Wednesday, July 1, 2026

ကံကြမ္မာမုန်တိုင်း ရိုင်းချင်တိုင်း ရိုင်းခဲ့လေပြီ ...


❝ ကံကြမ္မာမုန်တိုင်း ရိုင်းချင်တိုင်း ရိုင်းခဲ့လေပြီ ... ❞
( ကိုကိုကျော် - မန္တလေး )

“ အမေနဲ့ ဘာဆိုင်တော့တာ မှတ်လို့ ။ မသွားချင်ပါနဲ့တော့ အမေရယ် ” လို့ သမီးက တားလို့လည်း မရ ။ သားက ဆွဲထားပြန်တော့လည်း ဇွတ်ထွက် ။ သမက်တွေ ၊ ချွေးမတွေ ၊ မြေးတွေက ပြောပြန်ရင်လည်း နားမထောင် ။ အချိန်ကျလာပြီ ဆိုရင် အထဲမှာ ဘာမှ မပါတော့သည့် လွယ်အိတ်ကလေး ကောက်လွယ်ပြီး ( အရင်တုန်းကတော့ ဒီလွယ်အိတ်ကလေး ထဲမှာ လက်မှတ်ထုပ်ကလေးတွေပါသည် ။ နေ့စွဲရိုက်တဲ့ စက်ကလေးပါသည် ။ မှင်ခံခွက်ကလေးပါသည် ။ လက်မှတ်ခ ပြန်အမ်းရန် အကြွေစေ့ကလေးတွေပါသည် ။ ) ဆောင်းနေကျ နှီးခမောက်ကလေး ကောက်ဆောင်းကာ တစ်မိုင်ခန့်ဝေးကွာသော ရထားသံလမ်း အရှေ့ဘက်ရှိ မူလဇရပ်ဟောင်းကလေးဆီသို့ ထွက်ခွာသွားမြဲပင် ။ ဇရပ်ကလေးနှင့် မျက်စောင်းထိုး ရထားသံလမ်း အနောက်ဘက်တွင်တော့ “ သာလှိုင်း - ရုံးသာ ဘူတာ ” ရုံအသစ်ကြီးက ခံ့ခံ့ ထည်ထည်ကြီး ပေါ်ထွက်နေခဲ့ပါပြီ ။

“ သာလှိုင်း - ရုံးသာဘူတာ ” တဲ့လား ... ။ ဒေါ်ဝင်းမြိုင်တို့၏ ရွာနာမည် “ သာလှိုင်း ” ဆိုတာလေး ပါပေသေးလို့သာ ဖြေသာနိုင်ခဲ့ပါသည် ။ “ သာလှိုင်း ” နာမည်လေးကို ရှေ့ကနေ ထားပေးပြီး ဦးစားပေးထားတာ ဆိုပြန်တော့လည်း ကျေနပ်ရမှာပေါ့ လေ ။ “ ရုံးသာ - သာလှိုင်း ဘူတာ ” လို့ အမည်တွင်တော့မှာ လိုလို သတင်းတွေက ထွက်လိုက်သေးသည် ။ မြန်မာ့မီးရထား ဝန်ကြီးမင်း ကယ်ပေလို့သာ “ သာလှိုင်း - ရုံးသာဘူတာ ” ရယ်လို့ အတည်ဖြစ်သွားခြင်းဖြစ်သည် ။

ကံအဆုံးအဖြတ်ကို ခံယူရခြင်းသည် အရာရာတိုင်း အတွက် ဖြစ်သင့်ပါသလား ။ ဒေါ်ဝင်းမြိုင်တို့ သာလှိုင်းရွာ အဖို့တော့ ကံအဆုံးအဖြတ်ကို ခံယူလိုက်ရခြင်းသည် နစ်နာလွန်းလှပါသည် ။ အပြိုင်အဆိုင် အတိုက်အခိုက်တွေက ရှိလာပြန်တော့လည်း လူကြီးများ ဆုံးဖြတ်သည့်အတိုင်း နာခံခဲ့ရပြန်သည် ။

ဒေါ်ဝင်းမြိုင်တို့၏ သာလှိုင်းရွာလေးသည် စစ်ကိုင်းတိုင်းဒေသကြီး ၊ ဝက်လက်မြို့နယ် အတွင်းတွင် တည်ရှိသည့် ရွာကလေး ဖြစ်ပါသည် ။ မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်းပေါ်ရှိ ပေါက်ကန်ဘူတာနှင့် ဝက်လက်ဘူတာအကြား အလယ်တည့်တည့်လောက်တွင် တည်ရှိခြင်း ဖြစ်ပါသည် ။ သို့သော် ရထားသံလမ်းဘေး ကပ်လျက်တွင် တည်ရှိခဲ့ခြင်း မဟုတ်ပါ ။ ရထားသံလမ်း၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် တည်ရှိခဲ့ခြင်းဖြစ်ပါသည် ။ သာလှိုင်းနှင့် အရှေ့အနောက် တည့်တည့် ရထားသံလမ်း၏ အနောက်ဘက် တစ်မိုင်ခန့်အကွာတွင်တော့ ရုံးသာရွာ တည်ရှိခဲ့ပါသည် ။ ၁၉၆ဝ ဝန်းကျင်အချိန်တွေတုန်းက တောခေါင်ခေါင် ရွာငယ်ဇနပုဒ်ကလေးတွေ ဖြစ်ခဲ့ကြပါသည် ။

ရထားဖြင့် ခရီးသွားလို လျှင် ၅ မိုင်စီ ကွာဝေးသော ဝက်လက်ဘူတာသို့ ဖြစ်စေ ၊ ပေါက်ကန်ဘူတာသို့ ဖြစ်စေ ခြေကျင် သွားရောက်ပြီး စီးနင်းကြရပါသည် ။ အပြန်ခရီးများတွင်လည်း ဝက်လက် - ပေါက်ကန်ဘူတာ များတွင် ဆင်းပြီး ၅ မိုင်ခရီးကို လမ်းလျှောက်ပြန်ကြရပါသည် ။ ခရီးလေးတစ်ခု ထွက်ဖို့အရေး ဒုက္ခများလွန်းလှပါသည် ။

သို့သော် သာလှိုင်း ဆိုသော ရွာငယ်ဇနပုဒ်ကလေးမှ ဦးဘိုငှား ဆိုသည့် လူစွမ်းကောင်းတစ်ဦး ပေါ်ထွက်လာခဲ့သည် ။ လူရည်လည်သူ ၊ မြို့သို့ အရောက်အပေါက်များသူ ၊ အမြော်အမြင် ရှိသူဆိုတော့ မီးရထားလူကြီးမင်းများနှင့် မည်ကဲ့သို့ အလွမ်းသင့်အောင် ပေါင်းလိုက်သင်းလိုက်သည်ကိုပင် မသိလိုက်ကြရပါ ။ သာလှိုင်းရွာမှ အနောက်သို့ တည့်တည့် ရထားသံလမ်း၏ အရှေ့ဘက်ကပ်လျက်တွင် ဇရပ် တစ်ဆောင် ဆောက်လုပ်ခွင့် ရသွားပြီး ၎င်းဇရပ်တွင် မန္တလေး - နဘား အဆန်လော်ကယ်ရထား နှင့် နဘား - မန္တလေး အစုန် လော်ကယ်ရထားများ တစ်မိနစ်စီ ရပ်နားခွင့်ရရှိသွားပါတော့သည် ။ “ သာလှိုင်းရပ်စခန်း ” ဟု အမည်တွင်ခဲ့လေသည် ။

သာလှိုင်းနှင့် ရုံးသာရွာများမှ မီးရထားဖြင့် အစုန်အဆန် ခရီးသွားလိုသူများ ၅ မိုင်စီ ဝေးကွာသော ဝက်လက်ဘူတာနှင့် ပေါက်ကန်ဘူတာများသို့ ဒုက္ခခံပြီး ခြေကျင် သွားရောက်ရန် မလိုတော့ပေ ။ သာလှိုင်းရပ်စခန်းမှ အခန့်သား တက်စီးလိုက်ရုံပင် ။ အပြန်ခရီးများတွင်လည်း ဝက်လက် - ပေါက်ကန် ဘူတာ များတွင် ဆင်းပြီး ၅ မိုင်ခရီးကို လမ်းလျှောက်ပြန်စရာ မလို တော့ပါ ။ သာလှိုင်းရပ်စခန်းသို့ ရထား ရောက်ရှိ ရပ်တန့်ပြီးမှသာ အခန့်သား ဆင်းချလိုက်ရုံပင် ။ သာလှိုင်းရွာသားကြီး ဦးဘိုးငှား၏ ကျေးဇူးကား ကြီးမားလွန်းလှပါပေသည် ။

သာလှိုင်းရပ်စခန်းမှ ရထား တက်သော ခရီးသည်များကို ဦးဘိုငှားမှ လက်မှတ်ရောင်းချပေးနေသည်ကို တွေ့ရပြန်တော့ ရွာသူရွာသားများက အံ့သြနေကြသည် ။ ဝက်လက်ဘူတာ ပေါက်ကန်ဘူတာ ရုံပိုင်ကြီးများနှင့်အပြိုင် လက်မှတ်ရောင်းချပေးနေသော ဦးဘိုးငှားကို အထင်ကြီးကြသည် ။ သာလှိုင်းရွာသားများက ငါတို့ ဦးလေးငှားကြီး တစ်ယောက် ဘယ်အချိန်ကများ နတ်ကျောင်းတက်လိုက်ပါလိမ့်ဆိုပြီး ဂုဏ်ယူနေကြသည် ။

သာလှိုင်းရပ်စခန်းအတွက် ရထားလက်မှတ်များကို ဝက်လက်ဘူတာမှ ထုတ်ယူရခြင်း ဖြစ်သည် ။ လက်မှတ် ရောင်းရ ငွေ ၁ဝဝ ကျပ် ရရှိလျှင် ဦးဘိုးငှားအတွက် ၁၂ ကျပ် ၅ဝ ပြားနှုန်း ကော်မရှင်ရသည် ။ ဦးဘိုးငှားက ကော်မရှင်ခကို မက်လို့ လက်မှတ်ရောင်းပေးနေခြင်း မဟုတ်ပါ ။ ရွာသူရွာသားများ အတွက် အကျိုးရှိလာခြင်းကို ပျော်လွန်းလို့ အကျိုးဆောင်ပေး နေခြင်းဖြစ်သည် ။ မြန်မာ့မီးရထား ဌာနတွင် ဦးဘိုးငှားတို့လို ရပ်စခန်း လက်မှတ်ရောင်းများကို လက်မှတ်ရောင်းကန်ထရိုက်ဟု ခေါ်ကြသည် ။

ဦးဘိုးငှား အသက်အရွယ် ထောက်လာပြီး လမ်းမလျှောက်နိုင် ဖြစ်လာတော့ သာလှိုင်းရွာထဲမှာ တက်တက်ကြွကြွရှိသည့် လူငယ်တစ်ဦးကို လက်မှတ်ရောင်း ကန်ထရိုက်အလုပ် လွှဲပေးဖို့ စီစဉ်ခဲ့သည် ။ အဲဒီအချိန်မှာပဲ ဦးဘိုးငှား၏ တူမ ဒေါ်ဝင်းမြိုင်၏ အခန်းကဏ္ဍ စတင်ခဲ့ခြင်းဖြစ်သည် ။

“ ဘယ်သူ့ကိုမှ လွှဲပေးစရာ မလိုဘူး ။ ကျွန်မကိုယ်တိုင် ထွက်ရောင်းမယ် ။ ကျွန်မ ရောင်းတတ်တယ် ”

ဦးဘိုးငှားနှင့် ဒေါ်ဝင်းမြိုင်၏ မိဘနှစ်ပါးစလုံးက လုံးဝ သဘောမတူခဲ့ပေ ။ မိန်းကလေး ဖြစ်နေလို့ ဒီလက်မှတ်ရောင်း အလုပ်ကို မလုပ်ချင်စမ်းပါနှင့်ဟု ဟိန်းဟောက်ခြိမ်းခြောက် ပြောဆိုပြီး ဟန့်တားခဲ့ကြသည် ။ ဘယ်လိုပင် ဟန့်တား ဟန့်တား ဒေါ်ဝင်းမြိုင်ကို ဟန့်တား၍ မရခဲ့ပါ ။ ရထားချိန်နီးပြီဆိုလျှင် ဦးဘိုးငှား၏ လက်မှတ်ထုပ်များ ထည့်ထားသည့် လွယ်အိတ်ကလေးကို ကောက်လွယ်ပြီး နှီးခမောက်ကလေးကို ကောက်ဆောင်းကာ ဇွတ်ထွက်သွားမြဲ ဖြစ်သည် ။ ကြာလာတော့လည်း လက်လျှော့ထားလိုက်ကြတော့သည် ။

“ ကျွန်မကလေ ဒီမီးရထားလက်မှတ် ရောင်းတဲ့ အလုပ်ကို ဘယ်လိုလုပ်ချင်မှန်း မသိဘူး ။ ခရီးသည်တွေကို လက်မှတ် ရောင်းပေးနေရရင် အလိုလိုကို ပျော်နေတာ ။ မီးရထားဥသြသံ များ ကြားလိုက်ရရင်လေ စိတ်ထဲမှာ အလိုလို မြူးကြွနေတာပဲ ။ ကျွန်မနဲ့ မီးရထားကြီးကတော့ ရှေးရေစက်ပါခဲ့တယ် ထင်ပါရဲ့ ” 

ဝက်လက်ဘူတာသို့ လက်မှတ်လာထုတ်ရင်း ဝက်လက် ဘူတာရုံပိုင်လေးကို ဒေါ်ဝင်းမြိုင် မှ အားရပါးရ ပြောပြနေခြင်းဖြစ်သည် ။ ခုနစ်ရက် တစ်ပတ်လျှင် တစ်ကြိမ် လက်မှတ်လာထုတ်နေကျဆိုတော့ ဝက်လက်ဘူတာရုံပိုင်လေးနှင့် ဒေါ်ဝင်းမြိုင်တို့ ဆွေလိုမျိုးလို ရင်းနှီးသွားကြသည် ။ ရုံပိုင်လေးမှ ဒေါ်ဝင်းမြိုင် ကို အသက်အရွယ်အရ အဘွား ဒေါ်ဝင်းမြိုင်ဟု ခေါ်ခဲ့သည် ။ တစ်ခါတစ်ရံ “ မြန်မာ့မီးရထားဌာနကြီး၏ တစ်ဦးတည်းသော အမျိုးသမီးရုံပိုင်ကြီး ဒေါ်ဝင်းမြိုင် လာနေပါပြီခင်ဗျား ” လို့ စတတ် နောက်တတ်သေးသည် ။ ဒေါ်ဝင်းမြိုင် ခမျာ ပြုံးပြုံး ပြုံးပြုံးနှင့် ကျေနပ်နေခဲ့ရှာသည် ။

မိန်းကလေးများနှင့် မီးရထား လက်မှတ်ရောင်းသည့် အလုပ် မသင့်တော်သည်မှာ အမှန်ပင် ဖြစ်သည် ။ သာလှိုင်း လို ရပ်စခန်းမျိုးနှင့်ဆိုလျှင် ပိုပြီးတော့တောင် မသင့်တော်ပါ ။ သာလှိုင်းရွာမှ သာလှိုင်းရပ်စခန်းသို့ တောလမ်းတစ်မိုင်ခရီးကို နေ့စဉ်မနက် တစ်ကြိမ် ၊ ညနေတစ်ကြိမ် အသွားအပြန်လမ်းလျှောက်ရမည် ။ ( မနက်ခင်းသည် မန္တလေး - နဘား အဆန် လော်ကယ်ရထားချိန် ဖြစ်ပြီး ၊ ညနေခင်းသည် နဘား - မန္တလေး အစုန် လော်ကယ်ရထားချိန်ဖြစ်သည် ။ ) အကြောင်းအမျိုးမျိုးကြောင့် ညနေခင်း နဘား - မန္တလေး အစုန်လော်ကယ်ရထား နောက်ကျသွားခဲ့လျှင် အိမ် အပြန် မိုးချုပ်မည် ။ ၁၉၆၅ ခုနှစ်တွင် အသက် ၄ဝ ကျော်အရွယ် ဒေါ်ဝင်းမြိုင် အတွက် မျှော်လင့် မထားသော အန္တရာယ်တွေ့ရှိလာနိုင်သည် ။

ဒေါ်ဝင်းမြိုင် ကတော့ မည်သည့် အန္တရာယ်ကိုမှ ထည့် မတွက်ခဲ့ပါ ။ ဂရုမစိုက်ခဲ့ပါ ။ တောလမ်း တစ်မိုင်ခရီးကို လွှားခနဲ သွား ၊ လွှားခနဲ ပြန်ပြီး မြန်မာ့ မီးရထားအတွက် လက်မှတ် ရောင်းပေးနေခဲ့သည်မှာ ၁၉၉၅ ခုနစ်တွင် အနှစ် ၃ဝ ကြီးများ တောင် ကြာမြင့်ခဲ့ပါပြီ ။ ရထား နောက်ကျသွားလို့ ညကြီးမိုးချုပ်မှ အိမ်ပြန်ခဲ့ရသည့် အခေါက်တွေလည်း မရေမတွက်နိုင်ခဲ့ပါ ။ သူတော်ကောင်းကို နတ်ကောင်း စောင်မခဲ့ပါသည် ။ မည်သည့် အန္တရာယ်မှ မကြုံတွေ့ခဲ့ပါ ။ ဒါပေမဲ့ ၁၉၉၅ ခုနှစ်ဆန်းပိုင်းတွင် မထင်မှတ်သော ပြဿနာတစ်ခုကိုတော့ မလွှဲသာ မရှောင်သာ ကြုံတွေ့ခဲ့ရပါသည် ။ ကလေးချင်း စကားနိုင်လုကြရာမှ ဖြစ်ပွားခဲ့သော ပြဿနာ အသေးအမွှားလေး တစ်ခုသာ ဖြစ်ပါသည် ။ စကားနိုင်လုကြသော ကလေးများ အချင်းချင်းက ကလေးတို့ဘာဝ ဒီနေ့ စကားနိုင်လု ရန်ဖြစ်ပြီး မနက်ဖြန်တွင် ပြန်တည့်သွားကြပါသည် ။ ပခုံးချင်း ပြန်ဖက်ခဲ့ကြပါသည် ။ လူကြီး ဆိုသူများကတော့ တလွဲမာန ၊ အပြိုင်အဆိုင် မာနများဖြင့် ပခုံးချင်းတိုက်ခဲ့ ကြသည် ။ ပြဿနာ အသေးအမွှားလေးကို ပုံကြီးချဲ့ပစ်လိုက်ကြသည် ။

သာလှိုင်းရပ်စခန်းတွင် လက်မှတ်ရောင်းချရန်အတွက် ရထားသံလမ်း အရှေ့ဘက်တွင် ဆောက်ထားသည့် ဇရပ်ကလေးကို သာလှိုင်းဇရပ်ဟု ခေါ်တွင်ခဲ့ကြသည် ။

“ နာမည်ကိုက သာလှိုင်းရပ်စခန်းကွ ။ လက်မှတ်ရောင်းတဲ့ သာလှိုင်းဇရပ်ကလည်း ငါတို့ သာလှိုင်းရွာဘက်မှာ ရှိတာ ။ မင်းတို့ ရုံးသာနဲ့ ဘာမှ မဆိုင်ဘူး ။ မင်းတို့ ရုံးသာက ကောင်တွေ ၊ ငါတို့ သာလှိုင်းဇရပ်ဘက်ကနေ ရထား လာမတက်ကြနဲ့ ” ဆိုသည့် ကလေးချင်း စကားနိုင် လုပြီး ပြောကြသည့် စကားသည် နာစရာ မဟုတ်ပါ ။ ကလေးစကား ဆိုမှတော့ ပြီးပြီးပျောက်ပျောက် ဖြစ်သွားခဲ့ဖို့ ကောင်းပါသည် ။

သို့သော် ရုံးသာရွာသားများက ချက်ချင်း ဆိုသလိုပင် သံလမ်းအနောက်ဘက်တွင် ဇရပ်တစ်ဆောင် ဆောက်လုပ် လိုက်ကြပြီး ရုံးသာဇရပ်ဟု အမည်ပေးလိုက်ကြလေသည် ။

“ မင်းတို့ သာလှိုင်းက ကောင်တွေလည်း ငါတို့ ရုံးသာ ဇရပ်ဘက်က ရထား လာမတက်ကြနဲ့ ” လို့ လုပ်ချလိုက်ကြပြန်တော့သည် ။ ရွှေမြန်မာတို့ ထုံးစံ တစ်ရက်ထက် တစ်ရက် ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာကြပြန်တော့ ရထားအတက်တွင် သာမက ရထားအဆင်းတွင်ပါ ကိုယ့်ရွာဘက် ကိုယ်ဆင်းကြေး ဆိုတာမျိုးတွေအထိ ဖြစ်လာကြသည် ။ သာလှိုင်းရွာသားများကလည်း ရထားသံလမ်းအနောက်ဘက်သို့ လုံးဝ မကူးကြသလို ၊ ရုံးသာရွာသားများကလည်း ရထားသံလမ်းအရှေ့ဘက်သို့ လုံးဝမကူးကြတော့ပေ ။ ရုံးသာရွာသားများ ရထား သံလမ်း အရှေ့ဘက်သို့ လုံးဝ မကူးကြသည်တွင် သာလှိုင်း ဇရပ်သို့ ရထားလက်မှတ်ပင် လာမဝယ်နိုင် ဆို၍ အသက် ၇ဝ ကျော် အဘွားအိုကြီး ဒေါ်ဝင်းမြိုင် ခမျာ ရထားသံလမ်း အနောက်ဘက်သို့ ကူးလာပြီး လက်မှတ်ရောင်းပေးလိုက် ၊ ရထားသံလမ်း အရှေ့ဘက် ပြန်ကူးပြီး လက်မှတ် ရောင်းပေးလိုက်နှင့် ဗျာများခဲ့ရှာသည် ။ ရုံးသာဇရပ်မှ ရထားဝင်လာခါနီး လှမ်းခေါ်လို့ ဝင်လာနေသော ရထားလွတ်အောင် အမြန်ပြေးပြီး သက်စွန့်ဆံဖျား လက်မှတ်ရောင်း ပေးခဲ့ရသည်မှာလည်း အကြိမ်ကြိမ် ။ မြန်မာ့မီးရထားကြီးကို မြန်မာ့မီးရထား အမြဲတမ်းဝန်ထမ်းများပင် ဒေါ်ဝင်းမြိုင်လောက် ပေးဆပ်နိုင်မည် မထင်ပါ ။

“ ကျွန်မကတော့ သူ့ရွာ ကိုယ့်ရွာ မခွဲခြားပါဘူး ။ မီးရထား လက်မှတ်ဝယ်ပြီး မီးရထားနဲ့ ခရီးသွားကြတဲ့သူ အားလုံး ကျွန်မတို့ မီးရထားကြီးရဲ့ကျေးဇူးရှင်တွေချည်းပဲ မဟုတ်လား ” 

မြန်မာ့မီးရထားဌာနကြီး၏ အမြဲတမ်းဝန်ထမ်းမျာပင် ဒေါ်ဝင်းမြိုင်လို ခံယူချက်မျိုး ရှိနိုင်ကြမည် မထင် ။ မီးရထား လက်မှတ် ဝယ်ပြီး မီးရထားကြီးနှင့် ခရီးသွားကြသူ အားလုံးဟာ မီးရထားကြီး၏ ကျေးဇူးရှင်တွေတဲ့ ။ ကျွန်မတို့ မီးရထားကြီးတဲ့ ။

ဪ ... ဒေါ်ဝင်းမြိုင် ရယ်လေ မီးရထားကြီးကို ဒီလောက်အထိ ချစ်ခဲ့သတဲ့လား ။ အဲဒီမီးရထားကြီးကရော ဒေါ်ဝင်းမြိုင်ကို ချစ်ခဲ့ပါရဲ့လား ၊ ဒေါ်ဝင်းမြိုင် ဘက်ကနေ မားမားမတ်မတ် ရပ်ပေးခဲ့ပါရဲ့လား ။

“ ရုံပိုင်လေး ... ကျွန်မတို့ရွာ သာလှိုင်းရပ်စခန်းကို ရုံပိုင် ဘူတာ လုပ်တော့မလို့ဆို ။ ဘယ်သူက လုပ်ပေးမှာလဲ ။ ရုံပိုင် ဘူတာ ဖြစ်သွားရင် ကျွန်မက အလိုလို အလုပ်ပြုတ်သွားတော့ မှာဆို ။ ရုံပိုင်လေး သိထားပြီးပြီ မဟုတ်လား ”

လက်မှတ် လာထုတ်ရင်း ဒေါ်ဝင်းမြိုင်မှ အလန့်တကြား မေးလိုက်သော မေးခွန်းများဖြစ်ပါသည် ။ ဒေါ်ဝင်းမြိုင် ကြားခဲ့သည့် သတင်းများသည် အမှန်တွေချည်းဖြစ်သည် ။ ပေါက်ကန်ဘူတာ၏ မိုင်တိုင်အမှတ်က ၄၁၈/၂ ဖြစ်သည် ။ ဝက်လက်ဘူတာ၏ မိုင်တိုင်အမှတ်က ၄၂၈/၈ ဖြစ်သည် ။ ပေါက်ကန်နှင့် ဝက်လက်က ၁၁ မိုင် ကျော် ဝေးကွာနေသည် ။ အမြန် ရထားများပင် နာရီဝက်နီးပါး ခုတ်မောင်းနေရသည် ။ အစုန်အဆန် ရထားစင်းရေတွေ တိုးတက် များပြားလာသည့်အတွက် ပေါက်ကန်နှင့် ဝက်လက်အကြား မိုင်တိုင်အမှတ် ၄၂၃/၁၇ တွင် ရှိသည့် သာလှိုင်းရပ်စခန်းကို ရထားသွားလာရေး လုပ်ငန်း လိုအပ်ချက်အရ မီးရထားလူကြီးမင်းများက ရုံပိုင်ဘူတာ ဖွင့်ပေးဖို့ စီစဉ်ကြခြင်း ဖြစ်သည် ။

မီးရထားလူကြီးမင်းများ၏ ရထားသွားလာရေး လုပ်ငန်း လိုအပ်ချက်အရ ဆိုသည်မှာ ဘာကြောင့် လိုအပ်သည် ၊ ဘာတွေလိုအပ်သည်ကို ဒေါ်ဝင်းမြိုင် နားမလည်ပါ ။ သဘောမပေါက်ပါ ။ သူမ အနှစ် ၃၀ ကျော် စွဲစွဲမြဲမြဲ ခုံခုံမင်မင် လုပ်လာသည့် လက်မှတ်ရောင်း အလုပ်ကလေး ပြုတ်သွားမှာကိုသာ စိုးရိမ်နေရှာသည် ။ ဒါပေမဲ့ ဒေါ်ဝင်းမြိုင် ခမျာ သူမ၏ လက်မှတ်ရောင်း အလုပ်ကလေး ပြုတ်သွားမည့်အရေးကို ကြိုတင်တွေးတော ပူပင်ချိန်ပင် မရခဲ့ရှာပေ ။ သူမ၏ လက်မှတ်ရောင်းအလုပ်ကလေး ပြုတ်သွားမည့် အရေးထက် အဆတစ်ရာမက ပို၍ အရေးကြီးသော ထိတ်လန့်တုန်လှုပ် ချောက်ချားဖွယ် ပြဿနာကြီးနှင့် ကြုံတွေ့လိုက်ရသောကြောင့် ဖြစ်ပါသည် ။

“ မဖြစ်သင့်ဘူး ။ လုံးဝ မဖြစ်သင့်ဘူး ။ ငါ တစ်လျှောက် လုံး စိတ်ရှည်သည်းခံပြီး လက်မှတ်ရောင်းပေးလာခဲ့တာဟာ မီးရထားဌာနကြီးအတွက်လည်း ပါသလို ငါတို့ သာလှိုင်းရပ်စခန်း နာမည်ကောင်း ရရှိရေးအတွက်လည်း ပါတယ် ။ ရာရာစစ ဘယ်ကောင်လဲဟေ့ နင်တို့ ရုံးသာရွာဘက် ဘူတာဆောက်ပေးရမယ်လို့ ပြောလိုက်တာ ” 

“ ကျုပ် ပြောလိုက်တာ ။ ကျုပ်တို့ ရွာအတွက်လည်း ပြောပိုင်ခွင့် ရှိလို့ ပြောလိုက်တာ ”

“ နင်တို့က မီးရထားဌာနကြီးအတွက် ဘာတွေလုပ်ပေးခဲ့ဖူးလို့တုန်း ။ ဒီသာလှိုင်းရပ် စခန်းကို ရအောင် လုပ်ခဲ့တာ သာလှိုင်းရွာသား ငါ့ရဲ့ဦးလေး ဦးဘိုးငှား ။ သာလှိုင်းရပ်စခန်း အတွက် မီးရထားဌာနကြီးကို တာဝန်ခံပြီး လက်မှတ်ရောင်းပေးခဲ့တာလည်း သာလှိုင်းရွာသား ဦးဘိုးငှားနဲ့ သာလှိုင်းရွာသူ ဟောဒီက မိဝင်းမြိုင်ဟေ့ ” 

“ အဲဒါတွေ ကျုပ်တို့ကို လာမပြောနဲ့ ။ မီးရထားကြီးကို ခင်ဗျားတို့ တစ်ရွာတည်း မောင်ပိုင်စီးထားလို့ မရဘူး ။ ပြည်သူပိုင် မီးရထားကို ကျုပ်တို့ရွာလည်း ပိုင်တယ် ။ ခင်ဗျားတို့ ရွာက ကြီးကျယ်လွန်းလွန်းလို့ ကျုပ်တို့ ရွာကလည်း မခံချင်လွန်းလို့ ထပြောရတာပဲ ။ ခင်ဗျားတို့ ရွာဘက်မှာ ချောင်းဦးလို ဘူတာမျိုးကြီး ဆောက်ပေးလိုက်မယ်လေး ဘာလေးနဲ့ ။ ချောင်းဦးလို ဘူတာမျိုးကြီး ဆောက်ဖို့ဆိုတာ မီးခြစ်ဘူးလေး ထောင် လိုက်သလို လွယ်တဲ့ကိစ္စများ အောက်မေ့နေကြလား ”

“ လွယ်လွယ် မလွယ်လွယ် ငါတို့ ရွာက ဆောက်နိုင်လို့ ငါတို့ ရွာသားတွေက ပြောတာ ”

“ ခင်ဗျားတို့လို ပြောကြစတမ်းဆိုရင် ကျုပ်တို့ကလည်း ကျုပ်တို့ရုံးသာရွာဘက်မှာ ရုံပိုင်ဘူတာ ဆောက်ခွင့်ပေးရင် ပခုက္ကူ လို ဘူတာမျိုးကြီး ဆောက်ပြလိုက်မယ် ”

ကလေးချင်း စကားနိုင်လုပွဲတုန်းကတော့ ဇရပ်တစ်ဆောင် အပြိုင် ဆောက်ပြလိုက်ကြပြီး ရထားသံလမ်း ဟိုဘက် ဒီဘက် မကူးကြေး ဆိုတာလောက်နှင့် ပြီးပြတ်သွားကြသည် ။ ယခု လူကြီးချင်း စကားနိုင်လုပွဲကတော့ မြန်မာ့မီးရထား ဝန်ကြီး ကိုယ်တိုင် လာရောက် ဖြေရှင်း ဆုံးဖြတ်ပေးခဲ့ရလေသည် ။ ထိုစဉ်အချိန်က ချောင်းဦး ဘူတာအသစ်ကြီးနှင့် ပခုက္ကူ ဘူတာအသစ်ကြီးတို့ ခမ်းခမ်းနားနား ဆောက်ပြီးခါစ ရှိပါသေးသည် ။ ဒေါ်ဝင်းမြိုင် မခံမရပ်နိုင်ဖြစ်ခဲ့သည်မှာ သဘာဝကျပါသည် ။ ဒေါ်ဝင်းမြိုင် ပြောခဲ့သည်များသည်လည်း အမှန်တွေချည်း ဖြစ်ပါသည် ။ သာလှိုင်းရွာသားကြီး ဦးဘိုးငှား၏ အမြော်အမြင် ကြီးမားမှု ၊ ကြိုးစားအားထုတ်မှုတို့ကြောင့်သာ သာလှိုင်းရပ်စခန်း ဖွင့်ခွင့်ရရှိခဲ့ခြင်းဖြစ်ပါ သည် ။ သာလှိုင်းရွာသားကြီး ဦးဘိုးငှား နှင့် သာလှိုင်းရွာသူကြီး ဒေါ်ဝင်းမြိုင်တို့ တူဝရီး နှစ်ယောက် မီးရထားဌာနကြီး အတွက် အကျိုးဆောင်ပေးပြီး လက်မှတ်ရောင်းချပေးခဲ့သည်ပင် ၁၉၉၅ ခုနှစ်တွင် ၃၅ နှစ် ကြီးများတောင် ကြာမြင့်ခဲ့ပါပြီ ။

အခုလို ရုံပိုင်ဘူတာ ဖွင့်ပေးတော့မည့် အချိန်မျိုးကျခါမှ ရုံးသာရွာသားများက သူတို့ ရွာဘက်တွင် ရုံပိုင်ဘူတာ ဆောက်ပေးသင့်သည်ဟု ပြောလာကြခြင်းကို ဒေါ်ဝင်းမြိုင်နှင့် သာလှိုင်း ရွာသားများ ဘယ်လိုနည်းနှင့်မျှ လက်ခံနိုင်ကြမည် မဟုတ်ပါ ။

မြန်မာ့မီးရထားဌာနတွင် ဘူတာရုံတစ်ခုကို သူ့ဘက် ကိုယ့်ဘက် နှစ်ရွာအပြိုင် နေရာ လုခဲ့ကြသည် ။ ဘူတာနာမည် လုခဲ့ကြသည့် ပြဿနာများသည် ရှေးအစဉ်အဆက်ကတည်းက ရှိခဲ့ဖူးသည် ။ မီးရထားလူကြီးမင်းများ ခေါင်းခဲ ခေါင်းကိုက်ရသည် အထိ အချိန်ယူ ဖြေရှင်းပေးခဲ့ကြရသည့် ပြဿနာများဖြစ်သည် ။ ယခု သာလှိုင်း နှင့် ရုံးသာ နှစ်ရွာ သူ့ဘက် ကိုယ့်ဘက် ဘူတာ လုနေကြသည့် ပြဿနာတွင် မြန်မာ့မီးရထားဝန်ကြီးမှ ဖြေရှင်း ဆုံးဖြတ်ပေးခဲ့ပုံသည် ဗိုလ်အောင်ဒင် ဇာတ်ကားထဲတွင် မမြဝင်းကို ပဝါနှစ်စ အရွေး ခိုင်းပြီး အဲဒါ ကံအတိုင်းပါပဲ ဗိုလ်အောင်ဒင် လို့ အဖြေထုတ် ပေးလိုက်ပုံမျိုးနှင့် ဆင်ဆင် တူပါသည် ။

မြန်မာ့မီးရထားဝန်ကြီးကလည်း မြန်မာဆန်ဆန် တုတ်တို တုတ်ရှည် အနှိုက်ခံပြီး အဲဒါ ကံအတိုင်းပါပဲဟု အဆုံးအဖြတ် ပေးခဲ့လေသည် ။

“ အောင်မလေး ... ကျွန်မတို့ သာလှိုင်းရွာလေး ကိုယ်ကျိုးကြီး နည်းပါရော့လား ။ ဦးလေးငှားရေ လာကြည့်လှည့်ပါဦး တော့ ... ဟီး ... ဟီး ”

ဒေါ်ဝင်းမြိုင်၏ ငိုချင်းချသံကြီးကို ကြားလိုက်ရကတည်းက ရုံးသာရွာသားများ ကံကောင်းသွားကြသည်ကို သဘောပေါက်လိုက်ကြသည် ။ ကံအတိုင်း အဆုံးအဖြတ် ပေးသွားသော ဝန်ကြီးနှင့်အတူ ပါလာသည့် မီးရထားလူကြီးမင်း တစ်ဦးကတော့ ဒေါ်ဝင်းမြိုင်၏ ပခုံးလေးကို ပုတ်ပြီး နှစ်သိမ့်ပေးသွားခဲ့ပါသေးသည် ။ ဦးဘိုးငှား သာ သက်ရှိထင်ရှား ရှိခဲ့လျှင် ဒီ အဆင့်အထိ အရောက်ခံမည် မထင်ပါ ။ ဘူတာရုံကို သာလှိုင်းရွာဘက် မရရအောင် ဒေါင်းတင်မောင်းတင် ပြောတတ်ဆိုတတ် ပြောနိုင်ဆိုနိုင်ခဲ့မှာ လုံးဝ သေချာပါသည် ။ ရုံးသာရွာဘက်တွင်ဘူတာရုံအသစ်ကြီး ဆောက်ပြီးသွားတော့ ဘူတာရုံထိပ် နဖူးစည်းတွင် တပ်ထားသော “ သာလှိုင်း ဘူတာ ” ဆိုသည့် ဆိုင်းဘုတ်ကြီးကို ကြည့်ပြီး ပီတိတစ်ဝက် ဖြစ်ရပါသည်ဟု ဒေါ်ဝင်းမြိုင် မှ မချိပြုံးလေး ပြုံးပြီး ဆိုခဲ့ရှာပါသေးသည် ။ ဘူတာရုံအသစ် ဖွင့်ပွဲကိုလည်း မကြာမီ ကျင်းပပေးတော့မည် ။

သို့သော် ဒေါ်ဝင်းမြိုင်၏ ထိုပီတိသည် နောက်တစ်နေ့ မနက်တွင် အရည်ပျော်ကျသွားခဲ့ရရှာသည် ။

“ သာလှိုင်းဘူတာ ” ဆိုသည့် ဆိုင်းဘုတ်ကြီးကို ဖြုတ်ချပြီး ရိုက်ချိုးဖျက်ဆီးထားကြလေသည် ။ ဒေါ်ဝင်းမြိုင် ခမျာ နောက်ထပ်တစ်ကြိမ် ချုံးပွဲချ ငိုခဲ့ရပြန်သည် ။

“ ကံကြမ္မာက မျက်နှာသာပေးလို့ နင်တို့ ရွာဘက် ဘူတာရုံကြီး ရသွားပြီပဲလေကွယ် ။ ငါတို့ရွာ သာလှိုင်းကို နာမည်လေးတောင် မသထာနိုင်ကြတော့ဘူးလား ... ဟီး ... ဟီး ”

မီးရထားလူကြီးမင်းများလည်း ဒေါကန်သွားကြသည် ။ ဘူတာရုံအသစ်ဖွင့်ပွဲ လုပ်မပေးသေးဘဲ အတန်ကြာအောင် ပစ်ထားခဲ့ကြသည် ။ ဘူတာရုံကို ရုံးသာရွာဘက်မှာ ဆောက်ထားတာ ဖြစ်လို့ “ ရုံးသာဘူတာ ” လုပ်ပေးရမည်ဟု အရေးဆိုလာကြပြန်သည် ။ ဒီအဆင့်ကတော့ လွန်လွန်းသွားပြီ ။ ရက်စက်လွန်းသွားပြီဟုပင် ဆိုရမည် ။ မီးရထားလူကြီးမင်းများနှင့် မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ နှစ်ရွာစလုံးသို့ ကွင်းဆင်းပြီး အကြိမ်ကြိမ် ညှိနှိုင်းကြပြီးမှ “ သာလှိုင်း - ရုံးသာ ဘူတာ ” ဟု အတည်ပြုနိုင်ကြတော့သည် ။ ဒါတောင်မှ “ ရုံးသာ - သာလှိုင်းဘူတာ ” လုပ်ပေးရမည်ဟု ဆိုနေကြပြန်သေးသည် ။ မြန်မာ့မီးရထားဝန်ကြီးမှ “ သာလှိုင်း - ရုံးသာဘူတာ ” ဟုသာ အမည်တွင်စေရမည် ဆိုပြီး အမိန့်စာ ထုတ်ပြန်ပေးလိုက်မှသာ အသံတွေ တိတ်သွားကြသည် ။

ဒီလိုနေ့မျိုး ရောက်လာလိမ့်မည်ရယ်လို့ ဒေါ်ဝင်းမြိုင် တစ်ယောက် ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါ ။ ဝက်လက် ဘူတာရုံးခန်းအတွင်းရှိ စားပွဲပေါ်တွင် စုပုံတင်ထားသော လက်မှတ်ထုပ်ကလေးများကို လွမ်းလွမ်းဆွေးဆွေး ငေးငေးမောမော ကြည့်နေခဲ့ရှာသည် ။ မနက်ဖြန် ၁ - ၁၂ - ၁၉၉၆ တနင်္ဂနွေနေ့တွင် “ သာလှိုင်း - ရုံးသာ ဘူတာ ”  အသစ်ဖွင့်ပွဲကြီးကျင်းပ ပြုလုပ်ပေးတော့မည် ဖြစ်သည့်အတွက် ဒေါ်ဝင်းမြိုင် ထံမှ လက်ကျန်လက်မှတ်များ သိမ်းဆည်းနေခြင်း ဖြစ်သည် ။

“ ဒီလက်ကျန်လက်မှတ်လေးတွေ အပ်ပြီးသွားရင် ကျွန်မရဲ့ လက်မှတ်ရောင်း အလုပ်ကလေး တကယ်ပြုတ်သွားပြီပေါ့နော် ။ မီးရထားကြီးနဲ့ ကျွန်မနဲ့ လမ်းခွဲရပြီပေါ့ ” 

“ မီးရထားကြီးက တစ်ဦးတည်းသော အမျိုးသမီး ရုံပိုင်ကြီး အဘွားဒေါ်ဝင်းမြိုင်ကို ဘယ်တော့မှ မခွဲဘူး ။ ဟောဒီလို ဖက်ထားပေးမှာ ” 

ဝက်လက်ဘူတာ ရုံပိုင်လေးက ပြောပြောဆိုဆို ထဖက် လိုက်ကာမှပင် ဒေါ်ဝင်းမြိုင် ခမျာ ချုံးပွဲချ ငိုပြန်လေတော့သည် ။ သနားစရာ ကောင်းလွန်းလှသည့် အဘွားအို ၊ မီးရထားဌာနကြီးကို အနှစ် ၃ဝ ကျော် အကျိုးဆောင်ပေးခဲ့သည် ။ ရွာနှစ်ရွာ အဆင်မပြေ ဖြစ်ကြပြန်တော့လည်း မီးရထားဌာနကြီး၏ ဝင်ငွေများ မလစ်ဟင်းရအောင် ရထားသံလမ်း အရှေ့ဘက် ၊ အနောက်ဘက်ကို ခေါက်တုံ့ခေါက်ပြန် ကူးပြီး သက်စွန့်ဆံဖျား လက်မှတ် ရောင်းပေးခဲ့သည် ။ အဲဒါ ကံအတိုင်းပါပဲ ဆိုတုန်းကလည်း ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရရှာသည် ။ သူမ၏ ရွာနာမည်ကို ရိုက်ချိုးခံခဲ့ရတုန်းကလည်း ရင်မှာ မချိအောင် ခံစားခဲ့ရရှာသေးသည် ။

အခုတော့ သူမ ခင်တွယ်လွန်းသည့် မီးရထားလက်မှတ်ရောင်း အလုပ်ကလေးကိုလည်း စွန့်လွှတ်လိုက်ရပြီ ။ “ သာလှိုင်း - ရုံးသာ ဘူတာ ”  ရုံအသစ်ကြီးကလည်း ရုံးသာရွာဘက်ကနေ သူမကို စိန်းစိန်းကြီး ကြည့်နေခဲ့လေပြီ ။ ဒါပေမဲ့ မူလပထမ သာလှိုင်းဇရပ်ဟောင်းကလေး ကတော့ ရထားသံလမ်း အရှေ့ဘက် သူမ ရွာဘက်မှာ ရှိနေပါသေးသည် ။

ရထား ဆိုက်ရောက်ချိန်တိုင်းတွင် ထိုမူလပထမ သာလှိုင်းဇရပ်ဟောင်းကလေးသို့ မသွားလိုက်ရလျှင် တစ်ခုခု လိုနေသလို ခံစားနေရရှာသည် ။ သမီးများ ၊ သားများ ၊ သမက် ၊ ချွေးမများ ၊ မြေးများက ဘယ်လိုပင် တားတား သာလှိုင်းဇရပ်ဟောင်းကလေးဆီသို့ ရောက်အောင် လာလိုက်ရမှ နေသာထိုင်သာ ရှိသွားသည် ။ မျက်မှန်းတန်းမိနေကြသော မီးရထား စက်ခေါင်းမောင်းများကလည်း သာလှိုင်းဇရပ်ဟောင်းကလေးထဲ ထိုင်နေသော ဒေါ်ဝင်းမြိုင်ကို “ ပေါ် ” ဟု ဥဩသံ ပေးပြီး နှုတ်ဆက်သွားကြသည် ။ ဒေါ်ဝင်းမြိုင်ကလည်း လက်ကလေး ပြန်ပြပြီး နှုတ်ဆက်တတ်မြဲ ဖြစ်သည် ။

ဪ ... အဘွားဒေါ်ဝင်း မြိုင် ... အဘွားဒေါ်ဝင်းမြိုင် ၊ မီးရထားကြီးက ဒီလောက်တောင်မှပဲ လွမ်းစရာ ကောင်းနေလေရော့သလား ။ အဘွား ဒေါ်ဝင်းမြိုင်တို့လို လက်မှတ်ရောင်း ကန်ထရိုက်တွေကို လိုရင်သုံး ၊ ရုံပိုင်ဘူတာ ဖွင့်ဖြစ်သွားလို့ မလိုတော့ရင် အနားပေး ။ ပင်စင်လည်း မရ ။ အဘွား ဒေါ်ဝင်းမြိုင် အင်မတန် လိုချင်ရှာသည့် ဘူတာရုံအသစ်ကြီးလည်း မရ ။ မီးရထားကြီးနှင့် စိမ်းစိမ်းပြတ်ပြတ်နေလိုက်ပါရောလား ။

သို့သော် အဘွားဒေါ်ဝင်းမြိုင် ခမျာ မီးရထားကြီးကို မစိမ်း မပြတ်နိုင်ခဲ့ပါ ။ ကံကြမ္မာက မျက်နှာလိုက်ခဲ့လို့ ဘယ်သူတွေ အနိုင်ရသွားကြပါစေ အဘွား ဒေါ်ဝင်းမြိုင် အတွက်တော့ ရထားသံလမ်း အရှေ့ဘက်က မူလပထမ သာလှိုင်းဇရပ်ဟောင်းကလေးသည်သာ - “ ထာဝရ သာလှိုင်းဘူတာ ” ဖြစ်နေမည်မှာ အသေအချာအပင် ။  ။

ကိုကိုကျော် ( မန္တလေး )

( ကွယ်လွန်သွားရှာပြီဖြစ်သည့် သာလှိုင်းရွာမှ အဘွား ဒေါ်ဝင်းမြိုင် သို့ အမှတ်တရ ။ )

▢ ကိုကိုကျော် ( မန္တလေး )
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
     မေ  ၊ ၂၀၁၈

No comments:

Post a Comment