❝ အနှိုင်းမဲ့ ပီတိ ❞
( မောင်စိန်လွင် - မင်းကင်း )
မေမေ့ရဲ့ အတွေးအခေါ်က ဘယ်လိုလဲ မသိ ။ ဘွဲ့ရတဲ့သမီးကို အိမ်မှာ ဈေးရောင်းခိုင်းတာလေ ။ ဈေးရောင်းခိုင်းမယ့် အတူတူ အချိန်ကုန် ငွေကုန်ခံပြီး ဘွဲ့ရတဲ့ အထိပညာသင်နေဖို့ မလိုပါဘူး ။ ကျွန်မ ၈ တန်း ရောက်တဲ့ နှစ်က ဖေဖေ ဆုံးသွားလို့ ကျောင်းထွက်ပြီး ဈေးရောင်းမယ် ပြောတော့ လက်မခံခဲ့ ။ မေမေ မအားရင် ကျွန်မ ဈေးကူရောင်းပေးနေကျ ။ ဈေးရောင်းတာ ဘာခက်လို့လဲ ။ ဘွဲ့ရမှတော့ ဘွဲ့နဲ့ ထိုက်တန်တဲ့ အစိုးရ လခစား လုပ်ချင်တာပေါ့ ။ အိမ်မှာ ဘယ်ဈေးရောင်းချင်နေမှာလဲ ။ ဖေဖေ ဆုံးပြီးတော့ ဇာတိရွာက ဆွေမျိုးနီးစပ် တော်တဲ့ လှမေကို ဈေးရောင်းအကူ ခေါ်ထားတယ် ။ အစမို့လား မသိ ဈေးကောင်းကောင်း မရောင်းတတ်သေးဘူး ။ အိမ်ရှေ့ပစ္စည်း အသွင်းအထုတ်နဲ့ ခိုင်းတာပဲ လုပ်တတ်တယ် ။ ဈေးရောင်းရင်း မေမေက သင်ပေးတော့ တဖြည်းဖြည်းနဲ့ရောင်းတတ်လာတယ် ။လေးတန်းလောက်ပဲပညာသင်ခဲ့ပေမဲ့ ဈေးဝယ်ကို ငွေပြန်အမ်းတဲ့အခါ အမြန်တွက်ချက်တတ်နေပြီ ။ တစ်ရက် ဈေးဝယ်ကို ငွေပြန်အမ်းဖို့ ကျွန်မက တွက်နေတုန်း “ မမဘယ်လောက် အမ်းလိုက်လေ ” လို့ လှမေက လှမ်းပြောတယ် ။ ဒါကြောင့် ဈေးရောင်းတာ ဘွဲ့ရစရာ မလိုပါဘူး ။ အိမ်ဆိုင်ဆိုတော့ ဣန္ဒြေရရ ရောင်းလို့ရတယ် ။ ကိုယ့်အိမ် ဆိုင်ရှေ့ လာရပ်တဲ့ ဈေးဝယ် သူကိုသာ “ ဘာလိုချင်လဲရှင့် ” နှုတ်ချိုချိုနဲ့ ပြောရုံပဲ ။ ဝယ်သူလာရင် ရောင်းပြီး ဝယ်သူ မလာရင် ကိုယ့်အိမ် လုပ်စရာရှိတာ လုပ်နေရုံပဲ ။ ကျွန်မတို့ အိမ်ဆိုင်လေးကလည်း တစ်နေကုန် ရောင်းရတာမှ မဟုတ်တာ ။ ရွာက ဈေးရောင်း ဈေးဝယ်လာတဲ့ လူတွေကို မနက်ပိုင်းပဲ ရောင်းရတာများတယ် ။ ကျွန်မတို့ ကနီတောမြို့လေးမှာ လူဦးရေထူထပ်တာ မဟုတ်တော့ နေ့ပိုင်းဆို တစ်ရက်ဈေးဝယ် ၄ , ၅ ယောက်ပဲရှိတယ် ။ ဈေးရောင်းရတာ မနိုင်မနင်း မဖြစ်ပါဘူး ။ ဒါတောင် မေမေက ကျွန်မကို ဈေးရောင်းခိုင်းတယ် ။ ကျွန်မ ဈေးရောင်းလိုတဲ့ ဆန္ဒ မရှိတာ အမှန်ပါ ။ ကျွန်မ ရထားတဲ့ ဘွဲ့ကို အသုံးချပြီး ငယ်စဉ်က စိတ်ဝင်စားခဲ့တဲ့ ကျောင်းဆရာမ လုပ်ချင်တာပေါ့ ။
တစ်နေ့မှာတော့ ကျွန်မက -
“ မေမေ နေ့စားလပေး ဆရာမ အလုပ်တွေ ခေါ်နေ ပြီ ၊ သမီး လျှောက်လွှာတင်ချင်တယ် ။ မေမေ့သဘောက ဘယ်လိုလဲ ”
“ ညည်းနှယ် ကျောင်း ဆရာမအလုပ်မှ ရွေးလုပ်ချင် ရတယ်လို့ ၊ ဘွဲ့ရတစ်ယောက် ဖြစ်နေပြီး မြို့ပေါ်မှာ အိုးမကွာ ၊ အိမ်မကွာ အလုပ်မျိုးဆို တော်သေး ။ ကျောင်းဆရာမ အလုပ်က တစ်လ ဘယ်လောက် ရလို့လဲ ။ လခစား အလုပ်ကို စိတ်ကူးမနေနဲ့ ။ အိမ်မှာ မေမေနဲ့အတူ ဈေးရောင်းနေပါကွယ် ။ သမီးရဲ့ ကျောင်းဆရာမ လစာပေးဆို မေမေပေးမယ် ။ ကျောင်းဆရာမအလုပ်က တစ်မြို့ တစ်ရွာ တောခေါင်ခေါင်သွားလုပ်ရမှာ မေမေ သဘောမတူဘူး ”
“ ငွေနဲ့ တိုင်းတာပြီး ဆရာမလုပ်တာ မဟုတ်ပါဘူး မေမေရယ် ။ ဝါသနာ လည်းပါ ၊ အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်လေးတွေကို တစ်ဖက်တစ်လမ်းက ပညာသင်ပေးချင်လို့ပါ ”
“ တော်စမ်းသမီး ၊ ကြီး ကြီးကျယ်ကျယ် စကားတွေ လာပြောမနေနဲ့ ။ စိတ်ကူးနဲ့ ဆရာမအလုပ် ရူးနေတာကိုး ။ မေမေ ခွင့်မပြုဘဲ ဇွတ်လုပ်ရင် သမီး အိမ်ကနေ အပြီး ထွက်သွားပေတော့ ”
မေမေကတော့ လေသံမာမာပဲ ။ မေမေ လက်ခံ အောင် ပြန်ပြောဖို့ စကားလုံး ရှာမရ ဖြစ်သွားပြီး ကျွန်မ စိတ်ညစ်သွားခဲ့ရပါတယ် ။
••••• ••••• •••••
ကျောင်းပိတ်ရက် တစ်နေ့မှာ ကျွန်မရဲ့ ငယ်ဆရာမ ဒေါ်မိမိ ဈေးဝယ်ရောက်လာတယ် ။
“ သမီး နေ့စားလပေး ဆရာမ လျှောက်လွှာမတင်ဘူးလား ၊ သမီးသူငယ်ချင်းတွေ လျှောက်လွှာတင်နေကြပြီ ”
“ သမီးက လျှောက်လွှာ တင်ချင်ပေမဲ့ မေမေက ခွင့် မပြုဘူးရှင့် ။ ဆရာမလာတုန်း မေမေ့ကို ကူပြောပေးပါလား ”
“ ခု သမီးမေမေ ရှိလား ”
“ မေမေ ထမင်းချက်နေတယ် ၊ ခေါ်လိုက်ရမလားဆရာမ ”
“ အေး ... ခေါ်လိုက်လေ ”
“ မေမေရေ .. ဆရာမ ဒေါ်မိမိ ရောက်နေတယ် ”
မေမေ ရောက်လာတော့ဆရာမက -
“ ဒေါ်ခင်စန်းရယ် ခင်မျိုး မြတ်ကို ဆရာမလုပ်ခွင့် ပေးလိုက်ပါ ”
“ ဆရာမရယ် ကျုပ်တို့ မှာ အမေတစ်ခု ၊ သမီးတစ်ခု ရှိတာ ။ တစ်မြို့တစ်ရွာ သွား လုပ်ရမှာ စိတ်မချလို့ပါ ။ ကျုပ်ကလည်း လိုက်မစောင့် ရှောက်နိုင်ဘူး ။ အိမ်မှာလည်း အလုပ်ရှိနေတော့ လုပ်ဖို့လိုမယ် မထင်ပါဘူး ဆရာမရယ် ၊ ကြာကြာလည်း ခွဲမနေနိုင်လို့ပါ ”
“ ကြာကြာခွဲ မနေရပါဘူး ။ နှစ်နှစ်နေပြီးရင် ပြောင်းလာလို့ရပါတယ် ။ ကျွန်မတို့ တုန်းကလည်း နှစ်နှစ်နေပြီး ကိုယ့်ဒေသ ပြောင်းလာခဲ့တာ ပဲ ။ ဆရာမအလုပ်ဆိုတာ မိန်းကလေးနဲ့ သင့်တော်လို့ တိုက်တွန်းတာပါ ။ ဂုဏ်လည်း ရှိပါတယ် ၊ ဣန္ဒြေလည်း ရှိပါတယ် ၊ ကုသိုလ်လည်း ရပါတယ် ။ ခွင့်ပြု လိုက်ပါ ဒေါ်ခင်စန်းရယ် ”
“ ဆရာမ တိုက်တွန်းလို့ သာ ခွင့်ပြုရမှာ ၊ ကျုပ်က တော့ စိတ်မချတာ အမှန်ပဲ ”
“ သမီးလည်း ဘွဲ့ရတစ်ယောက်ပဲ ။ နေတတ် ၊ ထိုင်တတ် ၊ သွားတတ် ၊ လာတတ်ပါတယ် ။ စိတ်ပူမနေပါနဲ့ ခွင့်ပြုလိုက်ပါ ။ ကဲ ကျွန်မ ပြန်လိုက်ဦးမယ် ”
ပြောပြီး ဆရာမ ဒေါ်မိမိ ပြန်သွားတယ် ။
ဆရာမ ဒေါ်မိမိ ပြန်သွားပြီးနောက် မေမေ ဘာ စကားမှ မပြောဘဲ ကျွန်မကို မျက်လုံးနဲ့ လှမ်းကြည့်နေတယ် ။ အဲဒီအကြည့်ရဲ့နောက်မှာ အဓိပ္ပာယ်တွေ တသီတတန်းကြီးပါနေတယ် ။ ဆရာမ ဈေးဝယ်လာတာ အမိအရ တပ်ကူတောင်းလိုက်သေး ။ ခွင့်မပြုချင်ပေမဲ့ ဆရာမကို ကတိပေးလိုက်ပြီးမှတော့ ခွင့်ပြုရတော့မယ် ။ အိမ်ထောင် ကျလာလို့ကတော့ ပြန်ကြည့်မယ် မထင်နဲ့ ၊ အမွေပြတ်ပဲ ဆိုတဲ့ အကြည့်မျိုး ။
••••• ••••• •••••
နေ့စားလပေး အလုပ် ခန့်စာရပြီး နောက်တစ်နေ့ တွင် ကျွန်မ မေမေနဲ့ ခွဲခွာပြီး အမြန်ရေယာဉ်နဲ့ ခရီးနှင်ခဲ့ရပြီ ။ အမေကတော့ စိတ်မချသော အကြည့်မျိုးနဲ့ ကြည့်ပြီး ဆိပ်ကမ်းမှာ ကျန်ခဲ့လေရဲ့ ။ နောက်ရက်ညနေ ဟုမ္မလင်း မြို့နယ် ၊ မလန်းယန်းရွာရှိ မူလတန်းကျောင်းလေးသို့ ရောက်ရှိသွားတယ် ။ ဟုမ္မလင်းမြို့နဲ့ ငါးမိုင်ဝေးလို့ ဆိုင်ကယ်ကယ်ရီ ငှားပြီး သွားခဲ့ရတယ် ။ ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်အရောက်တွင် ကျွန်မကို ဝန်းရံလျက်ရှိတဲ့ ရွာသူ ရွာသားများအား ကြည့်ပြီး အံ့သြဝမ်းသာမှု ဖြစ်သွားခဲ့ တယ် ။ ရွာသူရွာသားများရဲ့ နွေးထွေးစွာ ကြိုဆိုမှုအပေါ် တွင် ကျွန်မရင်ထဲ အစစအရာရာ လုံခြုံသွားပြီလို့ ခံစားလိုက်ရပြီ ။
“ ဆရာမလေးရေ အဘတို့ရွာ စာသင်ပေးဖို့ လာတယ် ဆိုလို့ ဝမ်းသာတယ်ဟေ့ ။ ဆရာမလေး နေဖို့ ၊ အိပ်ဖို့ ၊ စားဖို့ အဘတို့ရွာက အားလုံး တာဝန်ယူပေးမယ် ။ ပျော်အောင်သာ နေနော့ ”
ရှမ်းအဘိုးကြီး အုပ်ချုပ် ရေးမှူးက အကြင်နာ စေတနာ အပြည့်ပါသော အကြည့်နဲ့ ပြောပြီးနောက် အနီးရှိ ရွာသူ ရွာသားများဘက် လှည့်ပြီး ရှမ်းသံဝဲဝဲဖြင့် -
“ တို့ရွာက ကလေးတွေ စာသင်ပေးမယ့် ဆရာမလေး ဒေါ်ခင်မျိုးမြတ်တဲ့ မှတ်ထားကြဟေ့ ၊ ဂရုစိုက်ရမယ်နော် ။ ဒါမှ တို့ရွာ ပျော်ပြီး ကြာကြာ နေမှာ ”
ရွာသူရွာသား အားလုံးက တူညီသော လေသံဖြင့် “ ဂရုစိုက်မှာပါ ၊ ဂရုစိုက်မှာပါ ” ဟု တုံ့ပြန်ပြောဆိုကြ တယ် ။
“ ကဲ ဆရာမလေးလည်း ခရီးပန်းလာပြီး နားချင်ရော့မယ် ။ နေရမယ့်အိမ် လိုက်ပို့လိုက်ကြကွာ ”
ကျေးရွာအုပ်ချုပ်ရေးမှူး ပြောဆိုလိုက်တာနဲ့ ရွာသူရွာသားများက ပစ္စည်းတွေ သယ်ပြီး ကျွန်မကို ခေါ် သွားကြတယ် ။
ကျွန်မသင်ရတဲ့ ကျောင်း လေးမှာတော့ ကျောင်းအုပ် ဆရာကြီးနဲ့ ကျွန်မ အပါအဝင် ရွာခံ အထွေထွေလုပ်သားပါ ၃ ယောက် ။ စာရင်းရှိဆရာ ဆရာမ ၅ ယောက် ဆိုပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် စာရင်းသာ ရှိပြီး လူမရှိခဲ့ ။ ရေများရာ မိုးရွာချင်ကြတာ ။ ဒီလို ဒေသမျိုး လာချင်တဲ့ ဆရာ ၊ ဆရာမက ရှားမှရှား ။ ဒီဒေသရှိ ရှမ်းတိုင်းရင်းသားလေးတွေရဲ့ ပညာရေး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါတယ် ။ ကျွန်မ အလုပ်ဝင်လို့ ခြောက်လအကြာ ကျောင်းအုပ်ဆရာကြီးက အပြောင်းရသွားတယ် ။ စာသင်နှစ် ကုန်သွားသော် လည်းကျောင်းအုပ်ဆရာကြီး အသစ် ရောက်မလာခဲ့ ။
ကျောင်းသားကျောင်းသူ ငါးဆယ် ဆိုပေမဲ့ တန်းခွဲ ငါးခု ဆိုတော့ နားချိန်မရှိ ။ အထွေထွေလုပ်သားနဲ့ ကျွန်မတို့ နှစ်ယောက် နည်းနည်းကျဲကျဲဝိုင်း မနားမနေ သင်ရပေမဲ့ ပင်ပန်းတယ်လို့ မထင်မိခဲ့ ။ ပညာရေးထက် စားဝတ် နေရေး ဦးစားပေးနေကြတဲ့ မလန်းယန်းရွာက ရင်သွေးငယ်များကို ပညာသင်ကြားရတာ မလွယ်သော်လည်း အားမာန်တင်း၍ ရှေ့သို့ ချီ တက်ခဲ့ရတယ် ။ ကျွန်မတို့ လက်ထက်မှာ ကလေးတွေ ပညာရေးသမိုင်းကြောင်း ကောင်းစေခဲ့ပါတယ် ။ မိဘတွေရဲ့ ချစ်ခင်လေးစားမှုတို့ ပြန်ခံခဲ့ရလို့ ပီတိတွေ ဖြစ်လို့ မဆုံး ။ လူ့ဘဝတိုတိုလေးမှာ ဝါသနာပါရာ လုပ်ရလို့ ကျွန်မ စိတ်ချမ်းမြေ့နေပါတော့တယ် ။
မလန်းယန်းရွာလေးမှ လေးတန်းအောင်ရင် ငါးမိုင် ဝေးတဲ့ ဟုမ္မလင်း အ . ထ . က သို့ သွားရောက်မနေကြ ။ ကလေးတွေ လေးတန်း အောင်တာနဲ့ ပညာရေးခရီး ဆုံးခဲ့ရတယ် ။ လှေငယ်တက် ကျိုး အဖြစ်ဆိုးနဲ့ တူလှ တယ် ။ အဘယ်မည်သော ပညာရေး ဥယျာဉ်မှူးက ကလေးများ ပညာရေး လျစ်လျူရှုနိုင်မည်လဲ ။ မိမိတပည့် ပန်းကလေးများ အချိန်မတန်မီ နွမ်းကြွေသွားမှာကို ကျွန်မဘဝင်မှာ မလန်းဖြစ်ရလေပြီ ။ လေးတန်းအောင် ကလေးများ ပညာဆက်သင်ရေး လေးတန်းကျောင်းသား မိဘဆယ်ဦးနဲ့ အုပ်ချုပ်ရေးမှူးကို ကျွန်မ အစည်းအဝေး ခေါ် စည်းရုံးရတော့တယ် ။
“ ဒီနေ့ ကျေးရွာအုပ်ချုပ် ရေးမှူးနဲ့ မိဘတွေ အစည်း အဝေး ခေါ်ရတာကတော့ လေးတန်းအောင်ကလေးများ ကျောင်းဆက်ထားဖို့ပါပဲ ။ လူသားအရင်းအမြစ်လေးတွေ ပညာမဆုံးရှုံးရအောင် ကျွန်မတို့ ဆရာ ၊ ဆရာမတွေနဲ့ မိဘတွေမှာ တာဝန်ရှိပါတယ် ။ ဒါ ကြောင့် ကလေးတွေကို ပညာ အရောင်တင်ပေးလိုက်ရင် ကလေးတွေ အနာဂတ် လှပသွားမှာပါ ။ မိဘတွေ တာဝန်ကျေမှ ကလေးတွေဘဝ နောင်ရေး စိတ်အေးရမှာ ဖြစ်ပါတယ် ။ ကျောင်းဆက်ထားဖို့ အခက်အခဲရှိတယ်ဆိုရင် ပြောပြကြပါ ။ ကျွန်မ တတ်နိုင်သလောက် အကြံပေး ဖြေရှင်းပေးပါမယ် ”
“ ကလေးတွေက ငယ် တော့ ဟုမ္မလင်းမြို့ပေါ် သူ တစ်ပါးအိမ်မှာ မနေတတ် ၊ မထိုင်တတ် ဖြစ်မယ် ။ မိဘတွေနဲ့လည်း ခွဲနေချင်မှာ မဟုတ်ပါဘူး ၊ ဆရာမလေးရယ် ” လို့ မိဘတစ်ဦးက ပြောပြသည် ။
“ ဒါက လွယ်ပါတယ် ။ အိမ်တိုင်းလိုလို Without ဆိုင်ကယ်ရှိတယ် မဟုတ်လား ။ ဆိုင်ကယ်နဲ့ ပို့ပေးရင် ရတာပေါ့ ။ ဟုမ္မလင်းနဲ့ မလန်းယန်းရွာ အသွားအပြန် တစ်ခေါက် ၁၀ မိုင် ၊ နှစ်ခေါက်ဆိုတော့ မိုင် ၂၀ ၊ တစ်ရက် ဓာတ်ဆီဖိုး တစ်ပတ် ၅၀၀ ကျပ် ကုန်မယ် ။ ကျောင်းတက်ရတာ တစ်ပတ်မှာ ၅ ရက် ၊ ၂၅ဝဝ ကျပ် ။ တစ်လဆိုရင် လေးပတ် တစ်သောင်းကျပ်ကုန်မယ် ။ ပညာသင်နှစ် တစ်နှစ်မှာ ၈ လ စာသင်ရမယ် ။ ကျောင်းပိတ်ရက်တွေ ပြန်နုတ်လိုက် ၇ လပဲ ကျောင်းတက်ရမယ်လေ ။ ပညာသင် နှစ်တစ်နှစ်မှာ ငွေခုနစ်သောင်းပဲ ကုန်ကျစရိတ်ရှိတယ် ။ စာအုပ်စာ တမ်းဖိုးက မကုန်ဘူး ။ အခမဲ့ ပညာရေး ။ ဒီကုန်ကျစရိတ်လောက်ဆိုတော့ မိဘတွေ အကုန်ခံနိုင်တယ် မဟုတ်လား ”
ကျွန်မက အကွက်ကျကျ ရှင်းပြလိုက်တယ် ။
“ ဆရာမလေးက တို့ရွာက ကလေးတွေ ပညာတတ် ဖြစ်စေချင်တာပေါ့ ။ မင်းတို့ အားလုံး ဒီငွေလောက်တော့ တတ်နိုင်တယ် ။ စိတ်ကူးမလွဲကြနဲ့ ၊ ကျောင်းဆက်ထားကြ ။ မဟုတ်လည်း ရွာကလူ တွေ ဟုမ္မလင်း ဈေးဝယ်တစ်ရက် တစ်ခေါက်နှစ်ခေါက် သွားနေကြတာပဲကွာ ။ ခုတော့ ကလေးကျောင်းပို့ရင်း တစ်ချက်ခုတ် နှစ်ချက်ပြတ် ။ ရုံး ကိစ္စတို့ ၊ စျေးဝယ်စရာတို့ ရှိလည်း လုပ်ခဲ့လို့ရတာပဲ ကွာ ။ ကျုပ်ကတော့ ဆရာမလေး ပြောပြတာ သဘောတူတယ် ။ မင်းတို့ ဘယ်လိုလဲ ။ ကျောင်းဆက်ထားကြမှာ မဟုတ်လား ”
ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ စကားသံ ။
ဆရာမလေး အရင် တာဝန်ကျခဲ့တဲ့ ဆရာ ၊ ဆရာမ တွေက ရွာရောက်လို့ တစ်နှစ် မပြည့်ခင် ပြောင်းဖို့ပဲ ကြိုးစားနေကြတာ ။ ကလေးတွေ ပညာရေး မိဘတွေခေါ်ပြီး ခုလို ရှင်းမပြခဲ့ဘူးဗျ ။ ဆရာမလေး ပြောပြတဲ့ ငွေကြေးဆို တတ်နိုင်ပါတယ် ။ ကျုပ်တို့ မိဘဆယ်ဦး ညှိပြီးပါပြီ ။ ဒီနှစ် တက်နေတဲ့ လေးတန်း ကျောင်းသား ကျောင်းသူ ဆယ်ယောက် အားလုံး ကျောင်းဆက်ထားဖို့ သဘောတူပါတယ် ဆရာမလေး ”
မိဘတစ်ဦးရဲ့ တင်ပြချက် ။
“ ကလေးအားလုံးလိုလို စာတော်ကြပါတယ် ။ မိဘတွေ တာဝန်ကျေဖို့သာ လိုတာပါ ။ ကျော်မိုးနိုင် ဆိုရင် တခြားကလေးတွေ ဆော့ နေရင်တောင် မဆော့ဘူး ။ အားရင် စာဖတ်နေတာပဲ ။ ကျောင်းဆက်ထားမယ်ဆိုလို့ လူကြီးမိဘ အားလုံးကို ကျွန်မ လေးစားဂုဏ်ယူပါ တယ် ။ ကဲ အစည်းအဝေး ပြီးပါပြီရှင် ”
ဤသို့ဖြင့် “ မိဘဆရာ ပူးပေါင်း ကလေးပညာရေး ကောင်း ” ဆိုသော ဆောင်ပုဒ်နဲ့ အညီ ဒီနှစ် လေးတန်းအောင် ကလေးများအားလုံး ဟုမ္မ လင်းမြို့ အ . ထ . က ပညာ ဆက်လက် သင်ကြားရတော့မယ် ။ အသိပညာ နည်းပါးလှသော မိဘတွေကို ကောင်း တဲ့ လမ်းညွှန်မှုပေးနိုင်ခဲ့လို့ ကျွန်မ ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ် ။
••••• ••••• •••••
ကျွန်မ ပညာသင်နှစ် နှစ်ပြည့်လို့ ကိုယ့်ဒေသ အပြောင်းအမိန့်စာ ရခဲ့ပြီ ။
“ ဒီရွာ ၊ ဒီကျောင်း ၊ ဒီကလေးတွေကို သံယောဇဉ် တွယ်နေမိပြီ ။ သူတို့ကို ဘယ်လိုပြောရမလဲ ။ ရွာသူ ရွာသားတွေ သိရင်လည်း စိတ်မကောင်းဖြစ်နေကြမှာ အမှန် ။ ဘယ်လိုလုပ် ပြောရပါ့ ” တွေးပြီး ကျွန်မ မျက်ရည်များ တွေတွေ ကျဆင်းခဲ့ရပါတော့တယ် ။
ပြောင်းဖို့အရေး မတတ် သာလို့သာ ဖွင့်ဟ , ပြောလိုက်ရတယ် ။ စိတ်ထဲမှာတော့ မကောင်းခဲ့ ။ တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာဆိုတာ ဒါပဲထင်ပါရဲ့ ။ ကျွန်မ စိတ်အားတင်းပြီး ဖြေသိမ့်နေရပြီ ။ ပြောင်းရတော့မယ်လို့ ဖွင့်ပြောပြီး နောက်ရက်မှာတော့ လက်ဆောင် ပစ္စည်းတွေ လာပေးကြတယ် ။ ရွာသူရွာသားများ ဆင်းရဲနွမ်းပါးကြလို့ မလိုချင်ပေမဲ့ နောက်ကွယ်က စေတနာ မေတ္တာကို လေးစားပြီး လက်ခံလိုက်ရတယ် ။ ဒေသထွက် ကောက်ညှင်းဆန် ၊ မြေထောက်ပဲ ၊ လက်ဖက် ခြောက် စုံလို့ပါပဲ ။ တပည့် လေးတွေကလည်း တဖွဲဖွဲ လာရောက် ကန်တော့ကြ တယ် ။ ဟန်မပျက် ပြောနေရပေမဲ့ မကြာမီ ခွဲခွာရတော့မှာဆိုတော့ ကျွန်မ ရင်ထဲမှာ တိတ်တိတ်လေး ကြေကွဲလျက် ။
ကျေးရွာအုပ်ချုပ်ရေးမှူးလည်း ရောက်လာပြီး -
“ ဆရာမလေးရေ ကျုပ်တို့ရွာ သတိရရင် တစ်ခေါက် တစ်ခါတော့ အလည်လာခဲ့ပါဦး ။ ကျုပ်တို့ ရွာသူ ရွာသားတွေ ရင်ထဲမှာ ဆရာမလေးကို စွဲကျန်ရစ်ခဲ့ပြီ ” လို့ ရှမ်းသံဝဲဝဲနဲ့ ပြောတယ် ။
“ တစ်ရွာလုံးကို ကျွန်မ အမြဲ သတိရနေမှာပါ ။ အခြေအနေပေးရင် လာလည်ပါ့မယ်ရှင် ” လို့ တုန်ခါနေသော ကျွန်မအသံကို ထိန်းပြီး ပြန်ပြောလိုက်ရတယ် ။
နောက်ရက် ရွာမှ မနက် စောစော ထွက်လာခဲ့တယ် ။ ကျောင်းသားမိဘများနဲ့ ကျောင်းသား ကျောင်းသူ များပါ ဟုမ္မလင်းမြို့ အမြန် ရေယာဉ်ဆိပ်အထိ လိုက်ပို့ကြတယ် ။ အမြန်ရေယာဉ် ဟုမ္မလင်းမြို့ ဆိပ်ကမ်းမှ မနက် ၉ နာရီ စ , ထွက်တယ် ။ အမြန်ရေယာဉ်ပေါ်မှ ကျွန်မ ဆိပ်ကမ်းပေါ် လှမ်းကြည့်လိုက်တော့ ရွာသူရွာသားများနဲ့ ကျောင်းသူ ကျောင်းသားများ မပြန်ကြ သေး ။ လက်ပြ နှုတ်ဆက် လျက် ။ ကျွန်မလည်း ပြန် လည် လက်ပြ နှုတ်ဆက်မိ တယ် ။ အမြန်ရေယာဉ် ဆိပ်ကမ်းမှ တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားလေပြီ ။ မြင်ကွင်းကလည်း တဖြည်းဖြည်း သေး၍ ကျန်ရစ်ခဲ့တယ် ။ ဝေးကွာသွားလား ၊ မျက်ရည် ကြောင့်လား မသိ မြင်ကွင်းမှ ပျောက်ကွယ်သွားလေပြီ ။ မလန်းယန်းရွာမှ ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ကာလတွေ ကတော့ လွမ်းစရာတွေပါပဲ ။
••••• ••••• •••••
ဇာတိ ကနီမြို့ပေါ် အ . မ . က ( ၂ ) မှာ ကျွန်မ မူလ တန်းပြ ပြန်စ , ခဲ့ပြီ ။ အိုးမကွာ ၊ အိမ်မကွာ ကျောင်း တက်ရလို့ စိတ်ချမ်းမြေ့ရ ပါတယ် ။ ကျွန်မအတွက် ရတက်မအေးရတဲ့ မေမေ လည်း ခုတော့ စိတ်ချမ်းမြေ့သွားပြီ ။ ကျောင်းပိတ်ရက်နဲ့ ကျောင်းမတက်မီ ညနေပိုင်း ကျောင်းအားချိန်များတွင် ဈေးကူ ရောင်းပေးပြီး မေမေ့ ဆန္ဒ ဖြည့်စွမ်းပေးနိုင်ခဲ့ပါတယ် ။ မေမေလည်း ကျွန်မရဲ့ လုပ်ရပ်နဲ့ စိတ်ဓာတ်ကို ကြည့်ပြီး ဝမ်းသာမဆုံး တပြုံးပြုံးဖြစ်လေရဲ့ ။
ကျွန်မ သက်ပြည့်ပင်စင် ယူခါနီးချိန် ကျွန်မတို့ သားအမိ နှစ်ယောက်ရဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ သီရိ ဂေဟာလေးကို လျှပ်တစ် ပြက် ဖြိုခွင်းလိုက်တာက တော့ မေမေ့ ချောင်းဆိုး ရောဂါပါပဲ ။
မေမေတို့ ကနီမြို့ပေါ် ပြောင်းရွှေ့မလာမီ ရွာမှာနေတုန်းက ဖေဖေနဲ့ အတူ နေပူ မိုးရွာမရှောင် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရလို့ ချောင်းဆိုး ရင်ကျပ် ရောဂါရခဲ့တယ် ။ ရွာက ကျန်းမာရေးမှူးနဲ့ ကုသခဲ့ရလို့ သက်သာသွားခဲ့တယ် ။ နောက်ပိုင်းမှာ ဆက်ပြီး ဆေးထိုး ၊ ဆေးသောက် မလုပ်ခဲ့လို့ ရှင်းရှင်းပျောက် ဟန်မတူ ။ အသက်အရွယ် ကြီးတော့ ရောဂါပြန်ပေါ်လာတဲ့သဘော ။ ချောင်းဆိုးရင် ထွက်လာသော ချွဲတွေ နီကြင်ကြင် သွေးစသွေးန ရောပြွမ်း ပါလာတယ် ။ ကိုယ့်မြို့မှာ ဖွင့်ထားတဲ့ အပြင်ဆေးခန်းပြကြည့်တယ် ။ တစ်ပတ် နှစ်ပတ်လောက်တော့ သက်သာသွားတယ် ။ ကြာလာတော့ ရောဂါပိုဆိုးလာတယ် ။
“ ချောင်းဆိုးပြီး သွေးပါ လာရင် အဆုတ်ရောဂါပဲ ။ မုံရွာသွားပြီး အထူးကုနဲ့ ပြ ရင် ပိုကောင်းမယ် ” လို့ ဆရာဝန်လေးက ပြောတယ် ။ ဆရာဝန်လေး၏ အကြံပေးမှုကြောင့် ကျောင်းပိတ်ရက် ကျွန်မတို့သားအမိ မုံရွာ အထူး ကုထံ သွားပြဖြစ်တယ် ။
ဒေါက်တာ ကျော်မိုးနိုင်
အဆုတ်ရောဂါ
အထူးကု ဆရာဝန်ကြီး
ဆေးခန်းအဝင် ချိတ်ဆွဲ ထားတဲ့ ဆိုင်းဘုတ်က အထင်းသား ။
ထိုင်ခုံလွတ်တွင် ကျွန်မတို့ သားအမိနှစ်ယောက် ဝင် ထိုင်လိုက်ကြတယ် ။
“ ဒေါ်မြရင် ”
ဆေးခန်းအကူ ဆရာမ လေးရဲ့ ခေါ်သံ အဆုံးတွင် အနီးရှိ လူနာတစ်ဦး အခန်းထဲ ဝင်သွားတယ် ။ ဆရာဝန်ကြီးနဲ့ လူနာ အပြန်အလှန် စကားပြောသံ အပြင်မှ သဲသဲကွဲကွဲ ကြားနေရတယ် ။ ဆရာဝန် ကြီးစကားသံက လူနာအပေါ် သနားကြင်နာစိတ်က ချိုသာလှပါတယ် ။
“ ဟုမ္မလင်းမြို့နယ် ၊ မလန်းယန်းရွာမှာ ပညာသင် ပေးခဲ့တဲ့ တပည့်တစ်ယောက် နာမည်နဲ့ တူလို့ ကိုယ့်တပည့် ဖြစ်နေမလား ၊ နာမည်တူလူတူ မရှားဆိုတော့ နာမည်တူတာ ဖြစ်မှာပါ ။ မဖြစ်နိုင် ” လို့ ကျွန်မ တွေးနေမိတယ် ။
“ ဒေါ်ခင်စန်း ”
“ မေမေ ခေါ်နေပြီ ဝင်ရ အောင် ”
ကျွန်မက မေမေ့ကို တွဲပြီး ဆရာဝန်ကြီးအခန်းထဲ ဝင်သွားကြတယ် ။
အသားဖြူဖြူ ၊ ကိုယ်လုံးသွယ်သွယ် ဆရာဝန်ကြီး ကို တွေ့ရတယ် ။ အသက် လေးဆယ်ဝန်းကျင်လောက် ရှိဦးမယ် ။ မျက်လုံး ၊ မျက်ခုံး ကောင်းကောင်း ယောက်ျားကောင်းတို့ ရှိသင့်တဲ့ ဥပဓိရုပ်မျိုး ပိုင်ဆိုင်ထားတယ် ။
ဆရာဝန်ကြီးသည် ကျွန်မကို စူးစိုက်ကြည့်ပြီး နောက် -
“ ဟာ ဆရာမ ဒေါ်ခင်မျိုးမြတ် မဟုတ်လား ၊ ဘာ ဖြစ်တာလဲ ဆရာမ ”
“ ဟုတ်ပါတယ်ကွယ် ၊ ဆရာမဒေါ်ခင်မျိုးမြတ်ပါ ။ ဆရာမ ဘာမှ မဖြစ်ပါဘူး ၊ မေမေ့ရောဂါ လာပြတာပါ ”
“ မလန်းယန်းရွာက ဆရာမတပည့် ကျော်မိုးနိုင် လေ ၊ မှတ်မိတယ် မဟုတ်လား ”
တပည့်ဟောင်း၏ ငယ်ရုပ်သွင်ကို စိတ်အတွေးတွင် ရှာကြည့်မိတယ် ။ ခဏကြာမှ -
“ မှတ်မိပါပြီကွယ် မောင်ကျော်မိုးနိုင် ကိုး ။ ဆရာမလည်း အသက်အရွယ် ကြီးလို့ မှတ်ဉာဏ်နည်းသွားပြီ ။ ပင်စင်ယူဖို့ နှစ်လထဲပဲ လိုတော့တယ် ။ ကွဲကွာခဲ့တာလည်း အနှစ် ၃ဝ ကျော်ဆိုတော့ ရုတ်တရက် မမှတ်မိတာပါကွယ် ”
အစ ခဏအကြာတွင် မေမေ့ ကျန်းမာရေးကို တပည့် ဆရာဝန် ကျော်မိုးနိုင်က စတင် စမ်းသပ်ကြည့်တယ် ။
“ စိုးရိမ်စရာ မရှိပါဘူးဗျာ ၊ အဆုတ်ရောဂါဖြစ်ဖို့ အ ပဲ ရှိပါသေးတယ် ။ တစ်လ လောက် ဆေးစားလိုက်ရင် ရှင်းရှင်းပျောက်သွားမှာပါ ။ ခုကြိုတင်ကာကွယ်ဆေး ထိုး ပေးလိုက်မယ် ။ ကျွန်တော် ပေးလိုက်တဲ့ ဆေးတွေကို မှန်မှန်စားပါ အဘွားရယ် ”
“ ဆေးဖိုး ဘယ်လောက် ကျလဲကွယ် ”
“ မလိုပါဘူး ဆရာမ ။ ဆရာမရဲ့ ကျေးဇူးတွေ ဆပ်မကုန်အောင် ကျွန်တော့် အပေါ်မှာ ကြီးမားလှပါတယ်ဗျာ ။ ဆရာမကို ကျွန်တော်က ကန်တော့ရဦးမှာပါဗျာ ”
“ မေမေ့ ကျန်းမာရေး ကုသပေးတာနဲ့ ကျေးဇူးဆပ်ရာ ရောက်ပါပြီကွယ် ၊ ကန်တော့ဖို့ မလိုပါဘူး ”
တပည့်ဆရာဝန်က ငွေ သုံးသိန်းနဲ့ လက်အုပ်ချီ ထိုင် ကန်တော့ပြီးနောက် -
“ ကန်တော့ငွေ ဆရာမ လက်မခံရင် ကျွန်တော့်ဘဝအတွက် တစ်သက်လုံး စိတ်ကောင်းမှာ မဟုတ်ပါဘူး ၊ ဆရာမ လက်ခံပေးပါ ”
ကန်တော့ငွေကို လက်မခံလိုသော်လည်း တပည့် ငယ် စိတ်ကောင်းမှာမဟုတ်လို့ ကျွန်မ လက်ခံလိုက်ရတယ် ။
“ ဒီငွေကို ဆရာမ မသုံးပါဘူး ။ ဆရာမတို့ကျောင်း က ဆင်းရဲပြီး စာတော်တဲ့ ကလေးတွေကို ထောက်ပံ့ပေးမှာပါကွယ် ”
ဆရာဝန် ကျော်မိုးနိုင် မျက်လုံးဝိုင်းစက်သွားတယ် ။ ကိုယ်ကျိုးအတွက် မသုံးဘဲ ကလေးတွေ ပညာရေး သုံးမယ်ဆိုတဲ့အသံ ကြားလိုက်ရလို့ အံ့သြမှုဖြင့် ကျွန်မအား တွေတွေကြီး စိုက်ကြည့်နေတော့တယ် ။ ကျွန်မကတော့ အပြုံးမပျက် ပြုံးလျက် ။
ကျွန်မနဲ့ စကားပြောပြီး နောက် တပည့်ဆရာဝန်က မေမေ့လက်မောင်းလေး တွဲပြီး ဆေးခန်းအပြင် လိုက်ပို့ပေးတယ် ။
မိမိ အမှတ်မထင် ပြုစု ပျိုးထောင်ပေးခဲ့တဲ့ တောပန်းလေး တစ်ပွင့်ဟာ ခုတော့ ပြည်သူအားထားရတဲ့ အထူးကုဆရာဝန်ကြီးတစ်ဦး ဖြစ်နေပြီမဟုတ်လား ။ ကျွန်မ ဝမ်းမြောက်မိသလို ဂုဏ်ယူမဆုံးလည်း ဖြစ်ရပါတယ် ။ ဆရာတပည့် နှစ်ယောက် မျက်နှာပေါ်က တည်ကြည် ဝင်းပတဲ့ အပြုံးကိုယ်စီကို ကြည့်ပြီး မေမေ ပီတိဖြစ်နေတယ် ။
“ သမီးတို့ ဆရာလောက မှာ ‘ တပည့်မရှား တစ်ပြား မရှိ ပီတိကိုစား အားရှိပါ၏ ’ ဆိုတဲ့ စကား မေမေ လက်ခံသွားပါပြီ ။ သမီးတို့ ဆရာတပည့် ဆက်ဆံပုံကို ကြည့်ပြီး ပီတိဖြစ်ရလို့ မေမေ့ ရောဂါ ဆေးမစားရသေးတာတောင် ရောဂါတစ်ဝက်လောက် သက်သာသွားပြီကွယ် ”
မေမေ့ စကားကို ကျွန်မ ဘယ်လိုမှ ခွန်းတုံ့ပြန် မပြောမိ ။ ကျောင်းဆရာမဖြစ်ရတာကို ပုထုဇဉ်ပီသလွန်းစွာ ဂုဏ်ယူသော အပြုံးနဲ့သာ မေမေ့ကို စိုက်ကြည့်နေမိတယ် ။ တပည့်လေးတွေနဲ့ ပတ်သက်လို့ ကျွန်မ ပီတိများစွာ ခံစားခဲ့ဖူးပါတယ် ။ သိန်းပေါင်း သောင်းချီ ချမ်းသာသူတွေ မည်သို့မျှ ရရှိခံစားနိုင်စွမ်းမရှိသော ပီတိ ။ ခုချိန်မှာတော့ မေမေ သဘောမကျတဲ့ ဆရာ လောကကို တန်ဖိုးထား လေးစားသွားလို့ ကျွန်မ ခံစားလိုက်ရတာကတော့ အနှိုင်းမဲ့ ပီတိရယ်လေ ... ။
⎕ မောင်စိန်လွင် ၊ မင်းကင်း ၊
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
ဇွန် ၊ ၂၀၂၀
No comments:
Post a Comment