Thursday, July 16, 2026

မိန်းမကြီး လေးယောက်


❝ မိန်းမကြီး လေးယောက် ❞
             ( ပန်ဒိုရာ )

သောကြာညနေဟာ ပြိုဆင်းလာတဲ့ လူအုပ်ကို ဘူတာရုံလေးကနေ စောင့်နေတယ် ။ ရထားပေါ် အလျင်စလို တိုးဝှေ့ တက်ကြသူတွေ ၊ ဘူတာရုံဝကနေ ဟိုကြည့် ဒီကြည့် လုပ်ကြသူတွေ ၊ ဖုန်းခေါ်ကြသူတွေ ၊ အက်စ်အမ်အက်စ် ပို့ကြသူတွေ ၊ ချိန်းထားသူကိုတွေ့ တော့ ဝမ်းသာ ကြသူတွေ ၊ မတွေ့တော့ လည်တဆန့်ဆန့် ဖြစ်ကြသူ တွေ ... ။ ရထားတွေ တစ်စင်းပြီးတစ်စင်း ဝင်လာတယ် ။

ကွန်ပျူတာအိတ်တချို့ ၊ စလင်းဘက်ပြောင်ပြောင် လက်လက်တချို့ ၊ ထိပ်ပိုင်းရှူးဖိနပ်အပါးတွေ ၊ ရုံးဝတ်စုံ စတိုင်ကို ဖြေလျော့ထားတဲ့ ဂျင်းပြာပြာတွေ ၊ အသားကပ် ခြေသလုံးတဝက်ဘောင်းဘီတွေ ၊ ခါးပတ်ပြားကြီး ပတ် ထားတဲ့ မီနီစကပ်တွေ ၊ လူတစ်ယောက်ချင်းတွေ ၊ နှစ်ယောက်ချင်းတွေ ၊ လူအစုလိုက်တွေ ၊ ဘူတာရုံထဲမှာ ဟိုနားဒီနား မိုးတိုးမတ်တတ်တွေ ကြားမှာ သူတို့ ချိန်းထားကြတယ် ။

တစ်ယောက်က ရောက်နှင့် နေပြီ ။ နောက် တစ်ယောက်က ဖုန်းဆက်လိုက်တယ် ။ ဘယ်နေရာမှာလဲ ။ လက်မှတ်ရောင်းကောင်တာရဲ့ ရှေ့တည့်တည့်မှာ ရပ်နေတယ် ။ တွေ့ပြီ ။ ဟိုနှစ်ယောက်က လမ်းမှာလို့ ပြောတယ် ။ ဟော .. ရောက်လာကြပြီ ။ လူစုံပြီလား ။ တစ်ယောက်နှစ်ယောက် သုံးယောက် လေးယောက် …. ။ အိုကေ … သွားကြစို့ ။

ဆည်းဆာရီရီ အောက်မှာ လူလုပ် ဆိပ်ကမ်း တစ်ခုရဲ့ ရှုခင်းအတုကို လူတွေဟာ အာသာပြေ ငေးမောနေကြတယ် ။ မီးရောင်တွေ လက်နေတဲ့ အဆောက်အဦတွေ ၊ ရေယာဉ်တွေ မြစ်ဟိုဘက်ကမ်းက ဆောက်လက်စ ထိုးထိုးထောင်ထောင် အရာတွေက မြို့ပြရဲ့ ညနေကို တန် ဆာဆင်ထားတယ် ။

“ ဟိုနားက ဆိုင်တန်းတွေမှာ ညနေစာ အရင် စားကြတာပေါ့ ”

အနီရောင် ဆွယ်တာ ဝတ်ထားတဲ့ တစ်ယောက်က စကားစလိုက်တယ် ။

“ ကောင်းတယ် ”

ဇာနားတွန့်လေးတွေ တပ်ထားတဲ့ ဘလောက်စ်ပါးပါးပွပွအဖြူရောင်ကို ဝတ်ထားတဲ့ တစ်ယောက်က ချက်ချင်း ထောက်ခံလိုက်တယ် ။

“ ငါကတော့ ဘာဖြစ်ဖြစ် စားတာပဲ ”

ချည်ထည်လိုလို အဝါနုနုအင်္ကျီကို စကပ်တိုတိုနဲ့ တွဲဝတ်ဆင်ထားတဲ့ တစ်ယောက်က ခပ်အေးအေးပြောတယ် ။

“ အဲဒီ ဆိုင်တွေမှာ မစားဖူးသေးဘူး ။ ဒီဆိုင်တွေရှိတာ ဘာလို့များ မသိခဲ့ပါလိမ့် ”

ရင်ဘတ်မှာ ဘာမှန်း မသိတဲ့ အရုပ် တစ်ရုပ်ပါတဲ့ အစိမ်းရောင်တီရှပ်ကို ဝတ်ထားတဲ့ တစ်ယောက်က ရေရွတ်တယ် ။

စားပွဲအားလုံးလိုလို လူတွေ ပြည့်နေတယ် ။ အပြင်ဘက်ကျကျ စားပွဲတစ်လုံးမှာ တချို့ ထသွားတော့ သူတို့ ဝင်ထိုင်လိုက်ကြတယ် ။ အနီရယ် ၊ အစိမ်းရယ် က စားစရာတွေ သွားမှာတယ် ။ အဖြူက အအေးရောင်းတဲ့ ဘက်ကို ထွက်သွားတယ် ။ အဝါက စားပွဲကနေ ထိုင်စောင့်တယ် ။

လေအေးစက် တပ်မထားတဲ့ ဝန်းကျင်ဟာ အညှော်ငွေ့တွေနဲ့ ဗလုံးဗထွေး ဖြစ်နေတယ် ။ မြစ်ဘက်က တစ်ခါတစ်ခါ တိုက်လာတဲ့ လေသာ မရှိဘူး ဆိုရင် ဝါးတားတား လေထုဟာ ကြည်လင်စရာ မရှိလှဘူး ။ လူတွေက တန်းစီ စောင့်ကြတယ် ။ ဆိုင်တွေရှေ့က စောင့်နေသူတွေရဲ့ ခြေထောက်တွေ အောက်မှာ ရေတွေ စိုစိစိ ဖြစ်နေတယ် ။ ဆယ်မိနစ်ကြာမှ ပြန်လာပါ ။ ဆယ့်ငါးမိနစ်မှ ရမယ် ။ တရှဲရှဲ ကြော်လှော်ကြ ၊ တရူးရူး စားသောက်ကြ ။ မတ် တပ်ရပ်သူက ရပ်နေ ။ နေရာကောင်း ရထားသူတွေက စိမ်ပြေနပြေ စားကြ ။ စားပွဲမှာ အထုပ်တွေနဲ့ နေရာဦးထားပြီး လက်ကိုင်ဖုန်း တစ်လုံးနဲ့ တစ်ယောက်တည်း အလုပ် ရှုပ်သူက ရှုပ်နေကြ ။ မြို့ပြရဲ့ သောကြာ ညနေခင်းဟာ အခုထိတော့ ဒရောသောပါး မျောပါနေတုန်းပဲ ။

မြစ်ကို ကျောခိုင်းပြီး နောက်မှီ လုပ်ထားတဲ့ ခုံတန်းရှည်တွေဟာ စားသောက်ပြီးသူတွေဖို့ နောက်ထပ်ဆက် ရွေ့သွားစရာ နေရာပေါ့ ။ ညဟာ ပီပြင်နေပြီ ။ လျှပ်စစ်မီးရောင်စုံတွေက မြစ်ရေပြင်ကို ဟပ်နေတယ် ။ အနီက ခြေထောက်နှစ်ဖက်ကို ဆန့်တန်းပြီး အညောင်းဖြေတယ် ။ အဖြူက အင်္ကျီအဖြူကို မပေကျံအောင် ထိုင်ခုံကို သေသေချာချာ ကြည့်ပြီးမှ ဖြည်းဖြည်း ထိုင်တယ် ။ အစိမ်း က နောက်ခိုင်း ဖြစ်နေတဲ့ မြစ်ရေပြင်ကို ကိုယ်တစောင်း လိမ်ပြီး လှည့်ကြည့်နေတယ် ။ အဝါက အဖြူဘေးမှာ ထိုင်ပြီး စကပ်တိုအောက်က ခြေသလုံးတွေကို ကြက်ခြေခတ် ချိတ်ထားလိုက်တယ် ။

“ ငါတို့ မဆုံဖြစ်တာ ကြာပြီနော် ”

တစ်ယောက်က စပြောတော့ ကျန်လူတွေက အသီးသီး ခေါင်းညိတ် လိုက်ကြတယ် ။ ဟုတ်တယ် ။ စင်ကာပူ ဆိုတဲ့ ကျွန်းနိုင်ငံလေးမှာ အတူတူ ရှိနေကြပေမယ့် သူတို့ အခုလို မဆုံဖြစ်ခဲ့ကြတာ တစ်နှစ်နီးပါး ရှိနေပြီ ။ သူတို့တွေဟာ မွေးရပ်ကို ခွာပြီး ဒီနေရာကို တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတယ် ။ ရောက်စကတော့ မကြာခဏ ဆုံတွေ့ ဖြစ်ကြတယ် ။ အသစ်တစ်ယောက် ထပ်ရောက်လာတိုင်း ဝမ်းသာအားရ ချိန်းကြ ၊ ဖုန်းဆက်ကြ ၊ လည်ကြပတ်ကြ ။ အခုတော့ အနည်ထိုင် အီလေးစ ပြုလာပြီ ။ ကိုယ်ပိုင်ကိစ္စ အသီးသီးတွေနဲ့မို့ နွေးထွေးတဲ့ အချိန်တွေ မဖန်တီးနိုင်ခဲ့တာ အတော့်ကို ကြာနေပြီ ။

“ ငါ ဒီနေ့ အလုပ်ထွက်စာ တင်လာတယ် ”

အဖြူက ဆိုင်းမပါ ဗုံမဆင့် ပြောလိုက်တယ် ။

“ ဘယ်လို ဖြစ်တာတုန်း ၊ ဒီလို အချိန်ကြီးမှာ ”

အစိမ်းက တအံ့တသြ မေးလိုက်တယ် ။

“ သည်းမခံနိုင်တော့ဘူး ။ သူတို့ ဆက်ဆံရေးကို ငါ မကြိုက်ဘူး ”

အားလုံး ခဏ တိတ်သွားကြတယ် ။

“ ခက်ပါတယ် ၊ ဒီမှာလည်း တချို့ နေရာတွေမှာက တို့တွေကိုဆို ခွဲခြားနေသလိုရှိတယ် ”

အဝါက ကောက်ချက်ချတယ် ။

“ ဒီလိုတော့လည်း မဟုတ်ပါဘူး ”

အနီက ကန့်ကွက်တယ် ။

“ ကိုယ့်မှာ တကယ့် အရည်အချင်းနဲ့ ဆိုရင် ဘယ် သူက နှိပ်ကွပ်လို့ရမလဲ ”

“ လူတိုင်းဟာ နင့်လိုတော့လည်း တကယ့် အရည် အချင်းတွေ ရှိမနေနိုင်ဘူးလေ ”

ဖျတ်ခနဲ ဝင်ပြောတဲ့ အစိမ်းကို အနီက မျက်စောင်း ခဲလိုက်တယ် ။ သူတို့တွေက တွေ့ လိုက်ရင် အဲဒီလိုပါပဲ ။ နည်းနည်းပါးပါး အတိုက်အခံလေးတွေတော့ ရှိစမြဲ ။ ဒါပေမဲ့လည်း ခဏပါ ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာလေးမှာ အမြဲ နေထိုင်ခွင့် ကတ်ပြားလေး ရထားတဲ့ အဖြူ အတွက် နောက်ထပ် အလုပ် အခွင့်အရေး တစ်ခု ဆိုတာ မရှားကြောင်း ၊ ကိုယ်ပိုင် စီးပွားရေး တစ်ခုပဲ ဖြစ်ဖြစ် တည်ထောင်ရင် တောင် ရနိုင်ကြောင်း အားလုံးက တညီတညွတ်တည်း အားပေးကြတယ် ။

ခဏကြာတော့ သူတို့ စကားလမ်းကြောင်း ပြောင်းသွားပြန်တယ် ။ လာမယ့် နှစ်မှာ ဘာ အပြောင်းအလဲတွေ ဖြစ်နိုင်မလဲဆိုတာကနေ ဆင်းရဲကျပ်တည်းမှုတွေ အကြောင်းကို ဆက်ကူးသွားတယ် ။ အဲဒီကနေ ကလေကလွင့် သန်းကြွယ်သူဌေး ဆိုတဲ့ အော်စကာဆု ရတဲ့ ရုပ်ရှင်ကား တစ်ကား အကြောင်း ဆက် ရောက်သွားကြပြန်တယ် ။

လေက အေးရုံလေး အေးနေတယ် ။ မိုးလည်း မရွာဘူး ။ ကောင်းကင်နက်ပြာမှာ တိမ်တွေက ဟိုတစ်စ ဒီတစ်စ လွင့်နေတယ် ။ ကြယ်တချို့ကိုလည်း မြင်နေရတယ် ။ ဒီည ရာသီဥတုက သာယာတယ်လို့ ဆိုနိုင်တယ် ။ ညက ရင့်ရင့်လာတယ် ။ သူတို့ရှေ့ မလှမ်းမကမ်းမှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ကြတယ် ။

“ နင် အပျိုကြီးပဲ လုပ်တော့မှာလား ”

အစိမ်းက အဖြူကို မေးလိုက်တယ် ။ အနီက ဘေးကနေ ခွိခနဲ ရယ်လိုက်တယ် ။

“ နင့်ကိုတော့ မမေးတော့ပါဘူး ”

အစိမ်းက အနီဘက်ကို လှည့်ပြောလိုက်တယ် ။ အနီရဲ့ မာကျစ်ကျစ် ပုံစံဟာ ပြောင်းလဲစရာမှ မရှိတော့ပဲလေ ။

အဝါကတော့ ခပ်ပြုံးပြုံးနဲ့ ငြိမ်နေတယ် ။ ဝင်မပြောဘူး ။ သူတို့ ထဲမှာ အဝါနဲ့ အစိမ်းနှစ်ယောက်ကတော့ ပိုင်ဆိုင်သူ ကိုယ်စီ ရှိကြတယ် ။

“ ဒီနှစ်ပိုင်းတွေမှာ မတွေ့ဘူးလား ”

အစိမ်းက အဖြူကို ထပ် စပ်စုပြန်တယ် ။

“ ငါ ဘယ်တုန်းက မိတ်ဆက်ပေးလို့လဲ ”

“ ဟင့်အင်း … လေ ၊ နင်တစ်ခါ မိတ်ဆက်ပေးတဲ့ တရုတ်ကလေး တစ်ယောက်က လွဲလို့ပေါ့ ”

အစိမ်းက အူကြောင်ကြောင် လုပ်နေတယ် ။ သူက ဒီလိုပဲ မေ့တတ်တယ် ။

အဖြူက ပြုံးနေပါတယ် ။ သူရဲ့ ရွှေရောင် အချိန်တွေကို ပြန်တွေးနေလား မသိပါဘူး ။ သူပိုင်ဆိုင်တဲ့ ပျော့စင်းတဲ့ ဆံနွယ်တွေနဲ့ ချိုမြတဲ့အပြုံးတွေဟာ အတော်ကို လူကြိုက်များခဲ့တာပဲ ။ ဒါပေမဲ့ လူကြိုက်များခြင်းရယ် ကိုယ် နဲ့ ဓာတုဓာတ်ပြုနိုင်သူကို တွေ့ ဆုံခြင်းရယ် ဆိုတာ တိုက်ရိုက်ထပ်တူကျလို့ မရတဲ့ ဖြစ်နိုင်ချေတွေပဲ ။

“ ငါက တကယ်လို့ တစ်ယောက်ယောက်နဲ့ လက် တွဲမယ် ဆိုရင်တောင် လူမျိုးတူ ၊ ဘာသာတူ စကားတူချင်းပဲ စဉ်းစားမှာပါ ၊ နို့မို့ရင် ဘာသာစကားက စည်းခြား နေရင် တစ်ယောက်နဲ့ တစ်ယောက် အပြည့်အဝ နားလည်ဖို့ မလွယ်ဘူးလို့ ငါထင်တယ် ”

အဖြူက သူ့ အယူအဆကို ပြောပြနေတယ် ။

“ တော်ပါပြီ ၊ ဒီအရွယ်ရောက် မှတော့ ငါလည်း တွေ့ မယ်မထင်တော့ပါဘူး ”

ဒီလိုဆက်ပြောရင်းနဲ့ စကားကို လက်စသတ်တယ် ။

“ ဟုတ်တယ် ၊ လက်တွဲဖော် ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့ လိုတယ် ”

အနီက ဝင်ပြောတယ် ။

“ နင်တို့ ကျတော့ရော နားလည်မှုတွေကို ဘယ်လို တည်ဆောက်ခဲ့သလဲ ”

အနီက အဝါဘက်ကို လှည့်မေးတယ် ။

“ ငါတို့က ဒီလောက် ကြီးကြီးကျယ်ကျယ်တွေ မတွေးမိခဲ့ပါဘူးအေ့ ၊ နင်တို့ သိတဲ့အတိုင်း သူကလည်း အေးဆေးပဲလေ ”

အဝါက ပေါ့ပေါ့ပါးပါးပဲ တုံ့ပြန်တယ် ။

မေးခွန်းက အစိမ်းဘက်ကို လှည့်လာပြန်တယ် ။ သူက ဖြေတယ် ။ မြန်မာ လိုတော့ မဟုတ်ဘူး ။

“ Well ... you know he is a nice guy ”

“ ဟုတ်ပါတယ် ၊ အဲဒီတော့ ”

“ And ... I am trying to be a good girl ”

ကျန်တဲ့ သုံးယောက်က ဝါးခနဲ ရယ်လိုက်ကြတယ် ။ မြစ်ထဲမှာ စည်းချက်မှန်မှန် တငြိမ့်ငြိမ့် လှုပ်ယမ်းရင်း ငိုက်မျဉ်းနေတဲ့ လှိုင်းကြက်ခွပ်လေးတွေတောင် လန့်နိုးသွားပြီး မလိုတမာ ကြည့်လိုက်ကြသလိုပဲ ။ အစိမ်းက ပြုံးရုံလေး ပြုံးနေတယ် ။ သူက ဆက်မပြောပါဘူး ။ ဘာသာလည်း ပြန်မနေဘူး ။ ဟုတ်တယ် ။ တချို့အရာတွေက တော်တော်ရှင်းပါတယ် ။ ဟိုသုံးယောက်ကလည်း ထွေထွေထူးထူး ဆက်ပြော မနေပါဘူး ။ ဒါဟာ ညနေခင်းရဲ့ အပျင်းပြေ ဟာသ တစ်ပုဒ်လို့ သဘောထားကြမှာပဲ ။

“ ရထားတွေ ၊ ကားတွေ ရှိသေးရဲ့လား မသိဘူး ၊ ငါတို့ ပြန်မှ ဖြစ်မယ် ။ ဘူတာကို အပြင်ဘက်လမ်း ကနေ လမ်းလျှောက်သွားကြမယ်လေ ”

အနီက စပြီး လှုံ့ဆော် လိုက်ပြန်တယ် ။

အပြန်လမ်းမှာ သူတို့ တဖြည်းဖြည်း လျှောက်လာရင်း ကွင်းပြင် တစ်ခုကို ဖြတ်လာကြတယ် ။ ကွင်းပြင်ဟို ဘက်မှာတော့ မြို့တော်ခန်းမက မီးရောင်တွေ ဖြာလို့ ။ ညအေးအေးရဲ့ မြက်ခင်းပြင်ပေါ်မှာ အုပ်စုဖွဲ့ ထိုင်နေကြတဲ့ ယောက်ျားလေးတချို့ ရှိတယ် ။ ခပ်လှမ်းလှမ်း ကနေ ဖြတ် လျှောက်သွားတော့ ဂီတာသံနဲ့အတူ သီချင်းသံသဲ့သဲ့ ကြားလိုက်ရတယ် ။

“ ရွှေလည်တိုင်ကိုကွယ် အနမ်းလေးပေးစဉ်ဝယ် ..... ရင်ခုန်စရာ သနပ်ခါးနံ့လေးတွေနဲ့ ရင်ခွင်ကြားမှာ ခေါင်းလေးငုံ့ကာ .. ရှက်ပြုံးလေးပြုံးနေတဲ့သူရယ် ”

“ ဒါ မြန်မာသီချင်းသံပဲ ”

“ ဪ … ရွှေတွေကိုး ”

“ ဒါပေါ့ ပင်နီဆူလာ ပလာဇာနဲ့ နီးတာကိုး ၊ ညနေ အလုပ်ဆင်းချိန် ကျောင်းဆင်းချိန် စုချိန်းကြတာနေမှာ ပေါ့ ”

“ ဂီတာသံ မကြားရတာ ကြာပြီနော် ”

သူတို့ မြန်မာလို ပြောတဲ့ စကားတွေကိုလည်း ယောက်ျားလေးတွေက ကြားသလားမသိဘူး ။ ခေါင်းတွေ လည်ပြန် ကြည့်လာကြတာ တွေ့တယ် ။

“ ငါတို့ ဖြတ်လျှောက် သွားလို့ သူတို့ သီချင်းသံတောင် ပိုကျယ်လာသလိုပဲ ”

အစိမ်းက ခပ်တိုးတိုး ပြောတော့ အဖြူက ရယ်လိုက်တယ် ။

“ နင်ဟာလေ နောက်တီးနောက်တောက်အကျင့်တွေ မဖျောက်သေးဘူး ”

“ ကျောင်းတုန်းက အဆောင်ရှေ့မှာ ဂီတာ လာတီးကြရင်း ကောင်လေးတွေ ရန်ဖြစ်ကြတာတောင် သတိရသေးတယ် ”

အဝါက ဝင်ပြောတယ် ။

“ ဟေ ... ဟုတ်လား ဘယ်တုန်းကလဲ ”

အနီက မေးလိုက်တယ် ။

“ အဲဒီမှာ တစ်ဖွဲ့ပါလာတဲ့ ဂီတာကို နောက်တစ်ဖွဲ့က ခဏဆိုပြီး ငှားတီးတယ်လေ ။ တော်တော်နဲ့ ပြန်မပေးဘဲ သူတို့ချည်း တီးနေလို့ ဆိုပြီး ရန်ဖြစ်ကြတာ နောက်ဆုံးတော့ ဂီတာကို ရိုက်ခွဲရောဆိုလား ”

အဝါက ရှင်းပြတယ် ။ 

“ ဟုတ်လား ငါတောင် မသိလိုက်ဘူး ”

အစိမ်းက ဝင်ပြောပြန်တယ် ။

“ နင်ရော သိလား ”

အဖြူဘက်ကို လှည့် မေးတော့ အဖြူက လက်ခါပြတယ် ။

“ အဲဒါ ခက်တာပေါ့ ၊ ကျောင်းတစ်လျှောက်လုံး ဒီလောက်တစ်ခန်းတည်း နေနေတာ ငါတို့က မသိဘူး ၊ နင်က သိတယ် ဆိုတော့ ဘယ်တုန်းက ဒီလိုကောင်တွေနဲ့ အဆက်အသွယ် ရှိနေတာတုန်း ၊ နင့်လူကိုတော့ နင့် အကြောင်းတွေ ပြန်ပြောပြဦးမှာပါပဲ ”

အစိမ်းက ရယ်သံ တစ်ဝက်နဲ့ ဆက်ပြောတယ် ။

“ နင်တို့နော် ၊ ငါကို လာမကျပ်နဲ့  ၊ ဘာလို့ မသိရမှာလဲ ၊ ဒါ အဆောင်မှာ အားလုံး သိတဲ့ ကိစ္စ ”

“ မသိဘူး မသိဘူးဟေ့ ၊ ငါတို့ အေးအေးဆေးဆေး စာပဲ ကျက်နေခဲ့တာ ဒီလိုဟာတွေ စိတ်ဝင်စားခဲ့တာ မဟုတ်ခဲ့ဘူး ”

သူတို့ဟာ ရေးကြီးခွင်ကျယ် လုပ်ပြီး ငြင်းကြတယ် ။ အနီ ၊ အစိမ်းနဲ့ အဖြူတို့က အဝါ တစ်ယောက်တည်း မခံမရပ်နိုင် ဖြစ်သွားတာကို အရသာခံပြီး အော်ရယ်ကြတယ် ။

လမ်းမကို ဖြတ်ကူးပြီးတော့ ခဏရပ်ပြီး အဝါက ပလက်ဖောင်းပေါ်မှာ ဟိုရှာဒီရှာ လုပ်တယ် ။

“ ခရေပန်းတွေ … ခရေပန်းတွေ ”

“ အေး ဟုတ်ပါရဲ့ ပန်းနံ့တွေ ရတယ် ”

“ ငါကတော့ ခရေပန်းဆို မကြိုက်ဘူး ၊ ငါ့အမေ ကတော့ သိပ်ကြိုက်တာ ”

“ သထုံလမ်းကိုတောင် သတိရသေးတယ် ”

“ ဒီက လူတွေကတော့ ပန်းတွေကို ကြိုက်ပုံ မပေါ်ပါဘူးဟယ် ”

တစ်ယောက်တစ်ပေါက် ဟိုဟိုဒီဒီ ပြောရင်း ခရေပန်း တချို့ကို ကောက်ကြတယ် ။

“ ဒါနဲ့ ဘာလို့ အခုလို ချိန်းကြရတာလဲ ၊ ပျောက်နေကြပြီးမှ ဗြုန်းစားကြီး ”

“ ဒီလိုလေ ငါ ဟိုတစ်နေ့က ဆရာတော် ( .... ) ကို သွားဖူးဖြစ်တယ် ။ ဆရာတော်က ပေါင်းသင်းဆက်ဆံရေးတွေကို တန်ဖိုးထားဖို့ လိုတဲ့အကြောင်း ဟောပြတယ် ၊ ဒါနဲ့ ငါတို့ဟာ အတူ ရှိနေပါလျက် မတွေ့တာ ကြာပြီလို့ သတိရသွားတယ် ”

အနီက သူ စချိန်းဆိုရခြင်း အကြောင်းရင်းကို ပြောပြတယ် ။

ဒီလောက်ဆို သူတို့ အချင်းချင်းက သဘောပေါက်ပြီ ၊ အားလုံး ခေါင်းတညိတ်ညိတ် ဖြစ်သွားကြတယ် ။ သက်ပြင်းချတဲ့ လူက ချတယ် ။

သူတို့လမ်းခွဲကြတဲ့ အချိန်မှာ ညတစ်ပိုင်းဟာ တိတိရိရိ ပြတ်ကျသွားပေါ့ ။

----------------

အဲဒီညမှာ သူတို့ထဲက တစ်ယောက်ဟာ တရေးနိုး လာတယ် ။ ဗြုန်းခနဲ သတိရသွားပြီး လက်ကိုင်အိတ်ကို ခါချလိုက်တော့ အဖျားလေးတွေ ခြောက်စ ပြုနေတဲ့ ခရေပန်းလေးတွေ ထွက်ကျလာတယ် ။ တစ်ပွင့် နှစ်ပွင့် သုံးပွင့် ၊ ဒါပဲ ။

အို ... ဘာလို့ သုံးပွင့် ဖြစ်ရတာလဲ ။ လေးပွင့်သာဆို ငါတို့ လေးယောက် ။ သူက ခပ်ကြောင်ကြောင် တွေးတယ် ။ ခဏငိုင်နေပြီးမှ တစ်ယောက်တည်း ထပ်ရေရွတ်တယ် ။ အင်း သုံးပွင့်ဆိုတော့လည်း သူတို့ သုံးယောက် ပေါ့ ။ သူက မီးကို ဖွင့်တယ် ။ ကွန်ပျူတာကို ဖွင့်တယ် ။ စာကြောင်း တချို့ကို ရိုက်လိုက်တယ် ။

ညရဲ့လှုပ်ခတ်မှု
မွှေးရနံ့တောင် ကြွေကျသွား
အချိန်ခေါ်သံနောက်မှာ .... ။  ။

⎕ ပန်ဒိုရာ
📖စုံနံ့သာ မဂ္ဂဇင်း
     ၂၀၁၄ ၊ ဖေဖော်ဝါရီလ

No comments:

Post a Comment