❝ အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ❞
( ကျောင်းအဆင်းမှာ )
ကိုခေး၏ “ ကျောင်းအဆင်းမှာ ” ဝတ္ထုတိုမှာ ဝတ္ထုတို ဆန်လှသော ဝတ္ထုလေးတစ်ပုဒ်ဟု ဆိုသင့်ပါသည် ။ အကြောင်းအရာမှာလည်း ထူးခြားလှသည်ဟု ဆိုသင့်သည် ။ ဤအကြောင်းအရာမျိုးကို စိတ်ကူးပေါက်ရန်ပင် ခဲယဉ်းလှပါသည် ။ ဇာတ်လမ်းကို ပြောစမ်းပါဟုဆိုလျှင် ပြောစရာ မရှိလောက်အောင်ပင် ပါးလျားလှသည် ။ သို့ပါလျက် ရှည်လျားလှစွာသော ဇာတ်လမ်းကြီး တစ်ခုကို ပေါ် လွင်လာစေသည်မှာ ချီးကျူးအပ်သော ထူးခြားချက် ဖြစ်သည်ဟု ဆိုချင်ပါသည် ။
ထို့အတူ အကြောင်းအရာမှာ အသေးအဖွဲကိစ္စလေး ဖြစ်ပါလျက် ၊ ကြီးမားလေးနက်လှသော အကြောင်းကိစ္စကြီးကို ပေါ်လွင်လာစေသည်မှာလည်း အမှန်ဖြစ်သည်ဟု ကျွန်တော် ဆိုချင်ပါသည် ။
ဇာတ်လမ်းမှာ ‘ ကိုထွေး ’ သည် ကျေးရွာမှ မြို့သို့ လာရောက်ပြီး ပင်ပန်းငြိုငြင်စွာ ပညာဆည်းပူးနေရသော ကျောင်းသားငယ် တစ်ဦး ဖြစ်သည် ။ သူ့ ရော်ဘာဖိနပ်ကလေးက သဲကြိုးအသစ်လဲပြီး တပ်ထားသော်လည်းဖိနပ်ခုံမှာ အမြီးတို၍ ပါးနေပြီ ။ ထို့ကြောင့် သူတစ်ပါးလွှင့်ပစ်ထားခဲ့သည့် သဲကြိုးပြတ် ခုံကောင်း ရော်ဘာဖိနပ်ကို အမှတ်မထင် သွားရင်းလာရင်း ရှာဖွေကြည့်ရှုပြီး လူသူ အလစ်တွင် ထိုခုံကောင်း ဖိနပ်ကလေး တစ်ရံကို ကောက်ယူသည် ။ ဇာတ်လမ်းမှာ ဤမျှသာ ဖြစ်သည် ။ ဖိနပ်ဟောင်းကလေး တစ်ရံကို မက်မက်မောမော ဖြစ်နေပုံကို ရင်နင့်ကြင်နာဖွယ်ရာ ဖြစ်အောင် ရေးဖွဲ့ထားသည်မှာ ချီးကျူးလောက်သော အချက်ဖြစ်ပါသည် ။
များစွာသော စာဖတ်သူတို့မှာ ဤသို့သော ဘဝမျိုးကို စိတ်ကူး၌ပင် ကြုံဖူးကြမည် မထင်ပါ ။ ဤမျှ နွမ်းပါးသော ကျောင်းသားငယ်၏ အဖြစ်မျိုးကို မှန်းဆနိုင်မည် မထင်ပါ ။ ဆင်းရဲနွမ်းပါးသော အလုပ်သမား ၊ လယ်သမားတို့၏ ဘဝကို ရေးဖွဲ့ကြသည်ကို တွေ့ဖူး ၊ ဖတ်ဖူးကြပြီး ဖြစ်ပါသည် ။ ယနေ့ ဤဝတ္ထုမှာ နွမ်းပါးသော မိဘအပေါ် တွင် မှီခိုနေရင်း ကျောင်းတက်ရသော လုလင်ငယ်လေး တစ်ယောက်၏ ဘဝဖြစ်၍ ပို၍ပင် ကရုဏာသက်စရာ ဖြစ်ပါသည် ။ ထောက်ထား စာနာသောစိတ်ကို ပေါ်လာစေနိုင်သော ဝတ္ထုမျိုးဖြစ်သည်ဟု ဆိုသင့်ပါသည် ။
ကိုခေး၏ ဝတ္ထုတို အတတ်ပညာ သုံးစွဲမှုတွင် ထူးခြားလှသည့် အချက်မှာ ဇာတ်လမ်းကို သီးသန့်မပြောဘဲ ဟိုနားတစ်ချက် ဒီနားတစ်ကွက် တို့ရုံထိရုံမျှနှင့် ကျောင်းသားလေး ကိုထွေး၏ ဘဝနောက်ခံ ဇာတ်ကြောင်းကြီးကို ပေါ်လွင်လာစေခြင်းပင် ဖြစ်ပါသည် ။
ကျောင်းအဆင်း နောက်ဆုံးချိန်ဖြင့် ဝတ္ထုတိုကို စ၍ ဖွင့်လိုက်သည် ။ ကိုထွေးက ကျောင်းဆင်းချိန်တွင် မိုးရွာမည်ကို စိုးရွံ့နေသည် ။ မိုးသက်လေကလည်း တိုက်နေသည် ။ ထို့ကြောင့် “ မင်္ဂလာပါဆရာမ ” ဟု နှုတ်ဆက် ပြီးသည်နှင့် ကျောင်းခန်းအပြင်သို့ ထွက်လိုက်သည် ခပ်သွက်သွက် လှမ်းလိုက်သည် ။
“ စောင့်ပါဦး ကိုထွေးရ ”
‘ ခေါင်းကြီး ’ အမည်ရ စိုးဝင်းက နောက်မှ အပြေးလိုက်လာသည် ။ ခပ်မြန်မြန် လျှောက်လာသော ခြေလှမ်းကြောင့် မြေကြီးပေါ် ခင်းထားသော တံတားအောက်မှ ရေများ လှုပ်ခတ်သွားသည် ။ ရေအလှုပ်ကြောင့် ဆယ်တန်း ( စီ ) စာသင်ခန်းနှင့် တံတားအကြား အလယ်လောက်တွင် ရှိသော တဖက်ပြတ် ဖိနပ်ကလေးက လှုပ်ခတ်လျက် ။
ဖိနပ်ကလေးအား စိတ်မကောင်းစွာ ကြည့်မိသည် ။ ဒီနေ့လည်း အကြံ မမြောက် မိုးလွတ်အောင် သွားဖို့လည်း အရေးကြီးသည်လေ ။
“ မင်းမှာ ထီးပါသားပဲ ၊ ဖြည်းဖြည်း သွားရအောင် ”
“ ထီးပါပေမဲ့ မိုးမိရင် လုံချည်တော့ စိုမှာပဲကွ ။ မနက် လုံချည် မခြောက်ရင် ကျောင်းတက်ရ ခက်နေဦးမယ် ”
“ အေး ဟုတ်တော့ဟုတ်တယ် ”
“ မိုးက သိပ်မှောင်လာပြီ ။ လွတ်ချင်မှ လွတ်မယ် ။ လျှောက်ကြဦးစို့ ”
“ ဖိနပ်ကလေးကို စိတ်မကောင်းစွာ ကြည့်မိသည် ” ဟူသော ဝါကျသည် စာဖတ်သူကို နှိုးလိုက်သော အချက် ဖြစ်သည် ။ ဤဖိနပ်ပြတ်ကလေးတစ်ရံသည် အရေးကြီးသော ဇာတ်ကောင်အဖြစ် မမျှော်လင့်ဘဲ ဝင်လာခြင်းဖြစ်သည် ။ “ မနက် လုံချည် မခြောက်ရင် ကျောင်းတတ် ခက်နေဦးမယ်ကွ ” ဟူသော စကားသည် ကိုထွေး၏ နွမ်းပါးချို့တဲ့ခြင်းကို ဖော်ပြလာပြန်သည် ။ ခေါင်းကြီးစိုးဝင်း က “ အေး ၊ ဟုတ်တော့ ဟုတ်တယ် ” ဟု နားလည်စွာ ထောက်ခံလိုက်ခြင်းသည် ခေါင်းကြီးဘဝမှာလည်း ကိုထွေး နှင့် ထူးမခြားနားပင် ဖြစ်ကြောင်း ပေါ်လွင်လာစေပါသည် ။
ကိုခေးသည် စာဖတ်သူအား ဇာတ်ကြောင်းနောက်ခံတို့ကို တိုက်ရိုက် ပြောပြခြင်း မပြုသည်သာမက စကားလုံးနည်းနည်းနှင့် အများကြီး ပေါ်လွင်အောင် ရေးပြတတ်သည် ။ ဤသို့သော ရေးဖွဲ့နည်းကို ကျွန်တော် အလွန် သဘောကျမိတတ်ပါသည် ။
ခြေနင်းမလုံသော ဖနောင့်ပြတ် ဖိနပ်ကလေးထဲသို့ ဗွက်တချို့ ဝင်လာ၍ ထင်၏ ။ ဖိနပ်စီးရသည်မှာ ချော်ချိချိ ။ လမ်းထောင့် အမှိုက်ပုံဘေး အရောက်တွင် ရေအိုင်၌ ရေဆေးရင်း ပြုနေကျ အတိုင်း အမှိုက်ပုံဆီသို့ လှမ်းကြည့်မိ၏ ။
အပြာရောင်လေး လှမ်းတွေ့ရ၍ အားရဝမ်းသာ ဆက်ကြည့်မိသည် ။ ကလေးစီးဖိနပ်ကလေးပါ ။ စိတ်ပျက်စွာ သုတ်သုတ်လှမ်းသွားရ၏ ။
ကလေးစီးဖိနပ်ကလေး ဖြစ်နေသည်ကို တွေ့ လိုက်ရ၍ ကိုထွေး စိတ်ပျက်သွားပုံကို ဖော်ပြသည်မှာ ပြုံးစရာလေး ဖြစ်လာပြန်သည် ။ သို့သော် ရင်နင့်ရသော အပြုံး ။
ဖိနပ်ပြတ် ဆိုသည်ကလည်း လွှင့်ချင်ရာ လွှင့်ပစ်ထားခဲ့တတ်စမြဲ ။ သို့သော်လည်း အမှိုက်ပုံတို့ ရထားလမ်းဘေးတို့တွင် အတွေ့ရများတတ်သည် ။ သံလမ်း တစ်လျှောက် ဝဲယာရှာမိ၏ ။
မဖြစ်စလောက်ဟု ထင်ရသော ဤစာပိုဒ်ကလေးမျိုးသည် ဝတ္ထု၏ ယုတ္တိကို ခိုင်မာလာစေနိုင်သည် ။ ဝတ္ထုရေးသူ ကိုယ်တိုင် ဤအဖြစ်မျိုးကို ကြုံခဲ့ဖူးလေရော့ သလား ။ တကယ့် အဖြစ်အပျက်ပဲ ထင်ပါရဲ့ဟု စာဖတ်သူ တွေးနိုင်စေသည်မှာ ဤသို့သော အသေးအဖွဲကလေးများ ဖြစ်သည် ။
ဖနောင့်နေရာ ပါးလာကတည်းက လမ်းသွားရင်း ဖိနပ်အပြတ်တွေ ရှာနေတတ်သည်မှာ ကြာပြီ ။ အဖေရွာသို့ နောက်ဆုံး မပြန်ခင်က အမ်စီကြိုးအသစ် တစ်စုံ ဝယ်ပေးခဲ့သည် ။ ဖိနပ်အသစ်ဝယ် ပေးရန် ပြောသော်လည်း သဲကြိုးသာ လဲပေးခဲ့သည် ။ ယခုတော့ ဖနောင့်နေရာမှာ ပါး၍ ပြတ်သွားပြီ ။
အဖေ ရွာပြန်သွားပုံကို ဖော်ပြလိုက်ခြင်း ၊ သဲကြိုးလေး တစ်စုံသာ ဝယ်ပေးခဲ့ခြင်းတို့ကို အမှတ်မထင် ဖော်ပြလိုက်သည် ။ သို့သော်လည်း ကိုထွေး ကျေးရွာငယ် တစ်ခုမှ ကျောင်းလာနေရကြောင်း ၊ မိဘလည်း နွမ်းပါးလှကြောင်း ပေါ်လွင်လှပေသည် ။ ထိုထွေး အိမ်ပြန်ရောက်လာပြီ ။
ထမင်းအိုးတော့ မတည်ချင်သေး ။ ချက်စရာ ဆို၍ ထမင်းတစ်အိုး ၊ ငါးပိရည်ကျို တစ်အိုးပဲဟာ ။ ဖြည်းဖြည်းမှ တည်လည်း မိုးမချုပ်ခင် ကျက်မှာပါပဲ ။
တံတားတုံးလေးတွေ နံဘေးတွင် ကျေးဇူးရှင် ချဉ်ပေါင်ပင်တို့က ထိုးထိုးထောင်ထောင် ။ ခူးဖန်များထား၍ အနု တက်ပင် သိပ်မရှိတော့ ။
အဖေတို့ အမေတို့ ညီလေး ညီမလေးတို့လည်း ရွာမှာ သည်လို နေမှာပါပဲ ။ ငါးပိရည်ကျိုနဲ့ ချဉ်ပေါင်ရွက် ရေလုံပြုတ် နေမှာပါပဲ ။ အဝတ်တွေ မလုံမခြုံနှင့် နေမှာပါပဲ ။ လယ်ထဲက ကဏန်း ရလျှင်တော့ ကဏန်း ငရုတ်သီးချက် ကလေး ပါချင်ပါမည် ။
တောမှာ ဆိုတော့ ထီးလည်း မလို ၊ အသုံးလည်း မဝင် ၊ ခမောက် ရှိနေရင် ပြီးပြီပဲ ။ မိုးတွင်းဆို ဗွက်က ထပြီမို့ ဖိနပ်တော့ လုံးဝမလို ။ ထီးနှင့် ဖိနပ်အတွက် စိတ်ညစ်စရာ မရှိပြီ ။ မြို့မှာသာလေ ။
••••• ••••• •••••
ဤမျှသော အရေးအသားနှင့်ပင် ကိုထွေး၏ ဘဝ ၊ မိသားစုတစ်ခုလုံး၏ ဘဝ ပေါ်လွင်သွားချေသည် ။ ချို့တဲ့ငြိုငြင်စွာ ပညာဆည်းပူးကြရသည့် တောကျေးလက်မှ ကျောင်းသားငယ်များ၏ ဘဝလည်း ပေါ်လွင်လှသည် ။ တောနှင့် မြို့ ခြားနားခြင်း ၊ မြို့ပတ်ဝန်းကျင်တွင် ကျောင်းတက်နေရ သောကြောင့် မြို့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနိုင်အောင် ကြိုးစားရခြင်း ၊ စိတ်ပင်ပန်းရခြင်းတို့လည်း ပေါ်လွင်လှပါသည် ။
ကိုထွေးသည် သဲကြိုးပြတ် ခုံကောင်း ရော်ဘာ ဖိနပ်ကလေးများကို သွားရင်းလာရင်း ရှာနေသည်မှာ ကြာပြီ ။
တွေ့တော့ တွေ့ပါ၏ ။ အချို့က ပစ်ထားသည်မှာ ကြာပြီဖြစ်၍ အစင်းကြောင်းလိုက်ပြီး ဆွေးနေပြီ ။ တချို့ ကတော့ ဆိုက်ကြီးနေ၍ အရွယ်မတော် ။ တချို့က ကလေးစီးဖိနပ် ။
အရွယ်တော် ကြိုးတစ်ဖက်ပြတ် ဖိနပ်တစ်ရံတော့ တွေ့ထားပြီ ၊ ဆယ်တန်း ( စီ ) အခန်းနှင့် တံတား အကြားထဲမှာ ။ သုံးရက်ခန့်ပင် ရှိပြီ ။ တွေ့ပေမဲ့ မကောက်ရဲသေး ။ ကောက်နေစဉ် လူမြင်သွားမှာ စိုးသည် ။
မိုးမရွာနေသာ တစ်နေ့ ကျောင်းဆင်းတွင် ကိုထွေး ဖိနပ်ကောက်ရန် ချောင်းနေသည် ။ ကျောင်းဆင်းပြီး ချက်ချင်း မပြန် ။ အေးအေးဆေးဆေး အိမ်စာတွေ လုပ်ပြီးမှ ပြန်မည် ။ ကျောင်းသားတွေ ရှင်းမှ ဖိနပ်ကို ကောက်မည် ။ သို့သော် ခေါင်းကြီးစိုးဝင်းက သူ့ကို စောင့်နေသည် ။ မတတ်နိုင်တော့ ခေါင်းကြီးကို အသိပေးလိုက်ရတော့သည် ။
••••• ••••• •••••
“ ဖနောင့်နေရာတွေ တိုနေပြီကွာ ။ အဲဒါ အသစ်ဝယ်စီးဖို့ ပိုက်ဆံလဲ မတတ်နိုင်တော့ ခုံဟောင်းရရင် ဒီသဲကြိုးနဲ့ တပ်စီးလို့ရမယ် ”
“ ဒီတော့ ”
“ ငါ ဖိနပ်အပြတ်ကလေးတစ်ရံ တွေ့ထားတယ်ကွာ ။ အဲဒါ ဖိနပ်ကောက်ရအောင် လူရှင်းတဲ့ အထိ စောင့်ရတာ ”
ခေါင်းကြီးက စိတ်မကောင်းစွာ သူ့ ခြေထောက်သူ ငုံ့ကြည့်သည် ။
“ မင်းနဲ့ စာတော့ ငါ့ဖိနပ်က တော်သေးတာပေါ့ ၊ ဒါလဲ ငါ့ဖိနပ်တော့ မဟုတ်ဘူး ။ အစ်မဖိနပ်ကို စီးနေတာ ။ သူ့ကောက်စိုက်ခနဲ့ ဝယ်ပေးမယ် ပြောတာပဲ ။ ဒါထက် မင်း ဘယ်နားမှာ တွေ့ထားလို့လဲ ”
“ ဟိုမှာ တွေ့လား ၊ အဖြူရောင်လေးလေ ”
••••• ••••• •••••
ကျောင်းသားငယ်နှစ်ဦး၏ ဘဝ ၊ တစ်ဦး အဖြစ်ကို တစ်ဦး နားလည်နိုင်ကြသောအဖြစ်မှာ ချစ်စရာလည်း ကောင်းပါသည် ။ ရင်နင့်စရာလည်း ကောင်းပါသည် ။ ဘဝ ဝမ်းစာအတွက် လှုပ်ရှားရုန်းကန်ရသော သူတို့၏ ကြမ်းတမ်းလှသော ဘဝအကြောင်း ဝတ္ထုများကို ဖတ်ရဖူးပါသည် ။ ယခု ကိုခေး၏ ကျောင်းသားနှစ်ဦးမှာ ဘဝအတွက် လှုပ်ရှားရုန်းကန်ရခြင်း မဟုတ် ။ ပညာအတွက် ဆင်းရဲခံရခြင်း ဖြစ်သည် ။ ချို့တဲ့ခြင်း ၊ ပတ်ဝန်းကျင် အထင်သေး မည်ကို စိုးထိတ်ရခြင်းတို့သည် သူတို့၏ ဒုက္ခ ဖြစ်သည် ။ မဖြစ်စလောက်ဟု ထင်ရသော်လည်း တကယ့်လက်တွေ့ တွင်မူ အလွန်ကြီးမားလှသော စိတ်ပင်ပန်းမှု ဖြစ်ကြောင်း ပေါ်လွင်လာစေနိုင်သည်မှာ ဝတ္ထုဆရာ၏ အစွမ်းဟု ဆိုသင့်ပါသည် ။
ကိုထွေးနှင့် ခေါင်းကြီးတို့သည် တံတားငယ် ကလေးပေါ်မှ နေ၍ ဝါးကိုင်းကလေးနှင့် ဖိနပ်ကို လှမ်းချိတ် ဆွဲယူရန် ကြိုးစားသည် ။ မရ ၊ သူတို့၏ အဖြစ်ကို ယုတ္တိရှိ အောင် အသေးစိတ် သွင်းလိုက်ပုံကို ကြည့်ပါ ။
နောက်တစ်ကြိမ် လှမ်းယူကြည့် ပြန်သည် ။ အပေါ် မြောက်လာ၍ ဆွဲယူလာမှ ပြုတ်ကျသွားပြန်သည် ။
သည်ပုံဖြင့် မလွယ် ။ တစ်ဘက် ထောင့်ချိုးဆီမှ စကားပြောသံများ ကြားရ၏ ။ ကလေးတစ်သိုက် ထွက်လာသည် ။ ဝါးကိုင်းကို ရေထဲတွင် ဟိုဆွဲသည်ဆွဲရမ်းနေလိုက်၏ ။ ကလေးတွေက ငြင်းခုန်ရင်း ဖြတ်သွားသည် ။ လှည့်ပင် ကြည့်မသွား ။ ရှက်စိတ်ဖြင့် ရင်သည် ခုန်လျက် ။
••••• ••••• •••••
ဟန်ဆောင်ပန်ဆောင် ဝါးကိုင်းလေးကို ရေထဲ ဟိုရမ်း သည်ရမ်း လုပ်နေပုံမှာ ယုတ္တိရှိစေသည်သာမက ကြင်နာဖွယ်လည်း ဖြစ်ပါသည် ။ ကလေးများက သူ့ကို ဂရုမစိုက်မိသော်လည်း သူက ရင်ခုန်နေသည် ။ ခိုးယူသော ကိစ္စ မဟုတ်ပါလျက် ရင်ခုန်ရသည့် အဖြစ်မှာ ပေါ်လွင်လှပါသည် ။
နောက်ဆုံးတွင် လူအလစ်ကို ကြည့်ပြီး ကိုယ်တိုင် ဆင်း၍ ကောက်ယူလိုက်သည် ။ ရေစင်အောင် ဆေးလိုက် သည် ။ အမြဲတမ်း လွယ်အိတ်ထဲတွင် ဆောင်ထားသော စက္ကူအိတ်တွင် ထည့်ပြီး လွယ်အိတ်ထဲသို့ ထိုးသွင်းလိုက်သည် ။ ထို့နောက် စိတ်အေးသွား၍ ကိုထွေး စိတ်ကူးနှင့် မြူးသွားပုံကို ကြည့်ပါ ။
••••• ••••• •••••
ဖိနပ်အတွက် သောကဖြစ်စရာ မလိုတော့ ၊ ရေချိုးရင်း သဲနဲ့ ဖြူအောင် တိုက်ပြီး ကြိုးတပ်လိုက်လျှင် ပြီးပြီ ။ ခုံကလေးကလည်း အတော် သစ်သေးသည် ။ မြေပေါ် လျှောက်လျှင် အစင်းရာလေးများ ထင်နေဦးမည် ။
••••• ••••• •••••
ရထားလမ်းကွေ့တွင် မမျှော်လင့်ဘဲ မိန်းကလေးနှစ်ဦးနှင့် ဆုံသည် ။ သူတို့က ကိုထွေး ထံမှ ရူပဗေဒ လေ့ကျင့်ခန်း စာအုပ်ကို ငှားသည် ။ မငှား၍ မဖြစ်တော့ ။ စာအုပ်ကို ထုတ်သည် ။ သတိထားပြီး ထုတ်သည့်ကြားကပင် ရေစိုနေသည့် စက္ကူအိတ်က စုတ်သွားသည် ။ ကောင်မလေး နှစ်ယောက်က သဲကြိုးပြတ် ဖိနပ်ကို မြင်သွားမှာ သေချာ ပါသည် ။ ခေါင်းကြီးက “ တိုးမှ တိုးတတ်တယ်ကွာ ” ဟု ညည်းသည် ။
ကိုထွေး အိမ်ပြန်ရောက်တော့ ငယ်ပေါင်း သူငယ်ချင်း တစ်ဦးကို တွေ့ရသည် ။ တပ်မတော်ထဲသို့ ဝင်သွားသော သူငယ်ချင်း တင်သောင်း ။ ချိုင်းထောက် တစ်ဖက်နှင့် ရှေ့တန်းမှာ မိုင်းထိ၍ ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်လိုက်ရသည် ။ ဒုက္ခိတ တင်သောင်းဘဝ ရှေ့ရေးကို ဘယ်လို ရုန်းကန်ပြီး လုပ်ကိုင်စားသောက်မည်လဲ ။ ကိုထွေးက တင်သောင်း အတွက် အကြင်နာစကားကို ဆို သည် ။ တင်သောင်း ကတော့ ခပ်အေးအေးပင် တပ်ရင်း ပြန်ပြီး အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခု သင်မည်ဟု ပြောသည် ။
••••• ••••• •••••
သူ့မျက်နှာ၌ အားငယ်မှု တစ်စုံတစ်ရာ မတွေ့ရ ။ ဝမ်းနည်းမှု တစ်စုံတစ်ရာ မရှိ ။ သူ ထိုင်နေသောနေရာတွင် မနေ့ကပင် ဖနောင့်ပြတ်ဖိနပ်ကို ကြည့်ရင်း မျက်ရည် ကျခဲ့သည် ။ ကိုယ့်မှာက စီးစရာ ဖနောင့်ပြတ်ဖိနပ်ကလေး ရှိသေးသည် ။ သူ့မှာတော့ ဖိနပ်ရှိသည် ဆိုတောင်မှ စီးစရာ ခြေထောက် မရှိတော့ပါ ။
••••• ••••• •••••
ဝတ္ထုကို ရုတ်တရက် အလှည့်အပြောင်းနှင့် အဆုံးသတ်လိုက်သည် ။ အားငယ်ခြင်းမှ အားတက်ခြင်းသို့ ပြောင်းလိုက်သည်ဟု ဆိုနိုင်သည် ။
••••• ••••• •••••
နောင် မည်သို့သော အကြောင်းနှင့်မျှ မျက်ရည်ကျရန် ရှိမည် မထင်တော့ပါ ။ စာကြည့်စားပွဲလေး၏ ရှေ့တွင် စာတန်း ကလေးတစ်ခုရေးထားဦးမည် ။
“ ငါ့မှာ ဖိနပ်မရှိတော့ ငါ ငိုမိတယ် ။ ခြေထောက် မရှိတဲ့သူ တွေ့တော့ ငါ အငို ရပ်သွားတယ် ”
••••• ••••• •••••
ဤသို့ ဝတ္ထုကို အဆုံးသတ်လိုက်သည် ။
ကိုခေးသည် စာရေးကောင်းသူ တစ်ဦး ဖြစ်သည် ။ သို့သော် ဝတ္ထုနောက်ပိုင်းသည် ရှေ့ပိုင်း၏ ခွန်အားကို မှီအောင် မလိုက်နိုင်ဟု ထင်မိပါသည် ။ ဝတ္ထုဖတ်သူ တစ်ယောက်အဖို့ ဝတ္ထုရှေ့ပိုင်း အကြောင်းအရာများသာလျှင် ရင်ထဲတွင် ကျန်နေခဲ့လျက် နောက်ပိုင်း အကြောင်း အရာကို မေ့လျော့ ပျောက်ပြယ်သွားမည်ဟု ထင်မိသည် ။
စာဖတ်သူ သဘောတူပါသလား ၊ တူပါလျှင် အဘယ်ကြောင့်ဆိုသည်ကို စဉ်းစားလိမ့်မည်ဟု မျှော်လင့်ပါသည် ။ ဝတ္ထုရေးရန် ဝါသနာထုံသူ လူငယ်လက်သင်များက ပို၍ စဉ်းစားကြရန် သင့်ပါသည် ။ ကိုခေးလည်း စဉ်းစားလိမ့်မည် ထင်ပါသည် ။
ကျွန်တော်တို့ အားလုံးသည် မြန်မာဝတ္ထုတို ကိစ္စအတွက် ပူးပေါင်း လုပ်ဆောင်နေကြသည် မဟုတ်ပါလား ။
⎕ အောင်သင်း
📖သဘင် မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၁၉၈၅
No comments:
Post a Comment