Wednesday, July 22, 2026

ဘယ်သူ လုပ်တာလဲ


❝ ဘယ်သူ လုပ်တာလဲ ❞
      ( ရန်နိုင် - ယုဇန )

ကျွန်တော့်ရဲ့ ဒီအဖြစ်လေးက ကြာတော့ကြာခဲ့ပါပြီ ...  ။ ဒါပေမယ့် မမေ့နိုင်သေးတာနဲ့ပဲ မိတ်ဆွေတို့ကို ပြောပြချင်လို့ပါ ။ ဖြစ်ပုံကဒီလိုဗျ .. ။

မနှစ်တုန်းက “ ဦးစံလင်း ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာတွေ့ပြီ ” လို့ ပြောတဲ့ နေ့ကပေါ့ ။ ကျွန်တော့်မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးပီပီ ဝမ်းသာပျော်ရွှင်မိတာပေါ့ ။ ဒါနဲ့ပဲ ဆိုင်မှာ ဈေး လာဝယ်တဲ့ အဒေါ်ကြီးကို ဝမ်းသာအားရနဲ့ ပြောပြမိပါတယ် ။

“ အဒေါ် ကြားပြီးပြီလား ... ဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်ရှာတွေ့ပြီတဲ့ ” 

ဒီတော့ အဒေါ်ကြီးက ကျွန်တော်ကို ဘာပြန်ပြောလဲ ဆိုတော့

“ ဟင် ... ဟုတ်လား ... ခေါင်းလောင်းကြီးက ဘယ်တုန်းက ပျောက်သွားတာလဲ ” တဲ့ ။

ရောခက်ပြီကော ။ အဒေါ်ကြီးက အဲဒီသတင်းကို ဘာမှ သိပုံ မရပါဘူး ။ ဒါနဲ့ပဲ ကျွန်တော့်မှာ သူ နားလည်အောင် ထပ်ရှင်းပြရတာပေါ့ ။ ခေါင်းလောင်းကြီး ရေထဲကျသွားတာ ဘယ်မင်းလက်ထက်က ဖြစ်ကြောင်း ၊ နှစ်ပေါင်း ဘယ်လောက်ကြာပြီ ဖြစ်ကြောင်း ... စသဖြင့်ပေါ ။ အဲဒီလိုလည်း ရှင်းပြလိုက်ရော သူက ဘာထပ်မေးလဲ ဆိုတော့

“ အော် ဟုတ်လား .. ။ ရေထဲ ကျသွားအောင် ဘယ်သူ လုပ်တာလဲ ” တဲ့ ။

ကောင်းရောဗျာ ... ။

ဒါနဲ့ ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ပဲ သူ့ကို အခုလို ပြောလိုက်မိပါတော့တယ် ။

“ ဘယ်သူ လုပ်ရမှာလဲဗျ ... အဲဒါ အဒေါ့် ယောက်ျား လုပ်သွားတာလေ ” လို့ ... ။

ကဲ မှတ်ပြီလား ... ။

▢  ရန်နိုင် ( ယုဇန )
📖 ရယ်စရာ မဂ္ဂဇင်း
      ဧပြီ ၊ ၂၀၁၅

No comments:

Post a Comment