Friday, July 10, 2026

တိတ်တိတ်နေကြီး


❝ တိတ်တိတ်နေကြီး ❞
▢  ကန့်ဘလူကံတင်အောင် ၊ ပထဝီဝင် ၊

အရှေ့တာမှ မြေအဘွား နှစ်ယောက် ။ ရွှေဘို မြို့ထောင့်စေတီ ဘုရားပွဲသို့ အများတကာလို သွားရောက်ကြဖို့ ပြင်ဆင်ကြသည် ။ ( အရှေ့တာမှ ကျောင်းသားအရွယ် ကလေးငယ် မှန်သမျှ ရထား ဆိုတာကို မမြင်ဖူးကြပေ ။ မန္တလေး - မြစ်ကြီးနား မဟာဗျူဟာ ကားလမ်းမကြီးနှင့် နီး၍ ကားကိုသာ မြင်ဖူးကြပါသည် ။ ရိုးလွန်း အလွန်းသည်ဟုပင် ဆိုကြရပါမည် )

ထို့ကြောင့်လည်း အဘွားဖြစ်သူက မြေးဖြစ်သူအား ရွှေဘိုမြို့ထောင့်စေတီ မသွားမီကတည်းက မှာစရာရှိသည်များ မှာကြားထားပြီး ဖြစ်ပါသည် ။ လူကြားသူကြား အရှက်တရားရမည်ကိုလည်း စိုးရိမ်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည် ။

“ ငါ့မြေး ဟိုရောက်လို့ ရထား မြင်ရင် တိတ်တိတ်နေနော် ၊ ဘာမှ လူကြားသူကြား စကားတွေ လျှောက်မမေးနဲ့ ... တိတ်တိတ်နေ ကြားလား ”

ထိုသို့ဖြင့် မြေးအဘွား နှစ်ယောက် ကားတစ်ဆင့် စီး၍ ထန်းတပင် ( ဇီးကုန်း ) အရောက်တွင် ရထားပြောင်းစီးရန် မြစ်ကြီးနားဘက်မှ လာမည့် ရထားအလာကို စောင့်ဆိုင်းနေကြသည် ။

ခဏကြာသော် မြစ်ကြီးနားဘက်မှ လူစီးလော်ကယ်ရထားတစ်စီး ဆိုက်ဝင်လာသည် ။ မြေးမလေးမှာ ရထားကြီး ဘူတာအတွင်း ဆိုက်ဝင်လာသည်ကို မြင်သည်နှင့် အော်ပြောလိုက်သည် ။ ထိုအော်ဟစ် ပြောသံကြောင့် အဘွား ဖြစ်သူမှာ ကြောင်တက်တက် ဖြစ်သွားသည် ။ အခြား ရထားစီးခရီးသည်တို့လည်း အံ့သြစွာဖြင့် မှင်သက်ရယ်မောမိကြလေတော့သည် ။ မြေးမလေး အော်ပြောလိုက်သည်မှာကား ...

“ အဘွား .. ဟိုမှာ .. တိတ်တိတ်နေကြီး လာနေပြီ ... ” ဟူ၏ ။

▢  ကန့်ဘလူကံတင်အောင် ( ပထဝီဝင် )
📖 ရယ်စရာ မဂ္ဂဇင်း
      အောက်တိုဘာ ၊ ၂၀၁၅

No comments:

Post a Comment