Tuesday, July 14, 2026

နာမည်ကြီး ဖောက်ထွင်းဝိဇ္ဇာ


❝ နာမည်ကြီး ဖောက်ထွင်းဝိဇ္ဇာ ❞
▢  ရန်နိုင် ၊ ယုဇန ၊

ရှေးလူကြီးတွေ ပြောကြတဲ့ ‘ စာအုပ်စာပေ လူ့မိတ်ဆွေ ’ ၊ ‘ အလိမ္မာစာမှာရှိ ’ ဆိုတဲ့ စကားတွေက သိပ်ကို မှန်ပါတယ် ။ စာအုပ်စာပေများများ ဖတ်ရှုတဲ့သူဟာ ဗဟုသုတတွေ ပြည့်စုံကြွယ်ဝလာမှာ ဖြစ်သလို စာအုပ်စာပေ လုံးဝ မဖတ်ရှုတဲ့သူကျတော့ ဗဟုသုတ မပြည့်ဝဘဲ တုံးအ နေမှာ သေချာပါတယ် ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်လေးကို ပြောပြချင်ပါတယ် ။

ဒီလိုဗျ ... တစ်ရက်မှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကျွန်တော်ဆီ အိမ်လည်လာပါတယ် ။ အဲဒီအချိန်မှာ ကျွန်တော်ကလည်း ဇွန်လထုတ် ‘ သည်းထိတ်ရင်ဖို ’ မဂ္ဂဇင်းကို စိတ်ဝင်တစားနဲ့ ဖတ်နေတဲ့ အချိန်ပေါ့ ။ ဒါကိုမြင်တော့ သူငယ်ချင်းက “ ငါ့ကောင်ကြီးရ ဘာတွေကို ဒီလောက်တောင် သဲကြီးမဲကြီး ဖတ်နေရတာတုန်းဟ ” လို့ မေးတာပေါ့ ။ ဒီတော့ ကျွန်တော်ကလည်း ဖတ်လက်စ စာအုပ်လေးထဲက ဝတ္ထုတို တစ်ပုဒ်ကို “ ဒီစာမူလေး ကောင်းတယ်ကွ ... ရော့ ဖတ်ကြည့်စမ်းပါအုံး ” ဆိုပြီး သူ့ကို ပြတာပေါ့ ။ ဒီမှာ သူက ဝတ္ထုခေါင်းစဉ်ကို အသံထွက် ဖတ်ပြီး သူ ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်မှာ ရယ်ရအခက် ငိုရအခက် ဖြစ်သွားတယ် ။ ဖြစ်ပုံက ဒီလိုဗျ ...

တကယ်တော့ ကျွန်တော် သူ့ကို ပေးဖတ်တဲ့ ဝတ္ထုခေါင်းစဉ်က “ ကျွန်တော်နှင့် ဖောက်ထွင်းဝိဇ္ဇာ ” ။ ရေးသူကတော့ နာမည်ကြီးစာရေးဆရာ “ ထောင်မှူးကြီးသိန်းဝင်း ” ဖြစ်ပါတယ် ။ ဒါကို သူက စာအုပ်စာပေ ဖတ်လေ့ဖတ်ထ မရှိတော့ ဝတ္ထုခေါင်းစဉ် “ ကျွန်တော်နှင့် ဖောက်ထွင်းဝိဇ္ဇာ ( မင်အနီနဲ့ ) နဲ့ရယ် အောက်က ကပ်ရပ် စာရေးသူနာမည် “ ထောင်မှူးကြီး သိန်းဝင်း ( မင်အပြာနဲ့ ) ” ကိုတစ်ခါတည်း ပေါင်းပြီး “ ကျွန်တော်နှင့် ဖောက်ထွင်း ဝိဇ္ဇာ ထောင်မှူးကြီးသိန်းဝင်း ” လို့ ပေါင်းဖတ်လိုက်တယ် ။ ပြီးတော့ ပါးစပ်ကလည်း ပြောလိုက်သေးတယ် ။ “ ဪ ငါကြားဖူးနေတဲ့ ‘ ထောင်မှူးကြီး သိန်းဝင်း ’ ဆိုတာ လက်စသတ်တော့ ဖောက်ထွင်းဝိဇ္ဇာကြီးပါလား ” တဲ့ ။ ဒီကောင့်စကားကိုသာ ဆရာထောင်မှူးကြီးသိန်းဝင်း ကြားသွားရင်တော့ ...  ။

▢  ရန်နိုင် ၊ ယုဇန ၊
📖 ရယ်စရာ မဂ္ဂဇင်း
      နိုဝင်ဘာ  ၊ ၂၀၁၅

No comments:

Post a Comment