❝ ကြာပင်တော ❞
( ညိုထွန်းလူ )
မွေးနေ့မှတ်တိုင် တစ်ခု ဖြတ်သန်းပြီးခဲ့ပြန်ပြီ ။ လူဆိုတာ အသက်အရွယ် ကြီးရင့်လာရင် လာရာလမ်းကို ပြန်ပြီး ငေးတတ်သတဲ့ ။ ဟုတ်တာပေါ့ ။ အသက်နဲ့ အရွယ်က ရှေ့ကို တိုးနေပေမယ့် စိတ်အာရုံတွေက နောက်ကြောင်းပြန်ချင်တယ် ။ တွေးမိတိုင်း ရွာကို လွမ်းမိသွားတယ် ။ တစ်ခါတလေ ရွာကို ပြန်ပြီး အေးအေးလူလူ နားချင်တဲ့ စိတ်လေးတွေ ပေါ်လာခဲ့တယ် ။ ငယ်ငယ်တုန်းက နေ့တိုင်း စားခဲ့ရတဲ့ ခါးထစ်သီးဟင်း ၊ ချဉ်ပေါင် ၊ ပဲပြုတ်နဲ့ ငရုတ်သီးထောင်းတွေကို အောက်မေ့သွားတယ် ။ သတိရဆုံးကတော့ ရွာအရှေ့ဘက်မှာ ရှိတဲ့ ကျော်လှရဲ့ ထန်းတဲပဲ ။ လထွက်တဲ့ အချိန်ရောက်မှ မူးမူးနဲ့ သီချင်းတွေ အော်ဆိုရင်း ရွာကို ပြန်လာခဲ့ရတဲ့ အရသာကို ဘယ်လိုမှ မမေ့နိုင်ဘူး ။ ပြီးတော့ ရွာထိပ်က ကိုသောင်းရွှေ ရဲ့ လက်ဖက်ရည်ဆိုင် ၊ ဟော ... တွေးရင်း တွေးရင်းနဲ့ အတွေးထဲမှာ ပေါ်လာတာတွေ အားလုံး လွမ်းစရာတွေချည်း ဖြစ်ကုန်တယ် ။ တကယ်ပါ ။ ရွာကို တစ်နှစ် အနည်းဆုံး သုံးလေးခေါက်လောက် ပြန်ချင်တယ်လို့ ပြောရင် ပိုလွန်းတယ်လို့ ထင်ကြမလားပဲ ။
လာချင်ရင် အနီးလေးတဲ့ ။ လမ်းတွေကလည်း ကောင်းနေတော့ ကိုယ်ပိုင်ကားနဲ့ သွားလိုက်ရင် ခဏလေးနဲ့ ရောက်တယ် ။ အလွန်ဆုံးကြာလှ သုံးလေး နာရီ ၊ တစ်ရက်က ရွာကို ပြန်ဖို့ စိတ်ကူးပေါက်သွားပြီး ဒရိုင်ဘာကို အဆင်သင့်လုပ်ထားလို့ ပြောမိသေးသည် ။ ရန်ကုန်က အလုပ်ကိစ္စနဲ့ တယ်လီဖုန်းဝင်လာလို့ ချက်ချင်း အစီအစဉ် ပြောင်းလိုက်ရတယ် ။
လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရွာကို ရောက်ဖြစ်တယ် ။ ပထမ စက်ရေတွင်းတူးဖို့ ကိစ္စ ၊ နောက်တစ်ခါတော့ ရွာမှာ အထက်တန်းကျောင်းခွဲရလို့ ကျောင်းဆောင်သစ် ဆောက်ပြီး လှူဒါန်းဖို့ ၊ အခုတော့ အားလုံး အဆင်ပြေနေကြပြီ ။ ရေရှားတဲ့ ရွာဟာ ရေကို အိမ်တိုင်းစေ့ ဖောဖောသီသီ သုံးနိုင်ကြတယ် ။ ရွာကျောင်းရဲ့ ဆယ်တန်းအောင်ချက်ကလည်း ကောင်းတယ်လို့ ကြားရတယ် ။ ဒီတော့လည်း ပြုခဲ့တဲ့ ကိုယ့်ရဲ့ ကုသိုလ်တွေအတွက် ကြည်နူးသွားရတာကိုး ။ နောင်လည်း ရွာအတွက် လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးရဦးမှာပေါ့ ။ အမှန်တော့ ရွာပြန်ချင်တယ်ဆိုတာ အဲဒါတွေအတွက် ဂုဏ်ဖော်ချင်လို့ မဟုတ်ဘူး ။ ရွာထဲကို ရောက်လို့ မော်တော်ကားပေါ်က ဆင်းဆင်းချင်း “ ဟ ... ကောင်ကြီး ရောက်လာပကိုးဟ ” ဆိုတဲ့ အားရပါးရ နှုတ်ဆက်လိုက်တဲ့ အသံကို ကြားချင်တာ ။ ကိုယ့်ရဲ့ ငယ်နာမည်ကိုများ ခေါ်လိုက်တဲ့ အသံကြားရရင် ဘယ်လို ပြောရမလဲ ။ စိတ်က အလိုလိုကို မြူးသွားတာ ။ ဒီလို ခံစားမှုမျိုးကို မြို့မှာ နေတဲ့ သူတွေ သိဖို့ ခဲယဉ်းတယ် ။ ဥစ္စာဓနတွေ ၊ ရာထူးဂုဏ်အဆင့်အတန်းတွေ ဘယ်အဆင့်မှာပဲ ရှိရှိ ၊ ရွာက လူတွေကတော့ သူ့ကို ငယ်ငယ်တုန်းက အတူနေခဲ့ကြတဲ့ ဘဝကိုပဲ မြင်နေကြတယ် ။ ငယ်ပေါင်း စိတ်ရင်းနဲ့ ရင်းနှီးနွေးထွေး နေကြတာကိုး ။ မေတ္တာစိတ်တွေ ဖိတ်ဖိတ်ဝေနေတဲ့ သူတို့ရဲ့ နှလုံးသားကို တွေ့ရတယ် ။ လှိုက်လှဲ ဖော်ရွေမှုတွေ ကိုယ့်ဆီကို ကူးစက်သွားတယ် ။ ရွာထမင်း ရွာဟင်းစား ၊ ရွာက သူငယ်ချင်းတွေနဲ့ တပျော်တပါး နှစ်ရက်လောက် နေလိုက်ရရင် တင်းကျပ် ဖိစီးထားတာတွေအားလုံး ပျောက်ပြီး တစ်ခါတည်းနဲ့ ပေါ့ပါး လန်းဆန်းသွားတယ် ။ ဒီတော့ မြို့မှာ အနေကြာပြီး လုပ်ငန်းကိစ္စတွေနဲ့ ခေါင်းရှုပ်လာတဲ့ အခါ ရွာကို ပြန်သွားချင်တယ် ။ ဒါပေမဲ့ ရွာကို ပြန်ချင်တဲ့ အချိန် ပြန်နိုင်တဲ့ အခွင့်အရေးတွေ ရှိနေတာတော့ မှန်ပါရဲ့ ။ ခက်တာက ရွာကို ရောက်ရင် တည်းရမယ့် နေရာပဲ ။ ကိုယ့်မိဘတွေရဲ့ အိမ်လည်း ရှိတယ် ။ ဆွေမျိုးသားချင်းအိမ်တွေလည်း ရှိတယ် ။ တည်းခိုစရာနေရာတွေက ပေါမှ ပေါ ၊ ကြိုက်တဲ့ နေရာ တည်းလို့ ရတယ် ။ အရင်တုန်းက ရွာကိုရောက်ရင် တည်းချင်တဲ့ နေရာ တည်းလိုက်တယ် ။ အခုတော့ အဲဒီလို မဟုတ်တော့ဘူး ။ တည်းချင်တဲ့ အိမ် စိတ်ဖြောင့်လက်ဖြောင့် တည်းလို့ မရအောင် အဖုအထစ်လေး ကြုံလာခဲ့ရတယ် ။
ရွာရဲ့ နာမည်က “ ကြာပင်တော ” တဲ့ ။ ချစ်စရာကောင်းပြီး မှတ်မိလွယ်တဲ့ နာမည်လေးပါ ။ ဒါပေမဲ့ ရွာနဲ့ နာမည်က မလိုက်ဖက်အောင် ဖြစ်နေတယ် ။ အညာကျေးလက်ဒေသ ခြောက်သွေ့ပူပြင်းတဲ့ နေရာမှာ ကြာပင်တွေ ဖောဖောသီသီပေါက်နေတဲ့ ရေကန် မပြောနဲ့ ရေဗွက်ရေအိုင်တွေတောင် မြင်ရဖို့ ခပ်ရှားရှား ။ အဲ ... တစ်ခုတော့ ရှိတယ် ။ ကန္တရပင် တွေကတော့ လက်ညှိုးထိုး မလွဲဘူး ။ ရွာအပြင်မှာ တောထအောင် ပေါက်နေတယ် ။ ဒါကြောင့် ကန္တရပင်တွေ ပိတ်ဖုံးနေတဲ့ ရွာကို တမင်ကာ ရွဲ့ပြီး ကြာပင်တောလို့ အမည်ပေးထားလားမှ မသိတာ ။ အမယ် ... အဲဒီလိုလည်း မဟုတ်ရေးချ မဟုတ် ။ ရွာဖြစ်လာပုံက သမိုင်းနဲ့ ဘာနဲ့ကိုး ။
ပုဂံခေတ်တုန်းကပေါ့ ။ အနော်ရထာမင်းက အမျက်တော်ရှပြီး ကျန်စစ်သားကို အရိမာလှံနဲ့ ထိုးတယ် ။ လှံက လွဲချော်သွားတော့ ကျန်စစ်သားလည်း အရိန္ဒမာလှံကို ကောက်ယူပြီး ထွက်ပြေးသွားတယ် ။ ဒီလိုနဲ့ ပြေးရင်းလွှားရင်း တစ်နေရာရောက်တော့ ပင်ပန်းပြီး နားချင်တယ် ။ အဲသည်မှာ မြေပြင်ကို အရိန္ဒမာလှံနဲ့ ချိန်ရွယ်ပြီး ကြာပင်တောပေါတဲ့ ရေကန်ဖြစ်စေလို့ အမိန့်ပေးလိုက်တဲ့ အခါ ကျန်စစ်သားမင်း ဘုန်းတန်ခိုးကြောင့် ချက်ချင်းပဲ ကြာမျိုးစုံလင် ဖူးပွင့်ပြီး အေးမြသာယာလှပတဲ့ ရေကန်ကြီးတစ်ကန် ဖြစ်ပေါ်လာသတဲ့ ။ ကျန်စစ်သားမင်းက ရှေ့ဆက် မပြေးတော့ဘဲ သူ ဖန်ဆင်းတဲ့ ကြာကန်ကြီးနံဘေးမှာ စံမြန်းနေတယ် ။ နံဘေး ပတ်ဝန်းကျင်မှာ ရှိကြတဲ့ လူတွေက ကျန်စစ်သားမင်း ဘုန်းတန်ခိုးရိပ်ကို ခိုလှုံလာကြလို့ ရွာတည်ပေးပြီး ကြာပင်တောလို့ အမည်တွင် စေသတဲ့ ။ ပြီးတော့ ကြာပင်တောဘုရားကိုလည်း တည်ပေးလိုက် ပြန်တယ် ။ ကျန်စစ်သားမင်းရဲ့ ဘုန်းတန်ခိုးက သိပ်ကြီးမားတာကိုး ။ သူ့ရဲ့ အရိပ်ကို နောက်ထပ် ခိုလှုံတဲ့ သူတွေ ထပ်မံရောက်လာကြတော့ ဘုရားရဲ့တောင်ဘက်မှာ အဲဒီလူတွေအတွက် သီးသန့်တစ်ရွာ တည်ပေးလိုက်ရပြန်ရောတဲ့ ။ မူလ ရှိနှင့်တဲ့ ဘုရားမြောက်ဘက်က ကြာပင်တော မြောက်ရွာ ၊ ဘုရားရဲ့ တောင်ဘက်မှာ နောက်ထပ်တိုးလာတဲ့ ကြာပင်တော တောင်ရွာ ၊ အဲသလို တောင်ရွာမြောက်ရွာရယ်လို့ ကွဲသွားတာ ။ ဒါပေမဲ့ ကြာပင်တော တောင်ရွာသားတွေက လက်မခံဘူး ။ သူတို့ ပြောတာက တစ်မျိုး ၊ အလောင်းစည်သူမင်းကြီး ဖောင်တော်နဲ့ လှည့်လည်စဉ်မှာ ရောက်နေတဲ့ နေရာလေးက သာသာယာယာမို့ နှစ်ခြိုက်တော်မူပြီး မြေပြင်ကို ကြိမ်စကြာနဲ့ ရိုက်ရင်း ကြာမျိုးငါးပါးပေါက်တဲ့ ရေကန်ကြီးတစ်ကန် ပေါ်စေ လို့ အမိန့်ပေးလိုက်သတဲ့ ။ ပြီးမှ ကြာကန်နံဘေးမှာ ရွာတစ်ရွာနဲ့ ကြာပင်တောဘုရားကို တည်တော်မူတာဖြစ်သတဲ့ ။ ကြာပင်တော မြောက်ရွာ ဆိုတာ နောက်မှ ဖြစ်ပေါ်လာရတဲ့ ရွာလို့ ပြောကြပြန်တယ် ။ ဒါကြောင့်မို့ ရွာရဲ့ ဇာစ်မြစ်ကို လိုက်ရင်း မူးချာပတ်ချာရမ်းသွားနိုင်တယ် ။ ဘယ်သူ့ စကားကို အတည်ပြုပြီး ယုံကြည်ရမှန်း မသိဘူး ။ သမိုင်းအထောက်အထားတွေလည်း တစ်ခုမှ မရှိဘူး ။ တစ်ဆင့်တစ်ဆင့် ချဲ့ထွင်လာတဲ့ ပါးစပ်ရာဇဝင်ပဲ ဖြစ်မှာပါ ။ ဒါပေမဲ့ ကြာပင်တော မြောက်ရွာသားတွေကတော့ ခပ်တင်းတင်းပဲ ။ ဘယ်သူတွေ ဘာပြောပြော ကိုယ့်သမိုင်းနဲ့ ကိုယ် ရှိသပေါ့ ။ ကြာပင်တောရွာကို ကျန်စစ်သား တည်ပေးခဲ့တယ် ။ အလောင်းစည်သူမင်း ကတော့ ကြာပင်တော တောင်ရွာကို တည်ခဲ့တယ် ။
ကြာကန် မရှိတဲ့ ကြာပင်တော တောင်ရွာနဲ့ မြောက်ရွာ ၊ ရွာနှစ်ရွာရဲ့ ကြားမှာ စေတီတစ်ဆူ ။ ထုံးစံအတိုင်း တောင်ရွာ မြောက်ရွာ ကွဲသွားတော့ တစ်ရွာနဲ့ တစ်ရွာ အစေးမကပ်ကြ ၊ မတတ်သာလို့ ဆက်ဆံကြပေမယ့် .. ဟက်ဟက်ပက်ပက် မရှိ ။ မြောက်ရွာမှာ ဘုန်းကြီး ဦးဇဝန ကျောင်းထိုင်တယ် ။ ဦးကိတ္တိကတော့ တောင်ရွာက ကျောင်းမှာ ကိုယ့်ရွာ ကိုယ့်ဆရာတော်နဲ့ သီးခြားစီ ကိုးကွယ်ကြတယ် ။ ဘုန်းကြီးချင်း ဘာမှ မဖြစ်ပေမယ့် ရွာနဲ့ ကိုးကွယ်တဲ့ ဒကာတွေ ကွဲကွာကြာတော့လည်း ဘုန်းကြီးတွေခမျာ အနေကျပ်ရှာတယ် ။ တောင်ရွာရယ် ၊ မြောက်ရွာရယ်လို့ ဘယ်အချိန်တည်းက တည်ရှိလာခဲ့မှန်း မသိပေမယ့် သူ့မှာလည်း ကံဇာတ်ဆရာရဲ့ အလိုကျ မြောက်ရွာနဲ့ ရေစက်ဆုံပြီး အဲဒီမှာ လူဖြစ်လာခဲ့ရတာကိုး ။
ရွာနှစ်ရွာအကြောင်း ပြောရရင် ဆင်းရဲတာချင်းတောင် တစ်ရွာနဲ့ တစ်ရွာ အနိုင်မခံအရှုံးမပေး ပြိုင်ပွဲဝင်နေသလား မှတ်ရတယ် ။ နှစ်ရွာစလုံး အိမ်ကြီးအိမ်ကောင်းတွေ မရှိဘူး ။ ထန်းသားတိုင်ထူပြီး ထန်းရွက်မိုးတဲ့ တဲသာသာ အိမ်တွေဟာ များတယ် ။ ဒီထက်နည်းနည်းလေး ဟန်ကျတဲ့ သူကတော့ ထရံကာကပ်မိုးအိမ်လေးနဲ့ နေနိုင်တယ် ။ တမာပင်လေး ၊ မန်ကျည်းပင်လေး တစ်ပင်စ နှစ်ပင်စလောက်သာ ပေါက်ပြီး အရိပ်အာဝါသ မရှိလို့ လွင်တီးခေါင်ထဲမှာ ရွာတည်ထားသလို ဖြစ်နေတယ် ။ ပြီးတော့ ဥတုသုံးပါး မရွေး ရွာထဲက အိမ်တွေကို ဖုတ်တွေနဲ့ ပေါင်ဒါရိုက် ပေးထားတယ် ။ အဲဒီလိုနဲ့ တစ်နှစ်ပြီး တစ်နှစ် ဖြတ်သန်းရင်း ရွာနှစ်ရွာနဲ့ အရောင်အဆင်းဟာ မွဲသထက် မွဲလာတယ် ။ အရောင်မွဲမွဲနဲ့ ရွာမှာ နေကြသူတွေကလည်း ဘာထူးမှာ တုံး ။ တောင်ရွာသားတွေက ယာလုပ်ကြပေမယ့် မိုးမှန်မှ ဝမ်းဝရုံလောက်သာ ရှိတာ ။ ဆင်းရဲခြင်းဆိုတာ ဖွားဖက်တော်လို မွေးကတည်းက ကပ်ပါလာခဲ့တယ် ။
မြောက်ရွာမှာတော့ သည်ထက် ပိုပြီးဆိုးတယ် ။ ယာလုပ်စရာ မြေမရှိဘူး ။ ကျောက်တုံး ကျောက်ခဲတွေနဲ့ သဲမြေတွေချည်း ဖြစ်နေတယ် ။ အဲဒီတော့ မြောက်ရွာသားတွေက ဈေးသည် လုပ်ပြီး အရောင်းအဝယ်နဲ့ သက်မွေးဝမ်းကျောင်း လုပ်ရတာပေါ့ ။ အနားပတ်ဝန်းကျင်မှာ ရှိတဲ့ သနပ်ခါးတို့ ၊ ချည်စောင်တို့ကိုဝယ်ပြီး မိုးကုန်ရင် အောက်ပိုင်းကို ဈေးရောင်းထွက်ကြတယ် ။ ကိုယ့်အစုနဲ့ ကိုယ် သွားကြတာ ။ ဧရာဝတီတိုင်း အတွင်းမှာ ကြာပင်တောမြောက်ရွာသားတွေ မရောက်တဲ့ နေရာ မရှိသလောက်ပဲတဲ့ ။ ဒီတော့ သူ့ရာသီ ရောက်ရင် တစ်ရွာလုံးလိုလို ဈေးရောင်းသွားကြလို့ ရွာထဲမှာ လူအနည်းအပါးလောက်ပဲ ကျန်ခဲ့တယ် ။ သင်္ကြန်ချိန်နီးမှ ကိုယ့်ရွာကို ပြန်ရောက်ကြတာကလား ။ မြောက်ရွာသားတွေ ဈေးရောင်းပြီး ပြန်လာရင်တော့ ငွေသံကြေးသံလေးတွေ ကြားရပါရဲ့ ။ ဒါပေမဲ့ ရှာရတဲ့ ငွေကလည်း မိသားစုတစ်စုလုံး တစ်နှစ်စာ လောက်ငအောင်အထိ ပြည့်စုံတာမှ မဟုတ်တာ ။ အချိန်တန်တော့ နောက်တစ်ခေါက် ပြန်ပြီး ထွက်ကြရပြန်ရော ။ အဲဒီလိုနဲ့ တစ်နှစ်ပြီး တစ်နှစ် လုံးချာလည် လိုက်နေရတယ် ။
သူ့အဖြစ်ကလည်း ခပ်ဆန်းဆန်းရယ် ။ တစ်ညတော့ သူ့အမေကို အိပ်မက်ပေးသတဲ့ ။ အိပ်မက်ထဲမှာ မျက်နှာဖော်မရတဲ့ လူတစ်ယောက် ရောက်လာပြီး အမေတို့ အိမ်မှာ နေပါရစေလို့ ပြောသတဲ့ ။ “ ဟဲ့ ... မင်းက ဘယ်ကတုံး ၊ ဘယ်မှာ နေတာတုံး ” လို့ အမေက မေးတော့ ကြာပင်တောတောင် ရွာဘက်ကို လက်ညှိုးထိုး ပြသတဲ့ ။ ဒါနဲ့ စကားဆက်ပြောဖို့ ဟန်ပြင်နေတုန်း အမေလည်း အိပ်မက်ထဲက လန့်နိုးရောတဲ့ ။ မကြာပါဘူး ။ သူ့ကို ကိုယ်ဝန်ရလာခဲ့တယ် ။ သူက မွေးချင်းတွေထဲမှာ စတုတ္ထမြောက်သား ၊ သူ့အထက်မှာ ကိုကိုကြီး ၊ ကိုကိုလတ် ၊ ကိုကိုလေး ကြီးစဉ် ငယ်လိုက် သားသုံးယောက် ရှိတယ် ။ သူ့နာမည်က ကိုကိုဌေး ။ အမေကတော့ ငါ့သားက ထူးခြားလို့ ဒီနာမည် ပေးလိုက်တာ ။ နာမည်မှာ ဌေး ပါနေလို့ တစ်ချိန်မှာ ချမ်းသာမှာလို့ ပြောတာပါပဲ ။ ဒါပေမဲ့ သူ့မှာ ကံမကောင်း ရှာဘူး ။ သူမွေးပြီးနောက် အမေ ကျန်းမာရေး ချူချာလာတယ် ။ နောက်ပိုင်း နို့ကန်းသလို ဖြစ်သွားရော ။ နို့ဝအောင် မစို့ရလို့ တအီအီ ငိုနေရတဲ့ သူ့ကို ကြည့်ရင်း အမေ့ခမျာ မျက်ရည်တွေ ကျနေရှာတယ် ။ ကုသိုလ်ကံများ ဆန်းကြယ်ပုံကို ပြောရဦးမယ် ။ ကလေးကို နို့တိုက်ပေးမယ့်သူကို ရှာရင်း အမေအုန်းနဲ့ တွေ့သွားတယ် ။ အမေအုန်းက ကြာပင်တော တောင်ရွာမှာ နေတာ ။ သူနဲ့ မတိမ်းမယိမ်းလောက် ရှိမယ့် အမေအုန်းရဲ့ ကလေးတစ်ယောက် ဆုံးသွားတာ မကြာသေးဘူး ။ အဲဒီလိုနဲ့ အမေအုန်းရဲ့ ရင်ခွင်ထဲကို သူရောက်သွားခဲ့တယ် ။ အမေလည်း သူ့အတွက် စိတ်ချလက်ချ ဖြစ်သွားတာပေါ့ ။ အဖေနဲ့ အမေ ဈေးရောင်းထွက်တဲ့ အချိန်မှာ အမေအုန်းဆီမှာ နေတယ် ။ သင်္ကြန်နီးလို့ အမေ ပြန်ရောက်လာမှ မြောက်ရွာကို ပြောင်းရပြန်တယ် ။ ဒီတော့လည်း အမေအုန်းက မျက်နှာမကောင်းပြန်ဘူး ။ ဆယ့်လေးငါးရက်လောက် ကြာတော့ မြောက်ရွာကို မေအုန်း လိုက်လာတယ် ။ ညည်းတို့ ဈေးရောင်းသွားစရာ ရှိတာ မြန်မြန်သွက်သွက် သွားကြအေ့ ။ ကလေးကို ငါနဲ့သာ စိတ်ချ လက်ချထားခဲ့လို့ ပြောတယ် ။ ပြီးတော့ ငါ့သားလေးလည်း မြောက်ရွာမှာ နေရတာ ပျင်းလှရော့မယ် ။ အမေအုန်းနဲ့ လိုက်ခဲ့ဦး ဆိုပြီး ခေါ်တော့တာပဲ ။ ညနေစောင်းတော့ အမေအုန်းလက်ဆွဲခေါ်ရာ နောက်ကို လိုက်သွားတဲ့ သူ့ကို အမေက မျက်ရည်တွေ ဝဲပြီး ကျန်နေရရှာတယ် ။ အမေတို့ ဈေးရောင်းမထွက်ခင် တစ်လလောက် အလိုမှာ အမေ့အိမ်ကို ပြန်သွားရပြန် တယ် ။ ဒီလိုနဲ့ သူလည်း မွေးမိခင်နဲ့ နို့တိုက်မိခင် နှစ်ယောက်ရဲ့ မေတ္တာရင်ငွေ့တွေကြားမှာ ဗျာများရင်း ကြီးပြင်းလာခဲ့တယ် ။ မြောက်ရွာမှာ နေတော့ အမေ့သားပေါ့ ။ တောင်ရွာ ရောက်တော့လည်း အမေအုန်းရဲ့သား ဖြစ်သွားတာပေါ့ ။
“ ဟေ့ကောင်လေး ၊ မင်းက ဘယ်ရွာသားလဲကွ ”
ပြုံးစစနဲ့ မေးနေတဲ့ ကိုကြီးခင်ကို ကြည့်လိုက်တယ် ။ ပြီးမှ “ တောင်ရွာသား ခင်ဗျ ။ ကျွန်တော့်အမေက အမေအုန်း ” အဲဒီလို မဆိုင်းမတွ ပြောလိုက်တော့ ကိုကြီးခင်က တဟားဟားရယ်လိုက်တာလေ ။ ကလေးစကား ဖြစ်ပေမယ့် အကြိုက်ဖြစ်နေတော့ သဘောကျတာပေါ့ ။ ကာလံဒေသံ အဂ္ဃံဓနံလိုပေါ့ ။ မြောက်ရွာကို ရောက်သွားပြန်တော့လည်း မြောက်ရွာသား ဖြစ်သွားပြန်ရော ။ အမေအုန်းကလည်း တစ်ခါတလေ တောင်ရွာ မြောက်ရွာ သွေးခွဲတဲ့ စကားရိပ်လေး သန်းတတ်တယ် ။
“ မြောက်ရွာကကွယ် နေရာတကာ ကျောက်ခဲတွေချည်းဖြစ်နေတော့ မြေကျင်းတူးရတာတောင် ခက်ပါဘိသနဲ့ ။ သေတောတောင် ဖြောင့်ဖြောင့် သေဖို့ မလွယ်ဘူး ”
ပြောရင်း သူ့ကို အကဲခတ် ကြည့်လိုက်တယ် ။ အနားမှာ နှီးဖျာနေတဲ့ အဘက “ ဟဲ့ မအုန်း ၊ ကလေးကို ဘာတွေလျှောက်ပြော နေတာတုံး ၊ ညည်းနှယ် ခက်ရန်ကော ” လို့ အမေအုန်းရဲ့ စကားကို ဟန့်လိုက်တယ် ။ အဘဆိုတာ အမေအုန်းရဲ့ ခင်ပွန်း ။ ဦးဘသွင် တဲ့ ။ သူကတော့ အဘလို့ပဲ ခေါ်တယ် ။ အမှန်က အမေအုန်းမှာ တောင် ရွာ မြောက်ရွာရယ်လို့ သွေးကွဲချင်တဲ့ စိတ်မရှိပါဘူး ။ တစ်ချိန်မှာ အတောင်အတက် စုံလာလို့ မြောက်ရွာကို သူ ပြန်သွားရင် ခက်ရချည်ရဲ့ အတွေးနဲ့ ပြောတာ ပါ ။ ကိုယ်တိုင်မွေး မဟုတ်ပေမယ့် ကိုယ့်ရင်သွေးနဲ့ လူဖြစ်အောင် မွေးလာရတော့ အမေအုန်းခမျာ သူ့အတွက် မေတ္တာစိတ်တွေနဲ့ ပူပန်သောက ကြီးနေရှာတယ် ။ ချစ်တာတောင် သူ မွေးထုတ်တဲ့ သားသမီးတွေထက် ပိုလိုက်သေးတယ် ။ ဒီတော့ အမေအုန်းရဲ့ သမီး မမခင်တင့်နဲ့ မမသန်းပို တို့က စကြတာပေါ့ ။
“ အမေ့မှာ သမီးတွေ ရှိတာတောင် ဂရုစိုက်ဖော်မရဘူး ။ သူ့သားမှ သူ့သားပဲ ”
ပြုံးစိစိနဲ့ ပြောလိုက်တဲ့ အခါ အမေအုန်းတစ်ယောက် စိတ်တိုချင်ချင် ဖြစ်သွားတယ် ။
“ ဟဲ့ ငါ့သားက ညည်းတို့လို မှတ်နေလား ။ ညည်းတို့က အ ချိန်တန်ရင် လင်နောက်လိုက်သွားကြမယ့် ဟာမတွေ ။ ဟောဒီသားကမှ အမေနဲ့ အတူနေမှာ ”
သမီးတွေကို လက်ညှိုးတထိုးထိုးနဲ့ ပြောရင်း ခပ်လှမ်းလှမ်းမှာ ဖုန်အလူးလူးနဲ့ ဆော့နေတဲ့ သူ့ကို ဆတ်ခနဲ ကောက်ချီပွေ့လိုက်တယ် ။ သူ့မှာ မျက်လုံးအဝိုင်းသားနဲ့ အမေအုန်းကို ငေးကြည့်နေရှာမိတယ် ။
မြောက်ရွာကို ပြန်ရောက်တော့လည်း သူ့မှာ တစ်ဒုက္ခ ။ “ ငါ့သားက အမေ့ကို မှတ်ကောမှတ်မိရဲ့လား ” တဲ့ ။ အမေက ပြောရင်းနဲ့ မျက်ရည်တွေ ကျလာခဲ့တယ် ။ သူ့ခမျာ မျက်လုံးလေး ကလယ်ကလယ်နဲ့ ဘာပြောရမှန်း မသိ ဖြစ်နေရှာတယ် ။ နည်းနည်းတော့ ထူးဆန်းတယ် ။ သူ့အောက်က ကိုကိုအေး ၊ ကိုကိုထွေးတို့ကို မွေးခဲ့ပေမယ့် သူ့တုန်းကလို နို့မထွက်တာမျိုး မကြုံခဲ့ရဘူး ။ လူ့ဘဝကုသိုလ်ကံ ဆန်းကြယ်ပုံများ ပြောပါတယ် ။ မြောက်ရွာမှာ မွေးတဲ့ သူဟာ တောင်ရွာမှာ လူလား မြောက်ခဲ့ရတယ် ။ ကျောင်းနေတော့လည်း တောင်ရွာမှာ နေပြီး ကျောင်းတက်ခဲ့ရတယ် ။ ရွာရဲ့ မူလတန်းကျောင်းကလည်း နှစ်ရွာပေါင်းမှ တစ်ကျောင်းတည်း ရှိတာ ။ ကြာပင်တောဘုရားရဲ့ အရှေ့တည့်တည့် ရွာ နှစ်ရွာ ကြားမှာ ဆောက်ထားတယ် ။ ဒေသစွဲစိတ်က တယ်လဲ ကြီးတာကိုး ။ ကလေးတွေကို ကျောင်းထားတော့ စာသင်ခုံတွေကို တောင်ရွာအတွက် တစ်ခြမ်း ၊ မြောက်ရွာအတွက် တစ်ခြမ်း တသီးတခြားစီ ထားပေးပါလို့ ပြောတဲ့ သူလည်း ရှိသေးတယ် ။ ကျောင်းအုပ်ဆရာကြီး ဦးမြဦး ဒေါပွသွားတယ် ။ ဆရာကြီးက အရပ်ပုပျပ်ပျပ် ၊ သဘောကောင်းပေမယ့် စိတ်တိုတတ်တယ် ။
“ ဒီမယ် ... တောင်ရွာရယ် ၊ မြောက်ရွာရယ် ခွဲခြမ်းခွဲခြမ်းလာမပြောနဲ့ ။ ကျုပ်ကျောင်း ရောက်ရင် ကျုပ်တပည့်တွေ အားလုံး အတူတူပဲ ။ ကြိုက်မှ ထားကြ ”
အဲသည် လို ခပ်တင်းတင်း ပြောလိုက်တော့မှ ဘယ်သူမှ အထွန့်မတက်ရဲဘဲ အသံတွေ ငြိမ်သွားတယ် ။ ကလေးတွေလည်း တောင်ရွာက ဖြစ်ဖြစ် ၊ မြောက်ရွာက ဖြစ်ဖြစ် ကျောင်းထဲဝင်လိုက်ရင် ရွာစိတ်တွေ ပျောက်သွားရတယ် ။ အားလုံး အ ရောရော အနှောနှော ။ တကယ်လို့ ကလေးအချင်းချင်း သူ့ရွာကိုယ့်ရွာ အစွဲနဲ့ ရန်ဖြစ်ကြရင် ဘယ်သူမှ မသက်သာဘူး ။ ကြိမ်တရွှမ်းရွှမ်းနဲ့ မှတ်သားလောက်အောင် ဆော်ပလော်တီးတော့တာကိုး ။ ဆရာကြီးရဲ့ ကြိမ်က တကယ်ကို အစွမ်းထက်ပါပေတယ် ။ ကြိမ်စကြာနဲ့ တို့လိုက်ရင် တစ်ခါတည်းနဲ့ ရွာအစွဲတွေ ပျောက်သွားရတယ် ။ ဒါပေမဲ့ လက်ကျန်တော့ ရှိချင်သေးတာပေါ့ ။ ရွာလို့သာ ပြောရပေမယ့် နှစ်ရွာပေါင်းလို့ အိမ်ခြေသုံးရာ မပြည့်ဘူး ။ တပေါင်းလ ရောက်ရင် ကြာပင်တောဘုရားပွဲ ကျင်းပတယ် ။ ရွာက ဆင်းရဲတော့ နှစ်တိုင်း ဆွမ်းကြီးလောင်းပွဲနဲ့ ပြီးရတာ များတယ် ။ လေးနှစ်တစ်ကြိမ်လောက်မှ ဘုရားပွဲကို ဇာတ်လမ်းအငြိမ့်လေး ထည့်နိုင်တယ် ။ အဲဒီလို ကြုံရရင် ကြာပင်တောဘုရားပွဲဟာ အင်မတန်မှ စည်ကားတာပေါ့ ။ ဇာတ်ပွဲဆိုတာ ကြည့်ရခဲတယ် မဟုတ်လား ။ ပွဲခင်းတစ်ခုလုံး အနီးအနားရွာတွေက ပွဲလာကြည့်ကြတဲ့ လှည်းတွေနဲ့ ပြည့်နေတယ် ။ ပွဲခင်းအလယ်မှာ မင်းလမ်း ထားပေးရတယ် ။ မင်းလမ်းရဲ့ မြောက်ဘက်မှာ မြောက်ရွာပရိသတ် ၊ တောင်ဘက်မှာတော့ တောင်ရွာပရိသတ် ၊ သူ့နေရာနဲ့ သူ ၊ ကိုယ့်နေရာနဲ့ ကိုယ် ခွဲခြမ်းကြည့်ကြတာကလား ။ အဝေးက ပွဲလာကြည့်ကြတဲ့ သူတွေက မြောက်ရွာသူတွေနဲ့ ခင်တဲ့ သူ တွေက မြောက်ရွာပရိသတ်ထဲကို ရောက်သွားတယ် ။ တောင်ရွာသူနဲ့ ခင်သူတွေက တောင်ရွာပရိသတ်ထဲမှာပေါ့ ။ ပြီးတော့ ပွဲခင်းလုံခြုံရေးအဖွဲ့ ကလည်း နှစ်ဖွဲ့ဖြစ်သွားတယ် ။
လေးတိုင်စင်ထိုးပြီး ဖျာကြမ်း မိုးထားတဲ့ လုံခြုံရေးနေရာ နှစ်ခုဟာ ဘေးချင်းယှဉ်လျက် ရှိတယ် ။ ဝင်းမြင့် ၊ ခင်မောင်ညွန့် ၊ သိန်းတန်တို့ တစ်တွေက မြောက်ရွာသားတွေ ။ လက်မောင်းမှာ လုံခြုံရေးဆိုတဲ့ အနီရောင်အခံ ၊ အဖြူစာလုံး ရေးထားတဲ့ လက်ပတ်တွေ ပတ်ထားတယ် ။ တောင်ရွာသားတွေ ဖြစ်ကြတဲ့ ဌေးဝင်း ၊ ကျော်သင်း ၊ ခင်မောင်စန်း ၊ ဟန်ညွန့်တို့ တစ်တွေကလည်း ဒီအတိုင်းပဲ ။ လုံခြုံရေးလက်ပတ်တွေနဲ့ ဝင့်ကြွားနေကြတာကော ။
ဒါပေမဲ့ နဖူးစည်းမှာ ပိတ်စရှည်ပေါ်ရေးထားတဲ့ စာတွေက မတူဘူး ။ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူသော ကြာပင်တောဘုရားပွဲ ( တောင်ရွာ ) လုံခြုံရေးလို့ ရေးထားတယ် ။ ဟော မြောက်ရွာဘက်ကိုလည်း ကြည့်လိုက်ဦး ။ ကျန်စစ်သားမင်း တည်ထားကိုးကွယ်တော်မူသော ကြာပင်တောဘုရားပွဲ ( မြောက်ရွာ ) လုံခြုံရေးတဲ့ ။ ဇာတ်လမ်းက အစကတည်း ယဉ်သကိုပါပဲ ။ ဇာတ်စင်ဆီက ပတ်မကြီးသံ ထီထီ မြည်နေတုန်းမှာ မြောက်ရွာလုံခြုံရေး အသံချဲ့စက် ဆီက ခင်မောင်ညွန့်ရဲ့ အသံထွက်လာခဲ့တယ် ။
“ ဟ ... လို ၊ ဟ ... လို တက်စတင် ... အဟင်းဟင်း .. ကြာပင်တောဘုရားပွဲကြီးမှာ တို့ မြောက်ရွာသားတွေရဲ့ ယဉ်ကျေးသိမ်မွေ့တာတွေကို ပြဖို့ လိုတယ် ။ ဓားမကိုင်နဲ့ ၊ တုတ်မကိုင်နဲ့ ။ မူးယစ်မရမ်းကားကြနဲ့ ။ သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတော်နဲ့ ညီညွတ်ကြရမယ် ။ ဟုတ်လား ”
ပြောတဲ့ စကားတွေက အနှောင့်အသွား မလွတ် ။ ပွဲကြည့်ပရိသတ်ကို ရည်ရွယ်ပြီး ပြောသလိုနဲ့ တစ်ဖက်ကို ထေ့ သလိုလို ၊ ငေါ့ သလိုလို လုပ်လိုက်တဲ့အခါ တောင်ရွာသားတွေရဲ့ ရင်ထဲမှာ မီးပွားကျသွားသလို ဖြစ်သွားတယ် ။ လုံခြုံရေးတာဝန်ကျ ကျော်သင်း တစ်ယောက် မြောက်ရွာသားတွေ ထိုင်နေတဲ့ ဘက်ဆီ မျက်စောင်းကြီးထိုးလိုက်ရင်း မိုက်ကရိုဖုန်းကို ဆတ်ခနဲ ကောက်ကိုင်လိုက် တယ် ။
“ ဇမ္ဗူဒိတ် နိမိတ်ထွန်းလို့ ဆိုတဲ့ အတိုင်းပေါ့ဗျာ ။ ဒါကြောင့်လည်း အလောင်းစည်သူမင်းကြီးက တိုင်းခန်းလှည့်လည်ရင်း ကျောက်တုံးကျောက်မြေ မဟုတ် ၊ မြေကောင်း ၊ မြေမှန်တဲ့ ဟောဒီနေရာမှာ ကြာပင်တော တောင်ရွာနဲ့ ဘုရားတည်ခဲ့တာကိုးခင်ဗျ x x x ”
အဲဒီလို မဆိုင်းမတွ ပြန်ခြင်းလေး ခတ်လိုက်တော့ မြောက်ရွာသား ခင်မောင်ညွန့်တို့ တစ်တွေလည်း မခံမရပ်နိုင် ဖြစ်သွားပြန်တယ် ။ သူတို့ကလည်း အညံ့မခံ အသံချဲ့စက် ဖွင့်ပြီး တစ်ဖက်က တန်ပြန်တိုက်စစ်ကို ချေဖျက်ဖို့ ကြိုးစားကြတယ် ။ တစ်ဖက်နဲ့ တစ်ဖက် အလှည့်မပေးတော့ဘဲ ကိုယ်ထင်ရာ စွတ်ပြောနေကြလို့ ပွဲခင်းတစ်ခုလုံး အသံချဲ့စက်သံတွေနဲ့ ဆူညံလုံး ထွေးနေတယ် ။ ဇာတ်စင်မှာ ရှိတဲ့ အသံချဲ့စက်ကလည်း “ ပွဲခင်းမှာ လုံခြုံရေးတာဝန်ရှိနေသူများ ခင်ဗျား ၊ ဇာတ်စင်ပေါ်မှာ ကလေးတွေ ရောက်နေလို့ လာရောက်ရှင်းလင်းပေးပါခင်ဗျား ” ဆိုတဲ့ အသံ ထွက်လာတယ် ။ အဲဒီအချိန်မှာပဲ လုံခြုံရေးတာဝန်ကျတဲ့ နေရာကို ဆရာကြီး ဦးမြဦး ဘွားခနဲရောက်လာပါလေရော ။ ဒေါသမုန်တိုင်းထန်နေတဲ့ မျက်နှာ ။ လက်ထဲမှာတော့ သူ့ရဲ့ လက်စွဲတော် ကြိမ်စကြာ ။ မမျှော်လင့်ဘဲ ဆရာကြီးကို တွေ့လိုက်ရလို့ ဆူညံနေတဲ့ အသံချဲ့စက် အသံတွေလည်း တိခနဲ ရပ်သွားတယ် ။
“ ပွဲခင်းလုံခြုံရေးအတွက် ကိုယ့်တာဝန် ကိုယ် မယူဘဲ ဘာတွေပေါက်တတ်ကရ အော်နေကြတာလဲကွ ။ ဒီဆိုင်းဘုတ်တွေအကုန်လုံး ဆွဲဖြုတ်ပစ်စမ်း ၊ မဟုတ်ကဟုတ်က တောင်ရွာမြောက်ရွာ လုပ်နေကြတာ ။ အလကားအကောင်တွေ ”
ဆရာကြီးကို မြင်လိုက်တာနဲ့ တစ်ပြိုင်တည်း အားလုံး ပျာတောက်သွားကုန်ကြတယ် ။ ကပျာကယာနဲ့ ချိတ်ထားတဲ့ နဖူးစည်း ပိတ်စကို ဆွဲဖြုတ်လိုက်ကြတယ် ။ ဆရာကြီးရဲ့ ဒေါသကို စောဖေက နောကြေနေအောင် သိနေလို့ ပွဲခင်းလုံခြုံရေးအဖွဲ့ဝင်များ အားလုံး တစ်ယောက်မှ တုတ်တုတ်မျှ မလှုပ်ရဲဘူး ။ ဆရာကြီးကလည်း သူ့ဒေါသကို ဤမျှသာဖြင့် မရပ်တန့်သေးဘဲ စောစောက မိုက်ခွက်ကိုင်ပြီး စကားနိုင်လု ပြောနေကြတဲ့ ခင်မောင်ညွန့် နဲ့ ကျော်သင်းကို ကြိမ်စာကျွေးတော့တာကော ။ သတင်းက ပွဲခင်းထဲကို ချက်ချင်းကူးစက်သွားတယ် ။ ဘယ်ခြောက်ခါ ညာလှမ်းပြီး ယိုင်ထိုး ယိုင်ထိုးနဲ့ ပွဲခင်းထဲ တိုးဖို့ ဟန်ပြင်နေတဲ့ ဌေးကို တစ်သိုက်လည်း ဒီသတင်း ကြားကြားရချင်း အမူးတွေ ချက်ချင်း လွင့်ပြယ်သွားပြီး ပွဲခင်းနဲ့ ဝေးရာဆီကို သုတ်ခြေတင်ကြတာပေါ့ ။ ပုံမတော်လို့ သူတို့ကို ဆရာကြီး တွေ့သွားရင် မလွယ်ဘူးလေ ။
ပွဲကြည့်ပရိသတ်တွေကတော့ ဆရာကြီး ရောက်လာလို့ ဟန်ကိုကျလိုက်တာတဲ့ ။ အခုမှပဲ စိတ်အေးလက်အေး ပွဲကြည့်နိုင်သတဲ့ ။ အဲဒီနှစ်က ကြာပင်တောဘုရားပွဲကို မင်္ဂလာထူးဝင်းမြင့် ဇာတ်သတင်အဖွဲ့ လာကတယ် ။ မင်းသားက အသားမည်း ၊ အရုပ်က ဆိုးသလောက် အဆိုအကလေးတွေက တယ်လည်းကောင်းတာကိုး ။ နှစ်ပါးသွားထွက်တဲ့ အချိန်မှာ ပွဲကြည့်ပရိသတ်အားလုံး သူ့အဆို ၊ သူ့အပြောတွေမှာ နစ်မျောသွားတယ် ။ ဒါပေမဲ့ မင်းသား ခမျာလည်း မချောင်ဘူး ။ ရွာနှစ်ရွာ ကွဲကြလို့ ပရိသတ်ကို စကားပြောတဲ့ အခါ ကြာပင်တော တောင်ရွာ ၊ မြောက်ရွာ ဆိုတဲ့ အသုံးအနှုန်းမျိုး မသုံးမိအောင် သတိထားနေရတယ် ။ ပြီးတော့ အလောင်းစည်သူမင်းနဲ့ ကျန်စစ်သားမင်းနာမည်တွေ ပါမလာအောင်လည်း မနည်း ဂရုစိုက်နေရတယ် ။ အဆင်မသင့်လို့ ပြောမှားဆိုမှား ဖြစ်လာရင် စင်ပေါ်ကို ခဲကျလာနိုင်တယ်လေ ။ သူ့ခမျာ ပရိသတ်ကိုရှုစားတဲ့ အခါ တောင်ရွာသူတွေ ရှိတဲ့ ညာဘက်ကိုလည်း မတိမ်း ၊ မြောက်ရွာသူတွေ ကြည့်တဲ့ ဘယ်ဘက်ကိုလည်း မယိမ်းဘဲ အလယ် တည့်တည့် လူရှင်းနေတဲ့ မင်းလမ်းမကြီးကိုသာ မမှိတ်မသုန် စိုက်ကြည့်နေရတယ် ။ ပွဲကြည့်ပရိသတ်ရဲ့ အပြုံးအရွှင်မျက်နှာတွေကို မမြင်ရတော့ ပွဲသာ ကနေရပေမဲ့ အနုပညာဈာန် မဝင်ရတော့ဘူးပေါ့ ။ နှစ်ပါးသွား ပြီးလို့ ကားလိပ်ချလိုက်တဲ့ အခါ မင်းသား တစ်ကိုယ်လုံး ချွေးတွေနဲ့ ရွှဲနစ်နေတယ် ။
“ ဒီရွာမှာ ပွဲကတာလား ၊ ငရဲကျတာလား မသိပါဘူးကွာ ” လို့ ခေါင်းတယမ်းယမ်းနဲ့ ညည်းရှာတယ် ။ လူရွှင်တော် ကိုကွာစိကတော့ “ ခဲမကျ လာတာပဲ တော်သေးတယ် ဇာတ်ဆရာ ” လို့ အားပေးစကားပြော လိုက်လေရဲ့ ။ နောက်ငါးနှစ်အကြာ ဘုရားပွဲမှာ ဇာတ်ထည့်မှာမို့ မင်္ဂလာထူး ဝင်းမြင့်ကို ငှားကြပေမယ့် ပွဲရက်တိုက်နေလို့ မရခဲ့ဘူးတဲ့ ။ အမှန်က မကချင်တော့လို့ ပွဲရက်တိုက်နေသလိုလို လှည့်ပတ်ပြောလိုက်တာ ။ ဇာတ်မင်းသားတွေ ကောင်းရင် ပရိသတ်က တစ်ပွဲဆို တစ်ပွဲ ရင်ထဲမှာ စွဲသွားရ စမြဲကိုး ။ အခုတော့ ပြောင်းပြန် ၊ ဇာတ်မင်းသားကြီးခမျာ ကျုပ်ဖြင့် ကြာပင်တောကို တစ်ပွဲ သွား ကလိုက်တာနဲ့ ရင်ထဲကို စွဲနေတာ အိပ်မက်တောင် မက်လိုက်သေးသတဲ့ ။ ကဲ ... သိကြတဲ့ အတိုင်း ကြာပင်တော ဆိုတာ အဲသလိုဖြစ်သွားအောင်အထိ ဆွဲဆောင်မှုတွေ အားကောင်းနေတာကလား ။
ဒီအကြောင်းတွေကို ဘယ်အချိန် ပြန်ပြီးတွေးတွေး အရသာရှိနေမိတယ် ။ အခုတော့ ကြာပင်တောလည်း အရင်လို မဟုတ်တော့ဘူးပေါ့ ။ လူနေအိမ်ခြေ တိုးပွားလာပြီး ၊ ရွာနှစ်ရွာလည်း ဆက်သွားခဲ့ပြီး စီးပွားရေးလည်း ဖွံ့ဖြိုးလာတယ် ။ မြို့ကြီးနှစ်မြို့ ဆက်သွယ်ထားတဲ့ မော်တော်ကားလမ်း နံဘေးမှာ သစ်ပင်သစ်ရိပ်တွေ စိမ်းညို့ဖုံးလွမ်းနေတဲ့ ရွာကြီးတစ် ရွာ ရှိတယ် ။ အဲဒါ ကြာပင်တောပဲ ။ ကားလမ်းနံဘေး မန်ကျည်းပင်ရိပ် အောက်မှာ စိုက်ထားတဲ့ ရွာနာမည်ဆိုင်းဘုတ်ဟာ ရွှေစာလုံးတွေနဲ့ ဝင်းလက်နေတယ် ။ အိမ်ခြေနှစ်ထောင်လောက် ရှိနေလို့ မြို့ငယ်လေးတစ်မြို့လို ဖြစ်နေတယ် ။ အရင်က ထန်းရွက်မိုးတဲတွေ နေရာမှာ သွပ်မိုး နှစ်ထပ်အိမ်တွေ ရောက်လာကြတယ် ။ ကက်ဆက်သီချင်းသံတွေကလည်း ရွာလမ်းပေါ်ကို အန်ကျနေတယ် ။ အိမ်ခေါင်မိုးတွေ အပေါ်မှာ တော့ တီဗီအင်တာနာတွေနဲ့ မိုးကို ကြည့်နေတဲ့ စလောင်းတွေ ရှိလေရဲ့ ။ တရုတ်ဆိုင်ကယ်တွေ ရွာလမ်းပေါ်မှာ မောင်းနှင်သွားရင် ဖုန်တွေတထောင်းထောင်း ထကုန်တယ် ။ ဒါက ပြောင်းလဲသွားတဲ့ ခေတ်ရဲ့ မြင်ကွင်းတွေပေါ့ ။ ရုပ်ဝတ္ထုပုံသဏ္ဌာန်တွေ ပြောင်းလဲသွားသလို လူတွေရဲ့ အတွေးအမြင် အာရုံခံစားမှုတွေလည်း ပြောင်းလဲလာခဲ့တယ် ။ အခုခေတ် လူလားမြောက်လာကြတဲ့ ကလေးတွေမှာ အရင်ကလို တောင်ရွာ မြောက်ရွာ အစွဲတွေ မရှိကြတော့ဘူး ။ သူတို့ရဲ့ စိတ်အာရုံတွေက မျှော်လင့်ချက်တွေနဲ့ အတူ ဘယ်ကို သွားရင် ဘာဖြစ်မလဲ ဆိုတာပဲ တွေးနေကြတာပါ ။ သံချည်သံကွေးလုပ်ငန်းနဲ့ မလေးရှားကို ရောက်နေကြတဲ့ ကြာပင်တောရွာသားတွေ တစ်နှစ်ထက်က တစ်နှစ် များလာခဲ့တယ် ။ ရေပြင်ကျယ်ကို မမြင်ဖူးတဲ့ ကြာပင်တောရွာသားတွေ အခုတော့လည်း ပင်လယ်ပျော်သင်္ဘောသားတွေ ဖြစ်လာကြတယ် ။ အင်ဂျင်မီးစက်နိုးပြီး စလောင်းဖွင့်ကြည့်ကြတယ် ။ ပြောရရင် ကြာပင်တောနဲ့ ကမ္ဘာကြီးဟာ ပူးကပ်သွားပြီး ရွာလက်ဖက်ရည်ဆိုင်မှာ ပဲအကြောင်း ၊ နှမ်းအကြောင်း ၊ မိုးလေဝသအကြောင်း ပြောနေကျ အကြောင်းအရာတွေအပြင် စလောင်းထဲက သတင်းတွေ ၊ ဘောလုံးပွဲတွေပါ ရောထွေးပါလာခဲ့တယ် ။
အမှန်တော့ ဒါတွေက သိပ်ပြီးထူးဆန်းလှတာ မဟုတ်ပါဘူး ။ ဘယ်အရာမှ မမြဲ ၊ အားလုံး သင်္ခါရတရားထဲမှာ ရှိနေကြရတာကော ။ ဒါပေမဲ့ သူကတော့ ကြာပင်တောရွာ အနေအထားတွေ ဘယ်လိုပဲရှိရှိ စိတ်ထဲမှာ သူငယ်ငယ်က နေခဲ့တဲ့ ကြာပင်တော လိုပဲ သဘောထားလိုက်တယ် ။ သူ့ ရွာကို ချစ်တဲ့ စိတ်ဟာ မိဘက သားသမီးကို ချစ်တဲ့ အချစ်မျိုးနဲ့ တူနေတယ် ။ ရွာကို ချစ်တယ် ။ ရွာကို ပြန်ချင်တယ် ။ တောင်ရွာမှာ အဘနဲ့ အမေအုန်းရဲ့ တဲကို ဖျက်ပြီး တိုက်ခံအိမ်လေးတစ်လုံး ဆောက်ပေးထားတယ် ။ အဘနဲ့ အမေအုန်းတော့ မရှိရှာတော့ဘူး ။ အဲဒီအိမ်မှာ မမခင်တင့်တို့ မိသားစု နေတယ်လေ ။ ဒီအတိုင်းပါပဲ ။ မြောက်ရွာက အဖေနဲ့ အမေအိမ် ကိုလည်း အသစ် ပြန်ဆောက်ထားလိုက်တယ် ။ ကိုကိုကြီးတို့ မိသားစု နေတာပေါ့ ။ ကြာပင်တောကို သွားရင် မြောက်ရွာအိမ်မှာ တည်းချင်တည်းတယ် ။ တစ်ခါတလေ မမခင်တင့်တို့ အိမ်မှာလည်း နေတတ်တယ် ။ ဘယ်အိမ်ကို တည်း တည်း ရွာကို ရောက်လို့ အိမ်ထဲ ဝင်လိုက်ရင် အဖေနဲ့ အမေ ၊ ပြီးတော့ အဘနဲ့ အမေအုန်းတို့ရဲ့ ပုံရိပ်တွေက သူ့ရင်ထဲကို တိုးဝင်လာတယ် ။ အဲဒီအခါမှာ သူ့စိတ်တွေက ကလေးတစ်ယောက်လို ဖြစ်သွားခဲ့တယ် ။ မိဘတွေ မရှိပေမယ့် မိဘအရိပ်ကို ခိုလှုံရသလို ခံစားလိုက်ရတယ် ။ တကယ်တော့ ကြာပင်တောဟာ ဘဝသက်တမ်း တစ်ဝက်ကျိုးလာခဲ့တဲ့ သူ့ကို အတိတ်က အရိပ်ထဲ ပြန်လည်ခေါ် ဆောင်သွားပြီး နုပျိုပေါ့ပါးသွားအောင် ဖန်ဆင်းပေးထားတာပါ ။ နှစ်တစ်နှစ် ဆိုတာ ဘာများ ကြာလိုက်တာ မှတ်လို့ ။ ရွာက သူငယ်ချင်းတွေနဲ့ ရှေးဖြစ်ဟောင်းတွေ ပြောကြတဲ့အခါ မနေ့တစ်နေ့ကလို ထင်မှတ်သွားခဲ့ရတာကိုး ။ မနက်လင်းရင် ရွာထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး လမ်းပေါ်မှာ ဖြတ်သန်းနေတဲ့ မော်တော်ကားတွေကို လှမ်းကြည့်ရင်း စိတ်ကူးတည့်ရာတွေ ပြောလိုက်ကြ ၊ ည ရောက်တော့လည်း ထန်းတောကို မသွားဖြစ်ပေမယ့် တစ်ယောက်ယောက် အိမ်မှာ ထန်းရည်ဝိုင်း ဖွဲ့လိုက်ကြ ၊ ပျင်းရင် ရွာရိုးကိုးပေါက် လျှောက်လည်ရင်း တွေ့တဲ့ အိမ်မှာ ဝင်ထိုင် ၊ စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးနေမိတာကလား ။ သည်လို စည်းစိမ်မျိုးဆိုတာ အင်မတန်မှ ရခဲဘိခြင်း ။ ညသန်းခေါင် ရောက်လို့ အိပ်မပျော်နိုင် သေးတဲ့အခါ လရောင်ဆမ်းတဲ့ ရွာလမ်းကို ငေးနေမိတယ် ။ အတွေးတွေက ဟိုရောက် ဒီရောက် ၊ မမျှော်လင့်ဘဲ မြို့ကိုရောက်သွားတဲ့ သူ့ဘဝ ၊ ခန္ဓာကိုယ်နဲ့ စိတ်အာရုံကို လှုပ်ရှားရုန်းကန်ခဲ့ရတယ်လေ ။ တစ်ချက်ကလေးမှ အနားမပေးဘဲ စီးပွားရေး အဆင်မပြေခဲ့စဉ်က အဆင်ပြေအောင် ၊ အဆင်ပြေလာတော့လည်း သည့်ထက်ပိုပြီး အဆင်ပြေအောင် ကြိုးစားခဲ့ရလို့ စိတ်အာရုံဟာ အမြဲတမ်းလိုလို ပူလောင်နေခဲ့ရတယ် ။ ရွာကို ရောက်တော့မှပဲ ရွာစည်းစိမ်လေးကို ခံစားရင်း အခိုက်အတန့်လေး အေးငြိမ်းချမ်းသာသုခ ရသွားခဲ့တာပေါ့ ။
မန္တလေး မြို့လယ်ကောင်မှာ ကျွန်တော်တို့ စာရေးဆရာတွေနဲ့ တက္ကသိုလ်က အငြိမ်းစာယူထားတဲ့ ဆရာတွေ တွေ့ဆုံကြလေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ရှိတယ် ။ ဆိုင်အခင်းအကျင်းက သပ်သပ်ရပ်ရပ် ။ ကျယ်ကျယ်ဝန်းဝန်းနဲ့ ဆေးဆေး စကားပြောလို့လည်း ကောင်းတယ် ။ ဥပုသ်နေ့လို ရက်မျိုးမှာ ဦးကိုကိုဌေး လည်း ရောက်လာတတ်တယ် ။ တက္ကသိုလ် ကထိကဆရာ တစ်ဦးကို အကြောင်းပြုပြီး သူနဲ့ ခင်သွားရတာပါ ။ သူ့ရဲ့ရွာ ကြာပင်တောမှာ စာပေ ဟောပြောပွဲ တစ်ခါမှ မကျင်းပဖူးလို့ ကျွန်တော်တို့ကို ဖိတ်ချင်သတဲ့ ။ အဲဒီလိုနဲ့ ကြာပင်တောရွာ အကြောင်းကို စကားစပ်မိသွားကြတယ်ဆိုပါတော့ ။
“ မမေ့အပ်တဲ့ အရာ လေးခု ရှိသတဲ့ ။ ကိုယ့်ရဲ့ ဇာတိချက်မြုပ်နေရာ ၊ စာသင်ကြားခဲ့တဲ့ နေရာ ၊ မိဘနှစ်ပါး ခေါင်းချခဲ့တဲ့ နေရာနဲ့ ကြီးပွားတိုးတက်တဲ့ နေရာ လေးခုလို့ ကြားဖူးပါတယ် ။ ဒါကြောင့်လည်း ရွာကို သံယောဇဉ်ကြီးနေမိတာပါ ။ ရွာရဲ့ အကျိုးကိစ္စအတွက် တတ်နိုင်သလောက် လှူဒါန်း ကုသိုလ်ပြုခဲ့တယ် ။ ကြွားချင်ဝါချင်လို့ မဟုတ်ပါဘူး ။ ရွာကို ချစ်တဲ့ စိတ် တစ်ခုတည်းနဲ့ပါ ။ ဒါပေမဲ့ အခုခေတ် ကလေးတွေကတော့ ရွာကို သံယောဇဉ် သိပ်မရှိကြတော့ဘူးဗျ ။ ခေတ်က ပြောင်းလွဲသွားလို့ အာရုံခံစားမှုတွေ မတူညီကြတာလည်း ဖြစ်နိုင်ပါတယ် ။ ပြီးတော့ ရွာကို လွမ်းစိတ်နဲ့ ပြောရပေမယ့် ရွာကလည်း တဖြည်းဖြည်း မြို့ဆန်လာခဲ့တယ် ။ ရွာကို တစ်ခေါက်တစ်ခေါက် ပြန်တိုင်း ရွာရဲ့ အငွေ့အသက်တွေ လျော့ကျသွားပြီး မြို့စရိုက်တွေ တိုးလာတာကို တွေ့လာရတယ် ။ ဒါက ဆရာတို့ စကားဝိုင်းမှာ ကြားရတတ်တဲ့ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်သွားပြီ ။ စီးပွားရေးလုပ်ငန်းတွေ ၊ ယဉ်ကျေးမှုတွေ တစ်နေရာက တစ်နေရာ စီးဆင်းပြီး ကမ္ဘာဆန်ခြင်းရဲ့ ရိုက်ခတ်မှုတွေကြောင့်ပဲ ထင်တယ် နားလည်လို့တော့ မဟုတ်ဘူးနော် ။ ကိုယ့်အမြင်လေးနဲ့ ဆက်စပ်တွေးကြည့်ရတာပေါ့ ။ ရွာရဲ့ ကမ္ဘာဆန်လိုက်ပုံက ဆရာရယ် စနေ တနင်္ဂနွေလို ရက်မျိုးမှာ ပရီးမီးယားလိဂ် ဘောလုံးပွဲ လာတဲ့ အချိန်မှာ ရွာကို မသွားဖြစ်အောင် သတိထားရတယ် ။ အားလုံးလိုလို ဘောလုံးပွဲထဲရောက်နေကြတယ်လေ ။ ကိုယ့်ငယ်သူငယ်ချင်းတွေနဲ့ ဆုံရင် ရွာရဲ့ နှောင်းဖြစ် အတိတ်ကာလကို ပြောရင်း စိတ်ပေါ့ပါးချင်တယ် ။ သူတို့က ဘောလုံးပွဲတွေအကြောင်း ပြောတယ် ။ စကား အပေါက်အလမ်း မတည့်လို့ ရွာ လာရတာ အရင်ကလို အရသာ မရှိတော့ဘူး ။ ပိုပြီး ဆိုးတာက ဘောလုံးအသင်းစွဲတွေ ရှိနေကြတာဗျ ။ ရွာရဲ့ မြောက်ဘက်ခြမ်းက အာဆင်နယ်မှ အာဆင်နယ် ၊ တောင်ဘက်ကတော့ မန်ချက်စတာယူနိုက်တက်တဲ့ ။ ကိုယ်နဲ့လည်း ဘာမှ မသက်ဆိုင်ဘဲ ဘာဖြစ်လို့ အသင်းစွဲတွေ ကြီးနေမှန်း မသိပါဘူး ။ ဒီတော့ ရွာပြန်တဲ့ ကျွန်တော့်မှာ အလကားနေရင်း အနေကျပ်တော့တာပါ ။ မြောက်ရွာမှာ ရှိတဲ့ အဖေ ၊ အမေ အိမ်ကို တည်းရင် တောင်ဘက်ခြမ်းမှာ နေကြတဲ့ သူတွေက အာကြီးပရိသတ်လားလို့ ခနဲ့ ကြတယ် ။ တောင်ရွာအိမ်မှာ တည်းပြန်တော့လည်း မြောက်ရွာသားတွေ မကြည်ဘူး ။ အတော်ခွကျတာ ကိုးဗျာ ။ ကျွန်တော်တို့ ကြာပင်တော ကမ္ဘာဆန်လိုက်ပုံကတော့ အဲဒီလိုဗျ ။ ဒီတော့ ရွာကို လွမ်းပြီး ရွာဆန်နေတဲ့ ကျွန်တော်လည်း ခေါင်းခြောက်သွားရတယ် ။ ရွာပြန်ချင်တာတောင်မှ ဘောလုံးပွဲတွေ မရှိတော့တဲ့ ဇွန်လ ရောက်မှ အေးအေးဆေးဆေး ပြန်လာခဲတော့မယ်လို့ ပြောလိုက်ရတယ် ။ ဆရာတို့က ဗဟု သုတများကြတဲ့ သူတွေမို့ ကမ္ဘာရွာနဲ့ ရွာကမ္ဘာအကြောင်းကို တစ်ဆိတ်လောက် ရှင်းပြကြပါဦး ။ ကျွန်တော် တကယ် မသိလို့ မေးတာပါ ”
မအီမလည် ဖြစ်နေတဲ့ ဦးကိုကိုဌေး ကို ကြည့်ရင်း ကျွန်တော်တို့ တစ်ဝိုင်းလုံး ပြုံးစိစိ ဖြစ်ကုန်ကြတယ် ။ ဖတ်မှတ်ခဲ့တဲ့ ဆရာ့ဆရာကြီးများရဲ့ ကမ္ဘာဆန်ခြင်း အကြောင်းကို နားလည် သလောက် အိတ်သွန်ဖာမှောက် ပြောပြချင်ပါရဲ့ ။ ဆိုးကျိုးက ဘယ့်နှယ် ၊ ကောင်းကျိုးတွေက ဘယ်ကဲ့သို့ …. စသဖြင့်ပေါ့ ။ ဒါပေမဲ့ ခက်တာက ကျွန်တော်တို့ ကိုယ်တိုင် ရေရေရာရာမသိဘူး ။ အပြောင်းအလဲတွေကလည်း မြန်ဆန်နေလို့ မှန်ကန်တဲ့ အဖြေကို ကြိုတင်ဟောကိန်းထုတ်ရဖို့ ဝန်လေးနေတယ် ။ ဒီအချိန်မှာ တစ်ယောက်က ….
“ ဦးကိုကိုဌေး ၊ ခင်ဗျားတို့ ဆရာကြီး ရှိသေးလားဗျ ။ ဆရာကြီး ရှိရင်တော့ သူ့ရဲ့ ကြိမ်စကြာနဲ့ ရွာအစွဲတွေ ချွတ်သလို ဘောလုံးအသင်းစွဲတွေလည်း ကျွတ်အောင် ချွတ်နိုင်လိမ့်မယ်ထင်တယ် ” လို့ ကောက်ကာငင်ကာ မေးလိုက်တော့ ဦးကိုကိုဌေး တစ်ယောက် တီ ဆားနဲ့ တို့သလို ဆတ်ခနဲဖြစ်သွားတယ် ။ သူ့မျက်နှာက ပထမတော့ စိတ်ရှုပ်နေဟန် ရှိတယ် ။ ပြီးမှ တစ်ခုခုကို တွေးမိလိုက်ဟန်ရှိပြီး ဟက်ခနဲ တစ်ချက်ရယ်လိုက်ပါတယ် ။
“ ရှိပါ့ဗျား ။ အသက်ရှစ်ဆယ် ကျော်လာပေမယ့် ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ဗျ ။ ဆရာရေ့ ... ဘယ်လို ပြောရမှန်းတောင် မသိပါဘူး ။ ဆရာကြီးက ဆရာတို့ မေးသလို သူ့ရဲ့ ကြိမ်စကြာနဲ့ ဘောလုံးအသင်းစွဲတွေ ချွတ်ဖို့ နေနေသာသာ သူကိုယ်တိုင်က အာဆင်နယ် အားပေးတဲ့သူ ဖြစ်နေတာဗျ ။ မန်ယူ အားပေးတဲ့သူ ဆိုရင် ငါ့ဆီကို မလာကြနဲ့တဲ့ ။ ဆရာကြီးဇနီးက တော့်နှယ်တော် တရားလေး အားထုတ်ပြီး အေးအေးချမ်းချမ်း နေရောပေါ့လို့ မရဲတရဲ ပြောသေးတယ် ။ ဆရာကြီးက စိတ် မကျဘူး ။ အရင်လိုပဲ ရှူးရှူးဒိုင်းဒိုင်း ၊ ဟေ့ ... ငါ့ကို လာမပြောနဲ့ ။ တရားက တရားပဲ ။ အာဆင်နယ်က အာဆင်နယ်ပဲလို့ ပြောတယ်ဗျ ။ တစ်ခါက ဆရာကြီးဆီကို ရောက်သွားတယ် ။ ပထမ မိုးကုတ် ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေကို ပဋိစ္စသမုပ္ပဒ်စက်ဝိုင်းကြီးနဲ့ ရှင်းပြတယ် ။ သူ့အိမ်မှာပဲ ထမင်းစား နေ့ခင်းရောက်တော့ ခေါင်းစဉ်ပြောင်းပြီး အာဆင်နယ်တရားကို နာရပြန်ရောဗျ ။ တစ်ရက်တည်းနဲ့ တရားပွဲ နှစ်ပွဲ နာလိုက်ရတယ် ။ ဆရာရေ ။ ဘုံဘဝ ကြုံရပုံက အဲသလိုပါပဲ”
ဦးကိုကိုဌေး တစ်ယောက် သူ့အဖြစ်ကို ပြောရင်း သဘော ကျပြီး တဟားဟားနဲ့ ရယ်လိုက်တာ ။ သူ့ ရယ်သံက ကျွန်တော်တို့ အားလုံးကို ကူးစက်သွားတယ် ။ ကျွန်တော်လည်း ရောယောင်ရယ်မောရင်း မရောက်ဖူးသေးတဲ့ ကြာပင်တောကို ရုပ်လုံးဖော်ကြည့်မိလိုက်တယ် ။ အလောင်းစည်သူမင်းနဲ့ ကျန်စစ်သား ဘယ်သူ တည်ခဲ့မှန်း မသိတဲ့ ကြာပင်တော ၊ တောင်ရွာ ၊ မြောက်ရွာ အစွဲတွေ ပျောက်ပြီး နိုင်ငံခြား ဘောလုံးအသင်းစွဲတွေ ကြီးနေတဲ့ ကြာပင်တော အကြောင်း ကြုံကြိုက်လို့ အဲဒီကို စာပေဟောပြောပွဲ ထွက်ခဲ့ရရင် …. တွေးရင်းနဲ့ ဒီရွာမှာ ပွဲကတာလား ၊ ငရဲကျတာလား မသိပါဘူးကွာလို့ ဇာတ်မင်းသားကြီး မင်္ဂလာထူးဝင်းမြင့် စကားကို သတိရလိုက်မိပြန်တော့ မလွယ်ပါလားဟလို့ တွေးမိပြန်သပေါ့ ။ စာအုပ်စာပေ ကင်းဝေးပြီး စလောင်းယဉ်ကျေးမှုထဲ နစ်မျောစီးဝင်နေတဲ့ အရပ်ဒေသကို သွားရမှာ မျက်ခုံးခပ်လှုပ်လှုပ်ပါပဲ ။ သတင်းဆက်သွယ်ရေးစနစ်က အစွမ်းထက်နေလို့ သူ့ကွန်ရက်ထဲမှာ ကျွန်တော်တို့ အားလုံး ငြိတွယ်နေကြရတယ် ။ ဘောလုံးအသင်းစွဲ ကြီးတဲ့ ကြာပင်တောရဲ့ ရှေ့အနာဂတ်ဟာ ဘာဖြစ်လာမယ်ဆိုတာ ကျွန်တော်လည်း မသိဘူး ။ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ် ။ ကိုယ့်လူ ၊ အတိတ်ကိုလည်း မလွမ်းနဲ့ ၊ အနာဂတ်ကိုလည်း မျှော်မကြည့်နဲ့ ၊ ပင်ပန်းလိမ့်မယ် ။ ပစ္စုပ္ပန်ပဲ တည့်တည့်ရှုတဲ့ ။
ဟုတ်ပါရဲ့ ၊ သူ ပြောသလိုပဲ ပစ္စုပ္ပန်ကို တည့်တည့် ရှုလိုက်ပါတယ် ။ ကြည့်သောသူ မြင်၏ ဆိုတဲ့ အတိုင်းပေါ့ ။ ဘောလုံးတွေ ဝဲပျံပြီး ကမ္ဘာဆန်နေကြတာကို တွေ့လိုက်ရတာပေါ့ နော ။
▢ ညိုထွန်းလူ
📖 ရတီ မဂ္ဂဇင်း
မေ ၊ ၂ဝဝ၇
No comments:
Post a Comment