Wednesday, July 22, 2026

လက်ဆောင်မွန်


❝ လက်ဆောင်မွန် ❞
   ( ဖေလင်းသစ် )

“ ကျေးဇူးတင်တယ်လို့ ပြောတဲ့ စကားက လက်ဖက်ရည် တစ်ခွက်လောက် တန်ဖိုးမရှိဘူး ”

မဲတူက သူ့အမြင်ကို ပြောတယ် ။ သူက လူ့ကန့်လန့် ။

“ လောကမှာ ကိုယ့်အကျိုး ဆောင်ရွက်ပေးတဲ့ လူကို ကျေးဇူးတင်တယ်လို့ ပြန်ပြောတာ ၊ ပြောတဲ့သူရော အပြောခံရတဲ့သူပါ ကျေနပ်မှု ရကြတယ် ”

ကိုကောက်က ပြန်ရှင်းပြပေမယ့် မဲတူက နှုတ်ခမ်းကို တွန့်ပြီး ခေါင်းခါတယ် ။

“ လောကဝတ်ကို နားလည်တဲ့သူ ၊ တန်ဖိုးထားတတ်တဲ့ သူတွေ အတွက်တော့ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တဲ့ စကားတစ်ခွန်းကလည်း တန်ဖိုးရှိတာပါပဲ ”

ဘဲဥမက ဝင်ပြောတော့ မဲတူက ငြိမ်နေတယ် ။

“ မင်းတို့ကို လက်ဆောင်မွန် ဆိုတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောမယ် ”

“ ပုံပြင်ဆရာ ရွှီး စကားဝိုင်းထဲ ဝင်လာပါပြီ ”

“ ပုံပြင် ဆိုပေမယ့် ဒေးဗစ်ဟေးကော့ ဆိုတဲ့သူ ရေးထားတဲ့ အကြောင်းအရာကွ ၊ တစ်နှစ်တုန်းကပေါ့ ။ ဒေးဗစ်ဟာ ဟိမဝန္တာတောင်ကြောမှာ ခြေကျင် တောင်တက်ခရီးကြမ်း ထွက်သတဲ့ ။ အဲဒီခရီးမှာ သူ မှားသွားခဲ့တာက ဒေါ်လာငွေကို ဒေသသုံးငွေအဖြစ် အများကြီး လဲယူလာခဲ့မိတာတဲ့ ”

“ ငွေဖောင်းပွတော့ ငွေထုပ်အကြီးကြီးကို ခရီးကြမ်းမှာ ထမ်းရလိမ့်မယ် ”

“ အန်နာပူရနာ တောင်ကြောက ရွာတွေကို ဖြတ်ပြီး ခရီးနှင်လာချိန်မှာ ဒေးဗစ် မြင်တွေ့ရတာက အဲဒီဒေသက လူတွေဟာ သိပ်ကို ဆင်းရဲကြတယ် ဆိုတာပဲ ။ သူတို့ခမျာ ဘာမျှမပြည့်စုံကြဘူး ”

“ သနားပါတယ် ”

“ ဒီလို အရပ်ဒေသကို ငွေထုပ်ကြီး ပိုက်လာမိတဲ့ ဒေးဗစ်ဟာ ရယ်စရာလို ဖြစ်နေတယ် ။ သန်းကြွယ်သူဌေးကြီးတစ်ယောက် ဆင်းရဲသား ရပ်ကွက်ထဲ ရောက်လာသလိုပဲ ”

“ ဘုန်းကြီးနဲ့ ဘီးလို မအပ်စပ်တာ ဖြစ်နေတယ် ”

“ ဒေးဗစ်က အထမ်းသမား နောက်လိုက်နောက်ပါ အခြွေအရံတွေ အပြည့်အစုံနဲ့ ဆင်းရဲသား ကျေးရွာတွေကို ဖြတ်သန်းသွားရတာ ရှက်ရွံ့ အားနာစရာ ဖြစ်နေတယ် ။ သူ့ဘဝမှာ ဘယ်ခါမျှ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်စရာ ဖြစ်နေတာတဲ့ ”

“ ဟုတ်တာပေါ့ ”

“ တစ်ရက်မှာတော့ ဒေးဗစ်ဟာ သူနဲ့ တောင်တက်ဖက်တွေနဲ့ သီးခြားခွဲပြီး တောင်ကြားလမ်းကလေးမှာ လျှောက်လှမ်းလာသတဲ့ ။ တောင်ဆင်း ဆင်ခြေလျှောလမ်းအတိုင်း လာရင်း အသက် ၁၃ နှစ်အရွယ်လောက်ရှိတဲ့ သိုးကျောင်းနေတဲ့ မိန်းကလေးတစ်ယောက်ကို ဒေးဗစ်က သတိပြုမိတယ် ”

“ တွေ့နေကျ တစ်ခုပါပဲ ”

မိန်းကလေးက ကလေးမလေး တစ်ယောက်လို လှပတယ် ။ နီပေါသူလေးတွေထဲမှာတော့ တော်တော်လှတဲ့ထဲ ပါတယ် ။ ဒေးဗစ်က ကလေးမလေးကို ကြည့်နေမိသလို ကလေးမလေးကလည်း ပြန်ကြည့်နေသတဲ့ ”

“ အကြည့်ချင်း ဆုံကြတာပေါ့ ”

“ တောင်ဆင်းလမ်းအတိုင်း ဒေးဗစ် ဆင်းလာခဲ့တာ ကလေးမလေးနဲ့ အမြင့်ပေ အတူတူလောက် ရောက်ချိန်မှာ မိန်းကလေးက ဒေးဗစ် ရှိရာကို ရုတ်တရက် ပြေးလာတယ် ။ စကားတစ်ခွန်းမျှ မပြောဘဲ လက်ထဲမှာ ကိုင်လာတဲ့ ပန်းကလေး တစ်ပွင့်ကို ပေးတယ် ။ သူတို့ နှစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့တဲ့ အကြည့်ချင်း တစ်ခဏတာ ဆုံလိုက်ပြီး ကလေးမလေး ပြန်လှည့်ထွက်ပြေးသွားတယ် ”

“ ချစ်စရာ ကောင်းလိုက်တာ ”

“ နတ်မိမယ်လေးလို သန့်စင်တဲ့ လိပ်ပြာရှင် ကလေးမလေးဟာ ဒေးဗစ်ကို မြင်တွေ့ချိန်မှာ တစ်စုံတစ်ခု ပေးကမ်းဖို့ တွေးတယ် ။ ဆင်းရဲနွမ်းပါးသူ တစ်ဦးမို့ သူ့မှာ ပေးစရာတော့ မရှိဘူး ။ ပန်းကလေးတစ်ပွင့်ပဲ ရှိတယ် ” 

“ ဟုတ်တာပေါ့ ”

“ ဒေးဗစ်ဟာ ကလေးမလေး ပေးသွားတဲ့ လက်ဆောင်မွန်ကို လက်ခံရယူလိုက်မိတဲ့ အချိန်မှာ သူ သယ်ယူလာခဲ့တဲ့ ငွေထုပ်ကြီးဟာ ဘယ်တုန်းကမျှနဲ့ မတူအောင် အလေးချိန် စီးတယ်လို့ ထင်မိတယ် ။ သူ့ဘဝမှာ ရခဲ့ဖူးသမျှ လက်ဆောင်တွေထဲမှာ ဒီပန်းကလေးတစ်ပွင့်ဟာ တန်ဖိုးအရှိဆုံးလို့ ဒေးဗစ် ထင်သတဲ့ ”

“ ငွေနဲ့ ပေးဝယ်လို့ မရနိုင်တာတွေ များများပိုင်ဆိုင်လေ ဘဝမှာ ချမ်းသာလေပဲနော် ”

⎕ ဖေလင်းသစ်
📖မော်ဒန် သတင်းဂျာနယ်
     ၆ ၊ ဧပြီလ ၊ ၂၀၁၂

No comments:

Post a Comment