❝ ဆားဖျက်လေတယ် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
လေပြည်ကလေးက တစ်ချက် ဝှေ့လိုက်တိုင်း ဝှေ့လိုက်တိုင်း မြလှိုင်းတွန့်ကြီးများသည် မြောက်ဘက် ကန်သင်းမှ တောင်ဘက်ကန်သင်းသို့ ပြေးလွှားရိုက်ခတ်သွားလေ၏ ။ လယ်ကွက်တစ်ခုဆုံးသော် လယ်ကွက်တစ်ခုတွင်းသို့ ပြောင်းလျက် အိခနဲအိခနဲ မြလှိုင်းလိပ်ကြီးများ ပြေးခတ်သွားပြန်သည် ။
ကိုဆေးရိုးသည် နေခြည်အကြွတွင် ဝင်းစိုနေသော မြလှိုင်းအိကြီးများ ပြေးသွားရာသို့ လည်ကို ဆန့်တန်း၍ ငေးမျှော်ကြည့်နေမိ၏ ။ လှိုင်းတွန့်ကြီး သည် မရပ်နားဘဲ ပြေးလွှားနေ၏ ။ လယ်တစ်ကွက် ဆုံးသော် နောက်လယ်တစ်ကွက် ၊ သည်လယ်တစ်ပွဲ ဆုံးသော် နောက်လယ်တစ်ပွဲ ။ မျက်စိဖြင့် ကြည့်မြင် နိုင်သော ခရီးတာသာ ကုန်ဆုံး မှုန်ဝါးသွားသည် ။ ဆက်၍ဆက်၍ မြူးကြွနေသော မြလှိုင်းတွန့်ကြီး၏ ခရီးကား မဆုံးသေး ။
“ အင်း ... ”
ကိုဆေးရိုးသည် ခေါင်းကိုငုံ့၍ ညည်းလိုက်မိလေ၏ ။ မိမိတို့ကျင်လည်ရာ ဘဝသည်လည်း ဤ မြလှိုင်းတွန့်၏ ခရီးနှင့် ဘာများ ထူးခြားကွဲလွဲပါသေးသနည်း ။ ရက်တွေကို တစ်ရက်ပြီး တစ်ရက် ကုန်လွန်စေခဲ့ရ၏ ။ လပေါင်းများစွာကို ဖြတ်သန်းပြီးသကာလ နှစ်ပေါင်းမြောက်မြားစွာကိုလည်း ဝါးမျိုခဲ့ရပေပြီ ။ မြ လှိုင်းတွန့်၏ ခရီးသံသရာ ဘယ်မှာ ဆုံးတိုင်မည် မသိသလို မိမိတို့၏ မွဲနုံသော ခရီးကြမ်းသည်လည်း ဘယ်ကာလတွင် အဆုံးသတ်မည် မသိ ။ လေပြည်ညင်းရာ စပါးပင်ကွင်းကြီးတစ်လျှောက် ထကြွလာသော မြလှိုင်းအိအိကြီးသည် မဆုံးနိုင်သော ခရီးကို ဖြတ်သန်းပြေးလွှား သွားရပေမယ့် လှိုင်းတွန့်၏ နောက်ဝယ် ဘာတစ်ခုမျှ အမှတ်အသား မကျန်ခဲ့ချေ ။ ဪ ... မိမိတို့၏ ဘဝသည်လည်း တစ်လပြီး တစ်လ ၊ တစ်နှစ်ပြီး တစ်နှစ် နွားနှင့် ဖက်ရုန်းကာ တလင်းနှင့် လယ်ပြင် လှည့်ပတ်ကာ ကျင်လည်ခဲ့ရ၏ ။ ဘာမျှ ပြောင်းလဲ တိုးတက်ခြင်း ဖြစ်ပေါ်၍ မလာပါကလား ။
“ အင်း … ဘုရား … ဘုရား ”
အသက်အရွယ် ထောက်၍ သွားများပင် ခြောက်ချောင်းမျှ ကျိုးလာပြီဖြစ်သည့်အတွက် ကိုဆေးရိုး၏ ညည်းတွားသံဝယ် တရားသံ ဘုရားသံ ပါဝင်လာ၏ ။ သူ၏ ကြည့်ရှုဆင်ခြင်ချက်တိုင်းသည်လည်း တရားသဘော စဉ်းငယ်နှော၍ လာပေပြီ ။ ကိုဆေးရိုး ရပ်နေရာ လယ်ကွက်ထိပ်တွင် ငှက်ကြီးဝန်ပို တစ်ကောင်သည် ဈာန်ဝင်စားနေသော မထေရ်တစ်ပါးအလား ငြိမ်သက်စွာ ရပ်နေ၏ ။ ဝေသာလီဗျိုင်းကလေး တစ်ကောင်မှာမူ စပါးပင်များကြားသို့ ထိုးသုတ်ကာ ပျံတက်သွား၏ ။ ဗျိုင်းငယ်၏ အော်သံ ပျောက်ကွယ်သွားလျှင် ကိုဆေးရိုး၏ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေလေ၏ ။ သို့သော်လည်း ကန်သင်းခြေတွင် ကပ်လျက် တသွင်သွင် ဆင်းနေသော ရေစီးသံကလေးကမူ ကိုဆေးရိုး၏ နားတွင်းသို့ ညင်ညင်သာသာကလေး ဝင်ရောက်နေသေးသည် ။
အချိန်မှာ ကဆုန်လမှ စ၍ ထွန်ရေးငင်ခဲ့ရသော လယ်သမားတွေ အနားယူကြရသော အချိန်ဖြစ်၏ ။ နွေတစ်ဝက်နှင့် တစ်မိုးလုံး ကုန်ခန်းခဲ့ရသော အားအင်တို့၏ နေရာတွင် အင်သစ်အားသစ်ကိုလည်း မွေးရသော အချိန်ဖြစ်ပေသည် ။
လယ်ကွင်းထိပ်တွင် ရပ်မိလျှင်ပင် ကိုဆေးရိုးတို့မှာ မျှော်လင့်ချက်သည် ဝင်းခနဲ ပြက်လာရ၏ ။ အားသစ် အင်သစ်သည် ဖြစ်ထွန်းလာသည် ။ လန်းဆန်းလာသည် ။ လေသွဲ့ရာ နွဲ့ချီနေသော မြရောင်ရှိန်းရှိန်း ကွင်းလုံးစိမ်းနေသော စပါးပင်ပိန်းပိန်းကြီးများသည်ပင် ကိုဆေးရိုးတို့၏ အားသစ်ထွန်းရာ မျှော်လင့်ချက် ရိပ်ကွန်း မဟုတ်ပါလား ။ သည်စပါးပင်တို့၏ ရင်ခွင် ကြားမှ မွေးဖွားလာသော စပါးနှံဖြိုးဖြိုး အက်အက်ကြီးတွေသည် မကြာမြင့်မီ နှစ်လ အတွင်း၌ ရွှေ၏ အဆင်းကို ဆောင်သော ၊ ချစ်စဖွယ်အသွေးကို ဆောင်သော စပါးနုများအဖြစ်သို့ ရောက်ရပေတော့မည် ။ ထိုစပါးပုံများသည် မကျီးဒန် အတွက် ထသွား လာသွား လုံချည်အင်္ကျီကလေးများ ၊ တဲကလေးကို ပြင်ဆင်ဖို့ ဝါးဖိုး လျှော်ဖိုးကလေးများ ၊ ရံတိုင် ဆွေးနေပြီ ဖြစ်သော လှည်းကို ပြင်ဆင်စရာ စသည်စသည်ဖြင့် သုံးစွဲစရာ လုပ်ကိုင်စရာတွေအတွက် အလို ဖြည့်ပေးမည့် ပစ္စည်းများ ဖြစ်ချေသည် ။
သို့ကြောင့်လည်း လယ်ထိပ်မှာ ရပ်လိုက်သည်နှင့် အားအင်သစ်ထွန်းလာရခြင်းဖြစ်၏ ။ ကန်သင်းပေါင်များပေါ်သို့ လျှောက်လိုက်ပြန်တော့လည်း ပန်းတော်နီမြက် ရွှန်းမြမြများသည် နှင်းဥဆွတ်ဆွတ်ဖြင့် ဆီးကြိုနေသည် ။ ကန်သင်းပေါင်တွင် စူးထိုးစိုက်ထားသော ပဲငါးပိပင်များမှာလည်း ကော့ရရော့ဖြင့် နှင်းမိုးဝနေ၏ ။
ဤနှင်းရည်ဝနေသော ကန်သင်းပေါင်ပေါ် လျှောက်ကာ ကန်သင်းပေါင်တွေ လုံရဲ့လားဟု ကြည့်ရသည် ။ ပုစွန်နှင့် မြွေလက်ပတ်များ ဖောက်ထားသော အပေါက်ကို တွေ့လျှင် ပိတ်၏ ။ ကန်သင်းထဲမှာ ရေနေများသည် ထင်လျှင် ရေတားသောအပေါက်ကို နှိမ့်ချ၍ နိမ့်နေသည်ထင်လျှင် မြှင့်ပေးရုံပဲရှိသည် ။
ရာသီကား ဆောင်းလယ် ၊ တာဝန်ကား ကန်သင်း လျှောက်သော အလုပ် ။ ငြိမ်းခြင်းနှင့် အေးချမ်းခြင်းတို့ ရောယှက်နေသော အခါမှာမှ ကိုဆေးရိုးက တရား နှင့်ယှဉ်သောအတွေးကို တွေးနေမိခြင်းဖြစ်သည် ။ ကိုဆေးရိုးသည် ကန်သင်းခြေတွင် ကပ်နေသော စပါးပင် တစ်ပင်၏ ခြေရင်းရှိ ငွေခြည်ဖြင့် ရက်ရှယ်ထား သလို ဖွေးဥနေသော အမြစ်ကလေးများကို ငေးကြည့်နေမိ၏ ။ ရေလျဉ်သည် စပါးမြစ်ကြားမှ တိုးဝှေ့စီးဆင်းသွားသည် ။ လက်သန်းခန့် ငါးကလေးများမှာ လည်း ငြိမ့်ညောင်းသော ရေလျဉ်ဝယ် မြူးထူးကူးခတ် နေ၏ ။ တောင်ဘက်လယ်ကွင်းထဲမှ မြက်ရိတ်သူမ အချို့ ဟစ်လိုက်သော သီချင်းသံသည် မြောက်လေကို ဆန်၍ ပျံတက်လာသည် ။
“ အင်း ... နွားတော့ မွေးထားပြီး ကိုယ့်လယ်ထဲက မြက်ကို မရိတ်ဘဲ သူများလယ်ထဲ လိုက်ခိုးတဲ့ သူခိုးမတွေ ... ”
ကိုဆေးရိုးက ခေါင်းထောင်ကြည့်ကာ ရေရွတ်လိုက်၏ ။ စောစောက သိမ်မွေ့ အေးဆေးနေသော ကိုဆေးရိုး၏ မျက်နှာပြင်မှာ ယခုမူ တိမ်စင်ဆဲကာလကို ပျံဖြန့်လာသော တိမ်ညိုအုပ်နှယ် တင်းမာသွားလေသည် ။ ယခုလို ရာသီမှာ နွားစာခက်သော လဖြစ်၏ ။ ဒီလမျိုးမှာမှ သူတစ်ပါး လယ်ထဲက မြက်ကိုမှ လယ်ရှင် အလစ် ချောင်းပြီး လိုက်လံခိုးယူနေသူများကို အဘယ်မှာလျှင် မုန်းတီးစွာ လှမ်းမျှော် မကြည့်ဘဲ နေနိုင်ပါမည်နည်း ။ တလင်းတွင်းက စုပုံထားသော ကောက်ရိုးများမှာ လယ်စိုက်ပြီးချိန်တွင် ကုန်ခန်းသွားလေ့ရှိ၏ ။ နွားကျွေးစရာ ကောက်ရိုးမရှိသော အချိန်သည် ကန်သင်းပေါင်၌ မြက်မပေါက်သေးသော အချိန်နှင့်လည်း တိုက်ဆိုင်နေပြန်၏ ။ မိုးဦးကျက ပေါက်ထားသော မြက်ကလေးများမှာ ကန်သင်းဆွဲရာတွင် ကန်သင်းသစ်မြေအောက်သို့ ရောက်ကုန်၏ ။ နွားရှိသူတိုင်း ဂျင်ခြေလည်သောလ ၊ လယ်ထဲက မြက်ကို စောင့်၍များပင် ကြည့်နေရသော လတည်း ။
သည်နှစ်မူ ရွာကို ရေလွှမ်းသည့်အတွက် ကောက်ရိုးပုံများ ရေထဲသို့ မျောပါခဲ့ရသည် ။ ရေထဲသို့ ပါ မသွားသော ကောက်ရိုးပုံများမှာလည်း ရေနူးပြီးသား နှင့် ရွှံ့ပေကျံနေသော ကောက်ရိုးဖြစ်သည့်အတွက် နွားမစားပေ ။ ကိုဆေးရိုးတို့မှာ ရေနှိပ်စက်သွားသည်ကို ခံရ ၊ နွားစာ ရှာရနှင့် အသက်ပင် ဖြောင့်ဖြောင့် မရှူ နိုင်ခဲ့ပေ ။ ထိုရက်များအတွင်းက ကိုဆေးရိုးတို့သည် ရေဒဏ် မရောက်သော ရွာများမှ တောင်းရမ်း၍ ရသော ကောက်ရိုးများကို ကျွေးရ၏ ။ ကောက်ရိုး ရှားလေခါမှ နွားတွေက စားရိုးစားစဉ် စားသည်ကို အစားကြီးသည်ဟု ကိုဆေးရိုး ထင်လေသလား ၊ နွားတွေကပဲ တကယ် အစားကြီးလာသလားတော့ မသိ ။ ကိုဆေးရိုးကတော့ “ နွားတွေတော့ သရောခိုင်းနေပြီထင်တယ် ” ဟု ရေရွတ်ခဲ့မိ၏ ။
“ ကြံကြံဖန်ဖန်တော် နွားများ သရောခိုင်းရမယ်လို့ နိမိတ်မရှိ နမာမရှိ ”
မကျီးဒန်က ကန့်ကွက်ယူခဲ့ရ၏ ။ သို့ရာတွင် ကောက်ရိုးတွေမှာ ကုန်လွယ်လှ၏ ။ လယ်ထဲမှာ မြက် မပေါမီ သည်ကောက်ရိုးတွေ ကုန်စင်သွားလျှင် ခက်တော့မည် ။ ကိုဆေးရိုးမှာ လှည်းအဖော် လေးစီးနှင့် အတူ စောင်ရန်းတိုင် နှစ်တိုင်း တက်ခုတ်ရာ အနောက် တောသို့ မြက်ရှာထွက်ခဲ့ရသည် ။ အနောက်တော၌ မြောက်မြားမြက်တွေ ပေါလှသည် ။ ခြောက်စ ၊ အစိမ်းရောင်ပြယ်စမြက်များကို အစည်းကလေး လုပ်ပြီး လှည်းဖြင့် အမောက် တင်ခဲ့ရ၏ ။ ကောက်ရိုးကုန်မှာ စိုးသောကြောင့် မြက်ခြောက်နှင့် ရောကျွေးခဲ့ရသည် ။
ကိုဆေးရိုးတို့ ဒေသ၌ နွားစားကျက်ဟူ၍ သီးသန့်မရှိ ။ လယ်မလုပ်ဘဲ နွားချည်းသာ မွေးမြူထားသူများအဖို့ ကောက်ရိုးများများ ဝယ်ထားနိုင်လျှင် ထား ၊ မထားနိုင်လျှင် သူတစ်ပါး၏ လယ်ထဲက မြက်ကို လျှောက်ခိုးဖို့က လွဲ၍ အခြားနည်း မရှိချေ ။ ယင်း နည်းလမ်းသည် ကိုဆေးရိုးတို့လို လယ်သမားတွေ ခံနိုင်စရာ မရှိသည့်အပြင် ယခုလို မြက်ရှားပါးနေသေးသော ရာသီမှာ ဆိုလျှင် ရန်သူတော်ကြီး တစ်ပါးတည်း ။
“ တောက် ….. ”
သူ့ဘာသာသူ တရားသဘော သက်ဝင်ပြီး အေးငြိမ်းနေသော ကိုဆေးရိုးမှာ မြက်ရိတ်သူမတို့၏ တေးသံကြောင့် ဒေါသရိပ် လွှမ်းလာရ၏ ။ တက် ခေါက်ကာ ဒေါသတကြီး လှမ်းကြည့်နေမိသည် ။ ကိုဆေးရိုးမှာ ပုစွန်လုံးခွံအခြောက်ကလေးများကို တက်နင်းမိသည်ကိုလည်း သတိမထားမိတော့ ။ နှင်းရည် ကလေးတွေ ဥနေသော ပဲငါးပိပင်များကို နင်းမိကာ ခြေထောက်တစ်ခုလုံး ရွှဲရွှဲစိုနေသည်ကိုလည်း သတိမမူ နိုင်တော့ဘဲ မြက်သူခိုးများ ရုတ်တရက် မမြင်နိုင်သော နေရာတစ်ခုတွင် ထိုင်ကာ မြက်များကို တဖျင်းဖျင်းနှင့် ဆွဲရိတ်နေမိ၏ ။ မြက်တစ်ဖုတ်ကို လက်က ဆွဲဖမ်း လိုက် ၊ မြက်သူခိုးများ လာနိုင်သောလမ်းကို လှမ်း ကြည့်ရင်း တံစဉ်ဖြင့် ဆွဲဖြတ်လိုက်လုပ်နေစဉ် မိန်းမ တစ်ယောက်သည် မြောင်းပေါင်ပေါ်သို့ တက်လာ၏ ။
“ အေး … သိကြရောပေါ့ကွာ ”
ကိုဆေးရိုးက စိတ်ထဲမှ ကျိတ်၍ ကြုံးဝါးလိုက်သည် ။
မြောင်းပေါင်ပေါ်သို့ တက်လာသော မိန်းမသည် ပုဆိုးစုတ်တစ်ထည်ကို ပခုံးတင်ထားကာ ‘ ဘွဲ့ ’ ဟောင်း တစ်ခုကို လက်က တန်းလန်း ဆွဲထား၏ ။ သူသည် သူခိုးမျက်စိဖြင့် ဟိုဟိုဒီဒီကြည့်နေကာ နှစ်ကိုယ်ကြားမျှ သီချင်းညည်းနေပေသည် ။ မြက်သူခိုးဟု ထင်ရသော မိန်းမသည် အတန်ကြာအောင် ဆက်လက် ရပ်နေပြီးမှ အောက်သို့ တဖြည်းဖြည်း ဆင်းလာ၏ ။ ကိုဆေးရိုးသည် စပါးပင်များကြားမှ ကုန်းကုန်းကြီး ထပြီး ထိုမိန်းမကို လှမ်းကြည့်သည် ။ မိန်းမမှာ သီချင်း ကလေးတအေးအေးဖြင့် မျက်လုံးကစားပြီးနောက် စပါးပင်များကြားတွင် ထိုင်ချလိုက်၏ ။
ကိုဆေးရိုးသည် တံစဉ်ကို ကိုင်မြှောက်၍ ပြေးသွားကာ ခြေဖြင့်ဆောင့်ကန်လိုက်ချင်၏ ။ သို့ရာတွင် သူ့အား မတော်တရော်ပြုမူပါသည်ဟူ၍ အော်လိုက်သော် ဟူသော အတွေးက ခေါင်းထဲသို့ ဝင်လာသည့် အတွက် ကြွပြီးသား ခြေလှမ်းမှာ ပြန်၍ ကျသွား၏ ။
“ ဒါဖြင့် ငါ ဒီလိုပဲ ခံနေရတော့မလား ”
မှန်ပေသည် ။ မည်သို့မျှ မလုပ်ဘဲနှင့် လုပ်ပါသည် စွပ်စွဲတိုင်း ထောင်ကျရလျှင် ထောင်ထဲတွင် လူတွေ ပြည့်နေတော့မည် ။ သို့မို့ကြောင့် သူခိုးကို သူခိုးလိုပဲ ဆက်ဆံရပေတော့မည် ဟူ၍ ဆုံးဖြတ်ကာ စပါးပင် ပေါ်သို့ မိမိ၏ ကိုယ်လုံးကြီး ပေါ်မလာအောင် ကုန်း၍ ချဉ်းကပ်လာခဲ့သည် ။ မြက်ရိတ်သံသည် တဗျင်းဗျင်း နှင့် လေးလေးမှန်မှန် ထွက်ပေါ်နေ၏ ။ တဖြည်းဖြည်းနှင့် ကန်သင်းထိပ်သို့ ကိုဆေးရိုး ရောက်လာသည်တွင် မိမိဘက်သို့ ကျောပေးကာ ပန်းတော်နီမြက်များကို သူခိုးပီပီ ခပ်သွက်သွက် ရိတ်ဖြတ်နေသော မိန်းမကို မြင်ရလေပြီ ။ ကျောပြင်ကြီးကို ကြည့်ကာ ကိုဆေးရိုးက ကြုံးဝါးလိုက်မိ၏ ။
“ ဘယ်လောက်များ ဖနောင့်နဲ့ တအားပေါက်လို့ ကောင်းလိုက်မလဲလို့ ”
မြက်သူခိုး၏ ကျောဘက်တွင် မြက်ပင်များ ပြောင်ရှင်းနေကာ ရိတ်ပြီးသား မြက်ပင်ကလေးတွေသာ ဟိုတစ်စု သည်တစ်စု ၊ ဟိုတစ်တန်း သည်တစ်တန်း ရှိနေ၏ ။ ကိုဆေးရိုးမှာ အသက်ကိုပင် ပြင်းပြင်းမရှူဝံ့ဘဲ ခြေကို ကြွကာကြွကာ မြက်သူခိုးအနားသို့ ချဉ်းကပ်ခဲ့၏ ။ မြက်သူခိုးမမှာ သီချင်းပင် မဆိုနိုင်တော့ဘဲ ကိုဆေးရိုး အလှည့်ကျ ရိတ်ရန် မွေးထားသော မြက်ပင်ကြီးများကို ရိတ်ရ ဖြတ်ရသဖြင့် လက်တွေ့လှသည့် အလား နောက်သို့ တစ်ချက်ကလေး ပြန်မကြည့်ဘဲ အားရပါးရ ကုန်းရိတ်နေ၏ ။ ထို့ကြောင့်လည်း နောက်နား တစ်တောင်ကွာတွင် မားမားကြီး ကိုဆေးရိုး ရောက်နေမှန်း မသိခြင်းဖြစ်သည် ။
ကိုဆေးရိုးသည် သူခိုးကို ခါးထောက်ကြည့်၍များပင် နေမိသေးသည် ။ ကိုဆေးရိုး ကြည့်နေဆဲမှာပင် သူခိုးမသည် ကန်သင်းပေါ်မှ လယ်ကွက်တွင်းသို့ လျှောကျနေသော မြက်ဖုတ်ကလေးတစ်ဖုတ်ကို တံစဉ်ဖြင့် လှမ်းချိတ်လိုက်ရာ တံစဉ်ဖျားဖြင့် စပါးပင်ကလေး ၂ ပင် ပါလာ၏ ။ ကိုဆေးရိုးသာ ဆိုလျှင် ယင်းသို့ ငြိမိပါက စပါးပင်ကို ဖယ်ထုတ်ပြီး မြက်ကိုသာ ရွေးရိတ်မည်ဖြစ်သည် ။ သူခိုးမမူကား မိမိပစ္စည်း မဟုတ်သောကြောင့် စပါးပင်ပါ ဗျင်းခနဲ ဆွဲဖြတ်လိုက်ရာ ကိုဆေးရိုးမှာ ရင်ထဲက နင့်သွား၏ ။ ဒေါသ ထောင်းခနဲ ထလာ၏ ။ မြက်ထဲတွင် ရောပေါသွားသော စပါးပင်၏ အဖျားတွင် စပါးနှံကလေးတွေ ငိုက်နေ၏ ။ အခွံမာဖုံးလုလု စပါးနှံနုကလေးတွေဖြစ်ပေသည် ။ စပါးပင်နှစ်ပင် တံစဉ်ဖျားတွင် ပါသွားသည် နှင့်တစ်ပြိုင်နက် ကိုဆေးရိုးက သူခိုး၏ ကျောပြင်ကို ဖနောင့်ဖြင့် တအားပေါက်ချလိုက်ရန် ဘယ်ခြေကို ရှေ့သို့ တစ်လှမ်းတိုးနင်းလိုက်ရာ ‘ ဘိုင်း ’ ခနဲ ရေပြင်ထဲသို့ တစ်စုံတစ်ခု ပစ်ချသံမျိုး ထွက်ပေါ်လာပြီး မြက်သူခိုးမှာလည်း “ အမယ်လေးတော့် ” ဟု အော်ကာ လွတ်ကျသွားသော တံစဉ်ကိုပင် ပြန်မကောက်နိုင်တော့ဘဲ တစ်ချိုးတည်း ပြေးထွက်သွားလေ၏ ။
“ အီး .... ”
ကိုဆေးရိုးမှာ တစ်ကိုယ်လုံး ရေတွေ ရွှဲစိုနေချေသည် ။ စပါးပင်များကြားမှ “ အီး ” ခနဲ ညည်းညူကာ ကုန်းထရင်း မိမိခြေချော်ကျရာနေရာကို ငုံ့ကြည့်မိ၏ ။ ကိုဆေးရိုးမှာ သူခိုးမကို ဖနောင့်ဖြင့်ပေါက်ရန် ဝေးနေသဖြင့် ရှေ့သို့ တိုးလိုက်သည်တွင် ပုစွန်တွင်းတစ်ခု၏ ထိပ်မှ ကျစ်စာပုံအပျော့ကို တက်နင်းမိရာက လယ်ကွက်ထဲသို့ ချော်ကျသွားခြင်းဖြစ်သည် ။ ထို့ကြောင့် ကိုဆေးရိုး ချော်ကျရာ ကန်သင်းစောင်းတွင် စွပ်ကြောင်းကြီးထင်နေ၏ ။ ပိပြားသွားသော စပါးပင်များမှာ တစ်ပင်ပြီးတစ်ပင် ပြန်ထောင်တက်နေသည် ။
“ တောက် …. ဖနောင့်စာ မကျွေးလိုက်ရတာ နာသကွာ ”
ကိုဆေးရိုးမှာ မကျေမချမ်း ရေရွတ်မိ၏ ။ လေပြည်ကလေးအသော့တွင် စပါးပင်များမှာ ရှဲခနဲ လွန့်လူးသွားသည် ။ ကိုဆေးရိုးမှာ မေးခိုက်ခိုက်တုန်လျက် သူခိုးထားပစ်ခဲ့သော မြက်စုကလေးများကို လိုက်လံ စုဆောင်း သိမ်းဆည်းနေမိသည် ။
“ ဟေး မောင်ဆေးရိုး ”
“ ဪ … ကိုဘဒင် ပြန်တော့မလားဗျို့”
တူရူကန်သင်းထိပ်မှ မိမိအား ခေါ်သံ ထွက်ပေါ်လာသဖြင့် ကိုဆေးရိုးက မော့ကြည်ကာ အလိုက်သင့် ပြန်မေးလိုက်၏ ။ ကိုဘဒင်မှာ ကိုဆေးရိုး အောက်က တစ်ပွဲကျော်ရှိ လယ်ကို လုပ်သူဖြစ်သည် ။
“ အေးကွ … ”
ကိုဘဒင်သည် ပြန်ပြောပြီးနောက် ဆက်လက်၍ပင် ရပ်နေပြန်ကာ ...
“ မပြန်သေးဘူးလားကွ ၊ ကနေ့ အမတော်ကြေး ပြန်ဆပ်ရမယ့်နေ့ဆို ”
“ ဟာ ... ”
ကိုဆေးရိုးမှာ မျက်လုံးကြီးပြူးကာ ပါးစပ်ဟလျက် မော့ကြည့်နေမိ၏ ။ လွန်ခဲ့သော ခုနစ်ရက်ခန့်ကပင် ရွာခေါင်းက ကြိုတင်နှိုးဆော်ထားသဖြင့် နံနက်က လယ်ပြင်သို့ ထွက်လာသည့်အချိန် ၊ ကန်သင်းများကို လိုက်လံစစ်ဆေးနေသော အချိန်အထိ သတိရနေခဲ့သေးသည် ။ “ ငါ … စောစောပြန်ရမှာပါကလား ” ဟူ၍လည်း မိမိကိုယ်ကို သတိပေးနေခဲ့၏ ။ သို့ရာတွင် ထိုနိုးကြားသော စိတ်မှာ မြက်သူခိုးတို့၏ သီချင်းသံကို ကြားရသည့်အချိန်မှ စ၍ ဒေါသဖုံးကာ နိုးကြားစိတ် ပျောက်ကွယ်ခဲ့ရသည်မှာ ယခု ကိုဘဒင် လာရောက် မေးတော့မှ သတိပြန်လည်ရသည့်အတွက် ပါးစပ်ကြီး ဟနေမိခြင်းဖြစ်၏ ။
“ အမတော်ကြေးကလဲကွာ ၊ အချိန်မဟုတ် အခါမဟုတ် ”
ကိုဘဒင်က ဆက်လက် မြည်တွန်လိုက်သည် ။ တစ်ဖန် ကိုဆေးရိုးကို ငုံ့ကြည့်၍ “ မင်းလည်း ငါ့လိုပဲ ပေးစရာ မရှိသေးဘူး မဟုတ်လား ” ဟု ပြန်မေးသည် ။
“ မဟုတ်ဘူးဗျ ”
“ ဘာမဟုတ်ဘူးလဲ ၊ မင်းက ဘယ်လောက်များ ချမ်းသာလို့လဲ ”
“ ဒါပြောတာ မဟုတ်ဘူးဗျ ၊ ကနေ့ အမတော်ကြေး လာကောက်မယ်ဆိုတာ သတိရနေတာ ။ ကနေ့ စောစောပြန်ပြီး သပိတ်တွေ ဖော်မယ် ။ ဖောက်သည်လည်း လာမယ်ဆိုတာသိလို့ စောစောပြန်မယ် စိတ်ကူးထားတာ တောက် ”
ကိုဆေးရိုးက ဆွဲဆွဲငင်ငင်ဖြင့် ရှည်လျားစွာ ရှင်းတမ်း ထုတ်နေပြန်သဖြင့် ကိုဘဒင်က ဖြတ်ပြောပြန်၏ ။
“ မေ့နေရော ဆိုပါတော့ကွာ ”
“ ဟိုကမြင်းမတွေကြောင့် မေ့သွားတယ်ဗျာ ၊ မြက်သူခိုးမတွေ ”
“ အေးကွ ၊ ဒင်းတို့တော့လား မမိရင်နေဦးပေါ့ကွာ ၊ မိများမိရင် မြက်ရော တံစဉ်ရော သိမ်းထားမယ့်အပြင် ထဘီပါ ချွတ်ယူလိုက်မယ်ဟေ့ ”
“ ဟဲ .. ဟဲ ... ထဘီချွတ်ယူပြီး ဘာလုပ်မလဲ ၊ ခေါင်းပေါင်းမလို့လား ”
“ မင့်ဖေကလွှား ခေါင်းပေါင်းရမှာလား ၊ မအေပေး တော်တော်ယုတ်မာတဲ့ကောင် ”
ကိုဘဒင်က မဲ့မဲ့ရွဲ့ရွဲ့နှင့် ဆဲဆိုပြီး ကန်သင်းပေါင်တွင် ထိုးစိုက်ထားသော ငန်းပြားကို နုတ်ယူကာ ခပ်သုတ်သုတ် ထွက်ခွာသွားလျှင် ကိုဆေးရိုးမှာ ကိုဘဒင်ကို လှမ်းကြည့်လျက် တဟဲဟဲ ရယ်မောရင်း ကျန်ရစ်ခဲ့လေသည် ။ သို့သော်လည်း ကိုဘဒင် လယ်တစ်ကွက်ကျော်သို့ ရောက်သွားလျှင်ပင် ကျေကျေနပ်နပ်ကြီး ဟနေသော ကိုဆေးရိုး၏ ပါးစပ်မှာ ပိတ်သွားရ၏ ။ မျက်လုံးအစုံဝယ် ထိတ်လန့်ခြင်းတို့ ပေါ်ပေါက်ယှက်သန်းလာကာ လက်နှစ်ဖက်မှာ မြက်သူခိုး ပစ်ထားခဲ့သော မြက်များကို အလျင်စလို သိမ်းဆည်းနေမိတော့သည် ။
ကိုဆေးရိုးသည် အိမ်သို့ ပြန်ပြီး အမြန်ဆုံး ဆောင်ရွက်ရမည့်တာဝန်ကို တွေးတောမိသောကြောင့် အရယ် ရပ်ကာ မြက်များကို စုစည်းပြီး မိမိ ရိတ်ထားခဲ့သော မြက်တွေရှိရာ ကန်သင်းဘက်သို့ ပြေးလာခဲ့လေ၏ ။ မြက်များကို စီ၍ စဉ်၍ ချနေရသော်လည်း ကျီးဒန်များ ကျိတ်၍ ကျိန်ဆဲနေပြီလားဟု စိတ်က ထင့်နေသည် ။ လက်က မြက်ထုံးကို ကျစ်ကျစ်ပါအောင် ဆွဲထုံးနေရပေမဲ့ စိတ်က အိမ်သို့ ရောက်နေကာ သပိတ်ယူမည့် ဖောက်သည်များ ရောက်နေနှင့်ပြီလားဟု စိုးနှောင့်နေ၏ ။ အကယ်၍သာ သပိတ်ယူမည့် ဖောက်သည်က မစောင့်နိုင်ဘဲ ပြန်သွား၍ ယနေ့ ငွေ မရသော် ဟူသော အတွေးကွန်ရက်က ထပ်မံ ဖြန့်ကျက်လာပြန်သော ကာလတွင် ကိုဆေးရိုးမှာ မြက်ထုံးကြီးများကို တစ်ဖက် တစ်ထုံး ထမ်းပိုးဖြင့် ထိုးစိုက်ထမ်းထားလျက်က ခပ်သွက်သွက် ပြေးလှမ်းနေမိလျက်သားဖြစ်သွားလေ၏ ။ ယနေ့သာ ငွေ မရလိုက်လျှင် အမတော်ကြေး မဆပ်နိုင်တာက အရေးမကြီးပေ ။ စပါးပေါ်ချိန် နောက်အရစ်ကျမှ ဆပ်လျှင် ဖြစ်သော်လည်း ကောက်စိုက်စည်းခေါင်း ကိုပွကြီးကမူ သည်းခံလိမ့်မည် မဟုတ် ။ ယနေ့ ပေးပါမည် ကတိခံထားပြီးမှ မပေးသော် မအေ နှမ မိုးမွှန်အောင် ဆဲချေတော့မည် ။
ကိုပွကြီးနှင့် ကိုဆေးရိုးမှာ ကျောင်းနေဖက် သူငယ်ချင်းများဖြစ်ကြ၏ ။ ဆဲမနာ ဆိုမနာတည်း ။ သို့သော် ဆဲမနာ ဆိုမနာဟု နားလည်တိုင်း ဖိ၍ဖိ၍ မြိန်ရေရှက်ရေ ဆဲပြန်တော့လည်း နာ၏ ။ မိမိလုပ်စာကို စားမသွားရရှာသော မိခင်ကြီးက မိမိအတွက် အချောင် အဆဲခံရသည်မှာ တွေးကြည့်လျှင် ရင်နင့်စရာ ကောင်း၏ ။ မိမိက တစ်ပြားဖိုး တစ်ကျပ်ဖိုးမျှ မကူညီ မထောက်ပံ့နိုင်သော နှမကိုလည်း အဆစ် မပါစေချင်ပေ ။ ထို့ပြင် ပေးစရာရှိသည်ကို ပေးဆပ်လိုက်ရခြင်းက ကောင်း၏ဟု ထင်သည် ။ ဤတွေးတောမှုများကြောင့်ပင် ကိုဆေးရိုးမှာ မှန်မှန်လှမ်း မနေနိုင်ပေ ။ အရိပ်ကောင်းသော ရှားပင်ပေါင်းမှာလည်း ရပ်နား မနေအားပေ ။
“ ဗျို့ ... ရီးဆေးရိုး ၊ မနားတော့ဘူးလားဗျ ”
နေအတန်မြင့်ပြီးသည့်တိုင်အောင် ပေါင်းကူးတံတား လက်ရန်းပေါ်တွင် စီတန်းထိုင်ပြီး တွေ့ကရာ ရှစ်သောင်း ပြောဆိုလျက် အချိန်ဖြုန်းနေကြသော မြက်ရိတ်သမားများက လှမ်းအော်သည်ကိုပင် ကိုဆေးရိုးက စကားပြန်မပြောခဲ့ပေ ။ အိမ်သို့ ရောက်ချင်ဇောဖြင့်သာ အသော့နှင်လာခဲ့၏ ။
မိမိက အိမ်သို့ တရကြမ်း ပြေးလာသလို အိမ်သူ ဇနီးကလည်း တဲဝမှနေ၍ ခေါင်းကလေး ပြူတစ်ပြူတစ်ဖြင့် မျှော်စောင့်နေသည်ကို တွေ့ရ၏ ။ အိုးဖုတ်သော ဖိုပေါ်မှာ မံထားသော ရွှံ့နှင့် စပါးမှော် ရောကျံထားသည့် အိုးကွဲအချပ်ကြီးကို ဖယ်ထုတ်ပြီး ဖိုထဲက သပိတ်တွေကို အပြင်သို့ သယ်ထုတ်ရသော အလုပ်မှာ ကြီးကျယ်လှသည်တော့ မဟုတ် ။ သို့သော် တစ်ယောက်တည်းလုပ်၍ မရပေ ။ လိမ္မာ၍ ကြင်နာသော သမီးကြီး ချောစိန်မှာလည်း သူ့အိုး သူ့အိမ်နှင့် ဖြစ်သွားပြီ မဟုတ်ပါလား ။
အသက်ကြီးခါမှ ကိုယ်ခွဲလက်ခွဲ ကင်းမဲ့ခဲ့ရသော ကိုဆေးရိုးတို့မှာ ဖုတ်ပြီးကျက်ပြီးသား သပိတ်ကိုပင် လင်မယားနှစ်ယောက် ပြိုင်တူ မရှိဘဲနှင့် ဖိုထဲမှ ဖိုပြင်သို့ မထုတ်နိုင်သောအခြေသို့ ဆိုက်ရောက်နေကြရပေပြီ ။ သို့ကြောင့်လည်း ကိုဆေးရိုးက အိမ်သို့ အသော့ပြေးလာသလို မကျီးဒန် ကလည်း ကိုဆေးရိုးကို စောင့်စားနေမိခြင်း ဖြစ်သည် ။
“ စောင့်လိုက်ရတာ တော် ”
မကျီးဒန်က ဆီး၍ အပြစ်တင်ခြင်း မဟုတ် ။ သပိတ်ယူမည့်အိုးဖောက်သည်က ဆီးကြိုအပြစ်တင် လိုက်ခြင်းဖြစ်၏ ။ မကျီးဒန်သည် ချောစိန် အိမ်ခွဲ ထွက်သွားကတည်းက ကိုဆေးရိုးကို ယခင်ကလို ဗျစ်တောက်ဗျစ်တောက်ဖြင့် မမြည်တွန်တော့ပေ ။ အဘယ်မျှပင် သားသမီး ၊ မြေးမြစ်တို့ ခြံရံပေမဲ့ နောက်ဆုံးတော့ ဒီလင်နှင့် ဒီမယား သာလျှင် အားကိုးမှီတွယ်စရာ စစ်မှန်ကြောင်း သဘောပေါက်လာကာ ကိုဆေးရိုး၏ တော်ရုံတန်ရုံ အမှားများကို ခွင့်လွှတ်လာခဲ့၏ ။
“ ထားခဲ့ ထားခဲ့ ၊ ကျုပ်သွင်းလိုက်မယ် ”
မကျီးဒန်က မြက်ထုံးနှစ်ထုံးကို တဲရှေ့မှာပဲ ချထားခဲ့ရန်ပြောသည် ။
“ နေပါစေဟာ တစ်လက်စတည်း သွင်းလိုက်ပါ့မယ် ”
ကိုဆေးရိုးက မြက်ထုံးနှစ်ထုံးကို နန်းတိုင်ရှိသော အဖီကလေးထဲသို့ ထမ်းသွင်းလိုက်၏ ။ ထိုအချိန်တွင် နွားတင်းကုပ်တွင်းမှ တဗုန်းဗုန်းနှင့် အသံများ ထွက်လာသည် ။ ခိုင်းနွားကြီးနှစ်ကောင်မှာ နွားတင်းကုပ် အပြင်ဘက်သို့ ကြိုးတစ်ဆုံးဆုတ်ကာ မြေကို ခွာဖြင့် ယက်လျက် မြူးထူးနေကြ၏ ။ ကိုဆေးရိုးက နွားနှစ်ကောင်ကို ခါးထောက်ပြီး ကြည့်လိုက်သည် ။
“ အင်း … မင်းတို့ကတော့ လယ်ပိတ်ကတည်းက စားပြီးအိပ် ၊ အိပ်ပြီးစားရလို့ ခွာတွေဘာတွေ ယက်ပြီး မြူးနေနိုင်ပြီပေါ့လေ ။ အေး ... ဒီမှာတော့ မင်းတို့ စားဖို့ မြက်သွားထမ်းရာက ပြန်ရောက်ရုံရှိသေးတယ် အခု တိုက်ဖွင့်ရဦးမယ် ”
နွားကြီးနှစ်ကောင်သည် ကိုဆေးရိုး၏ စကားကို နားလည်ဟန်ဖြင့် ကိုဆေးရိုးအား နားရွက်နှစ်ဖက် ထောင်လျက် လှမ်းကြည့်နေကြ၏ ။
“ ကိုဆေးရိုး ”
“ ဗျို ... ”
“ လုပ်တော့လေ ၊ တော်တော်ကြာ ကျွန်မ ပြန်ရမှာ နေပူနေလိမ့်မယ်ရှင့် ”
အိုးဖောက်သည်၏အသံ လောဆော်ထွက်ပေါ်လာသဖြင့် ကိုဆေးရိုးမှာ “ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ” ဟု အော်လျက် အဖီကလေးထဲမှ ပြေးထွက်လာကာ အိုးဖိုဘက်သို့ ပြေးလာခဲ့သည် ။ မကျီးဒန် ကလည်း ပုဆိုးစုတ်တစ်ထည်ကို ခေါင်းပေါင်းလျက် တဲတွင်းမှ ထွက်လာ၏ ။
“ ကျီးဒန် ၊ တက်မနင်းမိပစေနဲ့နော် ။ ညနေကျ ပြန်သုံးရဦးမှာ ”
ကိုဆေးရိုးက ရွှံ့ဖြင့် ဇော်ဂျီမံထားသော စပါးမှော်ချပ်ကို ထက်ပိုင်း ပိုင်းပြီး စောင်ရန်းတန်း ( ဝင်းခြံ ) တွင် မှေးထောင်ထားရာက လှမ်းပြောလိုက်သည် ။ လယ်သမား ဖြစ်ပေမင့် စပါးမှော်မှာ လိုချင်သောအခါတွင် အရှာရခက်သည့်အတွက် ပြောလိုက်ခြင်းဖြစ်သည့်ပြင် ညနေတွင်လည်း သပိတ်များပင် ထပ်၍ ဖုတ်ရဦးမည် ဖြစ်သောကြောင့် ထပ်မရှာရရန် ပြောခြင်း ဖြစ်ပေ၏ ။
“ သပိတ်သုံးရာ ဆိုတော့ မကျက်တာတို့ ကွဲတာ နာတာက ငါးဆယ် ၊ ဖောက်သည် ပယ်တာက ငါးဆယ်ဆိုရင် နှစ်ရာတော့ တင်ကောင်းပါရဲ့ ”
မကျီးဒန်က ကိုဆေးရိုး ဖိုပေါင်ပေါ်သို့ တင်ပေးသော အိုးခြမ်းကွဲအစများကို ဘေးသို့ ပယ်ချရင်း နှုတ်တွက် တွက်နေသည် ။
“ သပိတ်နှစ်ရာ ငွေခြောက်ဆယ် ဆိုတော့ ရွာသစ်ကြီးမှာ ဈေးဖိုးက ခြောက်ကျပ် ၊ ကိုပွကြီးကို ပေးလိုက်ရင် ရေနံဝယ်စရာ ကျန်တော့မှာ မဟုတ်ဘူး ”
“ ရေနံကို နောက်တစ်ဖိုကျမှ ဝယ်ဟာ ၊ ဟင်းချက်စရာမရှိလည်း ဆားဖြူးစားရအောင် ဟ ... ဟ ... ဟင် ”
ကိုဆေးရိုးသည် မကျီးဒန်ကို လှမ်းပြောရင်းက သပိတ်တစ်လုံးကို ဖိုပေါင်ပေါ်သို့ရွှေ့တင်လိုက်ရာ ကြွေမွသွားသဖြင့် ယောင်အော်လိုက်မိလေ၏ ။
“ အကျိုးတော့ နည်းပြီထင်တယ်ဟေ့ ”
ကိုဆေးရိုးမှာ စိတ်မချမ်းသာသောအသံကြီးဖြင့် ရေရွတ်ရင်း သပိတ်တွေကို ဖော်ယူ၏ ။ ကိုင်ရုံနှင့် အက်သွားသော သပိတ် ၊ မကွဲသော်လည်း ဒေါင်ဒေါင် မမြည်၍ ဖောက်သည် လက်မခံမည့် သပိတ်တွေချည်းသာ ဖြစ်နေ၏ ။
“ အင်း … သေသေချာချာ ကြည့်လျက်နဲ့ ဘယ်သူများ ဆီးဖြူသား လာထည့်သွားတယ် မသိဘူး ကျီးဒန်ရယ် ”
ကိုဆေးရိုး၏ တစ်ကိုယ်လုံးမှာ ကျပ်ခိုးနှင့် ချွေးတို့ လူးကျံနေ၏ ။ ကိုဆေးရိုးမှာ အိုးဖိုဘေးတွင် ခြေပစ်လက်ပစ်ထိုင်ကာ ညည်းနေတော့သည် ။ သပိတ်မှာ ကျွန်းသားထင်းဖြင့် ဖုတ်မှ မည်းသဖြင့် ရွာနားက ကျောင်းပျက် ဇရပ်ပျက်တွေကို မလျော်မှန်းသိသော်လည်း ဆွဲသုံးနေရ၏ ။ ကျွန်းသားထဲတွင် ဆီးဖြူသား ထင်းကလေး တစ်ချောင်း ပါသွားလျှင် တစ်ဖိုလုံး လွှင့်ပစ်ရလေ့ရှိ၏ ။ ယခုလည်း မိမိဘာသာ မျက်စိလျှံပြီး ထည့်မိသလား ၊ တစ်ပါးသူတို့ ဝင်ထည့်သွားသလား မသိ ။ ငွေခြောက်ဆယ်ထက် မနည်းတန်သော သပိတ်တွေ လွှင့်ပစ်လိုက်ရပေပြီ ။
“ ဟင် ... ရှင့်သပိတ်တွေက တစ်လုံးမှ မကောင်းပါပဲလား ”
အိုးဖောက်သည်က သပိတ်များကို လာရောက် တီးခေါက်ကြည့်ရင်း ပြောလိုက်၏ ။ ကိုဆေးရိုးနှင့် မကျီးဒန်တို့မှာ အိုးဖောက်သည်ကို မျက်လုံးကြီးတွေ ပြူး၍သာ ကြည့်နိုင်သည် ။ ပါးစပ်က ဘာကိုမျှ မဆိုနိုင်ကြ ။
သူတို့ နားထဲတွင် ရွာသာကြီးရှိ ကုန်စုံဆိုင်ရှင်၏ ရေရွတ်ကြိမ်းမောင်းသံနှင့် ကောက်စိုက်စည်းခေါင်း ကိုပွကြီး၏ မအေ ၊ နှမ ကော်တုတ်သံတို့သာလျှင် စီဝေ ဆူညံလျက် ရှိချေသည် ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment