Wednesday, July 1, 2026

ဘယ်သူ့ လက်ချက်လဲ


❝ ဘယ်သူ့ လက်ချက်လဲ ❞ 
         စုံထောက်ဝတ္ထု

အခန်း ( ၁ )

မိုးကလည်း တဖွဲဖွဲ ရွာ၍ လမ်းပေါ်မှာ ရေစပ်စပ် ရွှံ့ထပ်ထပ်နှင့် တက္ကစီကားမောင်းသမား မောင်သာမောင်သည် ရန်ကုန်မြို့ အလုံရပ် ပန်းခြံနှင့် ကမ်းနားလမ်းထောင့်တွင် သံရေကျိုသော စက်က အင်္ဂလိပ် တစ်ယောက် ပို့ပြီး၍ ခရီးကြုံများ ရှိမည်လားဟု စောင့်နေရာ မည်သူမျှ မရသဖြင့် ထိုည အဖို့မှာ စောစော ဆင်နင်းကွက်သစ် စီစီ အိမ်သို့ ပြန်ပါတော့မည်ဟု ကားကို စက်နှိုးလျက် မောင်းတော့မည်ဟု အလုပ်မှာ ‘ မက်ဂရေဂါ ’ သစ်စက်က လူတစ်ယောက် ထီးကို ကုပ်ကုပ်ဆောင်း ခပ်သုတ်သုတ် လျှောက်လာသောကြောင့် ကားဦးက ‘ မတ်ဒါး ’ ရွှံ့ကာ ကို တိုးမိမှ ရပ်လေသော်။

သာအောင် ။  ။ အလို .. ဆရာကြီး အသက်အာမခံ ထားပြီးပြီလား။ မြင်းပွဲ ရှုံးလာလို့ ကားအကြိတ်ခံပြီး သေလိုက်တော့မယ် ကြံတာလား။

လူ ။ ။ အောင်မယ် ... နည်းနည်း လိုတော့တယ်၊ ဒီ မိုးကလည်း နွားသိုး ဆီးအောင့်သလို တဖြတ်ဖြတ်နဲ့ စဲပဲ မစဲနိုင်ဘူး။ ခင်ဗျား တက္ကစီ အားရဲ့လား။

မောင် ။ ။ အားတော့ အားပါရဲ့။ ခရီးဝေး သွားလို့ ဖြစ်မယ် မထင်ဘူး။ ‘ တာယာ ’ ကို များများ စိတ်မချလို့ပါ။

လူ ။ ။ မဝေးပါဘူး ၆၄ လမ်း ကို သွားရုံပါ။

မောင် ။  ။ ဒါလောက်တော့ သွားနိုင်ပါလိမ့်မယ်။ 

လူ ။ ။ ဟေ့ .. နောက်က လူများ မြန်မြန် လာကြဟေ့ ... ချမ်းလည်း ချမ်း၊ ဝမ်းလည်း ဟာနဲ့ ကြာရင် ဖျားကုန်ကြမယ်။ 

မောင် ။ ။ ခင်ဗျားတို့ ဇာတ်သမားတွေလား။

လူ ။ ။ ပုလိပ်တွေကဖြင့် ကျုပ်တို့ ဇာတ်သမားတွေကို တိုင်းပြည်ပုန်မယ့် ပိုလစ်တစ် တရားဟောဆရာတွေ ထင်လို့ မှတ်တယ်။ ထင်ပြီး ကြည့်မြင်တိုင်က ဇာတ်ဆရာ တစ်ယောက်နှင့် လခလည်း ကောင်းတယ်လို့ လိုက်သွားကြ၊ မီးရထားလမ်း တစ်လျှောက်မှာ ကပြ လိုက်ရတာကလည်း နားရက်၊ အားရက်တောင် မရှိဘူး။ နှစ်လည်း ကြာရော တောင်တွင်းကြီးမြို့က ကန်ထရိုက် လက်ခံထားတဲ့ ပွဲလည်း ပြီးရော ဇာတ်ဆရာ ရော ငွေရော ပျောက်သွားလိုက်တာ ဇာတ်သမားတွေမှာ ပုဆိုး၊ ထဘီတွေ ပေါင်နှံပြီး ပြန်ခဲ့ရတယ်။ ဒါတောင် တချို့က တချောင်းထဲ လိုက် ချောင်းပြီး ဘယ်အရပ်က ပွဲမှာ ဘယ်စကားကို ထည့်တယ် ဆိုတယ်လေး၊ ဘယ်သို့လေးနှင့်။ အမိကို ပြစ်မှားလို့ ရှင်ဘုရင် မျောက် ဖြစ်တဲ့ ဇာတ်ကို ပြတာတောင် တချို့က အပြစ်တင်သေးတယ်။ အခုလည်း အေးရွာဘက် ကနေ ပွဲကပြီးလို့ ဒီဘက် ကမ်းကူးတာတောင် လူပိုပြီး မကူးရဘူးလို့ ပြောကြသေးတယ်။

ကျေးရွာမှာ ဘုရားပွဲ မကရဖြစ်ဘူးဆိုတာနဲ့ စရန်ငွေ ပြန်ပေးခဲ့ရတာလဲ ပြောမကောင်းဘူး။ ကျုပ်တို့ ဇာတ်သမားတွေတောင် တိုင်းပြည်ရေး ကိစ္စနဲ့ ဒုက္ခ တွေ့ နေကြရပါပကောဗျာ။

ထိုသို့ ပြောဆိုနေရင်း နောက်လူ တစ်ယောက်၊ ခွေးကြီး တစ်ကောင်၊ မိန်းမ နှစ်ယောက်ကို ကားနားသို့ ရောက်လာကြပြီးလျှင် ကားပေါ်သို့ ချမ်းချမ်းတုန်တုန်နှင့် တက်လာကြလေလျှင် မောင်သာမောင်မှာ ခွေးကြီး ကိုသာ ကြည့်၍ ကြက်သီး တဖြန်းဖြန်း ထနေလေ၏။

ထိုသူ လေးယောက်တို့ အနက် မိန်းမတစ်ယောက် သည် အလွန်အရပ်မြင့်၍ တုတ်တုတ်ခိုင်ခိုင် ယောက်ျားများထက်ပင် သန်စွမ်းသော ခွန်အား ရှိဟန် တူသည်။ ထိုမိန်းမကို ပထမ ကားငှားသော လူကြီးက ‘ ဘုတ်ဆုံကြီး ’ ဟု ခေါ် လေသည်။ ကားငှားသော သူသည်လည်း အလွန်အားဗလ ကြီးသော လူထောင်ထောင်မောင်းမောင်းကြီး ဖြစ်လေသည်။ ထိုခွေးကို လည်ပတ်ကြိုး နှင့် ဆွဲလာသော လူမှာ လူပြက် လုပ်သောသူနှင့်ပင် တူလေသည်။ အရက်မူး၍ ခပ်ထွေထွေ ဖြစ်နေသော လက္ခဏာ ရှိသည့် မိန်းကလေးမှာ သိမ်သိမ်မွေ့မွေ့ ပျော့ပျော့ပျောင်းပျောင်း ဇာတ်လိုက်မင်းသမီးနှင့် တူပေသည်။

မောင် ။ ။ အို .. ခင်ဗျ .. လူစားကျားကြီးလို ခွေးကို ကားပေါ်မှာ တင်ရင်၊ လူ လေးယောက် နောက်ထိုင်က မထိုင်နိုင်ဘဲ နေပါလိမ့်မယ်။

ခွေးရှင် ။ ။ ဂုတ်ကြားကို ရှေ့မှာ ခင်ဗျားနဲ့ ထိုင်ပါစေမယ်။ ကျွန်တော့် ခွေးကြီးဟာ အစာ မစားရတာ နှစ်နပ်တောင် ရှိလို့ ခင်ဗျားကိုတော့ မြိန်မြိန်ရှက်ရှက် သဘောကျပါလိမ့်မယ် ဟီး ...ဟီး ...။

မောင် ။  ။ ဟာ .. ဒါဖြင့် ခင်ဗျားတို့ကို ကျွန်တော့် ကားမှာ မတင်နိုင်ဘူး၊ ကျွန်တော်လည်း အိမ်သို့ ပြန်ဖို့ အချိန်တော်ပြီ၊ ကိုင်း .. ပြန်ဆင်းကြပါ။

မိန်းကလေး ။ ။ ဟုတ်သားပဲ၊ ကိုဘိုးတောက ရှင့် ခွေးကြီးကို ‘ ဖွတ်ဖို့ ’ ခြေနင်းတက်တဲ့ နေရာမှာ ထားပြီး သူ့လည်ပတ်ကို ကိုင်ထားပါလား။ ခွေးကြီးကလည်း စားတော့မလို ... ဝါးတော့မလို ... ကျားထက် ကြောက်ဖို့ ကောင်းသေးတယ်။

တော ။  ။ ဂုတ်ကျားက သူ့ သခင်ကို မထိရင် ဘယ်သူ့ကိုမှ ရန်မရှာဘူး၊ ဂုတ်ကြား သတ္တိကို သိချင်ရင် ဆင်တို့လို အားရှိတဲ့ ကိုမိုးကြိုးကြီးက ကျုပ်ကို လက်သီးနှင့် ရွယ်ကြည့်စမ်းပါလား။ ဂုတ်ကျားက ကိုမိုးကြိုး ရော၊ မဘုတ်ဆုံကြီးရော၊ တစ်ယောက် တစ်လုတ်ကျ ဝါးမစားရင် ပြောပေါ့။ 

မိုးကြိုး ။ ။ တိတ်စမ်းပါကွယ် ... ဘိုးတောရယ်။ မင်းရဲ့ ဂုတ် ကျားကြီးဟာ မင်းအနားမှာ ရှိနေသမျှ မင်းကို ဘယ်သူမှ မစဝံ့ပါဘူး။ ကိုင်း ... ဒရိုင်ဘာ စက်နှိုးပြီး မောင်းပါတော့။

မောင်း ၍ ၆၂ လမ်းထောင့် နားကို ရောက်လျှင်ပင် သေနတ်သံလို ‘ ဖောင်းခနဲ ’  ကြားလိုက်သော် မိန်းမ နှစ်ယောက်က “ အမယ်လေး သေပါပြီတော့ ” ဟု သံပြိုင် အော်လိုက်ကြ၏။

သူငယ်မ ။  ။ ဘယ်က နေပြီး ပစ်လိုက်တဲ့ သေနတ်သံလဲ။ ဘယ်သူ့ ကို မှန်သွားသလဲ။

မောင် ။ ။ သေနတ်ပစ် ခံရတာက ကောင်းပါသေးတယ်၊ မိုးရေကြီးထဲမှာ ကားတာယာ ပေါက်သွားလို့ ဆင်းပြီး ပြင်ရမှာက သာပြီး ဆိုးဝါးနေပြီ။

ကြိုး ။  ။ ဖြည်းဖြည်းသာ ဆက်မောင်းပါ။ နှစ်လမ်းတည်း ကျန်တော့တာပဲကို ကျုပ်တို့ အိမ်ကို ရောက်မှ ကျုပ်တို့ နဲ့ ကော်ဖီသောက်၊ မုန့်စား .. အားရှိလာတော့ တာယာကို ပြင်တာပေါ့။

မောင်သာမောင်သည် ကလည်း မည်သို့မျှ မပြောဘဲ ... ဇာတ်သမားများ တည်းအိမ်သို့ ရောက်အောင် ဆက်လက် မောင်းပြီးလျှင် သူတို့နှင့် တည်းအိမ်သို့ တက်သွားလေ၏။ အိမ်ရှင် မိန်းမ ဒေါ်ဖွား ဝမ်းသာအားရ နှုတ်ခွန်းဆက်ပြီးလျှင် ကော်ဖီအိုး တည်၍ ထားကြောင်း ချက်ချင်းပင် ကော်ဖီ ဖျော်၍ ပေါင်မုန့်ကင် ထောပတ်သုတ်ပေးမည် ပြောပြီးမှ ..

ဖွား ။  ။ ခင်ဆုံကြီး မောပန်းဟန် မတူပဲကိုး။ ခင်ရီကလေးဖြင့် ခွေပျော့လာတာပဲကို တကယ် ပျော့တဲ့ မိန်းမကလေးပဲ၊ ဒါထက် အိမ်မှာ လူပို တစ်ယောက် ရောက်နေတယ်၊ ဒီနေ့ ညနေကလေးပဲ နဂရာတို့ ဇာတ်နှင့် မတည့်လို့ ထွက်လာပြီး မင်းတို့ ဇာတ်မှာ လိုက်မလို့တဲ့။

ကြိုး ။ ။ ဘယ်သူလဲ ဒေါ်ဖွားရဲ့။

ဖွား ။  ။ တရုတ်မှော်နဲ့ မျက်လှည့်ဆရာ ‘ လောဟူ ’ ရယ်လေ။ 

ရီ ။ ။ ဟာ ... ဒီတရုတ်နဲ့ နေရာမကျပါဘူး။ ပြည်ကြီးသား ဆိုပေမယ့် တကယ် လူရေလည်တဲ့ အကောင် ... ကျွန်မနဲ့ နည်းနည်းမှ မျက်နှာကြော မတဲ့ဘူး။

ဆုံ ။  ။ ညည်းကို နောက်ပိုး ပိုးတက်တာလောက်ပါပဲအေ။ သူ ပါရင် တို့ဇာတ်ဟာ အပုံကြီး မြိုင်မှာပဲ။ အခုလည်း ညည်း အပေါ်မှာ သူ က လက်လျှော့ပြီး ရွံ့မုန်းကြီး မုန်းနေပါပြီ။ မရမှန်း သိလို့ မစဝံ့ပါဘူး။ သူ ပါတာ ကောင်းတယ်။ ဒီတရုတ်ကို စလို့ တကယ်ကောင်းတယ်၊ စိတ်ကလည်း တရုတ်လူမျိုးမို့ ခပ်တိုတိုတော့ ပွဲ ပရိတ်သတ် ရယ်မောရအောင် ကျုပ်က လူနဲ့ အများကြီး လုပ်နိုင်တယ်။စ ပေးလိုက် ရင် သူက လျှောက် ရည်နေတာနဲ့ တဟားဟား ရယ်ရမယ်။

ဖွား ။ ။ နို့ .... သူငယ်က လူသစ်ပါကလား။ ဘယ်သူတဲ့လဲ။

ကြိုး ။ ။ တက္ကစီ မောင်းသမားပါ။ ကျွန်တော်တို့ကို ပို့လာတာ။

ဤသို့ ပြောဆိုနေခိုက်တွင် မှော်ဆရာ တရုတ် မောင်လောဟူ သည် အခန်းထဲသို့ လာပြီးလျှင် အားလုံးကို နှုတ်ဆက်လေ၏။

•••••   •••••   •••••

အခန်း ( ၂ )

ဒေါ်ဖွားသည် ကော်ဖီများ ဖျော်၍ လာရာ ဂုတ်ကြား သည် တံခါးဝ၌ ဝပ်နေသဖြင့် ၊

ဖွား ။ ။ မောင်းဘိုးတော မင်း ကျားကြီးကို ခေါ်ထားစမ်းပါကွဲ့။

တော ။  ။ ဒေါ်ဖွားကို မကိုက်ပါဘူး။ ဒေါ်ဖွားက အစာကျွေးနေကျမို့ ကျွန်တော့်ကို ထိတဲ့ လူကိုသာ ကိုက်တယ်။

ဖွား ။ ။ မလုပ်ပါနဲ့ကွယ်၊ အစာကျွေးတုန်းကိုသာ ငါ နဲ့ တည့်ပါတယ်။ မင်း ကိုတော့ ဂုတ်ကြား ရှိရင် ဘင်္ဂေါဘဏ်တိုက်က ငွေ အားလုံး ပုံပေးမယ် ဆိုတောင် မတိုက်ဝံ့ပါဘူး။

ဤသို့ ဆိုလျက် ဂုတ်ကျားကို ထောပတ်သုတ် ထားသော မုန့် တစ်ဖဲ့ ပေး၍ ခပ်လျှိုလျှို ဂုတ်ကြားကို ကွင်းလျက်၊ ကော်ဖီခွက်နှင့် မုန့်ပန်းကန် များကို ဧည့်သည်တို့သို့ ပေးကမ်းသောက်ကြစေလေ၏ ။

ကော်ဖီ သောက်တုန်းမှာ မောင်ဘိုးတောက အလို ... မြို့ကြီးသူမြို့ကြီးသားတို့ ထုံးစံကို မေ့နေကြသကိုး။ ကျွန်တော် လူရွှင်တော် “ ဆား .. ဘိုးတော ” က ဤပရိတ်သတ်တို့ ရှေ့၌ မိတ်ဖွဲ့ နှုတ်ဆက်စကား ပြောကြား အစီရင်ခံလိုတာ က ယခု ကျွန်တော်တို့ ဇာတ်တော်သားများ အလယ်တွင် ကြွရောက်ရှိသော မိတ်ဆွေသည် ယန္တရားစက်ရထားကို မောင်းနှင်သော ရွှေဂုံ မြို့သား မောင်မောင်သာမောင် ပါတဲ့။ 

ယခု ကျွန်တော်၏ လက်ဝဲဘက်က ထိုင်နေသော လံဘားထောင်လောင် မိုးမှောင်ညဉ့်နက် မီးသွေးရောင် ထွက်လှသော တာနောဘီလူး၏ ဆွေမျိုး ဦးမိုးကြိုး ကတော့ သံကြိုးကျောက်ဆူး၊ ကြခတ်ဆူး ကျားလျှာဆူး၊ အထူးထူးသော ပုလင်းကွဲ၊ အိုးခြမ်းကွဲတို့နှင့် ကျောက်ခဲ ဟူသမျှကို မြိန်ရှက်စွာ ဝါးမျိုစားပြလေ့ ရှိသော မျက်လှည့်ဆရာကြီး ပါပဲ ခင်ဗျား။ အဲ သူက ဝါးမျိုလို့ ပြပေမယ့် တကယ်လို့ မယုံကြည်ပါနဲ့၊ ပဉ္စလက်နည်းဆိုးနှင့် အမျိုးမျိုး လိမ်ခြင်းလောက်ပါပဲ။ ဝါသမျှ ထွားသမျှ ခွန်အား ရှိတယ်လို့ မထင်လိုက်ပါနဲ့။ သူ့ မိန်းမ မဟုတ်ညီရဲ့ ထဘီသေတ္တာကိုတောင် အနိုင်နိုင်ပါအောင် ထမ်းရတဲ့ လူပါ။

ကြိုး ။ ။ ဘိုးတော ... မင်း ဟာလေ ငါ့ အရှက်ကို နေရာတိုင်း ခွဲနေတယ်၊ ဧည့်သည်က အဟုတ် ထင်နေမယ်။ ပျက်ပျက်နဲ့ မင်း ဒုက္ခရောက် သွားချင်သလား။ ဒီအရေတွေကို သိပ် သောက်ပြီး မူးချင်တိုင်း မူး ပြောချင်တိုင်း ပြော မနေနဲ့။ ငါ့ ပရိယေသနနဲ့ ဝမ်းစာရေးပညာကို ထိခိုက် ပြောမနေနဲ့ တိတ်ဆို တိတ် ငါလေ။

ဂုတ်ကြားက မိုးကြိုး၏ အမူအရာကို မြင်လျှင် ဟိန်း၍ ဂုတ်မွေးများ ထောင်လာသော် မိုးကြိုး ငြိမ်၍ နေရလေ၏။

တော ။  ။ ဦးမိုးကြိုးရဲ့ လက်ဝဲဘက်က ဇောကနီ ... အေးလေ .. ယောင်လို့ ကော်ရင်ဂျီ မိန်းမနက်ကြီး လို ဣန္ဒြေရရနဲ့ ဝတုတ်တုတ် အရုပ်ဆိုးမကြီးဟာက၊ ဦးမိုးကြိုးရဲ့ ပန်းဦးပန် ကွမ်းခြံဈေး နောက်ပါးက ကြာသမား ဓားဘသန်းရဲ့ ဦးစောက်ပန်း လက်ယာထား တတိယ မယားတဲ့ဗျ။ သူ့ နာမည်ရင်းက မဘုတ်ဆုံ၊ ပွဲထဲမှာတော့ ခင်ခင်ဆုံလို့  ခေါ်ကြသဗျ။

ကြိုး ။ ။ ဟေ့ .. ဘိုးတော မင်းဟာ တန်ရင် ဆေး လွန်ရင် ဘေးတဲ့ ဒါလောက် မသရမ်းနဲ့။

ဆုံ ။  ။ ဟေ့ ဘိုးတော။ နင့်ဖိနပ်စာ ဖြစ်သွားချင်သလား ငါ့ကို လာမစနဲ့နော်၊ နင့် ခွေးကြီး ကို အားကိုးလို့ စော်ကားချင်တိုင်း စော်ကားနေတာလား။ နင့် ခွေးက နင့်ကို အစဉ်မပြတ် စောင့်မှာ မဟုတ်ဘူး။ တစ်ခါတော့ လစ်ဦးမှာပဲ သိရောပေါ့။

တော ။ ။ ရယ်လျက် “ ဟောဟိုဒေါင့်က ကိုင်း တရုတ်ကဖြင့် ”

လောဟူ။ ။ နင်က ကိုင်းတရုတ်၊ ကိုင်းတရုတ်နဲ့ ငါက အမျိုးမြတ်၊ ဟဲ့ ... နင့်လို ဘိန်းစားမျိုး မဟုတ်ဘူး။ ငါ့ကို လာမစနဲ့၊ ငါ့ကို ဘယ်သူကမှ ကိုင်းတရုတ် မခေါ်ဝံ့ဘူး။ တို့ တိုင်းပြည်မှာ ကိုင်းတရုတ် ဟာ ကျွန်မျိုး ငါ့လို ပညာ မတတ်ဘူး။ တရုတ်ပြည် မှာ နင် ဒီလို ပြောရင် နင် သေတာ ကြာလှပြီ။ နင်တို့ ဗမာကို သုဘရာဇာ ခေါ်သလို နာတယ် သတိထား။

တော ။ ။ ဟား .. ဟား ကိုင်းတရုတ်က ဂိုက်ထုတ်လို့၊ နင်တို့လို အဖုတ်ရှုပ် ဂုဏ်လုပ်ချင်လို့ မရဘူး။ အဲဒီ ကိုင်းတရုတ် က အမျိုးယုတ် ပေမယ့်လို့ အဟုတ်အဟတ် မျက်လှည့်မှော်သွင်း ... စိတ်ညှို့အတတ်မှာတော့ တစ်ဖက်ကမ်းခတ်တဲ့ မှော်ရူးပါပဲ။ သူ့နာမည်က ဦးလောဟူ ပါတဲ့ အပျို မြင်တိုင်း မြှူပြီး ဝက်အူချောင်း စားပြီး ကာနိကာ မုန်လာဥ ဖြစ်နေရတယ်ဗျ။ နောက်ဆုံး တစ်ယောက် မေးထောက်လို့ မှိုင်တွေချ ဒေါင့်နားက သုစိတာကလေး မှာတော့ ယဉ်ကျော့ကျော့ မူလကျီတဲ့ ဇာတ်လိုက်မင်းသမီး အစစ်ပါပဲ။ အချစ်က အပုံများ ရည်းစား ထားလိုက်တာက လူ မြင်ကရာ၊ လင် ဆိုတာမှာတော့ ထည်လဲသုံး တိတ်တိတ်ပုန်း အချောင်ကြိတ်ထားမှာဖြင့်။ ကားနှင့် ထင်တိုင်း လိုက်တတ်တာ ... တစ်ရွာ မှာ လူ တစ်ရာထက် မနည်းဘူး။ တစ်လင်နဲ့ မကွဲခင် နှစ်လင်လောက် တွေ့ သဗျ။ လိုချင်ကြတဲ့လူ မျက်ရိပ်ပြမှဖြင့် ‘ မြင်းမဒန်း ဆားပြ ’ သလို ဘယ်ကိုမဆို လိုက်ပါရဲ့။

ဤစကားသို့ ရောက်လျှင် မခင်ရီမှာ ဆတ်ဆတ်တုန်အောင် နာပြီးလျှင်။

ရီ ။ ။ ကိုဘိုးတော ရှင့် ပါးစပ်ဟာ မိန်းမရွှင် ဖင်ထက် ဆိုးဝါးသေးတယ်။ ရှင့် ပါးစပ်ကို ပိတ်မလား၊ ဖိနပ်နဲ့ ပိတ်ရမလား။ 

ဤသို့ ဆို၍ ဖိနပ်ကို ကိုင်ကာ မောင်ဘိုးတော ရှိရာသို့ လာလေသော်၊ ဂုတ်ကြားက ဟိန်းလိုက်သဖြင့် ထိုင်မြဲတိုင်း ပြန်၍ ထိုင်လျက်။ 

ရီ ။ ။ တစ်နေ့ ရှင့်ကိုမှ မသ,တ်ရရင် နေပဲ မနေသေး ဘူး၊ ရှင့်ကို နာနေတာ ကြာလှပြီ။

ကြိုး ။ ။ မင်း မသ,တ်ရင် ငါသ,တ်မယ်။

တော။ ။ ( သူတို့ ကြိမ်းမောင်းသည်ကို ဂရုမပြုဘဲ ဆက်လက်၍  ) ကျွန်တော်တို့ အိမ်ရှင် ဒေါ်ဒေါ်ဖွားတော့ အခြား အိမ်ရှင်နဲ့ မတူဘူးဗျ။ ဒင်္ဂါး မြင်ရင် အစကုတ် ပုပ်ပေဆိုတဲ့ ငပိ နဲ့ ဟင်းရည်ကြို၊ လူတစ်ကိုယ် တစ်လ နှစ်ဆယ်ကျ တောင်း၊ အကောင်းဆုံး ဟင်းက ငါးခြောက်ရိုးနဲ့ ပဲကြား။ ဆန်သားမှာ ဆန်ကွဲတစ်ဝက် ထည့်ပြီး၊ ထမင်း ငါးပိထောင်းနှင့် တို့စရာ ကန်စွန်းရွက်ပြုတ် ဂုဏ်နုတ်အောင် မဝတဝ ကျွေးတတ်တကဲ့၊ လူကလေး ခပ်လှလှကို မျက်စနှင့် အရချိတ်ပြီး အိပ်ရာဝင်တိုင်း အနှိပ်ခိုင်းတတ်တဲ့ ရှုံ့မဲ့မဲ့ အရွယ်အိုပေမယ့် တကယ့်ကို အစိမ်းတိုက်ပြီး အဘိုးကြီးများဆီက ငွေကို ခြူ၊ ဖြူတော့မှ လက်လွှတ်၊ ကြွတ်ကြွတ်ရွတ်ရွတ် ဖမ်းစားတတ်တဲ့ ဒေါ်ဒေါ်ဖွား ပါတဲ့ မောင်သာမောင်ကြီး ခင်ဗျား။

ဒေါ်ဖွားက မည်သို့မျှ ပြန် မပြောသော်လည်း ဒေါ်ဖွား၏ မျက်စိက ဖမ်းစားတတ်လျှင် မောင်ဘိုးတောသည် မတ်တတ် ဗုန်းခနဲ သေလောက်အောင် အတွင်းဒေါသမီး ထနေသည်ကို အားလုံးက သိနိုင်ထင်နိုင်ကြပေသည်။

မောင်သာခင် သည် ထိုသူတို့က မောင်ဘိုးတော အပေါ်မှာ အမျက်ထားကြပုံကို လူသ,တ်၍ သေလေပြီဟု ကြားရသော် အံ့သြဖွယ် မဟုတ်ဟု တွေး၍ တိတ်တဆိတ် အိမ်ပေါ်မှ ဆင်းလာခဲ့လေ၏။ မောင်သာခင်သည် အိမ်အောက်သို့ ရောက်လာသော်လည်း မိုးသည် တဖွဲဖွဲ ရွာလျက်ပင် ရှိသောကြောင့် စိတ်ပျက်ပျက်နှင့် နှေးကွေးစွာ တာယာဘီး ကို ဖြုတ်ပြီးကာလ တာယာ အသစ်ထည့်ရန် ကြည့်သောအခါ စပယ်ရာ တာယာဘီး မှာလည်း လေမရှိသောကြောင့် ‘ ကျွတ် ’ အထဲခံ ရော်ဘာ လေပြွန်ချောင်းကို လေလုံအောင် ဖာထေး နေရပြန်လေ၏။ ဤသို့ ပြုပြီးလျှင် အချိန်နာရီ နည်းနည်း ကြာရှိလေမှ တာယာဘီးကို ပြင်ပြီး၍ အိမ်ဘက်သို့ လှမ်းကြည့်ရာ ဒေါ်ဖွား အိမ်သားများ အိပ်ပျော်ကြလေဟန်၊ တစ်အိမ်လုံး ငြိမ်သက်၍ တံခါး၊ ပြတင်းများ ပိတ်ထားသည်ကို တွေ့ ရလေ၏။

တက္ကစီကားကို စက်နှိုးလျက် သွားတော့မည်ဟု ပြုရာ တာယာပြင်စဉ်အခါ ရွှံ့မပေရအောင် လမ်းပေါ်တွင် ခင်းထားသော ပုလိပ်ဆပ် အင်စပက်တော် တစ်ယောက်ထံမှ မိုးကာအင်္ကျီ အဟောင်းကို လမ်းပေါ်မှ မယူခဲ့မိ ကြောင်း သတိရ၍ ထိုမိုးကာကို ယူမည်ဟု ကားပေါ်မှ ပြန် ဆင်းပြီးကာလ၊ “ ဪ ငါ့ အလုပ်ဟာ ပုလိပ်စုံထောက် အမှုထမ်းများလောက်မှ စည်းစိမ် မရှိပါလား။ ပုလိပ်စုံထောက်များ မှာတော့ စီးကရက်၊ ဆေးလိပ်ကို သောက်လို့ စားပွဲကုလားထိုင် ပန်ကာ၊ ယပ်များနှင့် အခန့်အညား လုပ်၊ အမှုပေါ်လာရင် လည်း မသင်္ကာတဲ့ လူကို ဖမ်း။ သက်သေ ရအောင်ရှာ အပြစ်ရရင် ပြီးရော နာမည်ကြီးရော အမှု မှန်မှန် မမှန်မှန်၊ ဒီနေ့လို ဒေါ်ဖွား အိ မ်မှာ ဖြစ်တာမျိုးကို ပုလိပ်စုံထောက်က  ကြားရလို့ မောင်ဘိုးတောများ တစ်စုံတစ်ရာ ဖြစ်ခဲ့ရင် ပုလိပ်က တစ်အိမ်လုံး မုန်းဖမ်းမှာပဲနော် ” ဟု စဉ်းစားနေရင်း၊ ကားကို မောင်းတော့မည်ဟု အကြံ မှာ ကားတစ်စီး ဆိုက်ရောက်လာပြီးလျှင် “ ဟေ့ .. တက္ကစီ ခဏ ရပ်လိုက်ဦး ” ဟု ဆိုသဖြင့် ရပ်လေရာ အခြားသူများ မဟုတ်။ ပုလိပ်ပတ္တရောင်ကား ဖြစ်မှန်း သိရလေ၏။ ပုလိပ်သား တစ်ယောက်နှင့် အင်စပက်တော် မောင်ဝါလွန်း၊ နာရစ်ဘိုးချက် တို့သည် ခိုက်ခိုက်ကုန်အောင် ချမ်းလျက် နေသည်ကို မြင်ရပြန်သော် “ ဪ ... ပုလိပ် အလုပ်ဟာလည်း တယ်ပြီး စည်းစိမ် မရှိပါကလား၊ ငါ့ထက်ပဲ ဒုက္ခရောက်သေးသကိုး ” ဟု အောက်မေ့ပြန်လေ၏။

လွန်း ။ ။ ဟေ့ ... သာမောင်လား။

မောင် ။  ။ ဟုတ်တယ် ... ဆရာတို့ ဘယ်လှည့် လာကြသလဲ။

လွန်း ။ ။ ဟာ .. ပုလိပ် အလုပ် အလကား အလုပ်ပါကွယ်။ အိမ်မှာ ကလေးလည်း မမာဘူး။ မိန်းမကလည်း မီးယပ်ချမ်း ထနေတယ်။ ဒါနဲ့တောင် ဒီတစ်ည ပတ္တရောင် မလှည့်ပါရစေနဲ့လို့ ခွင့်တောင်းတာ မပေးဘူး။ မယားနှင့် သားကို ဒါလောက် မခွဲနိုင် အလုပ်က ထွက်ရမယ်တဲ့။ ငါ့မှာလည်း ဒီအလုပ် လက်လွတ်ရင် ထမင်းငတ်မှာကြောင့် ပတ္တရောင် လှည့်ခဲ့ရတယ်။ ညစာထမင်း အခုတောင် မစားရသေးဘူး။ အင်းစိန်၊ မင်္ဂလာဒုံ၊ ဘောက်ထော်၊ ကြည့်မြင့်တိုင် စုံပါရောကွယ်။ ပတ္တရောင် လှည့်ရတာ အခုတော့ တာယာလည်း ပေါက်၊ ဓာတ်ဆီပိုက် ကလည်း ဆို့နေလို့၊ မင်းက ကျွတ်ဖာစရာ ရှိရင် တို့ကို ပေးပါဦးကွယ်။ နောက်ပြီး ဓာတ်ဆီပိုက်ကိုလည်း ကူဖြုတ်ပြီး ပြင်ပေးပါဦး။ ဪ ... ဪ ... ပုလိပ်အ လုပ်လည်း အလကား အလုပ်ပဲ။ မသိတဲ့ လူများကတော့ တို့မှာ အင်မတန် အေးတယ်။ အင်မတန် စည်းစိမ်ရှိတယ် ထင်ကြတယ်။ တခြားမှာ ၁ဝဝ စား အလုပ်ရရင် ဘုရားစူးရပါစေရဲ့၊ အခု ဝါးနေတဲ့ ၂၇၅ ကျပ်စား အလုပ်က ချက်ချင်း ထွက်တယ်ဟေ့ ယုံပါ။

ပတ်ကရောင်ကားကို ဝိုင်း၍ ပြင်ဆင်နေကြရာ နာရီဝက်လောက် ကြာသော် ပြီးစီးလေသဖြင့် သွားကြတော့မည် အပြုတွင် ဒေါ်ဖွားအိမ်က ရုတ်ရုတ် အသံကြား၍ မီးထွန်းသည်ကို တွေ့ရ၏။ ငေးကြည့်နေကြသော အခါ ပြတင်းပေါက် တစ်ခုကို ဖွင့်လျက် တရုတ်လောဟူ က လမ်းမဘက်သို့ မျှော်ကြည့်သည်ကို မြင်သော်။

လွန်း ။ ။ ဒီ အိမ်က တရုတ်အိမ်လား။

မောင် ။  ။ မဟုတ်ဘူး ‘ ဘိုဒါ ’ တွေနေတဲ့ ဒေါ်ဖွား ရဲ့ အိမ်ပဲ။ လူတွေကို ငှား တင်ပြီး လခနဲ့ ထမင်းကျွေးတယ်။ ခု မြင်တာ တရုတ်မှော် မျက်လှည့်ဆရာ လောဟူ တဲ့။

လွန်း ။ ။ ဟေ့ .. ပေါက်ဖော် ခင်ဗျားတို့ အိမ်မှာ ဘာဖြစ်တာလဲ။

ဟူ ။  ။ လူသ,တ်မှု ဖြစ်နေတယ်။ ဂါတ်ကို တစ်ဆိတ်လောက် ပြေးပြီး ပုလိပ် ခေါ်ပေးပါ။

မောင်ဝါလွန်း၊ မောင်ဘိုးချက်၊ မောင်သာမောင် တို့ အိမ်ပေါ် သို့ ပြေးတက်ပြီးလျှင် ပုလိပ်သားကို ကားမှာ အစောင့် ထားလေ၏။

လွန်း ။ ။ အိမ်သားအားလုံး စုံရဲ့လား။ သေသူနာမည် ဘယ်သူတဲ့လဲ။

ဟူ ။  ။ သေသူဟာ လူပျက် မောင်ဘိုးတော ပါ။ ဇာတ်မှာ သူ့ ကို ဆားဘိုးတောလို့ ခေါ်ပါတယ်။ အိမ်သားအားလုံး အခု လူစုံပါပဲ။ 

လွန်း ။ ။ ဟေ့ .. မောင်ချက် တံခါးဝက စောင့်နေ ဘယ်သူ့ကိုမှ မဝင်၊ မထွက်စေနဲ့ ။ လူသေအလောင်းကို ကိုင်ကြရွှေ့ကြသေးသလား။

လွန်း။ ။ ခွေး တော့ဖြင့် ကိုက်တတ်ပါတယ်။ ဘိုးတောရဲ့ ခွေးပါပဲ။ အခုတော့ ကိုက်လှမယ် မဟုတ်ပါဘူး။

ဂုတ်ကြားသည် လဲသေနေသော သခင်ဘိုးတော၏ အလောင်းကို နှုတ်သီးနဲ့ နမ်း၍ မျက်စိမှေးမှေးနဲ့ ခွေအိပ်လျက် နေလေ၏။

လွန်း ။ ။ လူသေအလောင်း ကို ဘယ်သူက စပြီး တွေ့ သလဲ။ 

ကြိုး ။  ။ ဒေါ်ဖွား အရင်ဆုံး တွေ့ပါတယ်။ 

လွန်း ။  ။ ဒေါ်ဖွား တွေ့ပုံကို ပြောစမ်းပါ။

ဖွား ။  ။ ( တရှိုက်ရှိုက် ငိုလျက် ) မောင်ဘိုးတော အခန်းမှာ ရေချိုင့်နဲ့ သူ မှာထားတဲ့ ဆေးလိပ်၊ မီးခြစ်များ ထားဖို့ မေ့နေလို့ ညည မောင်ဘိုးတောဟာ ရေငတ်တတ်တယ်၊ ဆေးလိပ်လည်း ထသောက်တတ်တယ်။ ဒါကြောင့် အရက်မူး ပြေရင် ရေငတ် နေရော့မယ်လို့ ရေချိုင့်နဲ့ ဆေးလိပ်၊ မီးခြစ် ထားဖို့ သွားတာပါ။ သူ့ တံခါးကလည်း ခပ်ဟဟ နေပြီး ဖယောင်းတိုင် ထွန်းထားတဲ့ မီးရောင်ကို မြင်လို့ တံခါးကို ခြေနှင့် ဖယ်ပြီး ဖွင့်လိုက်တော့၊ ရေချိုင့်နဲ့ မီးခြစ် လက်က လွတ်ကျမလောက် လန့်သွားတာပဲ။ ဒီတော့ လူတွေကို လိုက် နှိုးရပါတယ်။

လွန်း ။ ။ ခင်ဗျားက အိပ်ရာ ထဲကို အရင် ဝင်သလား။ ဇာတ်သမားတွေက အရင် ဝင်သလား။

ဖွား ။  ။ ဒီ ဒရိုင်ဘာကလေး၊ သူ့ နာမည် ဘာတဲ့ အေးအေး မောင်သာမောင်ကလေး ဆင်းသွားပြီး ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက် ကြာတော့ သူတို့အားလုံး တစ်ယောက်ပြီး တစ်ယောက်၊ ကိုယ့်အခန်း ကို ကိုယ်စီ ဝင်ကြတာပဲ။ ဆရာလောဟူက အောက်ခန်းမှာ နေတယ်။ မောင်တောက အရက်ခပ်မူးမူးနဲ့ မဟုတ်မဟတ်တာတွေကို လျှောက်ပြောနေတော့၊ သူ့ စကားကို နားမထောင်ချင်ကြလို့။ ကိုယ်စီကိုယ်ငှ အလျှိုလျှို ထသွားကြတယ်။ မောင်တော တစ်ယောက်တည်း ကျန်ရစ်တော့ အဒေါ် ကို ရေချိုင့်နဲ့ ဆေးလိပ်၊ မီးခြစ် သူ့အခန်းကို ယူခဲ့ပါ ဆိုပြီး သူလည်း ထသွားရော အဒေါ် လည်း ပန်းကန်တွေ ကို သိမ်းဆည်း၊ တံခါးပိတ်၊ မီးငြိမ်းပြီး အခန်းထဲ ဝင်အိပ်ဖို့ အိပ်ရာ ထဲမှာ တုံးလုံးလှဲရင်း မှေးမှေး ရှိသွားတယ်။ နောက်တော့ မောင်တော မှာထားတာကို သတိရတော့ အိပ်ရာက ထပြီး သူ့ အခန်းကို ရေချိုင့်၊ ဆေးလိပ်၊ မီးခြစ် ယူသွားတာနဲ့ တွေ့တာပဲ။

မောင်ဝါလွန်းသည် မှောက်လျက် ခပ်ခွေခွေ တစောင်းလဲနေသော လူသေအလောင်းကို ကြည့်ပြီး။

လွန်း ။  ။ ဒီ ဘိုးတောရဲ့ နောက်စေ့မှာ ဒဏ်ရာကို ကြည့်ရင်ဖြင့် နောက်ကနေ ရိုက်တဲ့ ဒဏ်ရာပဲ၊ အင်း ... ဒီ သံပိုက်လုံးနဲ့ ရိုက်တာပဲ၊ သူဟာ တံခါး နောက်ဘက်ကို နောက်ခိုင်းပြီး၊ ထင်းရှူးသေတ္တာပေါ်မှာ နေတုန်း ထင်ပါရဲ့၊ ဟုတ်တယ် ... ခြေအိတ် တစ်ဖက်ပဲ ချွတ်ရသေးတယ်။ ဒီ ... သံပိုက်လုံးဟာ ဘယ်သူ့ဟာလဲ။

ဖွား ။ ။ ပိုက် ... ကု,လားတွေ လာပြင်တုန်း ကျန်ရစ်ခဲ့တာပါ။ သူတို့ ထိုင်ကြတဲ့ အိမ်ရှေ့ခန်းမှာ အရင်က ရှိတယ်။

မောင်သာမောင်ကို မေးပြန်ရာ မောင်သာမောင်က မိမိ သိသမျှကို ပြောပြလေ၏။

လွန်း ။ ။ ဒါဖြင့် ဘိုးတောဟာ ရှိသမျှ လူတွေ အားလုံး မခံချင်အောင်ချည်း မူးမူးနဲ့ ပြောနေတာပေါ့။

မောင် ။ ။ ကျွန်တော့် စိတ်ထဲတောင် ဘိုးဘော ဖြင့် ဧကန် ဒီလူတွေနဲ့ တစ်နေ့နေ့ ဒုက္ခ ဖြစ်တော့မှာပဲလို့ ထင်ပါတယ်။ သူပြောတာက ငယ်ကျိုးငယ်နာ ဖော်ပြီး ချိုးချိုးဖဲ့ဖဲ့ ပြောတာပဲ။ သ,တ်ပစ်ချင်အောင် လုပ်တာ အမှန်ပဲ။

လွန်း ။ ။ ဟင် .... ဒါဖြင့် တခြားက မဟုတ်ဘူး။ ဒီ လူတွေ အထဲက သ,တ်မှာပေါ့။ ဘယ်သူ့ လက်ချက်လဲ စဉ်းစားဖို့ ရှိတယ်။ အခုတော့ ဒီလူ အားလုံးကို မသင်္ကာမှုနဲ့ ဖမ်းရမှာပဲ။ ဘယ်သူ ရှေးဦးစွာ ထသွားသလဲ။ 

ဟူ ။ ။ ကျွန်တော်က အောက်ထပ်က အခန်းမှာ အိပ်လို့ အရင်ဆုံးထ သွားပါတယ်။ 

လွန်း ။ ။ နောက် ဘယ်သူ သွားသလဲ။

ဖွား ။  ။ ဘယ်သူရယ်လို့ မဟုတ်ဘူး။ ဆရာလောဟူ သွားရင်ပဲ တလျှိုလျှိုနဲ့ ဆက်ရက် သွားကြတာပဲ။

လွန်း ။ ။ မခင်ရီ က အားလုံးထဲမှာ မောင်သာမောင် ပြောပုံ အတိုင်းဖြင့် မခင်ရီ နဲ့ ဒေါ်ဖွား က နာစရာ အကောင်းဆုံးပေါ့။

ရီ ။ ။ လောဟူကို ကိုင်းတရုတ်လို့ ဆိုတာက သနားစရာ ကောင်းသေးတယ်၊ တရုတ် တစ်ယောက်ကို ကိုင်းတရုတ် ခေါ်ရင် ဗမာလူကြီး လူကောင်း တစ်ယောက်ကို သုဘရာဇာ ခေါ်တာနဲ့ အတူတူပဲတဲ့။ အများကြီး စိတ်ဆိုးတယ်။

ဟူ ။ ။ ဒီလိုဆိုရင် မိုးကြိုး နှင့် ခင်ဆုံ တို့ကို ပြောတာလည်း လဲသေချင်အောင် နာစရာပေါ့။ ခင်ဆုံဟာ ဓားဘိုးသက် ရဲ့ မယားငယ်၊ ဖာတန်းက မိုးကြိုး ခေါ်လာပြီး ခင်ဆုံရဲ့ ထမီဖာကို ထမ်းရတယ်တဲ့။

လွန်း ။ ။ ခင်ရီ အပေါ်မှာသာ မျက်စိ စိုက်ကြည့်ပြီးလျှင် “ ငါ့နှမ ရုပ်ရည်ကလည်း ယဉ်စစ၊ သိမ်မွေ့တဲ့ အမူအရာလည်း ရှိတယ်။ အစ်ကိုကြီးကို မှန်မှန်ပြောစမ်း။ မောင်တောက ဘယ်လိုလုပ်လို့ သ,တ်ရတာလဲ ” 

ရီ ။ ။ ကျွန်မ မသ,တ်ရပါ။ အိပ်ရာကို လာနှိုးပြောမှ သိပါတယ်။ တစ်နေ့နေ့ သ,တ်မယ်လို့တော့ ပြောပါတယ်။ သ,တ်ရတာ မဟုတ်ပါ။ ဒီအကောင် သေတာတောင် ကောင်းတယ် ဝမ်းသာပါရဲ့။ 

လွန်း ။ ။ အဟိုး ... ဟိုး ... သလိုလား။ သ,တ်ချင်သော်လည်း မသ,တ်ရသေးတာတော့ ဝမ်းသာတယ်တဲ့။ ကဲ ... ကဲ ... အမှန်ကို ပြောပါ။ အစ်ကိုကြီးကလည်း ကူညီပါမယ်။ ကြိုးပေး မခံရပါဘူး။

ရီ ။ ။ မျက်လုံးကို ပြောင်လက်အောင် ပြူးကြည့်၍ တစ်ကိုယ်လုံး ကြံ့ခိုင်စွာ လက်သီးဆုပ်လျက် “ ကျွန်မ .. မသတ်ဘူး ဆိုပါပြီကော။ ဒီ့ပြင် ထပ် ပြောဖို့ မလိုဘူး။ ဘယ်လိုပဲ လုပ်လုပ်၊ ဒီဟာပိုပြီး စကားရမယ် မထင်နဲ့တော့ ”

ဟူ ။  ။ ကျွန်တော် တစ်ခု အစီရင်ခံပါရစေ။ အင်စပက်တော်မင်း ... ဘယ်သူ့လက်ချက်ရယ်လို့ သိလိုရင် အကြောင်းယုတ္တိ ရှာပြီးမှ သ,တ်လောက်တဲ့ အကြောင်းကို ကြည့်ရပါမယ်။

လွန်း ။ ။ ဟလို ... ပေါက်ဖော်ကြီးက အလာသားပါကလား။ ဘယ်လို ယုတ္တိမျိုးနဲ့ အကြောင်းပါလဲ ခင်ဗျာ၊ ခင်ဗျားက ဘယ်အရာ ရှိတယ် ပညာရှိပါသလဲ။

ဟူ ။  ။ ပြုံးလျက် “ ကျွန်တော်တော့ အခုအခါ စိတ်ညှို့ဆရာလည်း ဟုတ်ကဲ့၊ မှော်ဆရာ ဆိုလည်း ဟုတ်ကဲ့။ မျက်လှည့်ဆရာ ဆိုလည်း ဟုတ်ပါရဲ့။ နို့ပေမယ့် ဒီ အမှုမှာ အင်စပက်တော်မင်းရဲ့ စူးရှလှတဲ့ ပညာဉာဏ်ကြီးနှင့် ဆင်ခြင်ဖို့ ကျွန်တော် သိသမျှ ကိစ္စခြင်းရာကို အစီရင်ခံချင်လို့ပါ။

မောင်ဝါလွန်းသည် အလွန် အမြှောက်ကြိုက်တတ်သူ ဖြစ်၍ ...

လွန်း ။  ။ အဲဒီလို သေသေချာချာ ရှင်းရှင်းလင်းလင်း ထွက်ဆိုနိုင်တဲ့ သက်သေဖြောင့် သက်သေမှန်တို့ အစစ်ခံချက်ကိုတော့ဖြင့် လိုချင်ပါတယ် ဆရာကြီး အမိန့်ရှိပါ။

ဟူ ။ ။ ကျွန်တော်ရဲ့ ပရိယေသန ဝမ်းစာ အလုပ်မှာ လူတို့ ၏ စာဂနှင့် စိတ်ကို အမြဲ အကဲခတ်ရပါတယ်။ နို့မှ ကျွန်တော့် ပညာစွမ်းကို ပြသရတဲ့ စိတ်ညှို့အလုပ် ဟာ အောင်မြင်ပါတယ်။ လူ၏ စိတ်ခိုင်မခိုင် တည့်မတည့်။ အကျင့်စာဂကို အမှန်ရောက်အောင် အကဲမခတ်ပဲ စိတ်ညှို့လိုက်ရင် ကိုယ် သာလျှင် အရှက်ကွဲခြင်း ဖြစ်ပါတယ်။ အခုရှိတဲ့ ဇာတ်သမားများနှင့် အထက်ထက် က အပေါင်းအသင်းလုပ် က ပြဖူး လူနှင့် သူတို့ အကြောင်း၊ သူတို့ စာဂ၊ သူတို့ စိတ်နေစိတ်ထားကို သိခဲ့ဖူးပါတယ်။ အခု ရှိတဲ့ မခင်ရီကလေးဟာ ဆာဘိုးတော ဆိုတဲ့ လူပြက်ကို အသဲစွဲ ချစ်ကြိုက်ခဲ့ဖူးပါတယ်။ အမှန်စကားပါ။

ရီ ။ ။ ဟဲ့ ... တရုတ်လူပါးဝလို့၊ လိမ်ပြောတာပါ၊ အင်စပက်တော်မင်း။ 

ဤသို့ ဒေါသနှင့် ရုတ်တရက် ထဆိုပြီးလျှင် တရုတ်၏ မျက်နှာကို ငေးစိုက်ကြည့်ရင်းနှင့် မျက်နှာ အောက်ချပြီး ကာလ ထိတ်လန့်သော အမူအရာ ပေါ်လာ၍ ထိုင်လေ၏။

ဟူ ။  ။ ကျွန်တော် လိမ်လည်ပြောသည် မဟုတ်ပါ။ မခင်ရီကလေး ကိုလည်း များများကြီး သနားပါတယ်။ နို့ပေမယ့်လို့ အစိုးရမင်းများကို တရားသဖြင့် မှန်ရာသို့ ရောက်အောင် ကူညီရဖို့ ဝတ္တရားဖြစ်၍သာ အခု အမှုမှာ လူအများကိုပင် သင်္ကာမကင်းစရာ ဖြစ်နေခြင်းကြောင့် ရှင်းလင်းပေးရပါတယ်။ မခင်ရီက မောင်ဘိုးတောကို နှစ်နှစ်ခြိုက်ခြိုက် အူလှိုက်သည်းလှိုက် ချစ်ကြိုက်နေကြောင်း ခဏခဏ နိမိတ် အမူအရာ ပေါ်နေတာကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။ မခင်ရီ မှန်မှန် ပြောလိုက်ပါ၊ ခင်ဗျား အမှန် မောင်ဘိုးတောကို ကြိုက်မိတယ် မဟုတ်ပါလား။

ရီ ။  ။ မျက်စိက မီးတောက်သလို တောက်ပြောင်လာပြီး ကြံ့ခိုင်သော စိတ်ဒေါသနှင့် “ ကြိုက်ခဲ့ဖူးတယ်လေ ဘာဖြစ်သလဲ။ ခုကိစ္စနဲ့ ဘာဆိုင်သလဲ ”

ဟူ ။  ။ ဒီလို ကြိုက်တဲ့ စိတ်က တစ်ခါတည်း ပြောင်းပြီး မုန်းစိတ် အကြီးအကျယ် ပေါ်ပေါက်လာပြန်တယ်။ မကြာခင်တုန်းက ချစ်စိတ် ပြောင်းပြီး မုန်းစိတ် ပေါက်လာလိုက်တာ တစ်ယောက် မျက်နှာကိုတောင် တစ်ယောက် မကြည့်နိုင်ကြတော့ဘူး။ ဇာတ်ဆရာ ကိုယ်တိုင်က အုပ်ချုပ် မနိုင်လို့ မောင်ဘိုးတော ရှိတဲ့ ဇာတ်မှာ မနေဘဲ မခင်ရီက ခွဲထွက်ခဲ့ဖူးပါတယ်။ မူလကတော့ သမီးရည်းစား စကားပြော၊ မတည့်ကြလို့သာ ခဏတစ်ဖြုတ် ရန်ဖြစ်တာပဲနော်။ သင့်မြတ်ကြလိမ့်မယ် ထင်ပါတယ်။ နောက်တစ်ခါ နေ့ရှိသမျှ မခင်ရီကလေး၏ အရင်က ဖြစ်ပျက်ခဲ့ဖူးတဲ့ အချက်ကိစ္စ တစ်ခုကို မကြာမကြာ မောင်ဘိုးတောက ထုတ်ပြောလို့သာ မခင်ရီ ကို ရွှေနှင့် စိန်နှင့် ကိုယ်ကို စက်ပေးရင်တောင် မယူနိုင်ဘူး။ ရေခဲစိမ်ကြီးလို့ ဆိုပါတယ်။ အခုလို ဖြစ်နေကြပြီး အခုညမှာ တစ်ခါ မောင်ဘိုးတောက ငယ်ကျိုးငယ်နာ ထပ်မံ ဆိုပြန်တော့ အနာဟောင်းကို ဆွပေးသည်နှင့် တူသလို တစ်နေ့နေ့ ရှင့်ကို ကျုပ် သ,တ်မယ်လို့ ဆိုလိုက်ပြန်သည်မှာ အနည်းငယ် တွေးချင့်ဖို့ ရှိပြန်ပါတယ်။

ရီ ။ ။ ငါ့ အကြောင်း ခွေးတရုတ်က သန်းခေါင်စာရင်း ယူသလို ယူထားသကိုး။

ယခုလို ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် လောဟူ ကို ကိုက်ဝါးစားတော့မည်သို့ စိမ်းစိမ်း ကြည့်ပြီးမှ “ အို ငြင်းနေလို့ အပိုပါပဲ။ နောက်ဆုံး ကတော့ ကျွန်မ အပေါ် အပြစ်ပုံချမှာ အတူတူကို အကြောင်းစုံ ဖွင့်ပြောမယ် နားထောင်ကြပါ ” ဟု ဆိုပြီးမှ ဆက်လက် ပြောသည်မှာ။

ရီ ။  ။ ကိုဘိုးတောနှင့် ကျွန်မတို့ လက်ထပ်ကြတော့မယ်လို့ အသေအချာ စီမံထားကြပါတယ်။ ကျွန်မက သူ့ကို ရူးမတတ် ချစ်ပါတယ်။ ခုလည်း ချစ်ပါသေးရဲ့။ နို့ပေမယ့် သူက ကျွန်မကို ဘယ်လို စိတ်ပျက်မှန်း မသိ အရင်ကလို မချစ်ဘဲ တဖြည်းဖြည်း ခွာထွက်ပါတယ်။ နောက်တော့ဖြင့် လုံးလုံး ခွာတော့တာပဲ။ ဒါနဲ့တောင် ကျွန်မက ကိုဘိုးတောဟာ တစ်နေ့နေ့ကျ စိတ်လည်လာလိမ့်မယ်လို့ စိတ်မလျှော့ဘဲ တိုးတိုး ချစ်ပါတယ်။ ဒီလို အချစ်မျိုးကို ရှင်တို့က မကြုံဘူးသေးလို့ ကျွန်မရဲ့ အချစ် ဘယ်လောက် စူးရှတယ်လို့ မတွေးမထင်တတ်ကြပါ။ ကျွန်မလို တစ်ဖက်သတ် ချစ်ရတာဟာ ပျော်မွေ့ဖို့လည်း မကောင်း၊ တလွမ်းလွမ်း၊ တပူပူ၊ တမျှော်မျှော်နှင့် အတွင်းဆွေးသော တကျိတ်တည်း၊ တကျိတ်ကျိတ်၊ ဆွေးနေ ရလို့ တပိန်ပိန်၊ တညှော်ညှော် ဖြစ်နေရတာပဲ။ တွေးလိုက်ပလားဆို ကိုယ် ကိုယ်သာ ကိုယ် ထုရိုက် သေလိုက်ချင်တာပဲ။ တိုတိုပြောပါတော့မယ်။ ငရဲအိုးကျတဲ့ လူဟာ ကျွန်မလောက် မပူဘူး ထင်ပါတယ်။ ဒီလိုဖြစ်နေတုန်းပဲ ကိုဘိုးတောက ကျွန်မမှာ လင်ကြီးရှိကြောင်း။ ဒီ လင်ကြီးနှင့် မပြတ်စဲသေးကြောင်း ထင်ထင်ရှားရှား သိလာပြန်ပါတယ်။ ဒီ လင်ဟာလည်း ကျွန်မ ငယ်ငယ်က ရူးတုန်းမိုက်တုန်းမို့ သူ ချော့ခေါ်တာနှင့် ပါသွားရတဲ့ လင်ပါ။ လေးငါးရက်လောက် ပေါင်းရပြီး ကျွန်မကို သူက ပစ်သွားတာ ဘယ်တော့မှ ပေါ်မလာပါဘူး။ ကျွန်မ ရုပ်ကလေး အသံကလေး ရှိလို့ ဇာတ်ထဲမှာ ယိမ်းသမ အလုပ်နဲ့ လိုက်နေပြီး ဇာတ်လိုက်မင်းသမီး ဖြစ်လာကာ ဒီနှစ်ပါနဲ့ သုံးနှစ် ရှိလာပြီ။ အရင် လင်ကြီးကို တစ်ခါမှ ပြန်ပြီး မမြင်တော့ပါ။ မနှစ်က ကိုဘိုးတော၊ ကိုလောဟူ တို့နဲ့ ဇာတ်ထဲ ကရပြီး ဒီနှစ်မှာ ကိုလောဟူက တခြား ဇာတ်ကို လိုက်သွားပါတယ်။ ကိုဘိုးတောက ကျွန်မကို ငြီးငွေ့ စိမ်းကားရုံမျှ မက ညဦးက သူ ပြောပုံကို ကြားကြတယ် မဟုတ်ပါလား။ အဲဒီလိုချည်း လူပုံအလယ်မှာ ချပြောနေတော့ သူ့ကို တစ်ခါပဲ စိတ်ထဲက ဘယ်လို မုန်းမှန်း မသိ မုန်းနေတဲ့ အထဲမှာ ညဉ့်ဦးက ပြောလိုက်ပုံဟာ ကျွန်မ ဝမ်းထဲက “ဟယ် ဒီကောင် မြန်မြန် သေတာပဲ ကောင်းတယ်၊ သူ တစ်သက် ကိုယ် တစ်သက်ပဲလို့ စွန့်လိုက်မယ်လို့ စွန့်လိုက်မယ် ကြံပါတယ်။ နို့ပေမယ့်လို့ သူများက ကျွန်မထက် သူ့ကို လက်ချက်ဦးသွားပါတယ်။

ဖွား ။ ။ ငါ့တူမကလေးဟာ စိတ် ဘယ်လောက်ပဲ ဆိုးဆိုး သ,တ်ဝံ့မယ့် သတ္တိမရှိဘူး ဆိုတာ လူတိုင်း သိပါတယ်။ တန်တော့ မောမယ် ဆက်မပြောပါနဲ့တော့။

ဟူ ။  ။ မခင်ရီက ကိုဘိုးတောကို မသ,တ်ဘူး ဆိုတာ အမှန် မသ,တ်ဘူးလား။ မျက်နှာ ရဲရဲထား ပြောစမ်းပါ။ သ,တ်ရင် သ,တ်တာပေါ့။ ဘာ ရှောင်တိမ်းနေဖို့ ရှိသလဲ။ အရိုး တွန်တတ်တယ်။ အလင်း ဖွင့်ပြောပါ။ သ,တ်တယ် မဟုတ်လား။

အားလုံး အသက်ပြင်းပြင်း မရှူဘဲ လားဟူ နှင့် ခင်ရီ ကို သာ ငေးစိုက် ကြည့်နေကြ၏။ ခင်ရီ သည်လည်း လောဟူ၏ မျက်နှာကို စူးစိုက်ကြည့် နေပြီးကာ “ ဒီ တရုတ်ဟာ ဘယ်လောက် နက်နက်နဲနဲ ဒီအမှုအကြောင်းကို သိသလဲ ” ဟု တွေးနေလေဟန် အလွန်သနားစရာ ဖြစ်လာ၍၊ မောင်သာမောင် က ဂုတ်ကြားကို တစ်ဖန် ကြည့်ပြန်သော် ဂုတ်ကြား သည် သခင့်အလောင်းကို သာ နမ်းလျက်နမ်းလျက် ဝမ်းနည်းလေဟန် နှင့် အသံတိုးတိုး အူ၍ ရှေးကလို အနည်းငယ်မျှ ဒေါသမရှိ ဟိန်းဟောက်ခြင်း မလုပ်ဘဲ အေးအေးသာသာ နေလေသည်။ မောင်သာမောင်မှာ ခွေးကြီးကိုသာ အံ့သြလျက် ခင်ရီ ကိုလည်း အလွန်သနားလေသည်။

ဖွား ။ ။ ဆရာ လောဟူက ရှင် ဘယ် အရာရှိကြောင့်၊ သူငယ်မကို ခြောက်လှန့် စစ်ဆေးနေရတာလဲ။

ဟူ ။ ။ ( ဒေါ်ဖွား ကို ပြန်မပြောဘဲ ) ခင်ရီ မင်း အမှန် မသ,တ်ဘူးလား ပြောစမ်း။

ရီ ။ ။ ( ခေါင်းငိုက်စိုက် ကျလျက် ) သ,တ်တယ်။ ရှင်ဟာ မှော်ဆရာမက သရဲ မွေးထားသလို အပ်ချမတ်ချ သိတာကိုး။ ငြင်းလို့ မရမယ့် အတူတူ သ,တ်တယ်၊ သူ့ကို သ,တ်လိုက်ရမှပဲ သေဝံ့တယ်။ မကြောက်ပါဘူး။ ဘိုးတောက တံခါး ကို နောက်ခိုင်းထိုင်ပြီး သူ့ ဖိနပ်စုတ်ကို ခြေအိတ်စုတ်တွေကို ချွတ်နေတုန်းမှာ နောက်က သံပိုက်လုံးနှင့် တအား လွှဲရိုက်လိုက်တာ တုန်းခနဲ နေတာပဲ၊ ချက်ချင်းရိုက်ဖို့ အချက်မရလို့ အတော်ကြာ တံခါးအပြင်ဘက် အကွယ်က ချောင်းနေရသေးတယ်။ တံခါး လည်း မပိတ်ဘူး။ သူ သေမှ ကျုပ် တံခါးကို စေ့ထားခဲ့တယ်။ ကိုင်း အဖြောင့် ပြောပြပြီ၊ ဘာလုပ်ချင်ကြသေးသလဲ။ လုပ်ကြလေ။ 

လူ အားလုံး တုတ်တုတ်မျှ မလှုပ်ဘဲနေကြရာ မခင်ရီသည် တုန်တုန်ယင်ယင်နှင့် ရှေ့ကို တစ်လှမ်းအသွားမှာ လဲသွားသဖြင့် ဒေါ်ဖွားက ဆီး၍ ဖက်ထား လိုက်လေ၏။ မောင်ဝါလွန်းက မခင်ရီ ထံသို့ လက်လှမ်းပြီးလျှင် “ ကိုင်း မခင်ရီ ဂါတ်ကို လိုက်ခဲ့ပေတော့၊ လူသ,တ်မှုနှင့် ကျုပ် ဖမ်းရလိမ့်မယ် ” ဟု ဆိုလျှင်

ဖွား ။  ။ ရှင် ဘာကြောင့် ဖမ်းရမှာလဲ မခင်ရီ မသ,တ်ဘူး။ ကျုပ်သိတယ်။ ဖယ် မကိုင်ပါနဲ့။ တရုတ်ရော၊ မိုးကြိုး၊ ခင်ဆုံ တို့ရော ဘိုးတောကို သ,တ်တဲ့ အချက်တွေ အပုံကြီး ရှိတယ်။ ဘိုးတော သေရတာ လူ့ပြည်က ပါးစပ်ပက်စက်တဲ့ လူမိုက် တစ်ယောက်တောင် လျော့ပေါ့သွားသေးရဲ့၊ ခင်ရီ တော့ အမှန် မသ,တ်ဘူး။ ကျုပ် ကိုယ်တိုင် ဟုတ်တယ်။ ကျုပ် ကိုယ်တိုင် ကျမ်းကျိန်ဝံ့တယ်။

မောင် ။ ။ ဟုတ်ပါတယ်၊ ဆရာရယ်။ တစ်ဆိတ် စဉ်းစဉ်းစားစား လုပ်ပါ။ သ,တ်လောက်နိုင်တဲ့ အချက် အခြားလူတွေမှာ လည်း ရှိပါသေးတယ်။

လွန်း ။ ။ မောင်သာမောင် မင်း က ဘယ်သူ့ ရှေ့နေလဲ။ သွား အလောင်းကို ဆေးရုံပို့ရအောင် ဗိုလ်တထောင်ဂါတ်ကို ပြောလိုက်။ ငါ့ အမိန့် ။

မောင် ။ ။ ဒါဖြင့် ဆရာတို့ ဒီ အိမ်က ဆိုင်းပါဦး။ ဗိုလ်တထောင် ဂါတ်ရော၊ စုံထောက်ကြီး ဦးကျော်စွာရော ခေါ်ခဲ့ပါ့မယ်။ 

လွန်း ။  ။ ဦးကျော်စွာနှင့် မဆိုင်ဘူး၊ ဦးရွှေရီကို အကြောင်း ကြားဖို့သာ ဂါတ်မှာ ပြောလေ။

မောင်သာမောင်သည် ဂါတ်ကို မပြောခင် ဦးကျော်စွာထံ အမြန်သွား၍ မခင်ရီကို ကယ်ဆယ်ရန် ဖြစ်ပုံပျက်ပုံ အကြောင်းစုံကို ပြောပြသော် ဦးကျော်စွာက မောင်ဝါလွန်းသည် အမြှောက်ကြိုက် ဉာဏ်ထိုင်းထိုင်းနှင့် တရားခံ အစစ်ကို လွှတ်၍ တရားခံ မဖြစ်ထိုက်သူကို ဖမ်းဆီးသဖြင့် အမှု ပျက်လှသည် များသောကြောင့် ချက်ချင်း ထိုလူသ,တ်မှုကို မိမိ လွှဲပေးစေရန် ပုလိပ်မင်းကြီးအား တယ်လီဖုန်းဖြင့် အခွင့် တောင်းသော် ပုလိပ်မင်းကြီးက ဝမ်းမြောက်စွာ အခွင့်ပေးလေသည့် အပြင် ပုလိပ်မင်းကြီး ကိုယ်တိုင် ဦးကျော်စွာ၊ မောင်ဘိုးသာ၊ မောင်သာမောင်တို့နှင့် အချင်းဖြစ်သော ဒေါ်ဖွားအိမ်သို့ လာလေ၏။

ခွေးကြီးကို မြင်လျှင် ဦးကျော်စွာနှင့် ပုလိပ်မင်းကြီး ကပါ ခွေးကြီးသည် ပဲခူး အမဲလိုက် ခွေးမှန်း သိ၍ ထိုခွေးသည် အဆိပ် လျှင်လည်း မိရမည်။ သို့မဟုတ် ဘိန်း သို့မဟုတ် တစ်ခုခု ဖြစ်ရမည်။ တစ်စုံတစ်ရာ မဖြစ်လျှင် သူ့ သခင်အလောင်းနားသို့ မည်သူ့ကိုမျှ ချဉ်းကပ်လာရန် အခွင့် ပြုတတ်သော ခွေး မဟုတ်ကြောင်း သိရ၍ ဒေါ်ဖွား၏ အကဲအလေး၊ မိုးကြိုး၊ ခင်ဆုံတို့ အကဲအလေး ဦးစွာ တစ်စေ့တစ်စောင်း အကဲခတ် နေကြလေ၏။

ပုလိပ်မင်းကြီး နှင့် ဦးကျော်စွာတို့ တီးတိုး ခဏလောက် ပြောပြီးလျှင် ဦးကျော်စွာ အား အမှုအကြောင်း မောင်ဝါလွန်းကို ပြောပြီးလျှင် ပြန်လေ၏။

ဤတွင် တစ်ခန်းရပ်

( ဘယ်သူ့ လက်ချက်လဲ အဖြေကို စောင့်ကြည့်ကြပါ ။ )
    
 ▣ ရေးသူ ?
📖ခေတ်ဟောင်း ဝတ္ထုတိုများ

No comments:

Post a Comment