Friday, July 17, 2026

နေတတ်၍ ကျေနပ်သူ


❝ နေတတ်၍ ကျေနပ်သူ ❞
    ▢  မျိုးနိုင် ၊ တန့်ဆည် ၊

ကျုပ်တို့ ကျွဲဆွဲရွာမှာ ရိုးရိုးအေးအေး နေတတ်ပြီး အရမ်းဒူတဲ့ ၊ အရမ်းအတဲ့ မခင်လှ ဆိုတဲ့ အပျိုကြီး တစ်ယောက် ရှိတယ် ။ မိဘနှစ်ပါး မရှိတော့တဲ့ နောက်ပိုင်း သူ့ညီမ အိမ်ထောင်သည်အိမ်မှာ ကပ်နေရပြီး တောက်တိုမယ်ရ ဝိုင်းကူ လုပ်နေရတယ် ။ အိမ်အလုပ် နိုင်တဲ့အခါ တခါတရံ မြေပဲဆွတ် ၊ ပေါင်းသင် ၊ ပေါင်းနုတ် အငှားလိုက်တတ်တယ် ။

တစ်နေ့ မြေပဲအငှားဆွတ် လိုက်ရာမှာ မြေပဲတစ်တင်း ( ၁၆ -ပြည် ) အတွက် ဆွတ်ခ ၂ - ပြည် ရလာတယ် ။ နောက်တစ်ရက် အငှားဆွတ် လိုက်ရာမှာတော့ မြေပဲက မဥတဲ့ အတွက် တစ်တင်း မပြည့်ဘဲ ဆယ့်လေးပြည်ပဲ ရတယ် ။ ဒါနဲ့ အရင်ရက်က ရပြီးသား ၂ - ပြည်ကို ပေါင်းပြီး အခင်းရှင် မသိအောင် အပ်လိုက်တယ် ။ အခင်းရှင် ကတော့ တစ်တင်းဆွတ်ခ ၂ - ပြည်ပဲ ပြန်ပေးလိုက်တာပေါ့ဗျာ ။ ဒါသာ ကြည့်ပါတော့ ။ ဘယ်လောက် အ ၊ ဘယ်လောက် ဒူလဲ ဆိုတာ ။

တစ်ခါကလည်း အိမ်ဘေးက မုန့်ကြိုးလိမ်ကြော် ဖောက်သည်ပေးတဲ့ဆီကနေ တစ်ခု ငါးဆယ်နဲ့ ဖောက်သည်ယူပြီး ကျောင်းဈေးကို သွားရောင်းတယ် ။ ဘာမှ မကြာလိုက်ဘူး ။ ခဏနဲ့ ပြန်လာတဲ့ မခင်လှကို သူ့ညီမက “ အစ်မ ပြန်လာတာ မြန်လှချည်လား .. ဘယ်လို ရောင်းခဲ့တာမို့လဲ ” လို့မေးတော့ “ ငါလည်းအေ ... မြန်မြန် ကုန်ချင်တာနဲ့ ငါးဆယ်နဲ့ ဖောက်သည်ယူပြီး ငါးဆယ်နဲ့ ပြန်ရောင်းခဲ့တာလေ ” လို့လည်း ပြောလိုက်ရော သူ့ညီမ အံ့အားသင့်သွားပြီး “ ဟယ် အစ်မရယ် ... ဘယ်လိုလုပ် အမြတ်ကျန်တော့မှာလဲ ” လို့ ထပ်ပြောတော့ “ ဟဲ့ ... လင်ဗန်းကပ်နေတဲ့ သကြားလေးတော့ အမြတ်ကျန်ပါတယ်ဟဲ့ ” လို့ ပြောပြော ဆိုဆို လင်ဗန်းကို ပြတယ် ။ ဟုတ်ပါတယ် ။ လင်ဗန်းကို လျှာနဲ့ လျက်ထားလား မသိ ပြောင်လို့ ။ သကြားတစ်မှုန့်မှကို မကျန်တော့ဘူး ။ ကြည့်စမ်းပါဗျာ ။ အပျိုကြီး လုပ်ပုံ ...

▢  မျိုးနိုင် ၊ တန့်ဆည် ၊
📖 ရယ်စရာ မဂ္ဂဇင်း
      အောက်တိုဘာ ၊ ၂၀၁၅

No comments:

Post a Comment