Saturday, July 11, 2026

အမာရွတ်


❝ အမာရွတ် ❞
    ( နေသန့်  )

တကယ်တော့ အမာရွတ် ဆိုသည်မှာ ဒဏ်ရာ တစ်စုံတစ်ရာ အပေါ် ရလိုက်သည့် အောင်မြင်မှုသာ ဖြစ်သည် ။ အမာရွတ်သည် နာကျင်မှုကို အပေါ်စီးက ပြုံးလိုက်သော အပြုံး ၊ လှပမှုကို စွန့်ပစ်လိုက်သော ရင့်ကျက်တည်ငြိမ်မှု ၊ ဝမ်းနည်းမှုကို အနားသတ်လိုက်သော မျဉ်းတစ်ကြောင်းလည်းဖြစ်သည် ။ ပြုံးပြုံးလေးနှင့် ရင့်ကျက်တည်ငြိမ်စွာ အနားသတ်လိုက်သော အမာရွတ် တစ်ခုသည် နောက်ထပ် ဒဏ်ရာတစ်ခု ဖြစ်နေတတ်ပါသလား ။ သူ့အတွက်တော့ ထို မေးခွန်းသည် အရာအားလုံး အတွက် နောက်ကျသွားခဲ့ပြီ ဖြစ်သည် ။

အကျိုးတစ်ခု ဖြစ်ဖို့ အတွက် တစ်ခု မကသော အကြောင်းတရားများ ရှိခဲ့သည်ဟု ဆိုလျှင် အမာရွတ်သည် ထို တစ်ခု မကသော အကြောင်းများ အနက် အဓိက အကြောင်းတရား တစ်ခု ဖြစ်ခဲ့ပါသည် ။ သူ့မှတ်ပုံတင်၏ ထင်ရှားသော အမှတ်အသား နေရာတွင် “ ယာမျက်ခုံး အမာရွတ်ရှိ ” ဟု ရေးထားသည် ။ ပြတင်းပေါက် ပေါင်ပေါ်မှာ နောက်ကျွမ်း ပစ်ရခြင်းသည် သူ့ ကလေးဘဝ၏ ပျော်စရာ ကစားနည်း တစ်ခု ဖြစ်သည် ။ ပျော်စရာမှ ရလာသော အမာရွတ် တစ်ခု ကတော့ ပြုံးစရာ အမှတ်တရ တစ်ခု အဖြစ်သာ မှတ်ပုံတင်တွင် တင်ကျန်သည် ။ ထိုအထိတော့ အမာရွတ်သည် အဓိက အကြောင်းတရား တစ်ခု ဖြစ်မလာသေး ။

တစ်ရက် သူ့ လက်ဖျံမှာ ဖန်ကွဲစအကြီးကြီး ရှတော့ အနီးဆုံး ဆေးခန်းကို ပြေးရသည် ။ သွေးထွက်နေသည့် ဒဏ်ရာကို ဖိထားခဲ့ပေမယ့် သူ စိုးရိမ်နေခဲ့သည်က အမာရွတ် တစ်ခု ။ သူက လက်ရှိ ဒဏ်ရာ၏ နာကျင်မှုထက် ပုံဆိုးပန်းဆိုး အမာရွတ် တစ်ခုခု ကျန်ခဲ့မှာကို ပိုကြောက်တတ်ခဲ့သူ ။ ဒဏ်ရာတစ်ခု ရမှာထက် အမာရွတ် တစ်ခု ရလာမှာကို ပိုကြောက်တတ်သူသည် တကယ်တော့ ဒဏ်ရာ ကြီးကြီးကျယ်ကျယ် မရအောင် ဂရုတစိုက် နေခဲ့သင့်သည် ။

“ ကျွတ် ... အမာရွတ် အကြီးကြီး ကျန်ရင်တော့ ဒုက္ခပဲ ”

သူ့ ရေရွတ်သံကို တစ်စုံတစ်ယောက်သည် အသေအချာ ကြားသွားခဲ့သည် ။ ထိုတစ်စုံတစ်ယောက်သည် အမာရွတ် မထင်ကျန်ရအောင် ၊ သို့မဟုတ် ထင်ကျန်ခဲ့လျှင်လည်း လှပ သေသပ်သည့် အမာရွတ်ကလေးများဖြစ်အောင် စွမ်းဆောင်နိုင်သူ တစ်ယောက်ဟု သူ ထင်ခဲ့သည် ။

“ ဪ … မကျန်ပါဘူး ။ ဒါနဲ့ ဒီမျက်ခုံးက အမာရွတ်ကလေးကရော ဘယ်ကရတာလဲဟင် ”

ထိုမေးခွန်းတစ်ခုနှင့် အမာရွတ်တစ်ခုကို အကြောင်းပြုရင်း ဖြူ ဆိုသော မိန်းကလေးသည် သူ့ဘဝထဲ ဝင်လာခဲ့သည် ။

ဒီလိုနှင့် လက်ဖျံက ဒဏ်ရာကြောင့်ရော ၊ နှလုံးသားက ဝေဒနာကြောင့်ရော ဖြူ့ ဆေးခန်းကို မကြာခဏ တမင်တကာ သူ ရောက်သည် ။ လက်ဖျံက ဒဏ်ရာက အနာကျက်ကာ သက်သာလာသော်လည်း နှလုံးသားဝေဒနာကတော့ တိုးတိုးလာခဲ့သည် ။ နှလုံးသားဝေဒနာကို ကုစားရန်မှာတော့ ဖြူ တစ်ယောက်တည်းကို အားကိုးလို့ မရမှန်း သူ သိပါသည် ။ သူ၏ တပ်မက်မှုသည် ဖြူ၏ လက်ရှိ အဆင့်အတန်း ဖြစ်၏ ။ သူ၏ အတွေ့အကြုံသည် ရည်းစား သုံးယောက် ထားဖူးခြင်းဖြစ်၏ ။ သူ၏ ရင်ခုန်မှု သည် ဖြူ၏ လှပမှုဖြစ်၏ ။ ထို့ကြောင့် သူ၏ တပ်မက်မှု ၊ အတွေ့အကြုံနှင့် ရင်ခုန်မှုတို့ကို အချိုးကျကျ ပေါင်းစပ်လိုက်သောအခါ သူ ဖြူ့ကို ချစ်သွားသည် ။ ထိုနေ့တွင် ဖြူကို ချစ်နေသည့်ညအကြောင်း သူ ထင်ထားသည်ထက် အနည်းငယ် ပို၍ ပိရိသေသပ်စွာ သူ ပြောနိုင်ခဲ့သည် ။ လက်ဖျံက ဒဏ်ရာက အမာရွတ်ပါးပါးလေး ထင်လာတော့ ဖြူနှင့် သူ ချစ်သူတွေ ဖြစ်သွားကြသည် ။

“ ဖြူကတော့ ချစ်ခြင်းအစ အမာရွတ်က မောင်ရဲ့”

သူ့မျက်ခုံးက အမာရွတ် ကလေးကို စိုက်ကြည့်ကာ လက်ညှိုးကလေးဖြင့် ရေးဆွဲနေရင်း ဖြူက ခပ်ပြုံးပြုံး ရေရွတ်သည် ။ ထိုနေ့က သူ့ အမာရွတ်တွေ အကြောင်း ဖြူကို ပြောပြဖြစ်ခဲ့သည် ။ သူ့နှလုံးသားပေါ်က မနာကျင်တော့တဲ့ အမာရွတ်တွေ အကြောင်း ပြောပြတော့ ဖြူက တိတ်တိတ်လေး သက်ပြင်းချသည် ။ ဖြူ သက်ပြင်းသည် သူ့ အမာရွတ်တွေ အတွက်လား ၊ ဖြူ အမာရွတ်တွေ အတွက်လား သူ မမေးရဲခဲ့ပါ ။ ဖြူက အမာရွတ်တွေကို ချစ်တတ်သူပေမယ့် သူ ကတော့ အမာရွတ်တွေကို ကြောက်တတ်သူသာ ။ အမာရွတ် ဆိုတာမျိုးက မနာကျင်တော့ပေမယ့်လည်း သူ့အရင် ဒဏ်ရာတွေက မူလ တစ်ရှူးတွေကို ဖျက်ဆီးပစ်လိုက်ကြပြီ မဟုတ်လား ။

တစ်နေ့တော့ ဖြူ့ ဆီမှာ အမာရွတ်ကလေး တစ်ခု ရှိမှန်း သူ သိခွင့် ရလိုက်သည် ။ ဖြူ့ ဆီမှာ ဒီလို အမာရွတ်လေး ရှိနေလိမ့်မယ်လို့ သူ ထင်မထားခဲ့ပေ ။ ထို့ကြောင့် သူ ကြောင်ငေး ကြည့်နေတော့ ဖြူက ရှက်ရွံ့စွာ ကွယ်ဝှက်ရှာသည် ။ ပါးလျသော စောင့်ထိန်းမှုတို့သည် ရမ္မက်ဆန္ဒတို့ အောက်တွင် တဖြုတ်ဖြုတ် ကြွေကျသည် ။ ဖြူမှာ အမာရွတ်ကလေးကို ကာကွယ်နိုင်စွမ်း မရှိတော့ ။

“ ဒါ ... မောင် တစ်ယောက်တည်း သိတဲ့ အမာရွတ် ၊ ဟုတ်တယ်နော် ဖြူ ” 

“ ဒါ ... မောင် တစ်ယောက်တည်း သိတာ ။ ဟုတ်တယ် မဟုတ်လား ဖြူ ” 

ယောက်ျားတစ်ယောက်၏ အတ္တ ဆိုသော ခေါင်းစဉ်အောက်တွင် ဖြူ ခေါင်းညိတ်ဖို့သည် သူ့ အတွက် သေရေးရှင်ရေး တမျှ အရေးကြီးနေခဲ့သည် ထင်၏ ။ ဖြူက ဖွဖွလေး ပြုံးပြရင်း ခေါင်းညိတ်သည် ။ ဖြူ ခေါင်းညိတ်ရင်း ပြုံးလိုက်သော အပြုံးက သူ့ သံသယတွေကို လွင့်ပါးဖို့ လုံလောက်ခဲ့သည် ။ သူ လိုချင်တာကလည်း အဲဒါပဲ မဟုတ်လား ။ ထိုအချိန်တွင်တော့ သူသည် အမာရွတ် တစ်ခုကို ကြောက်ရွံ့စွာ ချစ်နေတတ်ပြန်သည် ။

ဖြူ့ အမာရွတ်ကလေးနှင့် ထိတွေ့ခွင့်ရတဲ့ အကြိမ်အရေ အတွက်တွေ များလာခဲ့သည် ။ ကြည်နူးမှုတွေ ကြဲပက်ရင်း နားလည်မှုတွေ သီးပွင့်ခဲ့သလို အတ္တ ပေါင်းမြက်တွေလည်း ထောင်းထောင်းထသည် ။ ဖြူ့ ပစ္စုပ္ပန်နှင့် အနာဂတ်ကို သူ ပိုင်ဆိုင်နေသည်ကို အားမရ ။ ထိုအခါ ဖြူ အတိတ်ကိုပါ ပိုင်ဆိုင်ချင်လာသည် ။ ထို့ကြောင့် သူ ပိုင်ဆိုင်နိုင်ဖို့ အဆင်ပြေသော အတိတ်တစ်ခု ဖြစ်ရန် ဖြူက သူ့ကို အဖြူရောင် အတိတ်လေး တစ်ခုကို ပေးသည် ။ သူသည် လိုချင်တာ ရသွားသော ကလေး တစ်ယောက်လို ဖြူ့ အတိတ်လေးကို ပိုက်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည် ။ နောက်ဆုံးတွင်တော့ အမာရွတ်ကြောက်သူ တစ်ယောက်ထံသို့ အမာရွတ် တစ်ခုသည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည် ။

အမာရွတ် တစ်ခုသည် မက်ဆင်ဂျာ ( Messenger ) ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည် ။ ပေးပို့သူ ကလည်း အမာရွတ်ပေးပို့ရန် အတွက်သာ ရည်ရွယ်သော အကောင့် ( account ) တစ်ခု ဖြစ်ဟန်တူသည် ။ အမာရွတ် ဓာတ်ပုံတစ်ခုကို မြင်ရသောအခါ သူ ယုံကြည်ထားသော အဖြူရောင် အတိတ် တစ်ခုသည် ရုတ်ခြည်း ညိုမှောင်သွားခဲ့သည် ။ အမာရွတ်တစ်ခုကို ဓာတ်ပုံ အဖြစ် မြင်ရသောအခါ ရူးသွပ်မတတ် နာကျင်ရလိမ့်မည်ဟု သူ ဘယ်အခါကမှ မမျှော်လင့်ထားခဲ့ပေ ။

သူ တစ်ဦးတည်းသာ ပိုင်ဆိုင်သည်ဟု ဇွတ်မှိတ် ယုံကြည်ထားခဲ့သော အမာရွတ်သည် အခုတော့ ဓာတ်ပုံတစ်ပုံ ဖြစ်နေခဲ့ပြီ ။ သေချာသည့် အချက်မှာတော့ သူသည် ဘယ်အမာရွတ်ကိုမှ ဓာတ်ပုံ မရိုက်ခဲ့ခြင်းဖြစ်သည် ။

အမာရွတ်ဓာတ်ပုံများသည် ပျိုးခင်း တစ်ခုလုံးကို ခြောက်သွေ့ညှိုးရော်စေသည် ။ ရင့်မှည့်နေသော နားလည်မှုများက ထိလိုက်တိုင်း ကြွေကြွေကျသည် ။ ကြည်နူးမှု အသီးအပွင့်များကတော့ နာကျင် ပုပ်ပွခဲ့ပြီ ။ ဖြူ့ ဆီကိုရော အမာရွတ် ဓာတ်ပုံတွေ ရောက်နေပြီ လား ။ နှုတ်ခမ်းပဲ့ နှစ်ခု နမ်းရှိုက်မိတိုင်း ပေါင်းလဒ် မှန်းတမ်းသာ ကစားနေမိကြသည် ။ ထိုအခါ မန်ကျည်းစေ့လေးများကို မမြင်ရအောင် ဖွက်ထားရင်း လက်အစုံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏ ။ ထို့ကြောင့် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ဖို့ လက်အပိုတစ်စုံ မရှိတော့ ။ တစ်ခါက နွေးထွေးခဲ့သော သူတို့၏ မီးလင်းဖိုလေးသည် အေးစက်ငြိမ်သက်သွားသည် ။

ဖြူ့မှာ တစ်ခုခု ရှိနေသည်ကို အသေအချာ သိပါသည် ။ သူ့မှာ တစ်ခုခု ရှိနေသည် ဟုလည်း ဖြူ သိနေမည်ဟု ထင်သည် ။ ထိုတစ်ခုခုကို လက်ခံနိုင်လောက်သော ခွင့်လွှတ်ခြင်း ဧရိယာသည် အလျားအနံ မပြည့်မီခဲ့ ။ ထို့ကြောင့်လည်း ဖြန့်ခင်းပြစရာ မြေနေရာ မရှိ ။ မျက်ရည်မိုးစက်များသည် ဖြူ့ သက်ပြင်းမုန်တိုင်းများကြား ရွာရွာစွေနေခဲ့သော်လည်း သူသည် မိုးစဲနေတစ်စင်း မဖြစ်ခဲ့ ။ ပိန်းပိတ်မှောင်နေသော လမိုက်ညများတွင် ဖြူသည် အလင်းမဲ့နေခဲ့သည် ထင်၏ ။ သူ၏ တိတ်ဆိတ်ခြင်းကလည်း ကြယ်တွေကို ကွယ်စေခဲ့ပြီ ။ သူ့ထံမှ လွင့်ကျလာတတ်သော အနွေးဓာတ် တစ်စုံတစ်ရာကို အမြဲ ငံ့လင့်နေလေ့ရှိသည့် ဖြူ့ မျက်ဝန်းများသည် အားဖျော့လို့ နေခဲ့ပြီ ။ ထို့နောက်တွင်တော့ ဖြူသည် တိမ်ပါးပါးလေးလို လေတိုက်တိုင်း လွင့်နေတော့သည် ။ ဆေးခန်းမှာလည်း ဖြူ့ နာမည်ပါသော ဆိုင်းဘုတ်ကို ဖြုတ်ထားလိုက်ကြပြီ ။ တစ်ခါက မြတ်နိုးခဲ့ရသော တိမ်ဖြူကလေး အသက်မဲ့စွာ မျောလွင့်နေတော့လည်း သူ့ရင်တွေ နာကျင်ရပါသည် ။ ထိုအချိန်တွင် ရှုထောင့် မျိုးစုံဖြင့် ရိုက်ထားသော နောက်ထပ် အမာရွတ် ဓာတ်ပုံများက တဒေါင်ဒေါင် ရောက်လာခဲ့သည် ။

ထိုနေ့သည် တစ်ခုခု ပြောမှ ဖြစ်တော့မယ်ဟု သူ စဉ်းစား လာခဲ့သော နေ့ဖြစ်သည် ။ သို့သော် ဖြူက သူ့ထက် ဦးအောင် ပြောခဲ့သည် ။

“ မောင် ... ဖြူ့အမာရွတ် ကလေးကို တက်တူး ထိုးလိုက်ရင် ကောင်းမလား ”

အံ့သြခြင်းနှင့် ရှုပ်ထွေးခြင်းသည် သူ့အတွက် တိတ်ဆိတ်ခြင်းထက် ပို၍ ဘာမှ ဖြစ်မလာခဲ့ ။ အနေအစား မမှန်၍ ယိုင်နဲ့နေသော ဖြူနွဲ့နွဲ့ တိမ်ပါးလေးက တက်တူးထိုးဦးမလို့တဲ့လား ။ အမာရွတ်ကိုတဲ့လား ။

“ အမာရွတ်ကို ဘယ်လို တက်တူးထိုးမှာလဲ ဖြူ ”

“ တက်တူးဆိုတာ အလှဆုံး အမာရွတ်တွေပဲလေ မောင် ရဲ့ ။ ကိုယ့်ဘာသာ လိုချင်လို့ ရလာတဲ့ အမာရွတ်တွေ ။ အဲဒီ အမာရွတ်တွေနဲ့ မလိုချင်ဘဲ ရခဲ့တဲ့ အမာရွတ်တွေကို ဖြူ ဖျောက်ပစ်ချင်တယ် ”

ထိုအခါ ဖြူ၏ တောက်ပ လင်းလက်မှုကို မခံနိုင်သဖြင့် သူ့မျက်စိတွေ ကျိန်းစပ်လာသည် ။ ထုံးစံအတိုင်း သူကတော့ မန်ကျည်းစေ့လေးတွေ ဝှက်ဆုပ်ထားရင်း မီးဖိုလေးကို ရေဖျန်း ငြိမ်းသတ်နေခဲ့သည် ။ ဖြူ ကတော့ သူ ခုန်ဆင်းလာသော ကောင်းကင်ကို မော့ကြည့်ရင်း လက်တွေ ဝှေ့ယမ်းနေ၏ ။ ဖြူ့မှာ မန်ကျည်းစေ့လေးတွေ မရှိတော့ ။ လွတ်လပ်သွားသော လက်အစုံနှင့် ဖြူက သူ့ကို ပွေ့ဖက်သည် ။ သူ ကတော့ နွေးထွေး လွတ်လပ်နေသော ဖြူ့ကို အံ့ဩ ငေးမောနေမိခဲ့သည် ။ ဖြူ၏ နွေးထွေးမှုသည် သူ့ထံ ကူးစက်လာခြင်း မရှိ ။ ထိုနေ့က အိမ် အပြန် ဖြူ နေရောင်ဘက်ကို မျက်နှာမူရင်း လျှောက်သွားတာကို သူ နေဝင်သည်အထိ ထိုင်ကြည့်နေခဲ့သည် ။

တကယ်တော့ ဖြူက ငြိမ်းခါနီး အစွမ်းကုန် တောက်ခဲ့သော ဖယောင်းတိုင်ငယ်လေးသာ ဖြစ်ခဲ့ပါသည် ။ ဖြူသည် သူ့ မီးတောက်ကလေးကို သူ့ဘာသာ ငြိမ်းသတ်သွားခဲ့သည်တဲ့ ။ ဪ သူ့ဘာသာ ငြိမ်းသတ်သွားခဲ့သည်တဲ့ ။ ငှက်ဆိုးထိုးသံနှင့် အတူ ထိုသတင်းကို ကြားတော့ သူ့ ရင်ဘတ် တစ်ခုလုံး ပွင့်ထွက်သွားသည် ။ အမာရွတ်တစ်ခု အတွက် ပေးဆပ်သွားတဲ့ တန်ဖိုးက ကြီးလှချည်လား ဖြူ ။ သူ အရူးတစ်ပိုင်းဖြင့် ဖြူ ရှိရာကို လိုက်သွားတော့ ဖြူက အေးစက်နေသော သေတ္တာတစ်ခု ထဲမှာတဲ့လေ ။ ဖြူ့ အမာရွတ်ကလေးကို ကြည့်ချင်လိုက်တာ ။ ဗိုက်ရွှဲရွှဲ လူတစ်ယောက်ကို ငွေစက္ကူများ ထိုးသိပ်ထည့်သောအခါ အခွင့်အရေးများ ထွက်ကျလာသည် ။ အချိန်းအချက် ပြုထားသော အချိန်တွင် ချောက်ချားတုန်လှုပ်စွာဖြင့် အအေးခန်း သေတ္တာထဲသို့ သူ လျှောက်လာခဲ့သည် ။ ယခုတော့ ဖြူနဲ့ သူ နှစ်ယောက်တည်း ။ ဟိုတစ်နေ့ဆီက နွေးထွေးခဲ့သော ဖြူသည် အခုတော့လည်း အေးစက်တောင့်ခဲလို့ ။ သူ တုန်တုန်ယင်ယင်ဖြင့် အမာရွတ်ကလေးကိုသာ ရှာဖွေမိသည် ။ သူ့တစ်ကိုယ်လုံး မြောက်တက်သွားသလို ဟာခနဲ ဖြစ်သွား၏ ။ ဖြူ့ အမာရွတ်ကလေးသည် တက်တူးကလေး တစ်ခု ဖြစ်နေခဲ့ပြီ ။ တက်တူးလေး တစ်ခု ဖြစ်နေခဲ့ပြီတဲ့လေ ။ သူ အသံကုန် အော်ဟစ်ရင်း ထွက်ပြေးလာခဲ့သည် ။

ပူပြင်းသော နေရောင် အောက်တွင် လူအချို့က နွေးထွေးသော သေတ္တာတစ်ခုကို တွန်းထုတ်လာသည် ။ သူ ကတော့ ခပ်ဝေးဝေးက မီးခိုးခေါင်းတိုင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့မိသည် ။ သူ့ စိတ်တွင်တော့ ဘယ်တော့မှ အမာရွတ် မဖြစ်တော့မည် စိတ်ဒဏ်ရာ တစ်ခု ကျန်ရစ်ခဲ့ပြီ ။ သွားတော့ ဖြူရေ ။ ဖြူသည် အမာရွတ်ကလေး အဖြစ် သူ့ဘဝထဲ ဝင်လာခဲ့ပြီး ခုတော့ ခပ်ဝေးဝေးမှ မီးခိုးများအဖြစ် ပျံတက်သွားခဲ့သည် ။

⎕ နေသန့်
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
      ဩဂုတ်  ၊ ၂၀၁၈

No comments:

Post a Comment