Monday, July 13, 2026

နာကျင်မှုမျှဝေ စက်သက်သေ


❝ နာကျင်မှုမျှဝေ စက်သက်သေ ❞
        ( ကိုကြီးကောင်း )

နိုင်ငံတကာ ဆရာဝန်များအဖွဲ့က စက်အသစ် တစ်ခုကို တီထွင်ထုတ်လုပ်လိုက်သည် ။ ယင်းစက်ကို ကိုယ်ဝန်ဆောင်မိခင်တို့ ရိုးရိုး မီးဖွားရာ၍ နာကျင်မှုဒဏ် လျှော့ချနိုင်စွမ်းရှိဖို့ အဓိက ရည်ရွယ်သည် ။ လျှော့ချသည် ဆိုတာထက် နာကျင်မှုဒဏ် မျှဝေ ခံစားနိုင်စေရန် ဖန်တီးထားသည် ။ အမျိုးသမီးများ၏ နာကျင်မှုဒဏ်ကို သူ့တို့ ခင်ပွန်းများထံ မျှဝေပေးရမည် ဖြစ်သည် ။

မောင်မြသည် ယင်းစက် အကြောင်းကို ကြားသိလိုက်ရ၍ တော်တော် ပျော်သွားသည် ။ အဘယ့်ကြောင့်ဆိုသော် သူ့မိန်းမ မီးဖွားခါနီးကျမှ ယင်းစက်က ပေါ်ပေါက်လာခြင်းကြောင့် ဖြစ်သည် ။ သူ့မှာ ခွဲလည်း မမွေးနိုင် ၊ ငွေကြေးကလည်း အလုံအလောက် မရှိ ။ ထိုနာကျင်မှု မျှဝေစက်ဖြင့် ရိုးရိုး မွေးဖွားလျှင် ငွေအများကြီး မကုန်နိုင်ကြောင်း ကြားသိရခြင်းကြောင့်လည်း ဖြစ်သည် ။

တစ်နေ့ မောင်မြမိန်းမ မီးဖွားသည် ။ နာကျင်မှု မျှဝေခံစားစက် ရှိသော ဆေးရုံတွင်ဖြစ်သည် ။ မိန်းမ၏ နာကျင်မှု ထဲမှ ၄၀ ရာခိုင်နှုန်းကို မောင်မြထံ လွှဲပေးလိုက်သည် ။ မိန်းမဖြစ်သူ နာကျင်မှု လျော့သွားသော်လည်း မောင်မြ အတွက်တော့ မနာသေး ။ ထိုသို့ဖြင့် နောက်ထပ် ၂၅ ရာခိုင်းနှုန်း ထပ်လွှဲလိုက်သည် ။ မောင်မြက သူ လုံးဝနာကျင်မှု မရှိသေးကြောင်း ပြောသဖြင့် ဆရာဝန်က ၃ဝ ရာခိုင်နှုန်း ထပ်လွှဲလိုက်သည် ။ မနာ ။ နောက်ဆုံး မောင်မြထံ ၁ဝဝ ရာခိုင်နှုန်း အပြည့် လွှဲပေးလိုက်သည် ။ အစွမ်း မပြ ။ ထိုသို့ဖြင့် မောင်မြရော သူ့မိန်းမမှာ လုံးဝ မနာကျင်ရဘဲ ကလေးတစ်ယောက်ကို လျှောလျှောရှူရှူ မွေးဖွားနိုင်လေသည် ။

မောင်မြ ထိုစက်ကို တော်တော် သဘောကျသွားသည် ။ ယခုအတိုင်း ဆိုလျှင် နောက်ထပ် ကလေး ၅ ယောက်လောက် ဆက်တိုက် ယူပစ်ဦးမည်ဟု တွေးလိုက်သည် ။ ဆေးရုံ၌ သုံးရက်ခန့် နေပြီးသောအခါ သူတို့ လင်မယားနှစ်ယောက် ပီတိကိုယ်စီဖြင့် အိမ်ပြန်လာခဲ့ကြသည် ။

အိမ်ပြန် ရောက်ရောက်ချင်း သတင်းတစ်ခု ကြားရသည် ။ သူတို့၏ ဘေး နှစ်အိမ်ကျော်က ကိုသန်းရွှေ ဆုံးသွားကြောင်းသတင်း ဖြစ်သည် ။ ဘယ်လို ဆုံးသွားကြောင်း သိလိုသဖြင့် မောင်မြ မေးလိုက်သည် ။ ကိုသန်းရွှေ၏ မိခင်က ပြန်ပြောသည် ။

“ မသိပါဘူး မောင်မြရယ် ... အကောင်းချည်းကနေ ချက်ချင်း ရုတ်တရက် သေသွားတာ ... လွန်ခဲ့တဲ့ ၃ ရက်လောက်က အား .. ဗိုက်တွေ အရမ်းနာတယ် .. ပူတယ် ပူတယ်လို့ အော်ရင်း ဆုံးသွားတာပဲကွယ်”

မောင်မြ ခေါင်းနပန်း ကြီးသွားလေသည် ။

▢  ကိုကြီးကောင်း
📖 ရယ်စရာ မဂ္ဂဇင်း
      ဧပြီ  ၊ ၂၀၁၅ 

No comments:

Post a Comment