❝ ငါ့သမီး ❞
▣ ရွှေပြည်စိုး ( စစ်ကိုင်း )
ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဌာနတစ်ခုက ပင်စင်ယူလာတဲ့ မန်နေဂျာကြီး တစ်ယောက် ရှိပါတယ် ။ မန်နေဂျာကြီးမှာ သမီးချောလေး တစ်ယောက် ရှိတယ် ။ မန်နေဂျာကြီးဟာ အမိမရှိတဲ့ သူ့သမီးလေးကို အတော် ချစ်တယ်ဗျ ။ မန်နေဂျာကြီးရဲ့အစ်မ ကလည်း အတူနေ ဆိုတော့ သမီးလေးလို စောင့်ရှောက်ပေါ့ ။
မန်နေဂျာကြီးကို နီးစပ်သူတွေက ‘ ဂျာကြီး ’ လို့ ခေါ်ကြတယ် ။ ဂျာကြီးဟာ ခေတ်ပညာတတ်ပြီး ဘာသာရေးသမား ၊ ပညာဂုဏ် ၊ ရာထူးဂုဏ်ကြောင့် ရပ်ကွက်ထဲက လေးစားချစ်ခင်ကြပါတယ် ။ ဘာသာရေးသမား ဆိုတော့ အေးအေးဆေးဆေးနေပြီး တရားပွဲဆို ရှေ့ဆုံးက လူပေါ့ ။ လူတွေ့ရင် အနိစ္စ ၊ ဒုက္ခ ၊ အနတ္တကို နှလုံးသွင်းဖို့နဲ့ ဒေါသ ၊ မောဟ ၊ မာန်မာန ထိန်းသိမ်းဖို့ ၊ ကံသာ အမိ ၊ ကံသာ အဖ ၊ ငါပစ္စည်း ငါ့ဥစ္စာ မစွဲနဲ့ သေရင်ကိုယ့်နောက် မပါဘူး ပြောလေ့ရှိတဲ့ ဂျာကြီး ။
တစ်နေ့ ဂျာကြီး တစ်ယောက် မျောက်မီးခဲ ကိုင်မိသလို ထိုင်မရ ၊ ထမရ ဒေါသတွေ ကြွပြီး ဆေးလိပ်ခွက်တွေ ပေါက်ချိုး ၊ စားပွဲလက်သီးနဲ့ ထု ၊ ပွက်စီပွက်စီ ဖြစ်နေလို့ စုံစမ်းကြည့်လိုက်တော့ သူ့ရဲ့ အချစ်ဆုံး တစ်ဦးတည်း သမီးလေး အရပ်ထဲက ကောင်လေးတစ်ယောက်နဲ့ လိုက်ပြေးလို့တဲ့ဗျာ ။
ဂျာကြီးရဲ့ အစ်မဖြစ်သူကတော့ ပြေရာပြေကြောင်းနဲ့ပေါ့ ။
“ ငါမောင်ရယ် မင်းလည်း တရားသမားပဲ ... သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ပေါ့ ၊ တရားနဲ့ ဖြေပေါ့ကွယ် ” လို့ ပြောလိုက်တော့ ဂျာကြီး တရှူးရှူးနဲ့ သူအစ်မကို ခုလို ပြန်ပြောလိုက်ပါတယ် ။
“ မဖြေနိုင်ဘူး ... ဒါ ငါ့သမီးဟ ”
▢ ရွှေပြည်စိုး ( စစ်ကိုင်း )
📖 ရယ်စရာ မဂ္ဂဇင်း
ဇူလိုင် ၊ ၂၀၁၅
No comments:
Post a Comment