Monday, July 6, 2026

ကဆုန်ဦး


❝ ကဆုန်ဦး ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

၁ ။

ကိုးခွင်တိုင်းသို့ မျှော်လေတိုင်းသာ ပြာစင်သော မိုးသားက ရစ်လွှားထားသည် ။ ကျဲကျဲတောက်မျှ ပူလောင်နေသော နေရောင်အောက်ဝယ် လေဟုန်စီးနေသော လဲပေါက်ကလေးများမှအပ တိမ်ဖြူကလေး သော်မျှ မမြင်ရပေ ။ တိုက်လာသော လေကလည်း လေပူကြီးမို့ ခိုဝင်စရာ အရိပ်ကောင်းကား ရှားပါးလှပါဘိတောင်း ။ ကျီးကန်းတွေ ဆက်ရက်တွေကို ကြည့်လိုက်လျှင် ပါးစပ်အပြဲသား ။ ခွေးတွေကို ကြည့်လိုက်လျှင် လျှာအတွဲသားနှင့် ။ ပူပြင်းသော နေရှိန်အောက်ဝယ် နွမ်းညှိုးသော ဖူးပုရစ်ဆင်သည့် သစ်နွမ်းပင်များသည် ရမ်းဘိုကုန်းရွာကလေးအား အပူဒဏ်မှ ကာဆီး မပေးနိုင်ပါချေ ။

ကြမ်းကြားလေနှင့် ဘူးခါးရေ ။ သည်လို အပူရှိန် လွန်ကဲနေသော အခါမျိုး၌ ကြမ်းပြင်ပေါ် ကျောခင်း အိပ်ကာ ကြမ်းကြားမှ တိုးသော လေ၏ အရသာကို ခံစားပြီး အိပ်ရာထ၌ ဘူးသီးအခြောက်တွင် ထည့်ထားသော ဘူးခါးရေကို သောက်ရသော် အေးမြခြင်းသည် တစ်ကိုယ်လုံး ပျံ့လာ၏ ။ ထို့ကြောင့် ဘူးခါးရေသည် အေး၏ ။ ကြမ်းကြားလေသည်လည်း အေးပါ၏ ။ သို့သော် အပူရှိန်ပြင်းသည့် နေစွယ်သည် ချောင်းအနောက်ဘက်ကမ်းရှိ ရှားတောထိပ်တွင် မေးတင်နေလေပြီ ။ ရမ်းဘိုကုန်းရွာ သမီးငယ်များသည် ရေအိုးကိုယ်စီ ခါးစောင်းတင်လျက် ချောင်းထဲသို့ ဆင်းလာကြ၏ ။ ကာလသားငယ်များသည်လည်း ဆိုင်းထမ်းပိုးကိုယ်စီနှင့် လက်ယက်တွင်းများ ဘေးဝယ် ထေ့သံမြှူသံများနှင့် လုံမေတို့အား ကြူနေကြသည် ။ သည်အခိုက်ဝယ် ချောင်းရိုးအတိုင်း ပတ်မတုတ်သံ တစ်ခုသည် စုန်ဆင်းလာ၏ ။ ပတ်မတုတ်သံသည် လုံမပျိုတို့အား သိသာထူးခြားမှုဖြစ်အောင် လုပ်မပေးနိုင် သော်လည်း ကာလသားများကိုကား လှုပ်ရှားသွားစေ၏ ။ တောသား ဆိုတာကလည်း ကိုယ်ကသာ ဒိုးပတ်ကို ဖြောင့်အောင် မတီးတတ် ၊ ဝါးကိုမှ ဖြောင့်အောင် မလိုက်တတ်သော်လည်း ပတ်မသံ ကြားလျှင် ဒါဟာ အလှူကပဲ ၊ ဒါဟာ မသာကပဲ ဆိုတာကို ခွဲခြား၍ သိတတ်ကြ၏ ။ သို့ကြောင့်လည်း တစ်ယောက် သော ကာလသားက “ ဘယ်ရွာက အလှူများပါလိမ့် ” ဟု အခြားသော အဖော်များကို လှမ်းပြီး မေးလိုက်နိုင်ခြင်းဖြစ်၏ ။

“ ရှားတောကလို့ ထင်တာပဲကွ ”

တစ်ယောက်က မရေမရာ ပြန်ဖြေလိုက်စဉ်မှာပင် “ ဟုတ်တယ်ဟေ့ ရှားတောကပဲ ။ မနေ့တုန်းက လူတွေ လာတုန်းက ပြောသွားတယ် ။ လာခဲ့ကြပါလို့ မှာသွားတယ် ” ဟူ၍ ဖြည့်စွက်ထောက်ခံလိုက်လေ၏ ။

နွေဦးပေါက် တောသူတောင်သား လယ်သမားတွေ ငွေစရွှင်တုန်းမို့ လှူနိုင်တန်းနိုင်ကြသည်ဟု ထင်လျှင်ကား မှားပေလိမ့်မည် ။ သည်ခေတ် သည်အခါသည် မြန်မာပြည်၌ ချောင်လည်သော လယ်သမား မရှိနိုင်ပါ ။ ရှိလည်း ရှိနိုင်စရာ မရှိ ။ ရှိနိုင်သော လမ်း အခွင့်များသည်လည်း ပြိုကွဲခဲ့သော ငြိမ်းချမ်းရေး နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့လေပြီ ဖြစ်သည်မှာ ကိုးနှစ် တိုင်ခဲ့ချေပြီ ။

မှောင်ရီပျိုးလေလေ ဆိုင်းသံသည် ကျယ်လာလေလေ ဖြစ်၏ ။ တစ်ချက်တစ်ချက်တွင် ရွာထိပ်က တီးသလားဟု အောက်မေ့ရ၏ ။ အမှောင်ထုအောက်ဝယ် ရေနံဆီမီးခွက် ဝါဖျော့ဖျော့ကလေးများသည် မှိန်ချည်တစ်လှည့် လင်းချည်တစ်တန်ဖြင့် လင်းပြန့်နေသည် ။ ဘညိန်းကား ထမင်းစားပြီးသည်နှင့် တဲ ပုတ်၏ တိုင်တွင်ချည်ထားသော လက်သုတ်စုတ် စေးထန်းထန်းကို ကရော်ကမည် သုတ်ပြီး အင်္ကျီကို ကောက်ဝတ်လိုက်သည် ။ 

“ လူလေး ”

ခေါ်သံဘက်သို့ ဘညိန်း လှည့်လိုက်သောအခါ မီးရောင်ဖြင့် လင်းဖန့်ပြူးကျယ်နေသော မကျီးဒန်၏ မျက်လုံးအစုံကို မြင်ရသည် ။

“ ဗျာ ဘာလဲအမေ ”

“ ရှားတောကအလှူကို သွားဦးမလို့လား ”

မကျီးဒန်က ထမင်းလုတ်ကို ပါးစပ်နားတွင် တေ့ထားလျက်က လှမ်းမေးလိုက်ရာ

“ ဟုတ်တယ် အမေ သွားမလို့ ။ ခဏတစ်ဖြုတ်ပါ ” 

“ ခဏတစ်ဖြုတ်က ကိစ္စမရှိဘူး ။ အဖော်ပါရဲ့လား ၊ ဘယ်သူတွေ ပါသလဲ ”

“ စုံလို့ပေါ့ အမေရ ။ ကိုဆယ်တို့ ၊ ကိုအုန်းမောင်တို့ ၊ ချစ်မောင်တို့ ၊ ဘခက်တို့ ၊ ငကြာတို့ ၊ ပြီးတော့ ”

“ ကဲ ၊ သွားသွား ။ ရန်တို့ဘာတို့ မဖြစ်နဲ့နော် ” 

“ ဟုတ်ကဲ့ ”

ရွာကလေးမှာကား ညမိုက်ညမို့ ငြိမ်သက်နေ၏ ။ မှောင်တွင်းသွားလာနေကျ ဖြစ်သောကြောင့် ဘညိန်းတို့ အလှူပွဲသွား လူတစ်စုမှာ တစ်အိမ်ဝင် တစ်အိမ်ထွက်နှင့် လူစုနေကြသည် ။ အဝေးမှ ဆိုင်းသံကား အငြိမ့်များပင် ထွက်နေ လေပြီ ။ သို့သော် တကယ်တမ်းကား အငြိမ့်ထွက်သည် မဟုတ် ။ မဖြစ်တုတ်တက် တည်ထောင်ထားသော ပတ်တစ်ခြမ်း ဝိုင်းကလေးက တွေ့ကရာ ၊ ကောင်းနိုးရာရာ တီးလုံးများကို လျှောက်တီး နေကြခြင်းဖြစ်၏ ။ ပတ်တစ်ခြမ်းဝိုင်း ဆိုသည်မှာ စည်တို ၊ စခွန့် ၊ မောင်း ၊ ဆိုင်း ၊ ကြေးဝိုင်းနှင့် ပတ်မများ စုံလင်စွာပါ၏ ။ ဆိုင်းဝိုင်း၏ အဓိက ကျက်သရေဆောင် ဖြစ်သော ပတ်ဝိုင်းကြီးကား မပါပေ ။ ထို့ကြောင့် တစ်ခြမ်းပဲ့ဆိုင်း ၊ ဆိုင်းတစ်ခြမ်းပဲ့ ၊ ပတ်တစ်ခြမ်း စသည်ဖြင့် ခေါ်၍ကောင်းသည် ထင်သလို ခေါ်နေကြခြင်းဖြစ်၏ ။

“ ဟေ့ ဖိုးဆယ် ၊ မပြီးသေးဘူးလားကွ ”

ရွာ၏ တောင်ဘက် လှည်းလမ်းမှ ကျွက်စီ ကျွက်စီ အသံများနှင့်အတူ အုန်းမောင်၏ အသံဝါကြီး ထွက်ပေါ်လာသည် ။

“ ဟ ငါ့လခွေးမှပဲ လာပါပြီ ၊ လောလှချည်လားဟ ”

အသံများ ပျောက်သွား၍ ကွမ်းတစ်ယာညက်ခန့် ကြာလျှင် ချောင်းလယ်မှ အသံတစ်သံ ထွက်ပေါ်လာ၏ ။

“ သူ့သမီးဟယ် တော်ရာစေလို့ လင်ရှာချေ ၊ လင် ရှာချေခိုင်း "

••••• ••••• ••••• 

၂ ။

မကျီးဒန်မှာ အခါဆိုး ခေတ်ဆိုးကြီးတွင် ညကြီးမင်းကြီး သွားလာခွင့်ကို သားဖြစ်သူအား မပေးလိုပေ ။ သို့ပါသော်လည်း တစ်နေကုန် တစ်နေခန်း အလုပ်ခွင်၌ အချိန်ကုန်နေရသော သားငယ်အား အများနည်းတူ လူပျိုဘဝ ပျော်ပါးနေခြင်းကိုလည်း မပိတ်ပင်လိုပေ ။ မပိတ်ပင်လိုသောကြောင့် ခွင့်ပြုလိုက်ရပေမင့် စိတ်တထင့်ထင့် ဖြစ်နေရသည် ။ တောပွဲတို့ သဘာဝ အတိုင်း အလှူပွဲသည် ရိုက်ပွဲဖြစ်သွားတော့မည်လော ။ ပျော်ပွဲသည် ငိုပွဲ သ,တ်ပွဲပင် ဖြစ်လေမည်လောဟု ကြောင့်ကြအိုးဝေ နေရလေသည် ။

နောက်ဆုံး၌ ‘ ဟယ် အဖော်တွေပါသားပဲ ။ ဘာမှလည်း မဖြစ်တန်ကောင်းပါဘူး ’ ဟု စိတ်ကိုတင်းကာ အိပ်ရာဝင်လိုက်ရလေ၏ ။ သို့သော် အိမ်ခေါင်ကိုလည်း ငှက်ဆိုး မထိုး ၊ မကျီးဒန်လည်း မျက်ခုံး မလှုပ် ၊ စိတ်မလေးဘဲနှင့် ဘညိန်းတို့ သန်းခေါင်လောက်တွင် ပြန်လာသောအခါ၌ သတင်းဆိုးကို ကြားရလေ၏ ။ 

“ အဖေ ၊ အဖေ ”

“ ဟဲ့ ဘညိန်း ၊ ဘာလဲ ”

ကိုဆေးရိုး၏ အသံဖြစ်၏ ။ ဘညိန်း၏ အသံကို နောက်ထပ် မကြားရတော့ဘဲ ဘညိန်း၏ အသက်ရှူသံ ပြင်းပြင်းကသာ တဲတွင်းသို့ ထိုးဝင်လာနေသည် ။ 

“ ဟဲ့ ၊ ဘာလဲလို့ ဆိုနေ ။ ဘာဖြစ်လို့လဲ ”

နောက်ထပ် အသံ မကြားရသောကြောင့် ကိုဆေးရိုးက ခပ်ငေါက်ငေါက်ကလေး အော်မေးလိုက်သော အခါတွင် မကျီးဒန်ပါ လန့်နိုးလာရသည် ။

ဘညိန်းက “ ဟို ဟို ” နှင့် မောပန်းထစ်ငေါ့စွာ ပြောရင်း တဲတွင်းသို့ ဝင်လာကာ 

“ ဟို ဟို ဟိုအဝှာ ”

“ ဟဲ့ ဘာလဲလို့ ဆိုနေတာကို တဝှာဝှာ တဟိုဟိုနဲ့ ။ နင့်အမေလင် ဟိုနဲ့ ၊ နင့်ကြီးဒေါ် အဝှာလားဟင် ”

ကိုဆေးရိုး အော်ရင်းငေါက်ရင်း ထထိုင်သည် ။ ထထိုင်မိလျှင် အကျင့်ပါနေသော ညာဘက်လက်က ဓားရှည်ကို စမ်းမိ၏ ။ နောက် ပုဆိုးစုတ်ကို စမ်းမိကာ ကောက်ကိုင်ပြီး ကျောနှင့် ရင်ဘတ်ကို တဘုတ်ဘုတ် နှင့် ယပ်ခတ်လိုက်လေ၏ ။

“ လူလေး ဘာဖြစ်လာတာလဲဟင် ”

ချက်ချင်းပင် ရှဲခနဲ မီးခြစ်သံနှင့်အတူ မကျီးဒန်၏ အသံပေါ်လာပြီး တဲကလေးအတွင်းမှာ လင်းသွားသည် ။ မီးရောင်အောက်တွင် ကွပ်ပျစ်ဘေး၌ ရပ်နေသော ဘညိန်းမှာ မျက်လုံးကြီးအပြူးသားနှင့် ပါးစပ်ကြီးကို ဟနေ၏ ။ မျက်နှာမှာ ဖြူဖပ် ဖြူရော်ကြီး ဖြစ်နေသည် ။ ညနေစောင်းက ငြိမ့်ညောင်းစွာ ထွက်ပေါ်နေသော ဆိုင်းသံ၏ နေရာတွင် သေမင်းတမန် ဖြစ်သည့် အနုတ်လက္ခဏာ သေနတ်သံများက ဆူညံစွာ လွှမ်းမိုးနေပါပကော ။

“ သား သား လူလေး ၊ ဘာဖြစ်လာလဲ ၊ အမေ့ကို ပြောစမ်း ”

မကျီးဒန်က သားကို ပြေးဖက်သည် ။ ချောစိန်က အိပ်မှုန်စုံမွှားနှင့် ထလာကာ ရေတစ်ခွက် ခပ်ပေးသည် ။

“ ပြောစမ်း သား ၊ ပြောစမ်း ”

“ ဘာဖြစ်လာလဲ ။ ပွဲမှာ ရိုက်ကြသလား ”

ကိုဆေးရိုးကပါ အနားသို့ တိုးလာပြီး မေး၏ ။

“ ဟို ၊ ဟို ၊ ဟို ၊ ဘခက်ကို ပြန်ပေး ပြန်ပေးဆွဲ ဆွဲထား ”

“ ဟယ် ဟုတ်လား ”

ကိုဆေးရိုး တစ်ခွန်းတည်းသာ အော်ပြီး ဓားကို ဆွဲလျက် ခုန်ထကာ တဲအပြင်သို့ ထွက်သွားလေ၏ ။

“ ကိုဆေးရိုး ၊ ကိုဆေးရိုး ”

“ အဖေ ၊ မသွားပါနဲ့ ”

မကျီးဒန်နှင့် ချောစိန်က လှမ်းအော်လိုက်ရာ

“ ဟဲ့ ၊ ငါ ဘယ်မှ မသွားဘူး ၊ ရွာထဲတင် ”

ကိုဆေးရိုး၏ အသံက အိမ်ဝိုင်း၏ အပြင်မှ ထွက် ပေါ်လာ၏ ။

“ ဟဲ့ လူကလေး ၊ မသွားနဲ့လာ ”

ကိုဆေးရိုး၏ အသံမဆုံးမီပင် ဘညိန်းက ဖအေ့ နောက်သို့ ပြေးလိုက်ရန် တဲပေါက်ဘက်သို့ ခြေဦးလှည့်လိုက်ပြန်သဖြင့် မကျီးဒန်က ဖမ်းဆွဲလိုက်၏ ။ 

“ ဟေ့ ပိတ်စ ၊ ပိတ်စ ”

“ ဟေး ”

“ ထစမ်းဟေ့ ၊ ထစမ်း ။ ကျော်ဇံရေ ဟေ့ ကျော်ဇံ ” 

ကိုဆေးရိုး၏ အသံသည် အိမ်နားဝန်းကျင်တွင် ဆူသွား၏ ။ တောင်ပိုင်းမှ အော်သံခေါ်သံများကလည်း ဆူညံလာ၏ ။ တဖြည်းဖြည်း ကျယ်လောင်လာသည် ။ ခွေးဟောင်သံများ ၊ ကလေးငိုသံများ ၊ ခွေးကို ခြောက်သံ ၊ ငေါက်သံများကလည်း ဆူညံစွာ ပေါ်ထွက်လာပြန်လေ၏ ။ ချောစိန်မှာ စိမ်းလဲ့သော မျက်လုံးကြီးအစုံကို မျက်တောင်ကော့ကြီး အောက်မှ အစွမ်းကုန် ပြူးထားလျက် မကျီးဒန် အပါးသို့ တိုးကပ်သွားသည် ။ မကျီးဒန်မှာကား သားဖြစ်သူ၏ ပခုံးကို ကိုင်ထားသည် ။ သူ၏ မျက်လုံးအစုံ၌ ရတက်၏ နှောက်ခြင်းက ပေါ်နေ၏ ။

“ ဘယ်လိုဖြစ်တာလဲ ဟင် ”

“ ဆိုင်းပွဲကို သူပုန်တွေ လာသတဲ့ အမေရ ။ ဒါပေမဲ့ ကျုပ်တို့ကတော့ ဘယ်သူတေပဲလို့ မသိပါဘူး ။ တော်တော်ကြာလို့ ယိမ်းလည်းထွက်ရော ပွဲလန့်တာပဲ ။ လိုက်ပြီး သတင်းနားထောင်လိုက်တော့ ရွာမြောက်ဘက်မှာ အစိုးရတပ်သားတွေ ရောက်နေသလိုလို ကြားရတာနဲ့ ကျုပ်တို့လည်း ချက်ချင်း လူစုပြီး ပြန်ပြေးလာကြတာပဲ ”

“ ပွဲလည်း ပျက်ကရောလား ”

“ ကျုပ်တို့ ထွက်လာတော့ မပျက်သေးဘူး အမေရ ။ ဒါပေမဲ့ ပျက်မှာပါပဲ ။ ကျုပ်ဖြင့် အမေရာ ၊ ကြောက်လိုက်တာ လွန်ရော ။ ချောင်းထဲ ရောက်တော့လည်း အသက်တောင် ပြင်းပြင်းမရှူဝံ့ဘူး ။ ကင်းပုန်းတွေ တွေ့မလား ဘာလားနဲ့ ၊ ကိုင်းတောကို ဖြတ်လာတုန်းက ဘာမှ မဖြစ်ဘူး ။ ရွာနားက ရီးဖိုးသာရဲ့ ယာထောင့် ကျမှ ‘ ဟေ့ ရပ်လိုက် ’ ဆိုတဲ့ အသံက မှောင်ထဲက ထွက်လာတော့ လူကို လိပ်ပြာစဉ်သွားသလား အောက်မေ့တယ် ”

“ အဲဒါက ဘယ်သူတွေလဲ ၊ သူပုန်တွေလား ”

ချောစိန်က ဝင်ထောက်သည် ။

“ သူပုန်လား ၊ အစိုးရလား ၊ ဓားပြလား ဘယ်သိမလဲဟ ။ ဓားပြမှန်း သိရင် ဘာနေမလဲ ။ တစ်ချိုးတည်း သုတ်ရင်သုတ် ၊ မဟုတ်ရင် ဝိုင်းခုတ်မှာပေါ့ ။ အခုတော့ သူပုန်နဲ့ အစိုးရ တစ်ခုခု အောက်မေ့လို့ ရပ်လည်း ရပ်လိုက်ကရော မျက်နှာတေကို ဒုံမီး ( လက်နှိပ်ဓာတ်မီး ) နဲ့ ဝိုင်းထိုးထားပြီး ဓားတွေသိမ်း ၊ အထိုင် ခိုင်းတော့တာပဲ ။ ဓားတေ သိမ်းပြီးမှ တစ်ယောက်စီကို လိုက်ရှာတော့တာပဲ ။ လက်စွပ်ပါတဲ့ လူဆီက လက်စွပ် ၊ ကြယ်သီးပါတဲ့ လူဆီက ကြယ်သီး ၊ ကိုဖိုးချမ်း ကြယ်သီးလေးသာ တပ်နိုင်တဲ့ ဘခက် ကျမှပဲ “ ကဲ မင်းကို ပြန်ပေးဆွဲတယ်ဟေ့ ၊ ထ ” ဆိုပြီး ပြောတော့တာပဲ အစ်မရာ ”

“ သူတို့က လူတော်တော် များသလား ”

မကျီးဒန်က ဆေးလိပ်တိုကို လှမ်းဆွဲရင်း မေးပြန်၏ ။ 

“ တစ်ကျိပ်လောက်တော့ ရှိမှာပါပဲ ”

“ ဘယ်ကို လာရွေးရမယ် ပြောမသွားဘူးလား ” 

“ ရွာတောင်ဘက်က ရှားပင်ပေါင်းကို မိုးမလင်းခင် ငွေတစ်ထောင်နဲ့ လာရွေးရမတဲ့ ။ လာရွေးရင် မီးခွက် နှစ်ခွက်ကို ပုံးထဲထည့်ပြီး လာရမတဲ့ ”

“ အင်း ”

မကျီးဒန်က မသက်မသာနှင့် ညည်းလိုက်သည် ။ 

“ ကဲ သွားကြတော့လို့လည်း ဆိုရော ကျုပ်တော့ ရှေ့ဆုံးက ထပြေးလာခဲ့တော့တာပဲ အစ်မရဲ့ ၊ လူကို ဆို့နေတာပဲ ။ ဒီရောက်တော့ တော်တော်နဲ့ စကား မပြောနိုင်ဘူး ။ အရေးထဲမှာ အဖေက မာန်လိုက်သေးတယ် ”

••••• ••••• •••••

၃ ။

ဘယ်ကမှ သက်သာသည် မဟုတ် ။ ဘညိန်းတို့မှာ အလှူလုပ်သည့် ရွာထဲတွင် ခိုလှုံနေပါကလည်း တိုက်ပွဲနှင့် မိမည် ။ သူတို့ ရွာထဲ အရောက်တွင် အလှူလုပ်သည့် ရွာဆီမှ သေနတ်သံများ ညံနေ၏ ။ တိုက်ပွဲကြားတွင် ရောက်နေ၍ အသက်မသေဘဲ ကျန်နေလျှင်လည်း တိုက်ပွဲ အပြီး၌ ဘယ်ကလဲ ၊ ဘာလဲ ၊ ဘယ်သူ့ သားလဲ စသည်ဖြင့် စစ်ဆေးလား အလုပ်ခံရဦးမည် သာမက အဆင်မသင့်လျှင် အထုအထောင်းနှင့် အဖမ်းအချုပ်ပင် ခံရဖွယ် ရှိသေး၏ ။ တိုက်ပွဲကြားတွင် မမိဘဲ ရွာဆီသို့ ပြန်ရောက်လာပြန်တော့လည်း ယခုလို ပြန်ပေးနှင့် တွေ့ရ၏ ။

ထို့ကြောင့် ဘယ်ဟာမှ မသက်သာဟု ဆိုခဲ့သည် ။ ရမ်းဘိုကုန်းရွာမှာ အိမ်ခြေ သုံးဆယ်မျှသာ ရှိ၏ ။ ပြန်ပေးအတွက် ငွေတစ်ထောင်ကို တစ်အိမ်လျှင် ၃၀ ကျ စုမှသာ ကိုးရာရပေမည် ။ သုံးဆယ်သော အသပြာကို မည်သူသည် ပေးနိုင်ပါမည်နည်း ။ စပါးပေါ်ချိန်တော့ ဟုတ်၏ ။ စာလက်မကို အမွေးနုတ်ပစ်တော့ ဘာကျန်သနည်း ။ ဇီးကွက်ကို ခေါင်းဖြတ်ပစ်လျှင်ကော ဘာကျန်ပါသနည်း ။ ထို့အတူ လယ်သမားမှာလည်း ဘယ်သတင်းစာမှာမှ မပါသော မိုက်ကြေး အမျိုးမျိုး ၊ ဆက်ကြေးအထွေထွေ ၊ ကုန်စရာ ကျစရာ အဖုံဖုံဖြင့် စပါးနှယ်၍ လက်စသောအချိန်တွင် အသုံးအစွဲ မဟော့ရမ်းပါမှ ဝမ်းစာနှင့် မျိုးသာ ကျန်ခဲ့လေသည် ။ သို့ကြောင့်ပင် တစ်အိမ် ၃ဝ ဆိုသော ငွေမှာ ရမ်းဘိုကုန်းက ကျောပြောင်များ အဖို့ အောင့်အောင့်အက်အက်ကြီး ရှိလှ၏ ။ တစ်ရွာလုံးကို မောင်းထဲ ထည့်ထောင်းပစ်မည် ဆိုသော်လည်း တစ်ယောက် နှစ်ယောက်ထံမှ အပ သည်အချိန်၌ ငွေသုံးဆယ် ထွက်လာလိမ့်မည်မဟုတ် ။

မွဲပါသည် ဆိုခါမှ မီးက လောင် ၊ ကုန်ဈေးနှုန်းက တက် ၊ ဓားပြက ဆူ ၊ ပြန်ပေးက ထ ၊ ဩော် သေသော်မှတည့် ဩော်ကောင်း၏ ။ သို့သော် မသေဝံ့ကြသေးလေတော့မသေဝံ့ကြသေးသူများသည် အချင်းချင်း စုပေါင်း အေးချမ်းမှုကို ရှာကြရန် လမ်းတစ်လမ်းမှ တစ်ပါး အခြား လမ်းသည် မရှိချေ ။ ထမင်းအိုး တစ်လုံး ချက်ခန့် ကြာလျှင် ကိုဆေးရိုး ပြန်ရောက်လာကာ မကျီးဒန် ထံတွင် ရှိသမျှကလေးကို လာရောက်ပြီး ခြစ်ခြုတ် ယူသွားလေ၏ ။ သားအမိသုံးယောက်သားမှာကား မီးခွက်ကြီးကို အလယ်မှာ ချလျက် တစ်ယောက် မျက်နှာတစ်ယောက် ကြည့်နေမိကြသည် ။

“ သားရယ် ၊ မင်းတို့ တစ်တွေကိုက ကံဆိုးပါတယ်ဟယ် ။ ဒီခေတ်မှာ လူလာဖြစ်တာဟာ ဝဋ်မကင်းလို့ လူလာဖြစ်ရတယ်လို့ပဲ အမေ ထင်တယ် ”

မီးခွက်မှာ တဖြည်းဖြည်း မှိန်သွားကာ မီးစာထိပ်မှာ နီရဲ၍ ကျွမ်းနေ၏ ။

“ ကဲ အမေ ၊ ပုလင်းထဲမလဲ ရေနံဆီ မရှိဘူး ။ မီးခွက်ထဲက အကပ်ကလေး ကုန်သွားရင် လုံးလုံး ထွန်းမရဘဲ နေလိမ့်မယ် ”

ပြောပြောဆိုဆိုနှင့် ချောစိန်က မီးခွက် အနားသို့ အတိုးလိုက်တွင် လေပုန်းတစ်ချက်က တဲထဲသို့ ဝင်ဆောင့်လိုက်သဖြင့် မှောင်ကျသွားလေ၏ ။ မည်မျှ ကြာအောင် အိပ်ပျော်သွားသည်မသိ “ ကျီးဒန် ကျီးဒန် ” ဟူသော ကိုဆေးရိုး၏ အသံကိုကြားမှ လန့်နိုးလာသည် ။

“ တော် စမ်းပြီး ဝင်ခဲ့ပေတော့ ။ ရေနံဆီ မရှိဘူး ” 

ကိုဆေးရိုး၏ ခြေသံတရှပ်ရှပ်က မှောင်တွင်းတွင် ထွက်ပေါ်နေကာ ကွပ်ပျစ်နားသို့ နီးကပ်လာသည် ။ နောက်ဆုံး အိခနဲ ထိုင်ချလိုက်သံကြားရပြီးနောက်

“ ရေနံဆီ မရှိတာထက် ငွေမရှိတာက ခက်တယ်ဟေ့ ။ တော်ရုံတန်ရုံဟာတော့ မထွန်းနဲ့ ”

“ ဘခက်ကလေး ပြန်လွတ်လာပလား ”

“ အေး လွတ်လာပါပြီ ။ ဒါတောင် သွားရွေးတဲ့ ဘချစ်ကို တစ်ချက် ၊ ကောင်လေးကို တစ်ချက် ၊ ငွေ နည်းရမလား ဆိုပြီး ဓားပြားနဲ့ တစ်ချက်စီ ရိုက်လွှတ်လိုက်သေးတယ် ”

“ ငွေက ဘယ်လောက် ရလို့လဲ ”

“ နှစ်ရာ့ငါးဆယ်ပဲ ရတယ် ”

“ အင်း ၊ မောင်မင်းကြီးသားများ ဒါလောက်နဲ့ တောင်းပန်ရပေလို့ တော်ပါသေးရဲ့ ”

“ အေး ၊ တိုင်းပြည် မအေးမချင်း နောက်ထပ် ဘယ်နှကြိမ် ရွေးရဦးမယ် မသိဘူး ။ ညည်း စုထားတာလေးများ ရှိရင် ”

“ ဒီပါးစပ်ပုပ်ကြီးက နိမိတ်မရှိ နမာမရှိ ” 

မကျီးဒန်က ကိုဆေးရိုး စကားမဆုံးမီပင် မှောင်ထဲတွင် မှန်းပြီး ပါးစပ်ကို လှမ်းပုတ်ပစ်လိုက်၏ ။ ကိုဆေးရိုး ပြောသည်မှာ မှန်၏ ။ တစ်မြန်နေ့ကပဲ နေ့ခင်း ကြောင်တောင်ကြီးတွင် ဘကြီးဖိုးကို ၃ဝဝ နှင့် ဆွဲသွားသဖြင့် လိုက်ရွေးခဲ့ရ၏ ။ ရွာကသာ မကောင်းလျှင် ဘကြီးဖိုးလို သားထောက်သမီးခံမဲ့သူ တစ်ယောက်မှာ အချောင် လင်းတ စား ခံရမည်မှာ သေချာ၏ ။ ဘကြီးဖိုးမှာ ရွာဦးရှိ ကျောင်းအောက်သို့ နေ့လယ်နေ့ခင်းတွင် သွားအိပ်လေ့ရှိ၏ ။ ကျောင်းမှာ ကျယ်ဝန်းကြီးမားသဖြင့် ကျောင်းအောက်ရှိ ခုတင်ရှည်ကြီးများပေါ်သို့ သွားအိပ်လျှင် လေကလေးက တဖြူးဖြူးမို့ အိပ်လို့ ကောင်း၏ ။ ရွာထဲတွင် ကြက်တွေက ပါးစပ် တဟဟ ၊ ခွေးတွေက လျှာ တထွက်ထွက် ၊ လူတွေက တလူးလူးနှင့် ပူဆဲလောင်ဆဲဝယ် ဘကြီးဖိုးမှာ ဇိနတ္ထပကာသနီ အဆွေး တစ်အုပ် ၊ ဘူးသီးခြောက်ရေဘူးနှင့် ဇိမ်ကျနေ၏ ။

ကျောင်းထိုင်ဘုန်းကြီးနှင့် ကင်းသောကြောင့် ကျောင်းကြီးမှာ ပြိုစ ၊ ပျက်စ ၊ တောဖြစ်စ ပြုလေပြီ ။ ဒါ့ကြောင့်ပင် လူဆိုးတို့ အထွက်အဝင် ကောင်း ၊ အခိုကောင်း ဖြစ်ကာ ဘကြီးဖိုးကို ဆွဲသွားနိုင်ကြခြင်းဖြစ်၏ ။ ကိုဆေးရိုးတို့ လင်မယားမှာ စကားပြော၍ မောသွားကြလေပြီ ။ တစ်အိမ်လုံးမှာ တိတ်နေ၏ ။ တစ်ရွာလုံးမှာ တိတ်နေ၏ ။ သို့သော် ငြိမ်းချမ်းမှု ကင်းမဲ့ခြင်းကို အမှီပြု ပေါက်ပွားလာသော ရာဇဝတ်မှုများကား မဆိတ် ။ ကဆုန်ဦး၏ လေပွေသဖွယ် တစ်ပြည်လုံးကို မွှေနှောက်နေပါပကော ။ ပူလွန်းသော သည် ရာသီ၌ ဘူးခါးရေသည် အေး၏ ။ ကြမ်းကြားလေသည်လည်း အေးပါ၏ ။ ထို့ထက် ငြိမ်းချမ်းရေး ရေစင်သည် ပို၍ပို၍ အေးကာ ၊ ငြိမ်းချမ်းရေး လေပြည်သည် အဆအရာထောင်မျှ သာ၍ သာ၍ အတိုင်းထက်အလွန် အေးလှပါသတည်း ။

 ▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment