Sunday, July 19, 2026

သုံးရာတန်အင်္ကျီ ပျောက်ဆုံးခြင်း

❝ သုံးရာတန်အင်္ကျီ ပျောက်ဆုံးခြင်း ❞ 
( ဆင်ဖြူကျွန်းအောင်သိန်း )

လွန်ခဲ့သော လက ရမ်းဘိုကုန်းရွာတွင် လယ်သမားအိုကြီး ကိုဆေးရိုး ၊ မကျီးဒန်တို့၏ တဲကုပ်ဘေးအဖီ စွန်းတွင် တင်ထားသော မကျီးဒန်၏ ချွေးခံအင်္ကျီမှာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့သည် ။ ထိုအင်္ကျီနှင့် စပ်ဆိုင်သော တန်ဖိုးမှာ ကာလတန်ဖိုးအားဖြင့် သုံးရာကျော် တန်ပေ၏ ။ အဖြစ်အပျက်မှာ -

သည်အချိန် သည်ကာလသို့ ရောက်ရှိလာလေတိုင်း လယ်သမားတို့ ရင်ဆိုင်ရသော ကိစ္စမှာ နွားစာ ဖြစ်လေ၏ ။ နွားစာမှာ ကောက်ရိုး ရှိပါ၏ ။ သို့ရာတွင် လူများ၌ ထမင်း ရှိသော်လည်း ဟင်းကိစ္စ ကျန်ရှိနေသေးသလို ၊ နွားအတွက် ဟင်းနှင့် တူသော နှမ်းဖတ် ၊ ဖွဲနုနှင့် အခြား ရောတိရောရာများ လိုအပ်နေပေသေးသည် ။ နှမ်းဖတ်က ဈေးကြီး၏ ။ ဖွဲနုက ရှားသည် ။ ကောက်ရိုးချည်း ခုတ်စဉ်းပြီး နွားစာခွက်ထဲသို့ ထည့်ကျွေးလေသောအခါ “ ဟေ့လူကြီး ၊ ဒီအတိုင်းပဲ စားရတော့မှာလားဗျ ” ဟု နွား၏ ပါးစပ်က မမေးသော်လည်း နွား၏ မျက်လုံးများကမူ “ တစ်မိုးနဲ့ တစ်ဆောင်း လုပ်ခဲ့သမျှ ဒါနဲ့ပဲ တင်းတိမ်ရတော့မလားဗျ ” ဟူ၍ မေး၏ ။ သခင်ကို မျက်လုံးကြီး ပြူး၍ ကြည့်ခြင်း ဖြစ်သည် ။ လူက ဘာမျှ ထပ်ထည့် မပေးလျှင် ခံတွင်းပျက်နေသော လူမမာ ထမင်းစားသလို လျှာဖြင့် တစ်ချက်နှစ်ချက် တို့ပြီး နွားတင်းကုပ်ထောင့်သို့ နောက်ဆုတ် ရွှေ့ပြောင်းနေကာ လင်းတမှိုင်သလို မှိုင်လား မှိုင်ရဲ့ ၊ လူကို ကြည့်လား ကြည့်နေရဲ့ ။ နွားတို့၏ ယင်းအပြုအမူသည် စာနာတတ်သော လယ်သမားများအတွက် စိတ်မချမ်းသာစရာပင် ဖြစ်လေရာ နွေ ပေါက်လာပြီ ဖြစ်တိုင်း လယ်သမားများ ရင်ဆိုင်ရသော ကိစ္စလည်း ဖြစ်ပေသည် ။

“ ဥဩ ... ဥဩ ... ”

မည်းသော ငှက်ငယ်၏ နွေတေးသည် သာယာ၍ ကရုဏာသက်စဖွယ် ကောင်းလှပါ၏ ။ ထိုနွေပျော်ငှက်၏ တေးသံ ပျံလူးဝဲသန်းရာ အရပ်ကား မီးထခမန်း ကျွမ်းသွေ့၏ ။ မျှော်လေရာရာအရပ်၌ ရွက်မဲ့ရိုးတံတို့ မင်းလုပ်လေသည် ။ နေသည် အခြားတစ်ပါးသော ရာသီထက် ပိုမိုသော အင်အားကို ဆောင်လေ ဟန်ရှိချေ၏ ။ ဈေးကြီးသော နှမ်းဖတ်နှင့် ရှားပါးသော ဖွဲနုကို နွား၏ ခံတွင်းသို့ မထည့်နိုင်သော လယ်သမားများသည် ကောက်ရိုးနှင့် ရောနှော၍ နွားများ အာသာပြေ လွေးနိုင်စေရန် စိမ်းစိုသော အရွက်များ ၊ ပြောင်းရိုး ၊ ညောင်ရွက် ၊ ကုက္ကိုရွက် စသည်တို့ကို ရှာကြံကြရလေတော့သည် ။ သို့ရာတွင် စိမ်းစိုသော အရွက်များကား အဘယ်မှာပါနည်း ။ ကြည့်လေရာရာတွင် လက်ကားရား ခြေကားရားဖြင့် နေကို ရှိခိုးတောင်းပန်ဘိအလား ရိုးတံပြိုင်းပြိုင်းဖြင့် သစ်ပင်အိုမွဲမွဲများသာ တည်ရှိနေ၏ ။ ရွက်ကြွေစော၍ ရွက်နုစောစော ထွက်သော ညောင်နှင့် ကုက္ကိုပင်များမှာ နေ့ချင်းပြီး ခေါင်းတုံးပြောင် ကြရရှာလေသည် ။

“ နွားစာ ... နွားစာ ”

ဒါကိုသာ လူတိုင်း သရဇ္ဈာယ်နေကြပေ၏ ။ ကိုဆေးရိုးမှာ ပုဆိုးတစ်ထည် ခေါင်းပေါင်း၍ ကျောအပြောင်သား ၊ လုံချည်အတိုသားနှင့် ကြိုးတစ်ခွေ ၊ ဓားမတစ်ချောင်း ကိုင်လျက် အရှေ့သို့ သွားရမလို ၊ အနောက်သို့ သွားရမလို ယောင်တိယောင်ချာဖြင့် တဲနောက်ဖေး ချောင်းကမ်းပါးတွင် ရပ်နေမိ၏ ။ ဟိုသွားရ မလို ၊ သည်သွားရ မလို ဖြစ်နေခြင်းမှာ မိမိ သွားလာမှတ်သားမိဖူးရာ နေရာများရှိ ကုက္ကိုပင်နှင့် ညောင်ပင် လက်ကျန်များကို ရေတွက်စိစစ်နေခြင်း ဖြစ်သည် ။ အချိန်အနည်းငယ် ကြာမြင့်သည့်တိုင်အောင် အရွက် စိုစိုစိမ်းစိမ်းကလေး ရနိုင်သော ညောင်နှင့် ကုက္ကိုပင်များက ကိုဆေးရိုး၏ ခေါင်းထဲသို့ ဝင်မလာကြပေ ။

“ ဟာ... ဟုတ်ပြီ ”

ကိုဆေးရိုး၏ မျက်နှာမှာ ဝင်းသွားလေ၏ ။ ကိုဆေးရိုးသည် ဝမ်းသာအားရဖြင့် ပေါင်ကို ပုတ်လိုက်ပြီး တဲဘက်သို့ လှည့်ပြောလိုက်လေ၏ ။

“ ကျီးဒန်ရေ … တံစဉ်ပေးစမ်းဟေ့ တံစဉ် ”

“ ဘာလုပ်ဖို့လဲ တံစဉ် ၊ ဒီအချိန်ကြီးမှာ ”

မကျီးဒန်က မီးဖိုထဲမှ ပြန်မေးနေပြန်သဖြင့် ကိုဆေးရိုးက တဲထဲသို့ ဝင်လာသည် ။

“ မေးတာ ပြောပါဦး ”

“ ဒီလိုပေါ့ဟာ ”

ကိုဆေးရိုးက လျှို့ဝှက်ချက်တစ်ခုလို မတင်မကျ ပြောကာ တံစဉ်ကို ထန်းရွက်ထရံကြားမှ ဆွဲယူ၍ တဲနောက်ဘက်သို့ ပြန်လည်ထွက်ခွာလာခဲ့၏ ။

ကိုဆေးရိုး မျက်နှာမူရာဘက်၌ ချောင်းကောကြီး စလင်းချောင်း ။ သည်မှာ ဘက်ကမ်း၌ ဆုတ်စပြုနေပြီ ဖြစ်သော စမ်း ။ စမ်းရေစီးဝယ် ဝါးဖောင်များ မျှောဆင်းနေသည် ။ စမ်းရေကြော၏ ဟိုဘက်တွင် စိမ်းမြသော ကြက်သွန်ခင်းများသည် စမ်းရေကြောကို မြှောင်၍ တန်းနေသည် ။ ကြက်သွန်ခင်းများ၏ ဟိုဘက်၌ ငွေရောင် လက်နေသော သဲသောင်ပြင် ။ သဲဖြူဖြူ၏ အဆုံးတွင်ကား ဝါတချို့ ရော်တချို့နှင့် ညွန့်စိမ်းကလေးတွေ ပြောက်ကျား ထိုးနေသော ကိုင်းတော ။

ကိုင်းပင် သမန်းပင်တို့၏ ပင်စည်ဖွဲ့စည်းပုံသည် ပြောင်းပင်နှင့် တူညီ၏ ။ နှံစားပြောင်း ၊ အဖူးပြောင်း ဘယ်ပြောင်းပဲ ဖြစ်ဖြစ် အရင်းရောက်လေ ချိုလေလေ ။ ကိုင်းနှင့် သမန်းတို့၏ အရွက်အရိုးသည်လည်း အရင်းသည် ချိုသည် ။ စိမ်းလည်းစိမ်း ၊ စိုလည်းစိုသည့်အပြင် အချိုဓာတ်ကိုပါ ကဲဆောင်းပေးသော ကိုင်းနုများကို မြင်ရာက နွားကျွေးရန် စိတ်ကူးပေါက်သဖြင့် ကိုဆေးရိုးမှာ ဝမ်းသာသွားရခြင်းဖြစ်ပေသည် ။

လေက အတိုက်ကြမ်းသည့် အပြင် အောက်ရော အထက်ပါ ညှပ်၍ပူသော ချောင်းတွင်းသဲပြင်ကို ဖြတ်၍ ကိုင်းနုစည်းကြီး ထမ်းကာ ကိုဆေးရိုး ပြန်လာသော အချိန်မှာ မွန်းတိမ်းလေပြီ ။ ကိုင်းနုများကို နန်းတိုင်တွင် ထည့်၍ စဉ်းသည် ဆိုလျှင်ပင် ကိုဆေးရိုး၏ ကိုယ်ထဲ လက်ထဲက တစ်မျိုး ဖြစ်လာသည် ။

“ နေပူလို့ ဖြစ်တာထင်ပါရဲ့ ” ဟု ကိုဆေးရိုးက ခပ်ပေါ့ပေါ့သာ ယူဆ၏ ။ နွားစာ ထည့်ပစ်ခဲ့ပြီးနောက် ဆာဆာနှင့် လွေးလိုက်မဟဲ့ဟု ကြုံးဝါးကာ ထမင်းပွဲတွင် ထိုင်သောအခါကျမှ နေမကောင်းပြီ ဖြစ်ကြောင်း သိရလေ၏ ။ ရာသီစာကလေး ဖြစ်သည့်အပြင် ဘယ်အခါမှာ စားစား အရသာရှိ၍ စားပြီးရင်း စားချင်ရင်း ဖြစ်အောင် ကောင်းလေ့ရှိသော သရက်ဖူးထောင်းနှင့် ပြည်ပန်းညိုရွက်ဟင်းမှာ ကိုဆေးရိုး၏ လျှာကို အနိုင် မယူနိုင်ပေ ။ ထမင်းနှစ်လုတ် မျိုအပြီးတွင် ပျို့တို့တို့ ဖြစ်လာသဖြင့် လက်ဆေး၍ ထလိုက်ရသည် ။

နေပူလွန်းလို့ အပူရှပ်တာပဲ ပြောပြော ၊ ချွေးငုပ်သည်ပဲ ဆိုဆို ၊ ကိုဆေးရိုးကတော့ အိပ်ရာထဲတွင် လဲလေ၏ ။ ကိုဆေးရိုး လဲသည် ဆိုလျှင် မကျီးဒန်မှာ ထမင်းသော်မျှ ချက်မစားနိုင်အား ။ နွားကို ပြန်ကြည့်ဖို့ ဆိုတာ ဝေလာဝေး ။ လင့်အပါးတွင်သာ မျက်လုံး ငယ်ထိပ်ကပ်မတတ် နေထိုင်ပြုစုနေလေသည် ။

ကိုဆေးရိုး ညည်းညူတွန့်လိမ်နေလျှင် မကျီးဒန်မှာ နှိပ်ပေးချင်၏ ။ သို့သော် ‘ ဒီရာသီမှာ ‘ ကျောက် ’ များ ဖြစ်နေမလားဟဲ့ ’ ။ ကျောက်ပေါက်မည့် သူကို နင်းနှိပ်ဆုပ်နယ်ပေးမိလျှင် ကျောက်ထွက်သော အခါ၌ နှိပ်မိနင်းမိ ၊ ဆုပ်နယ်မိသော နေရာများမှာ မထွက်ဘဲ မနှိပ်နယ်မိသော နေရာများမှသာ ထွက်လေ့ရှိသည် ။ အထူးသဖြင့် မျက်လုံးထဲ ၊ လည်ချောင်းထဲက ထွက်လေ့ ရှိသည်ဟု ကြားဖူး၏ ။ ထို့ကြောင့် မနှိပ်ရဲချေ ။ ရေငတ်သည် ဆိုလျှင် ရေခပ်ပေး ၊ ချမ်းလှသည် ဆိုလျှင် စောင်ခြုံပေးခြင်းနှင့် ကောင်းနိုးရာရာ ဆေးမြီးတိုများ တိုက်ကျွေးခြင်းကိုသာ မကျီးဒန်က လုပ်ရဲသည် ။

မိမိသာ ကပျစ်ကညစ် နေမည် ။ နွားတင်းကုပ်ကို သန့်ပြန်အောင် ထားလေ့ရှိသော မကျီးဒန်သည် နွားတင်းကုပ်ကိုလည်း မသုတ်သင်နိုင်တော့ပြီ ။ နွားစာကို ရှာဖွေကျွေးရန် မဆိုထားဘိ ၊ ရှိသော ကောက်ရိုးကိုပင် အနိုင်နိုင် စဉ်း၍ ကျွေးရသည် ။ ကောက်ရိုးချည်း ကျွေး၍ကား ခိုင်းနွားကြီး နှစ်ကောင်က မစားချေ ။ မကျီးဒန် ကတော့ ‘ စားချင်စား ၊ မစားချင်နေကြဟေ့ ’ တကတည်း ။

လင့်ကြောင့် ဖြစ်ပေါ်လာရသော သောကနှင့် လူမမာကို တငုတ်တုတ်တုတ်ဖြင့် ထိုင်ကြည့်ရ၍ အိပ်ရေးပျက်ခြင်းတို့တွင် နွားတွေ အစာမစားခြင်း အတွက် ကိစ္စကြီးတစ်ခု လုပ်မနေနိုင်ပေ ။ အဖေအိုကြီး နာမကျန်းခိုက်တွင် လာရောက်စောင့်ရှောက်ဦးမည်ဟူ၍ သားကလည်း မပေါ်လာပေ ။ ဘညိန်း ပေါ်တော့ ပေါ်လာပါ၏ ။ ဖင်မနွေးမီ လှမေ လာခေါ်သွားသည် ။ သမီးကြီး ချောစိန်လည်း ကျမ်းစူးလွတ်ရုံ ၊ ဘုရားစူး လွတ်ရုံတော့ ရောက်လာပါ၏ ။ ကလေး မနေသောကြောင့် ဆိုကာ ပြန်သွား၏ ။ နွားစာ တစ်ပင် စဉ်းမသွား ။ နွားချေး တစ်ပုံ ကျုံးမသွား ။ ရေတစ်ပေါက် မခပ် ။ ထမင်းအိုး တစ်လုံး တည်မသွားလေ ။

ထို့ကြောင့် မိမိကိုယ်ကိုပင် အားတင်းထားရသော မကျီးဒန်က နွားများကို ရှေးကလို မယုယနိုင်တော့ ။ နွားများမူ တစ်နေ့သော် သခင် ကျွေးဖူးသော ကိုင်းနုနု စိုစို ချိုချိုကလေး ဝါးရနိုးနိုး ၊ တစ်နေ့သော် အစားကောင်း စားရနိုးဖြင့် ကောက်ရိုးကို မစားဘဲ မျှော်ကိုး လာခဲ့ကြသည် ။ သခင်မကဖြင့် ပြန်စောင်းသော်မျှ မကြည့်အားပေ ။

ကိုဆေးရိုး ယက်မန်းရည်ကလေး တစ်ပန်းကန် ကုန်သောနေ့တွင် မကျီးဒန်က စိတ်ချလက်ချ အိပ်ပစ်လိုက်သည် ။ ညနေစောင်း၍ ကိုဆေးရိုး နိုးမှ ထမိ၏ ။

“ ဟင် .. နေတောင် အေးနေပါပကော ”

မကျီးဒန်က ရှည်လျားသော သစ်ပင်ရိပ်များကို မြင်ရသဖြင့် ရေရွတ်သည် ။

“ အေး.. ငါလည်း ညည်း အိပ်ပါစေတော့ ဆိုပြီး မနှိုးဘဲထားတာ ”

ကိုဆေးရိုးက စာအုပ်စုတ် တစ်အုပ်ကို ဖတ်နေရာက ဖြေ၏ ။

“ ကဲကဲ .. လူလန်းသွားအောင် ရေချိုးလိုက် ။ ပြီးမှ ထမင်းလေး ဘာလေး ချက် ။ ငါလည်း ဝင်သလောက် စားမယ် ”

လူမမာက ထမင်းစားမည် ဆိုသောအခါ မကျီးဒန်မှာ အင်အားသစ်လာသည် ။ ဖျတ်လတ်စွာ ထ၍ မီးမွှေး ၊ ထမင်းအိုးတည်ပစ်ခဲ့ပြီးလျှင် နွားတင်းကုပ် ဘေးတွင် အင်္ကျီနှင့် ရေလဲလုံချည်ကို တင်ထား၍ ကပျာကယာ ရေချိုးလေ၏ ။ အပြေးအလွှား ရေချိုးပြီးနောက် အဝတ်လဲသော အခါတွင် အပေါ်အင်္ကျီနှင့် ရေလဲထဘီသာ တွေ့တော့သည် ။ ချွေးခံအင်္ကျီကိုကား မတွေ့ချေ ။ “ အိမ်ထဲမှာများ ချွတ်ထားခဲ့မိသလား ” ။ ချွေးခံအင်္ကျီကို အိမ်ထဲ၌ ချွတ်ထားခဲ့မိလျှင် အပေါ် အင်္ကျီပါ အိမ်ထဲတွင် နေနေခဲ့ဖို့ သင့်သည် ။ သို့သော် ပထမ ချွတ်ရသောအင်္ကျီသာ ရေချိုးသည့်နေရာသို့ ပါလာပြီး ဒုတိယ ချွတ်ရသော ချွေးခံအင်္ကျီက မပါလာ ။

“ ဟယ် ... ငါက ကသီနေလို့ ဖြစ်တာထင်ပါရဲ့ ”

မကျီးဒန်သည် ထဘီရင်ရှားဖြင့်ပင် အိမ်ထဲဝင်ခဲ့သည် ။ အိမ်ထဲ ဝင်မိလျှင် မီးဖိုထဲမှ မီးတောက်ပေါ်သို့ ရေစက် ရေပေါက်များ ဝေကျသံကြားရသဖြင့် အင်္ကျီကို လမ်းလျှောက်ရင်း ဝတ်လျက် မီးဖိုထဲ ဝင်ခဲ့ရသည် ။

ထမင်းအိုးက ဝေနေပေပြီ ။ သို့ကြောင့် အမြှုပ်ကို စလောင်းဖုံးဖြင့်သပ်ချပြီး ထမင်းလုံး အပျော့စောင့်ရင်း အင်္ကျီကြယ်သီးတပ်သည် ။ ထို့နောက် ထမင်းအိုးကို ငှဲ့ ၊ ငါးပိအုံး ၊ ငရုတ်သီးထောင်း စသည့်ဖြင့် တစ်ခုပြီး တစ်ခု အဆက်မပြတ် လျှောက်လုပ်နေသဖြင့် ပျောက်သော အင်္ကျီကို မေ့သွား၏ ။

ထမင်းစားသောက်ပြီးသည့် နောက်တွင်လည်း လူမမာ မေးလာသူများကို ဧည့်ခံရင်း တစ်အောင့်တစ်နားဟု တုံးလုံးလှဲရာက အိပ်ပျော်သွားသဖြင့် ပျောက်သော အင်္ကျီကို ပြန်လည်သတိရချိန် မရှိတော့ပေ ။

“ မကျီးဒန်ရေ ထတော့ဟေ့ ... ထတော့ ။ အိပ်ပြီ ဆိုတော့လည်း လင်းတစ်ရေးကိုးအေ့ ”

ကိုဆေးရိုး၏ အေးဆေး၍ အင်အားပြည့်သော အသံကိုကြားတော့မှ မကျီးဒန်က နိုးလာသည် ။ ထိုအချိန်၌ မိုးစင်စင်လင်းနေပေပြီ ။

“ ကိုယ်ထဲလက်ထဲ ကကော ရှင်းရဲ့လား ”

လူးလဲထရင်း မေးမိသည် ။

“ ရှင်းပါတယ် ၊ သွေးကြည်လွန်းလို့ ညကလည်း အိပ်ပျော်ပါဘူးအေ ”

အအိပ်ပျက်သမျှကို အတိုးချ အိပ်ရသဖြင့် အင်အားပြည့်ဝလာသည်တွင် ခင်ပွန်းသည်၏ ကျန်းမာရေး ကောင်းမွန်ကြောင်းကြားရပြန်သောအခါ မကျီးဒန်မှာ တိုး၍ ရွှင်လန်းလာလေသည် ။

“ ဒါဖြင့် ဘာဟင်းများ စားချင်လဲ ”

“ ထူးထူးထွေထွေတော့ မစားချင်ပါဘူးအေ ၊ အင်း အမဲခြောက်ဖုတ်ကလေးနဲ့ ဟင်းချို ဟင်းကလေးနဲ့ စားရရင်တော့ ထမင်းမြိန်မလား မသိဘူးအေ့ ”

နာလန်ထက ခံတွင်းတွေ့မည် ထင်သော ဟင်းလျာကို မြည်ရွတ်၏ ။

“ အမဲခြောက်တော့ တောင်ပိုင်းက ကွန်းမြိုင်အိမ်မှာ ရှိတယ်ထင်တာပဲ ၊ မရရင်တော့ အစိုကိုပဲ ကြော်ပေးမယ် ”

“ အေး ... ကောင်းသားပဲ ”

ကိုဆေးရိုးက ကျေနပ်စွာ ပြောလိုက်ပြီးမှ

“ လွယ်လင့်တကူ မရရင်တော့ လျှောက်ရှာ မနေပါနဲ့အေ ၊ ဖြစ်သလိုပေါ့ ” ဟု စိုးရိမ်သံဖြင့် ပြောသည် ။

“ အခြောက်သာ မရရှိတော့မပေါ့ ။ အစိုကတော့ လွယ်ပါတယ် ”

ပြောပြောဆိုဆိုဖြင့် မကျီးဒန်က အိမ်နောက်ဖေးသို့ ထွက်သွားသည် ။ တစ်အောင့်မျှ အကြာတွင် “ ကိုဆေးရိုးရေ ... ကိုယ်ကျိုးနည်းပါပေါ့လား တော်ရေ ” ဟူသော မကျီးဒန်၏ အော်သံကြောင့် ကိုဆေးရိုးမှာ ပြေးထွက်သွားမိ၏ ။

မကျီးဒန်မှာ နွားဝါနီကြီးကို ဖက်၍ ငိုနေသည် ။ နွားကြီးမှာ နွားစာခေါင်းဘေးတွင် တုံးလုံးလဲလျက် အသက်ပျောက်နေသည်ကို တွေ့ရ၏ ။

“ အကောင်းသားက ဖြစ်သွားရတာတော့် ”

လူမမာ ရှိနေသော အိမ်မှ ငိုသံထွက်ပေါ်သောကြောင့် အထိတ်တလန့် ပြေးလာသူများမှာ နွားသေကို မြင်မှ “ ဟီး ” ချနိုင်ကြ၏ ။ သို့ရာတွင် လယ်သမား အဖို့ နွားသေခြင်းမှာ လူသေခြင်းလောက်နီးနီးပင် ဖြစ်သည် ။ နွားဝါနီကြီးနှင့် ရုန်းဖက် စာဥမှာ ရောင်းရင်း၏ အဖြစ်ကို မသိလေသည့်အလား တင်းကုပ် တံစက်မြိတ်များကို လျှာဖြင့် ထိုးဟပ်နေ၏ ။ နွားသေကို ချောင်းထဲသို့ သယ်ယူသွားပြီး ဖျက်ကြသောအခါကျမှ နွားဝါ နီကြီး သေဆုံးရခြင်း၏ အကြောင်းကို သိကြရသည် ။ နွားဝါနီကြီး၏ ဗိုက်ထဲ၌ ပွင့်နေသော ‘ ချိတ် ’ တစ်ချောင်းနှင့် တွဲလျက် မကျီးဒန်၏ ချွေးခံအင်္ကျီကို ပြန်လည် တွေ့ကြရလေ၏ ။ ငတ်ငတ်နှင့် ပါးစပ်သရမ်းရာက အင်္ကျီကို ဆွဲမျိုမိခြင်း ဖြစ်ဟန် တူပေသည် ။ မကျီးဒန်၏ အင်္ကျီမှာ ငါးမတ်သာ တန်၏ ။ သို့ရာတွင် ထိုအင်္ကျီကို အကြောင်းပြု၍ သုံးရာတန် ခိုင်းနွားကြီး တစ်ကောင်ပါ ဆုံးရှုံးခဲ့ရ၏ ။

ထို့ကြောင့် လွန်ခဲ့သော လက ရမ်းဘိုကုန်းရွာတွင် လယ်သမားအိုကြီး ကိုဆေးရိုးဇနီး မကျီးဒန်၏ ချွေးခံအင်္ကျီတစ်ထည် ပျောက်ဆုံးသွားရာ အင်္ကျီနှင့် စပ်ဆိုင်သော တန်ဖိုးမှာ သုံးရာကျော်ပေ၏ဟု အစချီခဲ့ခြင်း ဖြစ်ပါသည် ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment