ထွန်းလျက် ရှိလေသည်။ တစ်ရွာလုံးက မိုးအဆက်မပြတ် ရွာနေသောကြောင့် စုတ်တသပ်သပ်နှင့် မြည်တွန် တောက်တီးလျက် ရှိနေကြပေမဲ့ မိပို ကတော့ အပြုံးပင်မပျက်ချေ။ ပိုလို့ပင် ပျော်မိသေးသည်။ အကြောင်းက မိုးရွာလျှင် မိပို ဦးခေါင်းပေါ်ရှိ အကြော်ဗန်းလေးထဲက အကြော်လေးများသည် ခြေတိုအောင် ရောင်းစရာမလိုဘဲ ရောင်းကောင်းသောကြောင့်ပင်။ ဒါမှ မိပို၏ မျှော်လင့်ချက်လေး အရာထင်လာမည် မဟုတ်လား။
“မိုးရွာပါစေ ဘုရား”
လွန်ခဲ့သော သုံးရက်ခန့်က အကြော်လေးများကို ဗန်းထဲသို့ အစီအရီထည့်လျက် ခေါင်းခုဝတ်လေးကို ခွေလိပ်နေစဉ် အဲသည်လို ဆုတောင်းမိတော့ အမေက “နောက်တစ်ခါ အဲဒီလို ဆုမတောင်းပါနဲ့ သမီးရယ်။ ကိုယ့်အတွက် ကောင်းပေမဲ့ သူများ အတွက် မကောင်းဖြစ်နေပါ့မယ်။ ကိုယ်ရောင်းစရာ ရှိတာသာ ရောင်းပါ။ ရောင်းကောင်းတာ၊ မကောင်းတာကတော့ သူ့အပိုင်းပေါ့” ဟု ဆိုကာ တားမြစ်လေသည်။ သည့် နောက်ပိုင်း ဘယ်တော့မှ မိပို ဆုမတောင်းဖြစ်တော့ချေ။ ကိုယ်စိတ်ချမ်းသာဖို့အရေး သူတစ်ပါး စိတ်ညစ်ပေးရမည့်အဖြစ်မျိုးကို အမေ မနှစ်သက်သလို၊ စဉ်းစားကြည့်လျှင် မိပိုလည်း မကြိုက်လှ ရိုးအမှန်ပင်။
“မိပိုရေ၊ လာဦးဟေ့”
ဟော...ရွာ၏ မျက်နှာ ဖုံး လူချမ်းသာစာရင်းဝင် ဒေါ်စိန်တင်တို့ အိမ်က မိပိုအား လှမ်းခေါ်လေပြီ။ ဒေါ်စိန်တင်တို့ အိမ်ဝင်းထဲ ခြေချလိုက်သည်နှင့် မိပို၏ ခြေဖျားလေးတွေ စိမ့်ခနဲ အေးသွားရလေ ၏။ ဒေါ်စိန်တင်တို့ အိမ်က မြေနိမ့်ပိုင်းဖြစ်သောကြောင့် ရေက အတော်ကို ဝင်ရောက် နေပြီဖြစ်သည်။ ဒေါ်စိန်တင်နှင့် သူ့ယောက်ျား ဦးဖိုးကောင်းက အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် ထိုင်နေကြလျက် ဆေးပေါ့လိပ်ကြီးများကို ကိုယ်စီဖွာကာ မျက်နှာများ ကလည်း ကောင်းကင်ကြီးလိုပင် မှုန်မှိုင်းနေကြလျက်ရှိ လေ၏။
“ကဲ မိပိုရေ၊ ဗယာကြော် ငါးရာဖိုးပေးဟေ့။ ဒီနေ့တော့ ညည်းအကြော်ကိုပဲ ညမနက်စာ ဟင်းလုပ်စားရတော့မှာပဲ။ မတတ်နိုင်ဘူး”
ဒေါ်စိန်တင်၏ တိုပြတ်မာ ထန်သော စကားအောက်တွင် မိပို အမှန်ဝမ်းသာသွားမိလေသည်။ အန်တီစိန်ကို ငါးရာဖိုး ရောင်းပြီးလျှင် နောက်ထပ် သိပ်ပြီး ရောင်းစရာမကျန်တော့။ ချွေးမထွက်၊ ခြေသိပ် မညောင်းရဘဲ သက်သက်သာသာနှင့် ရောင်းကောင်းသည့် အတွက် မိုးများများရွာချပေးသည့် မိုးနတ်မင်းကြီးကိုပင် မိပို ကျေးဇူးတင်ချင်မိလေသည်။ မဟုတ်လျှင် အကြော်တွေ ကုန်ဖို့အရေး နေပူကျဲကျဲ အောက် ချွေးပြိုက်ပြိုက်ကျကာ ခြေတို အာခြောက်လှအောင် ရောင်းနေရမည် မဟုတ်လား။
“အန်တီစိန်၊ အပိုသုံးခုထည့်ထားပေးတယ်နော်”
“အေးပါ”
အန်တီစိန်က ပြောရင်းငါးရာတန်တစ်ရွက် ထုတ်ပေးလေသည်။ အန်တီစိန်ပေးသော ငါးရာတန်က အတော်ကို နွမ်းကာ ထိပ်ပိုင်းကလည်း ပြဲနေသေးသည်။ အန်တီစိန် ပေးသော ငါးရာတန်ကို တစ်လှည့်၊ အန်တီစိန့်မျက်နှာကို တစ်လှည့် ကြည့်ကာ ပြန်လဲခိုင်းဖို့အရေး ဝေးရလေပြီ။ အန်တီစိန့်ယောက်ျား ဦးဖိုးကောင်းက သဘောကောင်းသလောက် အန်တီစိန်ကသဘောဆိုးလေသည်။ တစ် ရွာလုံးနှင့်လည်း သဟဇာတ မဖြစ်၊ မာနအရမ်းကြီးလွန်းသူဟု နာမည်ကြီးလေ၏။ အခုလို မျက်နှာကြီးပုပ်နေသည့်အချိန်ဆို အန်တီစိန် ဘယ်လောက်မာနတွေ ထောင်တက်နေလိမ့်မလဲ ဟူသော အသိက မိပိုစိတ်ကို ပို၍ တွန့်ဆုတ်သွားစေလေ၏။ ဘယ်လိုပဲဖြစ်ဖြစ်၊ ငါးရာဖိုးကြီးများတောင် ဝယ်သည့် အန်တီစိန်ကို မိပို ကျေးဇူးပင် တင်ပေးရဦးမည် မဟုတ်လား။ ကျေနပ်အပြုံးတွေနှင့်အတူ အကြော်ဗန်းကို ကောက်မ,လျက် အန်တီစိန်အား ကျောခိုင်းကာ ထွက်လာခဲ့စဉ်နောက်ကျောဘက်မှ လွင့်ပျံလာသည့် ဦးဖိုးကောင်း၏ စကားသံကြောင့် ကျေနပ်အပြုံးတွေ ဆတ်ခနဲ ကြွေကျသွားလျက် စိတ်မကောင်းခြင်းက အစားထိုးဝင်ရောက်လာကာ ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားရလေသည်။
“ငါတို့တော့ ဘဝပျက်ပါပြီ မိန်းမရာ။ အစကတော့ နှမ်းတွေ၊ စပါးတွေ အထွက်တိုးမယ် ထင်ပြီး သားငယ်ကိုတောင် ရှင်ပြုပေးမယ် စဉ်းစားထားတာ၊ အခုတော့ အားလုံး ရေမြုပ်ကိန်းဆိုက်နေပါပြီ။ သွားပါပြီကွာ။ ကုန်ပါပြီ”
အိမ်ပြန်ရောက်သည် အထိ ဦးဖိုးကောင်း၏ စကားသံက နားထဲ ကပ်ပါသေးကာ စိတ်မကောင်းခြင်းက ကြီးစိုးလို့နေ၏။ ပြီးတော့ ကိုယ့်အလိုအား ရှေ့တန်းတင်ကာ ဆုတောင်းမှားခဲ့မိသည့် အတွက်လည်း အကြီးအကျယ် နောင်တရမိလေသည်။
“သမီးမျက်နှာက ဘာဖြစ်တာလဲ။ မသာမယာနဲ့”
အမေက ထမင်းချက် ရန်အတွက် ဆန်များကို ဆန်ကောထဲ ထည့်ကာ စပါးလုံး ရွေးနေရင်းမှပင် မိပိုပြန် လာတာတွေ့တော့ ဆီးမေးလေသည်။ အမေကလည်း သည်ရက်ပိုင်း တရှောင်ရှောင် နှင့် နားနားနေနေ နေဖို့ ပြော သော်လည်း မရ။ ပြောတာ ပြောရတာပါ၊ မိပို တစ်ယောက်တည်း အကြော်ကြော်ဖို့၊ ထမင်းချက်ဖို့၊ မောင်လေးကို ကျောင်းအကြိုအပို့လုပ်ဖို့၊ မိဝါကို ထမင်းကျွေးဖို့၊ အားလုံးလုပ်ဖို့ ကျပြန်တော့လည်း မနိုင်နိုင်ဘူး မဟုတ်လား။ အမေ မေးတာကို ချက်ချင်း မဖြေမိ။ ရေအိုးရှိရာဆီ တန်းသွားလိုက်ကာ ဗန်းကို ဆေးနေလိုက်၏။ ပြီးတော့ ဆေး ပြီး ဗန်းကို မီးဖိုချောင် ပန်းကန်စင်ပေါ်တွင် မှောက်ထားခဲ့လျက် အမေ့နား ပြန်လာခဲ့ကာ နွမ်းဖတ်နေသော ပိုက်ဆံအိတ်လေးထဲမှ ပိုက်ဆံလေးများကို သူ့ဟာနှင့်သူ ခွဲတမ်းချ ရေတွက်ကာ အမေ့အား ပေးလိုက်လေသည်။ စုစုပေါင်း သုံးထောင့်ငါးရာဖိုး ရောင်းခဲ့ရပြီး မောင်လေး စုဘူးထဲထည့်ဖို့ သုံးရာ၊ မောင်လေးအတွက် ကျောပိုးအိတ် လေး ဝယ်ပေးချင်တာကြောင့် နှစ်ရာ၊ ထိုငါးရာအား ဖယ်ကာ ကျန်တာအားလုံး အမေ့ကို အမြဲအပ်သည်။ မိပို အတွက် တစ်ပြားမျှပင် ချန်လေ့မရှိ၊ လိုအပ်မှပင် အမေ့ဆီက ပြန်တောင်းတတ်တာ မိပိုအကျင့်ပင်။
“အမေပြောသလို သမီး ဆုမတောင်းသင့်ဘူး။ အမေ ပြောတာ သိပ်မှန်တာပဲ”
ပုပ်အဲ့မှုန်မှိုင်းနေသော ကောင်းကင်ကြီးကို ကြည့် ကာ မိပို အသံလေးနွမ်းနေ လေ၏။ ထိုအချိန်မှာပင် မိပို၏ အသည်းစွဲ မိဝါက အမြီးလေး နန့်ကာနန့်ကာဖြင့် မိပို ရှေ့ ရောက်လာတော့ မိဝါအား ပွေ့ယူကာ ရင်ခွင်ထဲထည့် လျက် ကျောပြင်လေးအား ပွတ်သပ်ပေးနေမိလေသည်။ မိပိုက မိုးရွာလွန်းသဖြင့် ရွာထဲက လူတွေ စိတ်ပျက်ညည်းညူနေကြသည့်အကြောင်း၊ အန်တီစိန့်ယောက်ျား ဦးဖိုးကောင်း ပြောလိုက်သည့် စကားအကြောင်းတို့ကို အမေ့အား ပြောပြလိုက်တော့ အမေ ကလည်း မိပိုနည်းတူ စိတ်မကောင်းခြင်းတွေဖြစ်လို့နေ၏။ နောက်ဆုံးတော့ အမေက တရားသမားပီပီ “အားလုံး ကံတရားအတိုင်းပေါ့ သမီးရယ်။ ကိုယ့်အမှားကို သိပြီး ပြင်ပြီးပြီပဲ၊ ဘယ်တတ်နိုင်ပါ့မလဲ” ဟု ဆိုသည်။
နွမ်းလျစိတ်နှင့် အတူ ခဏကြာတော့ မောင်လေးအား သွားကြိုရလေသည်။မောင်လေးက မိပို၏ ကိုယ်ပွားလေးလိုပင် မိပို သိပ်ချစ်ရသည်။ မောင်လေးလွယ်ထားသော ဟောင်းနွမ်းနေသည့် ချည်လွယ်အိတ်လေးကို ယူ လိုက်ကာ မောင်လေးလက် ကို ဆွဲလျက် အိမ်ပြန်ခဲ့လေသည်။ မောင်လေးကို အများနည်းတူ ကျောပိုးအိတ် ကောင်းကောင်းလေး လွယ်စေချင်တာက မိပို၏ မျှော်လင့်ချက်တွေထဲက အကြီးမားဆုံး တစ်ခုပင်။ ဒါကြောင့်လည်း တစ်ရက် နှစ်ရာနှုန်းဖြင့် စုနေခဲ့ရသည်မှာ သည်တစ်ရက်၊ နှစ်ရက် အကြော်ရောင်းရ လျှင် ပြည့်ပြီဟု မိပို ထင် သည်။ မောင်လေးက လိမ္မာ သိတတ်သည်။ ဘာမျှကို လိုချင်တပ်မက်ပူဆာသည်ရယ် မရှိချေ။
“အစ်မ၊ ကောင်းကင်ကြီးက ကြောက်စရာကြီးနော်”
မောင်လေး စကားကြောင့် မောင်လေး လက်ကို ဆွဲလျက် လှမ်းနေသော မိပို၏ ခြေထောက်တွေ တုံ့ခနဲ ရပ်သွားရကာ ကောင်းကင်ကြီးကို မော့ကြည့်မိလေသည်။ မောင်လေး ပြောလည်း ပြောချင်စရာပင်။ ကောင်းကင်ကြီးက မှုန်မှိုင်းကာ မည်းပုပ်နေသည်။ တိမ်လိပ်တိမ်ခဲကြီးများက မြေပြင်ပေါ်သို့ ပြုတ်ကျလာတော့မည့်နှယ်။ ငှက်တွေကလည်း တကျည်ကျည် မြည်ကာ ဝဲပျံနေကြလေ၏။ လေအဝှေ့တွင် မိပို၏ ဆံပင်များ၊ ထဘီ အနားစ,လေးများလှုပ်ခါ သွားကြလေသည်။ တစ်ခါမှ သည်လို မည်းပုပ်နေသည့် ကောင်းကင်ကြီးမျိုး မိပို မမြင်ဖူးချေ။ ထိုခဏမှာပင် ဦးဖိုးကောင်း၏ စကားကိုပြန်ကြားမိကာ “မရွာပါနဲ့တော့ မိုးရယ်” ဟု တိုးတိုးလေး ရေရွတ် ဆုတောင်းမိ သွားလေ၏။ သို့သော် မိပို၏ ဆုတောင်းလေး မပြည့်တော့ဘူးဆိုတာ မိုးနတ်မင်းကြီးက သက်သေပြခဲ့ လေတော့သည်။ မိပို ရေရွတ် ဆုတောင်းလို့ပင် မဆုံးသေး၊ လေက ခပ်ကြမ်းကြမ်း ပွတ်တိုက်လာကာ မိုးကလည်း တဖြောက်ဖြောက်နှင့် ရွာချခဲ့လေတော့၏။ ထီးယူမလာခဲ့မိ၍ မောင်လေးလက်ကို ဆွဲကာ အိမ်ဘက်သို့ အပြေးတစ်ပိုင်းဖြင့် သုတ်ခြေတင်ရတော့သည်။ မောင်လေးက မိပို ဆွဲရာနောက်မှ မျက်လုံးလေး ကလယ်ကလယ်နှင့် ပါလာလေ၏။ တစ်ချက်တစ် ချက် ဟန်ပျက်ကာ လဲကျ တော့မလို ဖြစ်ဖြစ်သွားသေးတော့ မောင်လေးအား သနားမိကာ ထီးယူမလာခဲ့မိသော ကိုယ့်ကိုယ်ကိုအတွက် ဒေါသ ထွက်မိရလေသည်။
“မောင်လေး၊ အရမ်း မောလားဟင်”
မောင်လေးမျက်နှာကို ပြန်ငဲ့ကြည့်ကာ မေးတော့ မောင်လေးက ခေါင်းယမ်းပြ၏။ မိုးက တဖြည်းဖြည်းနှင့် သည်းလာတာကြောင့် မောင် လေး၏ လက်ကို တင်းတင်းဆုပ်ကာ သွက်နေသော ခြေ လှမ်း၏ အရှိန်ကို မြှင့်ရလေသည်။ ဘယ်လိုပဲဖြစ်ဖြစ် မိပိုက အရေးမကြီး၊ မိုးရေထဲ တွင် မောင်လေး၏ ခန္ဓာကိုယ်လေး မိုးရေရွှဲကာကြွက်စုတ် ဖြစ်မသွားဖို့က အရေးကြီးလှသည် မဟုတ်လား။
“သမီးရယ် ထီးတော့ ယူမသွားဘူး”
“သမီး မေ့ခဲ့တာ အမေရေ”
မောင်လေးလက်ကို ဆွဲပြီး အိမ်ထဲဝင်လာတော့ အမေနှင့် မိဝါက ဆီးကြိုနေကာ အမေက စိုးရိမ်တကြီး ပြောလေ၏။ မိဝါကတော့ ထုံးစံအတိုင်း အမြီးလေးနန့်လို့ ရှိလေသည်။ အမေနှင့် မိဝါကို ဂရုမစိုက်အား၊ မိုးရေရွဲနေသော မောင်လေး၏ အဝတ်အစားများကို အမြန်လဲပေးရကာ ခေါင်းကိုလည်း ခြောက် အောင်သုတ်ပေးရလေသည်။
“မမ မောင်လေး ဒီနေ့အရမ်းပျော်တယ်”
“ဟင်... ဘာဖြစ်လို့လဲ မောင်လေးရဲ့”
မောင်လေးက မိပို၏ မျက်နှာကို ပြုံးလျက် မော့ကြည့်ကာ ဆိုလေတော့ မိပိုက မောင်လေး၏ ခေါင်းကို ချည်တဘက်လေးဖြင့် ညင်သာစွာ သုတ်ပေးနေရင်းကနေ ပြုံးမိသွားရလေသည်။ မိပို ဘယ်လောက်ပင်ပန်းသည် ရှိပါစေ၊ မောင်လေးမျက်နှာ ပြုံးနေတာကို မြင်ရလျှင် အလိုလို အမောပြေသွားရသည် မဟုတ်လား။ ပြီးတော့ မောင်လေး၏ နောက်ထပ် ပြောလာသည့် စကားတစ် ခွန်းကြောင့်လည်း အံ့သြမှင်တက်ကာ မောင်လေးအား ပိုချစ်သွားရလေတော့သည်။
“မမရဲ့အကြော်တွေက မိုးရွာရင် ပိုရောင်းကောင်းတယ်လေ။ မမ ပင်ပန်းသက်သာတာပေါ့။ အဲဒါကြောင့် မိုးရွာရင် မောင်လေး ပျော်တာ” တဲ့။ ဘယ်လောက် ချစ်ဖို့ ကောင်းတဲ့ မိပိုရဲ့ မောင်လေး ပါလဲ။ သို့သော် မိုးရွာလျှင် မိပို မပျော်တော့သည့် အကြောင်းကိုတော့ မောင်လေးအား မပြောမိတော့ချေ။
“ဒုက္ခပါပဲ၊ မနက်ဖြန် အကြော်ရောင်းလို့ အဆင်မပြေဘူးဆိုတော့ ဘယ်လို လုပ်ရမလဲ။ ဒီတိုင်းဆိုရင် တော့ မဖြစ်သေးဘူး”
ထိုနေ့ညက မိပို ကောင်းကောင်း အိပ်၍ မပျော်ခဲ့။ မိုးက တစ်ချိန်လုံး သည်း နေခဲ့တာကြောင့် ဆန်မှုန့် သွားကြိတ်ဖို့ လုံးလုံး အဆင်မပြေခဲ့ချေ။ အမေရယ်၊ မောင်လေးရယ်၊ မိပိုရယ် သုံးယောက်သား သဲသဲမဲမဲ ရွာချနေသော မိုးရေတွေကို ထိုင်ကြည့်နေကြကာ အမေက...။
“ဘယ်တတ်နိုင်ပါ့မလဲ သမီးရယ်။ တစ်ရက်တလေ ဈေးမရောင်းရတာ ဘာမှ မဖြစ်ပါဘူး” ဟု ဆို၏။ အမေ ကတော့ ဘယ်တော့မဆို အေးဆေးညင်သာသည့် စကားဖြင့်သာ အရာရာကို တွန်းလှန်ကျေအေးတတ်သည်က အမေ့အား စိတ်ချမ်းသာခြင်းကို ဆောင်ကြဉ်းပေးတတ်သည်ဟု မိပို အခိုင်အမာ ယုံကြည်ထားသော်လည်း အမေ့လို စိတ်မျိုးတော့ မိပို မထားနိုင်သေးချေ။ မိပို အတွက်တော့ တစ်ရက်နှင့် တစ်ရက် ဝင်ငွေလေး အဆက်မပြတ် ဝင်နေမှ နေသာထိုင်သာ ရှိလေ၏။ ဒါကလည်း အမေနှင့် မောင်လေး မပူမပင် နေရဖို့အတွက်ပင် မဟုတ်ပါလား။
••••• ••••• •••••
၂။
“ဒီမှာ မောင်လေးအတွက် မမ ကျောပိုးလွယ်အိတ်လေး ဝယ်လာတယ်။ လှတယ် မဟုတ်လား မောင်လေး”
“လှတယ် မမ၊ မောင်လေး ကြိုက်တယ်”
ကျောပိုးအိတ် အသစ် စက်စက်လေးကို ငေးကြည့်နေသော မောင်လေး၏ မျက်ဝန်းတွေ အရောင်တွေ တလက်လက် တောက်ပနေတာကို မြင်ရသောအခါ မိပို ရင်ထဲ စိမ့်နေအောင်ကို ကြည်နူးမိကာ ဝမ်းသာရလေသည်။
“မနက်ဖြန် ကျောင်းသွားရင် ဒီလွယ်အိတ်လေးကို လွယ်သွားရမယ်နော်။ မမရဲ့မောင်လေးက ရုပ်လေးကလည်း ချော၊ လွယ်အိတ်လေးကလည်း အပျံစားလေး ဆိုတော့ အရမ်းကြည့်ကောင်းမှာ သိလား”
“ဟုတ်ကဲ့ မမ၊ မောင်လေး မိုးတွေအများကြီး ရွာပါစေလို့ ဆုတောင်းပေးမယ်နော်။ ဒါမှ မမလည်း အကြော်တွေရောင်းကောင်းမှာ”
“ဟုတ်ပါပြီ မောင်လေးရယ်”
မိပိုက မောင်လေး၏ ဦးခေါင်းလေးကို ညင်သာစွာ ပွတ်လျက်၊ မောင်လေးကလည်း မိပို၏ မျက်နှာလေးကို ပြုံးကာ ကြည့်နေပြီး နှစ်ယောက်သား ပျော်ရွှင်နေကြသောအခိုက်မှာပင် တစ်စုံတစ်ယောက်က မိပို၏အသားကို ကိုင်လှုပ်ကာ အော်ခေါ်နေသလိုကြားလိုက်ရတာကြောင့် မိပို အိပ်ရာမှ လန့် ဖျပ်၍ နိုးလာရလေသည်။
“တစ်ရွာလုံး အုတ်အော် သောင်းတင်းဖြစ်ကုန်ကြပြီ သမီးရေ၊ ရွာထဲကို ရေတွေ ဝင်လာပြီ။ မကြာခင် အမေတို့ရွာ ရေမြုပ်တော့မယ်တဲ့။ ရွာထိပ်က ဘုန်းကြီးကျောင်းကို သွားကြဖို့ ဆယ်အိမ်မှူးက လိုက်သတိပေးနေပြီ။ အမေတို့လည်း မြန်မြန်သွားကြရအောင်”
ဘုရားရေ၊ မိပိုတို့ တစ်ရွာလုံး ရေမြုပ်တော့မယ် ဆိုပါလား။ ခေါင်းကို တစ်စုံ တစ်ယောက်က ခပ်ကြီးကြီး အရာတစ်ခုနှင့် ထုချလိုက်သည့်နှယ် ပြာထွက်သွားရလေသည်။ အမေ့မျက်နှာကလည်း စိုးရိမ်ထိတ်လန့် မှု အပြည့်။ ခုတင်ပေါ်ကနေ ဆင်းမည်အပြုတွင် မြင်လိုက်ရသည့်မြင်ကွင်းက မိပို၏ မျက်လုံးတွေကို အဆမတန် ပြူးကျယ်သွားစေလေတော့ ၏။ ရေတွေ၊ ရေတွေ၊ ရေတွေက ဘာကြောင့် ဒီလောက်ထိ အောင် မိပိုတို့ အိမ်ထဲကို ရောက်လာရတာတဲ့လဲ။ ရေ တွေက တလှုပ်လှုပ်နှင့် ခုတင်တိုင် အလယ်တည့်တည့်ထိကို ရောက်လို့နေပြီဖြစ်၏။ ခုတင်ပေါ်ကနေ ဆတ်ခနဲ ခုန်ဆင်းလိုက်တော့ မိပို၏ ခြေထောက်နှစ်ချောင်းကို ရေတွေက ဆွဲခေါ်ချကာ ဒူးဆစ် အထိ မြုပ်သွားလိုက်သည်မှာ တိခနဲ။
“ဘုရား...ဘုရား၊ ကယ်တော်မူပါ”
မိပို မျက်လုံးတွေ ပြာဝေသွားကာ ပါးစပ်အဟောင်းသားဖြစ်သွားရလျက် ဘုရား တ,မိရလေသည်။ ခုတင်ပေါ်ကနေ ဆင်းကာ အိမ်ရှေ့ကို အသည်းအသန် ထွက်ကြည့်လိုက်မိတော့ မြင်လိုက်ရသည့် မြင်ကွင်းက မယုံနိုင်စရာ ချောက်ချားဖွယ်အတိ။ ရေတွေက ဖွေးဖွေးလှုပ်လှုပ်နှင့် တစ်ရွာလုံးကို ဖုံးလွှမ်းထားကာ အိမ်တွေက ရေထဲတွင် နစ်ဝင်နေလျက်ရှိကြလေပြီ။ လူတွေက အထုပ်တွေသယ်သည့်သူက သယ်၊ နွားတွေ ဆွဲသည့်သူက ဆွဲ၊ အော်သူက အော်၊ ငိုသူက ငို၊ ခွေးတွေကလည်း ရေထဲတွင် ယက်ကန်ယက်ကန်နှင့် အော်ဟစ်နေကြတာဖြင့် ငရဲပွက်သည့်နှယ်။ မနက် ဝေလီဝေလင်းအချိန်ဖြစ်ပေမဲ့ အရာအားလုံးကို မိပို သဲသဲကွဲကွဲ မြင်နေရလေ၏။
“ဟဲ့.. မိပို ဘာရပ်လုပ်နေတာလဲ။ ညည်းအမေနဲ့ မောင်လေးကို ခေါ်ပြီး သွားတော့လေ”
ဘေးအိမ်က မကြီးညိုတို့လင်မယားက အထုပ်တွေ ကိုယ်စီ သယ်ကာ ကလေး ငယ် နှစ်ယောက်ကို မကြီးညိုက တစ်ယောက် ၊ သူ့ ယောက်ျားက တစ်ယောက် ပွေ့ချီထားကာ အကြီးဆုံး ကလေးကို မကြီးညိုက လက်မှာဆွဲလျက် ရေထဲတွင် ရုန်းခတ်၍ သွားနေကြရင်းဖြင့် မကြီးညိုက စိုးရိမ်တကြီး လှမ်းအော်ပြောလေ၏။
“အပြင်က အဝတ်တွေတော့ အမေ အကုန်ထည့်ပြီးပြီ။ သေတ္တာထဲက အဝတ်တွေပဲ ကျန်တော့တယ်။ သော့က သမီးဆီမှာ မဟုတ်လား။ မြန်မြန်လုပ်တော့ သမီး”
မိပို အိမ်ထဲပြန်ဝင်တော့ အမေက ပျာပျာသလဲ ဆီးပြောလေ၏။ မောင်လေးကလည်း ခုတင်ပေါ်တွင် ငုတ်တုတ်ထိုင်လျက် မိပိုတို့ လှုပ်ရှားသမျှကို ကြောင်တောင်တောင်နှင့် လိုက်ကြည့်နေသည်မှာ သနားစရာအတိပင်။
“မမ၊ ရေတွေအများကြီးပဲ။ မောင်လေး ကြောက်တယ်”
“မောင်လေး၊ ဘာမှ မကြောက်နဲ့နော်၊ ဘာမှ မဖြစ်ဘူးနော်။ ခဏလေးနော်”
သေတ္တာသော့က ဘယ်နားထားမိမှန်းမသိ၊ သေတ္တာ သော့ကို အသည်းအသန် ရှာနေရင်းမှပင် မောင်လေးကို ပြေး၍ နှစ်သိမ့်လိုက်ရသေးသည်။
“ဘုရားရေ၊ ဒုက္ခပါပဲ။ သော့က ဘယ်နားထားမိတာလဲ၊ ဘယ်နားထားမိတာလဲ”
မိပိုမျက်ရည်များပင် ဝဲ လာမိသည်။ ခေါင်းအုံးကြားထဲ အမြဲထည့်ထားပေမဲ့ အခု ခေါင်းအုံးတစ်ခုလုံး မွှေနှောက်ရှာနေတာ ဘယ်လိုမှ မတွေ့တော့။ သည်သော့ မတွေ့လို့ မဖြစ်၊ သည်သော့ မတွေ့လျှင် မိပို မျှော်လင့်ချက် တွေ ရေနှင့်အတူ အကုန် မျောပြီ။ မိပို ပင်ပင်ပန်းပန်း စုဆောင်းထားသမျှ ဘာမှ ကျန်မည်မဟုတ်တော့။ အမေ့ အဝတ်အစားအသစ်တွေ၊ မိပို အဝတ်အစားအသစ်တွေအားလုံးသည် သေတ္တာထဲမှာ သော့ခတ် သိမ်းထားတာဖြစ်ပေမဲ့ အဲဒါတွေက အရေးမကြီး။ မိပိုတို့ ရှေ့ရေးအတွက် စုထားသည့် စုဘူးလေးနှင့် မောင်လေးအတွက် လွယ်အိတ် ဝယ်ပေးဖို့ စုထားသည့် ပိုက်ဆံအားလုံးက သည်သေတ္တာထဲမှာ။
“ဝုတ်... ဝုတ်.. ဝုတ်... ဝုတ်”
မိဝါကလည်း မောင်လေး၏ ခုတင်ပေါ်ကနေ ရှေ့တိုးနောက်ဆုတ်လုပ်ကာ ပျာယာခတ်လျက် မိပိုအား ကြည့်၍ ထိုးဟောင်နေလေတော့ ပိုလို့ပင် ကယောင်ချောက်ချားဖြစ်လျက် ကတုန်ကယင် ဖြစ်၍ သွားရလေသည်။
“ကဲ.. သမီး၊ သော့ရှာလို့ မတွေ့ဘူး မဟုတ်လား။ အဓိကက လူတွေ ဘာမှ မဖြစ်ဖို့ဘဲ။ ငွေက ပြန်ရှာလို့ ရတယ်။ ဘာမှ ရှာမနေနဲ့ တော့။ မောင်လေးကို ခေါ် အမြန်သွားရအောင်”
နောက်ဆုံးတော့ မိပို လက်လျှော့ရလေသည် ။ အမေက အဝတ်ထုပ်ကြီးကို ခေါင်းပေါ်ရွက်ထားလျက် မိပိုကို စောင့်နေလေ၏။ မိပိုက မောင်လေးဆီ သွားလိုက်ကာ ပွေ့ချီမည်ပြုတော့ ခေါင်းထဲ ဖျတ်ခနဲ လက်သွားရလေ၏။ မောင်လေးကို ခဏ ပြန်ချလိုက်ကာ မီးဖိုချောင်သို့ ပြေးရလေသည်။ ညက ကျန်သော ထမင်းနှင့် ဟင်းများကို ထမင်းအိုးထဲ စုပြုံထည့်ကာ ယူခဲ့လိုက်၏။ မဟုတ်လျှင် မိုးလင်းသည်နှင့် ထမင်းကြမ်းစားတတ်သည့် မောင်လေးအတွက် အခက်တွေ့ရမည် မဟုတ်လား။
“ဘာလို့ နောက်ကျနေကြတာလဲ အစ်မ။ တော်တော်များများ ကျောင်းကို ရောက်ကုန်ကြပြီ။ အစ်မ အထုပ်ကိုပေး မြန်မြန်သွားရအောင်”
မိပိုတို့ အိမ်ရှေ့ကို ရောက်တော့ ဦးလေးက ပျာပျာသလဲ ရောက်လာ၏။ မိပိုက မောင်လေးအား ပွေ့ချီထားလျက် ထမင်းအိုးကို ခေါင်းပေါ်ရွက်ကာ မိဝါကိုလည်း မနိုင်မနင်း မ,လာရသေးသည်။ မိဝါက မျက်လုံးတွေ ယောက်ယက်ခတ်လျက် ပြူးကြောင်နေရှာ၏။ မောင်လေးကလည်း ထို့အတူပင်။ ဒူးဆစ်လောက်ရှိသော ရေထဲ ကနေ မိပို ခြေထောက်တွေ အတင်းရုန်းကန် သွားနေရ သည်။ အမေဆို ဘယ်လိုနေပါ့မလဲ။ ထဘီကို ရင်ခေါင်း အထိ တက်ဝတ်ထားလျက် ကားရားကားရားဖြင့် သွားနေသော အမေ့ကို ကြည့်ကာ မိပို ရင်ထဲ ဆို့ရလေသည်။
“တစ်သက်နဲ့ တစ်ကိုယ် ဒီတစ်ခါပဲ ဒီလောက်ရေကြီး တာ ကြုံဖူးတယ်။ ဘယ်လို ဖြစ်တာပါလိမ့်”
“လူတွေ ဖောက်ပြန်ကုန် လို့နေမှာပေါ့ အစ်မရာ”
အမေနှင့် ဦးလေးက ရှေ့ကနေ လျှောက်၊ မိပိုက နောက်က လိုက်ရလေသည်။ သုံးယောက်သား၏ ခြေထောက်တွေက ရေ၏ ဆွဲအားထဲဝယ် မနည်းရုန်းကန် လျှောက်နေရတာဖြင့် မိပို လျှာတောင် ထွက်ချင်နေပြီ။ မောင်လေး၏ ခန္ဓာကိုယ်နှင့် မိဝါကို ပွေ့ထားရသည့် အရှိန်က မိပို၏ ခံနိုင်အားကို အတော်လျော့ကျစေသည်။ အမေက မိပိုဆီက မိဝါနှင့် ထမင်းအိုးကို လာယူသယ်တော့ အမေ့အား မသယ်ရန် ငြင်းရပေမဲ့ အမေက ဇွတ် သယ်သွားလေ၏။ သည်တော့မှ မိပို အသက်ကို ပြင်းပြင်းရှူနိုင်လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရေတွေက အဖွေးသားနှင့် ထိုရေထဲဝယ် လူတွေ၊ နွားတွေ၊ မြင်မြင်သမျှ အရာအားလုံးက တုန်လှုပ်ချောက်ချားဖွယ် ကြောက် ခမန်းလိလိပင်။ တဖြည်း ဖြည်းနှင့် ရေက တက်လာ လိုက်သည်မှာ ဒူးဆစ် လောက်ရှိသော ရေက ပေါင် အထိပင် ရောက်လာ၏။
“ငါ့ကို လွှတ်၊ ငါ့ကို လွှတ်၊ ငါ မလိုက်ဘူး။ ငါ့ အိမ်မှာပဲနေမယ်။ သေချင် သေပါစေ။ ငါ့အိမ်ကို ဒီတိုင်း မထားခဲ့နိုင်ဘူး”
“အမေရယ်၊ အဲဒီလောက်ထိ အစွဲမကြီးပါနဲ့။ လူ့အသက်လောက် ဘယ်ဟာ မှ အရေးမကြီးပါဘူး။ အမေ စိတ်ထိန်းပါဦး”
ဘုရား ဘုရား ... အော်ဟစ်ငိုယိုနေသော စကားသံကြောင့် လှည့်ကြည့်မိတော့ ဒေါ်စိန်တင်၊ ရွာ၏ မျက်နှာဖုံး လူချမ်းသာစာရင်းဝင် မာနအရမ်းကြီးသည့် ဦးဖိုးကောင်း၏ မိန်းမ ဒေါ်စိန်တင်ပါလား။ အော်ဟစ်ငိုယိုနေသော ဒေါ်စိန်တင်ကို သားနှစ်ယောက်က အတင်း ဆွဲခေါ်နေကြလေ၏။ ဒေါ်စိန်တင်ကလည်း အတင်းရုန်းကန် တွန်းထုတ်နေလေသည်။ ရေထဲတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေကြသော ဒေါ်စိန်တင်တို့သားအမိတွေကို ကြည့်ကာ မိပို စိတ်မကောင်း ဖြစ်ရရုံမှအပ ဘာမျှမတတ်နိုင်။ ဦးဖိုးကောင်းက အိမ်က နွားတွေ အကုန်ဆွဲပြီး ဘုန်းကြီးကျောင်းရောက်နေပြီဖြစ်သည့် အကြောင်း၊ ဒေါ်စိန်တင်က မာနအစွဲ အရမ်းကြီး၍ ဘယ်လိုမှ ခေါ်မရသည့်အကြောင်း၊ ဒါကြောင့် သားနှစ်ယောက်က အတင်းဆွဲခေါ်လာရကြောင်း ဦးလေးက အမေ့ အား ပြောပြနေသည်။ အမေကတော့ တစ်ခွန်းတည်းပင် “တရားမှ မသိဘဲကိုး” ဟုသာ ပြန်ပြောလေ၏။ အမေ ပြောသလို တရားမသိသော လူထဲတွင် မိပိုလည်း ပါလေသည်။ မိပိုလည်း လူကသာ ဖတ်ဖတ်မောရုန်းကန်သွားနေရပေမဲ့ စိတ်ကတော့ စုဘူးလေးဆီ ရောက်လို့နေသည်။ သော့ကို ဘယ်နား ထားမိမှန်း မသိသည့်အတွက် အခံရခက် ကာ ကိုယ့်ကိုယ်ကို ဒေါသ ထွက်လာရတာဖြင့် တစ် လမ်းလုံး။ ရှေ့တွင် ဘုန်းကြီးကျောင်းကို လှမ်းမြင်နေရလေပြီ။ မိပိုတို့အိမ်က ဘုန်းကြီးကျောင်းနှင့် သိပ်မဝေးလှသည့် အတွက်လည်း ကံ ကောင်းသည်ဟု ဆိုရလေ မည်။
“မမ ဒီမှာ”
ဘုရားရေ၊ မိပို၏ မျက် လုံးများ အရောင်တွေ ဖြာထွက် သွားရလေသည် ။ သော့၊ သော့၊ မိပို အသည်း အသန် ရှာနေခဲ့သည့် သေတ္တာသော့ပါလား။ မောင်လေးက မိပိုဝတ်ထားသည့် အင်္ကျီ အိတ်ထောင်ထဲကနေ နှိုက်၍ ပြနေလေ၏။ ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ။ စိတ်တွေက စုဘူးလေးဆီ ရောက်ကာ စုဘူးလေးကို ပြေးယူချင်သည့်စိတ်က ထိန်းမနိုင် သိမ်းမရ ဖြစ်၍နေလေသည်။
“စုဘူးလေးရှိမှ အဆင်ပြေမှာ၊ စုဘူးလေးရှိမှ မိပိုတို့ မိသားစုလေး ကောင်းကောင်း နေသွားလို့ရမှာ။ စုဘူးလေးက မိပိုတို့ မိသားစုရဲ့ အသက်ပဲ။ ပြီးတော့၊ မောင်လေးကို ကျောပိုးလွယ်အိတ် ဝယ်ပေးဖို့ စုထားတဲ့ ပိုက်ဆံကလည်း အဲဒီ သေတ္တာထဲမှာ။ မဖြစ်ဘူး၊ သွားပြန်ယူမှ ဖြစ်မယ်”
မိပို၏ အသွေးသားတစ်ခုလုံး စုဘူးလေးကို ပြေးယူချင်နေသည့်ဆန္ဒက စီးလာနေသည့် ရေပြင်ကျယ်ကြီးထက်ပင် အရှိန်အဟုန် ပြင်းထန်လွန်းလှလေသည်။ မိပို ဆောက်တည်ရာမရ ဖြစ်ကာ လူသည် ဂနာမငြိမ်။ဘုန်းကြီးကျောင်းကလည်း လှမ်းမြင်နေရပြီ။ လူတွေရော၊ နွားတွေရော၊ ခွေးတွေရော၊ ဘုန်းကြီးကျောင်းထဲဝယ် ရုန်းခတ်နေလျက် တရုန်းရုန်းနှင့် လှမ်းမြင်နေရပြီ။
“ဦးလေး၊ မောင်လေးကို ခဏခေါ်ထားပေးပါ”
နောက်ဆုံးတော့ စုဘူး လေးကို ပြန်ယူချင်နေသည့် စိတ်ကို ဘယ်လိုမှ ထိန်းမရသည့်အဆုံး မောင်လေးအား ဦးလေးဆီ ပေးခဲ့လိုက်ကာ မိပို နောက်ကြောင်းပြန်လှည့်ခဲ့လေတော့သည်။
“မိပို... ညည်းဘယ် သွားမလို့လဲ”
“သမီး ဘယ်လဲ၊ မသွားနဲ့လေ၊ ပြန်လာခဲ့”
“မမ… ပြန်လာခဲ့ မမ”
“ဝုတ် ဝုတ်”
မိပိုနောက်မှ စိုးရိမ်တကြီးဖြင့် အော်ခေါ်နေကြသောအသံများက မိပို၏ စုဘူးလေးကို လိုချင်စိတ် ပြင်းပြနေသော အပူဇော အောက်တွင် လွင့်ပျောက်သွားရလေသည်။ မိပို ဇောကပ်၍ ခြေလှမ်းတွေကို အမြန်မောင်းတင် လျှောက်လှမ်းနေသော်လည်း ခြေလှမ်းတွေက ထင်သလောက် ရှေ့မရောက်ခဲ့။ ရေတွေ ကြားထဲတွင် မိပို၏ ခန္ဓာကိုယ်လေး ယိမ်းထိုးချာလည်နေသည်။ ကျယ်ပြောလှသော ရေပြင်ကျယ်ကြီးထဲတွင် အိမ်လေးတွေက အထီးကျန်အေးစက်စွာ ငုပ်လျှိုးလျက် မျက်နှာငယ်လေးတွေနှင့်။ ကူကယ်ရာမဲ့နေသော နွားများ၊ ခွေးများမှအပ လူရယ်လို့ မတွေ့ရတော့။ မိပိုလည်း ကိုယ့်အပူနှင့်ကိုယ် ရုန်းနေရသည့် အချိန်မို့ သနားမိသော်လည်း မတတ်နိုင်။ ရေ၏ တွန်းကန်အားကြောင့် တစ်ချက်တစ်ချက် မိပို၏ ခြေထောက်တွေ ယိုင်နဲ့သွားရပေမဲ့ မိပိုအား တင်းထားကာ အင်အားပြင်းလွန်းလှသော ရေ၏ အရှိန်ကို ထိုးခွဲ၍ သွားနေရလေ၏။ ယက်ကန်ယက်ကန်နှင့် အားမာန်အပြည့် ထည့်ကာ ရေ၏ ရိုက်ခတ်အားကိုကျော်လွန်အောင်အသည်းအသန် ရုန်း၍ သွားနေရင်းမှပင် မိပိုတို့ အိမ်လေးထဲကို ရောက်လာတော့ မိပို ပျော်သွားလိုက်သည်မှာ မောလို့မောမှန်းတောင် မသိတော့။ သေတ္တာက မောင်လေးအိပ်သည့် ခုတင်ခြေရင်းတွင် ထီးထီးကလေးတွေ့ရတာကြောင့် မိပို ဝမ်းသာအားရဖြစ်ကာ ခုတင်ပေါ် အမြန်တက်ရလေသည်။ ပြီးတော့ သေတ္တာကို အမြန်ဖွင့်ရလေ၏။
“ပျော်လိုက်တာ စုဘူး လေး ရပြီ။ မောင်လေး အတွက် ကျောပိုးလွယ်အိတ်လေး ဝယ်ဖို့ စုထားတဲ့ပိုက်ဆံလည်း ပြန်ရပြီ ပျော်လိုက်တာ”
ပိုက်ဆံလေးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စုဘူးလေးကိုပိုက်လျက် မိပို အိမ်ထဲကနေ အမြန် ထွက်ခဲ့လေသည်။ ဆုပ်ကိုင်ထားသော ပိုက်ဆံလေးတွေကို အိတ်ထောင်ထဲ ထည့်မည်ပြုတော့ မိပို၏ မျက်လုံးတွေ ပြူးသွားကာ လန့်သွားရလေသည်။ ပိုက်ဆံလေးတွေ အိတ်ထောင်ထဲ ထည့်၍ မရတော့၊ ရေတွေက အိတ်ထောင်ထဲအထိ ဝင်ရောက်နေခဲ့ပြီ။ ဘုရားရေ၊ အမြန်သွားမှ ဖြစ်မယ်။ ရေတွေက တဖြည်းဖြည်းနှင့် တက်လာလိုက်သည်မှာ ပေါင်အထိ ရောက်နေသော ရေက အခုတော့ ခါးအထိပင် ရောက်လို့နေပြီ။ ခါးအထိ ရောက်နေပြီဖြစ်သော ရေတွေ ကြားထဲတွင် ခြေထောက်တွေကို မနည်း ရုန်းကန် လျှောက်နေရသော အခိုက်မှာပင် မိုးက တဖြောက်ဖြောက်နှင့် ကျလာခဲ့လေ၏။ မိုးပေါ်က ကျလာသည့် မိုးစက်များနှင့် ရေပြင်ကျယ်ကြီး ထိတွေ့လိုက်သည့်အခါ နေရာတိုင်းတွင် ပေါက်ပေါက် ပေါက်ပေါက်နှင့် ရေပွက်ကလေးတွေ ဖြစ်သွားတာကို မြင်ရလေ၏။
“မရွာပါနဲ့တော့ မိုးရယ်”
ပျော်ရွှင်တက်ကြွနေသည့်ကြားမှပင် မိပို ရင်ထဲ ဆို့လာကာ ငိုချင်မိသည်။ ပြင်းထန်လှသောရေ၏ အရှိန်ကို ထိုးခွဲကာ အသည်းအသန် ရုန်း၍ သွားနေရသည့် ကြားက အမှိုက်သရိုက်များ၊ ဇလုံ များ၊ ပျဉ်ချပ်များ၊ အိုးခွက်ပန်းကန်များက ရေပေါ်တွင် ပေါလောပေါ်ကာ ရှေ့ကနေ ပိတ်လို့နေသေး၏။ မိပို စိတ်ထဲတွင် ရေတွေက နောက်ကနေ ပြေးလိုက်လာကာ မိပို၏ ခြေထောက်တွေကို ဖမ်းချုပ်ဖို့ ကြိုးစားနေကြသလို ခံစားနေရလေသည်။ ပိုက်ဆံလေးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စုဘူးလေးကိုပိုက် လျက် မလျော့သော အား မာန်အပြည့်ဖြင့် ရေတွေကြားဝယ် တွန်းကန်၍ သွားနေရလေ၏။ အမေ့မျက်နှာကိုရော၊ မောင်လေးမျက်နှာလေးကိုပါ မိပို မြင်ချင်လှပြီဖြစ်၏။ ရေ၏ ဖမ်းချုပ်မှု အား ကောင်းလှသော ဆွဲအားကြားဝယ် ယက်ကန်ယက်ကန်နှင့် အားမာန်တင်းကာ သွားနေရသည့်နောက် ဘုန်းကြီး ကျောင်းကို မိပို လှမ်းမြင်နေရပြီဖြစ်၍ ဝမ်းသာသွားရလေသည်။ သို့သော် မိပို၏ ဝမ်းသာမှုသည် ကြာရှည်မခံလိုက်၊ ရေက တက်လာလိုက်သည်မှာ ခါးကနေ ချိုင်းအထိ ရောက်နေပြီ ဖြစ်သည်။တစ်ချက်တစ်ချက် လှိုင်းအတွန့် မှာ မိပို၏ ပါးစပ်ထဲ ရေတွေ ဝင်လာလိုက်သည်မှာ မနည်း မှုတ်ထုတ်ပစ်နေရတာဖြင့် အရမ်းမောပင်။
“သမီးလာပြီ အမေရေ၊ မမလာပြီ မောင်လေးရေ”
ပိုက်ဆံလေးတွေကို ဆုပ်ထားသည့် လက်တစ်ဖက်က အပေါ်သို့ မြှောက်ထားရကာ ကျန်တစ်ဖက်က စုဘူးလေးကို မေးစေ့နှင့် ထောက်၊ ပိုက်ထားရလျက် ရေ၏ ချုပ်နှောင်မှုများကြား မနည်းလွတ်အောင် တွန်းထိုးရုန်းကန်သွားနေရသည့်ကြားမှပင် အမေနှင့် မောင်လေးတို့ ၏ မျက်နှာလေးတွေကိုမြင်ယောင်မိလျက် မိပို ပြုံးတောင် ပြုံးလိုက်မိသေးသည်။ အဲဒီအချိန်မှာပင် မိပို၏ ခြေထောက်နှစ်ချောင်းအား တစ်စုံတစ်ယောက်က နောက်ကနေ ဆွဲခါချပစ်လိုက်သလို မိပို၏ ခန္ဓာကိုယ်လေး ရေထဲ နစ်မြုပ်သွားရကာ မိပို ရုန်း ကန်လှုပ်ရှားနေသော်လည်း အရာမထင်၊ ရေတွေက မိပို၏ နှာခေါင်းထဲ၊ ပါးစပ်ထဲသို့ အလုအယက် ဝင်လာကြကုန်၏။ တစ်စုံတစ်ယောက်က မိပို၏ ဦးခေါင်းကို ကိုင်ကာ နှစ်လိုက်၊ မ,လိုက် လုပ်နေသလိုပင်။ မိပို လှုပ်ရှားရုန်းကန်နေသော်လည်း အသက်ရှူ ကျပ်လာသည်မှအပ ဘာမျှ လှုပ်ရှားမရတော့။ သို့သော် ပိုက်ဆံလေးတွေနှင့် စုဘူးလေးကိုတော့ လွတ်ထွက် မသွားရအောင် ဆုပ်ကိုင်ထားမိလေသည်။ နောက်ဆုံးတော့ မိပို၏ ခန္ဓာကိုယ်လေးအား တစ်စုံတစ်ယောက်က သယ်ယူသွားသလို ခံစား လိုက်ရလေတော့သည်။
“သမီးလေး၊ သမီးလေး ထ,ပါဦးကွယ်။ အမေ့ သမီး အလိမ္မာလေး အမေတို့ကို ထ,ကြည့်ပါဦး”
“မမ...မမ... မောင်လေးကို စကားပြောပါဦး။ မောင်လေးကို ချစ်တယ်ဆို၊ မောင်လေးကို ကျောပိုးအိတ် ဝယ်ပေးမယ်ဆို၊ မောင်လေးနဲ့ ကျောပိုးအိတ် သွားဝယ်ကြမယ်လေ မမ”
“ဝုတ် ဝုတ်…”
“သနားလိုက်တာဟယ်၊ ဒီကလေးမလေးက အရမ်းလိမ္မာတာ၊ တစ်အိမ်လုံး သူပဲ ရှာကျွေးနေတာ”
“ကျုပ်တို့လည်း တားပါသေးတယ်ဗျာ။ ဒါပေမဲ့တားမရဘူး။ သူ့မိသားစု အတွက်ဆို သူက ဘာကိုမှ ဂရုမစိုက်တတ်ဘူးလေ”
မိပို သတိရတစ်ချက်၊ မရတစ်ချက်နှင့် မိပို ဘေးတွင် အမေရယ်၊ မောင်လေးရယ် ငိုနေကြတာကို မိပို ကြားနေရသည်။ ပြီးတော့ မိဝါ၏ အသံ၊ ပြီးတော့ လူတွေက ဝိုင်းအုံကြည့်ကာ ပြောနေလိုက်ကြသည့် စကားတွေ။ အဲဒီ လူတွေကြားထဲတွင် မိပိုက မလှုပ်မယှက် ပက်လက်ကလေး။ ပြီးတော့ အမေရယ်၊ မောင်လေးရယ်၊ မိဝါရယ်ကို ဘယ်တော့မှ မြင် တွေခွင့်၊ ဘယ်တော့မှ လုပ် ကျွေးခွင့်၊ မောင်လေးအတွက် ကျောပိုးအိတ်လေးကိုလည်း ဘယ်တော့မှ ဝယ်ပေးခွင့် မရနိုင်တော့ဘူးဆိုတာ မိပို သိနေလေသည်။ သို့သော် အမေနှင့် မောင်လေးအတွက် စုဘူး လေးနှင့် ပိုက်ဆံလေးတွေကို ရအောင် ယူပေးနိုင်ခဲ့သည့်အတွက် မိပို ပျော်လိုက်ရသေးသည်ဆိုတာ အမေနှင့် မောင်လေး သိနိုင်ပါ့ဦးမလား။ နောက်ဆုံးအနေနှင့် မိပို၏ မျက်လုံးထဲဝယ် ဗန်းလေးကို ရွက်လျက် မိပို ဆီ လျှောက်လာနေသော ကောင်မလေး တစ်ယောက်ကို မိပို မြင်လိုက်ရလေသည်။
“အကြော်တွေ ရမယ် အကြော်တွေ၊ အကြော်တွေ ပူပူလေး”
⎕ ညှို့ပြင်းရှ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၂၀၁၇
No comments:
Post a Comment